← Chapters

အခန်း (၄၉၂-၄၉၃)

Vol. 27 Ch. 492-493

အခန်း (၄၉၂-၄၉၃)

Vol. 27 Ch. 492-493

အပိုင်း (၄၉၂) တစ်ဖက်သတ်အချစ်အတွက် သိက္ခာမဲ့စွာ ပေးဆပ်နေသူများအတွက် နည်းဗျူဟာ။

လိုင်ကော်အာက ခါးကို ကိုင်းလျက် ဖန်ကျန်းရီ၏ ဘေးတွင် ဝင်ထိုင်ကာ သက်ပြင်းရှည်ကြီး ချလိုက်၏။

ထို့နောက် ညည်းတွားလိုက်သည်။ "အင်း... အစ်ကိုကြီး၊ ကျုပ် ပြန်ပြီး သူတောင်းစားပဲ သွားလုပ်တော့မယ်။ ချူအိမ်တော်မှာ အလုပ်လုပ်ရတာ နည်းနည်းလေးတောင် မပျော်ဘူး"

ဖန်ကျန်းရီက ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူ့ကို စောင်းငဲ့ကြည့်ကာ မေးလိုက်၏။ "ဘယ်နေရာမှာ မပျော်တာလဲ။ တောင်းစားတာက ပျော်စရာကောင်းလို့လား"

"လစဉ်လတိုင်း လစာ ပုံမှန်ထုတ်နေရတာ ကျုပ်ကိုယ်ကျုပ်အတွက် အသက်ရှင်နေရတာ မဟုတ်သလို ခံစားရတယ်၊ လွတ်လပ်မှု မရှိဘူး"

"ဟက်... မင်းရဲ့ အတွေးအခေါ်က တော်တော် ခေတ်မီတာပဲ။ အလုပ်အကိုင် ကောင်းကောင်းတစ်ခု ရဖို့ဆိုတာ မလွယ်ဘူး၊ သေချာ ကြိုးစားလုပ်ပါ။ ဘဝသစ်ပြောင်းလဲဖို့ အခွင့်အရေး ရခဲတယ်။ ဒါမှမဟုတ် အချိန်ရရင် အစ်ကို က အဲဒီ ဒုံဖူကို ဆွဲချပြီး မင်းကို နေရာတင်ပေးရမလား" ဖန်ကျန်းရီက ခပ်ပေါ့ပေါ့ ပြောလိုက်၏။

"အစ်ကိုကြီး... အစ်ကို ဒီလိုပြောတော့ လမ်းဘေး ပုံပြင်ပြောတဲ့သူတွေပြောတဲ့ ပုန်ကန်တဲ့ မိန်းမလျာနဲ့ တူနေသလိုပဲ" လိုင်ကော်အာက မျက်နှာကို ကုတ်ကာ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။

"စကားပြောမတတ်ရင် ပါးစပ်ပိတ်ထားစမ်း"

"ဟီးဟီး... အစ်ကိုကြီး ညကျရင် ကျုပ်တို့ ဘာသွားစားကြမလဲ။ ချူအိမ်တော်က ကျုပ်တို့ကို အပြင်ထွက်ခွင့် မပေးဘူး မဟုတ်လား" လိုင်ကော်အာက မေးလိုက်၏။

"မီးဖိုချောင် သွားမယ်၊ မင်းကို စားကောင်းတာ လိုက်ကျွေးမယ်။ ဒီနေ့ စျေးဝယ်တဲ့သူ အသားတွေ အများကြီး ဝယ်လာတာ ငါတွေ့တယ်။ သေချာပေါက် အကောင်းစားတွေ အများကြီး ကျန်ခဲ့မှာပဲ" ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်လိုက်သည်။

အခြား အစေခံများနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် ယွီဟွာစံအိမ်မှ ကျန်ခဲ့သော ဟင်းများကို အကုန် ပေးလိုက်ရသည်။

ဤနှစ်ရက်အတွင်း စားရသည်မှာ အဆီအနှစ် လုံးဝမပါဘဲ ပါးစပ်များပင် ပေါ့ပျက်ပျက် ဖြစ်နေပြီ ဖြစ်၏။ အခွင့်အရေးကို အသုံးချပြီး အစားအသောက် အဆင့်အတန်းကို မြှင့်တင်ရမည်။

"ခိုးစားမလို့လား" လိုင်ကော်အာ၏ ရင်ထဲတွင် စတင် စိုးရိမ်ထိတ်လန့်လာ၏။

အစ်ကိုကြီးက ဘယ်နေရာကြည့်ကြည့် ကောင်းပေမဲ့ ရိုးသားတဲ့ သူတောင်းစားနဲ့ မတူဘူး၊ လုပ်သမျှက ဥပဒေချိုးဖောက်ပြီး စည်းကမ်းမဲ့တဲ့ ကိစ္စတွေချည်းပဲ...

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ပေါ်လာ၏။ "ဘာခိုးစားတာလဲ။ ပညာတတ်တွေရဲ့ ကိစ္စကို ခိုးတယ်လို့ ခေါ်လို့ရမလား"

ဆက်တိုက်ဆိုသလိုပင် နားလည်ရခက်သော စကားများဖြစ်သည့် "ပညာရှိသည် ဆင်းရဲမှုကို မြဲမြံစွာ ခံနိုင်ရည်ရှိသည်"၊ "သို့ဖြစ်၍" စသည့် စကားလုံးများကို သုံးနှုန်းလာသဖြင့် လိုင်ကော်အာမှာ ပို၍ပင် မတတ်သာ ဖြစ်လာတော့သည်။

"အစ်ကိုကြီး... အစ်ကိုက စာလည်းတတ် ပေလည်းတတ်ရဲ့သားနဲ့ ဘယ်လိုလုပ် တောင်းစားတဲ့အထိ ဖြစ်သွားရတာလဲ။ ကျုပ် နားကို မလည်ဘူး"

"ဘယ်သူက ဘေးပေါက်အလုပ် မရှိလို့လဲ။ ဒီလောကမှာ ခိုင်မာတဲ့ အလုပ်ဆိုတာ မရှိဘူး။ အစ်ကိုက အတွေ့အကြုံရှိတဲ့သူပဲ၊ အသက်ရှင်ဖို့အတွက် ဘာမဆို လုပ်ခဲ့ဖူးတယ်"

ရုတ်တရက် ဖန်ကျန်းရီက နောက်ပြောင်လိုက်၏။ "ဟင်... ဒီနေ့ မင်း တောင်ဘက်ဆောင်ကို သွားတာ မတွေ့ပါလား"

တောင်ဘက်ဆောင်ဆိုသည်မှာ ဒုတိယသခင်မလေး ချူယိုယီ နေထိုင်သော အဆောင်ဖြစ်သည်။ ချူအိမ်တော်သို့ ဝင်လာတည်းက လိုင်ကော်အာ … ဤကောင်လေးက အကြောင်းရှိရှိ ၊ မရှိရှိ ထိုဘက်သို့ တိတ်တဆိတ် သွားနေတတ်၏။

ဖန်ကျန်းရီက အကြိမ်ကြိမ် အတင်းအကျပ် မေးမြန်းမှသာ သူက ချူယိုယီ၏ ဘေးရှိ အစေခံမလေး ရှင်းကျူကို သဘောကျနေကြောင်း သိရသည်။

တော်သလင်းတောင် မရောက်သေးချေ။ သူက စတင် လှုပ်ရှားနေပြီ ဖြစ်၏။

လိုင်ကော်အာ၏ မျက်နှာက ပူထူသွားသည်။ "နည်းနည်း နောက်ကျမှ သွားမယ်၊ ခဏခဏ သွားတာ သိပ်မကောင်းဘူး။ ကျုပ်လည်း သူနဲ့ စကားမပြောရဲပါဘူး၊ ကြည့်ရုံလေး ကြည့်ရရင် ရပါပြီ"

"မင်း သူနဲ့ စကားတောင် မပြောဖူးဘူးလား" ဖန်ကျန်းရီက အံ့အားသင့်စွာ မေးလိုက်၏။

လိုင်ကော်အာက တိုးတိုးလေး ပြောရှာသည်။ "ပြော... ပြောဖူးတယ်။ နှစ်ခါလောက် ပြောဖူးတယ်၊ သူ့ကို လှတယ်လို့ ချီးမွမ်းလိုက်တာ... ဒါပေမဲ့ သူ ကျုပ်ကို စကားမပြန်ဘူး"

"ကျွတ် ကျွတ် ကျွတ်"

ဖန်ကျန်းရီက နှုတ်ခမ်းမဲ့ကာ ခေါင်းခါလိုက်၏။ "မင်းက တစ်ဖက်သတ် ကြိုက်နေတာပဲ မဟုတ်ဘူးလား။ အဲဒီလို နည်းပညာမပါဘဲ တစ်ဖက်သတ် ကြိတ်ပိုးနေတဲ့သူတွေကို ငါ အထင်အသေးဆုံးပဲ"

"တစ်ဖက်သတ် ကြိတ်ပိုးတယ်ဆိုတာ ဘာလဲ"

"ကြည့်ထား"

ဖန်ကျန်းရီက လက်သီးကို ဆုပ်လိုက်ပြီး တစ်စုံတစ်ခုကို ကိုင်ထားသကဲ့သို့ ဟန်ဆောင်ကာ မလှမ်းမကမ်းရှိ ခြံစောင့် ခွေးဝါကြီးကို လှမ်းခေါ်လိုက်၏။ "ကျွတ် ကျွတ် ကျွတ်... အဝါကြီး... လာခဲ့စမ်း"

ခွေးဝါကြီးက ထိုအမူအရာကို မြင်သည်နှင့် အမြီးတနှံ့နှံ့ဖြင့် ပြေးလာကာ ဖန်ကျန်းရီ၏ ဘေးသို့ ကပ်လာသည်။

ပါးစပ်ဖြင့် စမ်းကြည့်ရန် ပြင်လိုက်စဉ် ဖန်ကျန်းရီက လက်ကို ပြန်ရုပ်လိုက်ရာ အဝါကြီးမှာ လေကိုသာ နမ်းမိသွားပြီး မျက်လုံးများထဲတွင် သံသယများဖြင့် သူ့ကို မော့ကြည့်နေ၏။

ဖန်ကျန်းရီက လက်ကို ထပ်မံ ဆန့်တန်းလိုက်ရာ အဝါကြီးက အမြီးနှံ့ကာ ထပ်မံ တိုးကပ်လာပြန်သည်။

လက်ကို ထပ်မံ ရုပ်လိုက်ပြန်ရာ အဝါကြီးက ထိုနေရာတွင် ကြောင်အမ်းအမ်း ရပ်နေပြီး ခေတ္တမျှ ကြောင်ကြည့်နေပြီးနောက် ဖန်ကျန်းရီကို စတင် ဟောင်တော့၏။ "ဝုတ် ဝုတ်... ဝုတ်... ဝုတ်"

"မြင်ပြီလား။ အဲဒါပဲ မင်းက အခု ခွေးနဲ့ အတူတူပဲ၊ ဦးနှောက်မသုံးရင် နောက်ဆုံး ဘာမှ ရမှာမဟုတ်ဘူး"

လိုင်ကော်အာ ခွေးဝါကြီးကို စိုက်ကြည့်ရင်း ငေးမောနေစဉ် ဖန်ကျန်းရီက ဆက်ပြောလိုက်သည်။ "ဒါက အသနားစရာ အကောင်းဆုံး မဟုတ်သေးဘူး။ အသနားစရာ အကောင်းဆုံးက တစ်ဖက်သတ် ကြိတ်ပိုးနေတဲ့သူမှာ ဂုဏ်သိက္ခာ မရှိဘူး၊ ယောက်ျားမပီသဘူး။"

ပြောပြီးသည်နှင့် သူက လက်ကို ထပ်မံ ဆန့်တန်းလိုက်ရာ ခွေးဝါကြီးက အမြီးနှံ့လျက် လက်သီးဆီသို့ ထပ်မံ တိုးကပ်လာပြန်၏။

ဖန်ကျန်းရီက အလင်းထက်မြန်သော အမြန်နှုန်းဖြင့် လက်ကို ပြန်ရုပ်ကာ ခွေးမျက်နှာကို ဖြန်းခနဲ ရိုက်ချလိုက်သည်။

"ဂိန် … ဂိန် … ဂိန်..." ခွေးဝါကြီးက အမြီးကုပ်ကာ အူရင်း ပြေးသွားတော့၏။

"မြင်ပြီလား၊ အဲတာ နိဂုံးပဲ၊ အမှတ်မရှိဘူး၊ ဇွတ်လိုက်ကြိုက်တယ်။ နောက်ဆုံး ရလဒ်ကတော့ ဒဏ်ရာရဖို့ပဲ ရှိတယ်" ဖန်ကျန်းရီက ခွေးဝါကြီးကို ညွှန်ပြကာ ပြောလိုက်သည်။

"ဝုတ်... ဝုတ် ဝုတ် ဝုတ်" အဝါကြီးက အဝေးတွင် ရပ်ကာ ရူးသွပ်စွာ ဟောင်နေ၏။

အမျိုးတူ အချင်းချင်း ရိုက်နှက်နေသဖြင့် ခွေးဝါကြီး၏ ရင်ထဲတွင် အလွန် ခံစားရခက်နေသည်။

"အင်း... ထားလိုက်ပါတော့ အစ်ကိုကြီးရာ၊ ကျုပ်အဆင့်နဲ့လည်း မတန်ပါဘူး၊ ကြည့်ရုံလေး ကြည့်ရရင် တော်ပါပြီ"

လိုင်ကော်အာက မိမိကိုယ်ကိုယ် နှိမ့်ချစွာ ပြောလိုက်၏။ "အစ်ကိုကြီးာ မရှိရင် ကျုပ် အခုထိ လမ်းဘေးမှာ တောင်းစားနေရတုန်းပဲ နေမှာ။ လမ်းဘေးခွေးနဲ့ ဘာမှမကွာပါဘူး"

"ကော်အာရာ... မင်းရဲ့ ဒီလို စိတ်နေစိတ်ထားနဲ့ဆို တစ်သက်လုံး ဟင်းလေးပွဲတောင် စားရမှာ မဟုတ်ဘူး။ မင်းက ငါ့ကို အစ်ကိုကြီးလို့ ခေါ်ပြီး ငါက မင်းကို ညီလေးလို့ ခေါ်တဲ့ အဆင့်နဲ့တင် ချူအိမ်တော် တစ်အိမ်လုံးက မိန်းမတွေ အကုန်လုံးက မင်းနဲ့ ထိုက်တန်နေပြီ။ ဘာကို ကြောက်နေရတာလဲ" ဖန်ကျန်းရီက သက်ပြင်းချလိုက်သည်။

လိုင်ကော်အာက ငတုံးလို ရယ်မောလိုက်၏။ "အစ်ကိုကြီး... သိလား။ ကျုပ် အစ်ကိုကြီး စကားပြောတာကို နားထောင်ရတာ အရမ်း သဘောကျတယ်။ အစ်ကိုကြီးက လေလုံးထွားရင်တောင် တကယ့်အစစ်လို ပြောနိုင်တယ်။"

ဖန်ကျန်းရီ... "..."

"ကောင်းပြီ၊ ဒါဆို ကျုပ် အစ်ကိုကြီး စကားကို နားထောင်မယ်။ ကြိတ်ပိုးတဲ့သူ မလုပ်တော့ဘူး၊ ကျုပ် ဘာလုပ်ရမလဲ" လိုင်ကော်အာက မေးလိုက်သည်။

ဖန်ကျန်းရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

"အဲဒါမှ မှန်တာပေါ့။ အစ်ကို ဒီမှာ သင်ပေးနေတာကို မင်းက ကောင်မလေးကို မရမှာ ကြောက်နေသေးတာလား။

ရှင်းကျူဆိုတဲ့ ကောင်မလေးက တကယ်ကို လှတာ မှန်ပါတယ်။ ဒါပေမဲ့ တောင်ဘက်ဆောင်မှာ လူ ဘယ်နှစ်ယောက် ရှိလဲ မင်း စဉ်းစားကြည့်ဖူးလား၊ အနည်းဆုံးတော့ ငါတို့ ဒီအဆောင်ထက် မနည်းလောက်ဘူး။ လူဆယ်ယောက်ကျော် ရှိတယ်ဆိုပါစို့။ အကုန်လုံးက ရှင်းကျူကို သဘောကျနေလောက်တယ်။ သူ့ကို ချီးမွမ်းတဲ့သူတွေလည်း သေချာပေါက် များမှာပဲ။ အဲဒါကြောင့် မင်း သွားချီးမွမ်းနေရင် အလကားပဲပေါ့။

ဒီအချိန်မှာ မင်းက ပြောင်းပြန် လုပ်ရမယ်၊ အရင်ဆုံး သူ့ကို နက်နက်ရှိုင်းရှိုင်း မှတ်မိသွားအောင် လုပ်ရမယ်။ ပြီးမှ တဖြည်းဖြည်းချင်း လိုက်ကြိုက်။

လိုက်ကြိုက်ရင်လည်း နည်းလမ်းရှိရမယ်။ ပါးစပ်နဲ့တင် လိုက်ကြိုက်လို့ မရဘူး၊ သူ့အတွက် အဆင်ပြေအောင် ကူညီပေးရမယ်၊ ဗိုက်ဆာရင် ထမင်းပို့ပေး၊ ရေဆာရင် ရေတိုက်။

နေ့တိုင်း အချစ်စကားတွေ ဆက်တိုက်ပြော၊ မျက်နှာပြောင်တိုက်ပြီးတော့ကို ချဉ်းကပ်ရမယ်။

အချုပ်ပြောရရင် မင်းရှိနေလို့ သူ့ဘဝက အများကြီး အဆင်ပြေသွားတယ်ဆိုတဲ့ ခံစားချက်မျိုး ပေးရမယ်။ အကောင်းဆုံးကတော့ သူ့ကို ဘာမှ ကိုယ်တိုင် မလုပ်တတ်တဲ့ ဒုက္ခိတတစ်ယောက်လို ဖြစ်သွားအောင် မွေးမြူထားရမယ်။"

ဖန်ကျန်းရီက ခေါင်းယိမ်းကာ ပြောနေစဉ် လိုင်ကော်အာက ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။ "ကျုပ် ဘယ်လို ခံစားရလဲဆိုတော့ ကြိတ်ပိုးတဲ့သူ ပြန်ဖြစ်သွားသလိုပဲ။"

"ဘာစကားလဲ။ ဘာတွေ လျှောက်ပြောနေတာလဲ"

ဖန်ကျန်းရီက ဒေါသတကြီး ဟောက်လိုက်သည်။ "စကားက မဆုံးသေးဘူးလေ၊ မင်းရှိနေတဲ့ ဘဝကို သူ အသားကျသွားတဲ့ အချိန်ကျရင် ဆက်ပြီး လိုက်ကြိုက်စရာ လုံးဝ မရတော့ဘူး"

"ဒါဆို ဘာလုပ်ရမလဲ" လိုင်ကော်အာ၏ မျက်လုံးများ လင်းလက်သွား၏။

"သူ့ဘေးနားက သူငယ်ချင်းတွေကို သွားပြီး လိုက်ကြိုက်ပြရမယ်၊ သူ့ကို သဝန်တိုအောင်၊ မကျေမနပ် ဖြစ်အောင် လုပ်ရမယ်။ အချစ်ခံရတဲ့သူတွေက ဘာကိုမှ ဂရုမစိုက်တတ်ကြဘူး၊ ဆုံးရှုံးသွားမှ နောင်တ ရတတ်ကြတာ။

မင်းက သူ့အတွက် သီးသန့် အခွင့်အရေးလို့ သူ ထင်နေပေမဲ့ တကယ်တော့ တခြားလူတွေလည်း ရနိုင်တယ်ဆိုတာ သူ တွေးမိသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် သူ့စိတ်ထဲမှာ မမျှမတ ဖြစ်လာပြီး မင်းကို ပြန်ပြီး အခွင့်အရေးလေးတွေ ပေးလာလိမ့်မယ်။

အခွင့်အရေးရရင်လည်း လောပြီး မယူနဲ့အုံး …အခြေအနေကို ကြည့်ရမယ်။ အဲဒီအချိန်ကျရင် အစ်ကိုက မင်းကို အချစ်မှာ နာကျင်ရပြီး လေလွင့်နေတဲ့ လူငယ်လေး တစ်ယောက်ရဲ့ ပုံစံမျိုး ဖန်တီးပေးမယ်၊ သူ့ကို ရှက်သွားအောင်၊ နောင်တရသွားအောင် လုပ်ပစ်မယ်။ မင်း ကြိတ်ပိုးခဲ့ရသလိုမျိုး သူလည်း ပြန်လိုက်ပိုးရလိမ့်မယ်။”

"အံ့သြစရာပဲ။ အစ်ကိုကြီး … မရီးတွေ အကုန်လုံးက အဲဒီလိုမျိုး အစ်ကို့ရဲ့ လိမ်ညာတာကို ခံလိုက်ရတာလား" လိုင်ကော်အာက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

"ချီး... မင်းက လူသစ်မို့လို့ ငါက ဒီလို သင်ပေးတာ။ ငါက လှည့်ကွက်တွေ မသုံးဘူး၊ အချစ်စစ်ကိုပဲ ယုံကြည်တာ" ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်သည်။

"ရပြီ … ကျုပ် နားလည်ပြီ။ ဒါဆို အခုပဲ သွားတော့မယ်" ပြောပြီးသည်နှင့် လိုင်ကော်အာက ကမန်းကတန်း ထွက်သွားရန် ပြင်လိုက်သော်လည်း ဖန်ကျန်းရီ၏ ဆွဲထားခြင်းကို ခံလိုက်ရ၏။

"ဘာလောနေတာလဲ။ အရင်ဆုံး မင်းကိုယ်မင်း သန့်ရှင်းရေးလုပ်အုံး..။ အနည်းဆုံးတော့ သန့်သန့်ရှင်းရှင်းလေး ဖြစ်အောင် လုပ်ပြီးမှ သွားလေ။ မင်းရဲ့ အဝါရောင် သွားကြီးတွေကို ကြည့်အုံး …. အဘွားကြီးတောင် မင်းနဲ့ နမ်းချင်မှာ မဟုတ်ဘူး" ဖန်ကျန်းရီက ဆုံးမလိုက်သည်။

"ဪ... ဒါဆို ကျုပ် အရင်ဆုံး သွား, သွားတိုက်လိုက်အုံးမယ်" လိုင်ကော်အာက မျက်နှာနီမြန်းလျက် ပြေးထွက်သွား၏။

...

နှစ်နာရီကြာပြီးနောက် နေဝင်သွားပြီ ဖြစ်၏။

ဖန်ကျန်းရီက ပန်းခြံထဲတွင် တေးသီချင်းတစ်ပုဒ်ကို ညီးနေစဉ် တုတ်ကောက်ကို ထောက်လျက် လျှောက်လာသော လူရိပ်တစ်ခု မျက်စိထဲသို့ ဝင်ရောက်လာသည်။

လူရိပ်က တဖြည်းဖြည်း နီးကပ်လာသည်... လိုင်ကော်အာဟု ထင်ရသော လူတစ်ယောက်က ဖန်ကျန်းရီ၏ အရှေ့တွင် ပေါ်လာ၏။

သူ၏ မျက်နှာတစ်ခုလုံး ညိုမည်းနေပြီး မျက်ရည်များ သုတ်ကာ ဖန်ကျန်းရီကို ကြည့်ရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။ "အစ်ကိုကြီး... အစ်ကိုကြီး သင်ပေးတာတွေ အကုန်လုံးက အသုံးမကျတဲ့ အရာတွေချည်းပဲ..."

"မင်းက ဘယ်သူလဲ" ဖန်ကျန်းရီက မျက်မှောင်ကုတ်လျက် မေးလိုက်၏။

"ကျုပ်လေ အစ်ကိုကြီးရဲ့... လိုင်ကော်အာ" မျက်ရည်ပေါက်ကြီးများက သူ၏ မျက်လုံးထဲမှ လိမ့်ဆင်း လာတော့သည်။

"သောက်ကျိုးနည်း .. ဘယ်လိုလုပ်ပြီး ဒီလို အရိုက်ခံလာရတာလဲ။ မင်း သူများနဲ့ ရန်သွားဖြစ်တာလား" ဖန်ကျန်းရီက အလွန်အမင်း အံ့အားသင့်သွားပြီး ကမန်းကတန်း ထရပ်ကာ ရှေ့သို့ သွား၍ စစ်ဆေးကြည့်လိုက်၏။

လိုင်ကော်အာက ငိုယိုလျက် ပြောလိုက်သည်။ "ကျုပ် သွားတိုက်ပြီးတော့... တောင်ဘက်ဆောင်ကို သွားပြီး... ရှင်းကျူကို သွားရှာတယ်။ အစ်ကိုပဲ ပြောင်းပြန်လုပ်ရမယ်၊ နက်နက်ရှိုင်းရှိုင်း မှတ်မိသွားအောင် လုပ်ရမယ်လို့ ပြောတာ မဟုတ်ဘူးလား... ကျုပ်က သူ့ကို ရုပ်ဆိုးတဲ့ ကောင်မလို့ ပြောလိုက်တာ၊ အဲဒါ သူက လူခေါ်ပြီး ကျုပ်ကို ရိုက်ခိုင်းတာပဲ... အီးဟီးဟီး..."

"…..."

အပိုင်း (၄၉၃) တစ်ဖက်သတ် ကြိတ်ပိုးသူအား ကယ်တင်ခြင်း။

လရောင်ကလင်းထိန်နေပြီး ညလေသည် ရေလို အေးစက်နေ၏။

မသင်္ကာဖွယ် လူရိပ်နှစ်ခုက ခြံဝင်းအတွင်း ဖြတ်သန်းသွားလာနေပြီး မကြာမီ ကျွမ်းကျင်စွာဖြင့် မီးဖိုချောင်သို့ ရောက်ရှိသွားကြသည်။

မီးဖိုချောင် တံခါးကို ဖွင့်လိုက်ပြီးနောက် ဖန်ကျန်းရီက ဖယောင်းတိုင် အနည်းငယ်ကို ထွန်းကာ မီးဖိုပေါ် တင်လိုက်ရာ အခန်းထဲတွင် ချက်ချင်း လင်းထိန်သွားတော့၏။

လိုင်ကော်အာမှာမူ သေမလို ရှင်မလို မျက်နှာထားဖြင့် ရှိနေဆဲဖြစ်ပြီး ဘဝက မျှော်လင့်ချက်မဲ့နေသည့် ပုံပေါ်နေသည်။

ဖန်ကျန်းရီက ကော်ရာ၏ ထိုသောက်ရုပ်ကို ကြည့်ရင်း ဒေါသထွက်လာ၏။

"ကဲပါ၊ တော်လောက်ပြီ။ မင်းက အရိုက်ခံရဖို့ ထိုက်တန်တယ်။ ငါသာ သူ့နေရာမှာဆိုရင်လည်း မင်းကို ရိုက်မှာပဲ။ ငါက မင်းကို မှတ်မိအောင် လုပ်ခိုင်းတာ … ရန်သူသွားဖွဲ့ခိုင်းတာ မဟုတ်ဘူး။ ရိုက်လည်း ရိုက်ခံလိုက်ရပြီပဲ၊ ဒီအတိုင်းပဲ ထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် မှတ်တော့ မှတ်မိသွားပြီပဲ။ ငါ မင်းအတွက် ပြန်ပြီး အဆင်ပြေအောင် နည်းလမ်းရှာပေးပါ့မယ်"

လိုင်ကော်အာက မီးဖိုကို မှီလျက် သက်ပြင်းချလိုက်သည်။ "မဟုတ်ဘူး၊ မနက်ဖြန်ကျရင် သူ ထပ်ပြီး လူခေါ်ရိုက်ခိုင်းမှာ ကြောက်လို့။ ကျုပ် ထမင်းတောင် စားမဝင်တော့ဘူး"

ဖန်ကျန်းရီက သူ့ကို ဂရုမစိုက်တော့ဘဲ မီးဖိုချောင်ထဲတွင် ပစ္စည်းများကို စတင် မွှေနှောက် ရှာဖွေတော့၏။

အချိန်အတော်ကြာ ရှာဖွေပြီးနောက် မနေနိုင်ဘဲ ကျိန်ဆဲလိုက်သည်။ "သောက်ကျိုးနည်း... ဒီချူအိမ်တော်က လူတွေ အကုန်လုံးက ဝက်တွေလား။ ဘယ်လိုလုပ် ဒီလောက် စားနိုင်ရတာလဲ။ နည်းနည်းလေးတောင် အကျန် မထားခဲ့ဘူးလား။ မဖြစ်ဘူး .. ငါတို့နှစ်ယောက် အလကားလာတာမျိုး ဖြစ်လို့ မဖြစ်ဘူး၊ မြန်မြန် လာကူရှာပေးစမ်း"

လိုင်ကော်အာက ခန္ဓာကိုယ်ပေါ်မှ နာကျင်မှုကို အတင်းအကျပ် သည်းခံကာ ထလာပြီး ဝင်ရှာပေးသည်။

သိပ်မကြာခင်မှာပဲ ဖန်ကျန်းရီမှာ လုံးဝ စိတ်ပျက်သွားတော့၏။

မီးဖိုချောင်ထဲတွင် တကယ်ကို ဘာမှ မရှိချေ၊ ပုပ်နေသော ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် ဆားနယ်ဟင်းမျှသာ၊ အသားအရိပ်အယောင်လေးတောင် မရှိပေ။

ကံကောင်းသည်မှာ လိုင်ကော်အာက ပဲပြားနှစ်တုံးကို ရှာတွေ့ခဲ့သဖြင့် ပရိုတင်းဓာတ် အနည်းငယ် ရသွားသည်ဟု ဆိုရမည်။

သူတို့နှစ်ယောက်က ပုပ်နေသော ဟင်းသီးဟင်းရွက်များကို စုစည်းကာ ပန်းကန်တစ်လုံးထဲ ထည့်လိုက်ကြ၏။

ပဲပြားကို လှီးပြီး ပန်းကန်ထဲ ထည့်ကာ မြေအိုးတစ်လုံးကို ရေထည့် တည်၍ မြေပြင်ပေါ်တွင် ထိုင်လိုက်ကြသည်။

အိုးထဲမှ ရေများ တဖြည်းဖြည်း ဆူပွက်လာသည်ကို ကြည့်ရင်း လိုင်ကော်အာက နှုတ်ခမ်းကို ကိုက်ကာ ညည်းတွားလိုက်၏။ "စားကောင်းတာ ကျွေးမယ်ဆိုတာ ဒါလား။ နေ့လယ်က စားခဲ့ရတာလောက်တောင် မကောင်းဘူး"

"ဖြစ်သလို စားလိုက်ပါ။ သူခိုးက အလွတ်မပြန်ဘူးလေ၊ ဒီနေ့ ကံမကောင်းတာပဲ၊ မနက်ဖြန် ထပ်စမ်းကြည့်တာပေါ့"

ဖန်ကျန်းရီက ပဲပြားနှင့် ဆားနယ်ဟင်းများကို ကိုင်ကာ အိုးထဲသို့ ထည့်လိုက်သည်။ "တကယ်တော့ မဆိုးပါဘူး၊ ဒါကလည်း ဟော့ပေါ့စားတာနဲ့ အတူတူပဲ မဟုတ်လား။ ဟ … ဘယ်သူလာတာလဲ"

ဟင်းထည့်နေစဉ် တံခါးဝမှ ရှင်းလင်းသော ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ဖန်ကျန်းရီက ချက်ချင်း ဖယောင်းတိုင်များကို မှုတ်ငြိမ်းလိုက်ပြီး မြေအိုးကို ထောင့်တစ်နေရာတွင် ဖွက်ထားလိုက်၏။

လိုင်ကော်အာလည်း ရင်ထဲတွင် တင်းကျပ်သွားပြီး မီးဖိုအောက်သို့ ကမန်းကတန်း ပုန်းဝင်သွားသည်။

တံခါး ပွင့်လာပြီး မသင်္ကာဖွယ် လူရိပ်တစ်ခုက မီးဖိုချောင်ထဲသို့ ဝင်လာကာ စတင် မွှေနှောက်ရှာဖွေတော့၏။

ပစ္စည်းများ ရှာဖွေနေသည့် အသံကို ကြားရသောအခါ ဖန်ကျန်းရီက ရင်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်သည်။

စိတ်ဝင်စားစရာပဲ။ လုပ်ဖော်ကိုင်ဖက်နဲ့ တွေ့တာပဲ။ ကံကောင်းတာက တစ်ယောက်တည်း ဖြစ်နေတယ်။

ထို့နောက် လိုင်ကော်အာကို လက်ချောင်းဖြင့် တို့လိုက်၏။

မီးဖိုချောင်က လုံးဝ မှောင်မည်းနေသော်လည်း လိုင်ကော်အာမှာ သဘောပေါက်သွားပြီ ဖြစ်သည်။

ဖန်ကျန်းရီနှင့် တစ်ပြိုင်နက်တည်းနီးပါး ထရပ်လိုက်ပြီး အသံထွက်လာရာ ဘက်သို့ စမ်းတဝါးဝါး သွားလိုက်ကြ၏။

လိုင်ကော်အာက အနောက်မှနေ၍ ထိုလူရိပ်ကို ဖက်ထားလိုက်ပြီး ထိုလူ အော်ဟစ်ရန် အချိန်မရလိုက်ခင်မှာပင် ဖန်ကျန်းရီက လည်ပင်းကို တိုက်ရိုက် ညှစ်လိုက်သည်။

ပထမတစ်ချက်က ပခုံးကို ညှစ်မိသွားသော်လည်း ဒုတိယအချက်မှာတော့ နေရာမှန်ကို ညှစ်မိသွား၏။

"သူခိုးဖမ်းစမ်း... ရဲတင်းတဲ့ သူခိုး။ ငါတို့ ချူအိမ်တော်ကို လာပြီး ပစ္စည်းခိုးရဲတယ်ပေါ့လေ၊ မင်းကိုယ်ပေါ်က ငွေတွေ အကုန်ထုတ်စမ်း"

"အွတ်... အွတ်... အွတ်..." သူခိုးမှာ လည်ပင်းကို တင်းကျပ်စွာ အညှစ်ခံထားရသဖြင့် အသက်ရှူပင် မဝတော့ချေ။

လိုင်ကော်အာက အံ့အားသင့်စွာ ပြောလိုက်၏။ "အစ်ကိုကြီး... မိန်းမဖြစ်ပုံရတယ်"

ဖန်ကျန်းရီက လက်ထဲမှ အားကို အနည်းငယ် လျှော့လိုက်ပြီး လက်ချောင်းများဖြင့် နှစ်ချက်ခန့် စမ်းကြည့်လိုက်သည်။

လည်စလုတ် မရှိဘူးပဲ... တကယ်ပဲ မိန်းမဖြစ်နေတယ်။ အသားအရေကလည်း တော်တော် ချောမွတ်တာပဲ။

"မင်း မအော်နဲ့နော်၊ အော်ရင် မင်းကို အဝတ်အစားတွေ အကုန်ချွတ်ပြီး ခြံထဲမှာ ချိတ်ဆွဲထားမယ်"

ပြောပြီးသည်နှင့် ဖန်ကျန်းရီက ဖယောင်းတိုင်များကို ပြန်ထွန်းလိုက်ပြီး ရှေ့တိုး၍ ကြည့်လိုက်ရာ ချက်ချင်း အံ့အားသင့်သွားတော့၏။ "ရှင်းကျူ"

"ဖန်ထန်ကျင့်။ ဘယ်လိုလုပ် ရှင် ဖြစ်နေတာလဲ။ ကျွန်မကို မြန်မြန် လွှတ်။ ရှင် ဒီကို ဘာလာလုပ်တာလဲ" ရှင်းကျူက မျက်နှာတစ်ခုလုံး ဒေါသများဖြင့် ပြည့်နှက်နေ၏။

အနောက်ရှိ လိုင်ကော်အာက အလျင်အမြန် လွှတ်ပေးလိုက်ပြီး မိမိ၏ လက်ဖဝါးကို တိတ်တဆိတ် ရှူရှိုက်နေမိသည်။

ဖန်ကျန်းရီက လှောင်ပြုံးပြုံးလိုက်၏။ "ဟက်... ဘာလုပ်ရမှာလဲ။ သေချာပေါက် သူခိုးဖမ်းဖို့ စောင့်နေတာပေါ့။ မင်းလို သူခိုးမကို"

"ကျွန်မ..."

ရှင်းကျူက ဖန်ကျန်းရီက ဤသို့ ပြောင်းပြန် စွပ်စွဲလာလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ အနောက်သို့ လှည့်ကြည့်လိုက်ရာ လိုင်ကော်အာကို မြင်လိုက်ရသဖြင့် မျက်နှာက ပို၍ ဆိုးရွားသွား၏။ "လိုင်ဖူ... ရှင်တို့နှစ်ယောက် လာခိုးစားနေတာ မဟုတ်လား။ စောင့်နေလိုက်... ကျွန်မ သွားပြီး ဒုတိယသခင်မလေးကို တိုင်မယ်"

"ကော်အာ။ သူ့ကို ဖမ်းထားလိုက်" လိုင်ကော်အာက ရှင်းကျူကို ထပ်မံ၍ လျင်မြန်စွာ ချုပ်နှောင်ထားလိုက်၏။

ဖန်ကျန်းရီက ဆောင့်ကြောင့်ထိုင်ကာ မြေအိုးကို ယူလိုက်ပြီး ပဲပြားတစ်တုံးကို ညှပ်ယူ၍ ရှင်းကျူ၏ ပါးစပ်ကို ဟခိုင်းကာ ထိုးထည့်လိုက်သည်။

"မင်း ခိုးစားနေတာ မဟုတ်လား၊ စောင့်နေလိုက်... ငါ အခုပဲ သွားပြီး သခင်ကြီးကို တိုင်မယ်"

"ရွှီး... ဟား... ရွှီး... ပူတယ်... ရှင်... ဒီခွေးကောင်" ရှင်းကျူမှာ အခုမှ ကျက်ကာစ ပဲပြားကြောင့် လျှာများ လောင်သွားပြီး စကားပင် မပီမသ ဖြစ်နေတော့၏။

"ရှင်းကျူ... မင်း နည်းနည်း စိတ်ကိုငြိမ်အောင် ထိန်းပါအုံး။ အခု ငါတို့ ကောင်းကောင်းမွန်မွန် စကားပြောလို့ ရပြီလား"

"ရ... ရပါပြီ... အရင်ဆုံး ကျွန်မကို လွှတ်ပါ" ရှင်းကျူက ခေါင်းငုံ့ကာ ရင်ထဲတွင် ဝမ်းနည်းသွား၏။

ကိုယ့်ဘာသာ စားစရာလေး နည်းနည်း လာရှာတာကို ဘယ်လိုလုပ် ဒီမကောင်းဆိုးဝါး နှစ်ယောက်နဲ့ လာဆုံရတာလဲ။ တကယ်ကို ကံဆိုးတာပဲ။

ဖယောင်းတိုင် ပြန်ထွန်းလိုက်ရာ မီးဖိုချောင်ထဲတွင် ပြန်လည် လင်းထိန်သွား၏။

လိုင်ကော်အာက အလျင်အမြန် ခွေးခြေခုံငယ် တစ်ခုကို ရှာယူကာ ရှင်းကျူ၏ အနောက်တွင် ချပေးလိုက်သည်။

ခွေးခြေခုံက ဟင်းရွက်သင်ရာတွင် သုံးသည်ထင်ရပြီး တစ်ခုတည်းသာ ရှိသဖြင့် ဖန်ကျန်းရီတို့ နှစ်ယောက်မှာမူ မြေပြင်ပေါ်တွင်သာ ဆက်ထိုင်နေကြ၏။

သုံးယောက်သား တြိဂံပုံစံ ထိုင်နေကြသည်။

ရှင်းကျူက တိတ်ဆိတ်စွာဖြင့် ကြမ်းပြင်ကိုသာ ငေးကြည့်နေပြီး စကားပြောမည့် အရိပ်အယောင် အနည်းငယ်မှ မရှိချေ။

ဖန်ကျန်းရီက နှစ်ချက်ခန့် အကဲခတ်ကြည့်လိုက်ပြီး "ဖြန်း" ဆိုသည့် အသံနှင့်အတူ လက်ကို မြှောက်ကာ လိုင်ကော်အာ၏ ပါးကို ဖြတ်ရိုက်လိုက်၏။

"ရှင်းကျူ... ဒီနေ့ ကိစ္စကို ငါ ကြားပြီးပြီ။ ကော်အာက စကားမှားသွားတာက ငါ အစ်ကိုတစ်ယောက်အနေနဲ့ ဆုံးမတာ ညံ့ဖျင်းလို့ပါ။ ငါ သူ့ကိုယ်စား တောင်းပန်ပါတယ်...။"

ရှင်းကျူက ခေါင်းမော့ကာ နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် ကြမ်းပြင်ကိုသာ ပြန်စိုက်ကြည့်နေပြန်၏။

လိုင်ကော်အာက ဝမ်းနည်းစွာဖြင့် ပါးကို အုပ်ထားပြီး အသံမထွက်ရဲချေ။

ဖန်ကျန်းရီကသာ ဆက်ပြောနေသည်။ အသံက အနည်းငယ် ညှိုးငယ်နေပုံရသည်။ "ဒီကိစ္စမှာ အကြောင်းရင်း ရှိပါတယ်။ ရှင်းကျူရာ... ပွင့်ပွင့်လင်းလင်း ပြောရရင် ကော်အာမှာ ငယ်သူငယ်ချင်း ကောင်မလေး တစ်ယောက် ရှိဖူးတယ်။ သူက မင်းနဲ့ တော်တော်လေး တူတယ်။ အသက် ၁၄ နှစ်မှာ တီဘီရောဂါနဲ့ ဆုံးသွားခဲ့တာ။

နောက်ပိုင်း သူ့မိဘတွေလည်း ဆုံးသွားကြတယ်။ ကော်အာက မင်းကို မြင်တာနဲ့ ငါ့ကို အဲဒီကောင်မလေး အကြောင်း ပြောပြတယ်။ ပြီးတော့ သူ့မိဘတွေကိုလည်း သတိရသွားတယ်။ ချူအိမ်တော်ကို ရောက်တည်းက သူ ညဘက် အိပ်မပျော်ဘူး။ နေ့ခင်းဘက်ကလည်း ငါ အလုပ်လုပ်ရင်း ဒဏ်ရာရသွားလို့ သူက ငါ့ကိုယ်စား အလုပ်,လုပ်ပေးရသေးတယ်။ ဒီနေ့အထိဆို သုံးညလုံးလုံး အိပ်မပျော်သေးဘူး၊ ထမင်းလည်း စားမဝင်ဘူး။

ငါ ထင်တာတော့... သူ ပင်ပန်းလွန်းလို့ မှတ်ဉာဏ်တွေ ရှုပ်ထွေးသွားပြီး မင်းကို မြင်တော့ စကားမှားသွားတာ ဖြစ်မယ်။

ဒီညလည်း သူ ထမင်းမစားလို့ သူ့ခန္ဓာကိုယ်က မခံနိုင်မှာ စိုးလို့၊ ငါ သူ့ကို မီးဖိုချောင် ခေါ်လာပြီး သူကြိုက်တာလေးတွေများ ရှာတွေ့မလားလို့ လာကြည့်တာပါ"

လိုင်ကော်အာက ဖန်ကျန်းရီ လိမ်ညာပြောဆိုနေသည်ကို အထင်ကြီးလေးစားစွာ ကြည့်နေစဉ် ရှင်းကျူ၏ အကြည့်များ ရောက်လာသည်ကို မြင်တော့ ချက်ချင်း ငတုံးပုံစံ ဖမ်းလိုက်၏။

ဦးနှောက် အနုတ်ခံလိုက်ရသူလို မြေပြင်ပေါ်တွင် ထိုင်ကာ ခေါင်းကို စောင်းလျက် ပါးစပ်ကို ဟ၍ အရှေ့ကို တည့်တည့် စိုက်ကြည့်နေသည်။

ရှင်းကျူ၏ ရင်ထဲတွင် တုန်ခါသွားပြီး မျက်နှာထားကလည်း အလိုလို ပျော့ပျောင်းသွား၏။

အားလုံးက ဆင်းရဲသား သားသမီးတွေချည်းပဲဆိုတော့ ဒီလို ကံဆိုးမှုမျိုးကို မှန်းဆကြည့်လို့ ရတယ်... သူ ဒီလောက်တောင် ဒုက္ခရောက်နေလိမ့်မယ်လို့ မထင်ထားဘူး။

လိုင်ကော်အာကို တစ်ချက် စောင်းငဲ့ကြည့်လိုက်ရာ ဉာဏ်ရည်မမီသည့် ကလေးတစ်ယောက်လို ဖြစ်နေသည်ကို မြင်သောအခါ ရင်ထဲတွင် သနားစိတ် အနည်းငယ် အလိုလို ပေါ်လာသည်။

ဖန်ကျန်းရီက ထိုအခြေအနေကို မြင်သောအခါ နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးလေးတစ်ခု ပေါ်လာ၏။

လက်ကို မြှောက်ကာ လိုင်ကော်အာ၏ မျက်နှာပေါ်သို့ နောက်ထပ် ပါးချည်းတစ်ချက် ရိုက်ရန် ပြင်လိုက်ပြန်သည်။

သို့ပေမည့် လက်ဝါးက ရိုက်မိလုနီးပါး ဖြစ်နေချိန်တွင် ရှင်းကျူက စကားပြောလာသည်။ "ဟမ့် .. ထားလိုက်ပါတော့၊ အားလုံးက နားလည်မှုလွဲတာပါ။ ကျွန်မ သူ့ကို အပြစ်မတင်ပါဘူး၊ ရှင် သူ့ကို ထပ်မရိုက်ပါနဲ့တော့"

လိုင်ကော်အာ၏ မျက်လုံးများ ချက်ချင်း လင်းလက်သွား၏။

သောက်ကျိုးနည်း။ တကယ်ကြီး ပြန်ပြီး အဆင်ပြေသွားတာလား။

အစ်ကိုကြီးက တကယ် ဆရာကြီးပဲ။

All Chapters