အခန်း (၅၆၉-၅၇၀)
Vol. 48 Ch. 569-570
အပိုင်း (၅၆၉)
မြို့တော် စစ်သေနာပတိ ရာထူးအတွက် နိုင်ကော်၏ ဩဇာအာဏာမှာ အတော်လေး နည်းပါးသွားပြီး ဆူမီယွမ်တွင်လည်း ဩဇာအာဏာ အနည်းငယ်သာ ရှိကာ ဤရာထူးကို အဓိက ဆုံးဖြတ်နိုင်သည်မှာ နိုင်ကော် ဖြစ်သည်။
သို့ပေမည့် နိုင်ကော်၏ အမတ်ကြီး သုံးဦးအနက် နှစ်ဦးမှာ ဧကရာဇ်၏ လူများ ဖြစ်နေသောကြောင့် ဤရာထူးကို ယှဉ်ပြိုင်ရာတွင် အားနည်းချက် ရှိနေ၏။
ဧကရာဇ်ဟောင်း အနေဖြင့် ယခင် စစ်သေနာပတိရုံး၏ ခြေလျင်တပ်မှူး ကျိုးမုကို မြို့တော် စစ်သေနာပတိ အဖြစ် ခန့်အပ်ရန် ရည်ရွယ်ထားသော်လည်း အလွန် ခက်ခဲလှသည်။
ယင်းယန် နှင့် လီထျဲ့ရှင်း တို့မှာမူ ပို၍ပင် မဖြစ်နိုင်ချေ။ ဤလူနှစ်ဦး၏ မူလ ရာထူး အဆင့်အတန်းမှာ အလွန် နိမ့်ကျလွန်းပြီး မှူးမတ် မျိုးရိုးမှ ဆင်းသက်လာသူများလည်း မဟုတ်ကြချေ။
လက်ရှိ တာ့ကျိုးအင်ပါယာ၏ လျှို့ဝှက် စည်းမျဉ်းများအရ မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ မဟုတ်ပါက တတိယအဆင့်နှင့် အထက်ရှိသော စစ်ဖက်ဆိုင်ရာ ရာထူးများကို တာဝန်ယူခွင့် မရှိပေ။
ပြင်းထန်သော အားပြိုင်မှုများ ပြုလုပ်ပြီးနောက် မြို့တော် စစ်သေနာပတိရုံး၏ ယခင် မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင် ရှန်ကျုံး သည် မြို့တော် စစ်သေနာပတိ အဖြစ် ရာထူးတိုးမြှင့်ခံရတော့၏။
ရှန်ကျုံးသည်လည်း အင်ပါယာ၏ မှူးမတ် တစ်ဦး ဖြစ်ပြီး ရာစုနှစ်ချီ သက်တမ်းရှိသော သူဌေးကြီး မိသားစု၊ ယွီချန်ဟောက် ဖြစ်သည်။
သို့ပေမည့် ဤလူသည် အင်ပါယာ၏ မှူးမတ်များအနက် အလွန် ထူးဆန်းသူ တစ်ဦး ဖြစ်သည်။ အောက်ရှင်း သည် လုံလောက်အောင် အထီးကျန်နေပြီ ဖြစ်သော်လည်း သူက အောက်ရှင်း ထက်ပင် ပို၍ အထီးကျန်သေး၏။
သူသည် မည်သူနှင့်မှ အပေါင်းအသင်း မလုပ်သလို၊ မည်သူနှင့်မှလည်း စကားမပြောဆိုတတ်ချေ။ သူသည် စစ်ရေး ရူးသွပ်သူ တစ်ယောက်လားဟု မေးလျှင် မဟုတ်ပြန်ချေ။
သူ၏ စစ်တပ် လေ့ကျင့်မှုများမှာ အလွန် ကောင်းမွန်ပြီး သူ၏ လက်အောက်ရှိ မြင်းစီးတပ်ဖွဲ့မှာလည်း အလွန် ရဲရင့်ကြမ်းတမ်းကာ အနောက်ဘက် နယ်စပ်တွင် တာ့ကျိုးအင်ပါယာ၏ ရန်သူ့စစ်တပ်များနှင့် ရှီးလျန် မြင်းစီးတပ်ဖွဲ့များ တောတွင်း တိုက်ပွဲ ဆင်နွှဲရာတွင် အများအားဖြင့် ရှုံးနိမ့်လေ့ ရှိသည်။
ယွီချန်ဟောက် ရှန်ကျုံး၏ လက်အောက်ရှိ မြင်းစီးတပ်ဖွဲ့ တစ်ခုတည်းသာလျှင် ရှီးလျန် မြင်းစီးတပ်ဖွဲ့နှင့် အကြိတ်အနယ် ယှဉ်ပြိုင် တိုက်ခိုက်နိုင်ပြီး အမှန်တကယ်ပင် အစွမ်းထက်လှသည်။ ဤကဲ့သို့သော အရည်အချင်းရှိသူသည် အနောက်ဘက် နယ်စပ်တွင်သာ ဆက်လက် နေထိုင်သင့်၏။
သူ၏ စစ်ရေး အောင်မြင်မှုများနှင့် မျိုးရိုးအရဆိုလျှင် ဖူယန်ထူ ထွက်ခွာသွားပြီးနောက် ကျန်းရှီး စစ်သေနာပတိချုပ် ရာထူးမှာ သူ့အလှည့် ရောက်ရှိသင့်သည်။
သို့ပေမည့် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က သူသည် ထျန်းယန် ဧကရာဇ် ထံသို့ တိုက်ရိုက် စာချွန်လွှာ တင်သွင်းကာ အနောက်ဘက် နယ်စပ်တွင် ဆက်လက် မနေထိုင်လိုတော့ဘဲ မြို့တော်သို့ ပြန်လည် ပြောင်းရွှေ့လိုကြောင်း တောင်းဆိုခဲ့၏။
ထျန်းယန် ဧကရာဇ်သည် အစပိုင်းတွင် ချိုသာစွာ ဖြောင်းဖျခဲ့ပြီးနောက်တွင် ပြစ်တင်ဝေဖန်ခဲ့သော်လည်း သူက လုံးဝ ဂရုမစိုက်ဘဲ မြို့တော်သို့ ပြန်လာရန်သာ အတင်းအကျပ် တောင်းဆိုခဲ့ပြီး အနောက်ဘက် နယ်စပ်၏ အေးချမ်းမှုကို မနှစ်သက်ကြောင်းနှင့် မြို့တော်သို့ ပြန်၍ သားဖြစ်သူကို လေ့ကျင့်သင်ကြား ပေးလိုကြောင်း အကြောင်းပြခဲ့သည်။
ဤကဲ့သို့သော လူမျိုးကို မည်သို့ ပြောရမည်ကိုပင် မသိတော့ချေ။ သူသည် အနောက်ဘက် နယ်စပ်၏ အေးချမ်းမှုကို မနှစ်သက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသော်လည်း အနောက်ဘက် နယ်စပ်တွင် ရှိနေစဉ်က ဇိမ်ခံ နေထိုင်ခဲ့ခြင်း မရှိဘဲ စစ်တိုက်ရာတွင်ဖြစ်စေ၊ စစ်တပ် လေ့ကျင့်ရာတွင်ဖြစ်စေ အလွန် ထူးချွန်ပြောင်မြောက်ခဲ့၏။
ရွေးချယ်စရာ မရှိတော့သောကြောင့် ထျန်းယန် ဧကရာဇ်သည် သူ့ကို မြို့တော်သို့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ရာထူးကို တိုက်ရိုက် လျှော့ချပစ်လိုက်သည်။
အနောက်ဘက် နယ်စပ်တွင် စစ်သေနာပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးသည် မြို့တော်သို့ ပြန်ရောက်ပြီးနောက် မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးသာ ဖြစ်သွားခဲ့၏။
သို့ပေမည့် ရှန်ကျုံးသည်လည်း ဂရုမစိုက်ဘဲ မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင်အဖြစ် အကောင်းဆုံး တာဝန် ထမ်းဆောင်ခဲ့ပြီး ဆယ်နှစ်ကျော်တိုင်တိုင် တာဝန်ယူခဲ့သည်။
အောက်ရှင်းသည် တာ့ကျိုး၏ နံပါတ်တစ် လှံသမားဟု လူတိုင်းက ပြောဆိုကြသော်လည်း ရှန်ကျုံးသည်လည်း တာ့ကျိုး၏ နံပါတ်တစ် ဓားသမားပင် ဖြစ်သည်။ မြင်းပေါ်တွင် အသုံးပြုသော ဓားရှည်ကို ရှန်ကျုံးသည် အလွန် ကျွမ်းကျင်စွာ အသုံးပြုနိုင်၏။
ယွင်ကျုံးဟဲ့၏ ခန့်မှန်းချက် အရဆိုလျှင် စစ်မြေပြင်တွင် ရှန်ကျုံး၏ စွမ်းရည်မှာ ဖခင်ဖြစ်သူလောက် မကောင်းလျှင်တောင် သိပ်မကွာခြားလှဘဲ အမှန်တကယ် ပြိုင်ဘက်ကင်းသော စစ်သူကြီး တစ်ဦး ဖြစ်၏။ သို့ပေမည့် ဝမ်းနည်းစရာ ကောင်းသည်မှာ ဤလူတွင် ဩဇာအာဏာ မက်မောမှု သိပ်မရှိခြင်း ဖြစ်သည်။
သူ၏ တာဝန်ဝတ္တရားများကို အပြည့်အဝ ထမ်းဆောင်လေ့ ရှိသော်လည်း သူ၏ တာဝန်ဝတ္တရား မဟုတ်သောအရာများကိုမူ လုံးဝ လုပ်ဆောင်မည် မဟုတ်ချေ။
မြို့တော် စစ်သေနာပတိ ရာထူးအတွက် နှစ်ဖက်စလုံး အနိုင်မရရှိခဲ့ကြချေ။ ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းမှ အကြံပြုသော စစ်သူကြီးများကို ဧကရာဇ်၏ အဖွဲ့အစည်းက သဘောမတူသလို ဧကရာဇ်၏ အဖွဲ့အစည်းမှ အကြံပြုသော သူများကိုလည်း ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းက သဘောမတူခဲ့ပေ။
ထို့ကြောင့် နိုင်ကော်သည် အလယ်အလတ် ဝါဒီတစ်ဦး ဖြစ်သော ရှန်ကျုံးကို အကြံပြုလာခဲ့ပြီး ဧကရာဇ်ဟောင်းလည်း အနည်းငယ် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။
ဧကရာဇ်၏ အမြင်တွင်မူ ရှန်ကျုံးသည် သူ့ဘက်သို့ ယိမ်းယိုင်နေသူ တစ်ဦးဟု ထင်မှတ်ထားသည်။ အကြောင်းမူ သူသည် ယခင်က ဧကရာဇ်ဟောင်း၏ ရာထူးလျှော့ချခြင်းကို ခံခဲ့ရသူ ဖြစ်သောကြောင့်ပင်။
ထို့အပြင် ထိုစဉ်က ထျန်းယန် ဧကရာဇ်က ရှန်ကျုံးကို ရာထူးလျှော့ချခဲ့စဉ် အိမ်ရှေ့စံမင်းသား ဖြစ်နေသေးသော ဝမ်ယွင် ဧကရာဇ်သည် သူ့အတွက် လူသိရှင်ကြား အကြိမ်ကြိမ် တောင်းပန်ပေးခဲ့ဖူးသည်။
ဤမျှသာမက ရှန်ကျုံး၏ သားဖြစ်သူသည် ဖူယန်ထူ၏ တူမနှင့် လက်ထပ်ထားပြီး ဤလူနှစ်ဦးသည် အနောက်ဘက် နယ်စပ်တွင် အတူတကွ တာဝန်ထမ်းဆောင်ခဲ့ဖူးသူများ ဖြစ်၏။
ထို့ကြောင့် မြို့တော် စစ်သေနာပတိ ရာထူးကို ဧကရာဇ်က အောင်မြင်စွာ ကာကွယ်နိုင်ခဲ့ပြီဖြစ်ရာ စစ်သေနာပတိရုံး၏ မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင် ရာထူး လစ်လပ်သွားပြီ ဖြစ်သည်။
ပုံမှန်အားဖြင့် မြို့တော် စစ်သေနာပတိ ရာထူးကို ဧကရာဇ်က ရယူလိုက်ပြီဖြစ်ရာ မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင် ရာထူးကို ပေးအပ်လိုက်သင့်၏။
သို့ပေမည့် စစ်အာဏာနှင့် ပတ်သက်လာပါက ဧကရာဇ်သည် တစ်လက်မပင် အလျှော့မပေးချေ။ အကြောင်းမူ အလျှော့ပေးလိုက်လျှင်တောင်မှ ဧကရာဇ်ဟောင်းသည် မိဖုရားကြီးကို ဖယ်ရှားမည့် အစီအစဉ်ကို ရပ်တန့်မည် မဟုတ်ကြောင်း သူ သိရှိထားသောကြောင့် ဖြစ်သည်။ လုံးဝ မဖြစ်နိုင်ချေ။
နှစ်ဖက်စလုံးသည် နောက်တစ်ကြိမ် အပြင်းအထန် အားပြိုင်ကြပြန်ပြီး နိုင်ကော် ဒု-အမတ်ကြီး ကျိုးလျန် နှင့် ဆူမီယွမ် ဝန်ကြီးတို့ပါ ကိုယ်တိုင် ပါဝင်လာကြတော့၏။
သူတို့သည် ယင်းယန် သို့မဟုတ် ကျန်းဟွိုင်ကို အကြံပြုလိုသော်လည်း ဤလူနှစ်ဦးစလုံးသည် မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင်များ မဟုတ်ကြချေ။
ထို့ကြောင့် သူတို့သည် လူတစ်ယောက်ကို အကြံပြုလိုက်ကြ၏။ နန်ဖိန်ဟောက်၏ သားတော် ထန်ထိုင်ကျင့် ဖြစ်သည်။
လူတိုင်း အံ့ဩသွားကြ၏။ ‘နန်ဖိန်ဟောက် ဟုတ်လား။ ဘယ်သူလဲ။’
ဤသည်မှာ တမင်တကာ ဟန်ဆောင်နေခြင်း ဖြစ်သည်။ ထန်ထိုင်မြဲ့မင်သည် ဟောက်ဘွဲ့ ချီးမြှင့်ခံထားရပြီး ငွေကြေးများစွာ အသုံးပြုခဲ့သော်လည်း တာ့ကျိုးအင်ပါယာ၏ မှူးမတ် အသိုင်းအဝိုင်း ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ချေ။ အကြောင်းမူ သူသည် လက်နက်ချလာသူ တစ်ဦး ဖြစ်ပြီး စစ်ရှုံးလာသူ တစ်ဦး ဖြစ်သောကြောင့်ပင်။
ပိုင်ရှင်မဲ့နယ်မြေ၏ နံပါတ်တစ် နယ်စားဖြစ်ပြီး မည်မျှ ဩဇာတိက္ကမ ကြီးမားလိုက်သနည်း။ သို့ပေမည့် တာ့ကျိုးအင်ပါယာ၏ မှူးမတ်များ အမြင်တွင်မူ မျောက်တစ်ကောင်က အဝတ်အစား ဝတ်ထားသကဲ့သို့ လူရိုင်းများသာ ဖြစ်သည်။
ထို့အပြင် ထန်ထိုင်ကျင့်သည် လူချစ်လူခင် သိပ်မပေါလှချေ။ ယခင်က ဖူယန်ထူ၏ သားဖြစ်သူကို အနိုင်ယူခဲ့ဖူး သောကြောင့် စစ်ဖက်ဆိုင်ရာ မှူးမတ်များကို စော်ကားမိခဲ့ပြီး ဖူယန်ထူ၏ ပိတ်ဆို့မှုကို ခံထားရသူ ဖြစ်၏။
နှစ်ဖက်စလုံး အချေအတင် ငြင်းခုံနေကြသောကြောင့် ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင်ဆိုတာ ရှေ့တန်းကနေ စစ်တိုက်ရမယ့်သူပါ။ အခု ငြင်းခုံနေကြလို့ မပြီးနိုင်ဘူးဆိုရင် ပြိုင်ပွဲ ဝင်ပြီး ဆုံးဖြတ်ကြတာပေါ့။”
ထို့ကြောင့် မြို့တော်၏ မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင် ရာထူးအတွက် ယှဉ်ပြိုင်မည့်သူ သုံးဦးသည် နန်းတော်၏ မြင်းစီးကွင်းတွင် ပြိုင်ပွဲ ဝင်ကြတော့၏။
ထိုအခါမှသာ လူတိုင်းက နန်ဖိန်ဟောက်၏ သားတော် ထန်ထိုင်ကျင့်သည် အောက်ယွီ၏ နောက်မှ လိုက်ပါနေသော ကိုယ်ရံတော် ဖြစ်နေကြောင်း၊ သစ်သားတိုင် တစ်တိုင်ကဲ့သို့ ရပ်နေသူ ဖြစ်ကြောင်း သိရှိသွားကြတော့သည်။
သူသည် အလွန်တရာ အောက်ကျနောက်ကျ ခံနိုင်လွန်းသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ပိုင်ရှင်မဲ့ နယ်မြေ၏ နံပါတ်တစ် နယ်စားမင်း၏ သားတော်တစ်ပါး ဖြစ်သည့်အပြင် အရှိန်အဝါ အတောက်ပဆုံး အချိန်အခါတုန်းကဆိုလျှင် အင်အားတစ်သိန်းရှိသော တပ်တော်ကြီးကိုပင် ကွပ်ကဲအုပ်ချုပ်ခဲ့ဖူးသူ ဖြစ်၏။
ထို့အပြင် ယခုအခါတွင် နန်ဖိန်ဟောက်၏ သားတော်တစ်ဦး ဖြစ်ပါလျက်နှင့် အောက်ယွီကဲ့သို့သော ပဉ္စမအဆင့် အရာရှိငယ်လေးတစ်ယောက်၏ လက်အောက်၌ ခွေးတစ်ကောင်ကဲ့သို့ အစေခံကာ အောက်ကျို့နေခြင်းကို မြင်ရသည်မှာ စိတ်မချမ်းသာစရာ ကောင်းလွန်းလှသည်။
ပြိုင်ပွဲ စတင်တော့မည် ဖြစ်ရာ ယွင်ကျုံးဟဲ့က ထန်ထိုင်ကျင့်ကို ပြောလိုက်၏။ “အရမ်း ပြင်းပြင်းထန်ထန် မလုပ်နဲ့။ အရိုးတွေ ကျိုးသွားရုံလောက်ပဲ လုပ်ပါ။ သေအောင် မလုပ်နဲ့။”
“ကောင်းပါပြီ။”
ထို့နောက် အမြင့်ဆုံး အရှင်သခင် နှစ်ပါးနှင့် အရပ်ဖက်၊ စစ်ဖက်ဆိုင်ရာ အမတ်များ၏ ရှေ့မှောက်တွင် မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင် သုံးဦး၏ ပြိုင်ပွဲ စတင်တော့သည်။
“ဂျွတ်...” ပထမအချီ ပြိုင်ပွဲ ပြီးဆုံးသွား၏။
“ဂျွတ်...” ဒုတိယအချီ ပြိုင်ပွဲ ပြီးဆုံးသွားသည်။
ထန်ထိုင်ကျင့်သည် အောက်ယွီ၏ စကားကို နားထောင်ပြီး အရမ်း ပြင်းပြင်းထန်ထန် မလုပ်ခဲ့ဘဲ ပြိုင်ဘက်၏ ခြေထောက် အရိုး တစ်ချောင်းနှင့် နံရိုး သုံးချောင်းကိုသာ ချိုးပစ်လိုက်၏။
‘ဒီလူရဲ့ သိုင်းပညာက တကယ် မြင့်မားတာပဲ။ မြင်းပေါ်က လှံရှည်ကို အသုံးပြုတဲ့ နေရာမှာ တကယ့်ကို ကျွမ်းကျင်ပြီး ပြိုင်ဘက်တွေက ဘာမှ ပြန်မခုခံနိုင်ဘဲ တိုက်ရိုက် လွင့်စင်သွားကြတယ်။ ပိုင်ယွင်မြို့မှာ ပညာသင်ခဲ့ဖူးသူ ပီသပါပေတယ်။ ကျင်းကျုံးယွဲ့ရဲ့ စီနီယာ အစ်ကို ပီသပါပေတယ်။’
ဤသို့ဖြင့် မြို့တော် စစ်သေနာပတိရုံး၏ စစ်အာဏာ အားပြိုင်မှုမှာ ပြီးဆုံးသွားတော့၏။ ဧကရာဇ်ဟောင်း၏ အဖွဲ့အစည်းသည် မြို့တော် စစ်သေနာပတိ ရာထူးကို မရရှိခဲ့သော်လည်း မြင်းစီးတပ်ဖွဲ့ ခေါင်းဆောင် ရာထူးကို ရရှိသွားခဲ့သည်။
အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ အမတ်များ အားလုံး နောက်တစ်ကြိမ် အံ့ဩတုန်လှုပ်သွားကြပြန်သည်။ အကြောင်းမူ ဤမြင်းစီးတပ်ဖွဲ့ ခေါင်းဆောင်မှာ အောက်ယွီ၏ ကိုယ်ရံတော် ဖြစ်နေသောကြောင့်ပင်။
ဤသည်မှာ လူတစ်ယောက် အောင်မြင်သွားပါက သူနှင့် ပတ်သက်သူများ အားလုံးပါ ကြီးပွားသွားသည် ဆိုသည့် အဓိပ္ပာယ် မဟုတ်ပါလား။
ဧကရာဇ်ဟောင်းသည် အောက်ယွီကို ဤမျှလော ယုံကြည်အားထားနေသည်လား။ အောက်ယွီ အကြံပြုသူ တစ်ယောက်ကိုမှ မငြင်းပယ်ခဲ့ချေ။
‘အရမ်းကို လွန်ကျူးလွန်းနေပြီ။ ပဉ္စမအဆင့် အရာရှိငယ်လေး တစ်ယောက်က နန်းတွင်းရဲ့ အဆင့်မြင့် အရာရှိကြီး လေးယောက်ကို ရာထူးတိုးပေးနိုင်ခဲ့တယ်။’
ဩဇာအာဏာ ဆိုသည်မှာ ရာထူး အနိမ့်အမြင့်နှင့် မဆိုင်ကြောင်း အမှန်တကယ် သိသာထင်ရှားလှသည်။
အိမ်သို့ ပြန်ရောက်ချိန်မှာတော့ အောက်ယွီ၏ နုလန်ဟောက် အိမ်တော်သည် ဧည့်သည်များဖြင့် ပြည့်နှက်နေရုံသာမက နှစ်မိုင်ခန့် အထိ တန်းစီနေကြပြီ ဖြစ်၏။
လူရာချီခန့် လာရောက် တွေ့ဆုံခွင့် တောင်းခံကြပြီး မှူးမတ် အများအပြားမှာမူ မိုင်ထောင်ချီ ဝေးကွာသော နေရာများမှ လာရောက်ကြခြင်း ဖြစ်သည်။
ယခင်က စတုတ္ထအဆင့်အောက် အရာရှိများသာ လာရောက်ခဲ့ကြသော်လည်း ယခုအခါ တတိယအဆင့် အရာရှိကြီး အချို့ပင် သူတို့၏ နောက်လိုက်များကို လွှတ်၍ အောက်ယွီ၏ အိမ်ရှေ့တွင် တန်းစီခိုင်းနေကြ၏။
ယနေ့တွင် ပြည်နယ် သုံးခုမှ နယ်စားများပင် လာရောက်၍ တွေ့ဆုံခွင့် တောင်းခံလွှာများ ပေးပို့ခဲ့ကြသည်။
‘ခင်ဗျားတို့က ဂုဏ်သရေရှိတဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ၊ ဒုတိယအဆင့် အရာရှိကြီးတွေလေ။ ပဉ္စမအဆင့် ယွမ်ဝိုက်လန်လေး တစ်ယောက်ကို လာပြီး မျက်နှာလိုမျက်နှာရ လုပ်နေကြတယ် ဟုတ်လား။’
ခရိုင်ဝန်အဆင့်ရှိသော အရာရှိကြီးများဆိုလျှင် အောက်ယွီ၏ အိမ်ရှေ့၌ ခွေးများကဲ့သို့ပင် အစီအရီ အများအပြား ရှိနေကြ၏။
မြို့နယ်အုပ်ချုပ်ရေးမှူးများမှာမူ သူတို့၏ ရာထူးမှာ အလွန်တရာ နိမ့်ပါးလွန်းလှသောကြောင့် အိမ်ရှေ့တွင် နေရာရရန် တန်းစီစောင့်ဆိုင်းခွင့်ပင် မရှိနိုင်တော့ပေ။
အောက်ယွီ၏ ဩဇာအာဏာမှာ အလွန် ကြီးမားနေပြီဖြစ်ပြီး ဤအရှိန်အဝါမှာ အံ့ဩတုန်လှုပ်ဖွယ် ကောင်းလှသည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က ကျန်းကျိုးမြို့၌ ရှိစဉ်ကမူ အောက်ယွီသည် နုလန်ဟောက်၏ သားတော်တစ်ဦး ဖြစ်ပါလျက်နှင့် ကျန်းကျိုးမြို့စား၏ နှိပ်စက်ညှဉ်းပန်းမှုကို မည်မျှအထိ အလူးအလဲ ခံခဲ့ရသည်ကို ပြန်လည် စဉ်းစားကြည့်လျှင် တကယ်ပင် ယုံကြည်နိုင်ရန် ခက်ခဲလှ၏။
နောင်ပိုင်းတွင် ကျန်းကျိုးမြို့စားအား အောင်မြင်စွာ တုံ့ပြန်ကလဲ့စားချေနိုင်ခဲ့သည် ဆိုသော်ငြားလည်း ထိုစဉ်က ကျန်းကျိုးမြို့စားသည် မိမိဖမ်းဆီးလိုက ဖမ်းဆီး၍ စစ်ဆေးမေးမြန်းလိုက စစ်ဆေးခဲ့သောကြောင့် မည်မျှအထိ မွန်းကျပ်စရာ ကောင်းခဲ့မည်ကို ခန့်မှန်းကြည့်နိုင်သည်။
သို့ပေမည့် ယခုအခါတွင်မူ အခြေအနေအရပ်ရပ်က မည်သို့ ပြောင်းလဲသွားခဲ့ပြီနည်း။ မြို့စားမင်း အမြောက်အမြားသည် အောက်ယွီ၏ အိမ်ရှေ့တံခါးဝ၌ သူ၏ လက်ခံတွေ့ဆုံမှုကိုသာ ရိုရိုသေသေဖြင့် စောင့်ဆိုင်းနေကြရချေ၏။
ထိုသူများသည် ရာထူးအာဏာ ရရှိရေးအတွက် တကယ်ပင် သိက္ခာမဲ့စွာ မျက်နှာပြောင် တိုက်နေကြတော့သည်။
အပိုင်း (၅၇၀)
ထန်ထိုင်ကျင့်သည် ခေါင်းဆောင်းကို ချွတ်လိုက်ပြီး ယွင်ကျုံးဟဲ့၏ အရှေ့တွင် မတ်မတ် ဒူးထောက်ကာ ပြောလိုက်၏။ “ကျုပ် မြို့တော် စစ်သေနာပတိရုံးကို ရောက်သွားရင် စစ်အာဏာကို သေချာပေါက် ဆုပ်ကိုင်ထားပြီး သခင့်အတွက် အလုပ် လုပ်ပေးပါ့မယ်။ အနာဂတ်မှာ ဘာအပြောင်းအလဲတွေပဲ ဖြစ်လာဖြစ်လာ ကျုပ်က စစ်တပ်တွေကို ဦးဆောင်ပြီး သခင့်ရဲ့ မျက်စိရှေ့ကို ရောက်လာကာ သခင့် အမိန့်တွေကို နာခံပါ့မယ်။”
ယခုအခါ ထန်ထိုင်ကျင့်၏ ရာထူးမှာ ယွင်ကျုံးဟဲ့ ထက်ပင် မြင့်မားနေပြီ ဖြစ်သော်လည်း သူက ယခင်က အတိုင်း အိမ်တော်မှ ခွေးတစ်ကောင်ကဲ့သို့ ပြုမူနေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ထန်ထိုင်ကျင့်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “ထန်ထိုင် ညီအစ်ကိုတွေက ထန်ထိုင်မိသားစုရဲ့ အောင်မြင်မှုတွေ ပြည့်နှက်နေတဲ့ အခန်းကဏ္ဍ အသစ် တစ်ခုကို ဖွင့်လှစ်နိုင်ပြီး လောကရဲ့ တကယ့် သူဌေး မိသားစုကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ထန်ထိုင်ကျင့် ဦးညွတ်လျက် ပြောလိုက်သည်။ “သခင်ရဲ့ နောက်ကို လိုက်ရင် အနာဂတ်မှာ သေချာပေါက် အဲဒီလို နေ့မျိုး ရောက်လာမှာပါ။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါဆိုရင် ခင်ဗျား သွားပြီး တာဝန်ထမ်းဆောင်လိုက်တော့။ လွတ်လွတ်လပ်လပ်သာ လုပ်ပါ။ တရားမျှတမှု ရှိသရွေ့ ဘယ်သူ့ကိုမှ မကြောက်ပါနဲ့။ ဘာပြဿနာပဲ ဖြစ်ဖြစ် ကျုပ် ဖြေရှင်းပေးနိုင်ပါတယ်။ ဒီမြင်းစီးတပ်ဖွဲ့ကို မြန်မြန်ဆန်ဆန် အပြည့်အဝ ချုပ်ကိုင်နိုင်ဖို့ပဲ အရေးကြီးပါတယ်။”
“ကောင်းပါပြီ။” ထန်ထိုင်ကျင့်က ပြန်ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ် သွားပါတော့မယ်။”
ထို့နောက် ထန်ထိုင်ကျင့်သည် အရာရှိ ဝတ်စုံနှင့် တံဆိပ်တုံးကို ကိုင်ဆောင်ကာ နုလန်ဟောက် အိမ်တော်မှ ထွက်ခွာသွားပြီး အိမ်သို့ မပြန်တော့ဘဲ တိုက်ရိုက် သွားရောက် တာဝန်ထမ်းဆောင်တော့၏။
ထန်ထိုင်ယွီကျိုး ကတော့ ယွင်ကျုံးဟဲ့၏ ဘေးနားတွင် ကိုယ်ရံတော် အဖြစ် ဆက်လက် နေထိုင်နေဆဲ ဖြစ်သည်။
ယွင်ကျုံးဟဲ့သည် ဧည့်ခန်း အတွင်းသို့ ပြန်လည် ရောက်ရှိလာချိန်မှာတော့ အမတ် ဆယ်ယောက်ကျော်ခန့် စောင့်ဆိုင်းနေကြသည်ကို တွေ့ရှိလိုက်ရ၏။
“နုလန်ဟောက်ကို အရိုအသေပေးပါတယ်။”
အမတ် ဆယ်ယောက်ကျော်ခန့် ချက်ချင်း ဒူးထောက် အရိုအသေပေးကြပြီး ဤလူများအနက် တစ်ဝက်ကျော်မှာ အောက်ယွီထက် ရာထူး ပိုမို မြင့်မားကြသူများ ဖြစ်သည်။
“နုလန်ဟောက်... ထိုက်ခန်းဟောက်က ကိုယ်ကျင့်တရား ကင်းမဲ့စွာနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဆန်တွေကို အကျင့်ပျက် ခြစားခဲ့ရုံသာမက ပုန်ကန်သူ စီးပြန်းဆီကို လက်နက်တွေ မှောင်ခို ရောင်းချခဲ့ ပါတယ်။ ဒီလို လုပ်ရပ်တွေက ပုန်ကန်မှုနဲ့ အတူတူပါပဲ။ မိဖုရားကြီးလည်း ကင်းလွတ်လို့ မရနိုင်ပါဘူး။ ဒီလို လူမျိုးက အနောက်ဆောင်ကို ဘယ်လိုလုပ်ပြီး ဆက်အုပ်ချုပ်နိုင်တော့မှာလဲ။”
“ဟုတ်ပါတယ်။ မိဖုရားကြီးက အနောက်ဆောင်ကို ဆက်အုပ်ချုပ်ဖို့ အရည်အချင်း မရှိတော့ပါဘူး။ မိဖုရားကြီးကို မဖြစ်မနေ ဖယ်ရှားရပါမယ်။”
“မိဖုရားကြီးကို ဖယ်ရှားတာက မိသားစု ကိစ္စလို့ ပြောကြပေမယ့် ဧကရာဇ်မင်းမြတ်မှာ မိသားစု ကိစ္စဆိုတာ မရှိပါဘူး။ အမတ်မင်း အောက်ယွီ... ခင်ဗျားက နိုင်ငံတော်ရဲ့ အမာခံ အမတ် တစ်ယောက် ဖြစ်ပြီး တာ့ကျိုးရဲ့ ကိုယ်ကျင့်တရား အသိစိတ်ပါပဲ။ ဒီ အရေးကြီးတဲ့ ကိစ္စကို ခင်ဗျားပဲ ဦးဆောင်ရပါမယ်။”
“နုလန်ဟောက်... ကျုပ်တို့က လောကရဲ့ မတရားမှုတွေ အားလုံးကို ဖော်ထုတ်ဖို့အတွက် ခင်ဗျားရဲ့ ရှေ့တန်းကနေ တိုက်ခိုက်ပေးမယ့် စစ်သားတွေ အဖြစ် တာဝန်ယူချင်ပါတယ်။”
အမတ် အများအပြားသည် ဒေါသတကြီးဖြင့် စကားပြောဆိုနေကြပြီး ယွင်ကျုံးဟဲ့သည် ဤလူများကို ကြည့်ရှုလို့နေ၏။
သူတို့အထဲတွင် အမှန်တကယ် မွေးရာပါ တရားမျှတမှု ရှိသူများ ပါဝင်နိုင်သော်လည်း အခွင့်အရေး ယူလိုသူများလည်း ပါဝင်နေပြီး သူတို့သည် ကြီးမားသော လောင်းကစား တစ်ခု ပြုလုပ်ရန် ရည်ရွယ် နေကြခြင်း ဖြစ်သည်။
ယခုအခါ မိဖုရားကြီး၏ မျိုးဆက် အားလုံး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သော်လည်း မည်သူကမှ မိဖုရားကြီးကို ဖယ်ရှားရန် လူသိရှင်ကြား မပြောဆိုဝံ့ကြသေးချေ။
မထင်မှတ်ဘဲ ဤနေရာတွင် ရှေ့ထွက် တိုက်ခိုက်ပေးမည့်သူများ ပေါ်ထွက်လာပြီး တစ်ယောက်တည်း မဟုတ်ဘဲ အများအပြားပင် ဖြစ်သည်။
ယွင်ကျုံးဟဲ့ တွေ့ရှိလိုက်သည်မှာ အရှုံးပေါ်မည့် ကိစ္စမျိုးကို မည်သူမှ မလုပ်လိုကြသော်လည်း အသက် အန္တရာယ် ရှိသည့် ကိစ္စမျိုးကိုမူ တကယ်လုပ်ရဲသူများ ရှိနေခြင်းပင်။
မိဖုရားကြီးအား ရာထူးမှဖယ်ရှားရန် အကြံပြုခြင်းသည် ဧကရာဇ်မင်းမြတ်ကို လုံးဝ စော်ကားမော်ကား ပြုလိုက်ခြင်း ဖြစ်သည်။
ထိုလုပ်ရပ်သည် မိမိ၏ဦးခေါင်း ပြတ်သွားနိုင်လောက်သည်အထိ အသက်အန္တရာယ် ကြီးမားလှသော်လည်း၊ တစ်ဖက်တွင်မူ တစ်ဟုန်ထိုး ရာထူးတိုး၍ တစ်ဆင့်တည်းဖြင့် ကောင်းကင်ဘုံသို့ ရောက်ရှိသွားကာ ဧကရာဇ်ဟောင်း၏ စိတ်၌ နိုင်ငံတော်၏ အမာခံ အမတ်စစ်အမတ်မှန်တစ်ဦးအဖြစ် မှတ်တမ်းဝင်သွားနိုင်သည့် အခွင့်အရေးလည်း ရှိနေပြန်၏။
ထိုသူများသည် အောင်မြင်မှု ရရှိနိုင်ရန်အတွက် တကယ်ကို လွယ်လွယ်ကူကူနှင့် လျှောက်လှမ်းခဲ့ကြခြင်း မဟုတ်ပေ။ တကယ်တမ်း မိမိတို့၏ အသက်ဝိညာဉ်ကိုပင် စတေး၍ ရဲရဲဝံ့ဝံ့ တိုက်ခိုက်စွန့်စားဝံ့ကြသူများသာ ဖြစ်ကြသည်။
ယွင်ကျုံးဟဲ့၏ အကြည့်များမှာ လူတစ်ဦး၏ မျက်နှာပေါ်သို့ ရောက်ရှိသွားရာ ထိုလူသည် ချက်ချင်း ထွက်လာပြီး ဦးညွတ်လျက် ပြောလိုက်၏။ “ကျုပ် စုံစမ်းစစ်ဆေးရေးရုံး ညာဘက် ဒု-အကြီးအကဲ ကျန်းဝမ်လုံ… နုလန်ဟောက်ကို အရိုအသေပေးပါတယ်။”
“အမတ်မင်း ကျန်းဝမ်လုံ... ဒီကိစ္စက အရမ်း အန္တရာယ်များပြီး ခေါင်းဖြတ်ခံရနိုင်တဲ့ အန္တရာယ်တောင် ရှိပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အထူးသဖြင့် ပထမဆုံး ထွက်ပြောတဲ့သူက အသက်ရှင်ဖို့ မျှော်လင့်ချက် ကိုးဆယ်ရာခိုင်နှုန်းတောင် မရှိပါဘူး။”
ကျန်းဝမ်လုံက ဦးညွတ်ကာ ပြောလိုက်၏။ “လောကရဲ့ တရားမျှတမှုအတွက်၊ တာ့ကျိုးအင်ပါယာ အတွက် အပိုင်းပိုင်းအစစ ဖြစ်သွားပါစေ ကျုပ် လုပ်ဆောင်ရဲပါတယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆို မနက်ဖြန် ခင်ဗျားက ပထမဆုံး စာချွန်လွှာ တင်ပါ။”
ကျန်းဝမ်လုံ ဦးညွတ်လျက် ပြောလိုက်၏။ “ကျုပ်... အမတ်မင်းရဲ့ မျှော်လင့်ချက်တွေကို လုံးဝ မပျက်စေရပါဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “မနက်ဖြန် အရေးကြီးတဲ့ ကိစ္စတွေ လုပ်ရမယ်။ ဒီနေ့ည ကျုပ် ဧည့်ခံပွဲ လုပ်ပြီး အားလုံးကို ကျွေးမွေးမယ်။ မနက်ဖြန် အတူတူ ညီလာခံ တက်ကြတာပေါ့။”
အမတ် ဆယ်ယောက်ကျော်ခန့် ချက်ချင်း ဦးညွတ်ကာ ပြောလိုက်ကြ၏။ “ကျုပ်တို့... အမတ်မင်းရဲ့ အမိန့်ကိုပဲ နာခံပါ့မယ်။”
…………..
နောက်တစ်နေ့ ညီလာခံ....
ရာသီဥတုမှာ အုံ့မှိုင်းနေပြီး ဆောင်းရာသီသို့ ဝင်ရောက်လာတော့မည်ဖြစ်ကာ ကောင်းကင်တွင် မိုးချုန်းသံ များပင် ထွက်ပေါ်နေသည်။
ယွင်ကျုံးဟဲ့ စတင်ခဲ့သော အံ့ဩတုန်လှုပ်ဖွယ်ရာ အမှုကြီးသည် ယနေ့တွင် အပြီးသတ် တိုက်ခိုက်မှုကြီး ပြုလုပ်တော့မှာဖြစ်ပြီး နောက်ဆုံး အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိတော့မှာဖြစ်၏။
‘မိဖုရားကြီးကို ဖယ်ရှားမယ်။’
“ဧကရာဇ်ဟောင်းရဲ့ အမိန့်တော်... လျှောက်တင်စရာ ရှိရင် လျှောက်တင်ပါ။”
“ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။” စုံစမ်းစစ်ဆေးရေးရုံး ညာဘက် ဒု-အကြီးအကဲ ကျန်းဝမ်လုံ ထွက်လာတော့သည်။
တစ်ချိန်တည်းမှာပဲ ဘယ်ဘက် ဒု-အကြီးအကဲ လင်ကျန်းလည်း ထွက်လာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ကျုပ်မှာ လျှောက်တင်စရာ ရှိပါတယ်။ နုလန်ဟောက် အောက်ယွီကို ပြစ်တင် ဝေဖန်ချင်ပါတယ်။”
‘ကောင်းတာပေါ့... အစတည်းက အချေအတင် ဖြစ်နေကြပြီပဲ။ ဒီနေ့ အဖွဲ့အစည်း နှစ်ခု လုံးဝ စစ်ပွဲ စတင်တော့မှာပေါ့။’
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “ဘယ်ဘက်က ညာဘက်ထက် ပိုကြီးတယ်။ ဘယ်ဘက် ဒု-အကြီးအကဲ... ခင်ဗျား အရင် ပြော။”
စုံစမ်းစစ်ဆေးရေးရုံး ဘယ်ဘက် ဒု-အကြီးအကဲ လင်ကျန်းသည် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ “ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... ကျုပ်က နုလန်ဟောက် အောက်ယွီရဲ့ လှည့်စားမှု ပြစ်မှုကို ပြစ်တင်ဝေဖန်ချင်ပါတယ်။”
ဧကရာဇ်ဟောင်းက ပြောလိုက်သည်။ “အင်း... အသေးစိတ် ရှင်းပြပါအုံး။”
လင်ကျန်းက ပြောလိုက်၏။ “ရှစ်လပိုင်း နှစ်ဆယ့်ခုနစ်ရက်နေ့ ညတုန်းက အောက်ယွီဟာ ဧကရာဇ်ဟောင်းနဲ့ ဧကရာဇ်မင်းမြတ်တို့ ရှေ့မှာ၊ အရပ်ဖက်နဲ့ စစ်ဖက်ဆိုင်ရာ အမတ်တွေရှေ့မှာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။ သူက တစ်လအတွင်းမှာ ငွေသား ခုနစ်သန်း စုဆောင်းပြီး ဒုက္ခသည်တွေကို ကယ်တင်ကာ လန်ကျိုးကို ပြန်လည် တည်ဆောက်မယ်လို့ ပြောခဲ့ပါတယ်။
အခု တစ်လ ဆိုတဲ့ အချိန်က အစောကြီး တည်းက ကျော်လွန်သွားပါပြီ။ ငွေသား ခုနစ်သန်းက ဘယ်မှာလဲ။ မကြာခင် ဆောင်းရာသီ ရောက်တော့မယ်။ လန်ကျိုးက ဒုက္ခသည် သန်းချီထဲမှာ လူအများကြီး အိမ်ရာမဲ့ ဖြစ်နေတုန်းပဲ။
ဆောင်းခိုဖို့ အဝတ်အစားတွေ ဘယ်မှာလဲ။ အအေးဒဏ်ကနေ ကာကွယ်ဖို့ အိမ်တွေ ဘယ်မှာလဲ။ ဒုက္ခသည် ဘယ်လောက်များများ အစာရေစာ ငတ်မွတ်နေကြလဲ။ အောက်ယွီက စစ်ကတိ ပေးသလို လွယ်လွယ်လေး ပြောပြီး ငွေသား ခုနစ်သန်း စုဆောင်းမယ်လို့ ပြောခဲ့ပေမယ့် အခုချိန်ထိ တစ်ပြားမှ မရှိသေးဘူး။ ဒါက ဒုက္ခသည် ဘယ်လောက်များများကို သေစေမလဲ။ နိုင်ငံတော်ရဲ့ ကိစ္စတွေ ဘယ်လောက်များများကို နှောင့်နှေးစေမလဲ။
ဧကရာဇ်ဟောင်း၊ ဧကရာဇ်မင်းမြတ်... အောက်ယွီဟာ ပဉ္စမအဆင့် အရာရှိငယ်လေး တစ်ယောက်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ဒုတိယအဆင့် အမတ်ကြီးတွေကိုတောင် အိမ်အစေခံ တစ်ယောက်လို အော်ဟစ် ခိုင်းစေနေပြီး ဒီလောက်တောင် မောက်မာ ရိုင်းစိုင်းနေတာဟာ ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ နံပါတ်တစ် အမတ်ယုတ်ကြီးပါပဲ။
ကျုပ်က အောက်ယွီရဲ့ မောက်မာ ရိုင်းစိုင်းမှု၊ နိုင်ငံတော် ကိစ္စတွေကို နှောင့်နှေးစေမှု၊ ဧကရာဇ်ကို လှည့်စားမှု ဆိုတဲ့ ပြစ်မှု သုံးခုကို ပြစ်တင်ဝေဖန်ပါတယ်။ ဒီလို တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့ အမတ်ယုတ်ကို ချက်ချင်း တရားဝင် အပြစ်ပေးသင့်ပါတယ်။ မသတ်ရင် လောက က ပြည်သူတွေကို ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။”
လင်ကျန်း၏ အသံဟာ နန်းဆောင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ စိတ်ထဲမှာ စကားတစ်ခွန်းတည်းသာ ရှိတော့သည်။
‘လေးစားပါတယ်။ ခေါင်းမာတဲ့ နေရာမှာတော့ ခင်ဗျားတို့ စုံစမ်းစစ်ဆေးရေးရုံးက အတော်ဆုံးပါပဲ။ အခု အောက်ယွီရဲ့ ဩဇာအာဏာက မိုးလုံးပြည့်နေတာကို ခင်ဗျားက ညီလာခံမှာ သူ့ကို တရားဝင် အပြစ်ပေးဖို့ ပြောရဲတယ် ဟုတ်လား။’
ဧကရာဇ်ဟောင်းသည် အပြုံးလေးဖြင့် မေးလိုက်၏။ “ညာဘက် ဒု-အကြီးအကဲ... ခင်ဗျားကော။”
ကျန်းဝမ်လုံသည် အရှေ့သို့ တက်လာပြီး အရာရှိ ဦးထုပ်ကို အရင်ဆုံး ချွတ်လိုက်ကာ ဒူးထောက်ပြီး ပြောလိုက်သည်။ “ကျုပ် မိဖုရားကြီးကို ဖယ်ရှားဖို့ လျှောက်တင်ပါတယ်။”
ဤစကား ထွက်ပေါ်လာချိန်မှာတော့ လူတိုင်း တစ်ကိုယ်လုံး တုန်ယင်သွားကြတော့၏။
‘ချီးတဲ့မှ... ခင်ဗျားက ပိုပြီးတော့တောင် အစွမ်းထက်တယ်၊ ပိုပြီးတော့တောင် ခေါင်းမာတယ်။ ပြီးတော့ တစ်ချက်တည်းနဲ့ အံ့ဩသွားအောင် လုပ်တဲ့ နည်းလမ်းကိုလည်း ကောင်းကောင်း သိထားတာပဲ။’
ပြောဆိုပြီးနောက် ကျန်းဝမ်လုံသည် သေဖို့ အဆင်သင့် ဖြစ်နေသည့် ပုံစံမျိုး ပြသနေသည်။ လောက၏ တရားမျှတမှု အတွက်၊ တာ့ကျိုးအင်ပါယာ အတွက် သူ သေဖို့ အဆင်သင့်ပါပဲ ဆိုသည့် ပုံစံမျိုး ဖြစ်သည်။
တစ်ခဏအတွင်းမှာပဲ ဧကရာဇ်၏ အကြည့်များတွင် လူသတ်လိုသော အရိပ်အယောင်များ ချက်ချင်း စုစည်းလာတော့၏။
‘မထင်မှတ်ဘဲ တကယ်ကို သေရမှာကို မကြောက်တဲ့ စုံစမ်းစစ်ဆေးရေးရုံး အမတ် ရှိနေပြီး ညီလာခံမှာ မိဖုရားကြီးကို ဖယ်ရှားဖို့ တကယ် ပြောရဲတာပဲ။ ငါ ဧကရာဇ်က လူမသတ်ရဲဘူးလို့ တကယ် ထင်နေတာလား။’
စုံစမ်းစစ်ဆေးရေးရုံး အမတ် နှစ်ဦး၏ လျှောက်တင်မှုများသည် ယမ်းအိုးကို မီးရှို့လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။
တစ်ခဏအတွင်းမှာပဲ ညီလာခံ တစ်ခုလုံး တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့၏။
“ကျုပ် မိဖုရားကြီးကို ဖယ်ရှားဖို့ လျှောက်တင်ပါတယ်။”
“ကျုပ် မိဖုရားကြီးကို ဖယ်ရှားဖို့ လျှောက်တင်ပါတယ်။”
ထိရောက်မှု ရှိစေရန်အတွက် အကြောင်းပြချက်ပင် မပြောတော့ဘဲ မိဖုရားကြီးကို မည်သည့်အပြစ်များ ရှိကြောင်း ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ မိဖုရားကြီးကို ဖယ်ရှားဖို့သာ တိုက်ရိုက် ပြောဆိုနေကြ တော့သည်။
“အောက်ယွီဟာ တိုင်းပြည်နဲ့ ပြည်သူကို ဒုက္ခပေးနေတဲ့သူပါ။ ဧကရာဇ်ကို လှည့်စားတဲ့ ပြစ်မှု ရှိပါတယ်။ တရားဝင် အပြစ်ပေးဖို့ လျှောက်တင်ပါတယ်။”
“ကျုပ် အောက်ယွီကို သတ်ဖို့ လျှောက်တင်ပါတယ်။”
“ကျုပ် အောက်ယွီကို သတ်ဖို့ လျှောက်တင်ပါတယ်။”
သဘောထား ပြသရမည့် အမတ် အရေအတွက် အလွန် များပြားလွန်းသောကြောင့် နောက်ဆုံးတွင် စကား နှစ်ခွန်းသာ ကျန်ရှိတော့၏။
မိဖုရားကြီးကို ဖယ်ရှားရန် နှင့် အောက်ယွီကို သတ်ရန် ဖြစ်သည်။
ဤသည်မှာ ကြီးမားသော ညီလာခံ တစ်ခုဖြစ်ပြီး အမတ် ခုနစ်ရာကျော် တက်ရောက်နေကာ လေးရာကျော်က ထွက်လာပြီး အောက်ယွီတွင် ဧကရာဇ်ကို လှည့်စားသည့် ပြစ်မှု ရှိသောကြောင့် သတ်သင့်သည်ဟု အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေကြသည်။ နှစ်ရာကျော်က မိဖုရားကြီးကို ဖယ်ရှားရန် လျှောက်တင် နေကြ၏။
နန်းတွင်း၏ အခြေအနေမှာ အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အောက်ယွီနှင့် ဧကရာဇ်ဟောင်း တို့၏ အဆက်မပြတ် အောင်ပွဲများကြောင့် နန်းတွင်းတွင် ဧကရာဇ်ဟောင်းကို ထောက်ခံသော အမတ် အရေအတွက် ဆယ်ရာခိုင်နှုန်းခန့် တိုးလာခဲ့သည်။
သို့ပေမည့် ဧကရာဇ်ကို ထောက်ခံသော အမတ် အရေအတွက်မှာမူ အများစုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပြီး ခြောက်ဆယ် ရာခိုင်နှုန်းနှင့် လေးဆယ် ရာခိုင်နှုန်းခန့် ဖြစ်နေ၏။
တစ်ခဏအတွင်းမှာပဲ ညီလာခံ အတွင်း၌ အခြေအနေများ ကြီးမားသွားတော့၏။ ဤသည်မှာ သာမန် နိုင်ငံရေး အားပြိုင်မှု မဟုတ်တော့ဘဲ ဓားအဖြူနဲ့ ဝင်ပြီး ဓားအနီနဲ့ ထွက်မည့် တကယ့် အသေအလဲ တိုက်ပွဲကြီး ဖြစ်သွားပြီ ဖြစ်သည်။
…………………