အခန်း ၂၀၄
Vol. 21 Ch. 204
🍋 Chapter 204
ဒုကျောင်းအုပ်ခုန်းသည် စိတ်ပျက်အားလျော့နေခဲ့ရသည်။
သူhအစီအစဉ်မှာ မအောင်မြင်ခဲ့သည့်အပြင် ကျောင်းအုပ်ကြီးရှု၏ သွယ်ဝိုက်၍ ပြစ်တင်ဝေဖန်ခြင်းကိုလည်း ခံလိုက်ရသေးသည်။
သူသည်လည်း ကျောင်းခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ဒုကျောင်းအုပ်တစ်ယောက်အနေဖြင့် ကျောင်းအုပ်ကြီးကဲ့သို့ တူညီသော အာဏာစက်မျိုး မရှိချေ။
‘ငါ ဒီလိုဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ငါက အဲဒီကလေး ကျိုးထျန်းကို ရိုက်ကူးရေးအဖွဲ့ထဲကနေ မောင်းထုတ်ချင်ရုံတင်မကဘဲ သူ အလွယ်တကူနဲ့ ဇာတ်လိုက်မင်းသား ဖြစ်သွားမှာကိုလည်း တားရုံပဲလေ”
“ ဒါပေမဲ့ ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးက ဒီလောက်အထိ ပြင်းပြင်းထန်ထန် တုံ့ပြန်လာပြီး တရားစွဲမယ့်အဆင့်အထိ ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး’
‘ဒီကလေးက တကယ်ပဲ ကံကောင်းလွန်းတယ်။ ကြည့်ရတာ နောက်ထပ် အခွင့်အရေးကိုပဲ စောင့်ရတော့မယ် ထင်တယ်’
‘မလောပါဘူး၊ ကျောင်းတက်ဖို့ လေးနှစ်တောင် ကျန်သေးတာပဲ။ သူ အမြဲတမ်း ဒီလို ကံကောင်းနေလိမ့်မယ်လို့ ငါ မယုံဘူး’
ဒုကျောင်းအုပ်ခုန်းနှင့် အခြားလူများသည် အစည်းအဝေးခန်းထဲမှ ခေါင်းငိုက်စိုက်ချကာ ထွက်ခွာသွားကြသည်။
အခြားသော ခေါင်းဆောင်များမှာမူ ဤကိစ္စ၏ နောက်ကွယ်တွင် မည်သူရှိနေသနည်းဟူသည်ကို တိုးတက်ဆွေးနွေးနေကြပြီး ဤသည်မှာ ကျောင်းအုပ်ကြီးအား ပုတ်ခတ်လိုက်ခြင်း မဟုတ်ပါလားဟု တွေးတောနေကြသည်။
တစ်ချိန်တည်းမှာပင် မိတ်ကပ်ပြင်သည့် ကုလားထိုင်ပေါ်၌ ထိုင်နေသော ကျိုးထျန်းသည် ဒုကျောင်းအုပ်ခုန်း၏ အချက်အလက်ဖိုင်ကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
‘ဟဲဟဲ... ဒီအဖိုးကြီးကတော့ တကယ်ပဲ သေလမ်းရှာနေတာပဲ’
သူသည် ထိုအချက်အလက်များကို မြင်လိုက်ရုံနှင့် ချက်ချင်း သဘောပေါက်သွားခဲ့သည်။
သူ ထင်ထားသည့်အတိုင်းပင် ဤလူမှာ မိမိအား ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
ဟန်တုန်မှာ သူ၏ ကျောင်းသားဖြစ်ပြီး ထရိုင်အန်ဂယ်စတူဒီယိုသည် ဒုကျောင်းအုပ်ခုန်း၏ ဓာတ်ခွဲခန်းသို့ နှစ်စဉ် ရန်ပုံငွေ ယွမ် ခုနစ်သိန်းအထိ စပွန်ဆာ ပံ့ပိုးပေးနေခြင်း ဖြစ်သည်။
ယခုအခါ ဟန်တုန် မရှိတော့သဖြင့် လာမည့် ပညာသင်နှစ်အတွက် စပွန်ဆာငွေမှာလည်း သေချာပေါက် ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။
‘ဒီငွေ ခုနစ်သိန်းကြောင့်နဲ့တင် သူက ငါ့ကို လာပြီး ပြဿနာရှာချင်တာပေါ့’
‘ဒါက သေတွင်းရှာနေတာ မဟုတ်ရင် ဘာလဲ’
‘ကောင်းပြီလေ... ငါတို့ ဖြည်းဖြည်းချင်း ကစားကြတာပေါ့။ မင်းက ရာထူးကြီးကြီးမှာ ရှိနေတာဆိုတော့ အခြားလူတွေကို ဖယ်ရှားသလိုမျိုး နည်းလမ်းတွေကို သုံးလို့မရဘူး’
‘ဒါပေမဲ့ ဘာအားနည်းချက်မှ မရှိဘူးလို့ ငါ မယုံဘူး။ မင်းကို တစ်ကြိမ်လောက်သာ လက်ပူးလက်ကျပ် မိလို့ကတော့ ငါနဲ့ လာရှုပ်ခဲ့ရတာကို နောင်တရသွားစေရမယ်’
လက်ထဲမှ စာရွက်စာတမ်းများကို ချလိုက်ပြီးနောက် ကျိုးထျန်း သက်ပြင်းတစ်ချက် ချလိုက်သည်။
လက်ရှိတွင် သူသည် ခေတ္တမျှ ဘေးကင်းသွားပြီ ဖြစ်သော်လည်း အခြားတစ်ဖက်မှ သေချာပေါက် ကလဲ့စားချေလာလိမ့်မည်ဖြစ်ရာ သူ သတိထားရမည် ဖြစ်သည်။
‘အနည်းဆုံးတော့ ဒီစစ်သင်တန်းတက်နေတဲ့ နှစ်ပတ်အတွင်း သူ ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ အောင့်အီးထားပြီး နောက်ပိုင်းကျမှ သူ့ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို ထုတ်ဖော်ဖို့ စောင့်နေတာ ဖြစ်လိမ့်မယ်’
ဤသည်မှာ သူ၏ ရင်ထဲတွင် စူးဝင်နေသော ဆူးတစ်ချောင်းကဲ့သို့ ဖြစ်နေသဖြင့် ၎င်းကို အမြစ်ပြတ် ဖြေရှင်းရမည် ဖြစ်သည်။
သို့မဟုတ်ပါက လာမည့် လေးနှစ်တာ ကာလအတွင်း သူ၏ လူနေမှုဘဝမှာ အဆုံးမရှိသော ပြဿနာများနှင့် ပြည့်နှက်နေပေလိမ့်မည်။
ကျိုးထျန်း၏ ခေါင်းမာတတ်သော စိတ်ဓာတ်မှာလည်း ထက်သန်လာခဲ့ရသည်။
အကယ်၍ သူက ဒုကျောင်းအုပ်ခုန်းထံသို့ နှစ်စဉ် ပိုမိုများပြားသော စပွန်ဆာငွေများ ပေးအပ်လိုက်ပါက ဤကိစ္စမှာ ချက်ချင်း ပြေလည်သွားမည်ဖြစ်ကြောင်း သူ နားလည်ထားသည်။
သို့သော်လည်း သူသည် မည်သည့် ခြိမ်းခြောက်ငွေညှစ်မှုမျိုးကိုမျှ လက်ခံမည့်လူ မဟုတ်ချေ။
‘ငါ့ငွေကို အလကား ဘာလို့ ပေးရမှာလဲ’
ထို့ပြင် သူသည် ရူပဗေဒဌာနမှ ကျောင်းသားပင် မဟုတ်ရာ သူ့အား စပွန်ဆာပေးခြင်းမှာ ဆက်ကြေးပေးနေရသကဲ့သို့ ဖြစ်မနေဘူးလား။
ထိုသို့ဆိုလျှင် တရုတ်ဘာသာစကားနှင့် စာပေအထူးပြုဌာနကလည်း သူ့ကို စပွန်ဆာပေးရမည်လော။
အခြားဌာနများသည်လော။
‘ငါ့စိတ်ကြိုက် လှူဒါန်းတာဆိုရင်တော့ ထားပါတော့’
‘ဒါပေမဲ့ မင်းက ငါ့ကို အတင်းအကျပ်တော့ ပေးခိုင်းလို့ မရဘူး’
‘ ငါက အလွယ်တကူ လာနောက်လို့ရတဲ့လူ မဟုတ်ကြောင်းကိုလည်း မင်းကို သိစေရမယ်’
မွန်းလွဲပိုင်း လေ့ကျင့်ရေးမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး မည်သူမျှ ၎င်းတို့ကို လာရောက်မနှောင့်ယှက်တော့ချေ။
သို့သော်လည်း နည်းပြများမှာမူ လာရောက်၍ အလကားစားသောက်ခြင်း မပြုကြတော့ချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးမှာ ဒုကျောင်းအုပ်ခုန်း၏ လုပ်ရပ်များကို ကြားသိထားကြသောကြောင့်ပင်။
အကယ်၍ ၎င်းတို့၏ တပ်ခွဲမှူးသာ ကြားသိသွားပါက သေချာပေါက် ပြစ်တင်ကြိမ်းမောင်းခြင်း ခံရပေလိမ့်မည်။
စပွန်ဆာပေးထားသော ပစ္စည်းများအားလုံး ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ၎င်းတို့ထဲတွင် အစားအစာများနှင့် အဖျော်ယမကာများသာမက ‘ကျန့်နင်း’ အားကစားပစ္စည်းအမှတ်တံဆိပ်မှ ပံ့ပိုးပေးထားသော ဖိနပ်များနှင့် အားကစားဝတ်စုံများလည်း ပါဝင်သည်။ ၎င်းတို့က ငွေကြေးအများဆုံး ပေးချေထားသူများ ဖြစ်ကြသဖြင့် ၎င်းတို့၏ အားကစားဝတ်စုံကို ဝတ်ဆင်၍ ရိုက်ကူးရသော အခန်းတွင် ပူးပေါင်းဆောင်ရွက်ပေးခြင်းမှာ ပြဿနာမရှိချေ။
၎င်းမှာ ပြည်တွင်းအမှတ်တံဆိပ်တစ်ခု ဖြစ်သော်လည်း ကျန့်နင်းမှာ အမှန်တကယ်ပင် ရက်ရက်ရောရော ပံ့ပိုးပေးခဲ့သည်။
စပွန်ဆာပေးထားသော ဖိနပ်များမှာ အပြေးပြိုင်ပွဲသုံး ဖိနပ်များဖြစ်ကြပြီး တစ်စုံလျှင် ငွေ ယွမ်နှစ်ထောင်နီးပါး တန်ဖိုးရှိသဖြင့် အခြားအတန်းများမှ ကျောင်းသားများကို အလွန်အမင်း အားကျမနာလို ဖြစ်စေခဲ့ရသည်။
"အာ... သူတို့က အလကား စားသောက်ရရုံတင်မကဘူး၊ ဖိနပ်တွေနဲ့ အဝတ်အစားတွေပါ ရတာလား"
လူတိုင်းက မိမိတို့၏ ရော်ဘာဖိနပ်များကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။
ဤဖိနပ်များမှာ အောက်ခံခြေဝါး ပါးလွှာလှသဖြင့် အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ပြီးနောက်တွင် ၎င်းတို့၏ ခြေထောက်များမှာ အလွန်အမင်း နာကျင်လှသည်။
ထို့ပြင် နေ့စဉ် ချွေးများစွာ ထွက်နေသဖြင့် အဆောင်သို့ ပြန်ရောက်သောအခါ ဖိနပ်ကိုပင် မချွတ်ဝံ့ကြချေ။
အဘယ်ကြောင့်ဆိုသော် ထွက်ပေါ်လာမည့် ‘အနံ့အသက်’ က အခြားလူများကို မွန်းကျပ်သွားစေမည်ကို စိုးရိမ်သောကြောင့်ပင်။
၎င်းတို့နှင့် နှိုင်းယှဉ်ပါက ကျိုးထျန်းတို့၏ ဖိနပ်များမှာ အလွန်အမင်း ကောင်းမွန်လှသည်။
ထို့ပြင် ကျိုးထျန်းနှင့် သူ၏ အဖွဲ့သားများသည် သစ်ပင်ရိပ်အောက်တွင် ထိုင်ကာ စပွန်ဆာမှ ပေးထားသော နေလောင်ကာခရင်မ်များကို လိမ်းနေကြသေးသည်။
အခြားကျောင်းသားများမှာ မနာလိုစိတ်ကြောင့် မျက်နှာများပင် စိမ်းဖတ်နေကြပြီ ဖြစ်သည်။
‘မင်းတို့က နေပူထဲ သွားခဲ့လို့လား’
အလကားနေရင်း နေလောင်ကာခရင်မ်များကို လိမ်းနေကြခြင်း ဖြစ်သည်။
၎င်းတို့က အရိပ်အောက်တွင် အေးဆေး အနားယူနေကြခြင်းသာ မဟုတ်ပါလား။
ထိုသူတို့သည် နေရောင်ခြည် တိုက်ရိုက်ကျရောက်သော နေရာတွင် ရိုက်ကူးရန် လိုအပ်သည့်အခါမှသာ ရံဖန်ရံခါ ၁၀ မိနစ်ခန့် ထွက်လာကြပြီးနောက် သစ်ပင်ရိပ်အောက်သို့ ချက်ချင်း ပြန်လည်ဝင်ရောက်သွားကြခြင်း ဖြစ်သည်။
မိတ်ကပ်ဆရာများကပင် ၎င်းတို့အတွက် ရှားစောင်းလက်ပတ် အသားအရေထိန်းသိမ်းရည်များကို လိမ်းပေးကြသေးသည်။
ယခုမူ ကျိုးထျန်းနှင့် သူ၏ အဖွဲ့သား တော်တော်များများမှာ အသားအရေ ညိုမည်းသွားခြင်းမရှိသည့်အပြင် အသားအရေက ပို၍ပင် ကောင်းမွန်လာခဲ့သေးသည်။
ဤသည်မှာ လူတိုင်းကို ဒေါသထွက်စေသည်။
အဆိုးဆုံးမှာ မုတ်ဆိတ်ဖြူအဖိုးကြီး အမှတ်တံဆိပ်ပင်(KFC) ဖြစ်သည်။ ၎င်းတို့က ကော်ဖီဖျော်စက်နှင့် အိုက်စကရင်စက်ကိုပါ ယူဆောင်လာခဲ့ပြီး လတ်လတ်ဆတ်ဆတ် ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
လက်တစ်ဖက်တွင် အိုက်စကရင်၊ အခြားလက်တစ်ဖက်တွင် ကော်ဖီကို ကိုင်ထားသည်ကို မြင်ရသောအခါ စစ်သင်တန်းတက်နေသည့် ကျောင်းသားများတင်မကဘဲ ဖြတ်သန်းသွားလာနေကြသော စီနီယာကျောင်းသားကြီးများပင်လျှင် အလွန်အမင်း အားကျနေကြရသည်။
အထူးသဖြင့် ယမန်နေ့က နွားနို့လက်ဖက်ရည်နှင့် ပတ်သက်ပြီး ညည်းတွားခဲ့သော မိန်းကလေးမှာ ယနေ့ အိုက်စကရင်ကို ရရှိပြီးနောက်တွင်လည်း ထပ်မံ၍ သက်ပြင်းချပြန်သည်။
"အင်း... စားလို့ရတာကလည်း အိုက်စကရင်တွေချည်းပဲ၊ ပြီးတော့ ကြက်တောင်ပံတွေ၊ ကြက်ပေါင်တွေနဲ့ ကြက်ကြော်တွေကလည်း တောင်လိုပုံနေတာပဲ။ ဒါက ငါတို့ကို ဝလာအောင် လုပ်မယ့် စပွန်ဆာတွေရဲ့ အကွက်ပဲ ဖြစ်ရမယ်"
နေပူထဲတွင် မတ်တတ်ရပ်နေရသော ကျောင်းသားများသည် သူမအား စူးရှသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြရာ ထိုအကြည့်များက သူမအား အစိမ်းလိုက်ဝါးစားမည့်အတိုင်း ပြင်းထန်လှသည်။
"အကွက် ဟုတ်လား။ ကယ်လို့ ဒါက အကွက်ဆိုရင်လည်း ငါ တစ်သက်လုံး ဒီအကွက်ထဲမှာပဲ အလုပ်ခံလိုက်ချင်တယ်"
"မရတော့ဘူး။ သင်တန်းပြီးရင် ငါ ဆာလာအိတ်တစ်လုံး ယူခဲ့မယ်၊ မင်းတို့က တုတ်တွေ ယူခဲ့ကြ။ ငါ အဲဒီမိန်းကလေးကို သွားပြီး ဝိုင်းရိုက်မလို့။ သူက တကယ့်ကို လူကို ဒေါသထွက်အောင် လုပ်လွန်းတယ်"
ကျိုးထျန်း၏ ပျော်ရွှင်မှုမှာ အခြားလူများ၏ ဒုက္ခပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်ရာ သူ၏ ‘အချဉ်ဓာတ်’ ပမာဏမှာ ထပ်မံ၍ မြင့်တက်လာခဲ့ပြန်သည်။
‘ကောင်းတယ်... ကောင်းတယ်။ ဒီကောင်မလေးရဲ့ ကူညီမှုကြောင့် တာဝန်အောင်မြင်ဖို့ ရာခိုင်နှုန်းက ၂၀ လောက်အထိ ပိုပြီး မြင့်တက်လာလိမ့်မယ်’
ပရိုမိုးရှင်း ဗီဒီယို၏ အမျိုးသမီးဇာတ်ဆောင်ဖြစ်သူ လျိုမုယန်သည် ဒါရိုက်တာဝူထံမှ စေ့စပ်သေချာသော ဂရုစိုက်မှုများကို ရရှိထားသည်။
သူမတွင် ကိုယ်ပိုင်ကုလားထိုင်၊ ထီးနှင့် သီးသန့် လက်ထောက်တစ်ဦးပါ ရှိသည်။
မူလကပင် ထူးခြားစွာ လှပလွန်းသူဖြစ်ရာ သူမ၏ ရုပ်ရည်မှာ စစ်သင်တန်းဝတ်စုံကြောင့် လျော့ပါးသွားခြင်းမရှိချေ။
ထို့ပြင် မိတ်ကပ်ဆရာတစ်ဦးက သီးသန့် ပြင်ဆင်ပေးထားသဖြင့် သူမ၏ မိတ်ကပ်မှာ အခြားလူများထက်များစွာ ပိုမိုနုပျို လှပနေသည်။
နေပူရှိန်ကြောင့် အသားအရေများ ကွာကျနေသည့် မိန်းကလေးများနှင့် နှိုင်းယှဉ်ပါက လျိုမုယန်၏ အလှအပမှာ အခြားလူများ မမှီနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဤကဲ့သို့သော ထိပ်တန်းကျောင်းကြီးများသို့ တက်ရောက်နိုင်သည့် မိန်းကလေးများသည် ပုံမှန်အားဖြင့် အထက်တန်းကျောင်းတုန်းက အချိန်အားလုံးကို စာကျက်ရင်းသာ ကုန်ဆုံးခဲ့ကြသူများ ဖြစ်ရာ ရောက်ရှိနေသော ကျောင်းသူ ၉၉ ရာခိုင်နှုန်းမှာ မိမိတို့၏ ရုပ်ရည်ကို ဂရုမစိုက်ကြချေ။
သို့မဟုတ် ဂရုမစိုက်ချင်ယောင် ဆောင်နေကြခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အပြင်ပန်းတွင် အလိုလားဆုံးအရာမှာ မိမိတို့၏ ထက်မြက်သော ဦးနှောက်သာ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း ဤအလွန်အမင်း ထက်မြက်သော ဦးနှောက်များသည် ယောကျာ်းလေးများ၏ သဘာဝကိုမူ မည်သည့်အခါမျှ နားလည်နိုင်ကြမည် မဟုတ်ချေ။
ယောကျာ်းလေးများသည် သေဆုံးသွားသည့်တိုင်အောင် ကလေးစိတ်မပျောက်ကြသူများ ဖြစ်ကြရာ ထက်မြက်သော ဦးနှောက်မှာ ခဏတာသာ ဖြစ်ပြီး လှပသော မျက်နှာတစ်ခုကသာ ၎င်းတို့ ထာဝရ ရှာဖွေရမည့် အရာမဟုတ်ပါလား။
ဤအချက်က ဖြစ်ရပ်တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
အခြားမဟာဌာနမှ ယောကျာ်းလေးတစ်ဦးသည် လေဖြတ်သကဲ့သို့ အနည်းငယ် နေမကောင်းဖြစ်သဖြင့် ကျိုးထျန်းနှင့် သူ၏ အတန်းဖော်များ စစ်သင်တန်းတက်နေသည့် သစ်ပင်ရိပ်အောက်သို့ လာရောက်အနားယူခဲ့ရာမှ ထိုကောင်လေးသည် လျိုမုယန်နှင့် အလွန်နီးကပ်သောနေရာသို့ ရောက်ရှိသွားခဲ့သည်။
သူ အနားယူပြီးနောက် မိမိအတန်းသို့ ပြန်ရောက်သောအခါ နတ်သမီးလေးနှင့် ‘အနီးကပ် ထိတွေ့ခွင့်’ ရခဲ့သည့် အတွေ့အကြုံကို စကားတစ်ခွန်းမျှပင် မပြောခဲ့ရပါဘဲလျက်နှင့် လျှောက်၍ ကြွားဝါခဲ့တော့သည်။
ထိုနောက်ပိုင်းတွင်မူ ယင်းကို တားဆီး၍ မရတော့ဘဲ ယောကျာ်းလေး အမြောက်အမြားမှာ ‘နေလောင်ပြီး မူးလဲချင်ယောင်ဆောင်ကာ’ သစ်ပင်ရိပ်အောက်သို့ လာရောက် အနားယူကြတော့သည်။
အချို့အချိန်များတွင် ယောကျာ်းလေး တစ်ဒါဇင်ခန့်ပင် ရှိနေတတ်သည်။
ဤအချက်က ကျိုးထျန်းအား အနည်းငယ် မသက်မသာ ဖြစ်စေသဖြင့် သူက ဒါရိုက်တာဝူအား အချက်ပြကာ ထိုလူများကို မောင်းထုတ်ခိုင်းလိုက်သည်။
သို့သော်လည်း ဤလုပ်ရပ်က လျိုမုယန်အား ဒါရိုက်တာကိုယ်တိုင် ကာကွယ်ပေးထားရသည့် ပိုမို လျှို့ဝှက်ဆန်းကြယ်သူတစ်ဦးအဖြစ် ဖြစ်သွားစေခဲ့ရာ ယောကျာ်းလေးများမှာ ပို၍ပင် စိတ်လှုပ်ရှားသွားကြတော့သည်။
သင်တန်းပြီးဆုံးသည့် အကြိမ်တိုင်းတွင် ယောကျာ်းလေး အယောက်တော်တော်များများမှာ လျိုမုယန်အား တစ်ချက်မျှ လှမ်းကြည့်ခွင့်ရရန်အတွက် သူမ၏ ဘေးနားမှ တမင်တကာ ပတ်၍ လမ်းလျှောက်လေ့ ရှိကြသည်။
ကျိုးထျန်းလည်း မတတ်နိုင်တော့ချေ။ သူမက မိမိထံသို့ လာနေခြင်း မဟုတ်သလို သူကလည်း ထိုလူများကို လိုက်လံတားဆီးနေ၍ မရနိုင်ချေ။
တစ်ချိန်တည်းမှာပင် ဤအခြေအနေက မိန်းကလေး အမြောက်အမြားအား လျိုမုယန်အပေါ် ပြင်းထန်စွာ မနာလိုဖြစ်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ထိုမနာလိုဖြစ်မှုမှာ ကျိုးထျန်းနှင့် တိုက်ရိုက် သက်ဆိုင်နေခဲ့သည်။
မိမိရှေ့တွင် ရှိနေသော မနာလိုဖြစ်နေသည့် မိန်းကလေး အမြောက်အမြားကို မြင်တွေ့ရပြီး ၎င်းတို့၏ အမည်များကို ကြည့်ခြင်းအားဖြင့် ၎င်းတို့မှာ မိန်းကလေးများ ဖြစ်ကြောင်း ထင်ရှားလှသည်။
ကျိုးထျန်းသည် လျိုမုယန်၏ ဘေးနားတွင် ဝဲလည်ဝဲလည် လုပ်နေကြဆဲဖြစ်သော ယောကျာ်းလေးများကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
‘ညီအစ်ကိုတို့ အားလုံးရဲ့ မနာလိုမှုတွေအတွက် ကျေးဇူးတင်ပါတယ်’
သူသည် ပြိုင်ဘက်များ ပေါ်ထွက်လာမည်ကို စိုးရိမ်ခြင်း မရှိချေ။ ရောက်ရှိနေသော လူအားလုံး ပေါင်းလျှင်ပင် သူ့အား ယှဉ်နိုင်မည်မဟုတ်သည့်အပြင် သူ့တွင် ရုပ်ရည်ပိုင်းဆိုင်ရာ အသာစီးရမှုပါ ရှိနေသေးသည်။
ထို့ပြင် သူသည် လျိုမုယန်ကို အပြည့်အဝ ယုံကြည်ထားသည်။ ဤမိန်းကလေးမှာ အခြားယောကျာ်းလေးများ၏ ချိုသာသော စကားလုံးများဖြင့် လှည့်စားခြင်းကို ခံရမည့်သူ မဟုတ်ပေ။