အခန်း ၂၀၅
Vol. 21 Ch. 205
🍋 Chapter 205
စက်တင်ဘာလ ၈ ရက်နေ့သည် "Planetary Home" ရုပ်ရှင် ပြသခါနီး နောက်ဆုံးနေ့ ဖြစ်သည်။
ရိုက်ကူးရေးလုပ်ငန်းစဉ် အားလုံးသည်လည်း ယနေ့တွင် လုံးဝ ရိုက်ကူးပြီးစီးတော့မည် ဖြစ်သည်။
မွန်းလွဲ ၃ နာရီတွင် ဒါရိုက်တာဝူ၏ "ကတ်!" ဟူသော အသံနှင့်အတူ ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့လုံးထံမှ အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာခဲ့တော့သည်။
"ရိုက်ကူးရေး ပြီးပြီဟေ့"
"အိုး... နောက်ဆုံးတော့ ပြီးသွားပြီ"
"ဟေး... ဒါ ငါ့ရဲ့ ပထမဆုံး ရုပ်ရှင်ရိုက်ဖူးတဲ့ အတွေ့အကြုံပဲ"
ကျိုးထျန်းသည်လည်း အလွန်ဝမ်းမြောက်မိသဖြင့် ဒါရိုက်တာဝူအား လက်မထောင်ပြလိုက်သည်။
ရင်းနှီးမြုပ်နှံထားသူ၏ ချီးမွမ်းမှုကိုရရှိသဖြင့် ဒါရိုက်တာဝူ၏မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေသည်။
၎င်းတို့သည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အလုပ်လုပ်ရသည့် အချိန်ထက် အနားယူရသည့်အချိန်က ပိုမိုများပြားခဲ့သဖြင့် အမှန်တကယ်ပင် ကောင်းမွန်စွာ ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။
ကျောင်းသားအားလုံးနီးပါးသည် သိသိသာသာ အသားအရေ ပိုမိုဖြူဝင်းလာကြပြီး အချို့ဆိုလျှင် ကိုယ်အလေးချိန်ပင် တိုးလာကြသေးသည်။
ဤသည်မှာ စပွန်ဆာများ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။
ထို့အပြင် ကားအမြောက်အမြားနှင့် ကျွေးသော ကြက်တောင်ပံများနှင့် ကြက်ပေါင်ကြော်များကို စားသောက်ခဲ့ကြရသည် မဟုတ်ပါလား။
သို့သော်လည်း စစ်သင်တန်း ကာလမှာ ထက်ဝက်သာ ကုန်ဆုံးသေးသည်။ အကယ်၍ ရိုက်ကူးရေး လုံးဝ ပြီးဆုံးသွားပါက ကျန်ရှိသော အချိန်ဝက်ကို အခြားလူများနှင့်အတူ လေ့ကျင့်ရေး ဆင်းရပေလိမ့်မည်။
၎င်းတို့အနေဖြင့် ထိုအရာကို သည်းခံနိုင်ကြပါမည်လော။
သေချာပေါက် သည်းမခံနိုင်ကြချေ။
ထို့ကြောင့် ကျိုးထျန်းသည် ရိုက်ကူးရေးတွင် ပါဝင်သော ကျောင်းသားအားလုံးအတွက် ဟန်တျန်းရုပ်ရှင်စတူဒီယိုသို့ သွားရောက်လည်ပတ်မည့် အစီအစဉ်ကို စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ ရှန်ဟိုင်းနှင့် မဝေးလှသဖြင့် တစ်ရက်တည်းနှင့် အသွားအပြန် ခရီးစဉ် ပြုလုပ်၍ ရနိုင်သည်။
သို့သော်လည်း ကျိုးထျန်းသည် အချိန်ဆွဲရန်အတွက် ၃ ရက်ကြာ ခရီးစဉ်ကို တမင်တကာ စီစဉ်ပေးခဲ့သည်။
ဟန်တျန်းအပြင် အနီးနားရှိ လည်ပတ်စရာ နေရာများကိုပါ သွားရောက်နိုင်ရန် ဖြစ်သည်။
ကျောင်းသားများက ၎င်းတို့၏ WeChat Moments တွင် ပုံများ တင်လိုက်သည့်အခါ မနာလိုဖြစ်မှု လှိုင်းလုံးများကို အဆက်မပြတ် ဖြစ်ပေါ်စေမည်ဖြစ်ရာ ၎င်းမှာ အလွန် ကျေနပ်စရာ ကောင်းပေလိမ့်မည်။
ထို့ပြင် ဤဟန်တျန်းခရီးစဉ်က ကျောက်ရှင်းအား ပေးထားခဲ့သော ကတိကိုလည်း တည်စေနိုင်မည် ဖြစ်သည်။
သူမသည် ထိုနေရာရှိ လူအချို့နှင့်အတူ ညစာစားရန် သူ့အတွက် စီစဉ်ပေးထားခဲ့သည်။
လက်ရှိတွင် မွန်းလွဲ ၃ နာရီကျော်သာ ရှိသေးသဖြင့် ညနေ ၅ နာရီ ကျောင်းဆင်းချိန်အထိ အချိန်များစွာ ကျန်ရှိနေသေးသည်။ ကျိုးထျန်းသည် သူ၏ လက်ကျန်ပမာဏကို စစ်ဆေးလိုက်သည်။
[Host - ကျိုးထျန်း
အသက် - ၁၈
ရုပ်ရည် - ၉၃
ခန္ဓာကိုယ် - ၇၉
ကျန်းမာရေး - ၉၂
အချဉ်ဓာတ် လက်ကျန်ပမာဏ - (ထုတ်ယူနိုင်သည်)]
စစ်သင်တန်း စတင်ချိန်မှစ၍ ယနေ့အထိ သူသည် ‘အချဉ်ဓာတ်’ ပမာဏ သန်း ၃၀ ကျော်ကို စုဆောင်းမိထားပြီးဖြစ်ရာ သူ၏ ရည်မှန်းချက်ဖြစ်သော သန်း ၅၀ အထိ ရောက်ရှိရန် ထက်ဝက်နီးပါးသာ လိုတော့သည်။
သူ့တွင် အသုံးပြုရန် ဝှက်ဖဲတစ်ခု ကျန်ရှိနေသေးသော်လည်း လက်ရှိတွင် တတ်နိုင်သမျှ များများ ရယူလိုသည်။
ထို့ကြောင့် သူသည် ဒါရိုက်တာဝူ၏ ဘေးနားသို့ တိတ်တဆိတ် သွားရောက်ကာ စကားအချို့ တိုးတိုးကပ်ပြောလိုက်သည်။
ဒါရိုက်တာဝူ ချက်ချင်းသဘောပေါက်သွားပြီး လက်ဝှေ့ယမ်းကာ လော်စပီကာကို ကောက်ကိုင်လျက် ကျောင်းသားများကို ပြောလိုက်တော့သည်။
"ကျောင်းသားတို့... ရိုက်ကူးရေးဆိုတာ ငါတို့ရဲ့ တိုက်ပွဲပဲ၊ အခု ငါတို့ရဲ့ တိုက်ပွဲ ပြီးဆုံးသွားပြီဆိုပေမဲ့ အခြားကျောင်းသားတွေကတော့ တိုက်ပွဲဝင်နေရတုန်းပဲ၊ ငါတို့ သူတို့ကို သွားပြီး အားပေးသင့်တယ် မဟုတ်လား"
"ဟုတ်ပါတယ်"
"ကောင်းပါတယ်"
"ဟုတ်တယ်... ကျွန်တော်တို့ အဲဒီကျောင်းသားတွေကို သွားပြီး အားပေးရမယ်"
ဒါရိုက်တာဝူ ခေါင်းညိတ်လိုက်သည်။
"ကဲ... အားလုံးပဲ ငါ့ညွှန်ကြားချက်ကို နားထောင်၊ အတန်းလိုက် တန်းစီပြီး ကျောင်းသားတွေကို သွားပြီး အားပေးကြမယ်"
အဖွဲ့ ၄၂ သည် ကျန့်နင်းမှ ပေးထားသော တန်ဖိုးကြီး အားကစားဝတ်စုံများကို ဝတ်ဆင်ကာ တစ်စုံလျှင် ယွမ်နှစ်ထောင်နီးပါး တန်ဖိုးရှိသော အပြေးဖိနပ်များကို စီးလျက်၊ လက်ထဲတွင်လည်း ဟေဂန်ဒက်စ် ရေခဲမုန့်များကို ကိုင်ဆောင်ကာ စစ်သင်တန်း လေ့ကျင့်ရေး ကွင်းပြင်၏ အလယ်တည့်တည့်သို့ လမ်းလျှောက်သွားကြပြီး လမ်းလျှောက်ရင်း စားသောက်နေကြတော့သည်။
"ကျောင်းသားတို့... ကြိုးစားထားကြဦးနော်"
"သူငယ်ချင်းတို့... ဆက်ပြီး ကြိုးစားထားကြဦး"
ဒါရိုက်တာဝူကပင် ရှေ့မှ ဦးဆောင်ကာ သူ၏ ကြွေးကြော်သံကို ပြောင်းလဲလိုက်သည်။
"သစ်သီးတွေလည်း ရှိတယ်၊ အိုက်စကရင်တွေလည်း ရှိတယ်၊ ငါတို့ ဇွဲရှိရှိ ကြိုးစားနေသရွေ့ အောင်မြင်မှာပဲ"
"ဇွဲရှိခြင်းက အောင်မြင်ခြင်းပဲ"
"ဇွဲရှိခြင်းက အောင်မြင်ခြင်းပဲ"
ဤအချိန်တွင် ကျိုးထျန်းအား အချဉ်ဓာတ် အမြောက်အမြား ရရှိအောင် နှစ်ကြိမ်တိုင်တိုင် ကူညီပေးခဲ့ဖူးသော မိန်းကလေးမှာ ထပ်မံ၍ စကားပြောပြန်သည်။
"ဒါရိုက်တာဝူ... ကျွန်မတို့ ‘ဟေး... ဟေး... ဆက်ပြီး ကြိုးစားကြ’ လို့ အော်လို့ ရမလား၊ ရေခဲမုန့်တွေ အရည်ပျော်တော့မယ်”
“ဒါက ငါတို့မျက်နှာကို လာပြီး စော်ကားနေတာပဲ။ မနေ့က ငါ ဒီမိန်းကလေးကို သွားမရိုက်ခဲ့မိဘူး၊ ဒါပေမဲ့ ဒီနေ့တော့ သေချာပေါက် သွားရိုက်တော့မယ်၊ သူက တကယ့်ကို လူကို ဒေါသထွက်အောင် လုပ်လွန်းတယ်"
ကျိုးထျန်းနှင့် သူ၏ အဖွဲ့သားများ သွားလေရာ နေရာတိုင်းတွင် အချဉ်ဓာတ်မှာ လှိုင်းလုံးကြီးများကဲ့သို့ တရဟော မြင့်တက်လာခဲ့ပြီး ထိုကျောင်းသားများမှာ ရူးသွပ်လုနီးပါး ဖြစ်နေကြရသည်။
‘မင်းတို့ဘာသာ ထောင့်တစ်နေရာမှာ အေးဆေး နားနေကြတာဆိုရင် ထားပါတော့၊ အခုတော့ ငါတို့ရှေ့မှာ လာပြနေတာက လူကို တမင်သက်သက် နှိပ်စက်နေတာလား’
၎င်းတို့က မွန်းလွဲ ၃ နာရီတွင် အလုပ်ပြီးသွားသော်လည်း မိမိတို့မှာမူ ညနေ ၅ နာရီအထိ နေပူထဲတွင် ရှိနေရဆဲ ဖြစ်သည်။
ဤအားပေးစကားများနှင့် အော်ဟစ်သံများမှာ အခြားလူများ၏ နားထဲတွင် အဆိုးရွားဆုံး လှောင်ပြောင်သံများ ဖြစ်နေသည်။
ကျိုးထျန်း လမ်းလျှောက်သွားစဉ် လူအမြောက်အမြားမှာ သွားများကို ကျစ်ကျစ်ပါအောင် ကြိတ်နေကြပြီး အနည်းငယ်မျှ အားထည့်လိုက်ပါက သွားများပင် ကျိုးကြေသွားမည့်အတိုင်း ပြင်းထန်လှသည်။
ငါးသိန်း၊ တစ်သန်း၊ သုံးသန်း... နောက်ဆုံးတွင် ဤတစ်ခေါက် လှည့်လည်အားပေးမှုမှာ ၁၅ မိနစ်သာ ကြာမြင့်ခဲ့သော်လည်း စုစုပေါင်း အချဉ်ဓာတ် ၆.၅ သန်းအထိ ရရှိခဲ့သည်။
‘ဒါကို နှုတ်ဆက်လက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါတော့၊ အဆုံးသတ်တွင် သူတို့ ငါတို့ကို နောက်ထပ် မြင်တွေ့ရတော့မှာ မဟုတ်ဘူးလေ’ ကျိုးထျန်းသည် လေးနှစ်တာ အတူတက်ရမည့် အတန်းဖော်များကို လေးစားသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။
‘ကျေးဇူးတင်ပါတယ်... အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျောင်းစတက်တာနဲ့တင် ငါ့ကို သန်းပေါင်းများစွာ ရရှိအောင် ကူညီပေးကြလို့’
‘ ငါ သေချာပေါက် ဆက်လက် ကြိုးစားသွားမှာဖြစ်ပြီး မင်းတို့ကို ဒီထက်မက ပိုပြီး မနာလိုဖြစ်အောင် လုပ်ပေးဦးမှာပါ’
...
နောက်ရက် မွန်းလွဲ ၁ နာရီတွင် ဒါရိုက်တာဝူသည် ကွင်းပြင်သို့ ဘတ်စ်ကားတစ်စီးနှင့် ရောက်ရှိလာခဲ့သည်။
ကျောင်းသား ၄၂ ဦးသည် အခြားလူများ၏ မနာလိုသော အကြည့်များအကြား ဘတ်စ်ကားပေါ်သို့ တက်ရောက်ကာ ဟန်တျန်းရုပ်ရှင်စတူဒီယိုသို့ ထွက်ခွာရန် ပြင်ဆင်ကြတော့သည်။
ကျိုးထျန်းသည် အနည်းငယ် ပိုပြီး အိပ်စက်နိုင်ရန်အတွက် မွန်းလွဲပိုင်းမှ ထွက်ခွာမည့် အစီအစဉ်ကို တမင်တကာ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မနက် ၆ နာရီတွင် အိပ်ရာထကာ ၇ နာရီတွင် စစ်သင်တန်း လေ့ကျင့်ရေး ဆင်းနေရသော ကျောင်းသားများကို သက်တောင့်သက်သာရှိသော လူနေမှုဘဝက မည်သို့ရှိကြောင်း ပြသလိုသောကြောင့်လည်း ဖြစ်သည်။
သေချာပေါက် ၎င်းတို့ မြင်တွေ့သွားခဲ့ရသည်။
ဤအချက်က ကျိုးထျန်းအတွက် အချဉ်ဓာတ် သောင်းပေါင်းများစွာကို ထပ်မံ ရခဲ့ပြန်သည်။
ဘတ်စ်ကားမှာ လမ်းတစ်လျှောက် မောင်းနှင်လာခဲ့ပြီးနောက် မကြာမီမှာပင် ဟန်တျန်းသို့ ရောက်ရှိသွားခဲ့တော့သည်။
ရောက်ရှိပြီးနောက် ကျိုးထျန်းနှင့် လျိုမုယန်တို့သည် အဖွဲ့ထဲမှ တိတ်တဆိတ် ခွဲထွက်ကာ ၎င်းတို့ဘာသာ သီးသန့် လည်ပတ်ကြတော့သည်။
အခြားလူများမှာမူ ဒါရိုက်တာဝူ၏ နောက်သို့ လိုက်ပါကာ ကျွမ်းကျင်သော ဧည့်လမ်းညွှန်တစ်ဦး၏ ဦးဆောင်မှုဖြင့် အဖွဲ့လိုက် လည်ပတ်ခြင်း ဖြစ်သွားခဲ့သည်။
"မုယန်... နင် ဒီနေရာကို ရောက်ဖူးတာ ဒါ ပထမဆုံးအကြိမ်လား"
၎င်းတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ ကော်ဖီဆိုင်တစ်ခုတွင် ထိုင်နေကြသည်။
မွန်းလွဲပိုင်းအချိန်ကို သက်တောင့်သက်သာဖြင့်သာ ကုန်ဆုံးစေသင့်သည် မဟုတ်ပါလား။
"အင်း... ငါ ဒီကို တစ်ခါမှ မရောက်ဖူးဘူး"
"ငါလည်း တူတူပဲ။ ကျောက်ရှင်းကို ငါတို့ရဲ့ ဧည့်လမ်းညွှန်အဖြစ် ခေါ်လိုက်ရင်ကော ဘယ်လိုလဲ။ သူက ဒီနေရာကို သေချာ သိမှာပဲ"
"မခေါ်ပါနဲ့တော့၊ သူ အလုပ်လုပ်နေတာလေ"
ကျောက်ရှင်းသည် လွန်ခဲ့သည့် နှစ်ရက်ကတည်းက ဟန်တျန်းသို့ ပြန်လည်ရောက်ရှိနေခဲ့ပြီး သူမ စောင့်မျှော်နေခဲ့သော အလုပ်များကို စတင်လုပ်ကိုင်နေပြီ ဖြစ်သည်။
"ဒါဆိုလည်း ပြီးတာပဲ၊ သူ မရှိတော့ ငါတို့ နှစ်ယောက်တည်း အချိန်ဖြုန်းရတာ ပိုကောင်းတာပေါ့"
ကျိုးထျန်း ပျင်းကြောဆန့်လိုက်သည်။
"ဒါနဲ့... ငါ နင့်ကို မပြောရသေးဘူး၊ နင်တို့အိမ်ကနေ ပျောက်သွားတဲ့ လက်ပတ်နာရီတွေကို ငါ အားလုံး ပြန်ရှာတွေ့ထားတယ်။ နင် အဲဒါတွေကို ဘာလုပ်ချင်လဲ"
ထိုလက်ပတ်နာရီ သုံးလုံးမှာ သူ၏ အံဆွဲထဲတွင် ရှိနေခဲ့ပြီး ၎င်းတို့ကို မည်သို့ ကိုင်တွယ်ရမည်ကို သူ မသိရှိချေ။
"အင်း... အဲဒီထဲက အပေါဆုံး နာရီတစ်လုံးကိုပဲ ငါ့ကို ပေးပါ၊ အဲဒါက အမှတ်တရ တန်ဖိုးရှိလို့ပါ။ ကျန်တဲ့ နှစ်လုံးကိုတော့... လောလောဆယ် နင့်ဆီမှာပဲ သိမ်းထားပေးပါဦး"
သူမသည် လက်ရှိတွင် တန်ဖိုးကြီး ပစ္စည်းများကို အိမ်သို့ မယူဆောင်ဝံ့သေးချေ။
သူမ မိခင်၏ စိတ်ဝေဒနာမှာ လုံးဝ ပျောက်ကင်းသေးခြင်း မရှိသေးရာ ဤမျှ တန်ဖိုးကြီးသော နာရီများကို မြင်တွေ့ပါက ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
အထူးသဖြင့် သူမအား ဒဏ်ရာရရှိစေခဲ့သော နာရီကို ဖြစ်သည်။
ဈေးအပေါဆုံးဖြစ်သော ကြွေထည်နာရီမှာ ကျိုးထျန်းက သူမအား ပထမဦးဆုံး ပေးခဲ့ဖူးသော လက်ဆောင်ဖြစ်သဖြင့် သူမ သိမ်းဆည်းထားလိုခြင်း ဖြစ်သည်။
သူမသည် ကျန်ရှိသော နာရီနှစ်လုံးကိုလည်း အလွန် သဘောကျသဖြင့် ရောင်းချရန် စိတ်မကူးချေ။
ထို့ပြင် ကျိုးထျန်းတွင် ငွေကြေး ပြတ်လပ်နေသူ မဟုတ်ကြောင်း သူမ သိရှိထားသဖြင့် လောလောဆယ် သူ့ထံတွင်သာ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"ကျိုးထျန်း... နောက်ဆိုရင် ငါ့ကို ဒီလိုမျိုး တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ထပ်ပြီး မဝယ်ပေးပါနဲ့တော့။ နင့်ရဲ့ စေတနာပဲ ရှိနေရင် ရပါပြီ၊ တန်ဖိုးက အဓိက မဟုတ်ပါဘူး"
"ငါ နားလည်ပါတယ်၊ နောက်ဆို သတိထားပါ့မယ်"
သူက ဤသို့ ပြောလိုက်သော်လည်း သူ၏ စိတ်ထဲတွင်မူ ထိုသို့ မဟုတ်ချေ။
သူမ၏ မိခင်သည် တန်ဖိုးကြီး ရတနာများကို မကြည့်ချင်သော်လည်း အခြားအရာများဖြစ်သော ကားနှင့် အိမ်များကိုမူ ကြည့်နိုင်လောက်ပေသည်။
သေချာပေါက် လျိုမုယန်တွင် ဤအရာများ မလိုအပ်သေးချေ။ သူမသည် ကားပင် မမောင်းတတ်သေးသောကြောင့် ဖြစ်သည်။
အိမ်နှင့် ပတ်သက်၍မူ သူမသည် မိဘများနှင့်သာ အတူတူ နေထိုင်လိုသူဖြစ်ရာ အိမ်ဝယ်ပေးခြင်းမှာလည်း သူမအတွက် အသုံးဝင်မည် မဟုတ်ချေ။
"မုယန်... နင် ကားမောင်းလိုင်စင် သွားမဖြေဘူးလား။ တက္ကသိုလ်က အခုမှ စတာဆိုတော့ အလုပ်တွေလည်း အများကြီး မရှိသေးဘူးလေ"
လျိုမုယန် ခေတ္တ တုံ့ဆိုင်းသွားသည်။
"ငါ... ငါ မမောင်းတတ်မှာ ကြောက်လို့ပါ။ အင်တာနက်ပေါ်က ဗီဒီယိုတွေထဲမှာ ကြည့်ဖူးတယ်၊ အမျိုးသမီး ကားမောင်းသမား တော်တော်များများက ကားကို သစ်ပင်ပေါ်အထိ မောင်းတင်ကြတာ။ ငါလည်း အဲလို ဖြစ်မှာ စိုးရိမ်လို့"
ကျိုးထျန်း ဗိုက်ကို နှိပ်ကာ အော်ဟစ်၍ ရယ်မောလိုက်တော့သည်။
"အော်...မုယန်မှာလည်း ကြောက်တတ်တဲ့ အရာ ရှိသေးတာပဲ။ ပြီးခဲ့တဲ့ ရက်က ရိုလာကိုစတာ စီးတုန်းကတော့ ဒီလောက်အထိ ကြောက်နေတာ၊ ငါက နင် ဘာကိုမှ မကြောက်ဘူး ထင်နေတာ"
"ငါ့ကို လာမရယ်နဲ့"
"ကဲပါ... ကဲပါ၊ ငါ သိပါပြီ။ နင်က ကားကို ကောင်းကင်ပေါ်အထိ မောင်းတင်မယ့်လူ မဟုတ်လောက်အောင် ထက်မြက်ပါတယ်လို့ ငါ ယုံကြည်ပါတယ်"
"ဒါ့အပြင် အခု ကားမရှိရင် တကယ်ပဲ သွားရလာရတာ အဆင်မပြေဘူးလေ။ တစ်ကယ်လို့ ငါ မရှိရင် နင်နဲ့ ကျောက်ရှင်းတို့ အပြင်ထွက်လည်ဖို့ ခက်လိမ့်မယ်"
ဤကဲ့သို့သော အရာများကို ဖြည်းဖြည်းချင်းနှင့် စိတ်ရှည်လက်ရှည် လမ်းညွှန်ပေးရန် လိုအပ်ပေသည်။