← Chapters

အခန်း (၄၈၀-၄၈၁)

Vol. 27 Ch. 480-481

အခန်း (၄၈၀-၄၈၁)

Vol. 27 Ch. 480-481

အပိုင်း (၄၈၀) အဆင့်မြင့် အစေခံ။

ဖန်ကျန်းရီက ဘေးသို့ စောင်းငဲ့ကြည့်လိုက်ရာ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော အမျိုးသမီးနှစ်ဦးကို မြင်လိုက်ရသဖြင့် ခေါင်းကို ပြန်လှည့်ကာ လက်ဖက်ရည် ဆက်သောက်နေလိုက်သည်။

လိုင်ကော်အာကမူ ဖန်ကျန်းရီကို အတင်းဆွဲ၍ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ “အစ်ကိုကြီး... အလှလေး... အလှလေးဟ”

“လန့်မနေစမ်းပါနဲ့၊ အလှလေးတွေကို ငါ မြင်ဖူးတာ အများကြီးပဲ။ ငါမြင်ဖူးတဲ့ အကုန်လုံးက အဝတ်အစား မဝတ်ထားကြတဲ့ သူချည်းပဲ”

ဖန်ကျန်းရီက လိုင်ကော်အာကို အမြန် ပုတ်လိုက်သည်။ “သူများတွေကို သွားပြီး စိုက်ကြည့်မနေနဲ့။ ငါ့အတွက် အရှက်ကွဲရုံပဲ ရှိမယ်”

လိုင်ကော်အာက နှမျောတသစွာြဖင့် အကြည့်ကို ရုပ်သိမ်းလိုက်၏။

ဖန်ကျန်းရီက မေးလိုက်သည်။ “ဟေ့... ဒီနှစ်ယောက်ကို မင်း သိလား။ အရှိန်အဝါက တော်တော် ကြီးတာပဲ”

“မသိဘူး၊ ဒါပေမဲ့ တကယ်ကို လှတာပဲ။ အစ်ကိုကြီး... ပြည့်တန်ဆာအိမ်မှာရော ဒီလောက် လှတဲ့သူတွေ ရှိလား”

လိုင်ကော်အာက ထိုသို့မေးလိုက်သဖြင့် ဖန်ကျန်းရီသည် မနေနိုင်ဘဲ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြန်သည်။

အမျိုးသမီးနှစ်ဦး၏ ဘေးတွင် စားပွဲထိုးအချို့ ဝိုင်းရံထားပြီး လက်ဖက်ရည်ငဲ့ပေးသူ၊ အလွန်အမင်း ဂရုတစိုက် မေးမြန်းနေသူများဖြင့် ရှေ့နောက် ဝန်းရံနေကြ၏။

ထိုအထဲမှ တစ်ယောက်က အစေခံမလေးဖြစ်ကြောင်း ထင်ရှားသည်။ နောက်တစ်ယောက်မှာ အသက်မကြီးသေးဘဲ အသားအရေက နို့နှစ်လို ဖြူဖွေးကာ အပြုံးချိုချိုလေးရှိပြီး ခေါင်းဘီးအလှဆင်မှုကလည်း တော်တော်လေး ခမ်းနား၏။ အပြင်ဘက်တွင် အစိမ်းနုရောင် ပိုးသားအင်္ကျီကို ထပ်ဝတ်ထားရာ အလွန် သွက်လက် ချစ်စရာကောင်းပုံ ပေါက်နေသည်။

“အင်း... ပြည့်တန်ဆာအိမ်မှာတော့ ဒီလောက် လှတဲ့သူ တကယ် မရှိဘူး။ ဒါပေမဲ့ မင်းရဲ့ မရီးတွေနဲ့ ယှဉ်လိုက်ရင်တော့ အများကြီး ကွာသေးတယ်”

လိုင်ကော်အာက နှုတ်ခမ်းမဲ့လိုက်ပြီး ကောင်မလေးကို ဆက်ကြည့်နေပြန်၏။

“ဟေ့ကောင်... မကြည့်နဲ့လို့ ပြောနေတယ်လေ။ မရှက်ဘူးလား။ အရမ်း သဘောကျနေရင် ခဏနေ အိမ်ပြန်ရောက်တဲ့အခါ ငါ ငါးကြင်း နှစ်ပိဿာလောက် ဝယ်ပေးမယ်၊ အဲဒီကျမှ ဖြေရှင်းလိုက်”

“...”

ဖန်ကျန်းရီက ဒေါသထွက်ကာ စားပွဲကို ရိုက်လိုက်သည်။

“ကျုပ်က တစ်ခါမှ မမြင်ဖူးလို့ပါ...” လိုင်ကော်အာက တိုးတိုးလေး ဖြေရှာ၏။

“ဟင်း... ခြေနှစ်ချောင်းပါတဲ့ မိန်းမတွေ လမ်းမပေါ်မှာ အများကြီးပဲ၊ နောက်ကျရင် ငါမင်းကို ချစ်စကား ပြောနည်း နည်းနည်း သင်ပေးမယ်။ စိတ်ဓာတ် မာကျောတဲ့ အမျိုးသမီးတွေတောင် ကြားတာနဲ့ မင်းဆီကို ပြေးလာလိမ့်မယ်” ဖန်ကျန်းရီက နောက်ပြောင်လိုက်သည်။

“တကယ်လား အစ်ကိုကြီး”

“ဒါပေါ့”

နင်ရှင်းနှင့် မြောင်ဟန်တို့ကို ပြန်သတိရသွားပြီး ဖန်ကျန်းရီက ကျေနပ်စွာ ပြုံးလိုက်၏။

သူသာ ချိုသာတဲ့စကားတွေ မပြောတတ်ရင် သူတို့က သူ့ကို ဘယ်လိုလုပ် သဘောကျမှာလဲ။

“ဧည့်သည်တော်... လူကြီးမင်းမှာထားတဲ့ ဟင်းတွေ ရပါပြီ။ ရူယီငါးဝါဟင်းရည်၊ ကျင်းရှို့အရန်ဟင်းရှစ်မျိုး ကြက်ပေါင်း၊ ပြီးတော့ ထမင်းဖြူ ဆယ်ပွဲ၊ ဆုချငွေ ကြေးပြားတစ်ပြား” စားပွဲထိုးက ဟင်းများကို ချထားပေးရင်း လည်ပင်းကို ဆန့်ကာ အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။

ဖန်ကျန်းရီက မျက်မှောင်ကုတ်သွား၏။ “မင်းအမေကို... ဘာလို့ အဲဒီလောက် အသံကျယ်ကြီးနဲ့ အော်နေတာလဲ”

စားပွဲထိုးက နှုတ်ခမ်းမဲ့လိုက်သည်။

ဘာလုပ်ရမှာလဲ... မင်းတို့လို ငမွဲနှစ်ကောင်ကို အရှက်ခွဲမလို့ပေါ့။

ပိုက်ဆံမရှိဘဲနဲ့ ယွီဟွာစံအိမ်ကို လာပြီး ဟိတ်ဟန်ထုတ်ရဲသေးတယ်။ မျက်နှာသစ်ပြီး မှန်မကြည့်ဘူးလား။

တကယ် သူ အော်လိုက်သောအခါ ပတ်ဝန်းကျင်မှ စပ်စုသော အကြည့်များအားလုံးက ဖန်ကျန်းရီတို့ နှစ်ယောက်ဆီသို့ စုရုံးရောက်ရှိလာကြ၏။

ဟင်းနှစ်ပွဲတည်းမှာပြီး ထမင်းဖြူ ဆယ်ပွဲမှာသည့် အဖြစ်မျိုးက တကယ်ကို ရှားပါးလွန်းလှသည်။ ပို၍ဆိုးသည်က ဤကဲ့သို့ ထိပ်တန်းစားသောက်ဆိုင်မျိုးတွင် ဖြစ်နေခြင်းပင်။

ချူယိုယီ၏ လှပသော မျက်လုံးများက လှုပ်ရှားသွားပြီး အကြည့်များက ဖန်ကျန်းရီတို့ဘက်သို့ ရောက်ရှိသွား၏။

“ဟင်... ရှင်းကျူ... ဒီလူနှစ်ယောက်ကို ကြည့်ရတာ တစ်ခုခု ထူးဆန်းနေသလိုပဲ”

ဘေးရှိ အစေခံမလေးကလည်း ဖန်ကျန်းရီတို့ကို သေချာစွာ နှစ်ချက်ခန့် အကဲခတ်ကြည့်လိုက်သည်။

ရုတ်တရက် ပြုံးလိုက်ပြီး ချူယိုယီအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “ဒုတိယသခင်မလေး... ဒီလူနှစ်ယောက်က ကျွန်မတို့ အိမ်တော်က အစေခံတွေ ဖြစ်ရမယ်။ အိမ်တော်က အဝတ်အစားတွေကို ဝတ်ထားတယ်။”

“ဟင်... ဒါဆို ငါ ဘာလို့ မမြင်ဖူးရတာလဲ”

“ဒီနှစ် နှစ်သစ်ကူးပြီးမှ အသစ်ခေါ်ထားတဲ့သူတွေ ဖြစ်လောက်တယ်။ အိမ်ထိန်းဒုံက ဒီနှစ် အစေခံ အသစ်တချို့ ထပ်ခေါ်ထားတယ် မဟုတ်လား။”

“အင်း... ဒါဆို သေချာပြီ။ ဒီလူနှစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီနေရာအထိ ထမင်းလာစားနိုင်တာလဲ။ ကြည့်ရတာ ငပေါတွေကျနေတာပဲ” ချူယိုယီက ဖန်ကျန်းရီနှင့် လိုင်ကော်အာတို့ကို စိတ်ဝင်တစား အကဲခတ်နေသည်။

“ကျွန်မတို့ ချူအိမ်တော်ကို ဝင်နိုင်လို့ ဝမ်းသာပြီး ဇိမ်ခံဖို့ ထွက်လာကြတာ ဖြစ်လောက်တယ်” ရှင်းကျူက ပြန်ဖြေ၏။

“အင်း... ဟင်းမှာလိုက်တော့၊ အရင်အတိုင်းပဲ”

ထိုအချိန်တွင် လိုင်ကော်အာမှာ မြေကြီးထဲ တိုးဝင်သွားချင်စိတ် ပေါက်နေပြီဖြစ်၏။

ပတ်ဝန်းကျင်မှ အကြည့်များကြောင့် ဖန်ကျန်းရီသည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေသည်။

ဒီခွေးကောင် စားပွဲထိုးက ငါ ဖန်သခင်လေးကို လူပုံအလယ်မှာ အရှက်ခွဲတာပဲ။

စိတ်ထဲမှာ ကြည်လင်မှု မရှိတော့ချေ။

နောက်တစ်စက္ကန့် စားပွဲထိုး မထွက်သွားခင်မှာပင် ဖန်ကျန်းရီက စားပွဲထိုး၏ အင်္ကျီလက်စကို ဆွဲကိုင်ပြီး ရိုင်းစိုင်းစွာ ပြောလိုက်၏။ “မင်း အဘွားကို... ငါ့ရဲ့ ကြေးပြားတစ်ပြား ဘယ်မှာလဲ။ ဆုမချတော့ဘူး... ပြန်ထုတ်ပေးစမ်း”

စားပွဲထိုးမှာ မျက်နှာတစ်ခုလုံး ထိတ်လန့်သွားသည်။ တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ဖန်ကျန်းရီ၏ လက်က ရင်ဘတ်ဆီသို့ ရောက်လာကာ ရုတ်တရက် နှိုက်ယူလိုက်သည်။

“သွားတော့”

စားပွဲထိုးမှာ ပြာပြာသလဲ ပြေးထွက်သွား၏။

ဖန်ကျန်းရီက လက်ကို ဖြည်းညှင်းစွာ ဖြန့်လိုက်ရာ ကြေးပြား ဆယ်ပြားကျော်က စားပွဲပေါ်သို့ တဖြောက်ဖြောက် ပြုတ်ကျသွားသည်။

“ဖူး” မလှမ်းမကမ်းရှိ ချူယိုယီမှာ ပါးစပ်ထဲမှ လက်ဖက်ရည်များပင် ပန်းထုတ်လိုက်မိ၏။

ရှင်းကျူက ကမန်းကတန်း သုတ်ပေးရန် ကပ်သွားသည်။

ချူယိုယီက ဖန်ကျန်းရီကို စိုက်ကြည့်ရင်း ပါးစပ်ကိုပိတ်ကာ ပခုံးများ တုန်ခါသည်အထိ ရယ်မောနေတော့သည်။

“ဒီ... ဒီ... ဒီလူက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းတာပဲ”

ရှင်းကျူတို့ သူတို့ကို လှောင်ပြောင်နေသည်ကို လိုင်ကော်အာလည်း သေချာပေါက် မြင်လိုက်ရသဖြင့် အလွန်အမင်း အနေရခက်သွားမိ၏။

စားချင်စိတ်လည်း ပျောက်သွားသည်။

ဖန်ကျန်းရီက ရှင်းကျူတို့ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး လိုင်ကော်အာကိုလည်း ကြည့်လိုက်၏။

လူငယ်တွေရဲ့ စိတ်နေသဘောထားကို သူ နားလည်တာပေါ့၊ မိန်းမချောလေးတွေရှေ့မှာ မျက်နှာအိုးမည်း သုတ်ခံရမှာ ကြောက်လို့ မဟုတ်လား။

လိုင်ကော်အာက သူတောင်းစား လုပ်လာတာ ဒီလောက်ကြာပြီကို မျက်နှာအရေခွံ ဒီလောက်ထိ ပါးနေသေးတာက တကယ်ကို စိတ်ပျက်စရာပဲ။

ဖန်ကျန်းရီက တည်ငြိမ်စွာ ပြောလိုက်သည်။ “ကော်အာရာ... တကယ်တော့ မိန်းမဆိုတာ ဒီလောက်ပါပဲ။ ငါးထက် အများကြီး နိမ့်ကျတယ်။ မိန်းမယူရင် မင်း ပိုက်ဆံကုန်ရမယ်၊ မိသားစုကို ရှာကျွေးရမယ်၊ တစ်ခါတလေ သူနဲ့ စကားများရအုံးမယ်။

ငါးကျတော့ကော။ အများကြီး ပိုကောင်းတယ်။ စမ်းကြည့်ရတာ ချောကျိကျိနဲ့ ချောတယ်။ ဆူလည်းမဆူပူဘူး၊ အစာကျွေးစရာလည်း မလိုဘူး။ ဘယ်လောက်ရှာရှာ ရတယ်။ သူနဲ့ အတူနေရတာ ငြီးငွေ့လာရင် သူ့အသားကို စားလို့ရသေးတယ်။ လာ... ငါးစား။”

ပြောပြီးသည်နှင့် ဖန်ကျန်းရီက ဟင်းရည်တစ်ပန်းကန် ခပ်ကာ တွန်းပေးလိုက်ပြီး သူ့အတွက်လည်း တစ်ပန်းကန် ခပ်လိုက်သည်။

ဟင်းရည် ပါးစပ်ထဲ ရောက်သည်နှင့် ဖန်ကျန်းရီ၏ မျက်မှောင်က ချက်ချင်း ထပ်ကုတ်သွားပြန်၏။

သူ ဆင်းရဲစဉ်က ဘာမဆို စားခဲ့သော်လည်း ပိုက်ဆံရှိလာပြီးနောက်တွင်တော့ စားစရာနှင့် ပတ်သက်၍ တစ်ခါမှ အောက်တန်းမကျခဲ့ချေ။

နေထိုင်မှု၊ အဝတ်အစား၊ အသုံးအဆောင်များကို သူ သိပ်ဂရုမစိုက်သော်လည်း ဤတစ်ချက်တွင်တော့ အခြားအရာများထက် ပို၍ အလေးထားသည်။

မြို့တော်တွင် ငါးဟင်းရည်ကို သူ မကြာခဏ စားလေ့ရှိရာ ယခု ဟင်းရည် ပါးစပ်ထဲ ရောက်သည်နှင့် မမှန်ကန်ကြောင်း သူ သိလိုက်၏။

“စားပွဲထိုး... မင်းတို့ တာဝန်ခံကို ခေါ်ခဲ့”

ဖန်ကျန်းရီက အသံကျယ်ကျယ်ဖြင့် အော်လိုက်ရာ သိပ်မကြာခင်မှာပင် တာဝန်ခံက ကမန်းကတန်း ပြေးလာ၏။ မျက်နှာတွင် အနည်းငယ် ဒေါသထွက်နေသည့် အမူအရာဖြင့် ပြောလိုက်သည်။ “ဧည့်သည်တော်တို့ နှစ်ယောက် ဘာပြဿနာ ရှိလို့လဲ”

“မင်းတို့ရဲ့ ဒီငါးဟင်းရည်က အဆင်မပြေဘူး။ ပြန်ယူသွားပြီး အသစ်ပြန်ချက်ခဲ့” ဖန်ကျန်းရီက အေးအေးဆေးဆေး ပြောလိုက်၏။

တာဝန်ခံက ထိုစကားကို ကြားသောအခါ ဒေါသတကြီး ရယ်မောလိုက်သည်။ “လူကြီးမင်း နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ကျုပ်တို့ ယွီဟွာစံအိမ်က တစ်မြို့လုံးမှာ နာမည်ကြီးတယ်၊ သဘောမကျတဲ့သူဆိုတာ လက်ချိုးရေလို့ ရတယ်။ လူကြီးမင်း စားဖူးလို့လား”

ဖန်ကျန်းရီက တာဝန်ခံကို မော့ကြည့်လိုက်၏။ “မင်းတို့ စားဖိုမှူးကို ခေါ်ခဲ့”

တာဝန်ခံက လှောင်ပြုံးပြုံးလိုက်သည်။ “စားဖိုမှူးကို တွေ့ချင်တာလား၊ မဖြစ်နိုင်ဘူး။ လူကြီးမင်း ထပ်ပြီး ပြဿနာရှာနေမယ်ဆိုရင် ကျုပ် ရုံးတော်ကို တိုင်ရလိမ့်မယ်”

“ဟက်... တော်တော် ဆန်းသစ်တာပဲ။ ဒါက ယွီဟွာစံအိမ်ရဲ့ ဧည့်ဝတ်ကျေပွန်တဲ့ နည်းလမ်းလား။ မင်း ရုံးတော်ကို တိုင်မယ်ဆိုရင် မနက်ဖြန်ကျရင် တစ်မြို့လုံးက လူတွေ ယွီဟွာစံအိမ်ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို သိသွားစေရမယ်လို့ ငါ အာမခံတယ်။ သွားတော့... ဒီမှာ လာပြီး လေမကန်နေနဲ့” ဖန်ကျန်းရီက လက်ဖက်ရည် ပန်းကန်ကို ကိုင်ကာ အေးအေးဆေးဆေး ပြောလိုက်၏။

တာဝန်ခံမှာ ရင်ထဲတွင် လန့်သွားသည်။

ဒီအပြုအမူက... သာမန်လူနဲ့ မတူဘူးပဲ။

“ကောင်းပြီလေ... လူကြီးမင်း စောင့်နေပါ။ ဒါပေမဲ့ အပြစ်ရှာလို့ မရဘူးဆိုရင်တော့ ကျုပ်တို့ ရိုင်းစိုင်းတာကို အပြစ်မတင်နဲ့နော်”

အငြင်းပွားသံများကို ကြားသောအခါ အခြားစားပွဲရှိ ချူယိုယီက မျက်လုံးဝိုင်းကြီးများဖြင့် မျက်တောင် တဖျပ်ဖျပ်ခတ်ကာ ဖန်ကျန်းရီတို့ဘက်ကို စပ်စုချင်စိတ်ဖြင့် စိုက်ကြည့်နေ၏။

“ရှင်းကျူ... ငါတို့လည်း ငါးဟင်းရည် မှာထားတယ် မဟုတ်လား”

“မှာထားပါတယ်” ရှင်းကျူက ဖြေသည်။

“ဟီးဟီး... စိတ်ဝင်စားစရာပဲ”

……

“တော်ပါတော့ အစ်ကိုကြီးရယ်... ထားလိုက်ပါတော့၊ ကျုပ် စားရတာ တော်တော် ကောင်းပါတယ်...” လိုင်ကော်အာက တိုးတိုးလေး ပြောရှာ၏။

“ကော်အာရာ... မင်း မှတ်ထား။ ဒီလောကမှာ ပိုက်ဆံပေးရတဲ့ အမှားဆိုတာ မရှိဘူး။ ဘယ်သူ့ကို နစ်နာစေစေ ကိုယ့်ကိုယ်ကိုယ်တော့ အနစ်နာမခံနိုင်ဘူး။ ငါတို့က သူများတွေကို အနိုင်မကျင့်သလို သူများတွေ အနိုင်ကျင့်တာကိုလည်း ခံလို့ မဖြစ်ဘူး၊ လိုချင်တာက တရားမျှတမှုပဲ။

ယွီဟွာစံအိမ်လို ကြီးမားတဲ့ စားသောက်ဆိုင်ကြီးက ဟင်းကို ကောင်းကောင်း မချက်နိုင်ဘူးဆိုရင် ပြန်ပေးရမှာပဲ။ အရှက်ကွဲမှာကို မကြောက်နဲ့၊ မင်းက ဘာအမှားမှ မလုပ်ထားဘဲနဲ့ အနစ်နာခံနေရတာကမှ တကယ်ကို အရှက်ကွဲတာ။” ဖန်ကျန်းရီက အဓိပ္ပာယ်ရှိရှိ ဆုံးမလိုက်သည်။

သိပ်မကြာခင်မှာပဲ ဝဝဖိုင့်ဖိုင့်နှင့် လူတစ်ယောက်က အောက်ထပ်မှ တက်လာ၏။

တာဝန်ခံနှင့်အတူ ဖန်ကျန်းရီ၏ အရှေ့တွင် လာရပ်သည်။

စားဖိုမှူးက မျက်နှာတွင် အသားစိုင်များ ပြည့်နှက်နေပြီး ဖန်ကျန်းရီကို တစ်ချက် အကဲခတ်လိုက်သည်။ ဖန်ကျန်းရီ၏ အဝတ်အစားများ သိပ်မကောင်းသည်ကို မြင်သောအခါ ရိုင်းစိုင်းစွာ ပြောလိုက်၏။ “မင်းက ငါချက်တဲ့ ဟင်းမှာ ပြဿနာရှိတယ်လို့ ပြောတယ်ပေါ့လေ။ မင်း အကြောင်းပြချက် တစ်ခု၊ နှစ်ခု၊ သုံးခု လောက် မပေးနိုင်ရင် ဒီနေ့ ဒီဟင်းဖိုးကို နှစ်ဆ ပေးရမယ်”

“မင်းက ဟင်းချက်တဲ့ စားဖိုမှူးလား။ ကောင်းတာပေါ့။ ငါက အကြောင်းပြချက် တစ်ခု၊ နှစ်ခု၊ သုံးခုလောက် ပေးနိုင်မယ်ဆိုရင် မင်းတို့ ငါ့ကို ငွေငါးတေလ်း ပေးမလား” ဖန်ကျန်းရီက လှောင်ပြုံးပြုံးလိုက်သည်။

“ရတယ်... သူ့ကိုယ်စား ကျုပ် သဘောတူတယ်” တာဝန်ခံက အလျင်စလို ဝင်ပြောလိုက်၏။

ဘေးရှိ စားဖိုမှူးက ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

ဖန်ကျန်းရီက ပြုံးလျက် ပန်းကန်ကို မကာ ငါးသားတစ်ဇွန်းကို ခပ်ယူလိုက်ပြီး ပြောလိုက်၏။ “ဒီငါးသားကို ကြည့်လိုက်၊ အရောင်က မဖြူလွန်းဘူး၊ အသားကလည်း လွယ်လွယ်ကွဲထွက်နေတယ်၊ မလတ်ဆတ်တာ။ အချိန်အကြာကြီး ထားထားတာ သေချာတယ်။

ပြီးတော့ ဟင်းရည်လုပ်တဲ့ ကြက်ဥအကာက အနည်းဆုံး နှစ်နာရီလောက် ထားထားတာပဲ၊ အဲဒါလည်း မလတ်ဆတ်ဘူး။

ငါးကို ဆီမသတ်ဘဲ ပေါင်းအိုးထဲ တန်းထည့်ပေါင်းထားတော့ မြေနံ့တွေ နံနေတယ်လေ။ ဒီလောက်နံနေတာကို မင်းတို့ မမြည်းမိဘူးလား။

ပေါင်းတဲ့ မီးအရှိန်က အရမ်းများပြီး ဆားကို စောစောထည့်လိုက်တော့ ငါးသားက ရင့်သွားတာပေါ့။

နောက်ဆုံးအနေနဲ့ ငါက နည်းနည်း ငန်ငန်လေး လုပ်ခိုင်းတာကို မင်းတို့ ဆားပိုမထည့်ထားဘူး။ ထမင်းဖြူ ဆယ်ပွဲကို ငါတို့နှစ်ယောက် ဘယ်လိုဆက်စားရမလဲ။”

အကုန်မှန်နေတာလား။

စားဖိုမှူးမှာ အလွန်အမင်း အံ့အားသင့်သွားပြီး မျက်နှာထားကလည်း အလိုလို ပျော့ပျောင်းသွား၏။ ပြီးနောက် တိုးတိုးလေး ပြောလိုက်သည်။ “တောင်းပန်ပါတယ်ခင်ဗျာ... ဒီနေ့ ကျုပ် တကယ့် စားတတ်သောက်တတ်တဲ့သူနဲ့ တွေ့သွားတာပဲ။ အခုပဲ ပြန်သွားပြီး အသစ် ပြန်လုပ်ပေးပါ့မယ်”

“အင်း... သွားတော့” ဖန်ကျန်းရီက လက်ဝှေ့ယမ်းလိုက်သည်။

“အစ်ကိုကြီး... ငွေငါးတေလ်းနော်။ ငွေငါးတေလ်း။” လိုင်ကော်အာက စိတ်လှုပ်ရှားစွာဖြင့် အကြိမ်ကြိမ် သတိပေးနေ၏။

“ထားလိုက်ပါတော့... နောက်တာကို မင်းက အတည်မှတ်နေသေးတယ်။ ငမွဲတွေဆီက ငွေကို ယူရတာ ဘာများကောင်းမှာလဲ။ အရင်ဆုံး ကြက်သားစား” ဖန်ကျန်းရီက ဂရုမစိုက်သည့် ပုံစံဖြင့် ပြောလိုက်သည်။

အခြားစားပွဲတစ်ဘက်တွင်။

“ဒုတိယသခင်မလေး... သခင်မလေးရဲ့ ငါးဟင်းရည် ရပါပြီ”

စားပွဲထိုးက ငါးဟင်းရည်ကို ချူယိုယီ၏ အရှေ့တွင် ချပေးလိုက်ရာ သူမက ဇွန်းကို အလျင်အမြန် ကောက်ကိုင်ကာ တစ်ငုံ သောက်လိုက်၏။

ချက်ချင်းပင် လှပသော မျက်လုံးများထဲတွင် အံ့သြသွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“တကယ်ပဲဟ... ဆီမသတ်ထားဘူး၊ မြေနံ့ နည်းနည်း ရနေတယ်။ အစေခံတစ်ယောက်က ဒီသခင်မလေး ထက်တောင် အစားအသောက် ရွေးတတ်နေသေးတယ်”

“ရှင်းကျူ... နင် သွားပြီး...”

အပိုင်း (၄၈၁) ရူးသွပ်စွာ ဟင်းပွဲမှာယူခြင်း။

ရူယီငါးဝါဟင်းရည်ကို ပြန်လည် ချက်ပြုတ်ပြီးနောက် ယွီဟွာစံအိမ်၏ တာဝန်ခံကိုယ်တိုင် ဟင်းပွဲကို ကိုင်ဆောင်ကာ ဖန်ကျန်းရီတို့ စားပွဲသို့ သတိထား၍ လာချပေး၏။

ဖန်ကျန်းရီ၏ တည်ငြိမ်နေသော မျက်နှာကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် တုန်လှုပ်နေမိသည်။

တော်တဲ့သူတွေကို မလေးစားလို့ မရဘူးလေ။ မျက်စိရှေ့က လူကြီးမင်းက ရိုးရိုးရှင်းရှင်း ဝတ်စားထားပေမဲ့ အရှိန်အဝါနဲ့ အမူအရာက သာမန်မဟုတ်ဘူး။

စားသောက်ဆိုင်မှာ စီးပွားရေးလုပ်လာတာ ဒီလောက်နှစ်ကြာနေပြီဆိုတော့ ထူးထူးဆန်းဆန်း အခြေအနေ မျိုးကို မကြုံဖူးတာလည်း မဟုတ်ဘူး။

ဒီလို ထူးဆန်းတဲ့သူမျိုးဆိုတာ မစော်ကားမိလေ အကောင်းဆုံးပဲ။

“ဧည့်သည်တော်ကြီးနှစ်ဦး... လူကြီးမင်းတို့ရဲ့ ရူယီငါးဝါဟင်းရည်ကို အသစ်ပြန်ချက်ပေးထားပါတယ်။ ပြီးတော့ အရန်ဟင်း နှစ်ပွဲလည်း ထပ်လက်ဆောင်ပေးထားပါတယ်၊ ကောင်းကောင်း သုံးဆောင်ပေးပါခင်ဗျာ”

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်ပြီး ဇွန်းဖြင့် ဟင်းရည်တစ်ဇွန်းကို ခပ်ယူကာ အနည်းငယ် မြည်းကြည့်လိုက်၏။

“အင်း... ဒီတစ်ခါတော့ မှန်သွားပြီ။ အမှတ်ဆယ်မှာ ရှစ်မှတ်လောက် ပေးလို့ရတယ်။ မီးအရှိန်က နည်းနည်း လိုသေးတယ်

ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီလောက်ပါပဲ။ ယူတိန့်မြို့မှာလည်း ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် စားစရာ ဘာမှ မှာလို့ရမှာ မဟုတ်ဘူးလို့ ထင်တယ်”

တာဝန်ခံက ပြုံးပြုံးလေး ပြောလိုက်၏။ “လူကြီးမင်း ပြောတာ မှန်ပါတယ်ခင်ဗျာ။ လူကြီးမင်း သဘောကျရင် ရပါပြီ။ ဒါဆို ဖြည်းဖြည်း သုံးဆောင်ပါ၊ ကျုပ် အနှောင့်အယှက် မပေးတော့ပါဘူး”

ထွက်သွားသည့် တာဝန်ခံ၏ ကျောပြင်ကို ကြည့်ရင်း လိုင်ကော်အာက အထင်ကြီးလေးစားစွာ ပြောလိုက်သည်။ “အစ်ကိုကြီး... အစ်ကိုက တကယ် တော်တာပဲ။ သူ့အမူအရာက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒီလောက် ကောင်းသွားရတာလဲ”

ဖန်ကျန်းရီက ရယ်မောလိုက်၏။ “မင်းပဲ ယွီဟွာစံအိမ်က ယူတိန့်မြို့မှာ အကောင်းဆုံး စားသောက်ဆိုင်လို့ ပြောတယ်လေ။ အကောင်းဆုံးဆိုတာ အစားအသောက်တင် ကောင်းလို့မရဘူး၊ ဝန်ဆောင်မှုကလည်း အရေးကြီးတယ်

ပြီးတော့ မင်းလည်း ဘယ်ရောက်ရောက် မကြောက်နဲ့။ အရည်အချင်းရှိမှ တခြားသူတွေက မင်းကို လေးစားမှာ။ အရည်အချင်းမရှိရင်တောင် ဟန်ဆောင်တတ်ရမယ်။ အချိန်ကြာကြာ ဟန်ဆောင်နိုင်ရင် မင်းရဲ့ အရည်အချင်း တွေကလည်း ဟန်ဆောင်ရာကနေ အစစ်ဖြစ်လာလိမ့်မယ်။ အေးအေးဆေးဆေး နေတတ်ရမယ်။ စား”

လိုင်ကော်အာက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး ခေါင်းငုံ့ကာ စတင်စားသောက်တော့၏။

ဖန်ကျန်းရီကလည်း ဖြည်းဖြည်းချင်း ငါးဟင်းရည်ကို သောက်နေသည်။

ပထမတစ်နပ်က အငမ်းမရ စားလိုက်ရသဖြင့် ဘာအရသာမှ သေချာ မသိလိုက်ရချေ။ ဒုတိယတစ်နပ်မှာတော့ သေချာလေး ဂရုစိုက်ရမည်။

တစ်ဝက်ခန့် စားပြီးချိန်တွင် စားပွဲထိုးက မျက်နှာချိုသွေးကာ ရုတ်တရက် ပေါ်လာသည်။

ဖန်ကျန်းရီ၏ ဘေးသို့ လျှောက်လာပြီး ပြောလိုက်၏။ “ဧည့်သည်တော်ကြီး... ဒီနေ့ လူကြီးမင်းတို့ ဒီဆိုင်မှာ စားသမျှ အရာအားလုံးကို ဒုတိယသခင်မလေးက ဒကာခံထားပါတယ်”

“ဒုတိယသခင်မလေး”

ဖန်ကျန်းရီက ဘေးသို့ စောင်းငဲ့ကြည့်လိုက်ရာ ချူယိုယီက သူ့ကို ကြည့်ကာ ပြုံးနေသည်ကို မြင်လိုက်ရသဖြင့် မျက်မှောင်ကုတ်သွားမိသည်။

“အစ်ကိုကြီး... တစ်ယောက်ယောက်က ကျုပ်တို့ကို ထမင်းကျွေးမလို့တဲ့၊ ဒီလို ကောင်းတဲ့ကိစ္စမျိုး ရှိသေးတယ်” လိုင်ကော်အာက ဝက်ရုပ်ပေါက်နေသော မျက်နှာထားဖြင့် ထပ်မံ ပြောလိုက်ပြန်၏။

“အဲဒီ ဒုတိယသခင်မလေးကို သွားပြောလိုက်။ ငါတို့ဘာသာ စားမယ်လို့။ ဟိုဘက် စားပွဲကို ဒီထမင်း နည်းနည်းလောက် ချပေးလိုက်၊ သူ့ရဲ့စေတနာကို ကျေးဇူးတင်တယ်လို့။” ဖန်ကျန်းရီက လက်ဝှေ့ယမ်းကာ စားပွဲထိုးကို မောင်းထုတ်လိုက်သည်။

လိုင်ကော်အာက ငတုံးလို မေးလိုက်၏။ “အစ်ကိုကြီး... လူတစ်ယောက်က ထမင်းကျွေးတာကို ဘာလို့ မစားရတာလဲ”

“စား စား စား... မင်းက ဝက်ဦးနှောက်လား။ ဇာစ်မြစ်မသိတဲ့ မိန်းမချောလေးက မင်းကို ထမင်းကျွေးတာလေ။ သူက ဘာကို မျှော်လင့်နေတာလဲ။ သေချာပေါက် ပြဿနာရှိတယ်။ မိန်းမချောလေးတွေက လိမ်တဲ့နေရာမှာ အတော်ဆုံးပဲ။ ဒီလိုမျိုး လာစမ်းတာကို လက်မခံနဲ့ … တစ်နေ့နေ့ကျရင် ကျောက်ကပ် အလှီးခံရတာတောင် မသိလိုက်ဘဲ နေမယ်”

“အစ်ကိုကြီးက အလိမ်ခံရဖူးလို့လား” လိုင်ကော်အာက မေးသည်။

ဖန်ကျန်းရီက ရယ်မောလိုက်၏။ “လိမ်တယ် ဟုတ်လား။ အစ်ကိုကပဲ သူများတွေကို လိမ်တာ၊ ပြီးတော့ မိန်းမချောလေးတွေကိုပဲ လိမ်တာ”

သူတို့နှစ်ယောက် စားရင်း စကားပြောနေချိန်တွင် ချူယိုယီက သူတို့ကို စပ်စုချင်စိတ်ဖြင့် အကဲခတ်နေ၏။

ထိုအချိန်တွင် စားပွဲထိုးက ထမင်းဖြူတစ်ပန်းကန်ကို ကိုင်ကာ ချူယိုယီ၏ အရှေ့တွင် လာချပေးသည်။

ချူယိုယီက မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး မေးလိုက်၏။ “ထမင်း လာချပေးပြီးပြီလေ၊ ဘာလို့ နောက်တစ်ပွဲ ထပ်လာချပေးတာလဲ”

စားပွဲထိုးက အနည်းငယ် အနေရခက်စွာဖြင့် ရှင်းပြသည်။ “ဒုတိယသခင်မလေး... ဟိုနှစ်ယောက်က သခင်မလေး ကျွေးစရာမလိုဘူးတဲ့။ ဒီထမင်းပွဲက ဟိုလူကြီးက လက်ဆောင်ပေးလိုက်တာပါ၊ သခင်မလေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်တဲ့”

“ဖူး” ရှင်းကျူက ဖူးခနဲ ရယ်မောလိုက်မိ၏။

ချူယိုယီက သူမကို နားမလည်သလို လှမ်းကြည့်လိုက်သည်။

ရှင်းကျူက ပါးစပ်ကို ပိတ်ကာ တိုးတိုးလေး ရယ်မောရင်း ပြော၏။ “သခင်မလေး... ဒီထမင်းက အလကားရတာလေ။ သူတို့နှစ်ယောက်က ပိုက်ဆံမရှိဘဲနဲ့ အထက်စီးက လာလုပ်နေတာပဲ။”

“ဟားဟား... ဒီငတုံးနှစ်ကောင်က တော်တော် လေလုံးထွားတာပဲ။ ယွီဟွာစံအိမ်တောင် သူတို့ကို မဖြည့်ဆည်းပေးနိုင်ဘူးဆိုတော့ သူတို့မှာ ပိုက်ဆံရှိရင် ဘာတွေများ မှာစားနိုင်မလဲဆိုတာ ငါ သိချင်လိုက်တာ” ချူယိုယီကလည်း ပါးစပ်လေးကို ပိတ်ကာ တိုးတိုးလေး ရယ်မောနေသည်။

“စားပွဲထိုး... မင်း သွားပြီး သူတို့ကို ပြောလိုက်။ စိတ်မပူနဲ့ … ဒီနေ့ သူတို့ စားသမျှ အကုန်လုံးကို ငါ့စာရင်းနဲ့ မှတ်ထားမယ်လို့ သူတို့ကို ကြိုက်တာ မှာစားခိုင်းလိုက်”

စားပွဲထိုး၏ မျက်လုံးများထဲတွင် အားကျသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် ဖန်ကျန်းရီတို့ စားပွဲသို့ သွားရောက်ကာ စကားပြန်ပြောပြ၏။

လိုင်ကော်အာက နားထောင်ပြီးနောက် အံ့အားသင့်စွာ ပြောလိုက်သည်။ “အစ်ကိုကြီး... အဲဒီ ကောင်မလေး နှစ်ယောက်က ကျုပ်တို့ကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်”

ဖန်ကျန်းရီက ချူယိုယီဘက်သို့ ကြည့်လိုက်ရာ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်နေပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်၏။ “ဖြစ်နိုင်တယ်... ကြည့်လေ၊ သူ ငါ့ကို ပြုံးတောင် ပြနေသေးတယ်”

စားပွဲထိုးမှာ ချက်ချင်းပင် အထင်သေးသည့် အမူအရာ ပေါ်လာသည်။

ချီးပဲ... အစေခံနှစ်ကောင်ကများ ဘယ်ကနေ ဒီလောက် ယုံကြည်မှုတွေ လာနေတာလဲ။ တကယ်ကို စိတ်ပျက်စရာပဲ။

ချူယိုယီက သွားဖြူဖြူလေးများ ပေါ်အောင် ပြုံးပြနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက သူမဘက်သို့ ကိုယ်ကို လှည့်ကာ လက်သီးဆုပ်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “သခင်မလေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့က ခဏလောက် ဆုံတွေ့ရုံလေးပါ။ အများကြီး စားလိုက်ရင် သခင်မလေး ထမင်းဖိုး မလောက်မှာ စိုးလို့ပါ၊ ပြီးတော့ ငွေကုန်ကြေးကျ များမှာလည်း စိုးရိမ်လို့ပါ”

ချူယိုယီက ထိုစကားကို ကြားသောအခါ အပြုံးက ပိုမို တောက်ပလာခဲ့သည်။

“ရှင်းကျူ... ဒီငတုံးနှစ်ကောင်က ငါတို့ ထမင်းဖိုး မရှင်းနိုင်မှာကိုတောင် စိုးရိမ်နေသေးတယ်ဟ။ ဟားဟား”

ရှင်းကျူက ဖန်ကျန်းရီကို လှမ်းပြောလိုက်၏။ “စားကြပါ... ကျွန်မတို့ သခင်မလေးက ရှင်တို့ကို ထမင်းကျွေးတာက ရှင်တို့ကို နေရာပေးလို့ပဲ။ ကြိုက်တာမှာ... အဝစားကြ။ ငွေဘယ်လောက်ကုန်ကုန် ရတယ်”

လိုင်ကော်အာက ဖန်ကျန်းရီ၏ အင်္ကျီလက်စကို ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။ “အစ်ကိုကြီး... သူက တကယ်ပဲ အစ်ကို့ကို သဘောကျနေတာ ဖြစ်မယ်လို့ ကျုပ် ထင်တယ်”

“မတုံးစမ်းပါနဲ့။ ကော်အာ... မင်း ကောင်းကောင်းမွန်မွန် စားချင်လား”

“စားချင်တယ်”

“ကောင်းပြီ၊ အတော်ပဲ တစ်ယောက်ယောက်က ကျွေးမယ်ဆိုတော့.. ပြီးတော့ ဒီနေ့ ငါတို့ ပိုက်ဆံလည်း မလောက်ဘူးဆိုတော့ ဒီအခွင့်အရေးကို ယူပြီး ဝအောင် စားလိုက်ကြတာပေါ့” ဖန်ကျန်းရီက တဟားဟား ရယ်မောလိုက်၏။

“အစ်ကိုကြီး... ပြဿနာတက်မှာကို မကြောက်ဘူးလား”

“ကြောက်စရာလား။ မင်း အစ်ကိုက ပြဿနာကို ဘယ်တုန်းက ကြောက်ဖူးလို့လဲ။ ပြီးတော့ သူတို့က ဒီလောက်တောင် စေတနာပါနေတာဆိုတော့ ထပ်ငြင်းနေရင် မယဉ်ကျေးရာ ကျလိမ့်မယ်”

ဖန်ကျန်းရီက အင်္ကျီလက်စကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ “စားပွဲထိုး... ဟင်းမှာမယ်။ သစ်သီးလတ်လတ်ဆတ်ဆတ် မလိုတော့ဘူး။ အသီးခြောက်က လိုင်ချီး၊ တရုတ်ဆီးသီး၊ စွန်ပလွံသီးပေါင်း၊ ငွေဗာဒံသီး... ချဉ်ငံစပ်က ချယ်ရီသီး၊ ...။

နောက်ပြီး အရက်မြည်းဖို့ ဟင်းရှစ်ပွဲ၊ ငုံးကင်၊ ဘဲခြေထောက်ကြော်၊ ကြက်လျှာဟင်းရည်... ချင်းဆားရည်စိမ် ဝက်ခြေထောက် ပေး။

နောက်ထပ် ဟင်းပွဲ တစ်ဆယ့်ရှစ်ပွဲ၊ မုန့် သုံးမျိုး... နျူအာဟုန် အရက်တစ်အိုး၊ သက်တမ်းရင့်တာလေး ရွေးပေး၊ ဒါပဲ။”

“ဒိုင်း”

ချူယိုယီ၏ လက်ထဲမှ လက်ဖက်ရည်ခွက်က စားပွဲပေါ်သို့ ပြုတ်ကျသွားပြီး မျက်နှာကလည်း အနည်းငယ် ဖြူလျော်သွား၏။

“ရှင်း... ရှင်းကျူ... သူ ဟင်းဘယ်နှစ်ပွဲ မှာလိုက်တာလဲ”

“... သုံးဆယ်ကျော်လောက် ရှိမယ်” ရှင်းကျူက တံတွေးမြိုချလိုက်သည်။

ဒီနေ့တော့ မျက်နှာပြောင်တိုက်တဲ့ သူခိုးနဲ့ တွေ့တာပဲ၊ နည်းနည်းလေးတောင် အားနာမှု မရှိဘူး။

“ဒုတိယသခင်မလေး... စုစုပေါင်း ဆယ့်ကိုးတေလ်း ခုနစ်မူး လေးဖန်း ကျပါတယ်... သခင်မလေးအတွက် ဆယ့်ကိုးတေလ်း ခုနစ်မူးပဲ မှတ်ထားလိုက်မယ်လေ၊ အဆင်ပြေလား”

လဝက်စာ ထမင်းဖိုးလောက် ကုန်သွားတာလား။

ချူယိုယီ၏ မျက်နှာက အနည်းငယ် ဖြူလျော်နေပြီး စားပွဲထိုးကို လက်ဝှေ့ယမ်းကာ မောင်းထုတ်လိုက်၏။

“ရှင်းကျူ... ငါ နောင်တရသွားပြီ... ဒီနှစ်ယောက် ဘာလို့ ဒီလောက် မျက်နှာ ပြောင်ရတာလဲ”

“ကိစ္စမရှိပါဘူး သခင်မလေး... သူတို့ စားပြီးရင် အိမ်ခေါ်သွားပြီး သူတို့စာရင်းထဲပဲ ပြန်ထည့်လိုက်လို့ ရပါတယ်”

ထိုစကားကို ကြားသောအခါ ချူယိုယီက ချက်ချင်း ပြန်လည် ပြုံးရွှင်သွား၏။ “ကောင်းတာပေါ့။ အိမ်ပြန်ရောက်ရင် ဒီကောင်နှစ်ကောင်ကို ခြောက်လှန့်ပစ်ရမယ်၊ ချူအိမ်တော်ရဲ့ နာမည်ကို သုံးပြီး ဒီလောက်တောင် မောက်မာနေတာဆိုတော့ မှတ်လောက်အောင် လုပ်ပေးရမယ်”

ဟင်းပွဲများစွာ မှာလိုက်သဖြင့် လိုင်ကော်အာပင်လျှင် အလွန်အမင်း လွန်ကျူးနေပြီဟု ခံစားလိုက်ရသည်။ ထို့ကြောင့် မနေနိုင်ဘဲ သတိပေးလိုက်၏။ “အစ်ကိုကြီး... ဒီလောက် အများကြီး မှာတာ စားကုန်ပါ့မလား။ ပြီးတော့ သူများ ကျွေးတာကို ဒီလိုလုပ်တာ မသင့်တော်ဘူးမလား”

“မသင့်တော်တာ ဘာမှမရှိဘူး၊ အစ်ကို ချေးလိုက်တယ်လို့ မှတ်လိုက်၊ နောက်ကျရင် ဆယ်ဆ ပြန်ဆပ်ပေးမယ်”

ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်လိုက်ပြီး ခဏနေလျှင် ရောက်လာမည့် ဟင်းပွဲများကို မျှော်လင့်နေမိသည်။

ဤမျှအများကြီး မှာရခြင်းတွင် အခြားရည်ရွယ်ချက် မရှိချေ။

မကုန်ရင် ထုပ်ပိုးပြီး ယူသွား၍ရသည်။ ရာသီဥတုက အေးနေသောကြောင့် ဟင်းတွေကလည်း အထားခံသည်။

နောက်ရက်တွေအတွက် ထမင်းဖိုး ရသွားပြီဖြစ်ရာ ပိုက်ဆံထွက်ရှာဖို့ ဦးနှောက်စားခံပြီး မပင်ပန်းချင်တော့ချေ။

ယူတိန့်မြို့ကို ရောက်လာတာက အပန်းဖြေဖို့လေ၊ ပိုက်ဆံရှာဖို့မှ မဟုတ်တာ။

အချိန်တွေ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ ဟင်းချပေးသည့် စားပွဲထိုး ဆယ်ယောက်ကျော်က တစ်ယောက်ပြီး တစ်ယောက် ဟင်းပွဲများကို လာချပေးနေကြ၏။

All Chapters