← Chapters

အခန်း (၄၈၆-၄၈၇)

Vol. 27 Ch. 486-487

အခန်း (၄၈၆-၄၈၇)

Vol. 27 Ch. 486-487

အပိုင်း (၄၈၆) ပင်နီဆီလင် ရောက်လာပြီ။

သတိလစ်သွားသော သုံ့ပန်းကို အလျင်အမြန် အဝတ်အစားများ ချွတ်ကာ ကုတင်ပေါ်သို့ တင်လိုက်ကြ၏။

အဖြူရောင် ဝတ်စုံဝတ်ထားသူက စိုးရိမ်တကြီး ပြောလိုက်သည်။ “အစ်ကိုဝမ်... တော်လောက်ပြီ မဟုတ်လား။ တကယ်လို့ ရှောင်ထောင်နဲ့ သခင်လေး သိသွားရင် ကျုပ်တို့ အပြစ်ပေးခံရမှာ သေချာတယ်”

“သခင်လေးက ခရိုင်ထဲမှာ မရှိဘူးလေ၊ ရှောင်ထောင်ကလည်း ငါတို့ဆီ သိပ်မလာပါဘူး။ ငါ ဒီလောက် ကြိုးစားထားတာ ရလဒ်ကို မြင်ရမှ ဖြစ်မယ်။ ဘယ်သူလာလာ မရဘူး။ ဒါက နောက်ဆုံးအကြိမ်ပဲ၊ သုံးကြိမ် အတည်ပြုပြီးရင် သေချာသွားပြီ။ ပြီးတော့ ဒီစံနှုန်းက သခင်လေး တောင်းဆိုထားတာပဲ” ဝမ်မုန်က သုံ့ပန်း၏ တင်ပါးကို စိုက်ကြည့်ရင်း ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

“ဒါဆို ဒီတစ်ခေါက် ဘယ်နေရာကို ခုတ်မလဲ”

“လက်မောင်းတွေ၊ ခြေထောက်တွေ အကုန် စမ်းပြီးသွားပြီ။ ဒီတစ်ခေါက် တင်ပါးကို ခုတ်မယ်” ပြောရင်း ဝမ်မုန်က ခါးနောက်မှ ဓားမြှောင်ငယ်ကို ထုတ်ကာ သုံ့ပန်း၏ တင်ပါးကို ကြီးမားသော ဒဏ်ရာတစ်ခု ဖြစ်အောင် ရက်စက်စွာ လှီးဖြတ်လိုက်ရာ သွေးများ ချက်ချင်း ပန်းထွက်လာတော့သည်။

ဘေးကုတင်မှလူသည် ထိုရက်စက်သော မြင်ကွင်းကို မြင်လိုက်ရသဖြင့် အပြင်းအထန် ရုန်းကန်လာပြီး အော်ဟစ်လိုက်၏။ “ငါ မြို့တော်ကို ဝင်မယ်။ ငါ ပုန်ကန်မယ်။ မင်းတို့က သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကို ခိုးဝှက်ထားတာပဲ။ ဒါက ရာဇဝတ်မှု ကျူးလွန်တာပဲ။ ငါ ရုံးတော်ကို တိုင်မယ်”

“နောက်တစ်ယောက်က မင်းပဲ”

ဝမ်မုန်က အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

သုံ့ပန်းမှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ချက်ချင်း ပါးစပ်ကို ပိတ်လိုက်၏။

ထိုသူ့ကို လုံးဝ မစော်ကားရဲချေ၊ တစ်ခန်းလုံးရှိ အဖြူရောင် ဝတ်စုံဝတ်ထားသူများထဲတွင် သူက အကြမ်းတမ်းဆုံး ဖြစ်သည်။ မလုပ်ရဲတာ ဘာမှ မရှိချေ။ မကောင်းမှု အားလုံးကို သူကပဲ ခိုင်းစေခြင်း ဖြစ်သည်။

“အစ်ကိုဝမ်... ခင်ဗျား သူ့တင်ပါးကို လှီးလိုက်တော့ သူ အိမ်သာတက်ရင် ဘယ်လိုလုပ်မလဲ၊ ကျုပ်တို့ကပဲ ပြုစုပေးရမှာ မဟုတ်လား” အဖြူရောင် ဝတ်စုံဝတ်ထားသူက မေးလိုက်၏။

“... မင်း ဘာလို့ စောစောတည်းက မပြောတာလဲ”

“ထားလိုက်ပါတော့၊ ဒီအတိုင်းပဲ ထားလိုက်။ အရင်ဆုံး သွေးတိတ်အောင် လုပ်၊ ပြီးရင် ပြီးခဲ့တဲ့ အခေါက်က သိမ်းထားတဲ့ ပြည်တွေကို သူ့အပေါ် ဖြူးလိုက်၊ ပြီးတော့ စောင်နှစ်ထည်လောက် ပိုခြုံပေးထား၊ အအေးမပတ်စေနဲ့”

ပြောပြီးနောက် ဝမ်မုန်က ဘေးသို့ သွားကာ စက္ကူနှင့် စုတ်တံကို ယူ၍ ခံစားချက်ကင်းမဲ့စွာဖြင့် မှတ်တမ်း တင်နေတော့၏။ သူ၏ အမူအရာကို ကြည့်ရသည်မှာ သိပ္ပံပညာရှင် အရူးကြီးတစ်ယောက်နှင့် အလွန် တူနေသည်။

မှတ်တမ်းတင်နေစဉ်မှာပဲ လူနာဆောင်၏ တံခါးက ရုတ်တရက် ပွင့်လာ၏။

ရှောင်ထောင်က လီယွမ်ကျောက်ကို ခေါ်ကာ တံခါးဝမှ ဝင်လာသည်။

ဝမ်မုန်က မော့ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်ပြေးသွား၏။

“ရှောင်ထောင်... ဘယ်လိုရောက်လာတာလဲ”

ရှောင်ထောင်က မူလက စကားပြောရန် ပြင်ထားသော်လည်း အခန်းထဲရှိ သူစိမ်း လူနာများကို မြင်လိုက်ရသောအခါ အကြည့်က ရုတ်တရက် ပြောင်းလဲသွားသည်။

ထို့ကြောင့် အေးစက်စွာ မေးလိုက်၏။ “ဒီလူတွေက ဘယ်က ရောက်လာတာလဲ”

“…...” ဝမ်မုန်က ခေါင်းငုံ့ကာ နှုတ်ဆိတ်နေသည်။

ဘေးရှိ အဖြူရောင် ဝတ်စုံဝတ်ထားသူက ကမန်းကတန်း ရှင်းပြလိုက်၏။ “ဒါတွေက တခြားနေရာကနေ ခေါ်လာတဲ့ စေတနာ့ဝန်ထမ်းတွေပါ”

“ငါတို့က သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေပါ” တစ်ခန်းလုံးရှိ စေတနာ့ဝန်ထမ်းများ က ကယ်တင်ရှင် ပေါ်လာပြီဟု ထင်ကာ ချက်ချင်း အော်ဟစ်လိုက်ကြသည်။

ရှောင်ထောင်၏ မျက်နှာက ပို၍ ဆိုးရွားသွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ် လီယွမ်ကျောက်က အနောက်မှ ထွက်လာ၏။

“ဒီမှာ ပင်နီဆီလင် ရှိလား။ ပင်နီဆီလင်က ပြည်တည်နာကို ကုနိုင်လား”

အဖြူရောင် ဝတ်စုံဝတ်ထားသူ တစ်ချို့က လီယွမ်ကျောက်ကို ကြောင်အမ်းအမ်း ကြည့်လိုက်ပြီး ရှောင်ထောင်ကိုလည်း လှမ်းကြည့်လိုက်ကြသည်။

ရှောင်ထောင်က ဒေါသတကြီး ပြောလိုက်၏။ “ဒါက အိမ်ရှေ့စံမင်းသားပဲ၊ အိမ်ရှေ့စံကို အရိုအသေ မပေးကြသေးဘူးလား”

“အိမ်ရှေ့စံမင်းသားကို အရိုအသေ ပေးပါတယ်” အဖြူရောင် ဝတ်စုံဝတ်ထားသူ အားလုံးက ချက်ချင်း ဒူးထောက်လိုက်ကြသည်။

“ခွေးမင်းသား၊ သတ္တိရှိရင် ငါ့ကို သတ်လိုက်စမ်း” ပါးနပ်သော သုံ့ပန်းက မိမိအတွက် လွတ်လမ်းကို စတင် ရှာဖွေနေပြီ ဖြစ်၏။

အခြားသူများလည်း သူ့ကို အတုယူကာ ဆဲဆိုလာကြသည်။

လီယွမ်ကျောက်က ထိုဆဲဆိုသံများကို လုံးဝ ဂရုမစိုက်ဘဲ အဖြူရောင် ဝတ်စုံဝတ်ထားသူများကိုသာ စိုက်ကြည့်နေ၏။

ဝမ်မုန် ထရပ်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

“ကုနိုင်ပါတယ်။ ပြီးတော့ ပင်နီဆီလင်က အစွမ်းထက်ပါတယ်။ ကျုပ်တို့ ပြည်တည်နာ လူနာ တော်တော်များများကို ကုသပေးခဲ့ဖူးပါတယ်။

ပြီးတော့ မကုသနိုင်ရင်တောင် ရောဂါ ပိုဆိုးမသွားစေပါဘူး။

အိမ်ရှေ့စံက ဘယ်သူ့ကို ကုသချင်လို့လဲ မသိဘူး။ ကျုပ် အခုပဲ အိမ်ရှေ့စံကို ကူညီပြီး သွားကုပေးလို့ ရပါတယ်”

လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ထွက်ပေါ်လာ၏။ “ခင်ဗျားပြောတာ အမှန်ဆိုတာကို ဘယ်လို သက်သေပြမလဲ”

“ရှိပါတယ်။ အိမ်ရှေ့စံ ကျုပ်နောက်ကို လိုက်ခဲ့ပါ” ပြောရင်း ဝမ်မုန်က သတိလစ်နေသော သုံ့ပန်းတစ်ဦး၏ ကုတင်ရှေ့သို့ ခေါ်သွားသည်။

သုံ့ပန်း၏ ကိုယ်ပေါ်တွင် ပတ်တီးများ ပတ်ထားရာ ဝမ်မုန်က ပတ်တီးများကို ဖယ်ရှားလိုက်ပြီး ကိုယ်ပေါ်ရှိ ဒဏ်ရာများကို ပြသလိုက်၏။

“အိမ်ရှေ့စံ ကြည့်ပါ။ ဒါက ပြည်တည်နာပါပဲ၊ ဒါပေမဲ့ ကျုပ်တို့ ဆေးသုံးပြီးတဲ့နောက်မှာတော့ ကောင်းမွန်လာနေပါပြီ။ လူနာရဲ့ နေ့စဉ် မှတ်တမ်းတွေကိုလည်း ကျုပ်တို့ သိမ်းဆည်းထားပါတယ်၊ အိမ်ရှေ့စံ အချိန်မရွေး စစ်ဆေးကြည့်နိုင်ပါတယ်”

“ကောင်းပြီ... ကောင်းပြီ... ဒါဆို ဘာလို့ ဖန်ကြီးက ပင်နီဆီလင် သုံးပြီး လူတော်တော်များများကို သေအောင် ကုခဲ့တာလဲ” လီယွမ်ကျောက်မှာ တစ်ကိုယ်လုံး တုန်ယင်သည်အထိ စိတ်လှုပ်ရှားနေ၏။

မျှော်လင့်ချက် ရှိလာပြီ... မျှော်လင့်ချက် ရှိလာပြီ။

သို့ပေမည့် ဘေးကင်းလုံခြုံရေးကို ထည့်သွင်းစဉ်းစားရန် လိုအပ်သဖြင့် ပို၍ သတိထားရန် လိုအပ်သည်။

“ဖန်ကြီး ဟုတ်လား။ သခင်လေးကို ပြောတာလား။ ကျုပ် ခန့်မှန်းတာ မမှားဘူးဆိုရင် လုပ်ထုံးလုပ်နည်း မှားယွင်းပြီး လေတွေ ထိုးသွင်းမိသွားတာ ဖြစ်လောက်တယ်။ အစောပိုင်းတုန်းက ကျုပ်တို့ မျောက်တွေနဲ့ စမ်းသပ်တုန်းကလည်း ဒီလို အမှားမျိုး လုပ်ခဲ့ဖူးတယ်။ ပင်နီဆီလင်က သန့်စင်မှု မများရင်တောင် လူကို သေအောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ” ဝမ်မုန်က တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ကျုပ် အိမ်ရှေ့စံကို သရုပ်ပြပါ့မယ်” ဝမ်မုန်က ပြောရင်း ဘေးသို့ သွားကာ ဆေးထိုးအပ်တစ်ခုကို ယူ၍ လေတစ်ပိုက် စုပ်ယူလိုက်ပြီး သုံ့ပန်း၏ ကုတင်ရှေ့သို့ ပြန်လာခဲ့၏။

လက်မောင်းဆီသို့ ထိုးရန် ပြင်လိုက်သည်ကို မြင်သောအခါ ယခင်က သေချင်နေသော သုံ့ပန်းမှာ ချက်ချင်း အလန့်တကြား အော်ဟစ်တော့သည်။ “ဖယ်စမ်း... ဖယ်စမ်း။ မင်း ဘာလုပ်မလို့လဲ။ မင်း လူသတ်နေတာပဲ”

ဘယ်လိုသေသေ ရတယ်... ဒီမကောင်းဆိုးဝါးရဲ့ လက်ထဲမှာတော့ အသေမခံနိုင်ဘူး။

“ဝမ်မုန်။ တော်လောက်ပြီ”

ရှောင်ထောင်က တားဆီးလိုက်၏။ “ရှင့် သတ္တိက တော်တော် ကြီးတာပဲ၊ ဒီနေရာမှာ လူသတ်ရဲတယ်ပေါ့လေ”

“ရှောင်ထောင်...မင်း အထင်လွဲနေတာပါ။ အစ်ကိုဝမ်က သရုပ်ပြချင်ရုံလေးပါ။ အရင်တုန်းက ကျုပ်တို့ မျောက်တွေကိုပဲ သုံးခဲ့တာပါ၊ တကယ် လူမသတ်ဖူးပါဘူး၊ လူတော်တော်များများကိုတောင် ကယ်ခဲ့ပါသေးတယ်” ဘေးရှိ အဖြူရောင် ဝတ်စုံဝတ်ထားသူက အလျင်အမြန် ဝင်ရောက် ရှင်းပြလိုက်သည်။

ဝမ်မုန်ကလည်း ချက်ချင်း ခေါင်းညိတ်ပြ၏။

ထိုအခါမှသာ ရှောင်ထောင်၏ မျက်နှာ အနည်းငယ် ကောင်းသွားသည်။

လီယွမ်ကျောက်က ဝမ်မုန်ကို သံသယဖြင့် ကြည့်ကာ ပြောလိုက်၏။ “ဝမ်မုန် ဟုတ်လား။ တကယ် မြန်မြန် ပစ္စည်းတွေ ယူပြီး နန်းတော်ထဲ ဝင်ဖို့ ငါနဲ့ လိုက်ခဲ့၊ လူနာသွားကုရမယ်၊ တခြားကိစ္စတွေ ဘာမှ မမေးနဲ့”

“ကောင်းပါပြီ... ကျုပ် အခုပဲ ပစ္စည်းတွေ သွားသိမ်းလိုက်ပါ့မယ်” ပြောပြီးသည်နှင့် ဝမ်မုန်က ချက်ချင်း လှည့်ထွက်ကာ ပစ္စည်းများ သွားသိမ်းတော့၏။

ရှောင်ထောင်က အနေရခက်စွာဖြင့် ပြောလိုက်သည်။ “အိမ်ရှေ့စံ... ဒီသုံ့ပန်းတွေက တကယ်တော့...”

“ရပါတယ်။ ဒါက ဘာမှ မဟုတ်ပါဘူး။ ခမည်းတော်လည်း ဖန်ကြီး ပင်နီဆီလင် လုပ်နေတာကို သိပါတယ်။ သူ စိတ်ဆိုးမှာ မဟုတ်ပါဘူး၊ တကယ်လို့ ပင်နီဆီလင်က ပြည်တည်နာကို တကယ် ကုနိုင်မယ်ဆိုရင် ဒါက ကြီးမားတဲ့ အကျိုးပြုမှုကြီးပဲ”

...

သူတို့အဖွဲ့သည် နန်းတော်အတွင်းသို့ အလျင်အမြန် ဦးတည်သွားကြ၏။

ဝမ်မုန်ကဲ့သို့ ရက်စက်သော လူပင်လျှင် နန်းတော်ထဲသို့ ရောက်သောအခါ အနည်းငယ် ကြောက်ရွံ့သွားသည်။

ပတ်ဝန်းကျင်မှ မြင်ကွင်းများကို အနည်းငယ် ထိတ်လန့်စွာဖြင့် ကြည့်ရှုနေ၏။

အတူပါလာသော လက်ထောက်က တိုးတိုးလေး ပြောလိုက်သည်။ “အစ်ကိုဝမ်... ဒါက အထက်တန်းစား လူကြီးတွေကို ဆေးကုပေးရမှာနော်... တကယ်လို့ မအောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ”

“အသံတိုးတိုးလုပ်စမ်းပါ၊ ပင်နီဆီလင်က လုံလောက်တဲ့ လုံခြုံမှု ရှိပါတယ်။ ငါတို့ကံက အဲဒီလောက် မဆိုးနိုင်ပါဘူး...”

လီယွမ်ကျောက်က ဦးဆောင်ကာ သူတို့အဖွဲ့သည် စာကြည့်ဆောင်သို့ တန်းတန်းမတ်မတ် လာခဲ့ကြ၏။

ထိုအချိန်တွင် စာကြည့်ဆောင်အတွင်း၌ သမားတော်ဟူသည် အသစ်ကျိုထားသော ဆေးခွက်ကို ကိုင်ကာ ကျင်းဘုရင်မင်းမြတ်၏ ဘေးသို့ တုန်တုန်ယင်ယင်ဖြင့် ပို့ပေးနေသည်။

ပါးစပ်မှလည်း ပြောနေ၏။ “ကုန်းကုန်းကော်... ကျုပ် တကယ်ကို တခြားနည်းလမ်း မရှိတော့လို့ပါ။ ဒီပြည်တည်နာက မကုသနိုင်တဲ့ ရောဂါပဲလေ။ အချိန်ထပ်ဆွဲထားရင် လုံးဝ နည်းလမ်းမရှိတော့မှာ စိုးလို့ပါ။ အခုတော့ ဒီဖူကျစ်က အံ့ဖွယ်အစွမ်း ပြမလားဆိုတာပဲ စောင့်ကြည့်ရတော့မယ်”

ကော်ထျန်းယန်က ဆေးခွက်ကို လှမ်းယူလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “ခင်ဗျားမှာ ဘယ်လောက် ရာခိုင်နှုန်း သေချာလဲ”

“မသိဘူး... တစ်ခါမှ မသုံးဖူးဘူး”

“...”

ထိုအချိန်မှာပင် စာကြည့်ဆောင်၏ တံခါးက ပွင့်လာ၏။

တံခါးပွင့်လာသည်နှင့် ကော်ထျန်းယန် ဆေးခွက်ကိုင်ထားသည်ကို မြင်လိုက်ရသဖြင့် လီယွမ်ကျောက်က ချက်ချင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ရပ်လိုက်စမ်း”

“အိမ်ရှေ့စံ... ဘယ်တွေ သွားနေတာလဲ။ အရှင်မင်းကြီး အဖျားတက်တာ ပိုဆိုးလာပြီ၊ အခု ရောဂါပိုဆိုးလာတော့ သမားတော်က ဆေးသုံးမှ ရမယ်လို့ ပြောတယ်။ အချိန်ဆွဲထားရင် ပြဿနာ ကြီးသွားလိမ့်မယ်” ကော်ထျန်းယန်က ပြောပြလိုက်၏။

“ကျုပ် ခမည်းတော်ကို ဆေးကုပေးဖို့ လူခေါ်လာပြီ၊ ခင်ဗျားတို့ ဖယ်လိုက်ကြစမ်း” လီယွမ်ကျောက်က လက်ဆန့်တန်းကာ ကော်ထျန်းယန်ကို ဖယ်ရှားလိုက်သည်။

ထိုအချိန်မှသာ ဝမ်မုန်နှင့် သူ၏ လက်ထောက်တို့လည်း သတိဝင်လာပြီး ရင်ထဲတွင် တင်းကျပ်သွားကာ အလျင်အမြန် ဒူးထောက်လိုက်ကြ၏။ “ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”

“မထိုင်နဲ့တော့... မြန်မြန် ဆေးကုပေး” လီယွမ်ကျောက်က အလောတကြီး တိုက်တွန်းလိုက်သည်။

သို့ပေမည့် သမားတော်ဟူကတော့ သဘောမတူချေ။ ထူးဆန်းသော အဝတ်အစားများ ဝတ်ဆင်ထားသည့် ဧည့်သည်နှစ်ဦးကို ကြည့်ကာ ညည်းတွားလိုက်၏။ “အိမ်ရှေ့စံ။ ဒါက ဘယ်ကနေ ခေါ်လာတဲ့ လူတွေလဲ၊ အိမ်ရှေ့စံ သိလို့လား။ အရှင်မင်းကြီးရဲ့ ရောဂါက သာမန်မဟုတ်ဘူးနော်”

လီယွမ်ကျောက် စကားမပြောနိုင်ခင်မှာပင် ဝမ်မုန်က နှာခေါင်းရှုံ့ကာ မျက်မှောင်ကုတ်လျက် စကား ပြောလာသည်။

“ဖူကျစ် ဟုတ်လား။ ဒီအရာက အဆိပ်ရှိတယ်လေ၊ ခင်ဗျား ဘယ်လိုလုပ် သုံးရဲတာလဲ”

“မင်းလည်း ဆေးပညာ နားလည်တာလား” သမားတော်ဟူက ကမန်းကတန်း မေးလိုက်၏။

“အရင်တုန်းက သင်ဖူးတယ်။ ဖူကျစ်က ပြင်ပဒဏ်ရာကို ကုနိုင်တယ်ဆိုတာ ကျုပ် ဘယ်လိုလုပ် မသိရတာလဲ” ဝမ်မုန်က ဆေးခွက်ကို ကြည့်ကာ သံသယဖြင့် ပြောလိုက်သည်။

“ဟက်... ဒါတွေ အကုန်လုံးက ရှေးဟောင်းစာအုပ်တွေမှာ မှတ်တမ်းတင်ထားတာတွေချည်းပဲ၊ မင်း ဘယ်နားလည်မှာလဲ” သမားတော်ဟူက အထင်သေးသည့် အမူအရာဖြင့် ပြောလိုက်၏။

“အင်း... ကျုပ် သင်ထားတာ မပြည့်စုံလို့ ဖြစ်လောက်ပါတယ်။ အရှင်မင်းကြီးကို အရင် ဆေးကုပေးဖို့က ပိုအရေးကြီးပါတယ်၊ ကျုပ်ကို ဒဏ်ရာအခြေအနေလေး ကြည့်ခွင့်ပြုပါ”

သမားတော်ဟူက တားဆီးရန် ပြင်လိုက်သော်လည်း လီယွမ်ကျောက်က အနောက်မှ ကာကွယ်ပေးထားသည်။

ကျင်းဘုရင်မင်းမြတ်၏ အပေါ်ဝတ်ရုံကို လှန်ထားပြီးဖြစ်ကာ ဒဏ်ရာပေါ်တွင် အဝတ်စတစ်ခု ဖုံးအုပ်ထားရာ ဝမ်မုန်က ရှေ့တိုးကာ သတိထား၍ ဖယ်ရှားလိုက်၏။

ဒဏ်ရာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ဝမ်မုန်၏ မျက်လုံးများ လင်းလက်သွားသည်။ “ကောင်းတယ်”

အပိုင်း (၄၈၇) ပင်နီဆီလင် ထိုးသွင်းခြင်း။

ကောင်းတယ် ဟုတ်လား။

တစ်ခန်းလုံးရှိ လူအားလုံး ကြက်သေသေသွားကြ၏။

ဒီစကားက ပြောလို့ရတဲ့ စကားလား။

မင်းက အရှင်မင်းကြီးရဲ့ ဒဏ်ရာကို စိုက်ကြည့်ပြီး ကောင်းတယ်လို့ ပြောတာ ဘာသဘောလဲ။ သူ နတ်ရွာစံဖို့ မျှော်လင့်နေတာလား။

သမားတော်ဟူက ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “အိမ်ရှေ့စံ … ဒီအရပ်ထဲက တောသမားတော် နှစ်ယောက်ကို မြန်မြန် မောင်းထုတ်လိုက်ပါတော့။ အရှင်မင်းကြီးရဲ့ ရောဂါကို ထပ်ပြီး အချိန်ဆွဲထားလို့ မဖြစ်တော့ဘူး”

လီယွမ်ကျောက်ကမူ စကားတစ်ခွန်းမှ မပြောဘဲ သူ၏ အရှေ့တွင် ကာကွယ်ပေးထားဆဲ ဖြစ်၏။

တောက်ယွမ်ခရိုင်၌ ရှိစဉ်ကတည်းက ဤဝမ်မုန်ဆိုသူမှာ သာမန်လူမဟုတ်ကြောင်းကို သူ ကောင်းစွာ သိထားပြီး ဖြစ်သည်။ ထိုသူနှင့် တွေ့ဆုံရသည့်အခါတိုင်း ကျောချမ်းဖွယ်ရာ ခံစားချက်မျိုးကို အစဉ်အမြဲ ခံစားရလေ့ရှိ၏။

ထို့ကြောင့် ယခုကဲ့သို့ အံ့အားသင့်ဖွယ် စကားများကို ပြောဆိုလာခြင်းမှာလည်း ထူးဆန်းသည်တော့ မဟုတ်ပေ။ လူတစ်သက်ကို ကယ်တင်နိုင်စွမ်း ရှိနေလျှင် လုံလောက်ပြီ ဖြစ်သည်။

ဝမ်မုန်က ဒဏ်ရာကို ဆက်လက် အကဲခတ်နေပြီး မျက်လုံးများထဲတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာ၏။

ထို့နောက် အနောက်သို့ လက်ဆန့်တန်းကာ ပြောလိုက်သည်။ “ကာချီ ”

(ကာချီ- ပေတံထက်ပိုတိကျသည့် တိုင်းတွာသောအရာ၊)

ကာချီ။

သမားတော်ဟူမှာ နောက်ထပ် မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရပြန်၏။

“ရမ်းသမ်းလုပ်နေပြန်ပြီ။ ရမ်းသမ်းလုပ်နေပြန်ပြီ။ လူနာကြည့်တာ ကာချီ သုံးရတယ်လို့ ဘယ်သူပြောဖူးလို့လဲ။ မင်းတို့က လက်သမားတွေလား ဒါမှမဟုတ် သမားတော်လား”

လီယွမ်ကျောက်က မျက်မှောင်ကုတ်လျက် ပြောလိုက်၏။ “သမားတော်ဟူ... ခင်ဗျား ပါးစပ်ပိတ်ထားလို့ မရဘူးလား”

“အာ... ကျုပ်...” သမားတော်ဟူမှာ အံကြိတ်၍ အနောက်သို့ တိတ်တဆိတ် ဆုတ်သွားရသည်။

ဝမ်မုန်၏ ဘေးရှိ လက်ထောက်က ဆေးသေတ္တာကို ချကာ အတွင်းမှ ကာချီတစ်ခုကို ထုတ်ပေးလိုက်၏။

ဝမ်မုန်က ကာချီကို ယူ၍ ဒဏ်ရာကို စတင် တိုင်းတာတော့သည်။ ပါးစပ်မှ တစ်စုံတစ်ခုကို ရေရွတ်နေသော်လည်း ဘာပြောနေမှန်း မသိချေ။

တိုင်းတာပြီးနောက် ထပ်ပြောလိုက်သည်။ “စက္ကူ၊ စုတ်တံ၊ မှင်”

လက်ထောက်က အလျင်အမြန်ပင် စက္ကူနှင့် စုတ်တံကို ကမ်းပေးလိုက်၏။

ဝမ်မုန်က စုတ်တံကို ယူကာ ခေါင်းငုံ့၍ စတင် ရေးမှတ်နေတော့သည်။

ဤမြင်ကွင်းကို ကြည့်ရင်း လီယွမ်ကျောက်လည်း စိတ်မရှည်တော့ဘဲ မနေနိုင်ဘဲ မေးလိုက်၏။ “ဝမ်မုန်... ခင်ဗျား ဘာတွေ လုပ်နေတာလဲ”

“အိမ်ရှေ့စံကို လျှောက်တင်ပါတယ်... အစ်ကိုဝမ်က ရောဂါအခြေအနေကို မှတ်တမ်းတင်နေတာပါ။ ဒီရောဂါက တစ်ခါတည်းနဲ့ မပျောက်နိုင်ပါဘူး၊ သေချာ မှတ်တမ်းတင်ထားမှ နောက်တစ်ဆင့် ကုသမှုကို အဆင်ပြေအောင် စီစဉ်နိုင်မှာပါ”

လက်ထောက်က ကြောက်ကြောက်လန့်လန့်ဖြင့် လိမ်ညာ ဖြေရှင်းလိုက်၏။

ရင်ထဲမှာတော့... အစ်ကိုဝမ်က အရူးထနေပြီ။ ကောင်းမွန်တဲ့ ရောဂါတစ်ခုကို တွေ့တာနဲ့ မနေနိုင်ဘဲ မှတ်တမ်းတင်ချင်နေတာ...။

ဒါ ဘုရင်မင်းမြတ်နော်။ ဘယ်ရောက်ရောက် ဒီအကျင့်ဆိုးက မပျောက်ဘူးပဲ။ အခုက မှတ်တမ်းတင်ရမယ့် အချိန်လား။

သိပ်မကြာခင်မှာပင် ဝမ်မုန်က မှတ်တမ်းတင်ပြီးသွားကာ စက္ကူနှင့် စုတ်တံကို သိမ်းလိုက်ပြီး လီယွမ်ကျောက်ကို ကြည့်ကာ ပြောလိုက်သည်။ “အိမ်ရှေ့စံ... ကုသမှုကို စတင်လို့ ရပါပြီ”

လီယွမ်ကျောက်က ခေါင်းညိတ် သဘောတူလိုက်၏။

ဝမ်မုန်က သတ္တိမွေးကာ ကျင်းဘုရင်မင်းမြတ်၏ နဖူးပေါ်သို့ လက်စမ်းကြည့်လိုက်ပြီး ချက်ချင်းပင် လက်ကို ပြန်ရုပ်လိုက်သည်။

“အိမ်ရှေ့စံ... လူတွေကို အဝတ်ရေစွတ်ပြီး အရှင်မင်းကြီးရဲ့ နဖူးပေါ် တင်ပေးဖို့ ခိုင်းလိုက်ပါ။ အေးနေမှ ရမယ်။ အရှင်မင်းကြီးက အဖျား တော်တော်ကြီးနေတာဆိုတော့ အပူကျအောင် လုပ်ပေးဖို့ လိုတယ်”

ကော်ထျန်းယန်မှာ ရင်ထဲတွင် လန့်သွား၏။ “မဟုတ်ဘူးလေ... အဖျားတက်နေရင် ချွေးထုတ်ပေးရမှာ မဟုတ်ဘူးလား”

“ဒီလောက်တောင် ပူနေတာကို ထပ်ပြီး ချွေးထုတ်ခိုင်းရင် လောင်သွားမှာပေါ့။ ဒီဒဏ်ရာက အုပ်ထားလို့ မရဘူး၊ အုပ်ထားလေ ပိုဆိုးလေပဲ” ဝမ်မုန်က ခပ်အေးအေး ပြောလိုက်သည်။

လီယွမ်ကျောက်၏ လူသတ်ချင်နေသော အကြည့်များက ချက်ချင်းကော်ထျန်းယန်ထံသို့ ရောက်ရှိသွား၏။

ကော်ထျန်းယန်၏ မျက်နှာတွင် ချက်ချင်း သွေးဆုတ်သွားကာ ပြောလိုက်သည်။ “ဒါဆိုရင် မမှန်ဘူးလေ။ ကျုပ်ငယ်ငယ်ကတည်းက ဒီလိုပဲ ကုသလာခဲ့တာပါ...”

“အေး... အေး...” အိပ်ရာပေါ်တွင် သတိလစ်နေသော ကျင်းဘုရင်မင်းမြတ်က ရုတ်တရက် ပါးစပ်ဟကာ အသံထွက်လာသည်။

ကော်ထျန်းယန်က ချက်ချင်းပင် ရတနာတစ်ခုကို တွေ့လိုက်ရသကဲ့သို့ အော်ဟစ်လိုက်၏။ “ကြားလား... အရှင်မင်းကြီးက အေးတယ်လို့ ပြောနေတယ်”

“နားထောင်စရာ မလိုပါဘူး။ အရှင်မင်းကြီးက အဖျားအရမ်းကြီးနေလို့ ယောင်နေတာ ဖြစ်လောက်တယ်။ အဖျားအရမ်းကြီးရင် တချို့လူတွေက ချမ်းတယ်လို့ ခံစားရတတ်တယ်။ အကြောင်းရင်းကို ကျုပ်တို့ မသိပေမယ့် ဒီလိုအခြေအနေမျိုးမှာ သူ့ကို အမြန်ဆုံး အပူကျအောင် လုပ်ပေးရမယ်”

ဝမ်မုန်က တည်ငြိမ်အေးဆေးသည့် အမူအရာကို ဆက်လက် ထိန်းသိမ်းထားရင်း ဆေးသေတ္တာထဲမှ ပစ္စည်းအမျိုးမျိုး ကို စတင် ပြင်ဆင်နေ၏။

ဤသို့ ရှင်းပြလိုက်သောအခါ ကော်ထျန်းယန်မှာ ထပ်မံ၍ ဇဝေဇဝါ ဖြစ်သွားပြန်သည်။

“အဝတ်ရေစွတ်ဖို့ သွားမပြင်သေးဘူးလား။ ရေခဲခန်းကနေ ရေခဲသွားယူချေ” လီယွမ်ကျောက်က ဒေါသတကြီး အော်လိုက်၏။

ကော်ထျန်းယန်က ကမန်းကတန်း ပြေးထွက်သွားသည်။

“အိမ်ရှေ့စံ... အရှင်မင်းကြီးရဲ့ အပေါ်ဝတ်ရုံကို ချွတ်ပေးပါ”

ဝမ်မုန်၏ လုပ်ရပ်များက ပို၍ ကျွမ်းကျင်ပုံပေါ်လာသဖြင့် လီယွမ်ကျောက်ကလည်း စကားအပို မပြောတော့ဘဲ ရှေ့တိုးကာ ကျင်းဘုရင်မင်းမြတ်၏ အပေါ်ဝတ်ရုံကို ချွတ်ပေးလိုက်၏။

ဝမ်မုန်က အဝတ်စတစ်ခုကို ယူ၍ သူနှင့်အတူ ပါလာသော အရက်ပြန်အချို့ကို ဆွတ်ကာ ကျင်းဘုရင်မင်းမြတ်၏ ကိုယ်ပေါ်ရှိ နေရာအနှံ့အပြားကို စတင် သုတ်ပေးတော့သည်။

ချက်ချင်းပင် တစ်ခန်းလုံးတွင် အရက်ပြန်နံ့များ လှိုင်လာ၏။

ဝမ်မုန်၏ ရမ်းသမ်းလုပ်နေမှုကို ကြည့်ရင်း သမားတော်ဟူမှာ တဖြည်းဖြည်း စိတ်မရှည်တော့ချေ။

ဒီလို ဆေးကုနည်းမျိုး လုံးဝ မရှိဘူး။ လူ့ကိုယ်ပေါ် အရက်ပြန်သုတ်တာနဲ့ ပြည်တည်နာ ပျောက်နိုင်လို့လား။

လီယွမ်ကျောက်ကလည်း မျက်မှောင်ကုတ်လျက် ကြည့်နေ၏။ “ဘာလို့ ဆေးမသုံးသေးတာလဲ၊ ဘာတွေ လုပ်နေတာလဲ”

“အိမ်ရှေ့စံ... ကျွန်တော် အခုပဲ ဆေးသုံးပါတော့မယ်။ အခု အရှင်မင်းကြီးကို အပူကျအောင် လုပ်ပေးနေတာပါ။ အရက်ပြန်နဲ့ ကိုယ်ကို သုတ်ပေးရင် အပူကျတာ ပိုမြန်တယ်၊ အရှင်မင်းကြီးလည်း ပိုသက်သာသွားလိမ့်မယ်။ ဒါက သခင်လေး သင်ပေးထားတဲ့ နည်းလမ်းပါ၊ အရမ်း အသုံးဝင်ပါတယ်”

ဖန်ကျန်းရီ သင်ပေးထားသည်ဟု ကြားသောအခါ လီယွမ်ကျောက်၏ မျက်နှာ ပြန်လည်တည်ငြိမ်သွားသည်။

ဖန်ကြီးက အမြဲတမ်း ယုံကြည်ရတယ်လေ။

အချိန်အတော်ကြာ သုတ်ပေးပြီးနောက် ကော်ထျန်းယန်က ရေဇလုံကို ကိုင်ကာ ခပ်သုတ်သုတ် ပြန်ရောက်လာသည်။

ချက်ချင်း အဝတ်စတစ်ခုကို ရေစွတ်ကာ ကျင်းဘုရင်မင်းမြတ်၏ နဖူးပေါ်သို့ တင်ပေးလိုက်၏။

ကျင်းဘုရင်မင်းမြတ်က သတိလစ်လျက် ညည်းသံနှစ်ချက် ထွက်လာပြီး စိတ်အနည်းငယ် ကြည်လင်လာကာ နားထဲတွင် လူတွေ စကားပြောနေသံများကို ဝေဝေဝါးဝါး ကြားနေရသည်။

သို့သော် မျက်ခွံများက ဖွင့်၍မရသလို စကားလည်း ပြော၍မရချေ။

ကျင်းဘုရင်မင်းမြတ်ထံမှ တုံ့ပြန်မှု အနည်းငယ် ရှိလာသည်ကို မြင်သောအခါ ဝမ်မုန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ဆေးသေတ္တာထဲမှ ဆေးထိုးအပ်နှင့် ပင်နီဆီလင်ကို ထုတ်ယူကာ ထိုးရန် ပြင်ဆင်တော့၏။

ဤအခြေအနေကို မြင်သောအခါ သမားတော်ဟူက တကယ်ကို သည်းမခံနိုင်တော့ချေ။ ရှေ့သို့ တစ်လှမ်းတိုးကာ မေးလိုက်သည်။ “ဒါက ဘာပစ္စည်းလဲ။ ဒါနဲ့ အရှင်မင်းကြီးကို ကုပေးမလို့လား”

“ဒါက ပင်နီဆီလင်”

“ဘာ။ အရှင်မင်းကြီးကို အဆိပ်ခတ်ရဲတယ်ပေါ့လေ။ မဖြစ်ဘူး... လုံးဝ မဖြစ်ဘူး။ အပြင်ထွက်၊ မြန်မြန် ထွက်သွားစမ်း” သမားတော်ဟူက ချက်ချင်း အလန့်တကြား အော်ဟစ်ဆဲဆိုတော့၏။

ပင်နီဆီလင်ဆိုတာ မြို့တော်မှာ နာမည်ကြီးတဲ့ အဆိပ်ပြင်းလေ၊ မင်းက အရှင်မင်းကြီးရဲ့ ကိုယ်ပေါ်ကို သုံးရဲတယ်ပေါ့။ ဒါက သေချာပေါက် လုပ်ကြံတာပဲ။

“အိမ်ရှေ့စံ... ပင်နီဆီလင်က ဘာလဲဆိုတာ အိမ်ရှေ့စံ မသိတာလည်း မဟုတ်ဘူး။ ဒါက လူသေစေနိုင်တယ်နော်။ သူတို့... သေချာပေါက် အိမ်ရှေ့စံကို လိမ်နေတာပဲ”

သမားတော်ဟူက ရင်ဘတ်ကို ထုကာ တစာစာ အော်ဟစ်နေတော့သည်။

ကော်ထျန်းယန်က ဘာလုပ်ရမှန်းမသိဘဲ ဘေးတွင် ရပ်နေ၏။ သူက ဤကိစ္စတွင် ကျွမ်းကျင်သူ မဟုတ်မှန်း သိသွားပြီဖြစ်ရာ ရမ်းသမ်း ဝင်မပြောရဲတော့ချေ။

အိပ်ရာပေါ်တွင် လဲလျောင်းနေသော ကျင်းဘုရင်မင်းမြတ်ကလည်း ရုတ်တရက် လှုပ်ရှားသွားသည်။

အဆိပ်ခတ်တယ်... ပင်နီဆီလင်... ကိုယ်တော့်ကို ဆေးတိုက်မလို့လား...။

ကျင်းဘုရင်မင်းမြတ်သည် စကားပြောသံများကို ဝေဝေဝါးဝါး ကြားလိုက်ရသဖြင့် ကြီးမားသော ကြောက်ရွံ့မှုတစ်ခုက သူ့ကို ချက်ချင်း ဖုံးလွှမ်းသွား၏။

စိတ်က အနည်းငယ် ကြည်လင်လာပြီး ရင်ထဲတွင်လည်း ဒေါသများ ပြည့်နှက်လာသော်လည်း ခန္ဓာကိုယ်ကမူ လုံးဝ လှုပ်ရှား၍ မရချေ။

တိရစ္ဆာန်... ဒီတိရစ္ဆာန်လေး။ အရင်က လူကောင်းလေးလို ဟန်ဆောင်နေတာ...။

ကိုယ်တော်က ဒီလောက် သနားစရာကောင်းတဲ့ အခြေအနေ ဖြစ်နေပြီကိုတောင်... သူက နှစ်ရက်လေးတောင် မစောင့်နိုင်တော့ဘူးလား။ တိရစ္ဆာန်... တကယ့် တိရစ္ဆာန်ပဲ။

ပင်နီဆီလင်... ဆိုတော့ ကိုယ်တော့်ကို သုံးဖို့ ပြင်ဆင်ထားတာပေါ့၊ သူက ဖန်ကျန်းရီနဲ့ ပေါင်းပြီး ထီးနန်းကို လုဖို့ ကြိုတင် ကြံစည်ထားတာလား။

ဖန်ကျန်းရီဆိုတဲ့ တိရစ္ဆာန်က ကိုယ်တော့်ရဲ့ သမီးတော်ကိုတောင် လိမ်သွားသေးတယ်...။

သေနာကောင်တွေ... ဒီခွေးနှစ်ကောင်က ဒီလောက် နက်နဲတဲ့ အကြံအစည်တွေ ရှိနေတာပဲ။

ကျင်းဘုရင်မင်းမြတ်၏ ဦးနှောက်များ ပူလောင်ရှုပ်ထွေးလာပြီး အတွေးများလည်း ရှုပ်ထွေးကာ အိပ်ရာပေါ်တွင် လဲလျောင်းလျက် အမျိုးမျိုး တွေးတောနေတော့၏။

အခြေအနေက အနည်းငယ် ရှုပ်ထွေးလာသည်ကို မြင်သောအခါ ဝမ်မုန်က တည်ငြိမ်သော အမူအရာဖြင့် ပင်နီဆီလင် ကို ဆေးထိုးအပ်ထဲသို့ စုပ်ယူလိုက်သည်။

လူအားလုံး၏ အရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီးနောက် ကျောခိုင်းလိုက်ကာ သူ၏ တင်ပါးပေါ်သို့ အပ်ဖြင့် ရက်စက်စွာ ထိုးချလိုက်၏။

ဆေးရည် တစ်ဝက်ခန့်ကို ထိုးသွင်းလိုက်သည်...။

ဤသို့ လုပ်ဆောင်လိုက်ပြီးနောက် တစ်ခန်းလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက ဝမ်မုန်ကို ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။

“ခင်ဗျား ဘာလုပ်ချင်တာလဲ” လီယွမ်ကျောက်၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။

ဒီဝမ်မုန်ဆိုတဲ့သူက တကယ်ကို အရူးပဲ... ကိုယ့်ကိုယ်ကိုယ်တောင် ဒီလောက် ရက်စက်ရဲတယ်။

“အိမ်ရှေ့စံကို သက်သေပြတာပါ၊ ပင်နီဆီလင်က လုံလောက်တဲ့ ဘေးကင်းမှု ရှိပါတယ်။ ကျွန်တော်မျိုးရဲ့ အသက်နဲ့ အာမခံရဲပါတယ်။ ခင်ဗျားတို့ မြင်ပြီလား”

“အင်း... မြင်ပြီ...” သမားတော်ဟူလည်း ကြောင်အမ်းသွား၏။

ဒီလို ကြမ်းတမ်းတဲ့သူမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...ဆေးကုတာ ဒီလောက်အထိ အသက်စွန့်ဖို့ လိုလို့လား။

“ဒါဆို ကျုပ် အရှင်မင်းကြီးကို ဆေးကုပေးတော့မယ်” ပြောပြီးသည်နှင့် ဝမ်မုန်က ဆောင့်ကြောင့်ထိုင်ကာ ဆေးထိုးအပ် အသစ်တစ်ခုကို ယူ၍ ဆေးတစ်ပိုက် ထပ်စုပ်ယူလိုက်သည်။

ကျင်းဘုရင်မင်းမြတ်၏ အရှေ့သို့ လျှောက်သွားပြီး အသက်ကို ပြင်းပြင်း နှစ်ချက် ရှူလိုက်၏။

“အိမ်ရှေ့စံ... အရှင်မင်းကြီးရဲ့ ဘောင်းဘီကို ချွတ်ပေးပါ၊ နဂါး... တင်ပါးကို ဖော်ပေးပါ... တစ်ဝက်ဆို ရပါပြီ”

လီယွမ်ကျောက်က ရှေ့တစ်လှမ်းတိုးလိုက်ပြီး ပါးစပ်မှ ပြောလိုက်၏။ “ကျန်တဲ့လူတွေ ရှောင်နေကြ”

လူအားလုံးက ကျောခိုင်းလိုက်ကြသည်။

ဝမ်မုန်ကဲ့သို့ သတ္တိခဲကြီးပင်လျှင် မျက်စိရှေ့ရှိ ဧကရာဇ်၏ တင်ပါးကြားကို ကြည့်ရင်း ရင်ထဲတွင် တင်းကျပ်သွားမိ၏။

ဒါ ဧကရာဇ်နော်... ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူး၊ ဘာပဲဖြစ်ဖြစ် လုပ်ရတော့မှာပဲ။

အံကြိတ်ကာ ဆေးထိုးအပ်ကို ကိုင်၍ နေရာမှန်ကို ရှာပြီးနောက် အပ်ဖြင့် တစ်ချက်တည်း ထိုးချလိုက်၏။

တင်ပါးအတွင်းသို့ ဆေးရည်များ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်...။

All Chapters