← Chapters

အခန်း (၄၉၀-၄၉၁)

Vol. 27 Ch. 490-491

အခန်း (၄၉၀-၄၉၁)

Vol. 27 Ch. 490-491

အပိုင်း (၄၉၀) ဖန်ကျန်းရီ၏ သတင်း။

“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်၊ ပင်နီဆီလင် ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်က အရမ်းကို ရှုပ်ထွေးပါတယ်။ အဆင့်တိုင်းမှာ ပြဿနာတွေ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် သန့်စင်မှု မြင့်မားတဲ့ ပင်နီဆီလင် ထုတ်လုပ်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ စျေးနှုန်းကတော့... သေချာပေါက် ကြီးမြင့်မှာပါ။ ပြီးတော့ အတိအကျ ဘယ်လောက်လဲဆိုတာကိုတော့ ကျွန်တော်မျိုး မသိပါဘူး၊ လျှောက်မပြောရဲပါဘူး”

ဝမ်မုန်က ခေါင်းငုံ့ကာ တံတွေးများကို အတင်း မြိုချနေ၏။

လုံးဝ မသိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ၊ သို့ပေမည့် အတိအကျတော့ မသိချေ။ အဘယ်ကြောင့်ဆိုသော် ပစ္စည်းများစွာ ဝယ်ယူမှုကို သူ ကိုယ်တိုင် မကိုင်တွယ်သောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့် စမ်းသပ်ရန်အတွက် အမြောက်အမြား အသုံးပြုခဲ့သော မျောက်များ၊ ဆေးထိုးအပ် ပြုလုပ်သော ပန်းထိမ်ဆရာများ၏ လုပ်အားခများ၊ ဖန်ထည်ပစ္စည်းများ စသည်တို့၏ ကုန်ကျစရိတ်များကို နောက်ဆုံးတွင် စုပေါင်း တွက်ချက်ရမည်။

မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်ကို ကိန်းဂဏန်းတစ်ခု ရမ်းသမ်းပြော၍ မရချေ။ များသည်ဖြစ်စေ နည်းသည်ဖြစ်စေ သခင်လေးအတွက် အခက်တွေ့စေနိုင်ပြီး သူ့အတွက်လည်း ပြဿနာ ဖြစ်စေနိုင်သည်။

“တကယ်လို့ စစ်မြေပြင်မှာသာ အသုံးပြုနိုင်မယ်ဆိုရင် လူပေါင်းများစွာကို ကယ်တင်နိုင်တဲ့ နတ်ဆေးလို့ တကယ် ခေါ်ဆိုနိုင်မှာပေါ့။”

ကျင်းဘုရင်မင်းမြတ်က ဝမ်မုန်၏အဖြေကို ကြားသောအခါ အနည်းငယ် စိတ်ပျက်သွား၏။ “မင်း အဆိုအရဆိုရင် ဒီအရာက အမြောက်အမြား ထုတ်လုပ်လို့ မရဘူးပေါ့။ ပင်နီဆီလင်ဆိုတာ တကယ်တော့ ဘာလဲ၊ ဘာလို့ နာမည်က ဒီလောက် ထူးဆန်းနေရတာလဲ”

“ပင်နီဆီလင်ဆိုတာ လိမ္မော်ခွံပေါ်မှာ ပေါက်တဲ့ မှိုတစ်မျိုးပါ။ လိမ္မော်ခွံပေါ်မှာတင် မကပါဘူး၊ တခြား အစားအစာ တော်တော်များများမှာလည်း ပေါက်တတ်ပါတယ်။”

“ပစ္စည်းရှာရတာ အရမ်းလွယ်ကူပေမဲ့ ပင်နီဆီလင်အပြင် တခြား အညစ်အကြေးတွေ အများကြီး ပါဝင်နေပါသေးတယ်။ အဲဒီ အညစ်အကြေးတွေက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါကို ထိရောက်စွာ ကုသနိုင်ဖို့ဆိုရင် သီးသန့် ပင်နီဆီလင်ကို ခွဲထုတ်နိုင်မယ့် နည်းလမ်းကို ရှာရပါမယ်။ အဆင့်တွေ အရမ်းများပြီး ထိန်းချုပ်ဖို့ ခက်ခဲတဲ့အတွက် အရမ်း ခက်ခဲပါတယ်”

ဝမ်မုန်က ဆက်လက် ရှင်းပြသည်။ “အရှင်မင်းကြီး သုံးခဲ့တဲ့ ပင်နီဆီလင်က ကျွန်တော်မျိုးတို့ ထုတ်လုပ်နိုင်သမျှ အကောင်းဆုံးပါ။ တကယ်တော့ သန့်စင်မှု သိပ်မမြင့်တဲ့၊ အညစ်အကြေး နည်းနည်းများတဲ့ ပင်နီဆီလင် တွေကလည်း ရောဂါကို ကုသနိုင်ပါတယ်။ ဒါပေမဲ့ ပြဿနာတချို့တော့ ရှိနိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အသက်ဆုံးရှုံးရတာနဲ့ ယှဉ်ရင်တော့ အများကြီး ကောင်းပါသေးတယ်။ ပြီးတော့ ကျွန်တော်မျိုးတို့က ဒီဆေးကို လေ့လာခဲ့တာ အချိန်သိပ်မကြာသေးပါဘူး၊ အချိန်နည်းနည်း ထပ်ပေးရင် အမြောက်အမြား ထုတ်လုပ်နိုင်လာမှာပါ”

“အင်း... ကောင်းတယ်၊ အရမ်းကောင်းတယ်” ကျင်းဘုရင်မင်းမြတ်၏ မျက်နှာတွင် ကျေနပ်သည့် အမူအရာ ပေါ်လာ၏။ အားလုံးကို အပြည့်အဝ နားမလည်သော်လည်း ယေဘုယျအားဖြင့်တော့ နားလည်သွားသည်။ မျက်လုံးကို မှိတ်ကာ ရင်ထဲတွင် အနည်းငယ် ခံစားသွားရ၏။

အမတ်ဖန် က ကိုယ်တော့ကို နောက်ထပ် သင်ခန်းစာတစ်ခု ထပ်ပေးလိုက်ပြန်ပြီပဲ။ ဒီအရာက တကယ်ပဲ လောကကြီးကို အကျိုးပြုနိုင်တဲ့ အံ့ဖွယ်ပစ္စည်း ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

မှိုတက်နေတဲ့ အရာက ရောဂါကို ကုနိုင်တယ်ဆိုတာ တကယ်ကို အံ့သြစရာပဲ။

အရင်တုန်းက သူ့ကို မလုပ်ဖို့တောင် တားခဲ့သေးတာ...

“ကုန်းကုန်းကော်... သူတို့နှစ်ယောက်ကို အရင် ခေါ်သွားလိုက်၊ သေချာ နေရာချပေးထား။ ကိုယ်တော် ကျန်းမာရေး ပြန်ကောင်းလာရင် ဆုလာဘ်တွေ အများကြီး ပေးမယ်”

“မင်းတို့နှစ်ယောက် ကိုယ်တော့်ကို ဆေးကုပေးဖို့ နန်းတော်ထဲမှာပဲ စိတ်အေးအေးထားပြီး နေကြ။ တစ်ယောက်ယောက်က မင်းတို့ကို မေးခွန်းတွေ လာမေးရင် ဘာမှ မဖြေနဲ့”

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

ကော်ထျန်းယန်က အရိုအသေပေးကာ ဝမ်မုန်တို့ကို ခေါ်ဆောင်သွား၏။

လူတွေ ထွက်သွားပြီးနောက် ကျင်းဘုရင်မင်းမြတ်၏ အကြည့်က ချက်ချင်း အေးစက်သွားပြီး သမားတော်ဟူကို စိုက်ကြည့်လိုက်သည်။

“သမားတော်ဆောင်က ဘာလုပ်ဖို့ ရှိတာလဲ။ တောက်ယွမ်ခရိုင်က သမားတော်လောက်တောင် မစွမ်းဘူး။ ကိုယ်တော်တော့ မင်းတို့ အားလုံးကို အလုပ်ဖြုတ်ပစ်လိုက်တာ ပိုကောင်းမယ် ထင်တယ်”

“အရှင်မင်းကြီး။ ကျွန်တော်မျိုးကို မတရားစွပ်စွဲတာပါ”

သမားတော်ဟူက ချက်ချင်း အော်ဟစ်ငိုယိုကာ မြေပေါ်တွင် ဒူးထောက်ချလိုက်၏။

“ပင်နီဆီလင်က အဆိပ်ဆိုတာ မြို့တော်တစ်ခုလုံး သိပါတယ်။ ပြီးတော့ မှိုတက်နေတဲ့ လိမ္မော်ခွံနဲ့ လုပ်တယ်ဆိုတာ သေချာပေါက် အဆိပ်ကို အဆိပ်နဲ့ နှိမ်တဲ့ နည်းလမ်းပါပဲ

ကျွန်တော်မျိုးလည်း အရှင်မင်းကြီးကို ကယ်ဖို့ နည်းလမ်း ရှာတွေ့ခဲ့ပါတယ်၊ ဖူကျစ်ကို သုံးပြီး အဆိပ်ကို အဆိပ်နဲ့ နှိမ်ဖို့ပါ။ ဒါပေမဲ့ ဒါက... ကျွန်တော်မျိုး မသုံးရသေးခင်မှာပဲ သူတို့က ပင်နီဆီလင်ကို အရင် သုံးလိုက်တာပါ။ ကျွန်တော်မျိုးရဲ့ ဒီရှေးဟောင်းဆေးနည်းကလည်း ပြည်တည်နာကို သေချာပေါက် ကုနိုင်ပါတယ်”

ပြောရင်းပြောရင်းဖြင့် သမားတော်ဟူက မျက်ရည်များပင် ကျလာ၏။ သူ၏ မျက်နှာမှာ ယခုထိ ရောင်ရမ်းနေဆဲ ဖြစ်သည်။

ဒီကျိန်ဆဲချင်စရာကောင်းတဲ့ ခွေးကောင်နှစ်ကောင်။

ကျင်းဘုရင်မင်းမြတ်က အထင်သေးစွာဖြင့် ခပ်အေးအေး ပြောလိုက်သည်။ “တောက်ယွမ်ခရိုင်ကတောင် ပင်နီဆီလင်ကို စဉ်းစားမိသေးတာ၊ မင်းတို့က ဘာလို့ မစဉ်းစားမိတာလဲ”

“ဒါ... ဒါ... လိမ္မော်ခွံကို ဆေးအဖြစ် သုံးတာက ရှေးခေတ်တည်းက ရှိခဲ့တာပါ။ ရှေးလူကြီးတွေက သေချာပေါက် အသုံးဝင်ပုံကို မှတ်တမ်းတင်ခဲ့မှာပါ။ ဒါပေမဲ့... လူကြိုက်မများလို့ နေမှာပါ။” သမားတော်ဟူက ချွေးပြန်လျက် ရှင်းပြနေ၏။

လီယွမ်ကျောက်က ဘေးမှနေ၍ လှောင်ပြုံးပြုံးလိုက်သည်။ “ခမည်းတော်... သူ ခမည်းတော်ကို ဆေးကုပေးတုန်းကတောင် အိမ်ပြန်ပြီး စာအုပ်သွားဖတ်နေသေးတယ်။ သားတော် ကြည့်ရတာ သမားတော်ဆောင် က လူဟောင်းတွေ အကုန်လုံးကို အလုပ်ဖြုတ်ပြီး နောင်ကျရင် နန်းတွင်းသမားတော်တွေကို အရပ်ထဲကနေ နှစ်တိုင်း ရွေးချယ်တာက ပိုကောင်းမယ် ထင်တယ်။

သားတော် အမြင်အရတော့ ဆေးပညာနဲ့ သိုင်းပညာက အတူတူပဲ၊ မသုံးရင် တုံးသွားတာပဲ။ သမားတော်ဆောင်က အဲဒီလူဟောင်းတွေက တစ်နှစ်ပတ်လုံးနေမှ လူနာ ဘယ်နှစ်ယောက် ကြည့်ရလို့လဲ၊ မစွမ်းတော့ပါဘူး။

ပြဿနာပေါ်လာမှ စာအုပ်လှန်ပြီး ဆေးကုရတယ် ဟုတ်လား။ နန်းတော်ထဲမှာ လူတိုင်း စာတတ်တယ်၊ ပညာမပြည့်ဝဘဲနဲ့ ခင်ဗျားကို ဘာလို့ အားကိုးနေအုံးမှာလဲ”

သမားတော်ဟူက ပါးစပ်ဟကာ သနားစရာကောင်းသော ပုံစံဖြင့် ပြောလိုက်၏။ “ကျွန်... ကျွန်တော်မျိုးကို မတရားစွပ်စွဲတာပါ။ ရှေးလူကြီးတွေရဲ့ ဉာဏ်ပညာတွေက ပင်လယ်ကြီးလို ကျယ်ပြောလွန်းလို့ ကျွန်တော်မျိုး တစ်ယောက်တည်း ဘယ်လိုလုပ် အကုန် သင်ယူနိုင်မှာလဲ။ အရပ်ထဲက သမားတော်တွေလည်း စာအုပ်လှန်ရတာပါပဲ”

“ကဲပါ... တော်လောက်ပြီ။”

ကျင်းဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်က ပင်ပန်းနေဆဲဖြစ်ရာ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။ “ဒီကိစ္စကို ခဏထားလိုက်အုံး …။ သမားတော်ဆောင်က ဘာမှ ထပ်မစွမ်းဆောင်နိုင်ဘူးဆိုရင် မင်းတို့ အကုန်လုံး အရပ်ထဲဆင်းပြီး ပြည်သူတွေကို ဆေးသွားကုပေးတာ ပိုကောင်းမယ်။ နန်းတော်ထဲမှာ လစာ အလကား လာစားမနေနဲ့”

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ကျွန်တော်မျိုး ပြန်ရောက်ရင် ရှေးဟောင်းစာအုပ်တွေကို သေချာ လေ့လာပါ့မယ်” သမားတော်ဟူက ကမန်းကတန်း ခေါင်းသုံးချက် ဆောင့်ချကာ ကတိပေးလိုက်၏။

လီယွမ်ကျောက်၏ မျက်လုံးများထဲတွင် ထိတ်လန့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဒီအသက်အရွယ်ကြီးမှာတောင် စာသင်ရအုံးမယ် ဟုတ်လား။ ငါရော ဒီလို အခြေအနေမျိုး ရောက်သွားမလား မသိဘူး။

“ဟွတ်... ဟွတ်... ကိုယ်တော့်ကို ရေနည်းနည်းလောက် ထပ်ငဲ့ပေးအုံး။”

လီယွမ်ကျောက်က အလျင်အမြန် ရေတစ်ခွက် ငဲ့ကာ ကမ်းပေးလိုက်၏။

လက်ဖက်ရည်တစ်ခွက် သောက်ပြီးနောက် လီယွမ်ကျောက်၏ စိုးရိမ်ပူပန်နေသော အကြည့်ကို မြင်သောအခါ ကျင်းဘုရင်မင်းမြတ်က ပြုံးလိုက်သည်။ “ကိုယ်တော် ဘာမှမဖြစ်ပါဘူး၊ အရမ်းကြီး စိတ်မပူပါနဲ့၊ ဒါပေမဲ့ ခန္ဓာကိုယ်က နည်းနည်း အားနည်းနေသေးတယ်၊ ရက်အနည်းငယ်လောက် အနားယူလိုက်ရင် ကောင်းသွားမှာပါ

ပြဿနာလေး နည်းနည်းကြုံတာနဲ့ ပြာယာမခတ်နဲ့၊ တကယ်လို့ တစ်နေ့နေ့ ကိုယ်တော် တကယ် သေသွားရင် မင်း ဘယ်လိုလုပ်မလဲ”

“သား... သားတော် မသိဘူး” လီယွမ်ကျောက်က ခေါင်းငုံ့ကာ ဘယ်လို ဖြေရမှန်း မသိဖြစ်နေသည်။

သူ မတွေးတတ်ဘူး၊ မတွေးရဲဘူးဆိုလျှင် ပိုမှန်မည်။

“တကယ်လို့ ကိုယ်တော် မနက်ဖြန် နတ်ရွာစံသွားရင် မင်း အမြန်ဆုံး စိတ်ကို ပြန်လန်းဆန်းအောင် လုပ်ပြီး တိုင်းရေးပြည်ရာ ကိစ္စတွေကို ဦးဆောင်ရမယ်။ မင်း တာဝန်ယူရမှာက မိသားစု တစ်ခုတည်း၊ ဆွေမျိုး တစ်စုတည်း မဟုတ်ဘူး၊ တစ်လောကလုံးပဲ။

ကိုယ်တော် သေဆုံးသွားတာ ကိစ္စမရှိဘူး၊ ဒီတိုင်းပြည် သေဆုံးသွားလို့ မဖြစ်ဘူး၊ နားလည်လား”

“နားလည်ပါပြီ”

လီယွမ်ကျောက်မှာ ရင်ထဲတွင် မကောင်းဖြစ်သွားပြီး တိုးတိုးလေး ပြောလိုက်၏။ “ခမည်းတော် ဆက်မပြောပါနဲ့တော့”

“ဟားဟား …... ကောင်းပြီ၊ ကိုယ်တော် မင်း...”

“အရှင်မင်းကြီး။ အရေးပေါ် သတင်း”

ကျင်းဘုရင်မင်းမြတ် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ကော်ထျန်းယန်က ပြန်ရောက်လာ၏။

ကျင်းဘုရင်မင်းမြတ်၏ ဘေးသို့ အလောတကြီး ပြေးလာပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး … ဖန်ကျန်းရီဆီက သတင်းရပါပြီ”

ကျင်းဘုရင်မင်းမြတ်နှင့် လီယွမ်ကျောက်တို့ နှစ်ယောက်လုံး ချက်ချင်း စိတ်ဝင်စားသွားကြ၏။ “မြန်မြန်ပြော”

“အရှေ့ပိုင်းထောက်လှမ်းရေးအဖွဲ့က လူတွေ ဟိုင်ယွမ်မြို့ကို သွားစစ်ဆေးတဲ့အခါ အမတ်ဖန်က မြို့ထဲမှာ မရှိတော့ပါဘူး။ မြို့စောင့်စစ်သားတွေကို မေးကြည့်တော့မှ သူက ဝူမင်းသားရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

လက်အောက်ငယ်သားတွေက သဲလွန်စတွေအတိုင်း လိုက်ရှာတဲ့အခါ လျှို့ဝှက်ဆိပ်ကမ်းတစ်ခုကို တွေ့ခဲ့ပါတယ်။ ကမ်းခြေမှာ ပစ္စည်းတွေ အများကြီး ပစ်ချထားခဲ့ပြီး သင်္ဘောအပျက်အစီးတွေလည်း ရှိပါတယ်။ မလှမ်းမကမ်းက တောထဲမှာ အလောင်းရာချီ တွေ့ခဲ့ရပြီး တော်တော်လေး ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပုံရပါတယ်။ အဲဒီမှာတင် သဲလွန်စတွေ ပြတ်သွားပါတယ်။

လက်အောက်ငယ်သားတွေရဲ့ ခန့်မှန်းချက်အရ တစ်ယောက်ယောက်က အမတ်ဖန်ကို ကယ်တင်သွားပြီး ဝူမင်းသားလည်း သင်္ဘောနဲ့ ထွက်ပြေးသွားတာ ဖြစ်နိုင်ပါတယ်”

လီယွမ်ကျောက်၏ ရင်ထဲတွင် တင်းကျပ်သွားပြီး အလျင်အမြန် မေးလိုက်၏။ “ဖန်ကြီးကို ဘယ်သူမှ မတွေ့ဘူးလား။ သူ တစ်ခုခု ဖြစ်သွားတာတော့ မဟုတ်ပါဘူးနော်”

ကျင်းဘုရင်မင်းမြတ်က မျက်လုံးမှိတ်ကာ စဉ်းစားလိုက်ပြီး လက်ဆန့်တန်း၍ လီယွမ်ကျောက်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ … ဘယ်သူ ပြဿနာတက်တက် သူကတော့ ပြဿနာ မတက်နိုင်ပါဘူး”

“စတုတ္ထညီတော်က ယမ်းမှုန့်ကို လိုချင်တယ်ဆိုတော့ ဖန်ကျန်းရီကို သေချာပေါက် တစ်ခုခု ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ တောထဲဝင်ပြီး လူရှာဖို့ဆိုတာ သိပ်မလွယ်ဘူး။ အချိန်လည်း အရမ်းကပ်နေတယ် ဆိုတော့ ဖန်ကျန်းရီ ထွက်ပြေးလွတ်မြောက်သွားဖို့ အခွင့်အရေး အများကြီး ရှိပါတယ်”

“ဒါပဲလား။ တခြား သတင်း မရှိတော့ဘူးလား”

ကော်ထျန်းယန်က လက်ထဲရှိ လျှို့ဝှက်သတင်းလွှာကို ကြည့်ကာ ပြောလိုက်၏။ “ရှိပါတယ်။ ဆိပ်ကမ်းမှာ တွေ့ခဲ့တဲ့ သင်္ဘောအကျိုးတွေနဲ့ သင်္ဘောအပျက်အစီးတွေအရ ခန့်မှန်းကြည့်ရရင် ဝူမင်းသား စီးသွားတဲ့ သင်္ဘောက ပုံမှန်ထက်ပို ကြီးမားပါတယ်။ ပစ်ချထားခဲ့တဲ့ ပစ္စည်းတွေထဲမှာလည်း ရွှေငွေတွေ အမြောက်အမြား ပါဝင်ပါတယ်။ ပြီးတော့ ဆိပ်ကမ်းက သင်္ဘောချည်တဲ့ တိုင်တွေကလည်း အရမ်း ဟောင်းနွမ်းနေပါပြီ၊ ဆိပ်ကမ်းကို အသုံးပြုနေတာ အချိန်တော်တော် ကြာလောက်ပါပြီ”

အပိုင်း (၄၉၁) ကျင်းဘုရင်မင်းမြတ်၏ အကြံအစည်။

လျှို့ဝှက်ဆိပ်ကမ်း၊ သင်္ဘောကြီး၊ ရွှေငွေအမြောက်အမြား၊ အသုံးပြုနေသည်မှာ အချိန်အတော်ကြာပြီ...

ဤစကားလုံးများသည် ကျင်းဘုရင်မင်းမြတ်၏ ခေါင်းထဲတွင် ဆက်တိုက် ပေါ်ထွက်လာ၏။

"ကြည့်ရတာ စတုတ္ထညီတော်က ကြံစည်နေတာ ကြာလောက်ပြီ၊ ပင်လယ်ထွက်ဖို့ စိတ်ကူးကို စောစောတည်းက ရထားတာ ဖြစ်လောက်တယ်။ ဖန်ကျန်းရီက ဟိုင်ယွမ်မြို့မှာ ဆားကုန်သည်တွေကို စစ်ဆေးနေတယ်ဆိုတာရယ်၊ စတုတ္ထညီတော် ပုန်ကန်တဲ့ သတင်းရယ်က အောက်ခြေမှာ ပြန့်နေလောက်ပြီ မဟုတ်လား" ကျင်းဘုရင်မင်းမြတ်က မေးလိုက်သည်။

တကယ်တော့ ထိုနေ့က နွေးထွေးသောအခန်းလေးထဲတွင် နိုင်ငံတော်အကြံပေးအမတ်များနှင့် တွေ့ဆုံစဉ်က အိမ်ရှေ့စံသည် ဝူမင်းသားအတုကို ဖမ်းဆီးခဲ့ရာ သတိထားမိသူများက စောစောတည်းက အသေးစိတ် စုံစမ်းရန် ပြင်ဆင်နေခဲ့ကြပြီ ဖြစ်သည်။ တိတ်တဆိတ် သတင်းပျံ့နှံ့သွားခြင်းကလည်း သဘာဝကျပေသည်။

ကော်ထျန်းယန်က ထိုစကားကိုကြားသော် ခေါင်းညိတ်ကာ ပြောလိုက်၏။ "တိတ်တဆိတ် ပြောဆိုနေကြတာ မနည်းပါဘူး"

"အင်း... ကိုယ်တော် ကျန်းမာရေး ဘာမှမဖြစ်ဘူးဆိုတဲ့ ကိစ္စကို အောက်ခြေက လူတွေကို အရင် လျှို့ဝှက် ထားရမယ်။ ဒီရက်ပိုင်း ကိုယ်တောစာကြည့်ဆောင်မှာပဲ အနားယူမယ်၊ ကိုယ်တော် ရောဂါမပျောက်သေးဘူးလို့ပဲ သတ်မှတ်လိုက်။ မင်း လျှို့ဝှက်သတင်း ဖြန့်လိုက်... နန်းတော်ထဲကနေ တစ်ဆင့် မဖြန့်နဲ့"

ကော်ထျန်းယန်၏ ရင်ထဲတွင် သံသယရှိနေသော်လည်း ခေါင်းညိတ်လျက် မေးလိုက်၏။ "အရှင်မင်းကြီး... ဒါဆို ကျွန်တော်မျိုး အခုပဲ သွားစီစဉ်လိုက်ရမလား"

"အင်း... မင်းတို့ အကုန်လုံး သွားကြတော့၊ သေချာ ဂရုစိုက်လုပ်ဖို့ မှတ်ထား။ သတင်းမပေါက်ကြားစေနဲ့၊ ပြီးတော့ တောက်ယွမ်ခရိုင်က လူနှစ်ယောက်ကိုလည်း ပါးစပ်လုံအောင် ထားခိုင်းလိုက်"

ကော်ထျန်းယန်က သမားတော်ဟူကို ခေါ်ကာ စာကြည့်ဆောင်မှ ထွက်ခွာသွား၏။

လီယွမ်ကျောက်ကမူ မထွက်သွားဘဲ ထိုနေရာတွင် ရပ်ကာ အနည်းငယ် တွေဝေနေသည်။

ကျင်းဘုရင်မင်းမြတ်က ထိုပုံစံကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်၏။ "မင်း နေခဲ့ချင်ရင်လည်း နေခဲ့၊ ဒီရက်ပိုင်း ကိုယ်တော်လည်း ညီလာခံ မထွက်တော့ဘူး၊ ဒီမှာပဲ အနားယူမယ်။ မင်းပဲ စာလွှာတွေကို ဆက်ဖတ်၊ ကိုယ်တော် မင်းနဲ့အတူ ကြည့်ပေးမယ်"

လီယွမ်ကျောက်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။ "ခမည်းတော်... ဖန်ကြီးရဲ့ သတင်းကို လျှို့ဝှက်ဖြန့်ခိုင်းပြီး ခမည်းတော် ကျန်းမာရေးကောင်းနေတာကိုကျတော့ ဘာလို့ လူတွေကို ပေးမသိတာလဲ"

"မင်း ဘယ်လိုထင်လဲ... မလောနဲ့၊ ဖြည်းဖြည်းချင်း စဉ်းစား" ကျင်းဘုရင်မင်းမြတ်က မေးလိုက်၏။

လီယွမ်ကျောက်က ကျင်းဘုရင်မင်းမြတ်၏ အရှေ့၌ ပြန်ထိုင်လိုက်ပြီး အလေးအနက် စဉ်းစားနေဟန်ဖြင့် ပြောလိုက်သည်။ "မသိဘူး"

"......"

ကျင်းဘုရင်မင်းမြတ်က အဓိပ္ပာယ်ပါပါ တစ်ချက်စိုက်ကြည့်လိုက်ပြီး ရင်ထဲတွင် အင်အားမဲ့သလို ခံစားလိုက်ရ၏။

ဒီတိရစ္ဆာန်က တကယ်ပဲ လူလိုသူလို စကားမပြောတတ်ဘူး၊ ကောင်းကောင်းမွန်မွန် လူတစ်ယောက်က ဘာလို့ ဒီလိုပါးစပ်မျိုး ပါလာရတာလဲ။

"မြို့တော်မှာရှိတဲ့ နယ်စားမင်းသားတွေရဲ့ ပိုင်ဆိုင်မှု အားလုံးကို ကိုယ်တော် အကုန် ရှင်းရှင်းလင်းလင်း သိတယ်။ စတုတ္ထညီတော် ပင်လယ်ရပ်ခြားကို ထွက်ပြေးတယ်၊ သူ့ဆီမှာ ရွှေငွေတွေ အမြောက်အမြား ရှိတယ်၊ ဆားကုန်သည်တွေနဲ့ ပူးပေါင်းတယ်၊ ပြီးတော့ မြို့တော်နဲ့ မိုင်ထောင်ချီ ဝေးတဲ့နေရာမှာ သင်္ဘောကြီးကိုတောင် တည်ဆောက်နိုင်သေးတယ်။ ဒီကိစ္စတွေ အကုန်လုံးက သူတစ်ယောက်တည်း လုပ်တာဆိုရင် ကိုယ်တော် မသိဘဲ နေပါ့မလား။ မင်း ဘယ်လိုထင်လဲ။"

လီယွမ်ကျောက်က ချက်ချင်း သဘောပေါက်သွား၏။

"အာ... သားတော် နားလည်ပြီ။ ဒါကြောင့် နန်းတွင်းမှာ သူ့ကို ကူညီပေးတဲ့ သူလျှို သေချာပေါက် ရှိနေတာပဲ။ ဖန်ကြီးက အန္တရာယ်တစ်ခုမို့လို့ သူ့ကို မြို့တော် ပြန်လာခွင့်ပေးရင် အသတ်ခံရနိုင်ခြေ ရှိတယ်။ ခမည်းတော်သာ ကျန်းမာရေး ကောင်းနေရင် ဖန်ကြီးကို သေချာပေါက် ကာကွယ်ပေးမှာပဲ။ ခမည်းတော် ညီလာခံ မထွက်နိုင်တော့မှ တစ်ဖက်လူတွေ အခွင့်အရေး ရသွားတာကိုး။

ဒါပေမဲ့ သားတော် နားမလည်တာက ဖန်ကြီး မြို့တော်မပြန်လာအောင် ဘယ်လို တားဆီးမလဲဆိုတာပဲ"

ကျင်းဘုရင်မင်းမြတ်၏ ရင်ထဲတွင် အလွန် ဝမ်းသာသွား၏။ ကြည့်ရသည်မှာ သားတော်က တော်တော်လေး ဉာဏ်ကောင်းသေးသည်။

"ဒါ အရမ်း လွယ်ပါတယ်။ သူ့ကို အရင်ဆုံး အပြစ်ရှာပြီး ပြစ်ဒဏ်ချမှတ်မယ်။ ပြီးရင် တိတ်တဆိတ် လူလွှတ်ပြီး လမ်းခုလတ်မှာ ဖြတ်သတ်မယ်။ အပြစ်ရှိသူ တစ်ယောက် သေသွားရင် ဒီကိစ္စရဲ့ ဂယက်ကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မှာပဲ။

ဒါဆို ဘာလို့ ခမည်းတော်က တိုက်ရိုက် မစစ်ဆေးတာလဲ။ အပြင်ပန်းမှာတင် တိုက်ရိုက် ရှာဖွေလို့ ရနေတာကို ဘာလို့ ဒီလောက် အလုပ်ရှုပ်ခံနေရတာလဲ"

ကျင်းဘုရင်မင်းမြတ်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။

"ကိုယ်တော့်နေရာကို ရောက်လာရင် နည်းနည်းလေးတောင် ပေါ့ဆလို့ မရတဲ့အပြင် ရေခဲလွှာပေါ် လမ်းလျှောက်နေရသလို သတိထားရတယ်။

ဧကရာဇ်နဲ့ ပညာတတ်အမတ်တွေက တိုင်းပြည်ကို အတူတူ အုပ်ချုပ်ရတာ။ ကိုယ်တော် အရင်တုန်းက သတ်ခဲ့တဲ့ လူတွေက လုံလောက်အောင် များနေပြီ။ အခုက တိုင်းပြည် သာယာဝပြောနေတဲ့ အချိန်၊ သက်သေမရှိဘဲ ခန့်မှန်းချက် သတ်သတ်နဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်လိုက်ရင် ပညာတတ် အသိုင်းအဝိုင်းက မကျေမနပ် ဖြစ်လာလိမ့်မယ်။ ရိုးရိုးရှင်းရှင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်တာက အလုပ်သက်သာပေမဲ့ အချိန်ကြာလာရင် ကိုယ်တော့်အတွက် တကယ် စေတနာပါပါနဲ့ အလုပ်လုပ်ပေးမယ့်သူ၊ အမှန်တိုင်း ပြောမယ့်သူ ရှိတော့မှာ မဟုတ်ဘူး"

လီယွမ်ကျောက်က ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။ "သူတို့ကို ဘာကြောက်စရာ ရှိလို့လဲ။ အလွန်ဆုံး အမတ်အသစ်တွေ ပြန်ရွေးရုံပဲ ရှိတာပေါ့"

ကျင်းဘုရင်မင်းမြတ်က ရုတ်တရက် ရယ်မောလိုက်ပြီး အပြုံးထဲတွင် အနည်းငယ် မတတ်သာမှုများ ပါဝင်နေ၏။ "လောကရေးရာတွေ အကုန်လုံးက အဲဒီလောက် လွယ်ကူမယ်ဆိုရင် ကိုယ်တော်လည်း ပူပန်စရာ မလိုတော့ဘူးပေါ့"

"ဘာလို့လဲ" လီယွမ်ကျောက်မှာ အလွန်အမင်း နားမလည်နိုင် ဖြစ်သွားသည်။

"ပညာတတ်အမတ်တွေဆိုရင်တောင် သူတို့က ပြည်သူတွေ ကောင်းစားဖို့ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားတာပဲ။ ဟားဟား ….. ဒါကြောင့် လူတစ်ယောက်ကို ကြည့်ရင် သူ ဘာလုပ်နေလဲ ဆိုတာကိုပဲ ကြည့်ရမယ်၊ သူ ဘာပြောနေလဲ ဆိုတာကို နားမထောင်နဲ့။

အဟောင်းတွေကို ဖယ်ရှားပြီး အမတ်အသစ်တွေ ပြန်ရွေးရင်လည်း ချက်ချင်း အသိုင်းအဝိုင်းသစ်တွေ ထပ်ပေါ်လာမှာပဲ။ ညီလာခံထဲက အဲဒီ အမတ်တွေရဲ့ နောက်ကွယ်က မိသားစုတွေကို မင်း ကြည့်လိုက်၊ အဲဒီအထဲက တစ်ဝက်က သာမန် ပြည်သူတွေထဲကနေ ထွက်ပေါ်လာတာတွေချည်းပဲ။ အစပိုင်းမှာတော့ စိတ်တူကိုယ်တူ ရှိကြပေမဲ့ အချိန်ကြာလာပြီး အကျိုးစီးပွား အနည်းငယ် ပွတ်တိုက်မှု ရှိလာတာနဲ့ သဘောထား ကွဲလွဲသွားကြတာပဲ။”

လီယွမ်ကျောက်မှာ စကားမပြောနိုင်တော့ဘဲ ခေါင်းငုံ့ကာ အလေးအနက် စဉ်းစားနေတော့၏။

"ကဲပါ... အသနားခံလွှာတွေ ယူလာခဲ့၊ ဆက်ကြည့်မယ်။ သတင်းတွေ အောက်ခြေမှာ ပြန့်သွားဖို့ ရက်အနည်းငယ် စောင့်လိုက်၊ ပြီးရင် အခြေအနေကို အကဲခတ်ကြတာပေါ့"

...

"အစ်ကိုကြီး... တောင်းပန်ပါတယ်၊ အလုပ်လေး နည်းနည်းလောက် လုပ်ပေးပါ၊ ကျုပ် ခါးတွေ ကျိုးတော့မယ်"

"မင်းအစ်ကို ငါ့ခါးက စောစောကတည်းက ကျိုးနေပြီ၊ ဆက်လုပ်။ ညကျရင် အစ်ကို မင်းကို စားကောင်းတာတွေ ကျွေးမယ်"

"အစ်ကိုကြီး... ကျုပ် တကယ် ခါးနာနေတာ"

ဖန်ကျန်းရီက အပြာရောင်အင်္ကျီနှင့် ဦးထုပ်ငယ်ကို ဝတ်ဆင်ထားပြီး ပါးစပ်တွင် မြက်ပင်တစ်ပင်ကို ကိုက်ကာ ပန်းခင်းဘေးတွင် လဲလျောင်းနေ၏။

မလှမ်းမကမ်းတွင် လိုင်ကော်အာက တံမြက်စည်းကြီးကို ကိုင်ကာ မျက်နှာတွင် ခါးသီးသော အမူအရာဖြင့် ကြိုးစားပမ်းစား တံမြက်လှည်းနေပြီး သူနှင့်အတူ အခြား အစေခံ နှစ်ယောက် သုံးယောက်ခန့်လည်း ရှိနေသည်။

လိုင်ကော်အာ၏ အဆက်မပြတ် ညည်းတွားသံများကို ကြားရသောအခါ ဖန်ကျန်းရီ ဒေါသထွက်သွား၏။ "ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက ခါးနာတယ် ဟုတ်လား။ အဲဒါဆို အမြန် လေ့ကျင့်ခန်း မလုပ်ဘူးလား။ တခြားလူတွေ ဘယ်သူမှ မညည်းဘဲနဲ့ မင်းက ဘာလို့ ညည်းနေရတာလဲ"

"အစ်ကိုဖန်... လိုင်ဖူက ဒီရက်ပိုင်း အစ်ကို့အလုပ်တွေ အကုန်လုပ်ပေးနေရလို့ ပင်ပန်းနေတာပါ။ ကျုပ် အစ်ကို့ကို တစ်ရက် ကူလုပ်ပေးရမလား" လိုင်ကော်အာ၏ ဘေးရှိ အစေခံလေး တစ်ယောက်က ပြောလိုက်သည်။

ဖန်ကျန်းရီက နှုတ်ခမ်းမဲ့လိုက်၏။ "ရတယ်... မင်း လုပ်မယ်ဆိုလည်း ရတယ်။ ပင်ပန်းရင်တော့ မအော်နဲ့နော်၊ မင်းဘာသာ လူစားလဲ"

အစေခံလေးက ရယ်မောလိုက်သည်။ "စိတ်ချပါ အစ်ကိုဖန်၊ သေချာပေါက် သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ပေးပါ့မယ်။ ဒီညရော ပုံပြင် ဆက်ပြောအုံးမလား"

ဖန်ကျန်းရီက ကောင်းကင်ကို မော့ကြည့်ရင်း ရင်ထဲတွင် တတွတ်တွတ် ကျိန်ဆဲနေမိ၏။

ကျိုးထျဲတို့ ခွေးကောင်တွေ ဘယ်ရောက်သွားကြတာလဲ။ ဘာလို့ အခုထိ ရောက်မလာသေးတာလဲ။

ချူယိုယီနှင့်အတူ ချူအိမ်တော်သို့ ရောက်လာကတည်းက အနောက်ဘက်ဆောင်ဖြစ်သော ဒုတိယသခင်မလေး၏ အဆောင်တွင် ခြံစောင့်အဖြစ် တာဝန်ချထားခံရခြင်း ဖြစ်သည်။

ဒုတိယသခင်မလေးကလည်း အငြိမ်မနေတတ်သူဖြစ်ပြီး နေ့ခင်းဘက်တွင် အပြင်ထွက်ကာ အခြား အထက်တန်းလွှာ အမျိုးသမီးများနှင့် သွားရောက် စုဝေးနေတတ်သဖြင့် မကြာခဏ မတွေ့ရချေ။

ထို ဒုတိယသခင်မလေးသည် ပြန်ရောက်လာပြီးနောက်တွင်လည်း သူ့ကို ဂရုမစိုက်တော့ပေ။

ဘာပဲဖြစ်ဖြစ် အစေခံတစ်ယောက်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ ဇာတ်ကားရိုက်နေတာမှ မဟုတ်တာ။

ကံကောင်းသည်မှာ ထိုဒုံဖူနှင့် မဆုံခြင်းပင် ဖြစ်သည်။ ကြားရသည်မှာ ထိုသူသည် ခြေထောက် အကြောဆွဲသွားပြီး အဖျားကြီးကာ အိမ်တွင် အနားယူနေရသည်တဲ့။ ခြံထဲတွင်လည်း သူ့ကို သိသူ မရှိသဖြင့် အေးအေးဆေးဆေး နေထိုင်နိုင်သည်။

အစေခံအုပ်စုနှင့် ရင်းနှီးအောင် ပေါင်းသင်းထားသဖြင့် နေ့တိုင်း သူ့အတွက် အလုပ်ကူလုပ်ပေးမည့်သူ ရှိနေသည်။ စားရတာ နည်းနည်း ညံ့သော်လည်း တောင်းစားသည်ထက်တော့ ကောင်းပါသေးသည်။ အနည်းဆုံးတော့ နေစရာ နေရာရှိပြီး ပိုက်ဆံရှာဖို့လည်း ခေါင်းစားစရာ မလိုတော့ချေ။

"မင်းတို့ ဘာပုံပြင် နားထောင်ချင်လဲ" ဖန်ကျန်းရီက မေးလိုက်၏။

အစေခံလေးက အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "အစ်ကို... ကျုပ်အရင်တစ်ခေါက်က ယဲ့ဝမ်က လင်းနို့လူသားကို လက်နဲ့ ဆွဲဖြဲတဲ့ အကြောင်း နားထောင်ချင်သေးတယ်"

"အရင်တစ်ခေါက်က ယဲ့ဝမ်က ပင့်ကူလူသားကို ရိုက်တဲ့အကြောင်း ပြောတာလေ။ မပြီးသေးဘူးနော်။ မင်း မှတ်တာ မှားနေပြီ၊ ရိုက်တာက လျှပ်စီးလူသား ကိုပါ..."

အစေခံ အနည်းငယ်က တစ်ယောက်တစ်ပေါက်ဖြင့် ငြင်းခုံ ဆွေးနွေးနေကြတော့၏။

သူတို့သည် မျက်နှာများ နီမြန်းလျက် အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။

ဖန်ကျန်းရီက နားထောင်ရင်း စိတ်မရှည်တော့ချေ။ "ဒီနေ့ မပြောတော့ဘူး။ ညကျရင် ငါ့ညီကို ထမင်း သွားကျွေးမလို့၊ မင်းတို့ အရင်အိပ်ကြ"

"ချီး … " အစေခံများက တဝေါဝေါဖြင့် လူစုခွဲသွားကြတော့၏။

All Chapters