အခန်း ၂၁၂
Vol. 22 Ch. 212
🍋 Chapter 212
"မစ္စတာကျိုး... မစ္စတာကျိုးရဲ့ လုပ်ငန်းတွေ ဒီလောက်အထိ အောင်မြင်နေလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားခဲ့ဘူးဗျာ၊ လာပါ... ကျွန်တော် နောက်ထပ်တစ်ခွက် ဂုဏ်ပြုပါရစေဦး"
"ဒါရိုက်တာကျန်း... ကျွန်တော်တို့ ဘီယာသောက်နေကြတာ ဆိုပေမဲ့လည်း အစ်ကိုကြီးက ဒီလောက်အထိ အတင်းအကျပ်တော့ မတိုက်သင့်ဘူးလေ" ကျိုးထျန်းသည် ဤသို့ပြောလိုက်သော်လည်း သူ၏ ဖန်ခွက်ကိုမူ မြှောက်ပေးလိုက်ဆဲ ဖြစ်သည်။
ဒါရိုက်တာကျန်းမှ စတင်လိုက်ပြီဖြစ်ရာ အရှိန်မှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားခဲ့တော့သည်။
အခန်းထဲတွင် လူ ၁၅ ဦး ရှိနေခဲ့သည်။ ကျိုးထျန်းနှင့် သူ၏ အဖော်သုံးဦးကို ဖယ်ထုတ်လိုက်လျှင် ကျန်ရှိသော ၁၁ ဦးမှာ တစ်ယောက်တစ်လှည့်စီဖြင့် လာရောက်ဂုဏ်ပြုကြတော့သည်။
"ဂုဏ်ပြုပါတယ် မစ္စတာကျိုး"
"မစ္စတာကျိုး... ကျွန်မ မစ္စတာကျိုးကို တကယ်ကို လေးစားမိပါတယ်ရှင်"
"မစ္စတာကျိုး... ကျွန်တော့်ကို ဂိမ်းဆော့တဲ့ နည်းလမ်းလေးတွေ သင်ပေးလို့ ရမလားခင်ဗျာ"
...
သူသည် အတင်းအကျပ် အတိုက်ခံရခြင်းကို မနှစ်သက်သော်လည်း သူတို့အားလုံးမှာ အလွန်ပင် စိတ်အားထက်သန်နေကြသည့်အပြင် ၎င်းမှာ ဘီယာမျှသာ ဖြစ်သဖြင့် သူ ခဏမျှ တွေးတောပြီးနောက် တစ်ခွက်ပြီးတစ်ခွက် လိုက်လံသောက်သုံးပေးလိုက်သည်။
သူ့အား မူးမသွားစေခဲ့သော်လည်း ဗိုက်ထဲတွင်မူ အနည်းငယ် ပြည့်အစ်လာခဲ့ရသည်။
"ကျိုးထျန်း... ဒီလောက်ကြီး သောက်လိုက်တာ အဆင်ပြေရဲ့လား" လျိုမုယန်က စိုးရိမ်တကြီးဖြင့် လှမ်းမေးလိုက်သည်။
"ရပါတယ်၊ ဒါက အယ်လ်ကိုဟော ပမာဏ နည်းပါတယ်၊ ခဏနေရင် သန့်စင်ခန်းသွားလိုက်ရင် အဆင်ပြေသွားမှာပါ"
လူတိုင်းက ကျိုးထျန်းအား နှစ်ခွက်စီ ဂုဏ်ပြုပြီးကြသဖြင့် တတိယအချီ ဆက်လက်ဆင်နွှဲရန် ပြင်ဆင်နေကြသည်ကို မြင်တွေ့ရသည့်အခါ ကျောက်ဖန်မှ နောက်ဆုံးတွင် ဝင်ရောက်ပြောဆိုလိုက်သည်။
"အားလုံးပဲ... အရင်ဆုံး အစားအသောက်လေးတွေ စားကြပါဦး၊ အရက်ချည်းပဲ မသောက်ကြပါနဲ့၊ စားရင်းသောက်ရင်းနဲ့ပဲ စကားပြောကြတာပေါ့"
သူမ၏ စကားလုံးများက ကျိုးထျန်းအတွက် ကယ်တင်ရှင် ဖြစ်သွားခဲ့ရသည်။
မည်သို့ပင်ဆိုစေကာမူ ကျောက်မိသားစုသည် ဟန်တျန်းတွင် ဩဇာအာဏာရှိသူများ ဖြစ်ကြသဖြင့် သူမ၏ စကားမှာ အလေးအနက် ရှိပေသည်။
တစ်ချိန်တည်းမှာပင် သူမက ထပ်လောင်းပြောကြားလိုက်သည်။
"အားလုံးပဲ မေ့မသွားကြနဲ့ဦးနော်၊ ဥက္ကဋ္ဌကျိုးရဲ့ အဆင့်မြင့် စားသောက်ဆိုင်ကလည်း မကြာခင်မှာ ဖွင့်လှစ်တော့မှာဆိုတော့ အားလုံးပဲ သွားရောက်အားပေးကြရမယ်နော်"
"သေချာပေါက် သွားရမှာပေါ့"
"ကျွန်တော် သေချာပေါက် သွားမှာပါ၊ ပြီးတော့ အနုပညာလောကထဲက မိတ်ဆွေအချို့ကိုလည်း ခေါ်သွားဦးမှာ"
"ကျွန်တော်လည်း သွားမှာပဲ၊ ဒါပေမဲ့ ကျွန်တော်က အစားအများကြီး စားတတ်တော့ ဥက္ကဋ္ဌကျိုးက ဆိုင်ထဲကနေ မောင်းထုတ်မလားပဲ" လူငယ်မင်းသားတစ်ဦးက စနောက်လိုက်သည်။
ကျိုးထျန်းက မတ်တတ်ရပ်လိုက်ပြီး သူ၏ အရက်ခွက်ကို မြှောက်လိုက်သည်။
"အားလုံးက ဒီလောက်အထိ စိတ်အားထက်သန်နေကြတော့ ကျွန်တော် ကတိပေးပါတယ်။ မနက်ဖြန် ကျရင်လည်း အားလုံးကို သေချာပေါက် လာရောက်အားပေးကြပါအုံး"
"ဥက္ကဋ္ဌကျိုးက တကယ်ကို သဘောထားကြီးတာပဲ"
"ဥက္ကဋ္ဌကျိုးက လန်းတယ်ဗျာ"
...
ကျိုးထျန်းက အရက်ကို ကုန်အောင်မော့သောက်လိုက်ပြီး အလွတ်ဖြစ်သွားသော ဖန်ခွက်ကို ဝှေ့ယမ်းပြကာ ပြန်လည်ထိုင်လိုက်သည်။
သူ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် မလှမ်းမကမ်းတွင် ဖုန်းဖြင့် မက်ဆေ့ခ်ျပို့နေသော ဒါရိုက်တာကျန်းက လှည့်ကြည့်ကာ ကျိုးထျန်းအား အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် မေးမြန်းလိုက်သည်။
"မစ္စတာကျိုး... ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်က မစ္စတာကျိုး ဒီမှာရှိနေတယ်ဆိုတာ ကြားလို့ လာရောက်တွေ့ဆုံချင်နေလို့ပါ၊ အဆင်ပြေပါ့မလားခင်ဗျာ"
ထမင်းစားပွဲမှာ တစ်ဝက်ခန့် ရောက်ရှိနေပြီဖြစ်ရာ နောက်ဆုံးမိနစ်မှ လူတစ်ဦးကို ဖိတ်ခေါ်ခြင်းမှာ ကျိုးထျန်း၏ ဆန္ဒအပေါ်တွင်သာ လုံးဝ မူတည်နေပေသည်။
သို့သော်လည်း ဒါရိုက်တာကျန်း၏ အစဉ်အမြဲ ယဉ်ကျေးပျူငှာမှုကို ထောက်ထားသောအားဖြင့် ကျိုးထျန်းက လွယ်လွယ်ကူကူပင် သဘောတူလိုက်သည်။
"ရတာပေါ့၊ လူများလေ မြိုင်လေပေါ့။ သူ့ကို လာခိုင်းလိုက်ပါ"
"ကျေးဇူးတင်ပါတယ် မစ္စတာကျိုး၊ ကျွန်တော် သူ့ကို ချက်ချင်း လာခိုင်းလိုက်ပါ့မယ်"
ဒါရိုက်တာကျန်းက အလျင်အမြဲပင် မက်ဆေ့ခ်ျ ပြန်လည်ပေးပို့လိုက်တော့သည်။
ခဏမျှ ဆက်လက်စားသောက်ပြီးနောက် ကျိုးထျန်းသည် ဘီယာများကြောင့် ဗိုက်ကယ်လာသဖြင့် သန့်စင်ခန်းသို့ သွားရောက်ရန် ပြင်ဆင်လိုက်သည်။
"ကျိုးထျန်း... ငါလည်း လိုက်ခဲ့မယ်" လျိုမုယန်သည်လည်း သစ်သီးဘီယာတစ်ဗူး သောက်ထားခဲ့သဖြင့် သူ ထရပ်သည်ကို မြင်သောအခါ အတူတူ ထွက်လာခဲ့သည်။
၎င်းတို့နှစ်ဦးသည် သီးသန့်အခန်းမှ ထွက်ခွာလာခဲ့ကြပြီး မလှမ်းမကမ်းရှိ သန့်စင်ခန်းထံသို့ ရှေးရှု လျှောက်လှမ်းလာခဲ့ကြသည်။
ဤနေရာမှာ Biboခန်းမ၏ ဟာကွက်တစ်ခု ဖြစ်သည်၊ ၎င်းတွင် ယန်ဇီမြစ်ခန်းမကဲ့သို့ သီးသန့် သန့်စင်ခန်း မပါဝင်သဖြင့် အပြင်ဘက်သို့ ထွက်ခွာရခြင်း ဖြစ်သည်။
"မုယန်... သစ်သီးဘီယာက အဆင်ပြေရဲ့လား။ အချိုရည်တစ်မျိုးမျိုး ထပ်သောက်မလား"
"မလိုပါဘူး၊ အရသာက တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ နင်ကော... ဒီလောက်အများကြီး သောက်လိုက်တာ တကယ်ပဲ အဆင်ပြေရဲ့လား"
"စိတ်မပူပါနဲ့၊ ငါက အရက်စစ်ဆေးမှုတွေမှာ ဝါရင့်နေတဲ့လူပဲ၊ ဒါက လုံးဝ ပြဿနာမရှိဘူး"
၎င်းတို့နှစ်ဦးသည် လက်ချင်းချိတ်ကာ စင်္ကြံလမ်းအတိုင်း ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့ကြသည်။
သန့်စင်ခန်းတံခါးဝသို့ ရောက်ရှိလုနီးပါး အချိန်တွင် ရင်းနှီးနေသော မျက်နှာတစ်ခုက အရှေ့တည့်တည့်မှ လျှောက်လှမ်းလာခဲ့သည်။
"ဟေး... နင်တို့နှစ်ယောက်က ဟန်တျန်းကနေ မထွက်သွားသေးဘူးပဲ"
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲ ယနေ့မွန်းလွဲပိုင်းက ဆုံတွေ့ခဲ့ရသော ချိုးလန်ပင် ဖြစ်သည်။
သူ၏ ဘေးတွင် အလွန်ပင် ‘တောက်ပြောင်လှပသော’ မိတ်ကပ်များ လိမ်းခြယ်ထားသည့် လူငယ်တစ်ဦး ရှိနေခဲ့ပြီး ချိုးလန်က ကျိုးထျန်းအား ဤသို့ပြောဆိုလိုက်သည်ကို ကြားသောအခါ ထိုလူငယ်က ၎င်းတို့နှစ်ဦးအား ချက်ချင်းပင် အထင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုလိုက်တော့သည်။
"မုယန်... ငါတို့က ခန္ဓာကိုယ်မှာ အရိုးတစ်ချောင်းမှ ယူမလာခဲ့ပါဘူး၊ ဘာဖြစ်လို့ ခွေးတစ်ကောင်လိုမျိုး လာပြီး ဝိုင်းကြည့်နေကြတာလဲ"
"မင်း... မင်း ဘယ်နေရာကို ရောက်နေလဲဆိုတာ သေချာသိရင် ကောင်းမယ်နော်။ နေ့လည်တုန်းက ငါ့မှာ အလုပ်ကိစ္စတွေ ရှိနေလို့ မင်းတို့နဲ့ ဖက်ပြိုင်နေဖို့ မအားတာ။ အခုချိန်ထိ မင်းတို့ အကောင်းအတိုင်း ရှိမနေချင်ဘူးဆိုရင်တော့ သေချာပေါက် ဒုက္ခရောက်ရလိမ့်မယ်"
ချိုးလန်၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်သွားခဲ့ရသည်။
သူသည် မွန်းလွဲပိုင်းတုန်းက ကျိုးထျန်းအား မယှဉ်နိုင်ကြောင်း သိရှိသဖြင့် အကြောင်းပြချက်ပေးကာ ထွက်ခွာသွားခဲ့ခြင်းဖြစ်သော်လည်း စိတ်ထဲတွင်မူ အစဉ်အမြဲ ရန်ငြိုးဖွဲ့ထားခဲ့သည်။
ယခုတွင်မူ သူ၏ဘေး၌ လူတစ်ဦး ပါရှိနေသည့်အပြင် ဤစားသောက်ဆိုင်နှင့်လည်း အလွန် ရင်းနှီးသဖြင့် သူ၏ စိတ်ထဲတွင် ပိုမို =ယုံကြည်မှု ရှိနေခဲ့သည်။
ကျိုးထျန်းကမူ သူ၏ စကားလုံးများကို လုံးဝ မသိကျိုးကျွံပြုလုပ်ကာ သူ့ အရှေ့တည့်တည့်သို့ ဆက်လက် လျှောက်လာခဲ့သည်။
"မင်း ဘာလုပ်မလို့လဲ။ ငါ ပြောထားမယ်နော်... ငါ စကားတစ်ခွန်းပဲ ပြောလိုက်တာနဲ့ မင်း ဒီနေရာကနေ မြေပြင်ပေါ်မှာ တွားသွားပြီး ထွက်သွားရလိမ့်မယ်၊ မင်း ယုံလား"
သူသည် ဤသို့ ကြုံးဝါးလိုက်သော်လည်း သူ့ ခန္ဓာကိုယ်မှာမူ မလိမ်မညာဘဲ အနောက်သို့ နှစ်လှမ်းခန့် ဆုတ်ခွာသွားခဲ့သည်။
ချိုးလန်၏ ဘေးတွင် ရှိနေသော မိန်းမဆန်သော လူငယ်မှာ ချက်ချင်းပင် သူ့ ဖုန်းကို ထုတ်ယူလိုက်သည်။
"မစ္စတာချိုး... ရဲခေါ်လိုက်ရအောင် ဒီလိုလူမျိုးကို ဖမ်းခိုင်းပစ်ရမယ်"
ကျိုးထျန်း ခေါင်းခါလိုက်မိသည်။ ဤလူနှစ်ဦးမှာ တကယ့်ကို သူရဲဘောကြောင်သူများ ဖြစ်ကြပေသည်။
"ငါ နေခင်းက ပြောခဲ့သလိုပဲ... ငါ့လမ်းကို ပိတ်မနေနဲ့၊ မဟုတ်ရင် ငါ့ကို မယဉ်ကျေးဘူးလို့ လာမပြောနဲ့တော့"
သူသည် ရုတ်တရက် သူ၏ လက်ကို မြှောက်လိုက်ကာ တိုက်ခိုက်တော့မည့် အမူအရာ ပြုလုပ်လိုက်သည်။
သူ့အရှေ့တွင် ရှိနေသော အမျိုးသားနှစ်ဦးမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အနောက်သို့ ဆုတ်ခွာသွားကြတော့သည်။
သို့သော်လည်း စက္ကန့်အနည်းငယ် ကြာမြင့်သည့်တိုင်အောင် နာကျင်မှု တစ်စုံတစ်ရာ မရှိသဖြင့် ၎င်းတို့နှစ်ဦးသည် မိမိတို့၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ကြသည်။
"ဘယ်... ဘယ်ရောက်သွားတာလဲ"
ကျိုးထျန်းသည် လျိုမုယန်ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်၊ သူသည် ဤကဲ့သို့သော လူစားမျိုးနှင့် အချိန်ဖြုန်းကာ ငြင်းခုံနေမည် မဟုတ်ပါချေ။
"တောက်... မင်းတို့ စောင့်နေလိုက်၊ ခဏနေရင် မင်းတို့ ဘယ်သူလဲဆိုတာ ငါ သေချာအောင် စုံစမ်းပြီး ဟန်တျန်းကနေ လုံးဝ ထွက်သွားခွင့် မရစေရဘူး"
ချိုးလန်က ဒေါသတကြီးဖြင့် ကျိန်ဆဲလိုက်ပြီး သူ့ လက်ချောင်းများကို မိန်းမဆန်သော အမူအရာဖြင့် ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ရပါတယ် မစ္စတာချိုး၊ ကျွန်တော်တို့ ဒီလို အောက်တန်းစား လူမျိုးတွေနဲ့ ဖက်ပြိုင်မနေပါနဲ့တော့။ မမေ့ပါနဲ့ဦး... ကျွန်တော်တို့မှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စ ရှိသေးတယ်လေ"
ထိုလူငယ်က ချိုးလန်၏ ကော်လာကို သေသပ်စွာ ပြန်လည်ပြင်ဆင်ပေးလိုက်သည်။
"ဟွန့်... သွားကြစို့၊ နောက်မှ သူတို့နဲ့ စာရင်းရှင်းရမယ်"
...
ကျိုးထျန်းကမူ ထိုလူနှစ်ဦးအား စိတ်ထဲတွင် လုံးဝ အရေးမစိုက်ခဲ့ချေ။
သန့်စင်ခန်း အသုံးပြုပြီးနောက်တွင် သူသည် လျိုမုယန်အား အပြင်ဘက်တွင် စောင့်ဆိုင်းနေခဲ့သည်။
၎င်းတို့နှစ်ဦး အတူတူ ထွက်လာခဲ့ကြခြင်းဖြစ်ရာ သဘာဝကျကျပင် အတူတူ ပြန်လည်ဝင်ရောက်ရမည် ဖြစ်သည်။
၎င်းတို့ သီးသန့်အခန်းသို့ ပြန်လည်ရောက်ရှိလာပြီး သူ တံခါးလက်ကိုင်ကို လှည့်၍ တံခါးဖွင့်ရန် ပြင်ဆင်လိုက်သည့် အချိန်တွင် အခန်းထဲမှ ဆူညံပြီး ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူ၏မျက်နှာတွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သူ ချက်ချင်းပင် အခန်းထဲသို့ မဝင်ရောက်သေးဘဲ တံခါးဝတွင် ရပ်တန့်လျက် သေချာစွာ နားထောင်လိုက်မိသည်။
သီးသန့်အခန်းအတွင်း၌ ချိုးလန်သည် မိမိ၏ အတွေ့အကြုံကို အသံကျယ်ကျယ်ဖြင့် ပြောပြနေခဲ့သည်။
သူ့တွင် ခန္ဓာကိုယ် ကြီးမားထွားကြိုင်းမှု မရှိသော်လည်း သူ၏ အသံမှာမူ အလွန်ပင် ကျယ်လောင်လှရာ မိန်းမစိုး (နန်းတွင်းအမတ်) နေရာတွင် သရုပ်ဆောင်ရန် အလွန်ပင် သင့်တော်လှပေသည်။
သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် တံတွေးများပင် စင် ထွက်နေခဲ့ပြီး ကုလားထိုင်ပေါ်တွင်ပင် မတ်တတ်ရပ်လုနီးပါး ဖြစ်နေခဲ့သည်။
"စဉ်းစားကြည့်စမ်းပါဦး... ငါက ထိုမိန်းကလေးရဲ့ အရှိန်အဝါက ကောင်းမွန်လွန်းလို့ ဖျော်ဖြေရေးလောကထဲမှာ ငွေအမြောက်အမြား ရှာဖွေနိုင်မည့် အခွင့်အရေးကို ပေးချင်ရုံသက်သက်ပါပဲ၊ ဒါပေမဲ့ သူမက ဒီလောက်အထိ ကျေးဇူးကန်းလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး"
"သူမ ဝတ်ဆင်ထားတာက အောက်တန်းစားအဝတ်အစားတွေပဲကို၊ မြင့်မြတ်တဲ့ ပုံစံမျိုး လာပြီး ဟန်ဆောင်နေသေးတယ်၊ မိန်းမပျက်လိုမျိုးလည်း နေချင်သေးတယ်၊ သိက္ခာရှိတဲ့ ပုံစံမျိုးလည်း လိုချင်နေသေးတယ်ပေါ့လေ"
"သူ့ဘေးက အမျိုးသားကတော့ ပိုပြီးတော့တောင် ဆိုးသေးတယ်၊ တကယ့်ကို လူမိုက်ပဲ"
"သူ့ရဲ့ ရုပ်ရည်ကလည်း ကောက်ကျစ်ပြီး ပါးစပ်နဲ့ မျက်လုံးတွေကလည်း စောင်းနေတာပဲ၊ အသက်တိုမယ့် ပုံစံမျိုးပဲ"
"သူတို့က ကျွန်တော်တို့အပေါ်ကိုတောင် လက်ပါဖို့ ကြိုးစားခဲ့သေးတာ။ ဒီလိုလူမျိုးတွေကို သေချာပေါက် သင်ခန်းစာပေးရမယ်"
အခြားလူများကလည်း ထောက်ခံလိုက်ကြသည်။
"သူဌေးချိုး... အဲဒီလို သာမန်လူတွေနဲ့ ဖက်ပြိုင်မနေပါနဲ့တော့၊ အပြင်မှာ လှပတဲ့ မိန်းကလေးတွေ အမြောက်အမြား ရှိတာပဲကို၊ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လောက် မရှိလည်း ဘာမှ မဖြစ်ပါဘူး"
"ဟုတ်ပါတယ်၊ သူဌေးချိုးရဲ့ လက်အောက်မှာ ပါရမီရှင်တွေ အမြောက်အမြား ရှိတာပဲကို၊ ဒီလို အလိုက်ကန်းဆိုးမသိတဲ့ လူမျိုးတွေကို ဂရုစိုက်နေဖို့ မလိုပါဘူး"
သို့သော်လည်း ဒါရိုက်တာကျန်းကမူ ဤအချက်ကို သဘောမတူခဲ့ဘဲ ဖျောင်းဖျစကား ပြောဆိုလိုက်သည်။
"ချိုးလေး... ဥက္ကဋ္ဌကျိုးက မကြာခင်မှာ ရောက်လာတော့မှာ မင်းရဲ့ စိတ်ခံစားချက်ကို ပြန်ပြီး ထိန်းသိမ်းလိုက်ဦး၊ သူ့ရဲ့ ရှေ့မှာ ဒီလိုမျိုး အမူအရာတွေ မပြသရဘူးနော်"
"ဦးလေးကျန်း... ကျွန်တော် သိပါတယ်၊ ကျွန်တော် ဥက္ကဋ္ဌကျိုးကို သေချာပေါက် ဖားရမှာပေါ့၊ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုံးဝ လုပ်မှာ မဟုတ်ပါဘူး"
"မင်း နားလည်ရင် ပြီးတာပါပဲ။ အခုတလော နှစ်တွေမှာ စီးပွားရေးက သိပ်မကောင်းတော့ ဒီလောက်အထိ သဘောထားကြီးတဲ့ ရင်းနှီးမြှုပ်နှံသူမျိုးက အလွန် ရှားပါးတယ်လေ"
ထို့နောက် သူသည် ဘေးတွင် ရှိနေသော ကျောက်ရှင်းအား အနည်းငယ် အားကျသော မျက်လုံးများဖြင့် ကြည့်ရှုလိုက်သည်။
"ဟုတ်ပါတယ်၊ ဒီလောက်အထိ ငယ်ရွယ်ပြီး ချမ်းသာတာဆိုတော့ သူက သေချာပေါက် ထူးချွန်တဲ့ လူတစ်ဦး ဖြစ်ရပါလိမ့်မယ်"
ချိုးလန် စကားပြောဆိုပြီးနောက်တွင် ရုတ်တရက် ရွံရှာဖွယ်ရာ အမူအရာတစ်ခု ပြသလိုက်ပြန်သည်။
"ဟမ့် ... အသက်ချင်း တူတူပဲကို၊ တစ်ယောက်ကတော့ သူဌေးကြီး ဖြစ်နေပြီး အခြားတစ်ယောက်ကတော့ အမှိုက်ကောင် ဖြစ်နေတယ်၊ ငါကလည်း အဲဒီအမှိုက်ကောင်နဲ့ ဆုံတွေ့ခဲ့ရတာပဲ။ တကယ့်ကို ကံဆိုးတာပဲ"
သူသည် ဒေါသတကြီးဖြင့် စပျစ်ဝိုင်ခွက်ကို လှမ်းယူလိုက်ပြီး ဒေါသကို ဖြေဖျောက်ရန်အတွက် အကုန်မော့သောက်ရန် ပြင်ဆင်လိုက်သည်။
ဒုန်း
ထိုအချိန်တွင် သီးသန့်အခန်း၏ တံခါးမကြီးမှာ ပြင်းထန်သော အရှိန်ဖြင့် ပွင့်ထွက်သွားခဲ့ရတော့သည်...