အခန်း ၂၁၃
Vol. 22 Ch. 213
🍋 Chapter 213
ထိုအချိန်တွင် ကျိုးထျန်းသည် သီးသန့်အခန်း၏ တံခါးမကြီးကို ပြင်းထန်သော အရှိန်ဖြင့် တွန်းဖွင့်ကာ ဝင်ရောက်လာခဲ့သည်။
ထိုဆူညံသံကြောင့် အခန်းထဲရှိ လူအားလုံးမှာ တံခါးဝဆီသို့ လှည့်ကြည့်လိုက်ကြတော့သည်။
မိမိ၏ ဒေါသများကို ပေါက်ကွဲနေဆဲဖြစ်သော ချိုးလန်သည်လည်း တံခါးဝဆီသို့ လှည့်ကြည့်လိုက်ရာ သူ အသက်ရှင်နေသရွေ့ လုံးဝ မတွေ့ချင်တော့သော လူနှစ်ဦးကို မြင်တွေ့လိုက်ရသဖြင့် မှင်တက်သွားခဲ့ရသည်။
"မင်းတို့နှစ်ယောက်က ဘာကိစ္စ ဒီကို ရောက်လာတာလဲ"
"ငါ့နောက်ကို တောက်လျှောက် လိုက်လာတာလား"
"ဘာလဲ... ကလဲ့စားချေချင်လို့လား"
"ဝင်ခဲ့ရဲရင်လည်း ဝင်ခဲ့ကြလေ ဒီမှာ လူတွေ ဒီလောက်အများကြီး ရှိနေတာကို မင်းတို့ လက်ပါရဲ မပါရဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်"
ချိုးလန် ချက်ချင်းပင် အော်ဟစ်ကြုံးဝါးလိုက်တော့သည်။
သူ့ မျက်လုံးများက တံခါးဝရှိ လူနှစ်ဦးအပေါ်သို့ စိုက်ကြည့်နေဆဲ ဖြစ်သော်လည်း ထမင်းစားပွဲရှိ လူများကိုမူ လှမ်း၍ ပြောဆိုလိုက်သည်။
"ငါ အခုတင် ပြောနေတာ ဒီလူနှစ်ယောက်အကြောင်းပဲ၊ ဟန်တျန်းမှာ လာပြီးတော့ ပြဿနာရှာရဲတယ်ပေါ့လေ မင်းတို့ နောက်တစ်ကြိမ် ထပ်ပြီး ပြဿနာရှာရဲသေးလားဆိုတာ ငါလည်း ကြည့်ချင်သေးတယ်"
သူ့ဘေးတွင် ထိုင်နေသော လူများမှာ ဟန်တျန်းတွင် ဩဇာအာဏာရှိသူများ ဖြစ်ကြသဖြင့် ထိုလူများက ဤလူငယ်ကို သင်ခန်းစာ ပေးနိုင်မည်ဆိုပါက သူသည် အလွန်ကျေနပ် အားရမိမည် ဖြစ်သည်။
သို့သော်လည်း သူ၏ ကျယ်လောင်လှသော အော်ဟစ်သံမှတစ်ပါး တစ်ခန်းလုံးမှာ လူသေကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်ကိုမူ သူ သတိမပြုမိခဲ့ချေ။
လူတိုင်းက အသက်ရှူရန်ပင် မေ့လျော့နေကြလျက် သူ့အား ထိတ်လန့်တုန်လှုပ်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြသည်။
အချိန်အနည်းငယ် ကြာမြင့်ပြီးနောက်တွင်မူ ချိုးလန်သည် အခြေအနေတစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း တဖြည်းဖြည်း ခံစားမိလာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ ရန်သူနှစ်ဦးမှာ အလွန်ပင် တည်ငြိမ်အေးဆေးနေသောကြောင့်ပင်။
မိမိတို့ဘက်တွင် လူအင်အား ဤမျှလောက်အထိ များပြားနေသည်ဖြစ်ရာ ထိုလူများမှာ ထိတ်လန့်တုန်လှုပ်နေရမည် မဟုတ်ပါလား။
ထို့နောက်တွင်မူ ထိုလူများက ဟန်ဆောင်ပန်ဆောင်ဖြင့် မိမိအား ရန်ပြုရန် ကြိုးစားကြလိမ့်မည်၊
ထိုအခါတွင်မှ စားပွဲရှိ လူအားလုံးက ဝိုင်းဝန်းနှိမ်နင်းလိုက်ကြပြီး အကောင်းဆုံး အနေအထားအနေဖြင့် ထိုလူများကို ရဲစခန်းသို့ ပို့ဆောင်ကာ ဆယ်ရက် သို့မဟုတ် လခွဲခန့် အချုပ်ကျစေရမည်။
ဤသည်မှာ သူ လိုလားတောင့်တနေသော ဇာတ်ညွှန်း ဖြစ်ပေသည်။
သို့သော်လည်း ထိုလူနှစ်ဦး၏ အမူအရာမှာ အဘယ်ကြောင့် ဤမျှလောက်အထိ ကွဲပြားခြားနားနေရသနည်း။ သူ ရရှိထားသော ဇာတ်ညွှန်းမှာ မှားယွင်းနေ၍လား။
‘ဒီလူနှစ်ယောက်က ငါ့ကို ပိုးဟပ်တစ်ကောင်လိုမျိုး ဘာဖြစ်လို့ ကြည့်နေကြတာလဲ’
‘သူတို့ရဲ့ မျက်လုံးတွေထဲမှာ ဘာဖြစ်လို့ သနားဂရုဏာစိတ်တွေနဲ့ လှောင်ပြုံးတွေ ပြည့်နှက်နေရတာလဲ’
‘သူတို့က ကြောက်ရွံ့နေရမှာလေ၊ ငါ့အရှေ့မှာ ဒူးထောက်ပြီး တောင်းပန်နေရမှာလေ၊ ဘာဖြစ်လို့လဲ’
ချိုးလန်သည် ၎င်းတို့၏ အမူအရာကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရသည်။
သူ လက်ရှိ အနုပညာအေဂျင်စီကို တည်ထောင်ပြီးကတည်းက သူသည် အမြဲတမ်း အခြားလူများ၏ ဖားယားခြင်းကိုသာ ခံခဲ့ရသူ ဖြစ်သည်။
သူ့တွင် ငွေကြေးအမြောက်အမြား ရှိသလို သူ့ လက်အောက်တွင်လည်း ခေတ်စားနေသော လူငယ်မင်းသား အမြောက်အမြား ရှိနေခဲ့သည်။
ဝါရင့် ဒါရိုက်တာများနှင့် ထုတ်လုပ်သူ အမြောက်အမြားပင်လျှင် သူ့အား ညီအစ်ကိုကဲ့သို့ ခေါ်ဝေါ်ဆက်ဆံကြရသည်။
မည်သို့ပင်ဆိုစေကာမူ ရုပ်ရှင်တစ်ကား အောင်မြင်ရန်အတွက် ဆွဲဆောင်မှုရှိသော အချက်များ လိုအပ်ပြီး သူ၏ သရုပ်ဆောင်များမှာ ထိုဆွဲဆောင်မှုများ ဖြစ်ကြပေသည်။
အမှန်စင်စစ် သူ၏ အေဂျင်စီတွင် အမျိုးသား သရုပ်ဆောင်များသာ အများစု ရှိနေပြီး အမျိုးသမီး သရုပ်ဆောင်ဟူ၍ အလွန် ရှားပါးလှကြောင်းကို လောကတစ်ခုလုံးက သိရှိထားကြသည်၊
အဘယ်ကြောင့်ဆိုသော် သူ့တွင် လိင်တူချစ်သူ စရိုက်လက္ခဏာ ရှိနေသောကြောင့်ပင်။
သူသည် မိမိ၏ သရုပ်ဆောင်များနှင့် မလျော်ကန်သော လိင်တူဆက်ဆံရေးများကို ထားရှိလေ့ရှိသည်။
ဖျော်ဖြေရေးလောကတွင် လူတိုင်းမှာ အခြားလူများကို ပျော်ရွှင်စေရန်အတွက် နယ်ရုပ်များမျှသာ ဖြစ်ကြသဖြင့် မည်သူကမျှ ဤအရာကို ထူးဆန်းသည်ဟု မမှတ်ယူကြတော့ပါချေ။
ထို့ကြောင့် ယခင်က မိမိ၏ လိင်စိတ်တိမ်းညွတ်မှုကြောင့် သိမ်ငယ်ခဲ့ရသော စိတ်အခြေခံမှာ အောင်မြင်မှု ရရှိပြီးနောက်တွင်မူ အခြားသော အစွန်းတစ်ဖက်သို့ ရောက်ရှိသွားခဲ့ရတော့သည်။
သူသည် တိတ်ဆိတ်ငြိမ်သက်ရာမှ အရာရာကို မောက်မာရိုင်းစိုင်းပြီး အခြားလူများအပေါ် ဩဇာပေးလိုသော စရိုက်သို့ ပြောင်းလဲသွားခဲ့သည်။
သူသည် ငြင်းပယ်ခံရခြင်း သို့မဟုတ် ဖျောင်းဖျခြင်းများကို လုံးဝ လက်မခံနိုင်တော့ချေ။
သူ၏ မောက်မာမှုနှင့် အလွန်အမင်း ရိုင်းစိုင်းမှုများက သူ့ အစွမ်းအစကို သက်သေပြရန်အတွက် အစဉ်အမြဲ တွန်းအားပေးနေခဲ့သည်။
သူ၏ ပုကွကွသော ခန္ဓာကိုယ်အချိုးအစားနှင့် ကျယ်လောင်လှသော အသံကဲ့သို့ပင်၊ သူ၏ ခန္ဓာကိုယ်ကြောင့် အခြားလူများ၏ လျစ်လျူရှုခြင်းကို ခံရလွယ်သဖြင့် အခြားသော နည်းလမ်းများဖြင့် လူအများ၏အာရုံစိုက်မှုကို ရယူရန် လိုအပ်နေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျယ်လောင်သော အသံကို ထိန်းသိမ်းထားဆဲ ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါမှာမူ တဖြည်းဖြည်း အားနည်းလာခဲ့ရသည်။
ထိုအခါမှသာ သူသည် မိမိ၏ ဘေးပတ်ဝန်းကျင်မှာ မည်မျှအထိ တိတ်ဆိတ်နေကြောင်း သတိပြုမိလိုက်တော့သည်။
သူသည် ထမင်းစားပွဲရှိ မိမိ၏ မိတ်ဆွေများကို ဖြည်းညင်းစွာ ငုံ့ကြည့်လိုက်ရာ ထိုလူအားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြလျက် မယုံကြည်နိုင်သော မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
လေထုတစ်ခုလုံးမှာ ခဲသွားသကဲ့သို့ ရှိနေပြီး မည်သူကမျှ စကားတစ်ခွန်းပင် မဟရဲကြချေ။
"မစ္စတာချိုး... မစ္စတာချိုး လူမှားနေတာတော့ မဟုတ်ပါဘူးနော်"
လူငယ်မင်းသားတစ်ဦးက တုန်ရင်နေသောအသံဖြင့် လှမ်းမေးလိုက်သည်။
"ဟုတ်တယ်... မစ္စတာချိုး သေချာပေါက် လူမှားနေတာ ဖြစ်ရမယ်"
"မစ္စတာချိုးက မျက်စိသိပ်မကောင်းဘူးလေ၊ မျက်မှန်မတပ်ထားလို့ နေမှာပါ"
လူတိုင်းက ဤအခြေအနေဆိုးမှ သူ့အား ကယ်တင်ရန်အတွက် တစ်ယောက်တစ်ပေါက်ဖြင့် ဝင်ရောက်ပြောဆိုလိုက်ကြသည်။
နောက်ဆုံးတွင် ဒါရိုက်တာကျန်းသည် ခေတ္တမျှ ဝေခွဲမရဖြစ်နေပြီးနောက် မတ်တတ်ရပ်လိုက်ကာ ချိုးလန်ကို ဘေးသို့ ဆွဲထုတ်လိုက်တော့သည်။
"ချိုးလေး... မင်း အရက်တွေ အလွန်အမင်း မူးနေပြီထင်တယ်၊ စကားတွေကို လျှောက်ပြောနေတာပဲ၊ သန့်စင်ခန်းသွားပြီး မျက်နှာကို ရေအေးအေးနဲ့ သွားသစ်လိုက်ဦး၊ အမူးပြေသွားအောင်လို့"
သူသည် ကျိုးထျန်းအား မိတ်ဆွေတစ်ဦး လာလိမ့်မည်ဟု ပြောကြားခဲ့ပြီး ထိုမိတ်ဆွေမှာ ချိုးလန်ပင် ဖြစ်သည်။
ချိုးလန်သည် တရုတ်ဖျော်ဖြေရေးလောကတွင် အတိုင်းအတာတစ်ခုအထိ နာမည်ကျော်ကြားသူ ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ အခြားလူများ၏ ထမင်းစားပွဲများတွင် အကြိမ်အနည်းငယ် ဆုံတွေ့ဖူးကြကာ ချိုးလန်မှ သူ့အား အခြားသော ထမင်းစားပွဲများနှင့်ပင် မိတ်ဆက်ပေးခဲ့ဖူးသည်။
ထို့ကြောင့် ယနေ့တွင် သူ့အား ဖိတ်ခေါ်ခြင်းမှာ ကျေးဇူးဆပ်ခြင်း သဘောမျိုး ဖြစ်ပေသည်။
သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့သောလူဖြစ်သဖြင့် လက်ရှိတွင် ဤကဲ့သို့သော အခြေအနေဆိုး ဖြစ်ပေါ်လာသည့်အခါ သူသည် သဘာဝကျကျပင် အဆင်ပြေအောင် ဖြေရှင်းပေးလိုပြီး နောက်မှ ကျိုးထျန်းအား သီးသန့် တောင်းပန်ရန် စိတ်ကူးထားခဲ့သည်။
သို့သော်လည်း ချိုးလန်မှာမူ လုံးဝ လှုပ်ရှားမှုမရှိခဲ့ချေ။
သူသည် လူတိုင်း၏ အမူအရာကို ထူးဆန်းသည်ဟု ထင်မှတ်နေသော်လည်း ဤအချက်ကို အလေးအနက် မတွေးတောမိခဲ့ပါချေ။
သူ တွေးတောနေသည်မှာ ‘ကျိုးထျန်းက အရပ်အတော်လေး မြင့်တာကြောင့် ဒီလူတွေအားလုံးက အရိုက်ခံရမှာကို ကြောက်နေကြတာလား’ ဟူ၍ ဖြစ်သည်။
"ဘာတွေကို ကြောက်နေကြတာလဲ၊ သူ လက်ပါရဲမှာ မဟုတ်ပါဘူး"
ဒါရိုက်တာကျန်းသည် သူ ခေါင်းမာနေဆဲဖြစ်သည်ကို မြင်တွေ့ရသည့်အခါ သူ့အား အတင်းအကျပ် ဆွဲခေါ်လိုက်တော့သည်။
"ချိုးလေး... ဒါက ဥက္ကဋ္ဌကျိုးကွ၊ Planetary House မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဥက္ကဋ္ဌကျိုး"
သူသည် သွားကို ကြိတ်လျက် ပြောဆိုလိုက်ပြီး ချိုးလန်အား ယခုချက်ချင်းပင် အခန်းထဲမှ ဆွဲထုတ်သွားချင်စိတ်များ ပေါက်ပွားနေခဲ့ရသည်။
"အာ..."
ချိုးလန် ခဏမျှ တုံ့ပြန်မှု မပြုလုပ်နိုင်ဘဲ ဒါရိုက်တာကျန်းအား ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေမိပြီးနောက် တံခါးဝရှိ လူနှစ်ဦးထံသို့ ကြည့်ရှုလိုက်ပြန်သည်။
"သူက... ဥက္ကဋ္ဌကျိုး ဟုတ်လား..."
"မဖြစ်နိုင်တာ၊ သူတို့နှစ်ယောက်က ဟန်တျန်းကို လာလည်တဲ့ ကျောင်းသားနှစ်ယောက်ပဲဥစ္စာ ချမ်းသာတဲ့သူတွေက ဘာဖြစ်လို့ ဒီလို အဝတ်အစားမျိုး ဝတ်ဆင်ရမှာလဲ"
ဒါရိုက်တာကျန်း ခေါင်းကို ပြင်းထန်စွာ ခါယမ်းလိုက်မိသည်။
ဤကောင်မှာ တကယ်ကို မိုက်မဲလွန်းလှပေသည်။
‘ဘာဖြစ်လို့ အခုချိန်ထိ ဒီလိုဖြစ်နေရသေးတာလဲ ငါက သူ့ကို ကယ်တင်ဖို့ ကြိုးစားနေတာကို သူက အသိအမှတ်မပြုတဲ့အပြင် လုံးဝ နားမလည်နိုင်သေးဘူး’
ချိုးလန်သည် ထမင်းစားပွဲရှိ လူအားလုံးမှ မိမိ၏မျက်လုံးများကို ရှောင်လွှဲနေကြသည်ကို မြင်တွေ့လိုက်ရသည့်အခါ ပြတ်သားသော အမူအရာတစ်ခုကို ပြသလိုက်သည်။
"နင်တို့အားလုံးကတော့ သူ့ရဲ့ လှည့်စားမှုကို ခံလိုက်ရပြီ။ အကယ်၍ သူသာ ဥက္ကဋ္ဌကျိုး ဖြစ်မယ်ဆိုရင် ငါက တစ်နိုင်ငံလုံးမှာ နံပါတ်တစ်ပဲ"
ဤအခိုက်အတန့်တွင် ကျိုးထျန်းက အထင်သေးသော လှောင်ပြုံးတစ်ခုဖြင့် ပြောကြားလိုက်သည်။
"ကျွန်တော်က အမှန်တကယ်ပဲ ဥက္ကဋ္ဌကျိုး မဟုတ်ပါဘူး၊ ကျွန်တော်က အသက်တိုမယ့် လူမိုက်တစ်ယောက်ပါ"
သူ ပြောပြီးသည်နှင့် လျိုမုယန်ကလည်း ထပ်လောင်း၍ ပြောကြားလိုက်သည်။
"ကျွန်မကတော့ ကျေးဇူးကန်းပြီး မြင့်မြတ်တဲ့ ပုံစံမျိုး လာပြီး ဟန်ဆောင်နေတဲ့ မိန်းကလေးတစ်ယောက်ပေါ့"
ကျိုးထျန်း ခါးခါးသီးသီး ရယ်မောလိုက်ပြီး လျိုမုယန်၏ပုခုံးကို ပုတ်ပေးလိုက်ကာ သူမ ပြောကြားချက်မှာ မှန်ကန်ကြောင်း ပြသလိုက်သည်။
ဒါရိုက်တာကျန်းမှာမူ လုံးဝအားအင်ကုန်ခမ်းသွားခဲ့ရတော့သည်။
အကယ်၍ ကျိုးထျန်းမှာ ထိုလှပသော မိန်းကလေးအား ဤသို့ ပြောဆိုခွင့်ပြုထားသည်ဆိုပါက ဤကိစ္စမှာ သေချာပေါက် ကောင်းမွန်သော နိဂုံးဖြင့် အဆုံးသတ်လိမ့်မည် မဟုတ်ပါချေ။
သူသည် ရင်းနှီးမြှုပ်နှံသူများ၏ ဖားယားမှုကို ရယူရန်အတွက် ဤနေရာတွင် ရှိနေခြင်းဖြစ်ရာ အခြားလူတစ်ဦး၏ အပြုအမူကြောင့် ဥက္ကဋ္ဌကျိုး၏ စိတ်ထဲတွင် မကောင်းသော အထင်အမြင်မျိုး အကျန်ရစ်မခံနိုင်ပါချေ။
ခဏမျှ တွေးတောပြီးနောက်တွင် သူသည် မိမိ၏ဘေးရှိ ချိုးလန်၏ အရှေ့တွင် ပြတ်သားစွာ ရပ်တန့်လိုက်တော့သည်။
ပြဿနာရှာရန် ကြိုးစားနေသော လူတစ်ဦးအတွက် အကြံဉာဏ်ကောင်းများမှာ အသုံးမဝင်ပါချေ။
ထို့အပြင် ဤကောင်မှ ပြဿနာကို မိမိကိုယ်တိုင် ရှာဖွေခဲ့ခြင်းဖြစ်ရာ သူနှင့် မည်သို့မျှ မသက်ဆိုင်တော့ချေ။ သူသည် တတ်နိုင်သမျှ အစွမ်းကုန် ကူညီပေးခဲ့ပြီး ဖြစ်သည်။
သူသည် ချိုးလန်အား တွန်းဖယ်လိုက်ပြီး ကျိုးထျန်း၏ဘေးနားသို့ အပြေးအလွှား သွားရောက်လိုက်တော့သည်။
"ဥက္ကဋ္ဌကျိုး... ကျွန်တော် မှားသွားပါတယ်။ ကျွန်တော် သူတို့ကို အခုချက်ချင်းပဲ မောင်းထုတ်လိုက်ပါ့မယ်၊ ကျေးဇူးပြုပြီး ဒေါသ မထွက်ပါနဲ့"
"ကျွန်တော်လည်း ဒီလိုလူစားမျိုးကို မနှစ်သက်တာ ကြာပါပြီ။ သူတို့က အမြဲတမ်း မောက်မာရိုင်းစိုင်းနေတာပဲ။ တကယ့်ကို အမှိုက်ကောင်ပဲ"
ဒါရိုက်တာကျန်းက ချိုးလန်အား ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်ရာ ထိုအခါမှသာ ချိုးလန်သည် အခြေအနေအမှန်ကို ရိပ်မိသွားခဲ့ရတော့သည်။
‘ဘာဖြစ်လို့ အဖိုးကြီးကျန်းက ဒီလိုမျိုး ပြုမူနေရတာလဲ’
‘သူ ပြောနေတာတွေက အမှန်တရား ဖြစ်နေလို့လား? ဒီလူက တကယ်ပဲ ဥက္ကဋ္ဌကျိုး လား’
သူသည် မိမိ၏ဘေးရှိ လူစုအား လှမ်း၍ ကြည့်ရှုလိုက်သော်လည်း ထိုလူအားလုံးမှာ မျက်နှာလွှဲထားကြလျက် သူ့ထံမှ အဝေးသို့ ရုန်းထွက်ရန်ကြိုးစားနေကြသည်။
‘သူတို့အားလုံးက ငါ့ကို ကူးစက်ရောဂါသည်တစ်ဦးလိုမျိုး ရှောင်ဖယ်နေကြတာပဲ’
ထိုအခါမှသာ သူသည် စတင်၍ ထိတ်လန့်တုန်လှုပ်လာခဲ့ရပြီး သူ၏ လက်မောင်းများမှာ ထိန်းမနိုင်သိမ်းမရအောင် တုန်ရင်လာခဲ့ကာ မျက်သူငယ်အိမ်များ ကျုံ့သွားလျက် ဆံပင်များကြားမှ ချွေးစေးများ စီးကျလာခဲ့သည်။
"မစ္စတာကျိုး... မစ္စတာကျိုး... ကျွန်တော် မျက်စိမွဲလို့ မစ္စတာကျိုးရဲ့ ကြီးမြတ်မှုကို မမြင်နိုင်ခဲ့တာပါ၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်က အပြောအဆို လွန်သွားခဲ့မိတာပါ၊ ကျွန်တော်က ပါးရိုက်ခံရဖို့ ထိုက်တန်ပါတယ်"
သူသည် မိမိကိုယ်ကိုယ် ပါးအနည်းငယ် ရိုက်လိုက်သော်လည်း အရှိန်မှာမူ အလွန်ပင် အားနည်းလှပေသည်။
"ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော် အခုချက်ချင်းပဲ ထွက်သွားပါ့မယ်"
သူသည် မိမိနှင့်အတူ လိုက်ပါလာခဲ့သော သရုပ်ဆောင်လူငယ်ကို ဆွဲခေါ်လိုက်ပြီး နံရံအတိုင်း ကပ်လျက် တံခါးဝဆီသို့ အလျင်အမြဲ လျှောက်လှမ်းသွားတော့သည်။
ကျိုးထျန်းနှင့် ချိုးလန်တို့မှာ တံခါးဝအနီးတွင် ရပ်နေကြခြင်း ဖြစ်သည်။
ချိုးလန်သည် သူ၏ အနောက်ဘက်မှ သေသပ်စွာ ပတ်လျက် အပြင်ဘက်သို့ ပြေးထွက်ရန် ကြိုးစားလိုက်သည်။
သို့သော် သူ သီးသန့်အခန်း၏ အပြင်ဘက်သို့ ခြေလှမ်းတစ်လှမ်းမျှ လှမ်းရုံရှိသေးသည့် အချိန်တွင် တည်ငြိမ်ပြီး လေးနက်လှသော အသံတစ်ခုက သူ့ထံသို့ ရိုက်ခတ်လာခဲ့သည်။
"ငါက မင်းကို ထွက်သွားခွင့်ပြုတယ်လို့ ပြောခဲ့လို့လား"