← Chapters

အခန်း (၅၆၇-၅၆၈)

Vol. 48 Ch. 567-568

အခန်း (၅၆၇-၅၆၈)

Vol. 48 Ch. 567-568

အပိုင်း (၅၆၇)

“ဝမ်ကျိုး... ခင်ဗျားက ဒီအမှုရဲ့ အမှန်တရား ပေါ်ထွက်သွားပြီလို့ ပြောခဲ့တယ် မဟုတ်လား။ အောက်ထင်က အဓိက တရားခံလို့ ပြောခဲ့တယ် မဟုတ်လား။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဘာလို့ ဒီစာရင်းစာအုပ်တွေထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားတာက အောက်ထင်က ထိုက်ခန်းဟောက်ဆီ သင်္ဘော ငါးစင်းပဲ ငှားပေးခဲ့တယ်လို့ ပြောနေတာလဲ။ နောက်ဆုံးမှာ ငွေသား တစ်သိန်း ရခဲ့တယ်တဲ့။ စုစုပေါင်း ငွေသား တစ်သန်း သုံးသိန်း လောက်ရှိတဲ့ အကျင့်ပျက် ခြစားမှု အမှုကြီး မှာ အောက်ထင်က ငွေသား တစ်သိန်းပဲ ရပြီး ကျန်တဲ့ လူတချို့ပေါင်းမှ ငွေသား တစ်သိန်းတောင် မပြည့်ဘူး။

ထိုက်ခန်းဟောက် တစ်ယောက်တည်းက ငွေသား တစ်သန်းတစ်သိန်း ရခဲ့တာလေ။ ဘယ်လိုလုပ်ပြီး အောက်ထင်က အဓိက တရားခံ ဖြစ်သွားပြီး ယောက္ခမတော် ထိုက်ခန်းဟောက် ကကျတော့ အပြစ် ကင်းစင်ကာ မိသားစုက အသုံးမကျတဲ့ တူတချို့လောက်ပဲ ပါဝင်ပတ်သက်တာလို့ ဖြစ်သွားရတာလဲ။”

မှုခင်းစုံစမ်းရေး ဝန်ကြီး ဝမ်ကျိုးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ တုန်ယင်နေပြီး စိတ်ထဲတွင် အဆက်မပြတ် ပြစ်တင်ဝေဖန်နေမိတော့၏။ ‘ဒါကို ကျုပ်ကို လာအပြစ်တင်လို့ ရမလား။ ကျုပ်ရဲ့ အထက်က ဝန်ကြီးချုပ်တွေ၊ အဲဒီအထက်က မိဖုရားကြီးတို့က အမှုကို မြန်မြန် ပိတ်ဖို့ အတင်းအကျပ် ဖိအားပေးနေ ကြတာလေ။

ပြီးတော့ သက်သေ အထောက်အထားတွေ အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ၊ လုံးဝ အပြစ်ကင်းစင်သွားပြီ လို့လည်း အကြိမ်ကြိမ် ပြောခဲ့ကြသေးတယ်။ ကျိုးလီက ပင်လယ်ပြင်မှာ ဖမ်းမိထားတဲ့ မှောင်ခို သင်္ဘောအဖွဲ့ ကြီးကိုလည်း မီးရှို့လိုက်ပြီလို့ ပြောခဲ့တာလေ။

ကျိုးလီက ကျားကို တောင်ပေါ်မှ ဆင်းလာစေဖို့ လှည့်စားတာနှင့် အရှေ့မှ တိုက်ခိုက်သလို ဟန်ဆောင်ပြီး အနောက်မှ တိုက်ခိုက်ခြင်းဆိုတဲ့ နည်းဗျူဟာတွေကို သုံးပြီး ထိုက်ခန်းဟောက်ရဲ့ မှောင်ခို လျှို့ဝှက် စခန်းကို ရှာတွေ့သွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။’

“ဒီလောက် ကြီးမားတဲ့ အင်ပါယာကြီးထဲမှာ ကိုယ်တော်က ဘယ်သူ့ကို ယုံကြည်ရတော့မှာလဲ။”

ဧကရာဇ်ဟောင်းက အက်ကွဲနေသည့် အသံဖြင့် မေးလိုက်သည်။ “ဝမ်ကျိုး... ခင်ဗျား မြို့တော်ကနေ ထွက်သွားတုန်းက ကိုယ်တော် ခင်ဗျားကို ဘယ်လောက်တောင် ယုံကြည်ခဲ့လဲ။ ဧကရာဇ် ကိုယ်တိုင် ရောက်ရှိလာသကဲ့သို့ ဆိုတဲ့ အမိန့်တော် ပြားကို ပေးခဲ့တယ်။ အထူး အာဏာပိုင် ဓားကို ပေးခဲ့တယ်။ ခင်ဗျားကို ဒီအမှုရဲ့ အမှန်တရားကို ဖော်ထုတ်ပြီး လောကက ပြည်သူတွေကို ရှင်းပြနိုင်ဖို့ အတွက်လေ။

ယွီကျန်း လုပ်ကြံခံလိုက်ရပြီး ခင်ဗျားက အကောင်းကြီး ရှိနေတော့ မြို့တော်မှာ ကောလာဟလတွေ အများကြီး ထွက်ပေါ်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တော် မယုံဘူး။ ခင်ဗျားကိုပဲ ဆက်ပြီး ယုံကြည်ဖို့ ရွေးချယ်ခဲ့တယ်။ ရလဒ်ကရော... ခင်ဗျားက ကိုယ်တော်ရဲ့ ယုံကြည်မှုကို ဒီလိုမျိုး ပြန်ဆပ်တာလား။”

မှုခင်းစုံစမ်းရေးဝန်ကြီး ဝမ်ကျိုး ချက်ချင်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး နဖူးကို မြေကြီးနှင့် ကပ်ထားလိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ်... အပြစ်ရှိပါတယ်။”

ဧကရာဇ်ဟောင်းက မေးလိုက်သည်။ “ခင်ဗျားမှာ အပြစ်ရှိတယ် ဟုတ်လား။ ဘာအပြစ်လဲ။ စစ်ဆေးဖို့ ပျက်ကွက်တဲ့ အပြစ်လား။ ဒါမှမဟုတ် ပူးပေါင်း ကြံစည်တဲ့ အပြစ်လား။ ဒီအမှုကို ကိုယ်တော် ဆက်မစစ်ဆေးရဲတော့ဘူး။ ပိုစစ်ဆေးလေလေ ပိုပြီး စိတ်ပျက်လာလေလေဖြစ်ပြီး အင်ပါယာအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားလာရလို့ပါ။”

ပြောဆိုပြီးနောက် ဧကရာဇ်ဟောင်း မျက်ရည်များ ကျဆင်းလာတော့၏။

“ကျုပ် အပြစ်ရှိပါတယ်။ ကျုပ် အပြစ်ရှိပါတယ်။”

ဧကရာဇ်ဟောင်းက သက်ပြင်းချကာ ပြောလိုက်သည်။ “ထားလိုက်ပါတော့... ထားလိုက်ပါတော့။ ဝမ်ကျိုး... ခင်ဗျားက နန်းတွင်းရဲ့ အဆင့်မြင့် အမတ်ကြီး တစ်ယောက်ပါ။ ကိုယ်တော်က ခင်ဗျားကို ဂုဏ်သိက္ခာ ရှိရှိ နေခွင့်ပေးမယ်။ ခင်ဗျား ရာထူးကနေ အနားယူလိုက်ပါ။ ကိုယ်တော်က ခင်ဗျားကို အိမ်ရှေ့စံမင်းသား၏ လက်ထောက်ဆရာလိုမျိုး ဘွဲ့တွေ ချီးမြှင့်မနေတော့ဘူး။ ခင်ဗျား ဒီအတိုင်းပဲ အိမ်ပြန်လိုက်တော့။”

ဝမ်ကျိုးသည် အသံကျယ်ကျယ်ဖြင့် ငိုကြွေးကာ နဖူးကို မြေကြီးနှင့် ကပ်လျက် ပြောလိုက်၏။ “ကျုပ်... ဧကရာဇ်ဟောင်းရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။ ကျုပ်... ဧကရာဇ်ဟောင်းရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်။”

ထို့နောက် သူသည် တုန်ယင်စွာဖြင့် အရာရှိ ဦးထုပ်ကို ချွတ်လိုက်ပြီး အရာရှိ ဝတ်စုံကိုပါ ချွတ်လိုက်သည်။

“ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ် သွားပါတော့မယ်။” ဝမ်ကျိုးသည် နောက်တစ်ကြိမ် မြေပြင် ပေါ်တွင် ဒူးထောက်လိုက်ပြီးနောက် တုန်ယင်စွာဖြင့် ညီလာခံမှ ထွက်ခွာသွားတော့၏။

ဂုဏ်သရေရှိသော မှုခင်းစုံစမ်းရေး ဝန်ကြီး တစ်ဦး ရာထူးမှ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။ အမှန်တကယ်တွင် ယွင်ကျုံးဟဲ့က ဤအံဩတုန်လှုပ်ဖွယ်ရာ အမှုကြီးကို စတင်ခဲ့တည်းက မှုခင်းစုံစမ်းရေးဝန်ကြီး ရာထူးမှ ကျဆင်းသွားတော့မည် ဆိုသည်ကို အဓိပ္ပာယ် သက်ရောက်နေပြီး ဖြစ်သည်။

အကြောင်းမူ ဤအမှုကြီးအတွက် မှုခင်းစုံစမ်းရေးဝန်ကြီးကို အထူး ကိုယ်စားလှယ်အဖြစ် စေလွှတ်မှသာ လုံလောက်သော အဆင့်အတန်းရှိမည် ဖြစ်သောကြောင့်ပင်။

ဤအမှုသည် သေချာပေါက် ပေါက်ကွဲ ထွက်လာမည့် အမှုဖြစ်ရာ အထူး ကိုယ်စားလှယ် အနေဖြင့် သေချာပေါက် အပြစ်များကို ယူရတော့မှာ ဖြစ်၏။

သို့ပေမည့် အမတ်ကြီး ယွီကျန်းမှာမူ အပြစ်ကင်းစင်သည်။ အကြောင်းမူကား သူသည် အမှု စစ်ဆေးရန်အတွက် လုပ်ကြံခံခဲ့ရသည်အထိ ဖြစ်ခဲ့ရာ မည်သို့ အပြစ်ရှိနိုင်မည်နည်း။

အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “မှုခင်းစုံစမ်းရေး ဝန်ကြီး မရှိတော့ဘူးဆိုတော့ နောက်ဆက်တွဲ ဒီ အမှုကြီးကို အဆုံးအထိ ဆက်လက် စစ်ဆေးဖို့ ဒီနေရာကို အလွတ်ထားလို့ မဖြစ်ဘူးလေ။ အမတ်မင်းတို့... ဘယ်သူ့ကို အကြံပြုချင်လဲ။

ပြောဆိုပြီးနောက် ဧကရာဇ်ဟောင်း၏ အကြည့်များမှာ ဧကရာဇ် ထံသို့ ရောက်ရှိသွားပြီး မေးလိုက်သည်။ “ဧကရာဇ်... မင်းရဲ့ စိတ်ထဲမှာ ရွေးချယ်ထားတဲ့သူ ရှိလား။

ဧကရာဇ်က ပြန်ပြောလိုက်၏။ “သားတော်က ခမည်းတော်ရဲ့ ဆုံးဖြတ်ချက် အတိုင်းပါပဲ။

‘ဧကရာဇ်ဟောင်း... ခင်ဗျားက ဘာလို့ ဒီလို အပို မေးခွန်းတွေ မေးနေရတာလဲ။ ခင်ဗျားက ဒီအံ့ဩတုန်လှုပ်ဖွယ်ရာ အမှုကြီးကို အခွင့်ကောင်းယူပြီး လူသတ် ဓားကြီးကို ကိုင်ဆောင်ထားတာ ဘယ်သူက ခင်ဗျားနဲ့ ဒီမှုခင်းစုံစမ်းရေးဝန်ကြီး နေရာကို လုရဲမှာလဲ။’

နိုင်ကော်၏ ပထမ ဝန်ကြီးချုပ် ဝူကျစ်က လျှောက်တင်လိုက်သည်။ “ဧကရာဇ်ဟောင်း... ကျုပ် လူတစ်ယောက်ကို အကြံပြုချင်ပါတယ်။ စဉ်းစားပေးပါ။”

ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ပြော...”

ပထမ ဝန်ကြီးချုပ် ဝူကျစ်က ပြောလိုက်သည်။ “အရင် ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး အမတ်ကြီး ကျူးလန်ထျန်း ပါ။”

ထိုအချိန်တွင်ပင် နိုင်ကော်၏ ဒုတိယ ဝန်ကြီးချုပ်က ပြောလိုက်၏။ “ဧကရာဇ်ဟောင်း... ကျုပ်လည်း လူတစ်ယောက်ကို အကြံပြုချင်ပါတယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ကောင်းပြီ... ခင်ဗျား ပြော။”

ဒုတိယ ဝန်ကြီးချုပ်က ပြောလိုက်၏။ “အရင် အိမ်ရှေ့စံမင်းသား၏ ဆရာ အမတ်ကြီး ကျိုကွမ်ဒီ ပါ။”

ကျိုကွမ်ဒီ ဆိုသည်မှာ ဧကရာဇ် ဝမ်ယွင်၏ ဆရာဖြစ်ပြီး ဖြောင့်မတ်သော အကျင့်စရိုက် ရှိကာ အိမ်ရှေ့စံ မင်းသားကို ဆုံးမရသည်ကို အနှစ်သက်ဆုံး ဖြစ်သည်။

ဧကရာဇ် ဝမ်ယွင် နန်းတက်လာပြီးနောက် သူ့ကို အလွန် ငြီးငွေ့လာသောကြောင့် အနားယူစေခဲ့ပြီး ဂုဏ်ထူးဆောင် ဘွဲ့များ အများအပြား ပေးအပ်ခဲ့၏။

ယခင်တစ်ကြိမ် ဧကရာဇ်က ရှန်ချင်းနန်းဆောင်သို့ သွားရောက်ပြီး အတင်းအကျပ် ဖိအားပေးခဲ့စဉ်က ကျိုကွမ်ဒီသည် အမတ်ဟောင်း အများအပြားကို ခေါ်ဆောင်ကာ အပြင်ဘက်တွင် ဒူးထောက်၍ ဧကရာဇ်ကို ဧကရာဇ်ဟောင်း အပေါ် မရက်စက်ရန် တောင်းပန်ခဲ့သည်။

ထို့ကြောင့် အပေါ်ယံအားဖြင့် ကျူးလန်ထျန်း နှင့် ကျိုကွမ်ဒီ တို့သည် ဧကရာဇ်ဟောင်း ဘက်သို့ ယိမ်းယိုင်နေသူများ ဖြစ်၏။

သို့ပေမည့် အမတ်ကြီး ကျိုကွမ်ဒီ၏ အတွင်းစိတ်မှာမူ ဧကရာဇ်ဘက်သို့ ယိမ်းယိုင်နေသူ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ဧကရာဇ်၏ ဆရာဖြစ်သည်။ ထိုစဉ်က တောင်းပန်ခဲ့ခြင်းမှာ ဧကရာဇ်က အံ့ဩတုန်လှုပ်ဖွယ်ရာ ကိစ္စများ လုပ်ဆောင်မည်ကို မကြည့်ရက်၍သာ ဖြစ်သည်။

အရာရှိရွေးချယ်ခန့်ထားရေး ဝန်ကြီး ရှီထျန်းဖန်က ပြောလိုက်၏။ “မှုခင်းစုံစမ်းရေးဝန်ကြီးဟာ ကျုပ်နဲ့ အဆင့်အတန်း တူညီလို့ မူလကတော့ အကြံပြုပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ကျုပ်မှာ သံသယ တချို့ ရှိနေပါတယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ပြောပါ။”

ရှီထျန်းဖန်က ပြောလိုက်၏။ “လျန်ချင်ဝမ်ဟာ အသက် ရှစ်ဆယ်ကျော် အရွယ်နဲ့ တော်ဝင် တရားရုံး အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်တာက တော်ဝင်မိသားစုရဲ့ ဂုဏ်ကျက်သရေ ဖြစ်ပြီး ဒါက အားလပ်တဲ့ ရာထူးတစ်ခု ဖြစ်လို့ အရမ်း ပင်ပန်းခံဖို့ မလိုပါဘူး။

ဒါပေမဲ့ မှုခင်းစုံစမ်းရေး ဝန်ကြီးဟာ ဝန်ကြီးဌာန ခြောက်ခုရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်လို့ နေ့တိုင်း အလုပ်တွေ အများကြီး လုပ်ရပါတယ်။ အမတ်ကြီး ကျိုကွမ်ဒီက အသက် ရှစ်ဆယ်နီးပါး ရှိနေပြီဖြစ်လို့ ခွန်အားတွေ အကန့်အသတ် ရှိပါတယ်။

အမတ်ကြီး ကျူးလန်ထျန်းက ဆယ်နှစ်လောက် ပိုငယ်လို့ ခွန်အားတွေ ပိုပြီး အားကောင်းပါတယ်။ ပြီးတော့ သူက တရားလွှတ်တော်ချုပ် အကြီးအကဲ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးလို့ တရားစီရင်ရေး အပိုင်းမှာ အတွေ့အကြုံ ရှိပါတယ်။ ဒါကြောင့် ကျုပ် ထင်တာကတော့ အမတ်ကြီး ကျူးလန်ထျန်းက ပိုပြီး သင့်တော်မယ်လို့ ထင်ပါတယ်။”

ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဟုတ်တယ်... ယုတ္တိရှိတယ်... ယုတ္တိရှိတယ်။ ကိုယ်တော့်ကိုပဲ ကြည့်လေ။ အာဏာ ပြန်လုပြီးတည်းက ဒီရက်ပိုင်းတွေမှာ ခွန်အားတွေ အရမ်း ကုန်ခမ်းနေတယ်လို့ ခံစားရတယ်။ ဧကရာဇ်က နိုင်ငံတော်ကို အုပ်ချုပ်ပေးနေလို့သာ မဟုတ်ရင် ကိုယ်တော်လည်း တောင့်ခံနိုင်မှာ မဟုတ်ဘူး။”

ဤသည်မှာ ထျန်းယန် ဧကရာဇ်၏ အားသာချက်ပင် ဖြစ်သည်။ သူ ထီးနန်းစိုးစံစဉ်က စကားမှားပြော၍ အပြစ်ပေးခံရခြင်းမျိုး အလွန် ရှားပါးလှ၏။

ရှီထျန်းဖန်က ကျိုကွမ်ဒီ အသက်ကြီးပြီ ဖြစ်သောကြောင့် အလုပ်ဒဏ်ကို မခံနိုင်ဘူးဟု ပြောဆိုခြင်းမှာ ဧကရာဇ်ဟောင်းကို သံသယ ဝင်စေနိုင်သော်လည်း ဧကရာဇ်ဟောင်းက ဂရုမစိုက်ဘဲ သူ့ကိုယ်သူ အသက်ကြီးပြီး ခွန်အားတွေ အားနည်းနေပြီဟုပင် ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။

သို့ပေမည့် ဧကရာဇ် ဝမ်ယွင် ထီးနန်းစိုးစံစဉ်ကမူ လုံးဝ မတူညီချေ။ ဤလူသည် အလွန် တွေးတောလွန်တတ် သောကြောင့် အမတ်များ အနေဖြင့် စကားပြောဆိုရာတွင် အလွန် သတိထားရ၏။

ထို့နောက် ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဒါဆိုရင် ကျူးလန်ထျန်းကို မှုခင်းစုံစမ်းရေး ဝန်ကြီး အဖြစ် ခန့်အပ်လိုက်မယ်။ ဧကရာဇ်... မင်း ဘယ်လို ထင်လဲ။

ဧကရာဇ်က ပြန်ပြောလိုက်၏။ “သားတော်က ခမည်းတော်ရဲ့ ဆုံးဖြတ်ချက် အတိုင်းပါပဲ။

နာရီဝက်ကျော်ခန့် အကြာတွင် ကျူးလန်ထျန်းသည် ညီလာခံ အတွင်းသို့ ဝင်ရောက်လာတော့၏။ အကြောင်းမူ သူသည် နုလန်ဟောက် အိမ်တော် အတွင်း၌ အမြဲတမ်း နေထိုင်နေသောကြောင့် အလွန် နီးကပ်နေသောကြောင့် ဖြစ်သည်။

အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး၏ စိတ်ထဲတွင် အမှန်တကယ်ပင် အသက်ရှူမှား သွားကြတော့၏။

‘ဘယ်လောက်တောင် တိုတောင်းတဲ့ အချိန်ပဲ ရှိသေးတာလဲ။ အောက်ယွီက ဆရာ သုံးယောက်လုံးကို ရာထူးတိုးပေးနိုင်ခဲ့ပြီ။ တရားလွှတ်တော်ချုပ် ဒု-အကြီးအကဲ၊ တော်ဝင် တရားရုံး အကြီးအကဲ... အခု မှုခင်းစုံစမ်းရေး ဝန်ကြီး တစ်ယောက်ပါ ထပ်တိုးလာပြီ။ ခင်ဗျားလို အာဏာရှင်က အရမ်းကို ကြောက်စရာ ကောင်းလွန်းပါတယ်။ ခင်ဗျားက ပဉ္စမအဆင့် ယွမ်ဝိုက်လန် တစ်ယောက်ပဲ ရှိသေးတာလေ။’

ဧကရာဇ်ဟောင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။ “အခု မှုခင်းစုံစမ်းရေး ဝန်ကြီးဌာန၊ တရားလွှတ်တော်ချုပ်၊ စုံစမ်းစစ်ဆေးရေးရုံး၊ ဟေးပင်းထိုင်က လူတွေ အားလုံး ပြည့်စုံသွားပြီ။ ထိုက်ခန်းဟောက်က သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးဆန်တွေကို အကျင့်ပျက် ခြစားပြီး ပုန်ကန်သူ စီးပြန်းဆီကို လက်နက်တွေ မှောင်ခို ရောင်းချခဲ့တာလည်း သက်သေ အထောက်အထား အပြည့်အစုံ ရှိသွားပြီ။

အမိန့်တော် ရေးလိုက်... တရားရုံးသုံးရပ်နဲ့ ဟေးပင်းထိုင် ပူးပေါင်းပြီး စစ်သည် ငါးထောင်နဲ့ ထိုက်ခန်းဟောက် အိမ်တော်ကို ဝင်စီးပြီး ပါဝင်ပတ်သက်သူတွေ အားလုံးကို မြို့တော်ဆီ ဖမ်းဆီးခေါ်ဆောင်လာခဲ့။”

“အမိန့်တော်အတိုင်းပါ။”

ဧကရာဇ်ဟောင်း၏ အမိန့်တော် တစ်ရပ် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် စစ်သည် ငါးထောင်သည် ခမ်းနား ကြီးကျယ်စွာဖြင့် မြို့တော်မှ ထွက်ခွာကာ ထိုက်ခန်းဟောက် အိမ်တော်သို့ ဝင်စီးရန် သွားရောက်ကြတော့၏။

မြို့တော်ရှိ ထိုက်ခန်းဟောက် အိမ်တော်၊ ချန်လန်ပြည်နယ်ရှိ ထိုက်ခန်းဟောက် အိမ်တော်တို့မှ လူနှစ်ထောင်ကျော်လုံး ဖမ်းဆီးခံရပြီး မြို့တော်သို့ ခေါ်ဆောင်လာခဲ့သည်။

ရာစုနှစ်ချီ သက်တမ်းရှိသော မှူးမတ် မိသားစု၊ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး၏ သူဌေးကြီး မိသားစု၊ တစ်ချိန်က ဩဇာတိက္ကမ ကြီးမားခဲ့သော ထိုက်ခန်းဟောက် အိမ်တော်၊ မိဖုရားကြီး၏ မျိုးနွယ်စုသည် လုံးဝ ပျက်စီးသွားတော့၏။

မြို့တော်သို့ ဖမ်းဆီးခေါ်ဆောင်လာပြီးနောက် နောက်ဆက်တွဲ အနေဖြင့် တရားရုံးသုံးရပ် ပူးပေါင်း စစ်ဆေးမှုကို ပြုလုပ်ရမည် ဖြစ်ပြီး မှုခင်းစုံစမ်းရေး ဝန်ကြီး ကျူးလန်ထျန်းက အဓိက တာဝန်ယူကာ တရားလွှတ်တော်ချုပ် အကြီးအကဲနှင့် တော်ဝင် တရားရုံး အကြီးအကဲ ယွီကျန်း တို့က အကူအညီ ပေးရမှာဖြစ်သည်။

ရက်အတော်ကြာ နေ့ရောညပါ စစ်ဆေးပြီးနောက် သက်ဆိုင်ရာ သက်သေ အထောက်အထားများ၊ အပြစ် ဝန်ခံလွှာများကို အခန်းအတော်များများတွင် အပြည့်အမောက် ထားရှိခဲ့ရ၏။

နောက်ဆုံးတွင် ထိုက်ခန်းဟောက်၏ ပြစ်မှုမှတ်တမ်းများကို စာလုံးရေ သုံးသောင်းကျော်ခန့် ရေးသား ခဲ့ရသည်။

အပိုင်း (၅၆၈)

ဧကရာဇ် ဝမ်ယွင် ထီးနန်းစိုးစံခဲ့သည့် ဆယ်နှစ်တာ ကာလအတွင်း ယောက္ခမတော် ထိုက်ခန်းဟောက် အိမ်တော်သည် မဟာဗျူဟာမြောက် ပစ္စည်း အမျိုးမျိုးကို မှောင်ခို ရောင်းချခဲ့ရာတွင် အမြတ်အစွန်း ငွေသား ဆယ်သန်း အထိ ရှိခဲ့၏။

အံ့ဩတုန်လှုပ်ဖွယ်ကောင်းသော ငွေပမာဏ ဖြစ်သော်လည်း စုစုပေါင်း သိမ်းဆည်းရမိသည်မှာ တစ်သန်းခွဲသာ ရှိပြီး ကျန်ရှိနေသော ငွေကြေးများ အားလုံး အလိုအလျောက် ပျောက်ကွယ်သွားကာ ထိုက်ခန်းဟောက်၏ သားတော်လည်း အရိပ်အယောင်တောင် မရှိအောင် ပျောက်ကွယ်သွားခဲ့သည်။

နောက်ပိုင်း မည်သို့ပင် စစ်ဆေးမေးမြန်းစေကာမူ ထိုက်ခန်းဟောက်သည် ဤငွေကြေးများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို လုံးဝ ထုတ်မပြောတော့ချေ။ ညှဉ်းပန်း နှိပ်စက်လျှင်တောင် သူက စကားတစ်ခွန်းမှ မဟတော့ချေ။

ရုတ်တရက် တစ်နေ့တွင် ယောက္ခမတော် ထိုက်ခန်းဟောက်က ပြောလိုက်၏။ “အမတ်ကြီး ကျူးလန်ထျန်း... ဒီငွေသား ဆယ်သန်းကျော် ဘယ်ရောက်သွားလဲ ဆိုတာကို ကျုပ် ပြောပြလို့ ရပါတယ်။ ဒါပေမဲ့ ခင်ဗျား တစ်ယောက်တည်းကိုပဲ ပြောပြမယ်။ ခင်ဗျား နားထောင်ရဲလား။”

ကျူးလန်ထျန်းက အေးစက်စက် ပြုံးကာ ပြန်ပြောလိုက်သည်။ “ကျုပ် ဘာလို့ နားမထောင်ရဲရမှာလဲ။”

ထို့နောက် ကျူးလန်ထျန်းသည် အခြားသူများ အားလုံးကို ထွက်သွားစေပြီး သူနှင့် ထိုက်ခန်းဟောက် နှစ်ဦးတည်းသာ ကျန်ရှိတော့၏။

ယောက္ခမတော် ထိုက်ခန်းဟောက်က ပြောလိုက်၏။ “အဲဒီ ငွေသား ဆယ်သန်းကျော်ကို ငါ ကျီရွှေ့အဖွဲ့အစည်း (အမိန့်တော်ခံအဖွဲ့အစည်း)ကို အားလုံး ဆက်သလိုက်ပြီ။”

“ကျီရွှေ့အဖွဲ့အစည်း ဟုတ်လား။” ကျူးလန်ထျန်း တစ်ခါမှ မကြားဖူးခဲ့ချေ။

ထိုက်ခန်းဟောက်က ပြောလိုက်၏။ “ဒီလောက်ပါပဲ... ဟား... ဟား... ဟား... ဟား...”

ယောက္ခမတော်သည် အမှု ပေါ်ပေါက်သွားပြီးနောက် ကြီးမားသော ကြောက်ရွံ့မှု မရှိဘဲ သေရမည်ကိုပင် မကြောက်သည့် ပုံစံမျိုး ပြသနေသည်။

မှုခင်းစုံစမ်းရေး ဝန်ကြီး ကျူးလန်ထျန်းသည် ဧကရာဇ်ဟောင်းထံသို့ ချက်ချင်း သွားရောက် အစီရင်ခံလိုက်၏။

“ငွေသား ဆယ်သန်းကျော်လုံးကို ကျီရွှေ့အဖွဲ့အစည်းကို ဆက်သလိုက်တယ် ဟုတ်လား။” ဧကရာဇ်ဟောင်း၏ မျက်လုံးများ အနည်းငယ် ကျုံ့သွားတော့သည်။

အချိန်အတော်ကြာပြီးမှသာ ဧကရာဇ်ဟောင်းက ပြောလိုက်၏။ “ကောင်းပြီ... ဆက်ပြီး စစ်ဆေးမေးမြန်းနေဖို့ မလိုတော့ဘူး။ တိုက်ရိုက် စီရင်ချက် ချလိုက်တော့။”

မှုခင်းစုံစမ်းရေး ဝန်ကြီး ကျူးလန်ထျန်းက ပြန်ပြောလိုက်သည်။ “ကျုပ် အမိန့်တော်ကို ခံယူပါတယ်။”

နောက်တစ်နေ့တွင် ယောက္ခမတော် ထိုက်ခန်းဟောက်သည် ကြီးမားသော ပြစ်မှုကိုးခုဖြင့် တရားဝင် စီရင်ချက် ချခံလိုက်ရတော့၏။

ပါဝင်ပတ်သက်သူ ဆယ့်ကိုးဦးကို ခါးဖြတ် သတ်ဖြတ်ရန် စီရင်ချက် ချမှတ်ခဲ့ပြီး ပါဝင်ပတ်သက်သူ ကိုးဆယ့် ငါးဦးကို ခေါင်းဖြတ် သတ်ဖြတ်ရန် စီရင်ချက် ချမှတ်ခဲ့သည်။

ကျန်ရှိနေသော ထိုက်ခန်းဟောက် အိမ်တော်မှ လူတစ်ထောင်ကျော်ကို အားလုံး နယ်နှင်ဒဏ် ပေးရန်နှင့် ရာထူး အားလုံးမှ ရုပ်သိမ်းရန် စီရင်ချက် ချမှတ်ခဲ့၏။

ယခင်က အလွန် မောက်မာခဲ့သော မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်းသည်လည်း ထိုက်ခန်းဟောက်၏ အကျင့်ပျက် ခြစားမှု အမှုကြီးတွင် ပါဝင်ပတ်သက်ခဲ့ပြီး ထိုက်ခန်းဟောက်ကို သက်ဆိုင်ရာ စစ်ဖက်ဆိုင်ရာ ပစ္စည်းများ မှောင်ခိုရောင်းချရန် ထောက်ပံ့ပေးခဲ့သောကြောင့် ပြစ်မှုများ ပေါင်းစပ်ကာ ခေါင်းဖြတ် သတ်ဖြတ်ရန် စီရင်ချက် ချမှတ်ခံလိုက်ရသည်။

ယွင်ကျုံးဟဲ့ကို အကြိမ်ကြိမ် စော်ကားခဲ့ဖူးသော ဤမြို့တော် စစ်သေနာပတိ၊ မိဖုရားကြီး၏ လက်အောက်ခံ အစွမ်းထက် စစ်သူကြီးသည် နောက်ဆုံးတွင် သေရတော့မှာဖြစ်၏။

ကွပ်မျက်မည့်နေ့တွင် မရေမတွက်နိုင်သော ပြည်သူများ ကွပ်မျက်ခြင်းကို လာရောက် ကြည့်ရှုကြပြီး ယွင်ကျုံးဟဲ့လည်း လူအများအပြား၏ ကာကွယ်မှုဖြင့် ဤကြီးကျယ်ခမ်းနားသော မြင်ကွင်းကို လာရောက် ကြည့်ရှုခဲ့သည်။

ယောက္ခမတော် ထိုက်ခန်းဟောက်သည် အဆင့်အတန်း မြင့်မားသူ ဖြစ်သော်လည်း ယွင်ကျုံးဟဲ့က မသိရှိ သောကြောင့် သူ၏ အကြည့်များမှာ မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်း ထံသို့သာ ရောက်ရှိနေ၏။

နင်ဟွိုင်အန်းလည်း သူ့ကို တွေ့ရှိသွားပြီး ချက်ချင်းပဲ မျက်လုံးထဲမှ အဆုံးအစ မရှိသော မုန်းတီးမှုများကို ထုတ်လွှင့်လာတော့သည်။ ‘အောက်ယွီ... ခင်ဗျား အရမ်း ယုတ်မာတယ်။ ခင်ဗျား… အရမ်း ယုတ်မာတာပဲ။’

မှုခင်းစုံစမ်းရေး ဝန်ကြီး ကျူးလန်ထျန်းသည် ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ယူကာ အချိန်ကျရောက်လာမည့် အချိန်ကို စောင့်မျှော်နေသည်။ နေ့လည် ၁၂ နာရီ ၄၅ မိနစ်သည် ကွပ်မျက်ရမည့် အချိန်ဖြစ်၏။

အချိန်များ တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွားတော့၏။ လူတိုင်း မျှော်လင့်တကြီး စောင့်စားနေကြ၏။ အရေးကြီးသော အချိန်တွင် ဧကရာဇ်မင်းမြတ်ထံမှ အမိန့်တော်များ ရောက်ရှိလာပြီး ဓားအောက်မှ လူကို ကယ်တင်မည့် အမိန့်မျိုး ထွက်ပေါ်လာမည်လားဟု တွေးတောနေကြသည်။

နေ့လည် ၁၂ နာရီ ၄၅ မိနစ် ရောက်ရှိလာသော်လည်း ဓားအောက်မှ လူကို ကယ်တင်မည့် အမိန့်တော် မရောက်ရှိလာခဲ့ချေ။

မှုခင်းစုံစမ်းရေး ဝန်ကြီး ကျူးလန်ထျန်းက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “အချိန်ကျပြီ... အပြစ်ပေးတော့။”

“ဝှစ်... ဝှစ်... ဝှစ်...”

ဓားများ ကျဆင်းလာပြီး မိဖုရားကြီး၏ ဖခင်ဖြစ်သူ ထိုက်ခန်းဟောက်သည် တိုက်ရိုက် နှစ်ပိုင်း ပိုင်းဖြတ် ခံလိုက်ရတော့သည်။

“ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...”

ထို့နောက် ခေါင်းဖြတ်သမားများ အဆက်မပြတ် ဓားကြီးများကို ဝှေ့ယမ်းလိုက်ကြတော့သည်။ မိဖုရားကြီး၏ မိသားစုဝင်များ တစ်ယောက်ပြီး တစ်ယောက် ခေါင်းပြတ် ကျသွားကြတော့၏။

မြို့တော် စစ်သေနာပတိ နင်ဟွိုင်အန်း၏ အလှည့်သို့ ရောက်ရှိလာချိန်မှာတော့ သူ၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး ယွင်ကျုံးဟဲ့ကို စိုက်ကြည့်ကာ ရုတ်တရက် အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဧကရာဇ်မင်းမြတ်... မိဖုရားကြီး... ကျုပ်တို့အတွက် လက်စားချေပေးပါ... ကျုပ်တို့အတွက် လက်စားချေပေးပါ။”

“အောက်ယွီ... ခင်ဗျား ကောင်းကောင်း သေရမှာ မဟုတ်ဘူး။ ကောင်းကောင်း သေရမှာ မဟုတ်ဘူး...” နင်ဟွိုင်အန်း ရူးသွပ်မတတ် အော်နေတော့၏။

“ဝှစ်...”

ဓားတစ်ချက် ပြင်းထန်စွာ ကျဆင်းလာတော့၏။ နင်ဟွိုင်အန်း၏ခေါင်း ပြတ်ကျသွားပြီး သွေးများ ပန်းထွက်လာကာ သေသည့်တိုင်အောင် မျက်လုံးမမှိတ်နိုင်ခဲ့ချေ။ ဤသို့ဖြင့် မိဖုရားကြီး၏ မျိုးဆက် အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နန်းတော် အတွင်း၌...

မိဖုရားကြီးသည် ယခင်ကကဲ့သို့ လှပပြီး တည်ငြိမ်သော ပုံစံမျိုး မရှိတော့ဘဲ မျက်လုံးထဲတွင် ရက်စက်မှုများ ပြည့်နှက်နေသော်လည်း မိဖုရားကြီး အဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်၏။

အကြောင်းမူ အမတ် အများအပြားက ထိုက်ခန်းဟောက် ကျူးလွန်ခဲ့သော ပြစ်မှုများသည် မိဖုရားကြီးနှင့် လုံးဝ မသက်ဆိုင်ကြောင်း၊ မိဖုရားကြီးသည် မိသားစုကို ဖုံးကွယ်မထားဘဲ တရားမျှတမှုအတွက် ဆွေမျိုးကိုပင် အပြစ်ပေးခဲ့ကြောင်း ပြောဆိုနေကြသောကြောင့်ပင်။

ထို့အပြင် မိဖုရားကြီးသည် တော်ဝင်မိသားစုသို့ လက်ထပ်ဝင်ရောက်လာပြီးနောက် တော်ဝင်မိသားစုဝင်တစ်ဦး ဖြစ်သွားပြီဖြစ်ရာ မိသားစုနှင့် သိပ်ပြီး မပတ်သက်တော့ချေ။

‘အောက်ယွီ... ရှင်က ငါ မိဖုရားကြီးကို ဖယ်ရှားချင်တယ် ဟုတ်လား။ လုံးဝ စိတ်ကူးယဉ်နေတာပဲ။ ရှင်... စိတ်ကူးယဉ် အိပ်မက်တွေပဲ မက်နေလိုက်။ စိတ်ကူးယဉ်နေလိုက်...’

ထိုအချိန်တွင် မိန်းမစိုး တစ်ဦး၏အသံ အပြင်ဘက်မှ ထွက်ပေါ်လာပြီး တိုးတိုးလေး လျှောက်တင်လိုက်၏။ “မိဖုရားကြီး... ဟိုဘက်မှာ ကွပ်မျက်တာ ပြီးဆုံးသွားပါပြီ။ အားလုံး သတ်ပစ်လိုက်ပါပြီ။”

မိဖုရားကြီး၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်သွားပြီး မျက်လုံးထဲတွင် အဆုံးအစမရှိသော မုန်းတီးမှုများ ပြည့်နှက်လာတော့သည်။

သူမ၏ မိသားစုဝင်များ အားလုံး သတ်ဖြတ်ခံလိုက်ရပြီဖြစ်ပြီး မျိုးဆက် အားလုံး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်၏။

‘ဒီအရာတွေ အားလုံးက အောက်ယွီရဲ့ လုပ်ရပ်တွေချည်းပဲ။ အောက်ယွီ သေသင့်တယ်။ ဧကရာဇ်ဟောင်း လည်း သေသင့်တယ်။’

ရူးသွပ်နေသော မိဖုရားကြီးသည် နံရံထောင့်ရှိ လျှို့ဝှက် အကန့်ထဲမှ အရုပ်ငယ် နှစ်ခုကို ထုတ်ယူလိုက်သ၏။ တစ်ခုမှာ ဧကရာဇ်ဟောင်း၏ ပုံစံဖြစ်ပြီး အခြားတစ်ခုမှာ အောက်ယွီ၏ ပုံစံ ဖြစ်သည်။

အပေါ်တွင် လူနှစ်ဦး၏ မွေးသက္ကရာဇ်များကို ရေးသားထားပြီးနောက် အဆိပ်လူးထားသော အပ်များကို ယူကာ ဤအရုပ်ငယ်နှစ်ခုကို ရူးရူးမူးမူး ထိုးနှက်နေတော့၏။

‘သေ... သေ... သေ... အောက်ယွီ... ရှင် ငါ မိဖုရားကြီးကို ဖယ်ရှားချင်တယ် ဟုတ်လား။ စိတ်ကူးယဉ်နေတာပဲ... စိတ်ကူးယဉ်နေတာပဲ။’

ထိုအချိန်တွင် လူရိပ်တစ်ခု ဝင်ရောက်လာပြီး၏။ ထိုသူမှာ သရဲတစ္ဆေ ကဲ့သို့ လျင်မြန်ကာ ထိပ်တန်း သိုင်းပညာရှင် တစ်ဦး ဖြစ်ပြီး မိန်းမစိုး ပုံစံမျိုး ရှိကာ အမျိုးသမီးများထက်ပင် ပိုမို လှပနေသည်။

“အဲဒီ အဘိုးကြီးကို ကူးစက်ရောဂါ အဆိပ် ခတ်ပြီးပြီလား။ မင်းသမီး ရှန်းရှန်း ဆိုတဲ့ ကောင်မလေး ကိုကော ကူးစက်ရောဂါ အဆိပ် ခတ်ပြီးပြီလား။”

မိဖုရားကြီးက အက်ကွဲနေသည့် အသံဖြင့် မေးလိုက်၏။ “အောက်ယွီနဲ့ အောက်ရှင်း ကိုကော ကူးစက်ရောဂါ အဆိပ် ခတ်ပြီးပြီလား။

“ခတ်ပြီးပါပြီ မိဖုရားကြီး...”

ထိုသရဲတစ္ဆေကဲ့သို့ လျင်မြန်သော အမည်းရောင် လူရိပ်က ပြန်ဖြေလိုက်၏။ “အားလုံးကို ခတ်ပြီးပါပြီ။ ဒါက ကျုပ်တို့ နတ်ဒေဝါ ဘာသာရေးဂိုဏ်းရဲ့ အဆိပ်ပြင်းဆုံး ကူးစက်ရောဂါ ပိုးမွှားပါပဲ။ သူတို့ကို သေမရ၊ ရှင်မရ ဖြစ်အောင် သေချာပေါက် လုပ်နိုင်ပါတယ်။”

ထိုသရဲတစ္ဆေကဲ့သို့ လျင်မြန်သော လူမှာ ယောကျာ်း မိန်းမ ခွဲခြား၍ပင် မရနိုင်ချေ။

စားပွဲပေါ်တွင် မူလက ဘာမှ မရှိသော်လည်း သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုကြောင့် ချက်ချင်းပင် ပန်းကန် တစ်လုံး ထွက်ပေါ်လာတော့သည်။

ထို့နောက် ပန်းကန် အတွင်း၌ ရေကြည် တစ်ဝက်ခန့် ရုတ်တရက် ထွက်ပေါ်လာပြီး လေတစ်ချက် ညင်သာစွာ မှုတ်ထုတ်လိုက်၏။

ရေကြည်အတွင်း၌ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော ပိုးမွှားလေးများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာပြီး ပို၍ပို၍ များပြားလာကာ၊ ပို၍ပို၍ ကြီးမားလာတော့၏။

အချိန်တိုလေး အတွင်းမှာပင် အဖြူရောင် ပန်းကန် တစ်ခုလုံး ကြောက်စရာကောင်းသော ပိုးမွှားများဖြင့် ပြည့်နှက်သွားတော့သည်။

ဤပိုးမွှားများမှာ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပြီး မျော့များနှင့် တူသော်လည်း ပါးစပ်ကို ဖွင့်လိုက်ချိန်မှာတော့ အတွင်း၌ သွားများ အစီအရီ ရှိနေသောကြောင့် ကြက်သီးမွေးညင်းများပင် ထသွားစေနိုင်၏။

“မိဖုရားကြီး... ကျုပ် သူတို့ကို ခတ်လိုက်တဲ့ ကူးစက်ရောဂါ အဆိပ်ပါ။ သုံးရက်ကြာရင် ဒီ ကူးစက်ရောဂါ ပိုးမွှားတွေက သူတို့ရဲ့ ဦးနှောက်ထဲကို ဝင်ရောက်သွားမယ် ဆိုတာကို အာမခံပါတယ်။”

သရဲတစ္ဆေ ကဲ့သို့ လျင်မြန်သော လူရိပ်က ပြောလိုက်သည်။ “သူတို့ အရမ်းကို သနားဖွယ်ကောင်းအောင် သေဆုံးသွားပါလိမ့်မယ်။ ဦးနှောက်ထဲမှာ ရုတ်တရက် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်တဲ့ ပိုးမွှားတွေက သူတို့ရဲ့ ပါးစပ်၊ မျက်လုံး၊ နှာခေါင်း၊ နားရွက်တွေကနေ ထွက်လာပါလိမ့်မယ်။”

“သုံးရက် ဟုတ်လား။” မိဖုရားကြီးက မေးလိုက်၏။

သရဲတစ္ဆေ ကဲ့သို့ လျင်မြန်သော လူရိပ်က ပြန်ဖြေလိုက်သည်။ “တိတိကျကျ ပြောရရင် နောက်ထပ် နာရီ ခြောက်ဆယ် လိုပါသေးတယ်။ သန်ဘက်ခါ မနက်ပိုင်း ညီလာခံ တက်တဲ့ အချိန်ကျရင် ဧကရာဇ်ဟောင်းနဲ့ အောက်ယွီ တို့ဟာ ရုတ်တရက် သနားဖွယ်ကောင်းအောင် သေဆုံးသွားပါလိမ့်မယ်။ အောက်ရှင်းနဲ့ မင်းသမီး ရှန်းရှန်း လည်း ရုတ်တရက် သေဆုံးသွားပါလိမ့်မယ်။”

မိဖုရားကြီးက အက်ကွဲနေသည့် အသံဖြင့် ပြောလိုက်၏။ “ကောင်းတယ်... ကောင်းတယ်။ သူတို့ သေတာကို ကျွန်မ ကြည့်ချင်တယ်။ သူတို့ သေတာကို ကြည့်ချင်တယ်။ ရှင် ဘာလို့ စောစော မပေါ်လာရတာလဲ။ ရှင်သာ စောစော ပေါ်လာရင် ဒီလူတွေ အားလုံး အစောကြီးတည်းက သေနေလောက်ပြီ။”

‘နာရီ ခြောက်ဆယ်... ငါ စောင့်နိုင်ပါတယ်... ငါ စောင့်နိုင်ပါတယ်။ ဧကရာဇ်ဟောင်း၊ အောက်ယွီ... ရှင်တို့ သေလိုက်ကြတော့။’

…………..

ထိုက်ခန်းဟောက် အိမ်တော်မှ လူများအားလုံး သေဆုံးသွားပြီး နင်ဟွိုင်အန်းလည်း သေဆုံးသွားပြီဖြစ်ရာ အလွန် အရေးကြီးသော ရာထူး တစ်ခု လစ်လပ်သွားပြီ ဖြစ်၏။ ထိုရာထူးမှာ မြို့တော် စစ်သေနာပတိ ဖြစ်သည်။

အချိန်အတော်များများတွင် တာ့ကျိုး မြို့တော် ဧရိယာ အတွင်း၌ စစ်သည် အင်အား တစ်သိန်းခွဲကျော်ခန့် ရှိလေ့ ရှိသည်။ မြို့တော် စစ်သေနာပတိရုံး၏ လက်အောက်တွင်မူ စစ်သည် အင်အား အနည်းအများ ရှိတတ်ပြီး များသောအားဖြင့် ငါးသောင်းကျော်ခန့် ရှိကာ နည်းချိန်တွင် သုံးသောင်းခန့် ရှိတတ်၏။

ဤသည်မှာ မြို့တော်ကို ကာကွယ်ရန်အတွက် အလွန် အရေးကြီးသော အင်အားစု တစ်ခု ဖြစ်၏။ ဤစစ်သည် သုံးသောင်းမှ ငါးသောင်းခန့် အထိ ရှိသော စစ်အာဏာမှာ အလွန် အရေးကြီးလှသည်။

ယခုအခါ ဧကရာဇ်သည် စစ်တပ် ပုန်ကန်မှု မပြုလုပ်သေးသော်လည်း အရေးကြီးသော အချိန်တွင်၊ လမ်းဆုံး ရောက်နေသော အချိန်တွင် ဘာမဆို လုပ်ဆောင်လာနိုင်သောကြောင့် ဧကရာဇ်ဟောင်း နှင့် အောက်ယွီ၏ အဖွဲ့အစည်း အနေဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိရန် မဖြစ်မနေ လိုအပ်၏။

ထို့ကြောင့် မြို့တော် စစ်သေနာပတိ ရာထူး အတွက် ဧကရာဇ် နှင့် ဧကရာဇ်ဟောင်း တို့၏ အဖွဲ့အစည်း နှစ်ခုသည် အလွန် ပြင်းထန်သော အားပြိုင်မှုများကို ပြုလုပ်ခဲ့ကြသည်။

All Chapters