အခန်း ၂၀၃
Vol. 21 Ch. 203
🍋 Chapter 203
ကျောင်းအုပ်ကြီးရှု၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း အနည်းငယ် တည်ကြည်လေးနက်နေသည်။
သူသည်လည်း အခန်းထဲတွင် ရှိနေသော အခြားကျောင်းခေါင်းဆောင်များကဲ့သို့ပင် ချန်ကျဲ ရှေ့နေရုံးထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိချိန်၌ အံ့အားသင့်သွားခဲ့ရသည်။
လတ်တလောတွင် ကျောင်း၌ အရာအားလုံး အေးအေးချမ်းချမ်း ရှိနေခဲ့ပြီး မည်သည့်ပြဿနာမျှ ဖြစ်ပွားခဲ့ခြင်း မရှိချေ။
ထို့ပြင် မည်သူကများ မိမိတို့ကျောင်းကို တရားစွဲဆိုရဲသနည်း။
သို့သော်လည်း တစ်ဖက်မှ ဖုန်းခေါ်ဆိုရသည့် ရည်ရွယ်ချက်ကို ရှင်းပြလိုက်သောအခါတွင်မူ သူ အရာအားလုံးကို အပြည့်အဝ သဘောပေါက်သွားခဲ့တော့သည်။
ဖုန်းခေါ်ဆိုလာသူမှာ ကျိုးထျန်းနှင့် အကြိမ်ကြိမ် ပူးပေါင်းဆောင်ရွက်ဖူးသည့် ရှေ့နေ ဟွမ်ကျန့်ကော်ဖြစ်ပြီး ၎င်းတို့မှာ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။
ဟွမ်ကျန့်ကော်က သူသည် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကို ကိုယ်စားပြု၍ ကျောင်းထံသို့ သတိပေးစာ ပေးပို့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အကယ်၍ ကျောင်းဘက်မှ ဒါရိုက်တာဝူဦးဆောင်သော ရိုက်ကူးရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို ဆက်လက်နှောင့်ယှက်နေမည်ဆိုပါက ကုမ္ပဏီနှင့် ကျောင်းအကြား ချုပ်ဆိုထားသော စာချုပ်အရ စာချုပ်ဖောက်ဖျက်မှုဖြင့် ကျောင်းအား တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း အသိပေးလာခြင်း ဖြစ်သည်။
ထိုသတိပေးစာကို ၂၄ နာရီအတွင်း ပေးပို့မည်ဖြစ်ပြီး ချန်ကျဲ ရှေ့နေရုံးမှာလည်း ရှန်ဟိုင်း၌ပင် ရှိနေသဖြင့် မွန်းလွဲပိုင်း သို့မဟုတ် နောက်ဆုံးထား၍ မနက်ဖြန်မနက်ပိုင်းတွင် ရောက်ရှိလာလိမ့်မည်ဟု ခန့်မှန်းရသည်။
ကျောင်းအုပ်ကြီးရှုသည် အခြားတစ်ဖက်၏ ဆိုလိုရင်းကို နားလည်သော်လည်း အဘယ်ကြောင့် ယင်းသို့ဖြစ်ရသည်ကိုမူ မသိရှိချေ။
ဟွမ်ကျန့်ကော်မှာ ဥပဒေရေးရာများကိုသာ ကိုင်တွယ်သူဖြစ်သဖြင့် တိကျသော အကြောင်းအရင်းများကို ရှင်းပြခဲ့ခြင်း မရှိသောကြောင့်ပင်။
ဖုန်းချပြီးနောက် ကျောင်းအုပ်ကြီးရှုသည် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေး၏ တာဝန်ခံဖြစ်သူ ကျောက်ဖန်ထံသို့ ချက်ချင်း ဖုန်းခေါ်ဆိုလိုက်တော့သည်။
"ဟဲလို... မန်နေဂျာကျောက်၊ ကျွန်တော် အခုတင် ချန်ကျဲလို့ခေါ်တဲ့ ရှေ့နေရုံးကနေ ဖုန်းခေါ်ဆိုမှုရလို့ပါ။ ဒါက ဘာသဘောလဲ"
သူ့လေသံတွင် အနည်းငယ် ဝေခွဲမရဖြစ်မှုနှင့် မကျေနပ်မှုတို့ ရောပြွမ်းနေသည်။
"ဘာမှလည်း ကြိုမမေးဘဲနဲ့ ကျွန်တော်တို့ဆီကို ရှေ့နေလွှတ်တယ်ဆိုတာကတော့ နည်းနည်း လွန်လွန်းရာကျမနေဘူးလား"
သို့သော်လည်း သူ၏ မေးခွန်းထုတ်မှုအပေါ် ကျောက်ဖန်မှ အေးစက်စွာသာ လှောင်ရယ်လိုက်သည်။
"ကျောင်းအုပ်ကြီးရှု... အသေးစိတ်ကိုတော့ ရှင်တို့ကျောင်းက ဒုကျောင်းအုပ် ခုန်းကိုပဲ မေးကြည့်လိုက်ပါ။ ဒီလူကတော့ တော်တော် အရှိန်အဝါကြီးတာပဲ"
ဒုကျောင်းအုပ် ခုန်းဟူသော အမည်ကို ကြားလိုက်ရသောအခါ ကျောင်းအုပ်ကြီးရှု ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ရသည်။
"ဒီထက်ပိုပြီး အသေးစိတ် ရှင်းပြပေးလို့ ရမလား။ ဒါမှလည်း ကျွန်တော့်ဘက်က ပြဿနာကို ကိုင်တွယ်ရလွယ်မှာမို့လို့ပါ"
"ဟဲဟဲ... ကျောင်းအုပ်ကြီးရှု၊ ကျွန်မတို့မှာ စာချုပ်ရှိတယ် မဟုတ်လား။ ရှင်တို့လည်း ကျွန်မတို့ဆီက ငွေကို လက်ခံရရှိထားပြီးသားပဲလေ"
"ဟုတ်ပါတယ်"
"အကျိုးအကြောင်းအရ ကြည့်ရင် ရှင်တို့က စာချုပ်ကို လိုက်နာရမှာဖြစ်သလို ကျင့်ဝတ်အရ ကြည့်ရင်လည်း ဒီရိုက်ကူးရေးက ရှင်တို့ကျောင်းအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရှိစေမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် ကိစ္စပဲလေ"
"မှန်ပါတယ်" ကျောင်းအုပ်ကြီးရှု ခေါင်းညိတ်လိုက်သည်။
သူသည် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေး၏ ပူးပေါင်းဆောင်ရွက်မှု တောင်းဆိုချက်ကို ချက်ချင်း သဘောတူခဲ့ခြင်းမှာ ဤရုပ်ရှင်က ကျောင်းအတွက် သယ်ဆောင်လာပေးမည့် ကောင်းမွန်သော နာမည်ဂုဏ်သတင်းကို တန်ဖိုးထားသောကြောင့် ဖြစ်သည်။
"ဒါဆိုရင် ဘာဖြစ်လို့ ဒုကျောင်းအုပ်ခုန်းက ကျွန်မတို့ရဲ့ ရိုက်ကူးရေးကို ဒီလောက်အထိ လာပြီး နှောင့်ယှက်နေရတာလဲ"
"သူက ကျွန်မတို့ ကုမ္ပဏီအဖွဲ့ရဲ့ ကျွမ်းကျင်မှုကို သံသယဝင်ရုံတင်မကဘူး၊ ဒါရိုက်တာရဲ့ ဇာတ်ကောင်ရွေးချယ်မှုကိုပါ ဝင်ရောက်စွက်ဖက်နေတယ်"
"ဇာတ်ကောင်တွေ ရွေးချယ်တုန်းက ရှင်ကိုယ်တိုင်လည်း ရှိနေတာပဲလေ။ အတန်းတွေကို မဲနှိုက်တာပဲဖြစ်ဖြစ်၊ အပိုသရုပ်ဆောင်တွေ ထည့်တာပဲဖြစ်ဖြစ် အားလုံးက ရှင့်ရဲ့ သဘောတူညီချက်နဲ့ လုပ်ခဲ့တာလေ"
"ဒါပေမဲ့ ဘာဖြစ်လို့ တစ်ရက်ပဲ ရိုက်ရသေးတယ်၊ ကျောင်းခေါင်းဆောင်တစ်ယောက်က ကျွန်မတို့ဆီက သရုပ်ဆောင်တွေကို အတင်းအကျပ် လဲခိုင်းနေရတာလဲ။ ဒါက ကျွန်မတို့အဖွဲ့ရဲ့ ရိုက်ကူးရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်"
"ကျွန်မ မေးချင်တာက ရှင်တို့ကျောင်းမှာ ဘယ်သူက အာဏာအရှိဆုံးလဲ။ ကျွန်မတို့ ရိုက်ကူးရေးကို ဆက်လုပ်လို့ ရမရဆိုတာကို ပြတ်ပြတ်သားသား အဖြေပေးနိုင်မလား"
"တစ်ကယ်လို့ ရိုက်ကူးရေးကို ဆက်လုပ်လို့မရဘူး၊ ဒါမှမဟုတ် ထိခိုက်မှုတွေ ရှိလာမယ်ဆိုရင် ကျွန်မတို့ကုမ္ပဏီတင်မကဘူး၊ စပွန်ဆာပေးထားတဲ့ အခြားကုမ္ပဏီတွေကိုပါ ထိခိုက်လိမ့်မယ်"
"အဆိုးဆုံးအခြေအနေကို ရောက်သွားရင်တော့ ရှင်တို့ကို တရားစွဲမှာက ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုတည်းတင် မဟုတ်ဘူးနော်"
ကျောက်ဖန်၏ စကားများထဲတွင် ဒေါသများ ပြည့်နှက်နေသည်မှာ သိသာလှသဖြင့် ကျောင်းအုပ်ကြီးရှု မျက်မှောင်ကြုတ်လိုက်ရသည်။
သူမသည် မိမိအား ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း သိသော်လည်း သူမ ပြောသည့် စကားများမှာ အမှန်တကယ်ပင် အကျိုးအကြောင်း ညီညွတ်လှသည်။
‘ငါက ကျောင်းအုပ်ကြီးဖြစ်ပြီး မင်း ခုန်းကျန့်ကုန်းက ဒုကျောင်းအုပ်တစ်ယောက်သာသာလေ’
‘ငါကိုယ်တိုင် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ခဲ့တာ လူရာပေါင်းများစွာရဲ့ ရှေ့မှာ ဇာတ်ကောင်ရွေးချယ်မှုကို သဘောတူခဲ့တာကို မင်းက ငါ့ကွယ်ရာမှာ လာပြီး ပြဿနာရှာတယ်’
‘ ဝင်ရောက်စွက်ဖက်ပြီး ငါ့ရဲ့ ဆုံးဖြတ်ချက်တွေကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်ပေါ့လေ’
ကျောင်းအုပ်ကြီးရှု ဤသို့ တွေးတောမိပြီးနောက် ဒုကျောင်းအုပ် ခုန်းသည် အမှန်တကယ်ပင် စည်းကျော်လာခဲ့ပြီဟု ခံစားလိုက်ရသည်။
၎င်းမှာ မိမိကိုယ်တိုင် စီစဉ်ညွှန်ကြားထားသည့် အဓိကတာဝန်တစ်ခုဖြစ်ကြောင်း အသေအချာ သိရှိပါလျက်နှင့် သူက ဝင်ရောက်စွက်ဖက်ဝံ့သေးသည်။
‘သူ ဘာလုပ်ချင်နေတာလဲ’
‘သူ ဘာတွေ ကြံစည်နေတာလဲ’
ဤကျောင်းခေါင်းဆောင်များမှာ အလွန် အကဲခတ်ကောင်းသူများဖြစ်ကြရာ သေးငယ်သော အသေးစိတ်အချက်အလက်များမှတစ်ဆင့် အရာရာကို အကျိုးအကြောင်း တွက်ချက်နိုင်ကြသည်။
အချို့သော အရာများကို တွေးတောမနေခြင်းက အကောင်းဆုံးဖြစ်ပြီး ပို၍တွေးလေလေ၊ ပို၍ လွန်ကဲလာလေလေ ဖြစ်တတ်စမြဲပင်။
ကျောင်းအုပ်ကြီးရှုသည်လည်း ထိုသို့ပင် လွန်လွန်ကဲကဲ တွေးတောမိနေခဲ့သည်။
မူလကမူ သူသည် ဤကိစ္စကို ခုန်းကျန့်ကုန်းနှင့် သီးသန့်ဆွေးနွေးကာ ဘာမှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်ပြီး ရိုက်ကူးရေးကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်ခိုင်း၍ ရနိုင်သည်။
သို့သော်လည်း ယခုမူ ထိုသို့ပြုလုပ်၍ မရတော့ချေ။
သူသည် စံပြတစ်ခုအဖြစ် ပြသရမည်ဖြစ်ပြီး သို့မဟုတ်ပါက ကျောင်းအုပ်ကြီးတစ်ဦးအနေဖြင့် သူ၏ အာဏာစက်မှာ ရှိတော့မည် မဟုတ်ပေ။
အကယ်၍ အရေးမယူဘဲ နေလိုက်ပါက လူတိုင်းက သူ၏ လုပ်ငန်းဆောင်တာများကို ဝင်ရောက်စွက်ဖက်ပြီး မိမိစိတ်ကြိုက် ပြုလုပ်ကြတော့မည် မဟုတ်ပါလား။
ထို့ကြောင့် သူသည် ကျောင်း၏ ခေါင်းဆောင်အားလုံးကို အစည်းအဝေးခေါ်ယူကာ ဤကိစ္စကို ဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် သူသည် ခုန်းကျန့်ကုန်း၏ မျက်နှာကို ထောက်ထားသောအားဖြင့် အမည်ကို တိုက်ရိုက်ထုတ်ဖော်ပြောကြားမည် မဟုတ်သော်လည်း မည်သူမျှ ကန်းနေ၊ အမ်းနေကြသည် မဟုတ်ချေ။
နာရီဝက်ခန့်အတွင်းမှာပင် လူတိုင်းက ထိုအရာကို သူ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိသွားကြပေလိမ့်မည်။
ထိုကဲ့သို့သော အပြုအမူမျိုးကို လုံးဝ သည်းခံမည်မဟုတ်ကြောင်းကိုလည်း လူတိုင်း သိရှိသွားကြပေလိမ့်မည်။
...
အစည်းအဝေးစားပွဲရှိ ခေါင်းဆောင်များသည် အချင်းချင်း တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြစဉ် ကျောင်းအုပ်ကြီးရှုမှ ချောင်းတစ်ချက် ဟန့်လိုက်ရာ လူတိုင်း တိတ်ဆိတ်သွားကြတော့သည်။
"ဒီသတိပေးစာနဲ့ ပတ်သက်ပြီး ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးဆီ ဆက်သွယ်ပြီးပါပြီ။ သူတို့ဘက်ကနေ ရှေ့နေတွေကို အကြောင်းကြားပြီး ပေးပို့ခိုင်းလိုက်တာ ဖြစ်ပါတယ်"
စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေနှင့်ပြီးဖြစ်သော ခုန်းကျန့်ကုန်းသည် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးဟူသော အမည်ကို ကြားလိုက်ရသောအခါ ဤသတိပေးစာမှာ မိမိအား ပစ်မှတ်ထားခြင်းဖြစ်ကြောင်း အသေအချာ သိရှိသွားခဲ့ရသည်။
‘သူတို့... သူတို့ ဘာလုပ်ချင်နေကြတာလဲ’
ဤလုပ်ရပ်မှာ သူ၏ မျှော်လင့်ချက်များထက် လုံးဝ ကျော်လွန်နေခဲ့သည်။
သာမန် ဒါရိုက်တာတစ်ယောက်သည် ဤမျှအထိ ပြင်းထန်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ဘဲ ကိစ္စရပ်များကို ကျောင်းအုပ်ကြီးအဆင့်အထိ ရောက်ရှိအောင် ကြီးထွားစေခဲ့သည်။
ထို့ပြင် အကယ်၍ ၎င်းတို့က ဥပဒေအရ အရေးယူလိုပါကလည်း အပြစ်ရှာ၍ မရနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် စာချုပ်ထဲတွင် တရားမဝင်သော လုပ်ရပ်များ ဖြစ်ပွားခြင်းမရှိသရွေ့ ကျောင်းဘက်မှ ရိုက်ကူးရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုရဟု တိကျစွာ ပြဋ္ဌာန်းထားသောကြောင့်ပင်။
၎င်းတို့အနေဖြင့် နစ်နာကြေးကို တောင်းခံနိုင်ပြီး ရှုံးနိမ့်ရန်လည်း အကြောင်းမရှိချေ။
အခြားဘယ်သူပဲဖြစ်ဖြစ် ဤသို့ဆိုလျှင် အလွယ်တကူ ကြောက်ရွံ့သွားကာ မျက်နှာသာပေးလိမ့်မည်ဟု သူ ထင်မြင်ထားခဲ့သည်။
သို့သော်လည်း ၎င်းတို့က ပြင်းပြင်းထန်ထန် ဆန့်ကျင်ရုံတင်မကဘဲ ၎င်းတို့၏ နည်းလမ်းများမှာ အလွန်အမင်း ပြင်းထန်လှသဖြင့် လုံးဝ လမ်းခွဲရန် အဆင်သင့်ဖြစ်နေကြောင်း ပြသနေခဲ့သည်။
ကျောင်းအုပ်ကြီးရှုသည် ခုန်းကျန့်ကုန်း၏ ပျာယာခတ်သွားသော မျက်နှာအမူအရာကို ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
‘လူနုံလူအကောင်’
ထို့နောက်တွင်မှ သူက စကားကို ဆက်ပြောလိုက်သည်။
“ငါတို့ ရိုက်ကူးရေးအဖွဲ့နဲ့ စာချုပ်ချုပ်ဆိုထားတာ ဖြစ်တဲ့အတွက် သူတို့ဘက်က စာချုပ်ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုပိုင်ခွင့် ရှိတာပေါ့။ ဒါပေမဲ့ သူတို့က သတိပေးစာကို အရင် ပေးပို့လာတယ်ဆိုတာက တရားရုံးအထိ မရောက်ချင်ကြလို့ပဲ”
“ဒါက ငါတို့ကျောင်းရဲ့ မျက်နှာကို ထောက်ထားပေးတာပဲ” ဟု ခုန်းကျန့်ကုန်းအား လှမ်းကြည့်ကာ “မျက်နှာကို ထောက်ထားပေးတာ” ဟူသော စကားလုံးကို အလေးအနက်ထား၍ ပြောဆိုခဲ့သည်။
ခုန်းကျန့်ကုန်းသည် သူ၏ အကြည့်များကို ရှောင်လွှဲလိုက်ရသည်။
ကျောင်းအုပ်ကြီးအနေဖြင့် သူ၏ ကွယ်ရာတွင် ပြုလုပ်ထားသည်ကို သိရှိနေပြီဖြစ်ကြောင်း သူ သဘောပေါက်ထားသောကြောင့်ပင်။
“ဒီတစ်ခေါက် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်တာက ငါတို့ကျောင်းအတွက် လုံးဝ အကျိုးရှိစေတဲ့ အရာဖြစ်ပြီး တကယ်ပဲ ကောင်းမွန်တဲ့ ကိစ္စတစ်ခုပဲ။ ဒါကိုတော့ အားလုံး သဘောတူကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
လူတိုင်းက ခေါင်းညိတ်ကြသည်။
“ဒီဆုံးဖြတ်ချက်ကို ငါ လောင်ရှုအနေနဲ့ ချမှတ်ခဲ့တာက ကိုယ့်ရဲ့ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ကျောင်းရဲ့ ပုံရိပ်အတွက် ဖြစ်တယ်”
“ခေတ်ကာလတွေ ပြောင်းလဲသွားပြီ။ လူငယ်တွေရဲ့ အတွေးအခေါ်က ငါတို့နဲ့ မတူတော့ဘူး။ ငါတို့က သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ကြိုးစားရမှာဖြစ်သလို သူတို့ရဲ့ ရှုထောင့်ကနေ တွေးတောပြီး သူတို့ ဘာတွေကို သဘောကျလဲဆိုတာကို နားလည်အောင် လုပ်ရမယ်”
“ဒီပရိုမိုးရှင်း ဗီဒီယိုဆိုရင်လည်း လူငယ်တွေအကြား ရေပန်းစားနေတဲ့ "Planetary Home" ရုပ်ရှင်ရဲ့ အဖွင့်စာတန်းမှာ အသုံးပြုမှာ ဖြစ်ပြီး ကြည့်ရှုသူ သန်းပေါင်း ရာချီရှိနိုင်သလို အဲဒီထဲမှာ လူငယ် သန်းပေါင်း သောင်းချီ ပါဝင်နေလိမ့်မယ်”
“ဒီလိုမျိုး အရေးကြီးတဲ့ ရုပ်ရှင်အတွက် ငါတို့ အပြင်လူတွေက ဝင်ရောက်စွက်ဖက်နေမယ့်အစား ကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေကိုပဲ ကျွမ်းကျင်တဲ့ အလုပ်တွေ လုပ်ခွင့်ပေးရမယ်လို့ ထင်တယ်”
ရောက်ရှိနေသော လူတိုင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်ကြသည်။
ကျောင်းအုပ်ကြီး ပြောသွားသည်မှာ မှန်ပေသည်။ ၎င်းတို့မှာ အပြင်လူများသာ ဖြစ်ကြရာ မည်သူမျှ ရုပ်ရှင်ရိုက်ကူးခြင်းအတတ်ပညာကို နားလည်ကြသည် မဟုတ်ချေ။
“ဒါကြောင့်မို့လို့ လာမယ့် ရိုက်ကူးရေးကာလအတွင်းမှာ ငါတို့ ကျောင်းခေါင်းဆောင်တွေရော ဆရာတွေပါ ရိုက်ကူးရေးအဖွဲ့ကို ဝင်ရောက်စွက်ဖက်ခြင်း မပြုကြဖို့ မျှော်လင့်ပါတယ်”
“တစ်ကယ်လို့ မည်သူမဆို ကန့်ကွက်ချင်တာရှိလို့ ပြောချင်တယ်ဆိုရင် ငါ့ဆီကို အရင် လာရောက်ပြောကြားနိုင်ပြီး အစည်းအဝေးလုပ် ဆွေးနွေးကြတာပေါ့။ အားလုံးက သဘောတူတယ်ဆိုမှပဲ ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆက်သွယ်ဆွေးနွေးမယ်”
“ဒီဖြေရှင်းချက်ကို အားလုံး သဘောတူကြလား။ သဘောတူရင် လက်ပြပြီး မဲပေးကြရအောင်”
ခုန်းကျန့်ကုန်းသည် သူ၏ လက်ကောက်ဝတ်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရပြီး အနည်းငယ် အားနည်းနေပုံရကာ အခြားလူများထက် တစ်ဆင့် နှေးကွေးနေခဲ့သည်။