အခန်း (၄၈၈-၄၈၉)
Vol. 27 Ch. 488-489
အပိုင်း (၄၈၈) ယုတ္တိဗေဒအရ တိုက်ခိုက်ခြင်း။
မကြာမီပင် ဆေးထိုး၍ ပြီးသွား၏။
အခန်းတွင်းရှိ လူတိုင်းသည် အသက်အောင့်ထားကြပြီး နားထဲတွင် အသံကြားမှသာ သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။
“ပြီးပါပြီ။ အခု အခြေအနေကို စောင့်ကြည့်ရုံပဲ၊ အရှင်မင်းကြီး အဖျားကျသွားရင် ဘာမှ ပြဿနာ မရှိတော့ပါဘူး” ဆေးထိုးပြီးနောက် ဝမ်မုန်က တည်ငြိမ်သော အမူအရာကို ပြန်လည် ရရှိသွား၏။
အပ်ကို ဆွဲနုတ်လိုက်သည်ကို မြင်သောအခါ လီယွမ်ကျောက်၏ ရင်ထဲတွင် နာကျင်သွားသလို ခံစားလိုက်ရသည်။
သူ ယခင်ကတည်းက သိချင်နေခဲ့သည်၊ ဤသို့ ဆေးကုသသည့် နည်းလမ်းမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် မနေနိုင်ဘဲ မေးလိုက်၏။ “ဒီဆေးကို အပ်နဲ့ ထိုးမှပဲ ရတာလား”
“မဟုတ်ပါဘူး၊ သောက်လို့လည်း ရသလို လိမ်းလို့လည်း ရပါတယ်။ ဒါပေမဲ့ အပ်နဲ့ ထိုးတာက တခြားနည်းတွေထက် ပိုအစွမ်းထက်သလိုပဲ၊ ဘာကြောင့်လဲဆိုတာတော့ သေချာ မသိဘူး”
“အိမ်ရှေ့စံ... ကျန်တာကတော့ အရှင်မင်းကြီးကို သေချာ ပြုစုပေးဖို့ လူရှာထားရုံပါပဲ။ အဝတ်ကို မကြာခဏ လဲပေးပါ။ တကယ်လို့ အရှင်မင်းကြီး အဖျားကျပြီး နိုးလာရင် နောက်တစ်လုံး ထပ်ထိုးလို့ ရပါတယ်၊ ဆေးပမာဏ ကို နည်းနည်း တိုးပြီး စမ်းကြည့်တာပေါ့”
“အင်း... ခင်ဗျားတို့ အခု အပြင်မှာ သွားစောင့်နေကြ။ ခေါ်တဲ့အချိန် ဝင်လာခဲ့၊ သမားတော်ဟူလည်း ထွက်သွားတော့။ ကျုပ် ခမည်းတော်ရဲ့ ဘေးမှာ နေပေးမယ်”
လီယွမ်ကျောက်၏ စိုးရိမ်ပူပန်နေသော စိတ်များ တော်တော်လေး သက်သာသွားသော်လည်း မျက်လုံးများ ထဲတွင်တော့ စိုးရိမ်မှုများ ကျန်ရှိနေဆဲ ဖြစ်၏။
အခြားလူများလည်း အခန်းပြင်သို့ ထွက်သွားကြသည်။
စာကြည့်ဆောင်၏ တံခါးဝတွင် ရပ်နေစဉ် ကောင်းကင်ကြီးက မှောင်မိုက်နေပြီ ဖြစ်၏။
လေအေးများ တိုက်ခတ်လာသောအခါ ဝမ်မုန်သည် ချက်ချင်း လန်းဆန်းသွားသလို ခံစားလိုက်ရသော်လည်း ရုတ်တရက် ခန္ဓာကိုယ် ယိုင်နဲ့သွားကာ မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
ကံကောင်းထောက်မစွာဖြင့် ဘေးရှိ လက်ထောက်က သူ့ကို အချိန်မီ ဖမ်းထိန်းထားလိုက်၏။
“အစ်ကိုဝမ်... ဘာဖြစ်သွားတာလဲ”
“ဘာဖြစ်ရမှာလဲ... အဲဒါ ဘုရင်မင်းမြတ်နော်... ဘာဖြစ်ရမှာလဲ။ ကြောက်တာပေါ့၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ နည်းနည်းတောင် နောင်တရနေပြီ” ဝမ်မုန်၏ ရင်ထဲတွင် နောက်မှ ကြောက်စိတ် ဝင်လာသည်။
အလုပ်လုပ်နေတုန်းကတော့ အာရုံစိုက်ထားလို့ မသိသာပေမဲ့ အခု ပြန်တွေးကြည့်တော့ ရင်တဒိတ်ဒိတ် ခုန်နေတုန်းပဲ။
လက်ထောက်ကတော့ ပြုံးနေ၏။ “အစ်ကိုဝမ် ဘာမှ မကြောက်ဘူး ထင်နေတာ။ အရင်တုန်းက ကျုပ်တို့ သင်္ချိုင်းကုန်းမှာ အလောင်းသွားတူးတုန်းကဆို ကျုပ် ခြေထောက်တွေ...”
“ရှူး... လူရှိတယ်၊ လျှောက်မပြောနဲ့” ဝမ်မုန်က သူ ဆက်မပြောနိုင်ရန် ချက်ချင်း တားဆီးလိုက်သည်။
စာကြည့်ဆောင် တံခါးဝရှိ သက်တော်စောင့်များက တိတ်တဆိတ် တံတွေးမြိုချလိုက်ကြ၏။
ဒီလူနှစ်ယောက်က ရူးနေတာလား။ ဘယ်ကနေ ခေါ်လာတာလဲ။
သူတို့နှစ်ယောက် တံခါးဝတွင် စိတ်အပန်းဖြေနေစဉ် သမားတော်ဟူက အေးစက်သော မျက်နှာထားဖြင့် ချဉ်းကပ်လာပြီး ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “မင်းတို့ အရိုင်းအစိုင်းနှစ်ယောက် ဘယ်ကနေ ရောက်လာပြီး အိမ်ရှေ့စံကို ဘယ်လို လိမ်ညာခဲ့တယ်ဆိုတာ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ မင်းတို့ကို ပြောလိုက်မယ်၊ တကယ်လို့ အရှင်မင်းကြီး တစ်ခုခု ဖြစ်သွားရင် မင်းတို့နှစ်ယောက် သေဖို့သာ ပြင်ထား”
ဝမ်မုန်က မျက်မှောင်ကုတ်လျက် ပြောလိုက်၏။ “ခင်ဗျား စကားပြောတာ လွန်လွန်းနေပြီ။ ကျုပ်တို့လည်း အမိန့်အရ အရှင်မင်းကြီးကို ဆေးကုပေးဖို့ လာတာပါပဲ။ အားလုံးက လူနာကို ကယ်ဖို့လာတာကို ဘာလို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောနေရတာလဲ”
“ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ် ဟုတ်လား။ ငါက တစ်သက်လုံး ဆေးကုလာတာ၊ ဘယ်လို အခြေအနေမျိုးကို မကြုံဖူးလို့လဲ။ မင်းတို့က ဘာကောင်တွေလဲဆိုတာ ငါ မသိဘူးများ မှတ်နေလား။ ဘာမှမဟုတ်တဲ့ ပင်နီဆီလင် ဆိုတဲ့ အရာကို ကိုင်ပြီး လိမ်စားနေတာ။
ပင်နီဆီလင်ဆိုတာ ဘာလဲဆိုတာ တစ်မြို့လုံး သိတယ်။ မင်း ခုနက အရှင်မင်းကြီးကို ထိုးပေးလိုက်တာ ရေတွေ ဆိုတာ ငါ သိတယ်။ အရှင်မင်းကြီး ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေလိုက်၊ ငါ ဆေးကုတာကို အနှောင့်အယှက် ပေးတဲ့အတွက် မင်းတို့ အကုန်လုံး ခေါင်းဖြတ်ခံရမယ်” သမားတော်ဟူက တတွတ်တွတ် ပြောနေ၏။
“ခင်ဗျား ပြောတာက ကျုပ်တို့ အရှင်မင်းကြီးကို မကုနိုင်ရင် သေရမယ်ဆိုတဲ့ သဘောလား”
ဝမ်မုန်၏ မျက်နှာက အနည်းငယ် ဖြူလျော်သွားပြီး ဘေးရှိ လက်ထောက်ကလည်း အလွန်အမင်း ထိတ်လန့်နေ၏။
သမားတော်ဟူက ဤအခြေအနေကို မြင်သောအခါ ဂုဏ်ယူစွာ ပြုံးလိုက်သည်။ “ဒါပေါ့။ အရှင်မင်းကြီးက အရပ်ထဲက သာမန်လူလို့ ထင်နေတာလား၊ မင်းတို့ ကုချင်သလို ကုလို့ရမယ်လို့။ တကယ့်ကို ရယ်စရာပဲ”
“...”
“ဖြန်း”
မြန်ဆန်ပြင်းထန်သော လက်ဝါးတစ်ချက်က သမားတော်ဟူ၏ ဘယ်ဘက်ပါးပြင်ပေါ်သို့ ကျရောက်သွား၏။
သမားတော်ဟူ၏ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စီးကျလာသည်။
ဤလက်ဝါးရိုက်ချက်က အလွန် ပြင်းထန်လွန်းလှပြီး သမားတော်ဟူမှာလည်း အသက်အရွယ် ကြီးရင့်နေပြီဖြစ်ရာ မျက်လုံးထဲတွင် ကြယ်များပင် လွင့်ပျံသွားပြီး ခေတ္တအကြာမှသာ အရှေ့ကို ရှင်းလင်းစွာ မြင်ရတော့၏။
ဝမ်မုန်က နာကျင်နေသော လက်ဝါးကို ပွတ်သပ်နေသည်။ သူလည်း လက်ဝါး နာသွားသည်မှာ ထင်ရှားသည်။
“မင်း ရူးနေလား။ မင်း ငါ့ကို... ရိုက်ရဲတယ်ပေါ့” သမားတော်ဟူက ပါးကို အုပ်ကာ ဝမ်မုန်ကို မယုံကြည်နိုင်စွာ လက်ညှိုးထိုးလိုက်၏။
“အစ်ကိုဝမ် … ခင်ဗျား သူ့ကို ဘာလို့ ရိုက်တာလဲ။ သူက နန်းတွင်းသမားတော်နော်” လက်ထောက်ကလည်း အလန့်တကြား အော်ဟစ်လိုက်၏။
ဝမ်မုန်က အသက်ကို ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ “ရှောင်လျို... မင်း သခင်လေး သင်ပေးထားတာကို မေ့သွားပြီလား။ ငါတို့ သိပ္ပံသုတေသန လုပ်တဲ့သူတွေက ယုတ္တိဗေဒကို အလေးထားရမယ်
အရှင်မင်းကြီးကို မကုနိုင်ရင် ငါတို့ သေရမှာပဲလေ၊ ဒါဆို အသက်ရှင်နေတုန်း ဒီလိပ်အိုကြီးကို မရိုက်ရင် ဘယ်အချိန် ရိုက်ရမှာလဲ။ တကယ်လို့ ကုနိုင်ခဲ့ရင် ဒါက ကြီးမားတဲ့ အကျိုးပြုမှုကြီးပဲ၊ သူ့ကို ရိုက်တာက ဘာအရေးကြီးလို့လဲ။ ငါတို့က အသက်ကို ဖက်နဲ့ထုပ်ထားရတာကို ဒီလောက် အောက်ကျခံပြီး နေစရာလား”
“ဖြန်း”
ဝမ်မုန်၏ စကားဆုံးသည်နှင့် လက်ထောက်က ရှေ့သို့ တစ်ဟုန်ထိုး တက်သွားပြီး သမားတော်ဟူ၏ ညာဘက်ပါးပြင်ကို ထပ်မံ၍ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြန်၏။
“မင်း... မင်းတို့ ဘယ်လိုလုပ်ပြီး ဒီလောက်ရဲတင်းရတာလဲ...” သမားတော်ဟူမှာ ပူစပ်နေသော ပါးပြင် နှစ်ဖက်စလုံးကို လက်ဖြင့် အုပ်ကာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
လက်ထောက်က အေးစက်စွာ ပြောလိုက်၏။ “အစ်ကိုဝမ် ပြောတာ မှန်တယ်။ မရိုက်ရင် နောက်ကျသွားလိမ့်မယ်”
သမားတော်ဟူက ပါးကို အုပ်ကာ နာကျင်စွာဖြင့် ဘယ်ညာ ကြည့်လိုက်ရာ ထိုသူတို့နှစ်ယောက်က မိမိကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ အလန့်တကြား အော်ဟစ်ပြီး ထွက်ပြေးသွားတော့၏။
လက်ထောက်က အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “အစ်ကိုဝမ်... နန်းတော်ထဲ ဝင်ခွင့်ရပြီး နန်းတွင်းသမားတော်ကိုတောင် ရိုက်ခွင့်ရလိမ့်မယ်လို့ ကျုပ် တစ်ခါမှ မတွေးဖူးဘူး”
“ဒါ သိပ္ပံပညာရဲ့ အောင်ပွဲပဲ” ဝမ်မုန်က ခပ်အေးအေး ပြောလိုက်၏။
စာကြည့်ဆောင် တံခါးဝရှိ သက်တော်စောင့် နှစ်ယောက်၏ မျက်နှာပေါ်ရှိ ကြွက်သားများမှာ ပြင်းထန်စွာ တုန်ခါသွားကြသည်။
သိပ္ပံပညာ... အဲဒါ ဘာအရာလဲ။ တကယ်ကို ကြောက်စရာကောင်းတာပဲ... ဒီလူနှစ်ယောက်ရဲ့ သတ္တိက ဘယ်လောက်တောင် ကြီးတာလဲ။
“အစ်ကိုဝမ်... ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်လောက် ရာခိုင်နှုန်း သေချာလဲ။ ကျုပ် အခု အရမ်း စိတ်လှုပ်ရှားနေတယ်” လက်ထောက်က မေးလိုက်၏။
“ကိုးဆယ်ရာခိုင်နှုန်းလောက်ပေါ့။ အရှင်မင်းကြီးရဲ့ အခြေအနေကို ကြည့်ရတာ ပြဿနာ သိပ်မရှိပါဘူး၊ နည်းနည်း ပြင်းထန်ပေမဲ့ ထိန်းချုပ်လို့ ရပါသေးတယ်။ ပြီးတော့ အရှင်မင်းကြီးရဲ့ ခန္ဓာကိုယ်က အရမ်း သန်မာတယ်ဆိုတော့ အရမ်းကြီး မတွေးပါနဲ့”
“ဓာတ်မတည့်တာတွေ ဖြစ်လာနိုင်မလား...”
“ဓာတ်မတည့်ဘူးလား”
ဝမ်မုန်က ခေါင်းခါလိုက်၏။ “အဲဒီ အခြေအနေကို သခင်လေး ပြောပြဖူးတယ်၊ ငါတို့လည်း အခုထိ မကြုံဖူးသေးပါဘူး။ သခင်ကြီး ပြောတာ မှားတာလည်း ဖြစ်နိုင်သလို အရမ်း ရှားပါးတဲ့ အခြေအနေမို့လို့လည်း ဖြစ်နိုင်တယ်၊ ဒါကြောင့် စိုးရိမ်စရာ မရှိပါဘူး... ဒါနဲ့ ငါတို့ မထွက်လာခင်က သုံ့ပန်းတွေရဲ့ သဘောတူညီချက် စာချုပ်တွေမှာ လက်ဗွေနှိပ်ခဲ့သေးလား”
“ဟာ... သဘောတူညီချက် စာချုပ်။ ကျုပ် မေ့သွားတယ်”
လက်ထောက်က ချက်ချင်းပင် ထိတ်လန့်သွား၏။ “ရှောင်ထောင်လည်း ကျုပ်တို့ကို မိသွားပြီလေ၊ ပြီးတော့ သူတို့က သုံ့ပန်းတွေဆိုတော့ အဲဒီစာချုပ်က အသုံးမဝင်တော့ဘူးမလား”
“လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမှာပဲလေ၊ အပေါက်အပြဲ နည်းနိုင်သမျှ နည်းအောင် လုပ်ရမယ်။ အရှင်မင်းကြီးရဲ့ ရောဂါ ပျောက်သွားရင် သုံ့ပန်းကိစ္စက လွတ်သွားမှာပါ။ ပင်နီဆီလင် သုတေသန လုပ်တာလည်း တော်တော် ခရီးရောက်နေပြီဆိုတော့ ထောက်ပံ့ငွေတွေ အများကြီး လျှော့ချခံရတော့မယ်။ မှတ်တမ်းဖိုင်တွေ အကုန်လုံးက ဌာနအသီးသီးမှာ အများသိအောင် ထုတ်ပြန်ထားတာလေ၊
တကယ်လို့ တစ်ယောက်ယောက်က အပြစ်ရှာတွေ့သွားရင် နောက်နောင် ထောက်ပံ့ငွေ ထပ်မရရင် ဘယ်လိုလုပ်မလဲ။ လက်နက်ဌာနက ဆင်းရဲလွန်းလို့ ခွေးရူးတွေလို တခြားသူတွေရဲ့ အားနည်းချက်ကို လိုက်ရှာနေတာ မင်း မမြင်ဘူးလား။ ဒီလို အဆင့်နိမ့် အမှားမျိုး မလုပ်နဲ့”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့... အစ်ကိုဝမ်က တကယ် တွေးခေါ်မြော်မြင်တတ်တာပဲ...”
...
စာကြည့်ဆောင်အတွင်း၌ လီယွမ်ကျောက်သည် ကျင်းဘုရင်မင်းမြတ်၏ ဘေးတွင် ထိုင်ကာ တွေဝေ ငေးမောနေ၏။
ကော်ထျန်းယန်က ဘေးတွင် မတ်တတ်ရပ်ကာ ခန္ဓာကိုယ် ယိမ်းထိုးနေသည်။
သူက ဤမျှ အချိန်ကြာမြင့်စွာ အလုပ်ရှုပ်နေခဲ့ပြီး အနားမယူရသေးသည့်အပြင် အသက်အရွယ်ကလည်း ကြီးလာပြီဖြစ်ရာ ခန္ဓာကိုယ်က မခံနိုင်တော့ချေ။
လီယွမ်ကျောက်က ထိုအခြေအနေကို မြင်သောအခါ သက်ပြင်းချကာ ပြောလိုက်၏။ “ခင်ဗျား သွားနားလိုက်တော့၊ ကျုပ် ခမည်းတော်ကို ကြည့်ထားလိုက်မယ်။ ဒီညတော့ ဘာမှ ပြဿနာ မရှိလောက်တော့ပါဘူး”
ကော်ထျန်းယန်က အားတင်း၍ ပြုံးပြလိုက်သည်။ “အိမ်ရှေ့စံ... ကျွန်တော်မျိုးက တော်တော် လန်းဆန်းနေပါသေးတယ်...”
“ကျုပ် ခင်ဗျားကို ပြန်နားဖို့ အမိန့်ပေးနေတာ။ ခမည်းတော်နဲ့ နှစ်ယောက်တည်း စကားပြောချင်လို့၊ ထွက်သွား”
ကော်ထျန်းယန်က ဤသည်မှာ အိမ်ရှေ့စံ၏ စေတနာဖြစ်မှန်း သိသဖြင့် ရယ်ကျဲကျဲ လုပ်ကာ အရိုအသေပေးပြီး ယိုင်နဲ့နဲ့ဖြင့် ထွက်သွားတော့၏။
စာကြည့်ဆောင်အတွင်း၌ သားအဖနှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။
လီယွမ်ကျောက်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ခမည်းတော်ကို ကြည့်ရင်း သက်ပြင်းချကာ ညည်းတွားနေမိ၏။
တစ်နေကုန် စိတ်ဖိစီးနေမှုကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုများသည် သူ၏ တတွတ်တွတ် ပြောဆိုမှုများနှင့်အတူ တဖြည်းဖြည်း လျော့ပါးသွားသည်။
အချိန်မည်မျှ ကြာသွားသည်မသိ၊ သူလည်း မခံနိုင်တော့ဘဲ ကုလားထိုင်ပေါ်တွင် ထိုင်လျက် ဖြည်းညှင်းစွာ အိပ်ပျော်သွားတော့၏။
အပိုင်း (၄၈၉) ပင်နီဆီလင် အောင်မြင်ခြင်း။
အချိန်မည်မျှ ကြာသွားသည်မသိ၊ အပြင်ဘက်တွင် ကောင်းကင်ကြီးက မှောင်နေဆဲ ဖြစ်၏။
လီယွမ်ကျောက်က ကုလားထိုင်ပေါ်တွင် ထိုင်လျက် ခန္ဓာကိုယ် တစ်ချက် ယိမ်းသွားကာ နိုးလာခဲ့သည်။
ခေါင်းက မူးဝေနေပြီး လည်ပင်းကလည်း အနည်းငယ် ညောင်းညာနေသဖြင့် ကျင်းဘုရင်မင်းမြတ်ကို တစ်ချက် ကြည့်ကာ သက်ပြင်းချလိုက်၏။
ထို့နောက် ကျင်းဘုရင်မင်းမြတ်၏ နဖူးပေါ်တွင် တင်ထားသော အဝတ်ကို ယူ၍ ရေဇလုံထဲတွင် နှစ်ကြိမ်ခန့် ပြန်လည် ဆေးကြောပြီးနောက် နဖူးပေါ်သို့ ထပ်မံ တင်ပေးလိုက်သည်။
အိပ်မောကျနေသော ကျင်းဘုရင်မင်းမြတ်မှာ ဤအေးမြမှုကြောင့် လန့်နိုးသွား၏။
မျက်ခွံများ အနည်းငယ် ပွင့်လာပြီး အိမ်ရှေ့စံ၏ အရိပ်ကို ဝေဝေဝါးဝါး မြင်လိုက်ရသဖြင့် အားနည်းစွာ ပြန်မှိတ်သွားသည်။
ကျင်းဘုရင်မင်းမြတ်၏ ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။
တော်တော် သက်သာသွားသလို ခံစားရတယ်၊ အနည်းဆုံးတော့ မျက်လုံးဖွင့်လို့ ရလာပြီ၊ အဖျားကလည်း အဲဒီလောက် မကြီးတော့ဘူး။
အိမ်ရှေ့စံက ဒီနေရာမှာ စောင့်နေတုန်းပဲလို့ မထင်ထားဘူး... အခု ဘယ်အချိန်ရှိပြီလဲ မသိဘူး။
ညဉ့်နက်နေပြီဖြစ်ကာ စာကြည့်ဆောင်အတွင်း၌ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေ၏။
လီယွမ်ကျောက်၏ ကိုယ်ပေါ်ရှိ ပင်ပန်းနွမ်းနယ်မှုများက မပျောက်သေးချေ။ ခမည်းတော် လှုပ်ရှားမှု မရှိသေးသည်ကို ကြည့်ရင်း ရင်ထဲတွင် ရုတ်တရက် ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုများက တစ်ကိုယ်လုံးကို ဖုံးလွှမ်းလာသည်ဟု ခံစားလိုက်ရသည်။
လည်စလုတ် နှစ်ချက်ခန့် လှုပ်ရှားသွားပြီး အိပ်ပျော်နေဆဲဖြစ်သော ကျင်းဘုရင်မင်းမြတ်ကို ကြည့်ကာ မနေနိုင်ဘဲ စကားပြောလာပြန်၏။ “ခမည်းတော်... သားတော် ပြောတာကို ကြားရလား
သားတော် ပြောတာကို ကြားရင် နည်းနည်းလောက် လှုပ်ပေးပါ၊ စကားတစ်ခွန်းလောက် ပြောပေးပါ၊ သားတော် နည်းနည်း ကြောက်လာပြီ”
...
“ခမည်းတော်... ခမည်းတော်လည်း ဒီလိုနေ့မျိုး ရောက်လာမယ်လို့ မထင်ထားဘူး... အရင်တုန်းက ခမည်းတော် ကျန်းမာရေး ကောင်းတုန်းက သားတော်ကို အမြဲတမ်း ရိုက်တယ်။ အဲဒီတုန်းက သားတော် တွေးဖူးတယ်၊ ခမည်းတော် အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ သားတော် သေချာပေါက် ပြန်ရိုက်မယ်လို့... ။
ဒါပေမဲ့ ခမည်းတော် ဒီမှာ လဲနေတာကို တကယ်ကြီး မြင်ရတော့ သားတော် ရင်ထဲမှာ အရမ်း နာကျင်ရတယ်။ ခမည်းတော် အသက်ကြီးလာရင်တောင် သားတော် တကယ် ရိုက်ရက်မှာ မဟုတ်ဘူး”
လီယွမ်ကျောက်၏ အသံက ဆက်တိုက် ထွက်ပေါ်လာပြီး စကားသံများထဲတွင် ပင်ပန်းနွမ်းနယ်မှုများ ပြည့်နှက်နေ၏။
တစ်ဝက်ခန့် ကြားပြီးသောအခါ ကျင်းဘုရင်မင်းမြတ်မှာ ဒေါသထွက်လွန်း၍ ကုတင်ပေါ်မှ ခုန်ထလုနီးပါး ဖြစ်သွားသည်။
သူ၏ လက်ခြေများတွင် အင်အားအနည်းငယ် ပြန်လည် ရရှိလာသည်ကို ခံစားလိုက်ရပြီး ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားကာ သည်းခံလိုက်၏။
ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်း စကားများကို ကြားသောအခါ ရင်ထဲတွင် တည်ငြိမ်သွားတော့သည်။
ဒီတိရစ္ဆာန်လေးက လူစိတ်တော့ ရှိပါသေးတယ်...
“ဟီးဟီး... သားတော် အသက် ၆ နှစ်တုန်းက နန်းတော်ထဲကနေ ခိုးထွက်သွားတော့ ခမည်းတော်က လူလွှတ်ပြီး ဖမ်းခိုင်းတယ်။ ပြန်ရောက်တော့ သားတော်ကို ရိုက်ခဲ့တာ သားတော် မှတ်မိသေးတယ်”
“ပြီးတော့ ၇ နှစ်တုန်းက၊ စာမဖတ်လို့ ခမည်းတော်က သားတော်ကို ရိုက်ပြန်တယ်”
“၈ နှစ်တုန်းက...”
“၉ နှစ်တုန်းက...”
လီယွမ်ကျောက်က တတွတ်တွတ် ပြောနေပြီး ကျင်းဘုရင်မင်းမြတ်၏ မျက်နှာမှာမူ အလွန်အမင်း နီမြန်းလာ၏။
ဘာ... ငါက ဒီလောက်တောင် မကြာခဏ ရိုက်ခဲ့လို့လား။
အသက် ၆ နှစ်ကတည်းက စပြီး နှစ်တိုင်း မလွတ်ခဲ့ဘူးလား။ ဘာလို့ လုံးဝ မမှတ်မိတော့တာလဲ။ ဒီခွေးကောင်လေးက ဒီလောက်တောင် အငြိုးကြီးတာလား။
“အသက် ၁၅ နှစ်တုန်းက ဆရာယန်ရဲ့ ရှေ့မှာ သမ်းဝေမိလို့ ခမည်းတော်က သားတော်ကို ထပ်ရိုက်ပြန်ရော
နောက်ပိုင်းတော့ ခမည်းတော် ဘယ်ကနေ အဲဒီ ကျိန်ဆဲချင်စရာကောင်းတဲ့ တုတ်ကို ရလာလဲ မသိဘူး။ အဲဒီတုတ်နဲ့ ရိုက်ရင် အရမ်းနာတာပဲ၊ အဲဒီတုန်းက သားတော် ခမည်းတော်ကို တစ်ချက်လောက် ပြန်ရိုက်ပြီး ဘယ်လို အရသာရှိလဲဆိုတာ မြည်းစမ်းခိုင်းချင်ခဲ့တာ ခမည်းတော် သိလား”
ကျင်းဘုရင်မင်းမြတ်၏ နဖူးပေါ်တွင် အကြောများ ပြိုင်းပြိုင်းထလာ၏။
ဒီခွေးကောင်... တကယ်ကို မကောင်းတဲ့ စိတ်ကူးတွေ ရှိနေတာပဲ။ ငါ ကျန်းမာရေး ပြန်ကောင်းလာရင် မင်းကို သေအောင် ရိုက်အုံးမယ်။
“ဒါပေမဲ့ အခု အဲဒါတွေက အရေးမကြီးတော့ပါဘူး၊ သားအဖ သံယောဇဉ်ဆိုတာ ဘာလဲဆိုတာကို သားတော် အခုမှ သိတော့တယ်။ ခမည်းတော်... ခမည်းတော် နိုးလာရင် သားတော်ကို ဘယ်လိုပဲ ရိုက်ချင်ရိုက်၊ ရိုက်ချင်သလို ရိုက်... ခမည်းတော် ကျေနပ်တဲ့အထိ ရိုက်...”
ရုတ်တရက် ကျင်းဘုရင်မင်းမြတ်က ဘယ်ဘက်လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်ဟု ခံစားလိုက်ရသည်။
လီယွမ်ကျောက်က မျက်ရည်များ စီးကျလျက် မြေပေါ်တွင် ဒူးထောက်ကာ ကုတင်ဘေးတွင် မှောက်လျက် ခေါင်းကို စောင်ထဲတွင် ဖွက်ထား၏။
အချိန်အတော်ကြာ ငိုပြီးနောက် စွမ်းအင်များ ကုန်ခမ်းသွားသောကြောင့် ဖြစ်မည်။ လီယွမ်ကျောက်သည် ထိုအတိုင်း မြေပေါ်တွင် ဒူးထောက်လျက် အိပ်ပျော်သွားတော့သည်။
ကျင်းဘုရင်မင်းမြတ်၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး စိတ်ထဲတွင် တော်တော်လေး လှုပ်ရှားသွားမိ၏။
ကမ္ဘာကြီးကို ပိုင်စိုးထားသော ဧကရာဇ်တစ်ပါးအနေဖြင့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ပြည့်စုံမှုများကတော့ ပြောစရာ မလိုတော့ချေ။ သူ ပိုမို မျှော်လင့်မိသည်က စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုများ ဖြစ်သည်။
ကလေးတစ်ယောက် မွေးထားရတာလည်း... မဆိုးပါဘူး။
ဒီညမှာတော့ အရာအားလုံး ပြည့်စုံသွားပြီ။
ကျင်းဘုရင်မင်းမြတ်က မနေနိုင်ဘဲ လက်ဆန့်တန်းကာ လီယွမ်ကျောက်၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး သက်ပြင်းချကာ တိုးတိုးလေး ပြောလိုက်၏။ “ဒီလောက် ကြီးနေပြီကို၊ ပုံမှန်ဆိုရင်တော့ အထက်စီးက နေပြီး ပြဿနာကြုံရင်တော့ မိန်းမတွေလို ငိုယိုနေတာပဲ၊ ကြည့်ရတာ အရိုက်ခံ ချင်နေသေးတာပဲ”
သိပ်မကြာခင်မှာပင် ကျင်းဘုရင်မင်းမြတ်လည်း ဖြည်းညှင်းစွာ အိပ်ပျော်သွားပြန်သည်။
...
နောက်တစ်နေ့၊ ကောင်းကင်ကြီး လင်းထိန်လာသည်။
နေရောင်ခြည်က စာကြည့်ဆောင်အတွင်းသို့ ဖြာကျလာပြီး ကော်ထျန်းယန် ဝင်လာသည်နှင့် ဒူးထောက်လျက် အိပ်ပျော်နေသေးသော လီယွမ်ကျောက်ကို မြင်လိုက်ရသဖြင့် ကမန်းကတန်း ရှေ့တိုးကာ စိုးရိမ်တကြီး ပြောလိုက်၏။ “အိမ်ရှေ့စံ … ဘာလို့ ဒူးထောက်ပြီး အိပ်နေတာလဲ”
လီယွမ်ကျောက်မှာ ဒူးခေါင်းနှစ်ဖက်လုံး အလွန်အမင်း နာကျင်နေသည်ဟု ခံစားရပြီး မူးဝေဝေဖြင့် ပြောလိုက်သည်။ “မနေ့ညက ခမည်းတော် ကျုပ်ကို ရိုက်တယ်လို့ အိပ်မက်မက်တယ်... မြန်မြန်သွား... တုတ်ကို သွားလွှင့်ပစ်လိုက်...”
“အာ... ဒါက” ကော်ထျန်းယန်က သူ့ကို ကြောင်အမ်းအမ်း ကြည့်နေ၏။
ဒါက အိပ်ချင်မူးတူး ဖြစ်နေတာပဲ။ ဘာတွေ လျှောက်ပြောနေတာလဲ။
လီယွမ်ကျောက်ကို ကုလားထိုင်ပေါ်တွင် ထိုင်ခိုင်းပြီးနောက် ကော်ထျန်းယန်က ကျင်းဘုရင်မင်းမြတ်၏ နဖူးအပူချိန်ကို အလျင်အမြန် စမ်းသပ်ကြည့်လိုက်သည်။
လက်လှမ်းစမ်းကြည့်လိုက်သည်နှင့် ချက်ချင်း အံ့သြဝမ်းသာစွာ ပြောလိုက်၏။ “အိမ်ရှေ့စံ … အိမ်ရှေ့စံ။ အရှင်မင်းကြီး အဖျားကျသွားပြီ”
“တကယ်လား” လီယွမ်ကျောက်ကလည်း ဝှီးခနဲ သတိပြန်ဝင်လာပြီး အလျင်အမြန် ရှေ့တိုးကာ လက်ဆန့်တန်း၍ စမ်းသပ်ကြည့်လိုက်သည်။
“ဟင်... တကယ်ပဲ ရောဂါ သက်သာသွားပြီ။ မြန်မြန်... ဝမ်မုန်ကို ခေါ်ပြီး ခမည်းတော်ကို နောက်ထပ် နှစ်လုံးလောက် ထပ်ထိုးပေးခိုင်း”
ဆူညံသော အသံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ကျင်းဘုရင်မင်းမြတ်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အသံသြသြဖြင့် ပြောလိုက်၏။ “ရေ... ကိုယ်တော့်ကို ရေယူခဲ့”
“နိုးပြီ။ ခမည်းတော် နိုးပြီ။ မြန်မြန်... ရေမြန်မြန်ယူခဲ့” လီယွမ်ကျောက်မှာ အလွန်အမင်း ဝမ်းသာသွားပြီး ဝမ်းသာမျက်ရည်များပင် ကျလာတော့သည်။
ပေါင်တစ်ရာကျော်ရှိသော ကလေးတစ်ယောက်လို ငိုကြွေးနေ၏။
“ဟမ့် ... မိန်းမလို မငိုနဲ့။ ကိုယ်တော် မင်းကို ပြောပြီးပြီလေ၊ ပြည်တည်နာလေးက ကိုယ်တော့်အတွက် ဘာမှ မဟုတ်ပါဘူးလို့” ကျင်းဘုရင်မင်းမြတ်က ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။
“ပင်နီဆီလင် အစွမ်းပြပြီ။ ပင်နီဆီလင် တကယ် အစွမ်းပြပြီ၊ ခမည်းတော်... ပင်နီဆီလင်သာ မရှိရင် ခမည်းတော် အခုဆို သေတောင် သေနေလောက်ပြီ” လီယွမ်ကျောက်က အော်ဟစ်လိုက်၏။
ကျင်းဘုရင်မင်းမြတ်၏ ပြုံးနေသော မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ “တိရစ္ဆာန်။ စကား မပြောတတ်ရင် မပြောနဲ့”
“ဘာ ပင်နီဆီလင်လဲ၊ အဲဒါ အဆိပ် မဟုတ်ဘူးလား၊ ကိုယ်တော် ဘာလို့ မမှတ်မိတာလဲ၊ သမားတော်ဟူက ကိုယ်တော့်ကို ဆေးကုပေးတာ မဟုတ်ဘူးလား”
ယခင်က အဖျားအရမ်းကြီးလွန်းသဖြင့် ကျင်းဘုရင်မင်းမြတ်မှာ ထိုကိစ္စများကို လုံးဝ မေ့သွားခဲ့ပြီ ဖြစ်၏။
ကော်ထျန်းယန်က ရေခွက်ကို ကိုင်ကာ လျှောက်လာပြီး ဝမ်းသာအားရ ပြောလိုက်သည်။ “အရှင်မင်းကြီး... သမားတော်ဟူ မဟုတ်ပါဘူး၊ အိမ်ရှေ့စံက တောက်ယွမ်ခရိုင်ကနေ လူခေါ်လာပြီး ပင်နီဆီလင်နဲ့ ကုပေးတာပါ။ မနေ့ညက တကယ်ကို အန္တရာယ်များခဲ့တာ... ဒါပေမဲ့ ဆေးတစ်လုံး ထိုးလိုက်တာနဲ့ အရှင်မင်းကြီးရဲ့ အဖျားက တစ်ညတည်းနဲ့ ကျသွားတာပဲ။ ပင်နီဆီလင်က တကယ်ကို အံ့ဖွယ်ပါပဲ”
“အရှင်မင်းကြီး... အခု ဘယ်လို နေသေးလဲ”
ကျင်းဘုရင်မင်းမြတ်က အပေါ်ဝတ်ရုံကို လှန်ကာ တစ်ချက် ကြည့်လိုက်၏။ “အင်း... ပြည်တည်နာတော့ ရှိသေးတယ်၊ ဒါပေမဲ့ ကိုယ်တော် တော်တော်လေး သက်သာသွားသလို ခံစားရတယ်၊ နည်းနည်းတောင် ဗိုက်ဆာလာပြီ”
ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ အံ့သြသွားပြန်သည်။ “ပင်နီဆီလင်က အဆိပ်မဟုတ်ဘဲ တကယ့် နတ်ဆေးလား။ ပြည်တည်နာလို မကုသနိုင်တဲ့ ရောဂါကိုတောင် ကုနိုင်တဲ့ ဆေးရှိတယ် ဟုတ်လား။ သမားတော်ကို ကိုယ်တော့ဆီ မြန်မြန် ခေါ်ခဲ့စမ်း”
သိပ်မကြာခင်မှာပင် ဝမ်မုန်က လက်ထောက်ကို ခေါ်ကာ ထပ်မံ ရောက်ရှိလာသည်။ ကျင်းဘုရင်မင်းမြတ် ကုတင်ပေါ်တွင် ထိုင်နေသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများထဲတွင် အံ့သြဝမ်းသာမှုများ ပေါက်ကွဲထွက်လာ၏။
သူတို့နှစ်ယောက်၏ နောက်မှ လိုက်ပါလာသော သမားတော်ဟူမှာ ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ခြေထောက်များပင် ခွေကျသွားသည်။
အောင်မြင်သွားပြီ... ဒီပင်နီဆီလင်က တကယ် အောင်မြင်သွားတာလား။
“အရှင်မင်းကြီး ဘုန်းတော်ကြီးပါစေ၊ ကျန်းမာတော်မူပါစေလို့ ကျွန်တော်မျိုး ဆုတောင်းပေးပါတယ်”
ဝမ်မုန်နှင့် လက်ထောက်တို့ နှစ်ယောက်လုံး မြေပေါ်တွင် ဒူးထောက်လိုက်ကြ၏။ “ကျွန်တော်မျိုးတို့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
“ထကြပါ”
ကျင်းဘုရင်မင်းမြတ်က ပြုံးလျက် လက်ကို မြှောက်ပြလိုက်သည်။ “မင်းတို့နှစ်ယောက်က ပင်နီဆီလင်နဲ့ ကိုယ်တော့်ကို ကယ်ခဲ့တာလား”
ဝမ်မုန်မှာ ဤအချိန်ရောက်မှ ရင်ထဲတွင် တည်ငြိမ်သွား၏။
ဘုရင်မင်းမြတ် ရောဂါသက်သာသွားပြီဆိုတော့ အရာအားလုံး အဆင်ပြေသွားပြီပေါ့။
“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ဟုတ်ပါတယ်။ ကျွန်တော်မျိုးတို့ နှစ်ယောက်ပါ။ ဒါပေမဲ့ အရှင်မင်းကြီး ရဲ့ ရောဂါက အခုထိ လုံးဝ မပျောက်သေးပါဘူး၊ သေချာ အနားယူဖို့ လိုပါသေးတယ်။ နောက်ရက်အနည်းငယ် ကြာရင် အရှင်မင်းကြီးကို နောက်တစ်လုံး ထပ်ထိုးပေးရင် ကြီးကြီးမားမား ပြဿနာ မရှိနိုင်တော့ပါဘူး”
ကျင်းဘုရင်မင်းမြတ်၏ ရင်ထဲတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်လာပြန်၏။ “ပြည်တည်နာက တကယ်ပဲ ကုလို့ရတဲ့ ဆေးရှိတာလား။ ဓားဒဏ်ရာတွေ အကုန်လုံးအတွက် သုံးလို့ရလား”
“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... သုံးလို့ရပါတယ်။ ဒါပေမဲ့ ပြဿနာတချို့တော့ ရှိပါတယ်။ အရှင်မင်းကြီး လို တစ်ခါမှ မသုံးဖူးတဲ့သူတွေဆိုရင် အာနိသင်က အရမ်း သိသာပါတယ်... အကြိမ်ရေ များလာရင်တော့ ဆေးအာနိသင်က နည်းနည်း လျော့ကျသွားသလိုပဲ၊ ကျွန်တော်တို့လည်း သေချာတော့ မသိသေးပါဘူး” ဝမ်မုန်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဖြေလိုက်သည်။
“ကောင်းတယ်... ကောင်းတယ်။ ရောဂါကုနိုင်ရင် အရမ်းကောင်းတာပေါ့။ ဒါဆို ဒီပစ္စည်းက တန်ဖိုး ဘယ်လောက်ရှိလဲ။ လူတိုင်း သုံးနိုင်လား” ကျင်းဘုရင်မင်းမြတ်၏ မျက်လုံးများထဲတွင် ကြီးမားသော မျှော်လင့်ချက်များ ထွက်ပေါ်လာ၏။