← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

🍋 Chapter 209

"ဥက္ကဋ္ဌကျောက်... မတွေ့ရတာ ကြာပြီနော်"

ကျိုးထျန်းသည် ကျောက်ဖန်နှင့် သီးသန့်ဆက်ဆံရေးရှိသည်ကို ကျောက်ရှင်းအား မသိစေလိုသဖြင့် သူမအား မသိကျိုးကျွံပြုပ်ကာ ဟန်ဆောင်နှုတ်ဆက်လိုက်သည်။

သူသည် လျိုမုယန်အား ရှောင်ပေါင်အကြောင်းကို မသိစေခဲ့သကဲ့သို့ပင် မိသားစုဝင်များ၏ သစ္စာဖောက်ခြင်းကို ခံရသည့် ခံစားချက်မှာ အလွန် စိတ်မသက်မသာ ဖြစ်ရပေသည်။

ကံကောင်းသည်မှာ ကျောက်ဖန်၏ အမှားမှာ ပြင်းထန်ခြင်းမရှိဘဲ သူမကိုယ်တိုင်လည်း နောင်တရကြောင်းပြသခဲ့သဖြင့် သူ သူမကို ခွင့်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သူသည် သူမ၏ အရည်အချင်းကို တန်ဖိုးထားသဖြင့် မိမိအတွက် အသုံးဝင်လိမ့်မည်ဟု ယူဆထားသည်။

အကယ်၍ တစ်နေ့တွင် ကျောက်ရှင်း၏ ဖခင် ထောင်မှလွတ်မြောက်လာပြီး ကျောက်ဖန်သည် ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေး၏ အထွေထွေမန်နေဂျာအဖြစ် ဆက်လက်မရှိတော့ပါက သူမအား မိမိကုမ္ပဏီကို စီမံခန့်ခွဲရန်အတွက် ခေါ်ယူရန် သူ စဉ်းစားထားသည်။

သူသည် အလုပ်ကိစ္စများကို လက်လွှဲထားလိုသော အလုပ်ရှင်မျိုး ဖြစ်လိုသဖြင့် အနည်းဆုံးတော့ ဥက္ကဋ္ဌ၏လက်ထောက်အဖြစ် ခန့်အပ်ရန် သူမတွင် အရည်အချင်း လုံလောက်မှု ရှိပေသည်။

"ဥက္ကဋ္ဌကျိုး... နေကောင်းရဲ့လားရှင့် ကျေးဇူးပြုပြီး ကျွန်မရဲ့ ရုံးခန်းထဲကို ကြွပြီး ခဏလောက် အနားယူပါဦး"

ကျောက်ဖန်မှ လျိုမုယန်၏ လက်ကို ဆွဲကာ မိမိအနားသို့ ခေါ်ဆောင်လိုက်သည်။

‘ဒီကောင်မလေးက ပြီးခဲ့တဲ့အကြိမ် တွေ့ခဲ့တာထက်စာရင် ပိုပြီး လှလာသလိုပဲ။ ဆယ်ကျော်သက်အရွယ်ဆိုတော့ ခန္ဓာကိုယ်က အပြည့်အဝ မဖွံ့ဖြိုးသေးတာ ဖြစ်မယ်’

‘ရှင်းရှင်းနဲ့ ငါကလည်း သူမလိုပဲ လှကြတာပဲကို၊ ကျိုးထျန်းက ဘာဖြစ်လို့ ဒီမိန်းကလေးကိုပဲ စိတ်ဝင်စားနေရတာလဲ’

ကျောက်ဖန်နှင့် လျိုမုယန်တို့မှာ ဒုတိယအကြိမ်မြောက် ဆုံတွေ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်မှ ကျိုးထျန်းအား မြူဆွယ်ရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပြီးနောက် သူမသည် မိမိ၏ပုံစံမှာ သူ နှစ်သက်သော အမျိုးအစား မဟုတ်ကြောင်း ကောက်ချက်ချခဲ့သည်။

သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားကို သူ မနှစ်သက်ဟု ပြောရန်မှာ မဖြစ်နိုင်ချေ။

အလှအပများ ပြည့်နှက်နေသော ဟန်တျန်းတွင် သူမ၏ ရုပ်ရည်မှာ အနည်းဆုံး ထိပ်တန်း အယောက်တစ်ဆယ်အတွင်း ပါဝင်သည်ဟု သူမ ကိုယ်ပိုင်ယုံကြည်မှု ရှိသည်။

ထိုထိပ်တန်း အယောက်တစ်ဆယ်ထဲတွင် သူမနှင့် ရုပ်ရည် ၇၀ ရာခိုင်နှုန်းခန့် တူညီသော ကျောက်ရှင်းလည်း ပါဝင်သည်။

သူမ၏ ရုပ်ရည်ကြောင့် မဟုတ်ပါက ၎င်းမှာ အကြိုက်ချင်း မတူညီသောကြောင့်သာ ဖြစ်ရပေမည်။

လူတိုင်းတွင် မိမိတို့ နှစ်သက်သော ပုံစံကိုယ်စီ ရှိကြရာ အကယ်၍ အပြစ်ကင်းစင်သော ကျောင်းသူလေးများကိုသာ နှစ်သက်ပါက သူမ၏ လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုများမှာ အရာထင်မည် မဟုတ်ချေ။

ရှင်းရှင်းတွင်လည်း အပြစ်ကင်းစင်သော ခံစားချက်မျိုး အနည်းငယ် ရှိသော်လည်း ကျိုးထျန်းမှ သူမအပေါ်တွင်လည်း အခွင့်ကောင်းယူခြင်းမရှိခဲ့ရာ ၎င်းမှာ အလွန်ထူးဆန်းလှသည်။

ထို့ကြောင့် ကျိုးထျန်း၏အကြိုက်ကို အတိအကျ မသိရှိနိုင်ချေ။

အကယ်၍ ကျိုးထျန်းသာ သူမ၏ အတွေးများကို သိရှိပါက သူ သေချာပေါက် စိတ်ပျက်မိပေလိမ့်မည်။

သူသည် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးများကို မနှစ်သက်သည် မဟုတ်ချေ။

သို့သော်လည်း ကျောက်မိသားစုမှ အမျိုးသမီးများမှာ တွေ့သည်နှင့် အဝတ်အစားများကို ချက်ချင်း ချွတ်ပစ်လေ့ရှိကြသဖြင့် သူ့အား အနည်းငယ် စိတ်မသက်မသာဖြစ်နေခြင်းသာ။

ရုံးခန်းထဲတွင် ထိုင်ရင်း သူမက လက်ဖက်ရည်တစ်အိုး ဖျော်လိုက်သည်။

ကျိုးထျန်းနှင့် လျိုမုယန်တို့မှာ ကော်ဖီကို အဝသောက်ခဲ့ကြပြီး ဖြစ်သဖြင့် လက်ဖက်ရည်ကို အနည်းငယ်မျှသာ သောက်ကြသည်။

"မစ္စတာကျိုး... ကျွန်မတို့ ဖျော်ဖြေရေးလောကက မိတ်ဆွေတစ်ချို့ကို ညနေ ၆ နာရီခွဲမှာ ဆုံတွေ့ဖို့ စီစဉ်ထားပါတယ်။ သူတို့အားလုံးက ဥက္ကဋ္ဌကျိုးနဲ့ တွေ့ဆုံချင်နေကြတာပါ"

"ကောင်းပြီ၊ ငါ သိပြီ။ နင်တို့ပဲ စီစဉ်လိုက်ပါ။ ငါကတော့ စားဖို့ပဲ လာတာ"

လျိုမုယန်က သူ့ကို လှမ်းမေးလိုက်သည်။

"ကျွန်မကော အတူတူ လိုက်ခဲ့ရမလား"

"လိုက်ခဲ့ရမှာပေါ့၊ အားလုံး အတူတူ သွားကြမယ်လေ..... ဒါက သူတို့ ကျွေးတာပဲဥစ္စာ၊ အခွင့်အရေးကို အမိအရ ယူရမှာပေါ့"

အခြားလူများမှ သူ၏ စရိုက်ကို သိနေကြသဖြင့် နောက်ပြောင်နေခြင်းဖြစ်ကြောင်း နားလည်ကာ ပြုံးလိုက်ကြသည်။

"ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ ငါ အရက် အများကြီး မသောက်ဘူး။ မနက်ဖြန် ကျရင် ခရီးသွားစရာ ရှိလို့၊ အရက် အများကြီး သောက်မိရင် တစ်ရက်လုံး အလဟဿ ဖြစ်သွားလိမ့်မယ်"

"နားလည်ပါပြီ။ စိတ်မပူပါနဲ့၊ ဘယ်သူမှ ဥက္ကဋ္ဌကျိုးကို အတင်းအကျပ် အရက်တိုက်မှာ မဟုတ်ပါဘူး"

ကျောက်ဖန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

ကျိုးထျန်း၏ ဆိုလိုရင်းမှာ ညစာစားပွဲရှိ အခြားလူများအား မိမိကို အတင်းအကျပ် အရက်မတိုက်ရန် ပြောကြားခိုင်းခြင်း ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။

"ဒါနဲ့... သဘက်ခါ မွန်းလွဲပိုင်းကျရင် ငါ့ရဲ့ အတန်းဖော်တွေအားလုံးကို ရိုက်ကူးရေးကွင်းဆီ လာလည်ဖို့ စီစဉ်ထားတယ်။ ကြိုတင်ပြီး ပြင်ဆင်ထားလိုက်ဦး"

"ဟုတ်ကဲ့၊ ဒါရိုက်တာကို ကျွန်မ ကြိုပြောထားပြီးပါပြီ။ ဥက္ကဋ္ဌကျိုး လာမယ်ဆိုတာ ကြားတော့ သူ အရမ်း စိတ်လှုပ်ရှားနေတာ" ကျောက်ရှင်းက ပြန်လည်ဖြေကြားလိုက်သည်။

"နင်တို့ရဲ့ အဓိကမင်းသားနဲ့ ဒုတိယမင်းသားက အခုတလော ခေတ်စားနေတဲ့ လူငယ်မင်းသားတွေ မဟုတ်လား"

ကျိုးထျန်းသည် မနေ့က ၎င်းတို့၏ အချက်အလက်များကို သီးသန့် ရှာဖွေကြည့်ရှုထားခဲ့သည်။

"ဟုတ်ပါတယ်၊ သူတို့နှစ်ယောက်လုံးက အခုတလော အရမ်း နာမည်ကြီးနေကြတာ။ ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းတဲ့ ပုံစံမျိုးပေါ့... ယောကျာ်းချင်း အတွဲ ပုံစံမျိုး ခေတ်စားနေတာ”

“ သူတို့ရဲ့ ရုပ်ရည်က တကယ့်ကို... ချောမောလှပလွန်းတော့ မိန်းကလေးတွေကလည်း အရမ်း သဘောကျကြတယ်"

ကျောက်ရှင်း ဤသို့ပြောသည့်အခါ သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမသည် မိန်းကလေးတစ်ဦး ဖြစ်သော်လည်း မိန်းမဆန်ဆန် ချောသော အမျိုးသားကြယ်ပွင့်များကို မနှစ်သက်သဖြင့် မိန်းကလေးများ ဤ ‘လူငယ်ကြယ်ပွင့်လေးများ’ အပေါ် မည်သည့်အတွက်ကြောင့် ဤမျှ ရူးသွပ်နေကြသည်ကို သူမ နားမလည်နိုင်သောကြောင့်ပင်။

"ဒါဆိုရင် နင့်ရဲ့ ဇာတ်ကောင်က ဒုတိယမင်းသမီးနေရာဆိုပေမဲ့ အဓိကမင်းသား၊ ဒုတိယမင်းသားတွေနဲ့ အချစ်ဇာတ်ဝင်ခန်းတွေ လုံးဝ မရှိဘူးပေါ့ ဟုတ်လား"

"ဟုတ်တယ်၊ အဲဒါ အမှန်ပဲ"

ကျိုးထျန်းနှင့် ကျောက်ရှင်းတို့နှစ်ဦးစလုံးမှာ စိတ်ရှုပ်ထွေးသော မျက်နှာအမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။

ဈေးကွက်၏ လိုအပ်ချက်မှာ ဤသို့ဖြစ်နေသော်လည်း ၎င်းမှာ အမှန်တကယ်ပင် ကောင်းမွန်သောအရာ ဖြစ်ပါသလား။

သို့သော် ဤအရာမှာ သူနှင့် မသက်ဆိုင်ချေ။ လူများက နှစ်သက်ကြသဖြင့် ဈေးကွက် ရှိနေခြင်း ဖြစ်ရာ တည်ရှိနေခြင်းကိုယ်တိုင်ကပင် ခိုင်လုံသော အကြောင်းပြချက် တစ်ခု ဖြစ်ပေလိမ့်မည်။

"အဲဒီ မင်းသားနှစ်ယောက်ကိုလည်း ငါ့အတွက် စကားပြောပေးထားပါဦး။ အတန်းဖော်တွေထဲက ထက်ဝက်ကျော်က မိန်းကလေးတွေဆိုတော့ အမှတ်တရ ဓာတ်ပုံတွဲရိုက်လို့ ရအောင်လို့ပါ"

"ရတာပေါ့၊ ငါ သူတို့နဲ့ ရင်းနှီးပါတယ်၊ ဒါက ပြဿနာမရှိပါဘူး"

သူမက ဂုဏ်ယူစွာဖြင့် ထပ်လောင်းပြောကြားလိုက်သည်။

"ငါ့မှာ အာဏာ အများကြီး ရှိတာနော်။ နင် ငါ့ကို ကောင်းကောင်းမွန်မွန် တောင်းပန်မှဖြစ်မယ်၊ မဟုတ်ရင် ငါ ကူညီမှာ မဟုတ်ဘူး"

ကျိုးထျန်းက သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်သည်။

"ငါ့ရဲ့ ဗိုက်က နည်းနည်း မကောင်းသလိုပဲ၊ ဒီည ညစာစားပွဲကို သွားနိုင်မယ် မထင်ဘူး"

ကျောက်ရှင်း ချက်ချင်းပင် စိတ်ဓာတ်ကျသွားခဲ့ရသည်။

"နင်က တစ်မျိုး ပြောင်းပြီး မပြောနိုင်ဘူးလား။ အမြဲတမ်း ဒီအကွက်နဲ့ပဲ ငါ့ကို ခြိမ်းခြောက်နေတာ"

"အကွက်ဟောင်း ဖြစ်နေပါစေ၊ အလုပ်ဖြစ်ရင် ပြီးတာပဲ"

ဟု ဆိုကာ ကျောက်ရှင်း၏ ခေါင်းကို ပုတ်လိုက်သည်။

"ဒီလောက် လှတဲ့ ခေါင်းလေးထဲမှာ ဘာဖြစ်လို့ ဘာမှ မရှိဘဲ ဗလာဖြစ်နေရတာလဲ"

ကျောက်ရှင်း : ...

ညနေ ၆ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ၎င်းတို့ လေးဦးသည် ကုမ္ပဏီမှ အတူတူ ထွက်ခွာလာခဲ့ကြပြီး မလှမ်းမကမ်းရှိ စားသောက်ဆိုင်တစ်ခုသို့ လျှောက်လာခဲ့ကြသည်။

ကျိုးထျန်းသည် ထိုလူများက မိမိအား တွေ့ဆုံရန် တောင်းဆိုထားခြင်း ဖြစ်သဖြင့် မိမိ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် တမင်သက်သက် အနည်းငယ် နောက်ကျမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း သူ၏ စည်းကမ်းချက်အရ နောက်ကျ၍လည်း မဖြစ်သဖြင့် ဤအချိန်မှာ အသင့်တော်ဆုံးပင် ဖြစ်သည်။

၎င်းတို့ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည့်အခါ ဝန်ထမ်းမလေးမှာ ကျောက်ဖန်နှင့် ကျောက်ရှင်းတို့ကို တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားခဲ့ပြီး ယဉ်ကျေးပျူငှာစွာ ဆီးကြိုလိုက်သည်။

"ဥက္ကဋ္ဌကျောက်... မမလေးကျောက်၊ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ။ ကျွန်မ ‘ယန်ဇီမြစ်ခန်းမ’ ကို လိုက်ပို့ပေးပါ့မယ်"

‘ယန်ဇီမြစ်ခန်းမ’ မှာ ထိုစားသောက်ဆိုင်တွင် အကြီးမားဆုံးသော သီးသန့်အခန်း ဖြစ်သည်။

၎င်းတွင် အစားအသောက်များ အချိန်မီ တည်ခင်းနိုင်ရန် သီးသန့် မီးဖိုချောင်အသေးစားတစ်ခု ရှိပြီး အပြင်ခန်းမတွင် မရောင်းချသော တန်ဖိုးကြီး ဝိုင်ကောင်းများကိုလည်း သိုလှောင်ထားရှိသည်။

ထို့ပြင် ၎င်း၏ တည်နေရာမှာ စားသောက်ဆိုင်၏ အဆိတ်ငြိမ်ဆုံး နေရာတွင် ရှိသဖြင့် လူအများ၏ အကြည့်များကို ရှောင်လွှဲလိုသူများအတွက် အလွန် အဆင်ပြေလှသည်။

ဤအချက်ကြောင့် ကျောက်ဖန်ကဲ့သို့ သာမန်ဧည့်သည်များမှာမူ ဤအခန်းကို ကြိုတင်မှာယူနိုင်ခွင့်ပင် မရှိကြဘဲ ဤအခန်း တည်ရှိနေသည်ကိုပင် သိရှိကြမည် မဟုတ်ချေ။

ဝန်ထမ်းလေး၏ ဦးဆောင်မှုဖြင့် ကျိုးထျန်းနှင့် သူ၏အဖွဲ့မှာ သီးသန့်အခန်း၏ တံခါးဝသို့ ရောက်ရှိလာခဲ့ကြသည်။

သို့သော် ၎င်းတို့ အခန်းထဲသို့ မဝင်ရောက်မီမှာပင် ဝန်ထမ်းခေါင်းဆောင် အမျိုးသမီးလေးသည် သူမ၏ နားအနီးရှိ နားကြပ်ကို လက်ဖြင့် ထိကိုင်လိုက်သည်။

"အာ..."

"အော်... ဟုတ်ကဲ့၊ နားလည်ပါပြီ"

ထိုဝန်ထမ်းမလေးသည် နားကြပ်မှတစ်ဆင့် အမိန့်ကို လက်ခံရရှိလိုက်ပြီးနောက် နောက်ဆုံးတွင် မတတ်သာဘဲ ခေါင်းညိတ်လိုက်ကာ ကျောက်ဖန်အား လှည့်၍ ပြောလိုက်သည်။

"ဥက္ကဋ္ဌကျောက်... ဒီမှာ အခြေအနေ အနည်းငယ် ပြောင်းလဲသွားလို့ပါ။ ယန်ဇီမြစ်ခန်းမကို လူကြီးမင်းတစ်ယောက်က ယာယီ အသုံးပြုဖို့အတွက် ငှားလိုက်ပါတယ်"

ထိုအမျိုးသမီးငယ်လေး၏ မျက်နှာတွင် အခက်တွေ့နေသော အမူအရာ ရှိနေခဲ့ပြီး သူမ ဘာလုပ်ရမှန်း မသိ ဖြစ်နေခဲ့ရသည်။

"လူကြီးမင်း ဟုတ်လား..." ကျောက်ဖန် တုံ့ဆိုင်းသွားခဲ့ရသည်။

သူမ ကြိုတင်မှာယူထားသော သီးသန့်အခန်းမှာ ‘လုယက်ခြင်း’ ခံလိုက်ရသဖြင့် သူမ သဘာဝအတိုင်း စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့သော်လည်း ဝန်ထမ်းလေး၏ စကားလုံးများမှတစ်ဆင့် အချက်အလက်အချို့ကို ရိပ်မိလိုက်သည်။

"သူတို့က ရှုတျန်းမြို့နယ်က လူကြီးမင်းတွေလား"

ဝန်ထမ်းလေးက ခေါင်းခါပြလိုက်သည်။

"မြို့တော်ကလား"

ထပ်မံ၍ ခေါင်းခါပြပြန်သည်။

ကျောက်ဖန် ထပ်မံ၍ မမေးဝံ့တော့ချေ။ နောက်ထပ် ဖြစ်နိုင်ခြေရှိသူမှာ ပြည်နယ်အဆင့်မှ အာဏာပိုင်ကြီးတစ်ဦးသာ ဖြစ်ရပေမည်။

၎င်းမှာ သူမအနေဖြင့် လုံးဝ မပြစ်မှားဝံ့သော လူမျိုး ဖြစ်သည်။

ထိုကဲ့သို့သော အဆင့်အတန်းရှိသူတစ်ဦးက သူမ၏ သီးသန့်အခန်းကို အသုံးပြုခြင်းမှာ ရှက်စရာ အကြောင်းအရင်း မဟုတ်ချေ။

"ဒါဆိုရင် အခန်းပြောင်းလိုက်ကြတာပေါ့" ကျိုးထျန်းက တိုက်ရိုက်ပင် ပြောလိုက်သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ငြင်းခုံနေရန် အကြောင်းမရှိချေ၊ လိုအပ်သည့်အခါ လမ်းဖယ်ပေးလိုက်ပြီး အခြားအခန်းတစ်ခုတွင် စားသောက်ကြရုံသာ ဖြစ်သည်။

အဓိက ဇာတ်ကောင်ဖြစ်သူက စကားပြောလိုက်ပြီဖြစ်ရာ ကျောက်ဖန်လည်း တစ်စုံတစ်ရာ ထပ်မံ၍ မပြောတော့ချေ။

သူမက ဝန်ထမ်းလေးအား မိမိတွင် ကန့်ကွက်ရန်မရှိကြောင်း ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

"ဒါဆိုရင်... ဥက္ကဋ္ဌကျောက်၊ ကျွန်မ ‘Bibo ခန်းမ’ ကို လိုက်ပို့ပေးပါ့မယ်။ ၎င်းက ယန်ဇီမြစ်ခန်းမပြီးရင် အကောင်းဆုံး သီးသန့်အခန်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မန်နေဂျာက ဥက္ကဋ္ဌကျောက်တို့ရဲ့ ဧည့်သည်တွေကို အဲဒီအခန်းထဲကို ခေါ်ဆောင်သွားပြီးပါပြီ"

"ကောင်းပြီ၊ လမ်းပြပေးပါအုံး"

၎င်းတို့ လေးဦးသည် Bibo ခန်းမထံသို့ ဦးတည်ကာ လျှောက်သွားကြသည်။

All Chapters