← Chapters

အခန်း ၂၁၄

Vol. 22 Ch. 214

အခန်း ၂၁၄

Vol. 22 Ch. 214

🍋 Chapter 214

"ငါ မင်းကို ထွက်သွားခွင့်ပြုတယ်လို့ ပြောခဲ့လို့လား"

ကျိုးထျန်း၏တည်ငြိမ်ပြီး လေးနက်လှသော စကားလုံးများမှာ သီးသန့်အခန်းငယ်လေးအတွင်း သုံးကြိမ်တိုင်တိုင်ပဲ့တင်ထပ်သွားပြီးနောက် နောက်ဆုံးတွင် ချိုးလန်၏နားစည်ထံသို့ ထုံထိုင်းသောအရှိန်ဖြင့် ရိုက်ခတ်သွားခဲ့တော့သည်။

သူ၏ စိတ်ထဲတွင် ခဏမျှ ဗလာဖြစ်သွားခဲ့ရပြီး ခြေလှမ်းများ ရပ်တန့်လျက် ထိုနေရာတွင်ပင် အေးခဲသွားခဲ့ရသည်။

ဒါရိုက်တာကျန်းနှင့် အခြားလူများမှာလည်း မှင်တက်သွားခဲ့ကြသည်။ ၎င်းတို့အားလုံး နားလည်လိုက်ကြပြီဖြစ်သည်။

ဤသခင်လေးမှာ အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့ပြီ ဖြစ်ရမည်။

ကျိုးထျန်းက အနောက်သို့ လှည့်လိုက်ပြီး ချိုးလန်၏ ပုခုံးပေါ်သို့ သူ၏ လက်လှမ်းတင်လိုက်ရာ ချိုးလန်၏ ခန္ဓာကိုယ်မှာ တုန်ရင်သွားခဲ့ရသည်။

"ဘာလို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ။ မင်းက ဒီကိုတောင် ရောက်နေပြီပဲဥစ္စာ၊ ဒီအတိုင်းကြီး ထွက်သွားမယ်ဆိုရင် သိပ်ပြီးတော့ မသင့်တော်ဘူးမလား"

"မင်းက ငါ့ရဲ့ ထမင်းစားပွဲကို မင်း သဘောရှိ လာချင်တဲ့အချိန်လာ၊ သွားချင်တဲ့အချိန်သွားလို့ရတဲ့ နေရာလို့ ထင်နေတာလား"

ကျိုးထျန်း ပြုံးလျက် ပြောဆိုလိုက်သည်။

"ဒီနေ့ ငါ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်နေရတယ်"

"နေခင်းတုန်းက ငါ ကော်ဖီအေးအေးဆေးဆေး သောက်နေတဲ့အချိန်မှာ ရုတ်တရက် လောက်ကောင်နဲ့တူတဲ့ အကောင်တစ်ကောင်က ငါ့အရှေ့မှာ လာပြီး တွားသွားနေခဲ့တယ်။ အဲဒါ ဘယ်လောက်တောင် ရွံဖို့ကောင်းလဲဆိုတာ မင်း စဉ်းစားကြည့်စမ်းပါ"

"အဆိုးဆုံးကတော့ တစ်ကြိမ် မြင်တွေ့ရတာက ထားလိုက်ပါဦး၊ အခု ငါ ထမင်းစားနေတဲ့အချိန်မှာ အဲဒီလောက်ကောင်က နောက်တစ်ကြိမ် ထပ်ပြီး ပေါ်လာပြန်ပြီ။ ဒါက တကယ်ကို ပျို့အန်ချင်စရာကောင်းလွန်းတယ်"

"မစ္စတာ လောက်ကောင်... ဒီလို အခြေအနေမျိုးမှာ ငါတို့ ဘာလုပ်သင့်လဲဆိုတာ မင်း ဘယ်လို ထင်လဲ"

ကျိုးထျန်း၏ စကားလုံးများမှာ ချိုးလန်ထံသို့ ရှေးရှုပြောဆိုနေခြင်း ဖြစ်သော်လည်း သူ့ မျက်လုံးများကမူ ထမင်းစားပွဲရှိ လူအားလုံး၏မျက်နှာများကို လိုက်လံစိုက်ကြည့်နေခဲ့သည်။

လူတိုင်းက မိမိတို့၏မျက်နှာကို ငုံ့ထားကြလျက် မည်သူကမျှ သူ့မျက်လုံးများကို ပြန်လည်စိုက်ကြည့်ရန်မဝံ့ရဲကြချေ။

"မစ္စတာကျိုး... ဒါတွေအားလုံးက ကျွန်တော့်ရဲ့ အမှားတွေပါ။ မနက်ဖြန်ကျရင် ကျွန်တော် မစ္စတာကျိုးဆီ လာပြီးတော့ သေသေချာချာတောင်းပန်ပါရစေ။ အဆင်ပြေပါ့မလားခင်ဗျာ"

ချိုးလန်မှာ လုံးဝ မလှုပ်ရှားရဲတော့ဘဲ ကျိုးထျန်းက သူ့အား လွှတ်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် အသနားခံသော လေသံဖြင့်သာ ဆက်သွယ်ပြောဆိုနိုင်တော့သည်။

ဤအခိုက်အတန့်တွင် ယခင်က တိတ်ဆိတ်နေခဲ့သော ကျောက်ဖန်မှ ဝင်ရောက်ပြောဆိုလိုက်တော့သည်။

"ဥက္ကဋ္ဌကျိုး... ကျွန်မ ထင်တာကတော့ ဖျော်ဖြေရေးလောကရဲ့ ရှုပ်ထွေးမှုတွေက ဒီလိုမျိုး အလွန်အမင်း ဆိုးရွားတဲ့ လူအချို့ကြောင့်ဖြစ်ရတာပါ။ သူတို့က ကျွန်မတို့လောကတစ်ခုလုံးရဲ့ အဆင့်အတန်းကို ဘယ်လိုမှ သည်းမခံနိုင်လောက်တဲ့ အခြေအနေအထိ ဆွဲချနေကြတာ"

"ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးကတော့ ဒီလိုလူမျိုးတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။ ဒါတင်မကသေးဘူး... ကျွန်မတို့ ကုမ္ပဏီရဲ့ မိတ်ဆွေတွေ အားလုံးကိုလည်း မနက်ဖြန်ကစပြီး ဒီလူကို ပူးပေါင်း သပိတ်မှောက်ကြဖို့ တိုက်တွန်းသွားမှာပါ"

ကျောက်ဖန်က စကားပြောဆိုပြီးနောက် လူတိုင်းအား လှမ်း၍ ကြည့်ရှုလိုက်သည်။

"အားလုံးကကော ဘယ်လို ထင်ကြလဲ"

သူမသည် ကျိုးထျန်းအား ပေါ်ပေါ်ထင်ထင်ပင် ကူညီပေးနေခြင်း ဖြစ်ပြီး ချိုးလန်အား ဖျော်ဖြေရေးလောကမှ သပိတ်မှောက်ရန် သွယ်ဝိုက်၍ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

အခြားသော သရုပ်ဆောင်များမှာမူ အလိုက်သင့်သာ ပြုံးလိုက်ကြတော့သည်။

‘ငါတို့က သာမန် သရုပ်ဆောင်လေးတွေပဲဥစ္စာ၊ အစွမ်းထက်တဲ့ ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဘယ်လိုမှ မတူညီဘူးလေ။ ငါတို့က ချိုးလန်ကို သွားပြီးတော့ မပြစ်မှားရဲပါဘူး’

ထို့ပြင် သူသည် လောကထဲတွင် အလွန်ပင် ကလဲ့စားချေတတ်ပြီး တကယ့် လူမိုက်တစ်ယောက်အဖြစ် နာမည်ကျော်ကြားသဖြင့် အလွန်ကိုင်တွယ်ရ ခက်ခဲလှပေသည်။

"ဥက္ကဋ္ဌကျောက် ပြောတာ မှန်ပါတယ်။ ဒီလို ကင်ဆာဆဲလ်မျိုးကို ဖယ်ရှားပစ်ရမယ်။ ဒါရိုက်တာကျန်း... အစ်ကိုကြီးကော ဘယ်လို ထင်လဲ" ကျိုးထျန်း ဒါရိုက်တာကျန်းအား ပြုံးလျက် လှမ်းမေးလိုက်သည်။

ဝါရင့် ဒါရိုက်တာကြီးမှာ အလွန်အားနာသွားခဲ့ရပြီး ကူကယ်ရာမဲ့သော အမူအရာကို ပြသလိုက်မိသည်။

"ဥက္ကဋ္ဌကျိုး... ဥက္ကဋ္ဌကျိုးက သဘောထားကြီးလွန်းလို့ ရန်ငြိုးဖွဲ့နေမှာ မဟုတ်ပါဘူး။ တစ်ချို့ လူတွေက လေလည်သံလိုပါပဲ... ဒီအတိုင်း လျစ်လျူရှုလိုက်တာက အကောင်းဆုံးပါ။ သူတို့ကို ဆဲဆိုနေရင် ကိုယ့် ပါးစပ်ပဲ ညစ်ပတ်ရုံ ရှိမှာပေါ့"

ကျိုးထျန်း ခေါင်းညိတ်လိုက်သည်။

"ဒါလည်း ဟုတ်တာပဲ၊ ငါက ဒီလို အောက်တန်းစား လူစားမျိုးအပေါ်မှာ ရန်ငြိုးဖွဲ့နေမှာ မဟုတ်ပါဘူး"

ချိုးလန်သည် ဤစကားကို ကြားလိုက်ရသည့်အခါ စိတ်ထဲမှ အနည်းငယ် သက်ပြင်းချနိုင်သွားခဲ့သည်။

"ဒါပေမဲ့ ငါက ကလဲ့စားချေရတာကို အလွန်ဝါသနာပါတဲ့လူဗျ၊ ဒီနေ့ တစ်စုံတစ်ယောက်က ငါ့ကို ဟန်တျန်းကနေ မြေပြင်ပေါ်မှာ တွားသွားပြီး ထွက်သွားဖို့ အကြိမ်ကြိမ် ပြောခဲ့တာကို ငါ သေချာမှတ်မိနေသေးတယ်"

ချိုးလန်၏ စိတ်ထဲတွင် လတ်တလောမှ တည်ငြိမ်သွားခဲ့သော နှလုံးသားမှာ နောက်တစ်ကြိမ် ပြန်လည် တင်းကျပ်သွားခဲ့ရပြန်သည်။

"သွားရှိရင် ကလဲ့စားချေရမယ်၊ ကိုယ်ပြောခဲ့တဲ့ စကားလုံးတွေကို ကိုယ် ပြန်ပြီး တာဝန်ယူရမယ်လေ။ ဒါပေမဲ့ ငါက အလွန် သဘောထားကြီးတဲ့လူပါ။ မင်း ဟန်တျန်းကနေ ထွက်သွားဖို့ မလိုပါဘူး၊ ဒီသီးသန့်အခန်းထဲကနေပဲ လှိမ့်ပြီး ထွက်သွားပေးရင်ရပါပြီ"

သူသည် ချိုးလန်၏ ပုခုံးကို အနည်းငယ် ညှစ်လိုက်သည်။

"ဒါပေမဲ့ မင်း သေချာပေါက် လှိမ့်ပြီး ထွက်သွားရမယ်၊ အားလုံးအတွက် ဖျော်ဖြေရေး ပြကွက်တစ်ခုပေါ့"

တစ်ခန်းလုံးမှာ သေလူကဲ့သို့ ငြိမ်သက်သွားခဲ့ရသည်။ မည်သူကမျှ စကားမဟရဲကြသလို ချိုးလန်အတွက် ရှေ့နေလိုက်ပေးမည့်သူလည်း မရှိချေ။

၎င်းတို့အားလုံး ကျိုးထျန်း ဘာလုပ်တော့မည်ကို သိရှိထားကြသော်လည်း သူ လွန်သွားသည်ဟု မမှတ်ယူကြချေ။

ဤလူများသည် ချမ်းသာကြွယ်ဝသူ အမြောက်အမြားကို မြင်တွေ့ဖူးကြသဖြင့် ငွေကြေးနှင့် ဩဇာအာဏာကြောင့် မျက်စိကွယ်နေသော လူများမှာ မည်မျှအထိ ရက်စက်တတ်ကြောင်းကို သေချာစွာ သိရှိထားကြသည်။

၎င်းတို့နှင့် နှိုင်းယှဉ်လျှင် ကျိုးထျန်း၏ တောင်းဆိုချက်မှာ အလွန်ပင် ကျိုးကြောင်းဆီလျော်လှပေသည်။

‘မင်းက သူ့ကို ထွက်သွားဖို့ ပြောခဲ့တာဖြစ်ပြီး အခု အခြေအနေက ပြောင်းပြန်ဖြစ်သွားတဲ့အခါ မင်း ပြန်ပြီး လှိမ့်ပေးရမယ်’ ဆိုသည်မှာ သဘာဝကျလှပေသည်။

ထို့ပြင် ၎င်းမှာ မြေပြင်ပေါ်တွင် လှိမ့်ရုံသက်သက်သာ ဖြစ်သည်။

အကယ်၍ ပိုမို ဒေါသကြီးသော သူဌေးကြီးများနှင့် ဆုံတွေ့ရမည်ဆိုပါက လက်ခြေများပင် ကျိုးပဲ့သွားနိုင်လောက်သည်။ ဤသည်မှာ အလွန်ပင် ယဉ်ကျေးပျူငှာနေပြီဖြစ်သည်။

သို့သော်လည်း ချိုးလန်၏ မျက်နှာတွင် အရှုံးပေးမည့် အမူအရာ လုံးဝ မရှိခဲ့ဘဲ သူ၏ စိတ်ထဲမှ ပြင်းထန်သော ဒေါသများ ပေါက်ပွားလာခဲ့ရတော့သည်။

‘ငါက တောင်းတောင် တောင်းပန်ပြီးပြီဥစ္စာကို... မင်းက အခုထိ လွှတ်မပေးသေးဘူးပေါ့လေ’

သူသည် သွားကို ကြိတ်လျက် ခေတ္တမျှ သည်းခံလိုက်ပြီးနောက် ရုတ်တရက် အားစိုက်ကာ မိမိ၏ ပုခုံးပေါ်ရှိ ကျိုးထျန်း၏လက်ကို ရုန်းဖယ်လိုက်တော့သည်။

"ဟမ့်... ‘ဥက္ကဋ္ဌကျိုး’ တဲ့လား၊ ငါက မင်းလိုမျိုး ရုတ်တရက် ချမ်းသာလာတဲ့ သူဌေးအသစ်တွေကို အမြောက်အမြား မြင်ဖူးတာပဲ။ ဘယ်သူမှ ကောင်းမွန်တဲ့ နိဂုံးနဲ့ မအဆုံးသတ်ခဲ့ကြဘူး"

"မင်းမှာ ငွေအနည်းငယ် ရှိရုံနဲ့ မင်းကိုယ် မင်း အလွန် ကြီးမြတ်နေပြီလို့ ထင်နေတာလား။ သူတို့က မင်းကို ကြောက်ကြပေမဲ့ ငါကတော့ လုံးဝမကြောက်ဘူး"

"ငါက လှိမ့်ပြီး မထွက်သွားရုံတင်မကဘူး... မင်းကို ပြတ်ပြတ်သားသား ပြောထားလိုက်မယ်၊ အကယ်၍ မင်း ငါ့ကို လာပြီး ကစားချင်တယ်ဆိုရင်တော့ မင်းလည်း ကောင်းမွန်တဲ့ နိဂုံး ရှိလာမှာ မဟုတ်ဘူး"

"ငါ ချိုးလန်က ဟန်တျန်းမှာ ဒီလောက်အထိ ရပ်တည်နိုင်ခဲ့တာက တောင်းပန်တိုးလျှိုးပြီး ရပ်တည်ခဲ့တာ မဟုတ်ဘူး၊ အစွမ်းအစနဲ့ ရပ်တည်ခဲ့တာကွ မင်း စောင့်နေလိုက်"

သူသည် စကားပြောဆိုပြီးနောက် သူ့လက်ကို ဝှေ့ယမ်းကာ ဒေါသတကြီးဖြင့် တံခါးအပြင်ဘက်သို့ ထွက်ခွာသွားခဲ့တော့သည်။

ကျိုးထျန်းကမူ ထွက်ခွာသွားသော သူ့ နောက်ကျောကို အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်ရှုနေမိသည်။

‘ဒီကောင်က လိင်စိတ်မှာတင် ပြဿနာရှိနေတာ မဟုတ်ဘဲ ဦးနှောက်မှာပါ ပြဿနာရှိနေတာပဲ’

‘ဒါက အလိုက်ကန်းဆိုးမသိတာတင် မဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် ဧကရာဇ်တစ်ပါးလိုမျိုး လုံးဝ သဘောထားနေတာပဲ’

‘သူက အခြားလူတွေကို စော်ကားနိုင်တယ်၊ နှိပ်စက်နိုင်တယ်၊ ဒါပေမဲ့ ကိုယ်တိုင်ကျတော့ အနည်းငယ်လေးတောင် အထိခိုက်မခံနိုင်ဘူး’

‘ဒါတွေအားလုံးက အလိုလိုက်ခံရလွန်းလို့ ဖြစ်လာတဲ့ စရိုက်တွေပဲ’

သူသည် ဤသို့ တွေးတောလိုက်မိပြီးနောက် ခေါင်းကို ခါယမ်းလျက် မိမိ၏ ထိုင်ခုံတွင် ပြန်လည်ထိုင်ရန် ပြင်ဆင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ပြင်းထန်လှသော ချဉ်စူးစူး အနံ့နှင့် အရသာတစ်ခုက သူ၏ ပါးစပ်နှင့် နှာခေါင်းအတွင်းသို့ ရုတ်တရက် ပြည့်နှက်သွားခဲ့ရသည်။

အထူးသဖြင့် သူ၏ လျှာအနောက်ဘက်တွင် လီမွန်အရသာရှိသော ချဉ်လွန်းသည့် သကြားလုံးတစ်လုံးကို စားမိလိုက်သကဲ့သို့ ခံစားရသဖြင့် သူ၏ မျက်နှာတစ်ခုလုံးပင် ရှုံ့တွသွားခဲ့ရတော့သည်။

သို့သော်လည်း ဤခံစားချက်မှာ ခဏတာမျှသာ ဖြစ်ပြီး နှစ်စက္ကန့်ပင် မကြာမြင့်ဘဲ ပျောက်ကွယ်သွားခဲ့သည်။

‘ငါ ဘာဖြစ်သွားတာလဲ’

‘ငါ ခုနက ချဉ်တဲ့အရာ ဘာမှ မစားမိပါဘူး’

‘ငါ့ရဲ့ အာရုံကြောစနစ်မှာ ပြဿနာတစ်ခုခု ရှိနေလို့လား’

သူသည် အနည်းငယ် ဝေခွဲမရဖြစ်နေလျက် ကုလားထိုင်တွင် ပြန်လည်ထိုင်လိုက်ပြီး သူ၏ မျက်နှာမှာ တည်တံ့လျက် ဘာဖြစ်သွားသည်ကို အလေးအနက် တွေးတောနေမိသည်။

သူ၏ တည်တံ့လှသော မျက်နှာထားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးက သူသည် ခုနက အဖြစ်အပျက်ကြောင့် အလွန်အမင်း ဒေါသထွက်နေသည်ဟု ထင်မှတ်ကြသဖြင့် မည်သူကမျှ စကားမဟရဲကြချေ။

ဤအခိုက်အတန့်တွင် ကျောက်ရှင်းမှ သူ၏ ခါးကို သူ၏ လက်ချောင်းလေးဖြင့် တိုးတိုးတိတ်တိတ် တို့ထိလိုက်သည်။

"ဒေါသ မထွက်ပါနဲ့တော့၊ ခဏနေရင် ကျွန်မ Weibo ပေါ်မှာ စာတင်ပြီး သူ့ကို သေချာပေါက် ဆဲပေးမယ်"

သူက ပြုံးလိုက်မိသည်၊ ဤမိုက်မဲလှသော မိန်းကလေးတွင် အမှန်တကယ်ပဲ အသိတရားရှိနေပြီး မိမိ၏ လူကို မည်သို့ ကာကွယ်ရမည်ကို သိရှိထားသည်ကို မြင်တွေ့ရသဖြင့် သူ အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။

ကျောက်ရှင်းသည် စားပွဲပေါ်ရှိ လက်ဖက်ရည်အေး ဗူးကို လှမ်းယူလိုက်ပြီး သူ့အတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။

"အမူးပြေသွားအောင် အချိုရည်လေး သောက်လိုက်ဦး"

ကျိုးထျန်းသည် သူမ၏ အလိုက်သိမှုကို မြင်တွေ့ရသဖြင့် ကျေနပ်မိပြီး သူမအား ချီးမွမ်းရန်ပင် စိတ်ကူးလိုက်မိသည်။

သူသည် ထိုလက်ဖက်ရည်ဗူး၏ ထုပ်ပိုးမှုကို လှမ်း၍ ကြည့်ရှုလိုက်ရာ ၎င်းမှာ လီမွန်အရသာ ဖြစ်ပြီး အရှေ့တွင် ကြီးမားလှသော လီမွန်သီးပုံစံ ပါရှိနေခဲ့သည်။

‘လီမွန်... လီမွန်... ချဉ်စူးစူး အရသာ’

‘ခုနက ငါ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းထဲမှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ချဉ်စူးစူး ခံစားချက်က... ငါ ပြီးခဲ့တဲ့ မစ်ရှင်မှာ ရရှိခဲ့တဲ့ စွမ်းရည်အသစ် ဖြစ်ရမယ်’

‘လီမွန် အာရုံခံစားမှု’

‘ဒါက မတူညီတဲ့ ချဉ်စူးစူး အဆင့်တွေကနေတစ်ဆင့် အန္တရာယ်ကို ကြိုတင် အာရုံခံနိုင်တာပဲ’

‘ချိုးလန် ထွက်ခွာသွားတဲ့အချိန်မှာ ဒါက ငါ့ကို သတိပေးပေးခဲ့တာဆိုတော့... ဒီကောင်က ငါ့ကို အန္တရာယ်ပြုဖို့ ကြံစည်နေတာ သေချာပြီပေါ့’

အရာရာကို နားလည်သဘောပေါက်သွားပြီးနောက်တွင် ကျိုးထျန်းက မျက်မှောင်ကြုတ်လိုက်မိသည်။

သူသည် မူလက လက်ပါရန် စိတ်ကူးမရှိခဲ့ပါချေ။

ထိုကောင်က အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှပေသည်။

သူ၏ မိန်းမဆန်သော ရုပ်ရည်တစ်ခုတည်းနှင့်တင် လူကို ကြက်သီးထစေနိုင်သည့်အပြင် သူ၏ အမူအရာကလည်း ဆိုးရွားလှသည်။

သို့သော်လည်း ဤသို့ဆိုစေကာမူ ဟန်တျန်းမှာ သူ၏ နယ်မြေမဟုတ်ဘဲ ထိုကောင်၏ နယ်မြေ ဖြစ်နေခဲ့သည်။

သူ၏ မူလအစီအစဉ်မှာ ကျောက်ဖန်အား လက်ပါခိုင်းရန် ဖြစ်ပြီး ကောလာဟလများ ဖြန့်ဝေကာ သူ့အား နာမည်ပျက်စာရင်း သွင်းခိုင်းရုံမျှမက ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးအနေဖြင့် သူ၏ သရုပ်ဆောင်များကို ဘယ်သောအခါမျှ အသုံးပြုတော့မည် မဟုတ်ကြောင်း သေချာစေရန် ဖြစ်သည်။

ဒုတိယအချက်အနေဖြင့် သူသည် ဂျက်ဆီ အား ထိုကောင်နှင့်ပတ်သက်သော အချက်အလက်များကို စုံစမ်းခိုင်းရန် စိတ်ကူးထားခဲ့သည်။

ယခင်က ချိုးလန်နှင့် သူ့ဘေးရှိ အမျိုးသား သရုပ်ဆောင်တို့၏ ပြုမူပုံကို ကြည့်ရုံမျှဖြင့် ၎င်းတို့နှစ်ဦး၏ဆက်ဆံရေးမှာ သေချာပေါက် ပုံမှန်မဟုတ်ကြောင်း သိရှိနိုင်သည်။

အကယ်၍ ၎င်းတို့သည် ခိုင်မာသော သက်သေအထောက်အထားများကို ရှာဖွေနိုင်ပြီး အင်တာနက်ပေါ်သို့ တင်လိုက်မည်ဆိုပါက ထိုအရာက ချိုးလန်အတွက် သေချာပေါက် ပြင်းထန်လှသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

All Chapters