အခန်း ၂၀၇
Vol. 21 Ch. 207
🍋 Chapter 207
ဤဝတုတ်တုတ်ကောင်လေး၏ အမည်မှာ ချိုးလန် ဖြစ်ပြီး ဟန်တျန်းရုပ်ရှင်စတူဒီယိုတွင် ကိုယ်ပိုင်အေဂျင်စီ ဖွင့်လှစ်ထားသည့် နာမည်ကြီး အေးဂျင့်တစ်ဦး ဖြစ်သည်။
အေးဂျင့်လောကတွင် အမျိုးအစားများစွာရှိရာ အဆိုးရွားဆုံးအဆင့်မှာ အေးဂျင့်လက်ထောက်များ ဖြစ်ကြသည်။
၎င်းတို့၏အမည်တွင် ‘အေးဂျင့်’ ဟု ပါဝင်သော်လည်း ဝန်ထမ်းတစ်ဦးကဲ့သို့ အလုပ်လုပ်ကြရပြီး လစာမှာလည်း ယွမ်လေးငါးထောင်ခန့်သာ ရရှိကာ အမြဲတမ်းလည်း ဆူပူကြိမ်းမောင်းခြင်း ခံရတတ်သည်။
ထို့ထက် အနည်းငယ်သာလွန်သော ရာထူးမှာ နာမည်ကြီးစတားများ၏ အေးဂျင့်များ ဖြစ်ကြသော်လည်း ထိုလူများသည်လည်း ကိုယ်ပိုင်ကုမ္ပဏီရှိကြပြီး ကုမ္ပဏီမှ စတားများထံသို့ ခွဲဝေပေးလိုက်သည့် ပါတနာများသာ ဖြစ်ကြသည်။
သို့သော်လည်း ၎င်းတို့၏ ဝင်ငွေမှာ များစွာ ပိုမိုမြင့်မားပြီး တစ်လလျှင် အနည်းဆုံး ယွမ် တစ်သောင်း သို့မဟုတ် နှစ်သောင်းခန့် ရရှိကြသည်။
၎င်းတို့ထက် ပိုမိုကောင်းမွန်သော အေးဂျင့်များမှာမူ အေဂျင်စီမှ ခွဲထွက်ကာ ကိုယ်ပိုင်စတူဒီယိုများ ဖွင့်လှစ်ကြပြီး အနုပညာရှင်များထံမှ ကော်မရှင်ခ ရယူလျက် တစ်နှစ်လျှင် ယွမ် ငါးသိန်းမှ တစ်သန်းအထိ ရှာဖွေနိုင်ကြသည်။
ဝင်ငွေအကောင်းဆုံးလူများမှာမူ ချိုးလန်ကဲ့သို့ ကိုယ်ပိုင်ကုမ္ပဏီထောင်ထားပြီး အောက်တွင် နာမည်ကြီးစတားများ၏ အေးဂျင့်များအပါအဝင် အနုပညာရှင် အမြောက်အမြားကို ထိန်းချုပ်ထားသူများ ဖြစ်ကြသည်။
သူ့ဝင်ငွေမှာ တစ်နှစ်လျှင် ယွမ် သန်း ၁၀ ကျော်အထိ ရှိနိုင်ပြီး ထိုစတားများ၏ ကံကြမ္မာကိုလည်း သူကသာ ကြိုးကိုင်ထားခြင်း ဖြစ်သည်။
သူ မျက်နှာသာပေးသောလူမှာ ပိုမိုများပြားသော ရင်းမြစ်များကို ရရှိပေလိမ့်မည်။
အကယ်၍ မည်သူမဆို သူ့အား စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုဝံ့ပါက မည်သည့်ရင်းမြစ်မှမရှိဘဲ မည်သို့ ရှေ့ဆက်ရမည်ကို စောင့်ကြည့်ရုံသာ ရှိတော့သည်။
ထို့ကြောင့် သူ၏လက်အောက်ရှိ စတားများအားလုံးက သူ့အား ဖားကြရပြီး နာမည်ကြီးပြီးသားလူများပင်လျှင် ဤကဲ့သို့သော ဩဇာအာဏာရှိသူကို စိတ်ကျေနပ်အောင် ထားကြရသည်။
ဤအချက်ကြောင့် ချိုးလန်သည် ပိုပိုမောက်မာလာခဲ့ရသည်။
အလွန် နာမည်ကြီးသော စတားများနှင့် ဒါရိုက်တာများပင်လျှင် သူ့အား အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံကြသည်ကို သူ မြင်တွေ့နေရသည်။
သူ့အကောင့်ထဲရှိ ငွေကြေးများ ပိုမိုများပြားလာသည်ကိုလည်း သူ မြင်တွေ့နေရသည်။
တဖြည်းဖြည်းနှင့် သူသည် အခြားလူများအပေါ် လေးစားမှုစိတ်ဓာတ် လုံးဝ ပျောက်ဆုံးသွားခဲ့ရသည်။
ဥပမာအားဖြင့် လက်ရှိတွင် မိမိအား စက်ဆုပ်ရွံရှာဖွယ် အကြည့်များဖြင့် ကြည့်ရှုနေသည်ကိုပင် သူ သတိမပြုမိချေ။
"ညီမလေး... တွေ့လား၊ အစ်ကို ပြောတာ မှန်တယ် မဟုတ်လား။ ဖျော်ဖြေရေးလောကက ညီမလေးလို သဘာဝအတိုင်း လှပတဲ့ မိန်းကလေးတစ်ယောက်အတွက် အသင့်တော်ဆုံးပဲ”
“နှစ်အနည်းငယ်အတွင်းမှာတင် နာမည်ဂုဏ်သတင်း၊ စည်းစိမ်ဥစ္စာနဲ့ အခြားအရာအားလုံးမှာ ရွယ်တူတွေထက် အပြတ်အသတ် သာလွန်သွားလိမ့်မယ်"
"အဲဒီအချိန်ကျရင် နင်တို့က ကမ္ဘာနှစ်ခုလို ကွဲပြားသွားပြီ"
"နင်က ကောင်းကင်ပေါ်က တိမ်တိုက်တွေပေါ်မှာ ရှိနေမှာဖြစ်ပြီး နင့်ရဲ့ အတန်းဖော်တွေကတော့ မြေပြင်ကနေ မော့ကြည့်ရုံပဲ တတ်နိုင်တော့မှာ"
သူက ဤသို့ပြောရင်း အလွန် ကျေနပ်ပီတိ ဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤစကားလုံးများမှာ လျိုမုယန်အတွက်တင်မကဘဲ မိမိကိုယ်ကိုယ်အတွက်ပါ ပြောဆိုနေခြင်း ဖြစ်သောကြောင့်ပင်။
သူသည် ယခင်က အတန်းထဲတွင် လှောင်ပြောင်စရာ အရာတစ်ခုမျှသာ ဖြစ်ခဲ့ဖူးသည်။
သူ၏ စကားပြောပုံနှင့် အမူအရာများမှာ သူ၏ လိင်သဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်နေသဖြင့် လူတိုင်း၏ လှောင်ပြောင်မှုကို သဘာဝအတိုင်း ခံခဲ့ရသည်။
ယခုအခါ သူ ချမ်းသာလာခဲ့ပြီ ဖြစ်ရာ လွန်ခဲ့သည့်နှစ်က အတန်းဖော်စုံညီပွဲ၌ သူသည် ငြင်းပယ်၍မရသော စတားတစ်ဦး ဖြစ်ခဲ့ရသည်။
အမွှမ်းတင် ချီးမွမ်းခြင်း ခံရသည့် ခံစားချက်မှာ အလွန် ကောင်းမွန်လှပေသည်။
သူသည် မိမိ၏စကားပြောစွမ်းရည်အပေါ် ယုံကြည်မှု ရှိနေခဲ့ပြီး အခြားတစ်ဖက်လူမှာလည်း စိတ်ကူးထဲတွင် ပုံဖော်နေလောက်ပြီဟု ထင်မှတ်နေခဲ့သည်။
စင်မြင့်ထက်တွင် မိမိ မတ်တတ်ရပ်နေပြီး အောက်တွင် လူပေါင်းထောင်ချီ၍ အားပေးနေကြသည့် ပုံရိပ်ကိုပေါ့။
ရေတွက်၍မရသော လူအမြောက်အမြားက မိမိသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော နတ်ဘုရားကဲ့သို့ မိမိ၏အမည်ကို အော်ဟစ်နေကြသည့် ပုံရိပ်ကို ဖြစ်သည်။
ထို့နောက် ချိုးလန်မှ ပြုံးလျက် လျိုမုယန်ကို လှမ်းကြည့်လိုက်သည်။
သို့သော်လည်း သူ့အား စောင့်ကြိုနေသည့် အရာမှာ လူမိုက်တစ်ယောက်ကို တွေ့လိုက်ရသည့်အလား မျက်နှာအမူအရာမျိုး ဖြစ်နေခဲ့သည်။
လျိုမုယန်မှာမူ နှုတ်ခမ်းကို အနည်းငယ် စူလိုက်ပြီး သူမ၏မျက်ဝန်းများတွင် မေးခွန်းသုံးခု ပေါ်လွင်နေခဲ့သည်။
‘ရှင်က ဘယ်သူလဲ’
‘ဘာကိစ္စရှိလို့လဲ’
‘ငါ့ရှေ့ကနေ ဘယ်တော့ ထွက်သွားမှာလဲ’
လျိုမုယန်၏ လုံးဝ မျှော်လင့်မထားသော တုံ့ပြန်မှုနှင့် ရင်ဆိုင်လိုက်ရသဖြင့် ချိုးလန် သေချာပေါက် စိတ်ပျက်သွားခဲ့ရသည်။
‘ဒီမိန်းကလေးက ငါ့ကို နည်းနည်းလေးမှ မျက်နှာသာ မပေးဘူးပဲ’
သူ ဆက်လက်ပြောဆိုလိုသော်လည်း မိမိဘေးတွင် လူတစ်ယောက် ထရပ်လိုက်သည်ကို ခံစားလိုက်ရသည်။
ကျိုးထျန်းသည် မိမိအား လုံးဝ လျစ်လျူရှုထားခြင်း ခံလိုက်ရသဖြင့် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့ရသည်။
ထို့ပြင် ဤလူက လျိုမုယန်ထံသို့ ကပ်တွယ်နေသည့်အတွက်လည်း စိတ်တိုနေခဲ့ရသည်။
ထို့ထက်မက ဤလူ၏ စောစောက ဝန်ထမ်းအပေါ် ထားရှိသော သဘောထားကြောင့်လည်း ပို၍ စိတ်တိုနေခဲ့ရသည်။
ဤအချက်သုံးချက် ပေါင်းစပ်သွားသောအခါ သူသည် အနည်းငယ် စိတ်မချမ်းမမြေ့ ဖြစ်သွားခဲ့ရပြီး သူ စိတ်မချမ်းမသာဖြစ်သည့်အခါ သဘာဝအတိုင်း ကောင်းမွန်သော မျက်နှာအမူအရာမျိုး ရှိနေမည် မဟုတ်ချေ။
"အခုချက်ချင်း ထွက်သွားစမ်း၊ မဟုတ်ရင် ငါ အားနာနေမှာ မဟုတ်ဘူး"
ချိုးလန် ဤစကားကို ကြားလိုက်ရုံနှင့် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
‘တောက်... ဟန်တျန်းမှာ ငါ့ကို ဒီလိုမျိုး စကားပြောရဲတဲ့လူ ရှိသေးတာပဲ’
သူ့အား ထွက်သွားရန် ပြောနေသူမှာ မည်သူနည်းဟု သူ လှည့်ကြည့်လိုက်သည်။
ကျိုးထျန်းမှာ အရပ် ၁.၈ မီတာကျော် မြင့်မားပြီး သူကမူ အရပ် ၁.၆၅ မီတာခန့်သာ ရှိကာ ဝတုတ်သော ခန္ဓာကိုယ် ရှိသည်။
လှည့်ကြည့်ပြီးနောက်တွင် သူသည် ကျိုးထျန်းအား အားစိုက်ကာ မော့ကြည့်နေရသည်။
သူသည် လည်ပင်းကို အားယူ၍ မော့ကြည့်လိုက်ပြီးနောက် လန့်ဖျပ်ကာ အနောက်သို့ နှစ်လှမ်းခန့် ဆုတ်ခွာသွားခဲ့ရသည်။
ကျိုးထျန်း၏ မျက်နှာရှိ မျက်မှောင်မှာ ကြုတ်နေခဲ့ပြီး သူ၏ မကျေနပ်မှုကို ထင်ရှားစွာ ပြသနေခဲ့သည်။
ချိုးလန်၏ မျက်စိထဲတွင်မူ မိမိရှေ့၌ ရှိနေသော အမျိုးသားမှာ ခြင်္သေ့ သို့မဟုတ် ကျားတစ်ကောင်ကဲ့သို့ အရှိန်အဝါကြီးမားလှပြီး မိမိအား ဝါးမြိုပစ်တော့မည့်အတိုင်း မောက်မာလှသော ဖိအားများကို ထုတ်လွှတ်နေခဲ့သည်။
"မင်း... မင်း... ဘာလုပ်ချင်လို့လဲ"
နောက်ဆုံးတွင် ခြေလှမ်းများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် သူက ထစ်ထစ်ငေါ့ငေါ့ဖြင့် မေးမြန်းလိုက်သည်။
"မင်းကို ထွက်သွားဖို့ ပြောနေတာ၊ ငါတို့ ကော်ဖီသောက်တာကို လာမနှောင့်ယှက်နဲ့"
ကျိုးထျန်းသည် ယခုတစ်ကြိမ်တွင် အသံကို မြှင့်လိုက်ပြီး သူ၏ စကားလုံးများတွင် ဒေါသများ ပြည့်နှက်နေခဲ့သည်။
"ဟင်း... ငါက..." ချိုးလန် ထွက်ခွာရန် ပြင်လိုက်သော်လည်း တုံ့ဆိုင်းသွားခဲ့ရပြန်သည်။
"မင်း ထွက်သွားခိုင်းရုံနဲ့ ငါက ဘာလို့ ထွက်သွားရမှာလဲ။ ငါက ဘာလို့ မင်းစကားကို နားထောင်ရမှာလဲ"
"အစ်ကို... ကျွန်တော် ခင်ဗျားကို မသိဘူးနော်။ ခင်ဗျားက ကျွန်တော့်ကို ဒီလိုမျိုး မောင်းထုတ်တာ တကယ်ကို ရိုင်းစိုင်းလွန်းတယ်"
သူသည် ထွက်မသွားသည့်အပြင် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ကျိုးထျန်းအား ပြန်လည်ချေပလိုက်သည်။
"ငါက ဒီမိန်းကလေးနဲ့ စကားပြောနေတာ၊ မင်းနဲ့ ဘာဆိုင်လို့လဲ"
"ခင်ဗျားပြောတဲ့ အရာတွေကို ကျွန်တော်တို့ စိတ်မဝင်စားဘူး"
"ဟေး... မင်းက တကယ် ထူးဆန်းတဲ့လူပဲ။ ဒီမိန်းကလေးရဲ့ အတွေးအခေါ်ကို ကိုယ်စားပြုဖို့ မင်းမှာ ဘာအခွင့်အရေး ရှိလို့လဲ" ချိုးလန်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက လျိုမုယန်ကို ဂရုစိုက်ဟန်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။
"အို... ညီမလေး၊ ဒါက ညီမလေးရဲ့ ရည်းစားလား။ ညီမလေးလို လှပတဲ့ မိန်းကလေးတစ်ယောက်က ဘာလို့ ဒီလိုလူမျိုးနဲ့ အတူတူ ရှိနေရတာလဲ"
"သူက ညီမလေးနဲ့ မထိုက်တန်ဘူး။ သူ ဝတ်ထားတာက ဆင်းရဲသားတစ်ယောက်လိုပဲ၊ ဒါပေမဲ့ ညီမလေးရဲ့ သဘောထားကို ကိုယ်စားပြုချင်နေတာပဲ၊ သူက ညီမလေးရဲ့ အတွေးတွေကို ကြိုးကိုင်ဖို့ ကြိုးစားနေတာ၊ ဒါက PUA ပဲ"
(TN – PUA က ကြိုးကိုင်ခြယ်လှယ်တာလို့ အဓိပ္ပါယ်ရပါတယ်)
"ညီမလေး... အစ်ကို့စကားကို နားထောင်၊ ဒီလိုလူမျိုးနဲ့ တွဲလို့မရဘူး။ သူက နောက်ပိုင်းကျရင် ညီမလေးကို အကြမ်းဖက်တဲ့လူ ဖြစ်လာလိမ့်မယ်"
ချိုးလန်သည် လျိုမုယန်ကို ဂရုစိုက်ဟန် ပြုလုပ်နေသော်လည်း အမှန်စင်စစ်တွင် ၎င်းတို့နှစ်ဦးအကြား သွေးခွဲရန် ကြိုးစားနေခြင်း ဖြစ်သည်။
သူသည် ဤအရာတွင် အလွန်ကျွမ်းကျင်လှပြီး ဖျော်ဖြေရေးလောကတွင် သူ့ကဲ့သို့သော လူမျိုးများ မရှားချေ။
ထို့သို့ပြောပြီးနောက်တွင် ကျိုးထျန်းအား ရန်စသော မျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်သည်။
၎င်းမှာ ‘ဒါဆိုတော့ ဘာဖြစ်လဲ။ မင်း ဘာထပ်ပြောနိုင်ဦးမလဲ။ မင်း ငါ့ကို မယုံရင်တော့ မင်းကို ဖာခေါင်း ဖြစ်သွားအောင် လုပ်ပစ်မယ်’ ဟု ပြောနေသည့်အတိုင်း ဖြစ်သည်။
သို့သော်လည်း ကျိုးထျန်း၏ မျက်နှာအမူအရာက သူ့ကို ထပ်မံ၍ စိတ်ပျက်သွားစေခဲ့ရသည်။ သူ၏ မျက်နှာတွင် ပျာယာခတ်မှု လုံးဝ မရှိချေ။
"မိန်းမလျာ... စအိုပုပ်ကောင်"
"မင်း... မင်း ဘာပြောလိုက်တယ်"
ချိုးလန် ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားကာ ဟိန်းဟောက်လိုက်တော့သည်။
"ငါက မင်းကို မိန်းမလျာ၊ စအိုပုပ်ကောင်လို့ ပြောတာလေ၊ ငါက ထပ်ပြီး ပြောပေးရဦးမလား"
"မင်း... မင်း..." ချိုးလန်၏ နဖူးပေါ်တွင် ဒေါသကြောင့် အကြောများ ပြောင်တင်းလာခဲ့ရသည်။
သူသည် မိမိအား ယောက်ျားလည်းမဟုတ် မိန်းမလည်းမဟုတ်ဟု လှောင်ပြောင်ခြင်းကို အမုန်းဆုံး ဖြစ်သည်။
"ဘာဖြစ်လို့လဲ။ မင်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ သေချာ မကြားလိုက်ရဘူး ထင်တယ်"
"မိန်းမလျာ... စအိုပုပ်ကောင်!!!"
"ဒီတစ်ခါကော သေချာ ကြားလိုက်ရပြီလား"
ကျိုးထျန်းသည် စကားလုံးတစ်လုံးချင်းစီကို ထပ်မံ၍ ပြောဆိုလိုက်သည်။
သူ စကားလုံးတစ်လုံးစီကို ပြောဆိုလိုက်သည့်အကြိမ်တိုင်းတွင် သူ၏ ညာဘက်လက်ဖြင့် ထိုလူ၏ ပခုံးကို ပုတ်ပေးနေခဲ့သည်။
သူ စကားလုံးခြောက်လုံး ပြောပြီးသွားသောအခါ မူလကပင် အရပ်ပုလှသော ချိုးလန်သည် စင်တီမီတာ အနည်းငယ်မျှ ပိုမိုပုဝင်သွားခဲ့ရပြီး အရပ် ၁.၆ မီတာအောက်သို့ပင် ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့ရသည်။
သူ၏ အရပ်အမောင်း ပုဝင်သွားသည့် အကြိမ်တိုင်းတွင် သူ့ အရှိန်အဝါမှာလည်း လျော့ပါးသွားခဲ့ရသည်။
နောက်ဆုံးတွင် ကျိုးထျန်းသည် သူ့အား ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ ငုံ့ကြည့်နေသည်။
ချိုးလန်သည် စက္ကန့်အနည်းငယ် ကြာမှသာ သတိပြန်ဝင်လာခဲ့ပြီး သူ့ပခုံးပေါ်ရှိ လက်ကို ဒေါသတကြီး ခါချလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ၊ မင်း ဘယ်နေရာကို ရောက်နေလဲဆိုတာ သိရဲ့လား"
"ဒါက ဟန်တျန်းကွ။မင်းက ဒီနေရာမှာ လာပြီး ရမ်းကားရဲတာလား ဒါရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို မင်း သိရဲ့လား"
ကျိုးထျန်း အထင်သေးသော အပြုံးတစ်ခုကိုသာ ပြုံးလိုက်သည်။
"ဒါဆိုရင်ကော... ငါ့ရှေ့မှာ လာပြီး ရမ်းကားရင် ဘာဖြစ်မလဲဆိုတဲ့ နောက်ဆက်တွဲအကျိုးဆက်ကို မင်းကော သိရဲ့လား"
ချိုးလန် တုန်လှုပ်သွားခဲ့ရသည်။
အခြားတစ်ဖက်လူသည် အလွန် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုနေခြင်းဖြစ်ပြီး နောက်ပြောင်နေခြင်း မဟုတ်ကြောင်း သူ ခံစားမိလိုက်သည်။
‘ဒီကောင်မှာ ဘာနောက်ခံအင်အားများ ရှိနေလို့လဲ’
‘မဖြစ်နိုင်တာ ဟန်တျန်းမှာ ငါ မသိတဲ့လူ ရှိစရာ အကြောင်းမရှိဘူး။ သူက အပြင်လူပဲ ခရီးသွားတစ်ယောက်ပဲ ဖြစ်ရမယ်’
သို့သော်လည်း သူသည် အခြားတစ်ဖက်လူမှာ အလွယ်တကူ စနောက်၍ရသောလူ မဟုတ်ကြောင်းကိုမူ ခံစားမိနေပြီဖြစ်ရာ သူ့ စိတ်ထဲတွင် အနောက်ဆုတ်ချင်သော အတွေးများ စတင်ပေါ်ပေါက်လာခဲ့သည်။