သတင်းထူး
Vol. 14 Ch. 199
“ဝိုင်နတ်ဘုရား၊ မင်းက ငါတို့ ကျော်ကြားမှုရဲ့ အာမခံချက်ပဲ၊ အဲ့ဒါကြောင့် ပန်ဒါ ထုတ်လွှင့်ရေးကို လူသိများ လာအောင် မင်းကို အသုံးချချင်တယ်”
စုန့်ချမ်က ပြောလာသည်။ ရဲ့လင်းချန်ဘက်က တိတ်နေသောအခါ သူ ဆက်ပြောလေသည်။
“အခု လူတိုင်းက မင်း အပိတ်ခံလိုက်ရတာကို သိနေတယ်၊ ပြီးတော့ ဟူယွီရဲ့ လုပ်ရပ်ကလည်း လူအများကို ဒေါသထွက်အောင် ဆွပေးခဲ့တယ်၊ တကယ်လို့ မင်းက ပန်ဒါကို ဝယ်လိုက်တဲ့ သတင်းသာ ပျံ့သွားရင် တော်တော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်လာမှာပဲ”
“အဲ့ဒါပြီးရင်တော့ ငါတို့ လုပ်ဖို့ လိုတာဆိုလို့ လုပ်ငန်းကို ချောချောမွေ့မွေ့ လည်ပတ်ပြီး ငါတို့ရဲ့ ထင်ပေါ်ကျော်ကြားမှုကို ထိန်းထားဖို့ပဲ”
စုန့်ချမ်က ရိုးရှင်းဟန်ဖြင့် ပြောနေသော်လည်း အကောင်အထည်ဖော်ခြင်းက ခက်ခဲပေသည်။ ပထမဆုံးအနေဖြင့် အမှတ်တံဆိပ်ကို ကြော်ငြာရမည်။ ထို့နောက်တွင် ချောမွေ့စွာ လည်ပတ်ဆောင်ရွက်ရပေမည်။ ထိုနှစ်ခုထဲက အဘယ်အရာက လွယ်ဖူးပါသနည်း။
လက်ရှိအချိန်တွင် သူသည် အကြမ်းဖျင်း ကန့်သတ်ချက်ကိုသာ စဉ်းစားနိုင်ပေသည်။ တကယ်တမ်းတွင် သူသည် အကြံများကိုသာ ထောက်ပံ့ပေးနိုင်ပြီး ဆုံးဖြတ်ချက် ချနိုင်ခွင့်ရှိသူ မဟုတ်ပေ။ ဤအခြင်းအရာအပေါ် ရဲ့လင်းချန်၏ သဘောထားကိုလည်း သူ သိရန် လိုအပ်ပေ၏။
“ခင်ဗျားအစီအစဉ်က အဆင်ပြေပါတယ်”
ရဲ့လင်းချန်က အရင်ဆုံး အတည်ပြုလိုက်ပြီးမှ ဆက်ပြောသည်။
“ဒီနေ့ည ကျွန်တော် ပန်ဒါထုတ်လွှင့်ရေးကို လက်လွှဲယူလိုက်တဲ့ သတင်းကို ဖြန့်လိုက်ကြတာပေါ့၊ ပြီးတော့ ကျွန်တော် မနက်ဖြန် တိုက်ရိုက် ထုတ်လွှင့်မယ့် သတင်းကိုပါ ထပ်ဖြန့်လိုက်ပါ”
“မနက်ဖြန် တိုက်ရိုက် ထုတ်လွှင့်မှာလား”
စု့န်ချမ် အံ့ဩသွားပြီး တုန်ယင်နေသော အသံဖြင့် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
“ဝိုင်နတ်ဘုရား အဲ့ဒါက နည်းနည်း စိတ်လောသလို ဖြစ်မနေဘူးလား”
လက်ရှိအချိန်၌ တိုက်ရိုက်ထုတ်လွှင့်ရေး ပလက်ဖောင်းများသည် ခက်ခဲသော အနေအထား၌ ရှိနေ၏။ ပန်ဒါ ထုတ်လွှင့်ရေးသည် ဝယ်ထားပြီးခါစ ဖြစ်ပြီး ၎င်း၏ လုပ်ငန်းဆောင်တာများ တည်ငြိမ်ရန် အရင် လုပ်သင့်သည်။ ဝိုင်နတ်ဘုရားက ထိုတည်ငြိမ်စေရေးအတွက် ပင်မထောက်တိုင် ဖြစ်သည်။ ယခုကဲ့သို့ အချိန်၌ အံ့ဩစိတ်နှင့် မျှော်လင့်စောင့်စားမှုကို အခြေခိုင်အောင် လုပ်သည်က အကောင်းဆုံး ဖြစ်ပေမည်။
တစ်နည်းအားဖြင့်ဆိုရလျင် ဝိုင်နတ်ဘုရားက ဤသို့ စောစီးစွာ တိုက်ရိုက် ထုတ်လွှင့်ခြင်း မလုပ်သင့်ပါ။ သူ့တွင် နောက်ထပ် လက်ရာမြောက်သည့် ဖန်တီးမှုတစ်ခု ရှိချိန်မှသာလျင် စတင်သင့်သည်။
“မင်း…မှာ လက်ရာတစ်ခုခု အသင့်ရှိပြီလား”
“ကျွန်တော့်လက်ရာက အသင့်ပဲ၊ ကျွန်တော် ပြောတဲ့အတိုင်းပဲ လုပ်ပါ”
ရဲ့လင်းချန် တည်ငြိမ်စွာ ပြောလိုက်သည်။ သူ တစ်ခဏမျှ ရပ်ပြီးမှ ဆက်ပြောသည်။
“ဟုတ်သားပဲ၊ ပလက်ဖောင်းမှာ ဝိုင်နတ်ဘုရားကို အရင် စာရင်းသွင်းတာနဲ့ စလိုက်တာပေါ့”
ဖုန်းချပြီးနောက် ရဲ့လင်းချန်သည် တစ်နေ့တာအတွက် သူ တင်စရာများကို ပြီးဆုံးအောင် တင်ပြီး အိပ်ရာဝင် လိုက်သည်။
မနက် နှစ်နာရီ …
ထိုအချိန်သည် ညဇီးကွက်များ အလန်းဆန်းဆုံး အချိန် ဖြစ်လေသည်။ ထိုအချိန်အတွင်း၌ ရေပန်းစားသော ခေါင်းစဉ်အများစုက အမြင့်ဆုံးသို့ ရောက်ရှိကာ နောက်တစ်နေ့အထိ နာမည်ကြီးနေလေ့ ရှိသည်။
ထိုအခို်ကတွင် သတင်းတစ်ခုက တိုးတိုးတိတ်တိတ် ပျံ့လွင့်လာရာမှ အကျယ်တဝင့် ဖြစ်လာသည်။
ရှောင်ကျူးသည် ဘလော့ဂါတစ်ဦး ဖြစ်သည်။ သူ၏ အနှစ်သက်ဆုံး အလုပ်တစ်ခုက ဝေ့ပေါ်၌ စောစောစီးစီး သတင်းများ လိုက်ဖတ်ခြင်း ဖြစ်သည်။ သူသည် သတင်းထူးတစ်ခုကို အမိအရ လိုက်ရှာပြီး နာမည်ကြီးအောင် ပြန်မျှဝေတတ်သည်။ ထိုနည်းအားဖြင့် သူသည် ဝေ့ပေါ်၌ ဖော်လိုဝါပေါင်း နှစ်သိန်းကျော် ရရှိလာခဲ့သည်။
ယနေ့ညတွင် သူသည် ပုံမှန်အတိုင်း ပို့စ်များကို လိုက်ကြည့်နေသည်။ ထိုစဉ် ပို့စ်တစ်ခုက သူ့မျက်စိရှေ့ ပေါ်လာ၏။
[ဝိုင်နတ်ဘုရားက ပန်ဒါ ထုတ်လွှင့်ရေးကို ဝယ်လိုက်တာလား]
ထိုပို့စ်အောက်၌ တရားဝင်ဖြစ်ပုံရသော စာတစ်ချို့နှင့် ဓာတ်ပုံများ တွဲတင်ထားသည်။
ပန်ဒါ ထုတ်လွှင့်ရေး၏ အကြီးပိုင်းများထဲမှ တစ်ယောက်၏ အဆိုအရဆိုလျင် ထူးဆန်းသော လူချမ်းသာ တစ်ယောက်က ပိုက်ဆံ သန်းဆယ်ချီပေး၍ ပန်ဒါ ထုတ်လွှင့်ရေးအား ဝယ်ယူမည်ဟု ကမ်းလှမ်းခဲ့ပြီး ပန်ဒါ ထုတ်လွှင့်ရေးအား ကျဆုံးခန်းမှ ကယ်တင်ခဲ့သည်။ အမည်မသိ သတင်းပေးသူအရဆိုလျင် ထိုထူးဆန်းသော လူချမ်းသာက ဝိုင်နတ်ဘုရား ဖြစ်နေလေ၏။
ထုတ်လွှင့်ရေး၊ ဝိုင်နတ်ဘုရား၊ ဝယ်လိုက်တယ်။
ထိုစကားလုံး သုံးလုံးက ရှောင်ကျူး၏ မျက်နှာကို စိတ်လှုပ်ရှားမှုကြောင့် နီရဲလာပြီး စိတ်အား ထက်သန်စိတ်ကြောင့် သွေးပွက်ပွက်ဆူလာသည်။
သူ စိတ်ထဲမှနေ၍ “လခွမ်း” ဟု သုံးကြိမ် အော်လိုက်မိသည်။
*ဒါ ပေါက်မှာပဲ၊ ဒီသတင်းက သေချာပေါက် ပေါက်မှာ*
သတင်းခေါင်းစဉ်။ ဤဝေ့ပေါ်ပို့စ်ကို အခြေခံ၍ သူ သတင်းခေါင်းစဉ် လုပ်၍ ရနိုင်လောက်သည်။
သူသည် ထိုဝေ့ပေါ်ပို့စ်ကို မျှဝေလိုက်ပြီး တတ်နိုင်သလောက် မျက်စိဖမ်းစားနိုင်မည့် စကားလုံးများ ထပ်ရေး လိုက်သည်။
ထို့နောက် ဝေ့ပေါ်ရှိ သူ့အဖွဲ့ထဲမှ လူများအားလုံးကို တွဲတင်လိုက်သည်။
ဘလော့ဂါတစ်ဦး ဖြစ်သောကြောင့် သူ့တွင်လည်း ကိုယ်ပိုင်အဖွဲ့ ရှိသည်။ ပရော်ဖက်ရှင်နယ်ကျကျ လှုပ်ရှားသူများနှင့် မယှဉ်နိုင်သော်လည်း အလွန် ထိရောက်ပါသေးသည်။
ထို့နောက် သူသည် ဖုန်းကိုထုတ်၍ စိတ်အားထက်သန်စွာ ဖုန်းခေါ်လေတော့သည်။
“ဟေ့ လိပ်ပြာ ထတော့ဟ၊ သတင်းထူး၊ လုံးဝ ပေါက်မယ့် သတင်းထူး၊ ငါတို့ရဲ့ တိုးလာမယ့် ဂုဏ်သတင်းက ဒီပေါ်မှာ မူတည်တယ်၊ အခု အလုပ် လုပ်တော့”
ရှောင်ကျုးက စိတ်မရှည်စွာ အော်တော့သည်။
စက္ကန့်တိုင်းက အွန်လိုင်းပေါ်၌ တန်ဖိုး ရှိသည်။ ဤသတင်းမျိုးက ချက်ချင်း ပျံ့သွားလောက်သည်။
“မင်း ဒီလောက် စိတ်လှုပ်ရှားရအောင် ဘာသတင်းမို့လို့လဲ”
လိပ်ပြာက အိပ်ချင်မူးတူးဖြင့် မေးသည်။
“ဝိုင်နတ်ဘုရားက ပန်ဒါကို ဝယ်လိုက်ပြီ”
“ဘာ”
လိပ်ပြာ ချက်ချင်း ငိုက်နေရာမှ နိုးသွားပြီး ခုတင်ပေါ်မှ ထခုန်လုနီးပါး ဖြစ်သွားသည်။
“ဝိုင်နတ်ဘုရားက နောက်ဆုံးတော့ လှုပ်ရှားလာပြီပေါ့၊ သူက ပန်ဒါကိုတောင် ဝယ်လိုက်တာလား၊ သောက်ကျိုးနည်းဟေ့”
“မင်းရဲ့ သောက်ကျိုးနည်းကို တော်လိုက်တော့၊ အခု အလုပ်လုပ်ဖို့ ပြင်”
ထို့နောက် သူ ဆက်၍ ဖုန်းခေါ်လေသည်။
“ဝက်ဝံရိုင်း ထပြီး အလုပ်လုပ်တော့၊ ဒီတစ်ခါ ငါတို့ အသေအချာ လုပ်ရမယ်၊ ဒါ ပေါက်မှာကွ”
…
နောက်တစ်နေ့တွင် …
ဝေ့ပေါ်၏ ရေပန်းစားနေသော ရှာဖွေမှုစာရင်း၌ ဆူညံနေ၏။ ဝိုင်နတ်ဘုရားက ပန်ဒါကို ဝယ်လိုက်သည့် သတင်းက ထိပ်ဆုံးသို့ ရောက်နေပြီး ရှာဖွေမှုအများဆုံး သတင်း ဖြစ်နေလေသည်။
တစ်ညသာသာလေးနှင့် မှတ်ချက်ပေးသော ကဏ္ဍတွင် မှတ်ချက်ပေါင်း ထောင်ချီနေသည်။
[လခွမ်း လခွမ်း]
[အပေါ်က လူ၊ မင်း ဘာလို့ ငါ့စကားကို ကော်ပီတာလဲ]
[လခွမ်းဆိုတာကလွဲရင် ငါ ဘယ်စကားလုံးနဲ့ ဖော်ပြရမလဲ မသိတော့လို့]
[ဝိုင်နတ်ဘုရားက မိုက်လိုက်တာ၊ ဝိုင်နတ်ဘုရားက လွှမ်းမိုးနိုင်လိုက်တာ]
[ဒီသတင်းက တကယ်လား၊ ဝိုင်နတ်ဘုရားက ဟူယွီရဲ့ လျစ်လျူရှုတာကို ခံခဲ့ရတာ၊ အခု သူက ဟူယွီနဲ့ ပြိုင်ဖို့ ထုတ်လွှင့်ရေး ပလက်ဖောင်းတစ်ခုကို ဝယ်လိုက်တာလား]
[နောက်ဆုံးတော့ ငါ ဝိုင်နတ်ဘုရားဆီကနေ သတင်း ပြန်ကြားရပြီပဲ၊ ငါ လက်ရာအသစ်ကို မျှော်လင့်နေပြီ၊ ငါ မင်းကို အားပေးနေမယ်]
[အား … ငါ့မင်းသားလေးလို့ မပြောရဘူး ကုမ္ပဏီတစ်ခုကို ဒီလိုမျိုး ဝယ်လိုက်တာပဲ]
[ဂျူနီယာ ကောင်မလေးက မိတ်ဆွေတစ်ယောက် ရှာနေပါတယ်နော်၊ ၆၀****]
…
ရဲ့လင်းချန် ကျောင်းရောက်လာသောအခါ လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်က သက်ဝင်လှုပ်ရှားလျက် ရှိသည်။ ကျောင်းသား တော်တော်များများက စိတ်လှုပ်ရှားနေပုံ ပေါ်နေ၏။
“မင်း ဝေ့ပေါ်က သတင်းကို ဖတ်ပြီးပါပြီလား၊ သတင်းထူးကွ”
“ဒါပေါ့ ငါ ဖတ်ပြီးပြီ၊ ငါ မနေ့ညက အိပ်ရခက်နေတော့ အဲ့ဒါကို အရင် မြင်တာ၊ အစတုန်းက ငါက ကောလာဟလလို့ ထင်နေတာ၊ ဒီမနက် အဲ့လောက် ပေါက်လိမ့်မယ်လို့ ထင်မထားဘူး”
“အရေးမပါလိုက်တာ၊ ဒါ ဝိုင်နတ်ဘုရားလေ၊ ဘယ်လိုလုပ် မပေါက်ဘဲ နေမလဲ”
“ဝိုင်နတ်ဘုရားကို ဒီလောက် ချမ်းသာလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ပန်ဒါကို စိတ်ကူးပေါက်မှ ထဝယ် ပစ်လိုက်တာ၊ ကြောက်စရာကြီး”
“ဝိုင်နတ်ဘုရားက ပန်ဒါထုတ်လွှင့်ရေးကို ဝယ်ပြီးရင် ဟူယွီ ထုတ်လွှင့်ရေးကို ဆော်နိုင်မယ်လို့ မင်း ထင်လား”
“ဒါပေါ့ သူ လုပ်နိုင်တယ်၊ သူက ဝိုင်လေ”
အတန်းသို့ သွားရာ လမ်းတစ်လျှောက်တွင် ထိုဆွေးနွေးသံများက ရဲ့လင်းချန်၏ နားထဲသို့ အဆက်မပြတ် တိုးဝင်လာ၏။
အတန်းထဲသို့ ဝင်လိုက်ပြီးနောက် သူ့အတန်းဖော်များက ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။ ယောက်ျားလေး ဖြစ်စေ၊ မိန်းကလေးများဖြစ်စေ အားလုံးက ဝိုင်နတ်ဘုရားအကြောင်းကိုသာ ဆွေးနွေးနေကြသည်။
ရှောင်ကမ်းတို့ သုံးယောက်သည် ဖုန်းများကိုင်၍ ရဲ့လင်းချန်ရှေ့၌ တက်ကြွစွာ ပြောနေကြလေသည်။
“ရှောင်ရဲ့၊ ဝိုင်နတ်ဘုရား အကွက်ရွေ့လာပြီကွ၊ ပြီးတော့ သူက သူဌေးပဲ၊ ပန်ဒါ ထုတ်လွှင့်ရေးကိုတောင် ဝယ်လိုက်သေးတယ်”
“ငါ သိနေတယ်၊ ဝိုင်တွေအားလုံးက မရိုးရှင်းဘူး၊ ဝိုင်နတ်ဘုရားရဲ့ တန်ပြန်တိုက်စစ်က မကြာခင် လာတော့မယ်လို့ ငါ ခံစားနေရတယ်”
“အဲ့ဒါက ထုတ်လွှင့်ရေး ပလက်ဖောင်းပဲ၊ ဝိုင်နတ်ဘုရားက အခု ဟူယွီကို ပစ်မှတ်ထားနေတာ”
…
သတင်း၏ သက်ရောက်မှုက ရဲ့လင်းချန် ထင်ထားသည်ထက်ပင် ကျော်လွန်နေပြီး ထိန်းချုပ်မရနိုင်သည့်ပုံပင် ပေါ်နေ၏။
သို့သော် ဤသို့ လှုပ်လှုပ်ရွရွ ဖြစ်ရသည့် အကြောင်းရင်းက ဝိုင်၏ လွှမ်းမိုးနိုင်မှုကြောင့်ပင်။ ယနေ့ခေတ်တွင် ဝိုင်နှင့် ပတ်သက်သော ဘယ်အရာမဆိုက အတော်လေး စိတ်ဝင်စားခံရသည်။ ထို့အပြင် ဝိုင်နတ်ဘုရားတွင် နားဆင်သူ တော်တော်များများ ရှိသည်။ ထို့အပြင် ဝိုင်နတ်ဘုရားက ဟူယွီမှ ပိတ်ပင်ခံလိုက်ရသဖြင့် လူအများက ဝိုင်နတ်ဘုရားကို စာနာသနားကြသည်။ ပန်ဒါ ထုတ်လွှင့်ရေးကို ဝယ်လိုက်သည့် ဖြစ်နိုင်ချေက ဟူယွီနှင့် ယှဉ်ပြိုင်ရန်သာ ဖြစ်နိုင်သည်။
ဘေးမှနေ၍ ဒရာမာကို ထိုင်ကြည့်နေရသည်က ဘယ်တော့မှ ရိုးမသွားချေ။ ထုတ်လွှင့်ရေး ပလက်ဖောင်း နှစ်ခုလုံးက ကမ္ဘာ့ရန်များအဖြစ် ပြောင်းလဲသွားသဖြင့် လူအများအား အသည်းအသန် ဆွေးနွေးလာစေသည်က သဘာဝပင်။
“ကလင် ကလင် ကလင်”
နောက်ဆုံးတွင် ကိုးလ်က မနေနိုင်တော့ဘဲ ရဲ့လင်းချန်ကို ဖုန်းဆက်လိုက်သည်။
“ဝိုင်နတ်ဘုရား နင် ပန်ဒါ ထုတ်လွှင့်ရေး ပလက်ဖောင်းကို ဝယ်လိုက်တဲ့ သတင်းက အမှန်ပဲလား”
“ဟဲဟဲ အမှန်ပဲလေ”
ကိုးလ် ပင့်သက်ရှိုက်မိသွားသည်။
“ငါ နင့်ကို ဒီလောက် … ချမ်းသာလိမ့်မယ်လို့ ထင်မထားမိဘူး”
“ဒီတော့ ကြီးမြတ်တဲ့ ထုတ်လွှင့်သူ ကိုးလ်က ငါ့ပလက်ဖောင်းကို အလည်လာချင်လား”
ရဲ့လင်းချန်က ရယ်၍ မေးလိုက်သည်။
“ဒါပေါ့၊ အကျိုးအမြတ်က ဘယ်လိုလဲ”
ရဲ့လင်းချန် အံ့ဩသွားသည်။ ကိုးလ်က ရယ်၍ အလျင်အမြန် သဘောတူလာ၏။