အခန်း (၅၆၁-၅၆၂)
Vol. 48 Ch. 561-562
အပိုင်း (၅၆၁)
မိဖုရားကြီးက မေးလိုက်သည်။ “အောက်မင်... ရှင် ပြောကြည့်ပါအုံး။ အခု ဘယ်လို လုပ်သင့်လဲ။”
အောက်မင်၏ မျက်နှာ ဖြူရော်နေပြီး မျက်လုံးများကို မှိတ်ကာ ဦးနှောက်ကို အမြန်ဆုံး အလုပ် လုပ်နေတော့၏။
နောက်ဆက်တွဲအနေဖြင့် သူ ဘယ်လို လုပ်ရမည်နည်း။ အထူး ကိုယ်စားလှယ်ကို လုပ်ကြံသည် ဆိုခြင်းမှာ သေချာပေါက် အောက်ယွီ၏ သေစေလောက်သည့် တိုက်ခိုက်မှု၏ အစပျိုးမှု သက်သက်သာ ဖြစ်သည်။
သူက ဤကဲ့သို့ လုပ်ရဲသည်ဆိုလျှင် လုပ်ကြံမှုတွင် ဘာအပြစ်အနာအဆာမှ မရှိဘူး ဆိုသည်မှာ သေချာသည်။ ထို့အပြင် အထူး ကိုယ်စားလှယ်ကို လုပ်ကြံသည့် ကိစ္စက သေချာပေါက် အစပျိုးမှု တစ်ခုဖြစ်ပြီး နောက်ဆက်တွဲ အနေဖြင့် ပိုကြီးမားသည့် ကိစ္စများကို ဖောက်ခွဲပစ်ဦးမှာဖြစ်ကြောင်း စဉ်းစားလို့နေ၏။
နင်ဟွိုင်အန်းက အော်လိုက်သည်။ “အောက်မင်... ခင်ဗျား စကားပြောလေ။”
အောက်မင်သည် ခေါင်းမော့ကာ မိဖုရားကြီးနှင့် နင်ဟွိုင်အန်း တို့ကို ကြည့်လိုက်ပြီး အချိန် အတော်ကြာပြီးမှသာ ပြောလိုက်၏။ “လက်မောင်းကို ဖြတ်ပြီး အသက်ကို ကယ်တင်ရမယ်။”
နင်ဟွိုင်အန်းက အေးစက်စက်ဖြင့် မေးလိုက်သည်။ “ဘာ လက်မောင်းကိုဖြတ်ပြီး အသက်ကို ကယ်တင်ရမှာလဲ။ ကျိုးလီကို ရေထဲ ဆွဲချပြီး အောက်ယွီကို ကိုက်ခဲထားရင် အားလုံး အဆင်ပြေသွားပြီလို့ ပြောခဲ့တယ် မဟုတ်လား။”
အောက်မင်က ပြန်ပြောလိုက်၏။ “အမှုကို စစ်ဆေးတော့မှာ မဟုတ်ဘူး။ စစ်ဆေးဖို့လည်း မလိုတော့ဘူး။ မိဖုရားကြီး... အကယ်၍ ကျုပ်ကို ယုံကြည်တယ် ဆိုရင် အခုချက်ချင်း လက်မောင်းကို ဖြတ်ပြီး အသက်ကို ကယ်တင်ဖို့ လုပ်တာ အချိန်မီပါသေးတယ်။ နောက်ကျသွားရင် အချိန် မမီတော့ဘူး။”
ထို့နောက် အောက်မင်သည် ရုတ်တရက် မတ်တတ်ရပ်ကာ ပြောလိုက်၏။ “မိဖုရားကြီး... ကျုပ် ပြန်ခွင့်ပြုပါအုံး။”
ထို့နောက် အောက်မင်သည် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့၏။ အကြောင်းမူကား အချိန် အရမ်း ကျပ်တည်းနေပြီး သူ အချိန် မမီတော့မည်ကို စိုးရိမ်သောကြောင့်ပင်။
အိမ်သို့ ပြန်ရောက်ပြီးနောက် အောက်မင်သည် လျှို့ဝှက် စာလွှာ နှစ်စောင်ကို ချက်ချင်း ရေးသားလိုက်သည်။
ပထမ လျှို့ဝှက်စာလွှာမှာ အောက်မိသားစုတွင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆန်ကို အကျင့်ပျက် ခြစားသည့် ကိစ္စတွင် ပါဝင်ပတ်သက်နေသူ ရှိကြောင်းကို တရားမျှတမှုအတွက် ဆွေမျိုးကိုပင် အပြစ်ပေးမည့် စိတ်ဓာတ်ဖြင့် တိုင်ကြား ဖော်ထုတ်ထားခြင်း ဖြစ်၏။
ဒုတိယ လျှို့ဝှက်စာလွှာမှာ အောက်မင်သည် ဧကရာဇ်ဟောင်းနှင့် ဧကရာဇ် တို့ထံ အပြစ်ဝန်ခံပြီး ရာထူးများ အားလုံးမှ နုတ်ထွက်ကြောင်း တင်ပြထားခြင်းပင် ဖြစ်သည်။
လျှို့ဝှက်စာလွှာ နှစ်စောင်ကို ရေးသားပြီးနောက် အောက်မင်သည် ညတွင်းချင်း ဝန်ကြီးချုပ် လင်ကုန်းကို အကူအညီ တောင်းကာ လျှို့ဝှက်စာလွှာ နှစ်စောင်ကို နန်းတော် အတွင်းသို့ ပို့ဆောင်စေပြီး ဧကရာဇ်ဟောင်း နှင့် ဧကရာဇ် တို့ထံသို့ ပေးအပ်စေခဲ့၏။
သူ၏ တုံ့ပြန်မှုမှာ အမှန်တကယ်ပင် အလွန် မြန်ဆန်လွန်းလှသည်။
အဘယ်ကြောင့်ဆိုသော် ယခုအခါ အထူး ကိုယ်စားလှယ်ကို လုပ်ကြံသည် ဆိုသော အမှု၏ အမှန်တရားကို မဖော်ထုတ်ရသေးသလို လန်ကျိုး၏ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆန်ကို အကျင့်ပျက် ခြစားသည့် အမှုကိုလည်း မဖော်ထုတ်ရသေးသောကြောင့် အောက်မင်သည် ကိုယ်တိုင် တိုင်ကြား ဖော်ထုတ်သည့် အဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်၏။
အပြစ်ဝန်ခံသည့် လျှို့ဝှက်စာလွှာ နှစ်စောင်ကို ရေးသားပြီးနောက် အောက်မင်သည် အိမ်တွင်သာ နေထိုင်ပြီး အမိန့်တော်ကို စောင့်မျှော်နေတော့သည်။
နန်းတော်အတွင်း၌ ဧကရာဇ်ဟောင်းသည် အောက်မင်၏ လျှို့ဝှက် စာလွှာကို ယွင်ကျုံးဟဲ့ ထံသို့ ကမ်းပေးလိုက်၏။
“အောက်ယွီ... မင်းရဲ့ ဒီအစ်ကိုဟာ တကယ်ကို တော်တာပဲ။ ဒီလောက် မြန်ဆန်တဲ့ တုံ့ပြန်မှုမျိုးက တကယ်ကို အံ့ဩစရာ ကောင်းလွန်းပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “သူက မိဖုရားကြီးရဲ့ အဖွဲ့အစည်းထက် ခြေလှမ်း သုံး၊ လေးလှမ်းလောက် ကြိုမြင်နေတာပဲ။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ဟုတ်ပါတယ်။ မိဖုရားကြီးဘက်က ဒီလုပ်ကြံမှုဟာ ကျုပ် ကိုယ်တိုင် ဖန်တီးထားတဲ့ ပြဇာတ်လား ဆိုတာကို အကြီးအကျယ် စုံစမ်းစစ်ဆေးဖို့ စီစဉ်နေတုန်းမှာ အောက်မင်ကတော့ အဆင့်အတော်များများနောက်က သနားဖွယ်ကောင်းတဲ့ အဆုံးသတ်ကို ကြိုမြင်သွားပြီဖြစ်လို့ ရက်အတော်ကြာ ကြိုတင်ပြီး ဒီကိစ္စနဲ့ သူ့ကိုယ်သူ ခွဲထုတ်ပစ်လိုက်တာပါ။ တကယ် တော်လွန်းပါတယ်။”
ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “သူက မင်းတို့ အောက်မိသားစုက လူပဲ။ ဘယ်လို လုပ်ရမလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “သူ့အဖေဟာ အခု ကျန်းရှီး စစ်သေနာပတိ ဖြစ်နေပြီး အနောက်ဘက် နယ်စပ်ရဲ့ စစ်အာဏာကို ချုပ်ကိုင်ထားတဲ့အတွက် တစ်ခါတည်းနဲ့ အမြစ်ပြတ် ရှင်းလင်းဖို့ ခက်ခဲပါသေးတယ်။”
ဧကရာဇ်ဟောင်းက ထပ်မေးလိုက်သည်။ “ဒါဆို ဘယ်လိုလုပ်မလဲ။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “ဒါဆိုရင် အောက်မင်ကို အပြစ်ကြေအောင် လုပ်ခွင့် ပေးလိုက်တာပေါ့။ အောက်မိသားစုရဲ့ အကျင့်ပျက် ခြစားမှု အမှုကို သူ့ဘာသာသူ သွားစစ်ဆေးခိုင်းလိုက်ပါ။ ဒါက ကျုပ်တို့ သူ့အပေါ် ယုံကြည်မှု ရှိတယ် ဆိုတာကို ပြသရာလည်း ရောက်တာပေါ့။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ ဧကရာဇ်ဟောင်း အနည်းငယ် အံ့ဩသွားပြီးနောက် ပြောလိုက်သည်။ “ကလေး... မင်းက တကယ်ကို ရန်ငြိုး ထားတတ်တာပဲ။”
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဧကရာဇ်ဟောင်း ဘယ်လို ထင်လဲ။”
ဧကရာဇ်ဟောင်းက ပြန်ဖြေလိုက်သည်။ “မင်း သဘောအတိုင်းပဲ။ ဒါဆို မင်းပဲ သွားပြီး အောက်မင်ကို အမိန့်တော် သွားဖတ်ပြလိုက်တော့။”
ယွင်ကျုံးဟဲ့က ပြန်ပြောလိုက်၏။ “ကောင်းပါပြီ။”
သူ၏ ဤလုပ်ရပ်မှာ အမှန်တကယ်ပင် ပြိုင်ဘက်ကင်း ရက်စက်လွန်းလှသည်။
နုလန်ဟောက် အောက်ယွီသည် ဧကရာဇ်ဟောင်း၏ အမိန့်တော်ကို ကိုင်ဆောင်ကာ ဖိန်ရှီးဟောက် အိမ်တော်သို့ ထွက်ခွာသွားတော့၏။
“အစ်ကို...” ယွင်ကျုံးဟဲ့က အောက်မင်ကို အရင်ဆုံး နှုတ်ဆက်လိုက်သည်။
အောက်မင်က ပြန်ပြောလိုက်၏။ “ညီလေး အောက်ယွီ... လာပြီလား။ ဒါ ခင်ဗျား ကျုပ်ရဲ့ အိမ်ကို ပထမဆုံးအကြိမ် လာတာ မဟုတ်လား။ မြန်မြန်... မြန်မြန်... မြန်မြန် ဝင်လာခဲ့။”
နောက်ဆက်တွဲ အနေဖြင့် အောက်မင်သည် အောက်ယွီအတွက် ကိုယ်တိုင် လက်ဖက်ရည် ဖျော်ပေးကာ တကယ့်ကို ညီအစ်ကိုများ ချစ်ခင်ကြင်နာသည့် ပုံစံမျိုး ပြသနေသည်။
“ညီလေး... အဖေရဲ့ ကျန်းမာရေး အခုတလော ဘယ်လိုနေလဲ။ ချောင်းဆိုးတာ သက်သာသွားပြီလား။”
အောက်မင်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ “အရင်တစ်ခေါက် အဖေ့ကို တွေ့တုန်းက သူ့ရဲ့ ဆံပင်တွေတောင် ဖြူကုန်ပြီ။”
အောက်ရှင်းက အောက်မင်ကို သားအဖြစ် အသိအမှတ် မပြုတော့သော်လည်း အောက်မင်ကတော့ အမြဲတမ်း အဖေ ဟုသာ ခေါ်ဆိုနေသည်။
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်၏။ “အဖေက ချောင်းမဆိုးတော့ပါဘူး။ ဒါပေမဲ့ အများကြီး အိုမင်းသွားပါတယ်။”
အောက်မင်သည် မျက်ရည်ဝဲကာ ပြောလိုက်သည်။ “အဖေက ဒီတစ်သက်မှာ အင်ပါယာအတွက် အရမ်းကို ပေးဆပ်ခဲ့ရပါတယ်။”
အချင်းချင်း ညီအစ်ကို သံယောဇဉ်များအကြောင်း ပြောဆိုပြီးနောက် အောက်မင်က မေးလိုက်၏။ “ဟုတ်သားပဲ ညီလေး... ဒီတစ်ကြိမ် ခင်ဗျား ကျုပ်ဆီ လာတာ ဘာကိစ္စ ရှိလို့လဲ။ ဘာကိစ္စပဲဖြစ်ဖြစ် ကျုပ်ကို ပြောပါ။ ခင်ဗျားအတွက် သေချာပေါက် လုပ်ပေးပါ့မယ်။”
ယွင်ကျုံးဟဲ့က ပြန်ဖြေလိုက်သည်။ “ကျုပ်က အစ်ကို့အတွက် ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ကို ယူလာတာပါ။”
အောက်မင်က ပြောလိုက်၏။ “ညီလေး... မင်းက ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်ကို ယူလာတာကို ဘာလို့ စောစော မပြောတာလဲ။ အစ်ကိုက တံခါးကြီး ဖွင့်ပြီး ကြိုဆိုရမှာပေါ့။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒီလို စည်းကမ်းတွေ သိပ်ဂရုစိုက်မနေပါနဲ့တော့။ ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်... အောက်မင် အမိန့်တော်ကို ခံယူပါ။”
အောက်မင် ချက်ချင်း ဒူးထောက်လိုက်တော့၏။
ယွင်ကျုံးဟဲ့က ဖတ်ပြလိုက်သည်။ “အောက်မင်... ခင်ဗျားရဲ့ လျှို့ဝှက် စာလွှာကို ကိုယ်တော် ဖတ်ပြီးပြီ။ အရမ်းကို စိတ်လှုပ်ရှားမိတယ်။ ကျွမ်းယွမ်အသစ်ဆိုတဲ့ ဘွဲ့ထူးနဲ့ တကယ်ကို ထိုက်တန်ပါတယ်။ အမှားအမှန်ကို နားလည်ပြီး စိတ်ထဲမှာ နန်းတွင်းကို တစ်ဖက်၊ မိသားစုကို တစ်ဖက် ထားနိုင်တဲ့ သစ္စာတရားရော မိဘကျေးဇူးပါ သိတတ်တဲ့ သူတစ်ယောက်ပါ။ အင်ပါယာမှာ ခင်ဗျားလို အရည်အချင်းရှိတဲ့ သူ ရှိနေမှတော့ နိုင်ငံတော် ကြီးပွားတိုးတက်ဖို့ ဘာပူစရာ ရှိတော့မှာလဲ။”
ဤနေရာသို့ ရောက်ချိန်မှာတော့ အောက်မင်သည် မျက်ရည်များ ကျဆင်းလာပြီး နဖူးကို မြေပြင်ပေါ်တွင် ကပ်ထားကာ ဧကရာဇ်ဟောင်း၏ စကားကြောင့် မျက်ရည်ကျမတတ် စိတ်လှုပ်ရှားသွားသကဲ့သို့ ဖြစ်နေ၏။
ယွင်ကျုံးဟဲ့က ဆက်လက် ဖတ်ပြလိုက်သည်။ “ခင်ဗျားရဲ့ နုတ်ထွက်စာကို ကိုယ်တော် ပယ်ချလိုက်တယ်။ ခင်ဗျားက နိုင်ငံတော်ရဲ့ အရည်အချင်းရှိတဲ့ သူတစ်ယောက် ဖြစ်နေတာကို ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လွှတ်ခံလို့ ရမှာလဲ။
အောက်မိသားစုထဲမှာ အကျင့်ပျက် ခြစားတဲ့သူတွေ ရှိနေတာ ကိုယ်တော်လည်း ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ကိုယ်တော်က ခင်ဗျားကို လုံးဝ ယုံကြည်ပါတယ်။ ဒါကြောင့် ခင်ဗျားကို ကျန်းကျိုးမြို့ကို အထူး စေလွှတ်လိုက်တယ်။ အောက်မိသားစုရဲ့ ကိစ္စကို အောက်မင်... ခင်ဗျား ကိုယ်တိုင် သွားစစ်ဆေးလိုက်။ အမိန့်တော်...”
အမိန့်တော်ကို ဖတ်ပြပြီးနောက် ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အစ်ကို... ဧကရာဇ်ဟောင်းရဲ့ ခင်ဗျားအပေါ် ယုံကြည်မှုက တကယ်ကို အားကျစရာ ကောင်းပါတယ်။ အမိန့်တော်ကို လက်ခံလိုက်ပါတော့။”
သို့ပေမည့် အောက်မင်၏ ခန္ဓာကိုယ်မှာမူ တောင့်တင်းနေပြီး ခေါင်းမှစ၍ ခြေဖျားအထိ လုံးဝ အေးစက်လို့နေ၏။ ဤအမိန့်တော်ကို ကြားပြီးနောက် သူ၏ ဦးရေပြား တစ်ခုလုံး အမှန်တကယ်ပင် လန်ထွက်သွားလုမတတ် ဖြစ်သွားတော့သည်။
‘အောက်ယွီ... ခင်ဗျား အရမ်း ယုတ်မာတယ်... အရမ်း ယုတ်မာတာပဲ။’
ဧကရာဇ်ဟောင်း၏ အမိန့်တော်သည် အပေါ်ယံတွင်တော့ အောက်မင်ကို ယုံကြည်ကြောင်း ပြသနေ သော်လည်း တကယ်တမ်းတွင်မူ အောက်မင်ကို ကျန်းကျိုးမြို့သို့ သွားရောက်ပြီး ဘိုးဘိုးကြီး အောက်ထင်ကို သတ်ပစ်ရန် ခိုင်းစေလိုက်ခြင်း ဖြစ်၏။
‘ခင်ဗျား အောက်မင်က ဒီ အံ့ဩတုန်လှုပ်ဖွယ်ရာ အမှုကြီးနဲ့ ဆက်စပ်မှု မရှိအောင် ကိုယ့်ကိုယ်ကိုယ် ခွဲထုတ်ချင်နေတာ မဟုတ်လား။ ရပါတယ်. ခင်ဗျားကို အခွင့်အရေး ပေးမယ်။ ခင်ဗျားကိုယ်တိုင် သွားလုပ်လိုက်။’
ထိုစကားကို ကြားလိုက်ရသည့်အခါ အောက်မင်မှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ ဤသည်မှာ မိမိ၏ အဘိုးအရင်းကို မိမိကိုယ်တိုင် လက်ဖြင့် သတ်ဖြတ်ရန် အမိန့်ပေးခံလိုက်ရခြင်း ဖြစ်ပေရာ ထိုအခြေအနေသည် သူ၏ စိတ်နှလုံးကို အကြီးအကျယ် ပူလောင်စေခဲ့သည်။
“အစ်ကို အောက်မင်... ခင်ဗျားက ဧကရာဇ်ဟောင်းရဲ့ ယုံကြည်မှုနဲ့ ချစ်ခင်မှုကို ဖြုန်းတီးပစ်မလို့လား။” ယွင်ကျုံးဟဲ့က အေးစက်စက်ဖြင့် မေးလိုက်၏။
အောက်မင် တစ်ကိုယ်လုံး တုန်ယင်နေပြီး အက်ကွဲနေသည့် လေသံဖြင့် ဦးညွတ်ကာ ပြောလိုက်သည်။ “ကျုပ်... အမိန့်တော်ကို ခံယူပါတယ်။”
ယွင်ကျုံးဟဲ့သည် မျက်လုံးများကို မှေးကာ စိတ်ထဲတွင် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေတော့၏။ ‘အစ်ကို အောက်မင်... ခင်ဗျား အရင်တုန်းက တွမ်ယင်းယင်းကို ရက်ရက်စက်စက် သတ်ပစ်နိုင်ခဲ့တယ်။ အခု ဘိုးဘိုးကြီး အောက်ထင်ကို ကိုယ်တိုင် သတ်ပစ်ဖို့ ဆိုတာလည်း ပြဿနာ မရှိလောက်ဘူးလို့ ယုံကြည်ပါတယ်။’
“အစ်ကို... ကျန်းကျိုးမြို့ကို ပြန်ရောက်ရင် ဘိုးဘိုးကြီးကို ကျုပ် ကိုယ်စား နှုတ်ဆက်ပေးပါအုံး။ ဒီတစ်နှစ်၊ နှစ်နှစ် အတွင်းမှာ သူ့ကို ကျုပ် အရမ်း လွမ်းနေခဲ့တာပါ။” ယွင်ကျုံးဟဲ့က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
အောက်မင်သည် ယခုအချိန်တွင် မည်မျှပင် ဟန်ဆောင်ကောင်းစေကာမူ တောင့်မခံနိုင်တော့ဘဲ မျက်နှာ အနည်းငယ် ပျက်သွားသော်လည်း အပြုံးတစ်ခု ဖန်တီးကာ ပြန်ပြောလိုက်၏။ “ကောင်းပါပြီ။ အစ်ကို ဒီနေ့ပဲ ထွက်သွားလိုက်ပါ့မယ်။ အစ်ကို မြို့တော်မှာ မရှိတဲ့ အချိန်ကျရင် ညီလေးက အဖေ နဲ့ အမေကို သေချာ ဂရုစိုက်ပေးပါအုံး။”
ယွင်ကျုံးဟဲ့သည် အောက်မင်၏ လက်နှစ်ဖက်ကို ကိုင်ကာ ပြောလိုက်သည်။ “သိပါပြီ။ အခုတလော ရာသီဥတုက အေးလာပြီ ဆိုတော့ အစ်ကို လမ်းခရီးမှာ အဝတ်အစားတွေ ပိုဝတ်သွားဖို့ မမေ့နဲ့နော်။”
ထို့နောက် ယွင်ကျုံးဟဲ့သည် ဖိန်ရှီးဟောက် အိမ်တော်မှ ထွက်ခွာလာပြီး အစ်ကိုဖြစ်သူ အောက်မင်က လမ်းတစ်လျှောက်လုံး လိုက်ပို့ပေးကာ လမ်းဆုံလမ်းခွအထိ လိုက်ပို့ပေးခဲ့၏။
အစမှ အဆုံးတိုင် မိန်းမစိုးကြီး ဟောက်ကျန့်သည် ဘေးတွင် လိုက်ပါလာသော်လည်း အရိပ်လေး တစ်ခုကဲ့သို့ လုံးဝ အသံတစ်ချက်မှ မထွက်ခဲ့ချေ။
“အမတ်မင်းအောက်... ကျုပ် ပြန်ခွင့်ပြုပါအုံး။” ဟောက်ကျန့်က ပြောလိုက်၏။
ယွင်ကျုံးဟဲ့က ခါးကို ကိုင်းလျက် ပြန်ပြောလိုက်သည်။ “မိန်းမစိုးကြီး ဖြည်းဖြည်း သွားပါ။”
ထန်ထိုင်ကျင့်နှင့် ထန်ထိုင်ယွီကျိုး တို့မှာမူ အစမှ အဆုံးတိုင် သစ်သားတိုင် နှစ်တိုင် ကဲ့သို့ပင် ဖြစ်နေကာ မျက်နှာဖုံးများ တပ်ဆင်ထားသောကြောင့် ဤလူများသည် ယခင်က ပိုင်ရှင်မဲ့နယ်မြေ၏ ကောင်းကင်ဘုံက သားတော်များ ဖြစ်ခဲ့ကြောင်း လုံးဝ မသိသာတော့ချေ။
ထန်ထိုင်ကျင့်သည် ရထားလုံး၏ လိုက်ကာကို ဖွင့်ပေးလိုက်ရာ ယွင်ကျုံးဟဲ့သည် အတွင်းသို့ ဝင်ရောက် သွားပြီး အိမ်သို့ ပြန်သွားတော့၏။
အပိုင်း (၅၆၂)
အောက်မင်သည် အောက်ယွီ လုံးဝ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းနေပြီးနောက် အိမ်မှ အလျင်အမြန် ထွက်ခွာကာ ဝန်ကြီးချုပ် လင်ကုန်း၏ အိမ်တော်သို့ ဦးတည်သွားတော့သည်။
ဝန်ကြီးချုပ် လင်ကုန်းကို အလျင်အမြန် သွားတွေ့ခဲ့သော်လည်း ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်နေတော့၏။
“ဆရာ... တကယ်ပဲ ပြန်လည် ကုစားလို့ မရတော့ဘူးလား။” အောက်မင်က တုန်ယင်စွာဖြင့် မေးလိုက်သည်။
လင်ကုန်းက ပြန်ဖြေလိုက်၏။ “ခင်ဗျားက ကျုပ်ရဲ့ အတော်ဆုံး ကျောင်းသားပါပဲ။ အနာဂတ်မှာ ကျုပ်ရဲ့ နေရာကို ဆက်ခံမယ့်သူပါ။ ပြန်လည် ကုစားလို့ ရ၊ မရ ဆိုတာကို ခင်ဗျား မသိဘူးလား။”
အောက်မင်က ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းက ကျုပ်ကို ဘိုးဘိုးကြီး အောက်ထင်ကို သွားသတ်ခိုင်းတယ်။”
လင်ကုန်းသည် တိတ်ဆိတ်သွားပြီး အချို့သော စကားများကို ထုတ်မပြောချင်သောကြောင့် လက်ကို ရေဆွတ်ကာ စားပွဲပေါ်တွင် မျဉ်းသုံးကြောင်း ဆွဲလိုက်ပြီး စက်ဝိုင်း တစ်ခု ရေးဆွဲလိုက်၏။
“အပြင်ဆုံး မျဉ်းတစ်ကြောင်းက ခင်ဗျားရဲ့ ဘိုးဘိုးကြီး အောက်ထင်ပဲ။ ဒုတိယမျဉ်းက ထိုက်ခန်းဟောက် အိမ်တော်ပဲ။ တတိယမျဉ်းက ယောက္ခမတော် ထိုက်ခန်းဟောက်ပဲ။ ပြီးတော့ ဒီစက်ဝိုင်းက မိဖုရားကြီးပဲ။”
လင်ကုန်းက ပြောလိုက်သည်။ “အောက်ယွီရဲ့ ဒီတစ်ကြိမ် ပစ်မှတ်က မိဖုရားကြီးကို ဖယ်ရှားပစ်ဖို့ပဲ။ ခင်ဗျားရဲ့ ဘိုးဘိုးကြီး အောက်ထင်က ပထမဆုံး ကာကွယ်ရေးမျဉ်း သက်သက်ပါပဲ။”
ပထမဆုံး ကာကွယ်ရေးမျဉ်း ဆိုသည်မှာ များသောအားဖြင့် ပထမဆုံး စတေးခံရလေ့ ရှိ၏။
ဝန်ကြီးချုပ် လင်ကုန်းက ဆက်ပြောလိုက်၏။ “ဧကရာဇ်ဟောင်းက အိမ်ရှေ့စံမင်းသား ဖြစ်နေတုန်းက နိုင်ငံတော်ရဲ့ အင်အားက အားနည်းနေပြီး နေရာတိုင်းက စစ်တပ်တွေ အင်အားကြီးမားနေတယ်။ အဲဒီအထဲက မယ်တော်မိဖုရားခေါင်ကြီးရဲ့ မိသားစုက အနောက်ဘက် နယ်စပ်က စစ်တပ် ခေါင်းဆောင် တစ်ယောက်ပါပဲ။ ဧကရာဇ်ဟောင်းဟာ ထီးနန်းကို လုယူဖို့အတွက် မယ်တော်မိဖုရားခေါင်ကြီးလို ချမ်းသာတဲ့ မိသားစုက သမီးတော်ကို လက်ထပ်ခဲ့တာပါ။
လက်ထပ်ပြီးတဲ့နောက်မှာလည်း မယ်တော်မိဖုရားခေါင်ကြီးဟာ သူမရဲ့ မူလ အကျင့်စရိုက်အတိုင်း ဆက်နေခဲ့ပြီး ဧကရာဇ်ဟောင်းနဲ့ အတူတကွ နေထိုင်ရတာ သိပ်မပျော်ရွှင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ အနောက်ဘက် နယ်စပ်က စစ်တပ်တွေ ပျက်စီးသွားပြီး မယ်တော်မိဖုရားခေါင်ကြီးရဲ့ မိသားစုလည်း လုံးဝ ပျက်စီးသွားလုနီးပါး ဖြစ်ခဲ့တာပါ။”
လင်ကုန်း၏ စကားမှာ အလွန် ရှင်းလင်းလှသည်။ မယ်တော်မိဖုရားခေါင်ကြီး မိသားစု၏ စစ်တပ် အင်အားကို နန်းတွင်းက ဖျက်ဆီးပစ်လိုက်ခြင်း မဟုတ်ဘဲ ရှီးလျန်နိုင်ငံက ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်ရာ စဉ်းစား ကြည့်လေလေ ကြောက်စရာ ကောင်းလေလေပင် ဖြစ်သည်။
ဝန်ကြီးချုပ် လင်ကုန်းက ဆက်ပြောလိုက်၏။ “ဒါကြောင့် အခုလက်ရှိ ဧကရာဇ်မင်းမြတ် လက်ထပ်တဲ့ အချိန်ကျတော့ ဧကရာဇ်ဟောင်းက ပြောခဲ့တယ်။ မှူးမတ်တွေကို လက်ထပ်ရမယ်၊ ဒါပေမဲ့ အင်အား အရမ်း မကြီးမားရဘူး။ မဟုတ်ရင် ထိန်းချုပ်ရ ခက်သွားလိမ့်မယ်တဲ့။ ဒါကြောင့် ထိုက်ခန်းဟောက် အိမ်တော်ကို ရွေးချယ်ခဲ့တာပါ။ ဧကရာဇ်မင်းမြတ်နဲ့ ကျုပ်ရဲ့ အမြင်က အတူတူပါပဲ။ အင်အား အားလုံးကို အသုံးပြုပြီး မိဖုရားကြီးကို ကာကွယ်ရမယ်။”
ဝန်ကြီးချုပ် လင်ကုန်းက ရှင်းပြလိုက်သည်။ “ဘာလို့လဲဆိုတော့ မိဖုရားကြီးကို ဖယ်ရှားလိုက်ရင် ဧကရာဇ်မင်းမြတ်ရဲ့ နာမည်ဂုဏ်သတင်းကို ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေရုံသာမက နိုင်ငံရေးအရပါ မတည်မငြိမ် ဖြစ်သွားစေနိုင်လို့ပါ။
အရေးအကြီးဆုံးက နင်ဟွိုင်အန်းဟာ မိဖုရားကြီးရဲ့ လူယုံတော် ဖြစ်နေလို့ပါပဲ။ မိဖုရားကြီးသာ ပြုတ်ကျ သွားရင် နင်ဟွိုင်အန်းရဲ့ မြို့တော် စစ်သေနာပတိ နေရာကိုလည်း ကာကွယ်နိုင်မှာ မဟုတ်တော့ဘဲ ဧကရာဇ်ဟောင်းကို မြို့တော်ရဲ့ စစ်အာဏာထဲကို ဝင်ရောက် စွက်ဖက်ဖို့ အခွင့်အရေး ပေးသလို ဖြစ်သွားပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မိဖုရားကြီးကို ကာကွယ်ရမယ်။”
ဝန်ကြီးချုပ် လင်ကုန်းက ပြောလိုက်၏။ “ဒီတစ်ကြိမ် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆန်ကို အကျင့်ပျက် ခြစားတဲ့အမှုမှာ ထိုက်ခန်းဟောက်က အဓိက တရားခံပါ။ ခင်ဗျားတို့ အောက်မိသားစုနဲ့ ကျန်းကျိုးမြို့က တခြား မှူးမတ် မိသားစု နှစ်ခုကတော့ ပါဝင်ပတ်သက်သူတွေ သက်သက်ပါပဲ။
ပြီးတော့ အဲဒီ မိသားစု နှစ်ခုဆိုရင် သင်္ဘော သုံးစင်းပဲ ငှားပေးခဲ့တာ ဖြစ်ပြီး ငွေသား နှစ်သောင်း၊ သုံးသောင်း လောက်ပဲ ရခဲ့တာပါ။ ဒါပေမဲ့ ခင်ဗျားတို့ အောက်မိသားစုက အဓိက တရားခံ ဆိုတဲ့ ပြစ်မှုကို ယူရပါလိမ့်မယ်။ ထိုက်ခန်းဟောက် အိမ်တော်က ပါဝင်ပတ်သက်သူ ဖြစ်သွားပြီး အမှုမှာ ပါဝင်တာက ထိုက်ခန်းဟောက်ရဲ့ အသုံးမကျတဲ့ တူတွေ သက်သက်ပဲ ဖြစ်သွားပါလိမ့်မယ်။”
အောက်မင်၏ ဦးရေပြား လုံးဝ တင်းကျပ်သွားတော့သည်။ ‘ဒါက ဘိုးဘိုးကြီး အောက်ထင်ကို အဓိက တရားခံ အဖြစ် အပြစ်တွေ အားလုံးကို ယူခိုင်းလိုက်တာ မဟုတ်ဘူးလား။’
“ဆရာ... ဒါက ကျုပ်ရဲ့ အနာဂတ် ရာထူးတက်လမ်းကို ထိခိုက်စေနိုင်ပါတယ်။” အောက်မင်က ပြောလိုက်၏။
လင်ကုန်းက ပြန်ပြောလိုက်သည်။ “အောက်မင်... အကယ်၍ ဧကရာဇ်ဟောင်းနဲ့ အားပြိုင်မှုမှာ ကျုပ်တို့ ရှုံးသွားရင် အသက်တောင် ပေးလိုက်ရနိုင်တယ်။ အနာဂတ် ရာထူးတက်လမ်း ဆိုတာ ဘယ်မှာ ရှိတော့မှာလဲ။ အောင်ပွဲရမှသာ အနာဂတ် ဆိုတာ ရှိလာမှာပါ။ ပြီးတော့ ခင်ဗျား အကျွမ်းကျင်ဆုံးက ရွှံ့နွံထဲကနေ ထွက်လာပြီး မစွန်းထင်းတာပဲ မဟုတ်လား။”
အောက်မင်က ဦးညွတ်လျက် ပြန်ပြောလိုက်၏။ “ကျုပ် နားလည်ပါပြီ ဆရာ။”
လင်ကုန်းက ပြောလိုက်သည်။ “ဧကရာဇ်ဟောင်းက ခင်ဗျားကို ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားအဖေက အခု ကျန်းရှီး စစ်သေနာပတိ ဖြစ်နေသေးတယ်လေ။ ကျိုးလီရဲ့ ရေတပ်က ပင်လယ်ပြင်မှာ ထိုက်ခန်း အိမ်တော်ရဲ့ ဆန်တင် သင်္ဘောအဖွဲ့ကို ဖမ်းမိထားပြီး သက်သေ အထောက်အထားတွေ အပြည့်အစုံ ရထားပေမယ့် အခု ကျိန့်ဟိုင်မြို့စား စီးပြန်းရဲ့ ရေတပ်တွေရဲ့ ဖျက်ဆီးမှုကို ခံလိုက်ရပြီဆိုတော့ ဘာသက်သေ အထောက်အထားမှ မရှိတော့ပါဘူး။”
အောက်မင်က ပြောလိုက်၏။ “ဒါဆို... ကျုပ် ကျန်းကျိုးမြို့ကို သွားလိုက်ပါ့မယ်။”
ဝန်ကြီးချုပ် လင်ကုန်း၏ အိမ်တော်မှ ထွက်ခွာလာပြီးနောက် အောက်မင်သည် လုံးဝ အချိန်မဆွဲတော့ဘဲ မြို့တော်မှ ချက်ချင်း ထွက်ခွာကာ ကျန်းကျိုးမြို့သို့ နေ့ရောညပါ အရှိန်အဟုန်ဖြင့် ခရီးနှင်လေတော့သည်။
ရက်အတော်ကြာ နေ့ရောညပါ ခရီးနှင်ပြီးနောက် အောက်မင်သည် နောက်ဆုံးတွင် ကျန်းကျိုးမြို့သို့ ရောက်ရှိသွားတော့၏။
ဤနေရာတွင် လေပြေလေးများ တိုက်ခတ်နေပြီး လှပသော ပန်းများ ပွင့်လန်းနေကာ မြို့တော်၏ ဖိနှိပ်မှုနှင့် တင်းမာမှုမျိုး လုံးဝ မရှိဘဲ ညဘက်တွင် မီးရောင်များ ထွန်းလင်းတောက်ပနေသည်။
ကျန်းကျိုးမြို့၏ လမ်းမများပေါ်တွင် လျှောက်လှမ်းနေရင်း အောက်မင်သည် တွမ်ယင်းယင်းနှင့် အတူတကွ နေထိုင်ခဲ့ရသော အချိန်များကို အလိုအလျောက် သတိရသွားမိ၏။
သူတို့သည် ဤကဲ့သို့ လမ်းပေါ်တွင် မကြာခဏ လမ်းလျှောက်လေ့ ရှိကြပြီး တွမ်ယင်းယင်းသည် ယောက်ျားလေး အဝတ်အစားများကို မကြာခဏ ဝတ်ဆင်လေ့ ရှိသည်။
သို့ပေမည့် ယခုအခါ တွမ်ယင်းယင်းလည်း သေဆုံးသွားပြီဖြစ်ပြီး ဝေမြို့စားကြီးအိမ်တော် တစ်ခုလုံးလည်း မျိုးဆက် အားလုံး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်၏။
ကျန်းကျိုးမြို့မှ ထွက်ခွာသွားသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး ဤနှစ်နှစ်အတွင်း သူသည် မည်မျှ တက်ကြွခဲ့သနည်း။ အထူးသဖြင့် ကျွမ့်ယွမ် ဖြစ်သွားခဲ့စဉ်က အမှန်တကယ်ပင် ခမ်းနားကြီးကျယ်လွန်း လှသည်။
ထိုအချိန်က သူ အပြန်ချင်ဆုံး နေရာမှာ ကျန်းကျိုးမြို့ဖြစ်ပြီး တကယ့်ကို ဂုဏ်သိက္ခာရှိရှိ အိမ်ပြန်ချင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဤကဲ့သို့သော နည်းလမ်းဖြင့် ကျန်းကျိုးမြို့သို့ ပြန်လာရလိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့ချေ။
အောက်မင်သည် အိမ်သို့ ချက်ချင်း မပြန်သေးဘဲ တွမ်ယင်းယင်း၏ သင်္ချိုင်းသို့ အရင်ဆုံး သွားရောက်ခဲ့သည်။ သင်္ချိုင်းဂူ ပေါ်တွင် နာမည်ပင် မရှိချေ။ သူသည် ဖယောင်းတိုင် နှစ်တိုင် ထွန်းကာ၊ စက္ကူများ မီးရှို့ပြီး၊ အရက် တစ်ခွက် လောင်းချလိုက်၏။
ထို့နောက် အရက် တစ်ခွက်ပြီး တစ်ခွက် သောက်ရင်း သူ့ကိုယ်သူ မူးယစ်သွားအောင် ပြုလုပ်နေသကဲ့သို့ပင်။ အရက် တစ်အိုးလုံး ကုန်သွားပြီးမှသာ အောက်မင်သည် အိမ်သို့ ပြန်လာခဲ့သည်။
အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသော အိမ်တော်ကြီး ဖြစ်သည်။ အပေါ်ရှိ ဆိုင်းဘုတ်တွင် ဖိန်ရှီးဟောက် အိမ်တော်ဟု ပြောင်းလဲ တပ်ဆင်ထားပြီ ဖြစ်သည်။
“သခင်လေး ပြန်ရောက်လာပြီ။”
“ကျွမ့်ယွမ် အမတ်ကြီး ပြန်ရောက်လာပြီ။”
အိမ်အစေခံများသည် အောက်မင်ကို မြင်တွေ့ရချိန်မှာတော့ ချက်ချင်း ဒူးထောက်လိုက်ကြပြီးနောက် အိမ်ထဲသို့ ပြေးဝင်သွားကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်ကြတော့၏။ “အောက်မိသားစုရဲ့ ဂုဏ်ယူစရာ ပုဂ္ဂိုလ်ကြီး၊ ဘိုးဘိုးကြီး အချစ်ဆုံး မြေးလေး ပြန်ရောက်လာပြီ။”
ခဏအကြာတွင် ဘိုးဘိုးကြီး အောက်ထင်သည် သားအချို့ကို ခေါ်ဆောင်ကာ တစ်မိသားစုလုံးရှိ လူဆယ်ကျော်သည် သွားရောက် ကြိုဆိုကြတော့သည်။
“မြေးလေး အောက်မင် ပြန်ရောက်လာပြီလား။ စစ်တပ် ဘယ်လောက်များများ ခေါ်လာခဲ့လဲ။ ကျွမ့်ယွမ် အမတ်ကြီး၊ ဖိန်ရှီးဟောက်ရဲ့ သားတော် ဆိုတော့ ခမ်းနားကြီးကျယ်အောင် လုပ်ရမှာပေါ့။”
ဘိုးဘိုးကြီး အောက်ထင်က တဟားဟားဟား ရယ်မောကာ ပြောလိုက်၏။ “စားသောက်ပွဲ ပြင်ဆင်ကြ... စားသောက်ပွဲ ပြင်ဆင်ကြ။”
စားသောက်ပွဲပေါ်တွင် မီးရောင်များ ထွန်းလင်းတောက်ပနေပြီး အောက်မိသားစုတွင် မည်သည့် တင်းမာမှု အရိပ်အယောင်မှ မရှိချေ။
ဘိုးဘိုးကြီး အောက်ထင်သည် အရမ်း အစွမ်းထက်သူ တစ်ဦး ဖြစ်ပါလျက် အဘယ်ကြောင့် ဤမျှလောက် နိုင်ငံရေး အသိဉာဏ် နည်းပါးနေရသနည်း။
သူသည် အလွန် ဝမ်းသာအားရ သောက်စားနေပြီး ညသန်းခေါင်အချိန်တွင် ချန်လန်ပြည်နယ် ဘုရင်ခံနှင့် ကျန်းကျိုးမြို့စားတို့ကိုပင် သွားရောက် ခေါ်ဆောင်ခိုင်းသေး၏။
ယခုအခါ သူ၏ လေသံတွင် ချန်လန်ပြည်နယ် ဘုရင်ခံအပေါ် အနည်းငယ် ရိုသေမှု ရှိသေးသော်လည်း ကျန်းကျိုးမြို့စားကိုမူ လုံးဝ ဂရုမစိုက်တော့ဘဲ အစေခံ တစ်ဦးကဲ့သို့ ဆက်ဆံနေတော့သည်။
“ဧကရာဇ်ဟောင်းက ကြာကြာ မခံတော့ပါဘူး။ အသက် ရှစ်ဆယ်နီးပါး ရှိနေပြီကို၊ ခြေထောက် နှစ်ဖက်လုံး လေဖြတ်နေတာလေ။ သေခါနီး လူတစ်ယောက်က ဘာတွေ သောင်းကျန်းနေတာလဲ။ သေခါနီး နောက်ဆုံး အားယူနေတာ သက်သက်ပါပဲ။”
အောက်ထင်က အေးစက်စက် ပြုံးကာ ပြောလိုက်၏။ “တာ့ကျိုးရဲ့တပ်တော် တစ်သန်းကျော်ထဲမှာ ၈၀ ရာခိုင်နှုန်းကျော်က ဧကရာဇ်မင်းမြတ်ရဲ့ လက်ထဲမှာ ရှိနေတယ်။ ကျုပ်တို့ မိသားစု တစ်ခုတည်းက တပ်တော် တစ်သိန်းကျော်ကို ချုပ်ကိုင်ထားတယ်။ အာဏာ ပြန်လုချင်တယ်ဆိုရင် အရေးကြီးတဲ့ အချိန်ကျရင် စစ်တပ်ကို အားကိုးရမှာပဲ။
ဧကရာဇ်ဟောင်းမှာ ဘာရှိလို့လဲ။ အောက်ရှင်းဆိုတဲ့ သစ္စာဖောက်က အသုံးမကျတော့ဘူး။ ကျိုးလီက လန်ကျိုးမှာ ရှိနေတဲ့ အသုံးမကျတဲ့ စစ်တပ် အနည်းငယ်ကို အားကိုးပြီး လုပ်မယ်ဆိုတာ လုံးဝ စိတ်ကူးယဉ် နေတာပဲ။”
‘မြို့တော်နဲ့ အဝေးကြီး ရောက်နေတော့ ဘာစကားမဆို ပြောရဲတာပဲ။’
ယခင်က ဧကရာဇ်ဟောင်း ဆိုသော စကားလုံးမှာ တားမြစ်ထားသော စကားလုံး ဖြစ်ခဲ့သော်လည်း ဧကရာဇ် နှင့် ဧကရာဇ်ဟောင်းတို့၏ ပဋိပက္ခများ လုံးဝ ပွင့်အန်ထွက်လာပြီးနောက်တွင် အောက်ခြေ လူတန်းစားများက လုံးဝ ပွင့်ပွင့်လင်းလင်း ပြောဆိုလာကြတော့သည်။
ထို့အပြင် ကျန်းကျိုးမြို့သည် ဧကရာဇ်၏ အဓိက နယ်မြေဟု သတ်မှတ်ထားသောကြောင့် စကား ပြောဆိုရာတွင် ပို၍ပင် ရဲတင်းလာကြတော့၏။
အောက်ထင်က မေးလိုက်သည်။ “အောက်ယွီ ဆိုတဲ့ ခွေးကောင်လေးကော... အခု မြို့တော်မှာ ဘယ်လိုနေလဲ။
အောက်မင်က ပြန်ဖြေလိုက်၏။ “နုလန်ဟောက် ဘွဲ့ကို ဆက်ခံပြီး နိုင်ကော်ရဲ့ ယွမ်ဝိုက်လန် ဖြစ်သွားပါပြီ။”
“သေလမ်းကို ရှာနေတာပဲ။”
အောက်ကျင်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။ “စောင့်ကြည့်နေလိုက်ပါ။ သူတို့က ကျိန့်ဟိုင် မြို့စား စီးပြန်းနဲ့ စစ်တိုက်မယ်၊ ပုန်ကန်မှု နှိမ်နင်းမယ်လို့ ပါးစပ်ကနေ အမြဲတမ်း ပြောနေကြတာပဲ မဟုတ်လား။ ဘာတိုက်စရာ ရှိလို့လဲ။ နန်းတွင်းရဲ့ ရေတပ်ကို ကျုပ် မမြင်ဖူးတာမှ မဟုတ်တာ။ လုံးဝ အသုံးမကျဘူး။ ကျိန့်ဟိုင် မြို့စားရဲ့ ရေတပ်နဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။
ဖူယန်ထူက တောင်ပိုင်းမှာ တကယ် မတိုက်တဲ့အပြင် ကျိန့်ဟိုင်မြို့စားနဲ့ ညီအစ်ကိုတွေတောင် ဖြစ်နေသေးတယ်။ ပင်လယ်ပြင်မှာဆိုရင် ပိုပြီးတော့တောင် ကွာခြားပါသေးတယ်။ ဒီစစ်ပွဲမှာ သေချာပေါက် ရှုံးမှာပဲ။ ဧကရာဇ်ဟောင်းက အလွန်ဆုံး လအနည်းငယ်လောက်ပဲ သောင်းကျန်းနိုင်မှာပါ။ အဲဒီအချိန်ကျရင် အောက်ယွီလည်း သေချာပေါက် သေရတော့မှာပဲ။”
အခြား ဦးလေးတစ်ဦးဖြစ်သူ အောက်ချင်းက မေးလိုက်၏။ “အောက်မင်... တွမ်ယင်းယင်းလည်း သေသွားပြီ ဆိုတော့ မင်း လက်ထပ်ဖို့ မရှိသေးဘူးလား။ ရွေးချယ်ထားတဲ့ သူ ရှိလား။”
အောက်မင်က ပြန်ဖြေလိုက်သည်။ “အခုလောလောဆယ် မစဉ်းစားသေးပါဘူး။”
အောက်ကျင်းက ပြောလိုက်၏။ “ငါ မင်းကို ကောင်းမွန်တဲ့ အိမ်ထောင်ဖက် တစ်ယောက် မိတ်ဆက်ပေးရင် ဘယ်လိုလဲ။
အောက်မင် အနည်းငယ် အံ့ဩသွားပြီး သိချင်စိတ် ဖြစ်သွားတော့သည်။
အောက်ကျင်းက ပြောလိုက်၏။ “မင်းသမီး ရှန်းရှန်း ဆိုရင် ဘယ်လိုလဲ။ သူမက တာ့ကျိုးအင်ပါယာရဲ့ နံပါတ်တစ် အလှပဆုံး မိန်းကလေး ဖြစ်သလို တော်ဝင်မိသားစုရဲ့ ပုလဲရတနာလေးလည်း ဖြစ်တယ်။ မင်းက မင်းသမီး ရှန်းရှန်းကို လက်ထပ်လိုက်ရင် မိသားစုရဲ့ ဂုဏ်ကျက်သရေကို မြှင့်တင်နိုင်တာပေါ့။”
အောက်မင်က ပြောလိုက်သည်။ “မင်းသမီး ရှန်းရှန်းကို အောက်ယွီ နဲ့ လက်ထပ်ဖို့ အမိန့်ပေးလိုက်ပြီလေ။”
အောက်ကျင်းက ပြန်ပြောလိုက်၏။ “ဧကရာဇ်ဟောင်း ပြီးဆုံးသွားတာနဲ့ အောက်ယွီနဲ့ သူ့တစ်မိသားစုလုံး သေရတော့မှာပဲ။ အဲဒီအချိန်ကျရင် မင်းသမီး ရှန်းရှန်းလည်း မုဆိုးမ ဖြစ်သွားမှာပေါ့။ မင်းနဲ့ လက်ထပ်ဖို့ အဆင်သင့် ဖြစ်သွားတာပေါ့။ သေချာပေါက် ကံကောင်းရင် မင်းသမီး ရှန်းရှန်းက အဲဒီအချိန်ကျရင် အပျိုစင်လေး ဖြစ်နေအုံးမှာပါ။”