အခန်း (၄၉၄-၄၉၅)
Vol. 27 Ch. 494-495
အပိုင်း (၄၉၄) အမတ်ဖန်၏ လျှို့ဝှက်ချက် ကြက်ကြော်။
"သူ့ကို အမြန် ကျေးဇူးမတင်သေးဘူးလား … ငတုံးလေး" ဖန်ကျန်းရီက တုံ့ဆိုင်းခြင်းမရှိဘဲ လိုင်ကော်အာကို အော်ငေါက်လိုက်၏။
လိုင်ကော်အာ သတိဝင်လာပြီး မျက်နှာချိုသွေးကာ ပြောလိုက်သည်။ "ရှင်းကျူ... ကျုပ် မှားသွားပါတယ်"
ရှင်းကျူက ခေါင်းခါလိုက်၏။ "ရပါတယ်၊ အကုန်ပြီးသွားပါပြီ"
"ရှင်းကျူ... မင်း ဒီကို ရောက်လာတာ ဗိုက်ဆာလို့ စားစရာ လာရှာတာလား" ဖန်ကျန်းရီက အလျင်အမြန် စကားလမ်းကြောင်း လွဲလိုက်သည်။
"အင်း..."
ရှင်းကျူက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။ "ဒီည သခင်ကြီးက ဧည့်သည်တွေ ဖိတ်ပြီး ညစာစားပွဲ လုပ်တော့ ကျွန်မ တစ်ညလုံး အလုပ်များနေလို့ ဘာမှ မစားရသေးဘူး။ ကျွန်မ ကျန်တဲ့ ဟင်းတချို့ကို သိမ်းပြီး မီးဖိုချောင်မှာ လာစားမလို့ ပြင်ထားတာ၊ ရှင်တို့ရော စားမလား"
"ကောင်းတာပေါ့" ဖန်ကျန်းရီက တခါတည်း သဘောတူလိုက်၏။
အတူတူ ထမင်းစားရတာက ရင်းနှီးမှု ရယူဖို့ အခွင့်အရေးကောင်းပဲလေ၊ မစားဘဲ နေမလား။
ထို့နောက် လိုင်ကော်အာကို တစ်ချက် ကြည့်လိုက်ရာ သူက နံရံကို ငတုံးလို စိုက်ကြည့်နေဆဲ ဖြစ်သည်။
ဖန်ကျန်းရီက ရှေ့တိုးကာ တစ်ချက် ကန်လိုက်ပြီး ဒေါသတကြီး ဆဲဆိုလိုက်၏။ "ရှင်းကျူကို ပစ္စည်းတွေ မြန်မြန် ကူ မသယ်ပေးသေးဘူးလား။ ဘာကြောင်ကြည့်နေတာလဲ"
"ကျုပ်ရဲ့ ငယ်သူငယ်ချင်းကို သတိရသွားလို့ပါ..."
"ပါးစပ်ပိတ်ထားစမ်း"
အခြေအနေမသိတဲ့ ခွေးကောင်... ခုထိ သရုပ်ဆောင်လို့ ကောင်းနေတုန်းပဲ။
သူတို့နှစ်ယောက်က ကြောင်အိမ်ထဲမှ ဟင်းထည့်ထားသော ပန်းကန် လေးငါးချပ်ခန့်ကို ထုတ်ယူလိုက်ကြ၏။
ဖန်ကျန်းရီက ထိုပန်းကန်များကို ကြည့်ရင်း မနေနိုင်ဘဲ မျက်လုံးမှေးကာ သေချာစွာ အကဲခတ်ကြည့်လိုက်သည်။
အစောပိုင်းက သူ ပစ္စည်းများ ရှာဖွေစဉ်ကလည်း ဤပန်းကန်များကို မြင်ခဲ့သော်လည်း ဤအရာများက ကျန်နေသော ဟင်းများ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ပန်းကန်တစ်ခုစီတွင် သနားစရာကောင်းလောက်အောင် ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် ဟင်းရည်များသာ ရှိနေသည်။
သူက မဆေးရသေးသော ပန်းကန်များဟု ထင်နေခဲ့ခြင်း ဖြစ်၏။
"ဒါ မင်းပြောတဲ့ ကျန်တဲ့ဟင်းလား"
ရှင်းကျူ မျက်နှာနီသွား၏။ "ဒီမှာ ဟင်းရည်တွေ ကျန်သေးတယ် မဟုတ်လား၊ ထမင်းနဲ့ နယ်စားရင် ရပါပြီ။ ထမင်းဖြူလည်း ရှိသေးတယ်လေ"
"ဒုတိယသခင်မလေးက ပုံမှန်ဆိုရင် မင်းတို့ကို ဒါပဲ ကျွေးတာလား" ဖန်ကျန်းရီက ရှင်းကျူကို သံသယဖြင့် ကြည့်လိုက်သည်။
ဒါကတော့ တကယ် လွန်လွန်းနေပြီ။
ချူအိမ်တော် သေးသေးလေးမှာ ဒီလို အရည်အချင်းရှိတဲ့ စီမံခန့်ခွဲသူ ရှိနေတာလား။ ဒီလိုမျိုး ချိုးချံချွေတာ တတ်တာလား။
ရှင်းကျူက အလျင်အမြန် လက်ဝှေ့ယမ်းပြ၏။ "မဟုတ်ပါဘူး မဟုတ်ပါဘူး။ တကယ်က ဒီနေ့ နည်းနည်း အလုပ်များပြီး ထမင်းစားချိန် လွန်သွားလို့ ထမင်းမကျန်တော့တာပါ။ ဒုတိယသခင်မလေးက ကျွန်မအပေါ် အရမ်းကောင်းပါတယ်။ မီးဖိုချောင်ထဲမှာ အခု ဒီဟာတွေပဲ ရှိတော့တယ်၊ စားကြရအောင်"
"အင်း..." ဖန်ကျန်းရီက သနားစရာကောင်းသော ပန်းကန်အချို့ကို ကြည့်ရင်း အနည်းငယ် စိတ်ပျက်သွားသည်။
ဒီလောက်လေးက ဘယ်သူ့အတွက် လောက်မှာလဲ။
မူလက ကော်အာနှင့်အတူ ဖြစ်သလို စားပြီး အိပ်ဖို့ စဉ်းစားထားခြင်း ဖြစ်၏။ ယခုကြည့်ရတာ မဟုတ်တော့ပေ။
"ငါတို့ သုံးယောက်အတွက် လောက်မှာ မဟုတ်ဘူး၊ ငါ သွားပြီး တစ်ခုခု သွားရှာလိုက်အုံးမယ်။ ကော်အာ... မင်း ရေနွေးတစ်အိုး တည်ထားလိုက်"
ဖန်ကျန်းရီက တံခါးမှ တန်းတန်းမတ်မတ် ထွက်သွားပြီး အနီးနားရှိ ကြက်ခြံထဲသို့ တိတ်တဆိတ် ဝင်ရောက်သွား၏။
သိပ်မကြာခင်မှာပင် လည်ပင်းကျိုးနေသော ကြက်တစ်ကောင်ကို ကိုင်ကာ ပြန်ရောက်လာသည်။
ရှင်းကျူက အံ့အားသင့်စွာ ပါးစပ်ကို အုပ်ကာ မေးလိုက်၏။ "ဖန်ထန်ကျင့်... ရှင် ကြက်သွားခိုးလာတာလား"
"ကြက်သွားငှားလာတာပါ။ ငှားတာ။ မကြောက်နဲ့၊ တစ်ယောက်ယောက် တွေ့သွားရင် ငါ လုပ်တာလို့ပဲ ပြောလိုက်။ ငါ့လစာထဲက ဖြတ်လိမ့်မယ်" ဖန်ကျန်းရီက ပေါ့ပါးသော မျက်နှာထားဖြင့် ဖြေလိုက်သည်။
ပြောရင်းဆိုရင်း မီးဖိုပေါ်တွင် စတင် ရှင်းလင်းနေတော့၏။ "ကော်အာ... ငါ့ကို ဂျုံမှုန့် နည်းနည်း၊ ဟင်းရွက်ဆီ၊ ဟင်းခတ်အမွှေးအကြိုင်တွေ ယူလာခဲ့စမ်း။ ဟားဟား ... ငါတို့ သုံးယောက်တောင် ရှိတာ အသားလေး နည်းနည်းမှ မစားရရင် အရမ်း အောက်တန်းကျသွားမှာပေါ့။ ဒီနေ့ ငါ မင်းတို့ကို လက်စွမ်းပြမယ်၊ မင်းတို့ တစ်ခါမှ မစားဖူးတဲ့ အကောင်းစား အရာဆိုတာ အာမခံတယ်"
စကားပြောနေစဉ်မှာပင် ဖန်ကျန်းရီသည် ကြက်မွေးများကို မြန်မြန်ဆန်ဆန် နုတ်ပြီး ကလီစာများကို ရှင်းလင်းလိုက်ကာ ဂျုံနှစ်ကို စတင် ဖျော်စပ်နေပြီ ဖြစ်၏။ သူ လုပ်မည့်အရာမှာ ကြက်ကြော်ပင် ဖြစ်သည်။
ဤကဲ့သို့ ကြော်ရသော ဇိမ်ခံနည်းလမ်းမျိုးက သိပ်မတွေ့ရတတ်ချေ။ ဆင်းရဲသား ပြည်သူ အများအပြားမှာ တစ်သက်လုံး ကြော်ထားသော အစားအစာများကို တစ်ခါမှ မစားဖူးကြပေ။
ထို့ကြောင့် အစားအသောက်လောက၏ ဇိမ်ခံပစ္စည်းဟု လုံးဝ ခေါ်ဆိုနိုင်ပေသည်။
ဟင်းရွက်ဆီ တစ်အိုးလုံးကို သံဒယ်အိုးထဲ သွန်ထည့်လိုက်သော်လည်း မလောက်ငှသည့်ပုံ ပေါက်နေ၏။
ဤသံဒယ်အိုးက ကြီးလွန်းနေသော်လည်း ဖန်ကျန်းရီမှာ တခြားနည်းလမ်း မရှိဘဲ ဖြစ်သလိုသာ သုံးရတော့သည်။
ဆီတစ်အိုးလုံးကို ဒယ်အိုးထဲ သွန်ထည့်လိုက်သည်ကို ကြည့်ရင်း ရှင်းကျူ စိတ်လောသွားသည်။ "ရှင် ဘယ်လိုလုပ် ဆီတွေ ဒီလောက် အများကြီး သုံးရတာလဲ။ တကယ်လို့ တစ်ယောက်ယောက် သိသွားရင် ပြဿနာတက်လိမ့်မယ်နော်"
"ကိစ္စမရှိပါဘူး၊ ကြော်ပြီးရင် ပြန်ထည့်ထားလိုက်ရင် ရပါပြီ။ ဟင်းကြော်ရင်တောင် ပိုမွှေးသေးတယ်"
ဖန်ကျန်းရီက ကြက်သားပေါ်တွင် ဂျုံနှစ်များကို လူးလိုက်ပြီး ဒယ်အိုးထဲသို့ ဆီအပူချိန် စမ်းကြည့်ရန် အစက် အနည်းငယ် ချကြည့်လိုက်သည်။ ဆီပူလာပြီကို မြင်သောအခါ စတင် ကြော်တော့၏။
ကြက်သား အိုးထဲရောက်သွားသည်နှင့် ကြီးမားလှသော မွှေးပျံ့သည့် အနံ့ကြီးတစ်ခု ပေါက်ကွဲ ထွက်လာတော့သည်။
လိုင်ကော်အာမှာ မျက်နှာတွင် စွဲမက်နေသည့် အမူအရာဖြင့် လေထုထဲမှ မွှေးပျံ့သော အနံ့ကို နှာခေါင်းဖြင့် အတင်း ရှူရှိုက်နေ၏။
ရှင်းကျူလည်း ဘာမှ ထပ်မပြောနိုင်တော့ချေ။ ထိုအနံ့က သူ တစ်ခါမှ မရှူဖူးသော အနံ့မျိုးဖြစ်ပြီး သွားရည်များပင် ကျလာကာ ဒယ်အိုးထဲတွင် တဖြည်းဖြည်း ရွှေဝါရောင် သန်းလာသော ကြက်ကြော်ကို မျှော်လင့်ချက် မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
တစ်ခေါက် ကြော်ပြီးနောက် ထပ်မံ၍ ဒုတိယအကြိမ် ကြော်၏။
ရွှေရောင် တောက်ပနေသော ကြက်ကြော်သည် အိုးထဲမှ ထွက်လာသည်။ အလင်းတန်းတစ်ခု ထွက်ပေါ်လာသကဲ့သို့ပင်...
ရှင်းကျူက ရွှေဝါရောင် ကြက်ကြော်ကို ကြည့်ရင်း တိတ်တဆိတ် တံတွေးမြိုချလိုက်မိ၏။
ဖန်ကျန်းရီက ဟင်းလှီးဓားကို ယူကာ ကြက်ဖင်ကို အရင် ခုတ်ဖယ်လိုက်ပြီးနောက် တစ်ချက်တည်းနှင့် ခွဲချလိုက်ကာ သူမနှင့် လိုင်ကော်အာကို တစ်ယောက် တစ်ဝက်စီ ခွဲပေးလိုက်သည်။
"စားကြ … ဒီတစ်ခါတော့ သေချာပေါက် ဗိုက်ဝလောက်ပါပြီ"
"ရှင် မစားဘူးလား" ရှင်းကျူက မေးလိုက်၏။
တစ်ချိန်တည်းမှာပင် မျက်လုံးများက ပန်းကန်ထဲရှိ ကြက်ကြော်ကို မလှုပ်မယှက် စိုက်ကြည့်နေပြီး မွှေးပျံ့သော အနံ့များက သူမ၏ နှာခေါင်းပေါက်ထဲသို့ အဆက်မပြတ် တိုးဝင်နေသည်။
"ဟီးဟီး... မင်း မလာခင်က ငါ စားပြီးသွားပြီ။ ငါ ဖြစ်သလို နည်းနည်းပါးပါး စားလိုက်ရင် ရပါပြီ"
ဖန်ကျန်းရီက ကြက်ဖင်ကို ကိုင်ကာ ပါးစပ်ထဲသို့ ထည့်ရန် ပြင်လိုက်၏။
ရုတ်တရက် ကြက်ပေါင်တစ်ချောင်းက သူ့အရှေ့သို့ ရောက်လာပြီး လိုင်ကော်အာက ရိုးအအဖြင့် ရယ်မောကာ ပြောလိုက်သည်။ "အစ်ကိုကြီး... ကျုပ် ကြက်ပေါင်နဲ့ အစ်ကို့ကို လဲပေးမယ်၊ အစ်ကိုကြီး ကြက်ပေါင် စားလိုက်၊ အသားများတယ်"
ဖန်ကျန်းရီ၏ ရင်ထဲတွင် အနည်းငယ် ကြည်နူးသွားမိ၏။
လိုင်ကော်အာလို သူတောင်းစားလေး တစ်ယောက်က ဒီလို အရသာရှိတဲ့ အစားအစာမျိုးကို သေချာပေါက် စားဖူးမှာ မဟုတ်ဘူး။
အခု သူ မစားဘဲ တောင့်ခံထားပြီး ကိုယ့်ကို ကြက်ပေါင် ပေးတယ်ဆိုတော့။
ဒီညီလေးက တကယ် အဆင်ပြေတယ်။ ပေါင်းလို့ ရတယ်။
ဖန်ကျန်းရီက ကြက်ပေါင်ကို လှမ်းယူလိုက်ပြီး ကြက်ဖင်ကို လိုင်ကော်အာထံသို့ ကမ်းပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် လိုင်ကော်အာက ကြက်ဖင်ကို ကိုင်ကာ ရှင်းကျူထံသို့ ပေးလိုက်ပြီး မျက်နှာချိုသွေးလျက် ပြောလိုက်၏။ "ရှင်းကျူ... ကြက်ဖင်က စားလို့ကောင်းတယ်၊ မင်းစားလိုက်"
"..."
ချီး ….။
ဖန်ကျန်းရီက ထမင်းကျန်ကို ယူလိုက်ပြီး လိုင်ကော်အာကို မကျေမနပ် မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ဒီတိရစ္ဆာန်လေးက မိန်းမမြင်တာနဲ့ လုံးဝ အသိဉာဏ် ပျောက်သွားတာပဲ။
ဒါပေမဲ့ ဒီလောက်တောင် အ,နေတာကတော့ တကယ်ကြီး ကယ်လို့မရတော့ဘူး။ ဘယ်သူက မိန်းကလေးကို ကြက်ဖင် ကျွေးလို့လဲ။
ရှင်းကျူက မျက်နှာ အနည်းငယ် နီမြန်းသွားပြီး တိုးတိုးလေး ကျေးဇူးတင်စကား ပြောလိုက်သည်။ ကြက်ဖင်ကို လှမ်းယူပြီး ပါးစပ်ထဲသို့ တိတ်တဆိတ် ထည့်လိုက်၏...
"..."
"စားကောင်းလား ရှင်းကျူ" လိုင်ကော်အာက ကြက်ကြော်ကို ကိုင်ကာ မျှော်လင့်ချက် ပြည့်နှက်နေသော မျက်နှာဖြင့် မေးလိုက်သည်။
ကြက်ဖင် ပါးစပ်ထဲ ရောက်သည်နှင့် ရှင်းကျူက သေချာစွာ ဝါးစားလိုက်၏။
နှိုင်းယှဉ်၍မရနိုင်သော မွှေးပျံ့သည့် အရသာတစ်ခုက ပါးစပ်ထဲတွင် ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရသည်။
မျက်နှာတစ်ခုလုံး နီမြန်းလာပြီး အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "စားကောင်းတယ်... တစ်ကိုယ်လုံး တုန်သွားတဲ့အထိ စားကောင်းတာပဲ"
"စားကောင်းတယ် ဟုတ်လား။ စားကောင်းရင် ဒါလေးပါ မင်းကို ပေးမယ်" လိုင်ကော်အာက လက်ထဲရှိ ကြက်ကြော်ကို ကမ်းပေးလိုက်သည်။
ဖန်ကျန်းရီက သူတို့နှစ်ယောက် ကြားတွင် ထိုင်ကာ လိုင်ကော်အာ အလွန်အကျွံ မျက်နှာလိုမျက်နှာရ လုပ်နေသည်ကို ဆွံ့အစွာဖြင့် ကြည့်နေ၏။
မိန်းမအတွက်နဲ့ အသားတောင် မစားတော့ဘူးဆိုတော့၊ ဒါ ငါ ဖန်ကျန်းရီ ခေါ်လာတဲ့ လူ မဟုတ်ဘူး။
ရှင်းကျူက မျက်နှာနီမြန်းလျက် ကြက်ကြော်ကို ပြန်တွန်းပေးလိုက်သည်။ "ကျွန်မ လောက်ပြီ၊ ရှင်သာ ရှင်စား"
လိုင်ကော်အာက ထပ်မံ၍ ငတုံးလို ရယ်မောနေပြန်၏။
သူတို့နှစ်ယောက် ကြက်ကြော်ကို စားရင်း ရင်ထဲတွင် ပျော်ရွှင်မှု အခိုက်အတန့်လေးတစ်ခုကို ခံစားလိုက်ရသည်။
သူတို့နှစ်ယောက် မြိန်ရေယှက်ရေ စားနေသည်ကို မြင်သောအခါ ဖန်ကျန်းရီလည်း ရင်ထဲတွင် ပျော်ရွှင်သွားပြီး သူ ပထမဆုံးအကြိမ် KFC သို့ ဝင်ခဲ့ဖူးသည်ကို မနေနိုင်ဘဲ ပြန်သတိရသွားမိ၏။
"ဖန်ထန်... အစ်ကိုဖန်... အစ်ကိုလည်း နည်းနည်း စားပါအုံး" ရှင်းကျူ၏ အသံ ထွက်ပေါ်လာသဖြင့် ဖန်ကျန်းရီ၏ အတွေးများ အနှောင့်အယှက် ဖြစ်သွားသည်။
ပြီးနောက် သူ၏ ပန်းကန်ထဲသို့ ကြက်တောင်ပံ တစ်ခု ရောက်ရှိလာ၏။
အပိုင်း (၄၉၅) စာဖတ်ဖော် ရွေးချယ်ခြင်း။
ဖန်ကျန်းရီသည် ပန်းကန်ထဲမှ ကြက်တောင်ပံကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းကျူးကို ပြန်ကြည့်လိုက်သည်။
သူ၏ စိတ်ထဲတွင်တော့ အလိုအလျောက် ကျေနပ်သွားမိ၏။ လိုင်ကော်အာ တစ်ယောက် မျက်စိရှင်ပေသည်။ ဤကောင်မလေးက စိတ်ထားကောင်းမွန်ပြီး လူကိုလည်း ဂရုစိုက်တတ်၏
"မင်းပဲ စားလိုက်ပါ။ ငါ့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ ငါက ဟင်းရည်ဆမ်းပြီး စားရတာ ပိုကြိုက်တယ်။ ကြက်သားတို့ ဘာတို့ဆိုတာက ငါ စားရလွန်းလို့ ရိုးတောင်နေပြီ။"
ဖန်ကျန်းရီက ကြက်တောင်ပံကို သူမထံ ပြန်ထည့်ပေးလိုက်သည်။
သူတို့နှစ်ယောက်၏ ပုံစံကို ကြည့်ရသည်မှာ ပုံမှန်ဆိုလျှင် ကောင်းကောင်းမွန်မွန် စားရပုံမပေါ်ချေ။ ထို့ကြောင့် သူက အဘယ်သို့ မျက်နှာပြောင်တိုက်ပြီး လုစားရက်မည်နည်း။ ကြက်ကြော်လောက်ကတော့ အိမ်ပြန်ရောက်လျှင် သူစားချင်သလောက် စားလို့ရသည် မဟုတ်ပါလား။
ရှင်းကျူးက ပြုံးလိုက်ပြီး "ကျေးဇူးတင်ပါတယ် ဖန်အစ်ကိုကြီး။"
ဖန်ကျန်းရီကလည်း အပြုံးဖြင့်ပင် တုံ့ပြန်လိုက်၏။
လူဆိုတာ စားပေါက်ပိတ်သွားရင် စကားသိပ်မပြောရဲတော့ဘူးဆိုတာ တကယ်ပဲ။ မစားခင်တုန်းကတော့ ငါ့ကို ဖန်ထန်ကျင်းတဲ့။ ကြက်သားလည်းစားရော ဖန်အစ်ကိုကြီး ဖြစ်သွားပြီ။
သူတို့တစ်တွေ စားသောက်ရင်း စကားစမြည်ပြောဆိုနေကြသဖြင့် လေထုကလည်း အလျင်အမြန်ပင် သက်ဝင်လှုပ်ရှားလာသည်။
ရှင်းကျူးက ဖန်ကျန်းရီကို မေးလိုက်၏။ "ဖန်အစ်ကိုကြီး... လိုင်ဖူက ဘာလို့ လိုင်ကောက်အာ(ခွေးပေါက်စ) လို့ နာမည်တွင်နေတာလဲ။"
"အဲဒါ နာမည်ပြောင်လေ။" ဖန်ကျန်းရီက ခေါင်းငုံ့ကာ ကျန်နေသော ထမင်းများကို ပါးစပ်ထဲကော်သွင်းရင်း ပြောလိုက်သည်။
တခြားတော့ မပြောတတ်၊ ဟင်းရည်ဆမ်းထမင်းက တကယ်ကို မွှေးပျံ့နေသည်။ နည်းနည်း အေးနေတာလေး တစ်ခုသာရှိ၏။
ခွေးပေါက်စ လို နာမည်မျိုးက အောက်ခြေလူတန်းစားတွေကြားမှာ ပေါများလွန်းလှသဖြင့် ရှင်းကျူးကလည်း ထူးဆန်းသည်ဟု မထင်တော့ဘဲ လိုင်ကောက်အာဘက် လှည့်ကာ မေးလိုက်သည်။ "လိုင်ဖူ... ရှင် ချူအိမ်တော်ကို မလာခင်တုန်းက ဘာလုပ်ခဲ့တာလဲ။"
ရှင်းကျူးက သူ့ကို အရင်စကားစပြောလာသဖြင့် လိုင်ကော်အာ ဝမ်းသာသွားပြီး တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ဖြေလိုက်၏။ "ကျုပ်က အရင်တုန်းက တောင်း..."
စကားတစ်ဝက်တွင် ဖန်ကျန်းရီက သူ့ကို တိတ်တဆိတ် လှမ်းကန်လိုက်ပြီး ဝင်ဖြည့်ပြောလိုက်သည်။ "ကောက်အာကလေ... အရင်တုန်းက စားသောက်ဆိုင်တွေကို စမ်းသပ်ပေးရတဲ့အလုပ် လုပ်တာ။"
"စားသောက်ဆိုင်တွေကို စမ်းသပ်ပေးရတာ.. ဟုတ်လား။ အဲဒါ ဘာကြီးလဲ။" ရှင်းကျူးက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"အော်... စားသောက်ဆိုင်တွေက သူ့ကို ဖိတ်ပြီး ဟင်းလျာတွေကို အခမဲ့ မြည်းစမ်းခိုင်းတာလေ။”
"ဒါကြောင့် ယွီဟွာစားသောက်ဆိုင်မှာ ရှင်တို့တွေ အဲ့လောက်တောင် စားနိုင်ကြတာကိုး။ အဲ့လို အခွင့်အရေးကောင်းမျိုး ရှိသေးတာပဲ။ အခမဲ့... နားထောင်ရတာ တောင်းစားတဲ့သူတွေနဲ့ နည်းနည်းဆင်နေသလိုပဲနော်။" ရှင်းကျူးက တွေးတောရင်း ပြောလိုက်၏။
"ဟားဟားဟား... အတူတူပါပဲ၊ အတူတူပါပဲ။ မင်း အဲလို တွေးချင်လည်း ရပါတယ်။" ဖန်ကျန်းရီက ဟားတိုက်ရယ်မောလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒါဆို ဖန်အစ်ကိုကြီးကရော ဘာလုပ်ခဲ့တာလဲ။"
"ငါကလား..."
ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသည့် အမူအရာများ ပေါ်လာသည်။ "မင်းရဲ့ ဖန်အစ်ကိုကြီးက အရင်တုန်းက မြို့တော်မှာ အရာရှိကြီး လုပ်ခဲ့တာလေ။ ငါ့မှာ ကြီးမားကျယ်ပြန့်တဲ့ ကိုယ်ပိုင် ပိုင်နက်နယ်မြေတစ်ခုတောင် ရှိသေးတယ်။ မင်းဆွေမင်းမျိုးတွေ၊ သူကောင်းမျိုးတွေဆိုတာ ငါ့ကို ထမင်းကျွေးချင်လွန်းလို့ အလုအယက်ပဲ။"
ရှင်းကျူးက ဟက်ခနဲ ရယ်ချလိုက်မိပြီးနောက် မျက်နှာကို ချက်ချင်းတည်ကာ လက်အုပ်ချီလျက် ပြောလိုက်သည်။ "ဖန်သခင်ကြီးပါလား... ကျွန်မလို မိန်းမငယ်လေးက မျက်စိမရှင်လို့ တောင်ကိုမြင်လျက်နဲ့ တောင်မှန်းမသိ ဖြစ်သွားရပါတယ်။ တောင်းပန်ပါတယ်ရှင့်။"
"ဟားဟားဟား... သိပ်ကောင်းတယ်။ မင်းက ကော်အာထက် အများကြီး ပိုဉာဏ်ကောင်းတာပဲ။ မင်းက ဉာဏ်ကောင်းနေတဲ့အတွက် ဒီအရာရှိမင်းက မင်းရဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမယ်။ ကဲ ပြောစမ်း။" ဖန်ကျန်းရီက လက်ကို ဝှေ့ယမ်းကာ ဟိတ်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။
သူတို့နှစ်ယောက် စကားပြော အဆင်ပြေနေသည်ကို ကြည့်ပြီး လိုင်ကောက်အာတစ်ယောက် အတွေးနက်သွားသည်။
အစ်ကိုကြီးရဲ့ လေလုံးထွားတဲ့ ပညာကတော့ တော်တော်ကို ကမ်းကုန်နေပြီပဲ။ အရင်တုန်းကတော့ သူ့မှာ အိမ်ကြီးအိမ်ကောင်းတွေ ရှိတယ်လို့ပဲ ပြောသေးတယ်။ အခုတော့ အရာရှိတောင် ဖြစ်နေပြီ... ပြီးတော့ ပိုင်နက်နယ်မြေရှိတဲ့ အရာရှိတဲ့လား။ တကယ်ပဲ လေလုံးထွားတတ်တာက သူတောင်းစားတွေရဲ့ အမြင့်ဆုံး အဆင့်အတန်းများလား။
ရှင်းကျူးကလည်း အလိုက်သိစွာပင် ဖန်ကျန်းရီနှင့် အတိုင်အဖောက်ညီညီ သရုပ်ဆောင်ကာ ခေါင်းလေးစောင်း၍ စဉ်းစားဟန်ပြုပြီး ပြောလိုက်၏။ "ကျွန်မ နေ့တိုင်း ကြက်ကြော် စားချင်တယ်။"
"မရဘူး... ကြက်ကြော်က အကြိမ်နည်းနည်းလောက် စားလိုက်ရင် ရိုးသွားမှာပဲ။ အဲ့ဒါ ဆန္ဒမှ မဟုတ်တာ။ နောက်တစ်ခု ပြောင်း။" ဖန်ကျန်းရီက မကျေမနပ်ဖြင့် ပြောလိုက်သည်။
"အင်း... ဒါဆို နောက်လမှာ လစာ ငွေတစ်မူးလောက် တိုးရရင် ကောင်းမယ်။"
"နည်းလွန်းတယ်... နည်းလွန်းတယ်။ ပြန်ပြောစမ်း။"
ထိုစဉ် လိုင်ကော်အာက အနားသို့ တိုးလာပြီး ပြုံးဖြီးဖြီးဖြင့် ဝင်ပြောသည်။ "အစ်ကိုကြီး... ကျုပ်မှာလည်း ဆန္ဒတစ်ခုရှိတယ်။ အကောင်အထည်ဖော်ပေးလို့ ရမလား။"
"ပြောကြည့်။" ဖန်ကျန်းရီက သူ့ကို မျက်စောင်းထိုး၍ ကြည့်လိုက်သည်။
"ကျုပ် သွားတွေ ဖြူလာချင်တယ်။"
"ဟိုဘက် သွားစမ်း။"
"ကျွန်မ တောက်ယွမ်ခရိုင်ကို သွားလည်ချင်တယ်။" ရှင်းကျူက ခေါင်းမော့ကာ အမိုးကို ကြည့်ရင်း ပြောလိုက်သည်။
ဖန်ကျန်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး မျက်လုံးများက တဖြည်းဖြည်း စူးရှလာသည်။ "တောက်ယွမ်ခရိုင်.. ဟုတ်လား။ မင်း တောက်ယွမ်ခရိုင်ကို ဘယ်လိုလုပ် သိတာလဲ။"
ရှင်းကျူးက ဟီးခနဲ ရယ်လိုက်ပြီး "အဲ့ဒါများ မသိစရာလား။ တောက်ယွမ်ခရိုင်က အရမ်းနာမည်ကြီးတာကို။ ရှင် မြို့တော်ကို ရောက်ဖူးတယ်ဆိုပြီး ဒါတောင် မသိဘူးလား။
ကြားရသလောက်တော့ တောက်ယွမ်ခရိုင်က ကမ္ဘာပေါ်မှာ နံပါတ်တစ်ခရိုင်ပဲတဲ့။ အဲ့ဒီမှာရှိတဲ့ လူတိုင်းက ချမ်းသာကြတယ်တဲ့လေ။ ပြီးတော့ အဲဒါက ပါရမီရှင်ကြီး ဖန်ကျန်းရီရဲ့ ပိုင်နက်နယ်မြေလို့လည်း ကြားတယ်။"
“…….”
ဖန်ကျန်းရီ၏ ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတကြီးတစ်ခု ဖြည်းညင်းစွာ ပေါ်လာသည်။
ကမ္ဘာ့နံပါတ်တစ်ခရိုင်တဲ့လား... ပါရမီရှင်ကြီးတဲ့လား။ ဒါကို ဘယ်ခွေးကောင်က လျှောက်ဖြန့်နေတာလဲ။
"မင်း ဘယ်သူ့ဆီက ကြားတာလဲ။"
"အကြီးဆုံးသခင်မလေးနဲ့ ဒုတိယသခင်မလေးတို့ အတူတူရှိနေရင် အမြဲတမ်း စကားစမြည်ပြောကြတယ်။ အကြီးဆုံးသခင်မလေး ပြောတာကို ကျွန်မ ကြားခဲ့တာ။ သခင်မလေးက ကဗျာတွေ စာတွေကို အရမ်းကြိုက်တာ။ အထူးသဖြင့် ဖန်ကျန်းရီရဲ့ ကဗျာတွေကိုပေါ့...။ ဘာကဗျာတွေလဲဆိုတာတော့ ကျွန်မလည်း နားမလည်ပါဘူး။ ဒါပေမဲ့ သူတို့ တောက်ယွမ်ခရိုင်အကြောင်း ပြောနေကြတာတော့ ကြားတယ်။ အဲဒီနေရာက တော်တော် ချမ်းသာပုံပဲ။ အဲဒီက လူတိုင်းက အဆင်ပြေပြေ နေကြရပြီး သာမန်လူတွေဆိုရင် တောက်ယွမ်ခရိုင်ရဲ့ မြို့တံခါးကိုတောင် မြင်ခွင့်မရဘူးတဲ့။"
ဖန်ကျန်းရီ၏ မျက်နှာက တောင့်တင်းသွားသည်။
ဒုက္ခပါပဲ... တောက်ယွမ်ခရိုင်ကို ဖွင့်ပေးလိုက်တာနဲ့ နာမည်က ဒီလောက်ထိတောင် အဝေးကြီး ရောက်သွားပြီလား။
သိသာလွန်းတယ်... ဒါက အရမ်းကို သိသာထင်ရှားလွန်းနေပြီ။ ငါ့ရဲ့ သိုသိုသိပ်သိပ်နေတတ်တဲ့ ပုံစံနဲ့ လုံးဝကို မကိုက်ညီတော့ဘူး။
ဘာကမ္ဘာ့နံပါတ်တစ်လဲ... ဘာပါရမီရှင်လဲ။ တကယ် သရဲတစ္ဆေတွေနဲ့ တွေ့နေတာပဲ။ ငါက ကဗျာ ဘယ်နှစ်ပုဒ်များ ကူးချဖူးလဲ။ အဲဒါတောင် သတင်းတွေက ထွက်လာသေးတယ်။
သို့ပေမည့် မျှော်လင့်မထားဘဲ အမာခံပရိသတ်တစ်ယောက် ရလိုက်သည်ကိုတော့ ဖန်ကျန်းရီ အတော်လေး ကျေနပ်သွားသည်။
"အင်း... တောက်ယွမ်ခရိုင်ပဲ မဟုတ်လား။ ဒီအရာရှိမင်းက နောက်ကျရင် မင်းကို တောက်ယွမ်ခရိုင်ဆီ ခေါ်သွားပြီး အားရပါးရ ကစားခိုင်းမယ်။ မင်း အန်ထွက်လာတဲ့အထိ... ရွံသွားတဲ့အထိကို ကစားခိုင်းမယ်။"
ရှင်းကျူးက ပါးစပ်ကိုအုပ်၍ ရယ်လိုက်ပြီး "လေလုံးတွေ ထွားနေပြန်ပြီ။ ရှင် ဒီလောက် စကားပြောကောင်းနေတာ... မနက်ဖြန် ဒုတိယသခင်မလေးဆီ သွားပြီး စာဖတ်ဖော် သွားလုပ်ပါလား။"
ဖန်ကျန်းရီက နားကို ကလော်လိုက်ပြီး မေးလိုက်သည်။ "စာဖတ်အဖော်... ဟုတ်လား။ ဒုတိယသခင်မလေး... ဟုတ်လား။ ငါ ကြားတာ မမှားဘူးမလား။"
"အင်း... မမှားပါဘူး။ ဒုတိယသခင်မလေးက ဒီနှစ်ရက်အတွင်းမှာ စာဖတ်ဖော် ရွေးလိမ့်မယ်။ သူက စာသင်ကျောင်းမှာ စာသွားသင်ဖို့ ပြင်ဆင်နေတာ။ ဒီနေ့ သခင်ကြီး ဧည့်ခံကျွေးမွေးတဲ့ ဂုဏ်သရေရှိ ဧည့်သည်ဆိုတာက ချင်းလျန်စာသင်ကျောင်းက ကျောင်းအုပ်ကြီးလေ။" ရှင်းကျူးက ရှင်းပြ၏။
ဖန်ကျန်းရီ အံ့အားသင့်သွားသည်။ "မိန်းကလေးတွေလည်း စာသင်ကျောင်း သွားတက်လို့ရတာလား။ ကျောင်းအုပ်ကြီးက သဘောတူလို့လား။"
"သဘောတူတာပေါ့။ ချင်းလျန်စာသင်ကျောင်းက ကျောင်းအုပ်ကြီးရှန်နဲ့ သခင်ကြီးက ငယ်သူငယ်ချင်းတွေလေ။ သူတို့က အရမ်းရင်းနှီးတာ။ ပြီးတော့ ကျောင်းအုပ်ကြီးရှန်က သဘောထားပွင့်လင်းတယ်။ အကြီးဆုံးသခင်မလေး က အရင်က အဲဒီစာသင်ကျောင်းမှာ တက်ခဲ့ဖူးတယ်။ အဲဒီတုန်းက ယောကျ်ားလေးအဝတ်အစားဝတ်ပြီး သွားခဲ့တာ။ ကျောင်းအုပ်ကြီးရှန်က အကြီးဆုံးသခင်မလေးကို သူ့ရဲ့ အတော်ဆုံးတပည့်လို့ အမြဲပြောလေ့ရှိတယ်။ မိန်းကလေး ဖြစ်နေတာလေးတစ်ခုပဲ နှမြောစရာတဲ့။
အခုဆိုရင် အိမ်တော်ရဲ့ သခင်လေးက မိန်းမကိစ္စပဲ လိုက်စားနေပြီး ဒုတိယသခင်လေးကလည်း ငယ်သေးတယ်။ သခင်ကြီးအပြင် အိမ်တော်ရဲ့ စီးပွားရေးတွေကို အကြီးဆုံးသခင်မလေးကပဲ ကူညီလုပ်ကိုင်ပေးနေရတာ။ ဒုတိယ သခင်မလေးကို စာသွားသင်ခိုင်းတာကလည်း အကြီးဆုံးသခင်မလေးရဲ့ သဘောဆန္ဒပဲ။ စာများများဖတ်ပြီး လူများများနဲ့တွေ့ရင် အကျိုးရှိမယ်ဆိုပြီးတော့လေ။
အကြီးဆုံးသခင်မလေးတောင် တက်ခဲ့ဖူးတယ်ဆိုတော့ ဒုတိယသခင်မလေးလည်း ပြဿနာမရှိနိုင်ပါဘူး။ ပြီးတော့ ဒုတိယသခင်မလေးကလည်း ကျောင်းအုပ်ကြီးရှန်ကို ငယ်ငယ်ကတည်းက သိနေတာဆိုတော့လေ။"
ဖန်ကျန်းရီ မျက်တောင်တဖျတ်ဖျတ် ခတ်သွားပြီး မယုံနိုင်သေးပေ။ "မဖြစ်နိုင်တာ... တခြားကျောင်းသားတွေက တိုင်တောတာမျိုး မလုပ်ကြဘူးလား။ ငါ အခုထိ အကြီးဆုံးသခင်မလေးကို မမြင်ဖူးသေးဘူး။ သူက ဂေါ်ရီလာမျောက်ဝံကြီးနဲ့များ တူနေလို့လား။"
စာပေပညာ သင်ယူဆည်းပူးနေသူတို့၏ စိတ်ကူးအတွေးအခေါ် မည်မျှ ကျဉ်းမြောင်းတတ်ကြောင်းကို သူ ကောင်းစွာ တွေ့မြင်ဖူးသည်။ လူအများစုမှာ စည်းမျဉ်းစည်းကမ်း၊ ဓလေ့ထုံးတမ်းနှင့် ကိုယ်ကျင့်တရား စသည့် ဘောင်များအတွင်း၌သာ တင်းကျပ်စွာ ချုပ်နှောင်ခံနေကြရသည် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲ၌ အနည်းငယ် စိတ်ပျက်အားလျော့သွားမိသည်။ အမာခံ ပရိသတ်တစ်ဦး ရရှိလိုက်ပြီ ဆိုကာမှ မိန်းမကြမ်းကြီးတစ်ဦး ဖြစ်နေရလေခြင်း ဟူသော အတွေးကြောင့်ပင်။
ရှင်းကျူးက သူ့ကို မျက်စောင်းထိုးလိုက်သည်။ "ဘာတွေ လျှောက်ပြောနေတာလဲ။ အကြီးဆုံးသခင်မလေးက အရမ်းလှတာနော်။ ကျောင်းအုပ်ကြီးရှန်က လူငယ်ကျောင်းသားတွေကိုပဲ လက်ခံတာ။ အသက် နှစ်ဆယ်ကျော်ရင် လုံးဝလက်မခံဘူး။ အစပိုင်းတုန်းက သခင်မလေး ဝင်သွားပြီး မကြာခင်မှာပဲ လူမိသွားတာ။ အတူတက်နေတဲ့ ကျောင်းသားတွေထဲက တိုင်တောတဲ့သူလည်း ရှိခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်း ကြားရတာကတော့ တိုင်တောတဲ့သူက ကျောင်းဆင်းတော့ တခြားကျောင်းသားတွေရဲ့ ဝိုင်းရိုက်တာကို ခံလိုက်ရတယ်တဲ့။ အဲဒီနောက်ပိုင်းကစပြီး ဘယ်သူမှ ကန့်ကွက်တဲ့သူ မရှိတော့ဘူး။"
ဖန်ကျန်းရီ ချက်ချင်း သဘောပေါက်သွားသည်။ ထိုသို့ဆိုလျှင် ယုတ္တိရှိသွားပြီ။
အကုန်လုံးက အသက်ဆယ်နှစ်ကျော်၊ နှစ်ဆယ်မပြည့်သေးတဲ့ သွေးဆူလွယ်တဲ့ လူငယ်လေးတွေချည်းပဲ။ အခုမှ မျက်စိပသာဒဖြစ်စရာ ကျောင်းသူလေးတစ်ယောက် ရောက်လာတာကို နှင်ထုတ်ချင်သေးတယ်ဆိုတော့ ဝိုင်းရိုက်မခံရဘဲ နေပါ့မလား။
"ဖန်အစ်ကိုကြီး...ရှင် ဒီလောက် စကားပြောကောင်းနေတာ၊ မနက်ဖြန် တောင်ဘက်ခြံဝန်းကို သွားပြီး စာဖတ်ဖော် သွားရွေးခံပါလား။ ဒုတိယသခင်မလေးက လူတွေအပေါ် အရမ်းရက်ရောတာ။ ပြီးတော့ သူ့နောက်ကနေ အပြင်ကိုလည်း လွတ်လွတ်လပ်လပ် ထွက်လို့ရသေးတယ်။ ခြံစောင့်အလုပ်သမား လုပ်ရတာထက် အများကြီး သာတယ်။"
"ဟင် …."