အခန်း ၂၁၅
Vol. 22 Ch. 215
🍋 Chapter 215
ချိုးလန်၏ လက်အောက်ရှိ လူငယ်မင်းသားများအဖွဲ့မှာ မိန်းကလေးအမြောက်အမြား၏ နှလုံးသားထဲတွင် စံပြအမျိုးသားပုံရိပ်များအဖြစ် တည်ရှိနေကြသူများ ဖြစ်သည်။
ဤ ‘ကောင်လေးများ’ မှာ ထိုမိန်းကလေးများ ဘဝရှင်သန်နေရခြင်း၏ အဓိက အကြောင်းအရင်းပင် ဖြစ်တော့သည်။
ဆယ်ကျော်သက် အရွယ် မိန်းကလေးများအတွက်မူ ရုပ်ရည်ကသာ အရာရာ ဖြစ်ပေသည်။
အသိပညာ၊ အပြောအဆို၊ မိသားစုနောက်ခံနှင့် ဉာဏ်ပညာ၊ ဤအရာအားလုံးမှာ ခန့်ညားလှပသော မျက်နှာတစ်ခု၏ ရှေ့မှောက်တွင် အဓိပ္ပာယ်မဲ့သွားခဲ့ရသည်။
၎င်းတို့သည် အိုင်ဒေါ တစ်ဦးကို ရိုးရှင်းစွာ နှစ်သက်လေလေ၊ ထိုအိုင်ဒေါအတွက် ရူးသွပ်ပေးရန် ပိုမို လွယ်ကူလေလေ ဖြစ်သည်။
အကယ်၍ ကျိုးထျန်းသာ ဤအမျိုးသား သရုပ်ဆောင်များမှာ ‘ယောကျာ်းချင်း ကြိုက်နေကြသူများ’ ဖြစ်ကြောင်း အင်တာနက်ပေါ်သို့ သတင်းအချက်အလက်များ တင်လိုက်မည်ဆိုပါက ထိုရူးသွပ်နေသော ဖန် များ ဘာလုပ်ကြမည်နည်း။
အကယ်၍ မိမိတို့၏ အိုင်ဒေါသည် အခြားသော အိုင်ဒေါ သို့မဟုတ် အခြားသော လူချောတစ်ဦးနှင့် တွဲခုတ်နေသည်ကို သိရှိပါက ထိုဖန်များမှာ ရူးသွပ်သွားပြီး ရန်သူအဖြစ် ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ၊ အမှန်တကယ်တော့ ၎င်းတို့၏ အပြုံးများမှာ တဖြည်းဖြည်းနှင့် ပုံပျက်ပန်းပျက် ဖြစ်လာပေလိမ့်မည်။
BL (Boys' Love) ၏ စွမ်းအားမှာ အတိုင်းအဆမရှိ ကြီးမားလှပေသည်၊ သာမန် ရုပ်ရည်ကောင်းမွန်သော အိုင်ဒေါတစ်ဦးတည်းထက်စာလျှင် ရုပ်ရည်ချင်း လိုက်ဖက်လှသော စုံတွဲတစ်တွဲ၏ ဆွဲဆောင်မှုက ပိုမိုပြင်းထန်သည် မဟုတ်ပါလား။
‘တကယ်ကို အဆင်ပြေတယ်’ ဆိုသော ခံစားချက်မှတစ်ပါး ထိုဖန်များတွင် မည်သည့် ကန့်ကွက်စရာမျှ ရှိလာလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း မိမိတို့၏အိုင်ဒေါသည် ကုမ္ပဏီသူဌေးထံမှ အတင်းအကျပ် စေခိုင်းမှုကို ခံနေရခြင်း ဖြစ်ကြောင်း သိရှိသွားလျှင်ကော......
ထို့ပြင် ဤသူဌေးမှာ ပုကွကွ၊ ရုပ်ဆိုးဆိုးနှင့် ဆွဲဆောင်မှု လုံးဝမရှိသော အမျိုးသားတစ်ဦး ဖြစ်နေခဲ့လျှင်ကော........
ထိုသို့ဆိုပါက ထိုဖန်များမှာ ချက်ချင်းပင် ရူးသွပ်သွားကြလိမ့်မည် ဖြစ်ပြီး ချိုးလန်၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် နေရပ်လိပ်စာတို့ကို စုပေါင်း၍ လိုက်လံစုံစမ်းကြလျက် သူ့အား အသက်နှင့်လဲ၍ တိုက်ခိုက်ရန် ပြင်ဆင်ကြပေလိမ့်မည်။
အိုင်ဒေါ၏ အပြုအမူများမှာ လိုလိုလားလား ရှိခြင်း ဖြစ်စေ၊ အတင်းအကျပ် စေခိုင်းခံရခြင်း ဖြစ်စေ... ကျိုးထျန်းက အတင်းအကျပ် စေခိုင်းခံရခြင်း ဖြစ်သည်ဟု ပြောဆိုလိုက်လျှင် ၎င်းမှာ အတင်းအကျပ် ဖြစ်သွားရပေမည်။
နာရီပိုင်းအတွင်းမှာတင် ချိုးလန်၏ နာမည်မှာ တရုတ်တစ်နိုင်ငံလုံးတွင် အပုပ်နံ့ လှိုင်လှိုင်ထွက်သွားပေလိမ့်မည်။
မည်သည့် အမျိုးသား သရုပ်ဆောင်ကမျှ သူနှင့် စာချုပ်ချုပ်ဆိုရန် လိုလားတော့မည် မဟုတ်ချေ၊
အဘယ်ကြောင့်ဆိုသော် သူနှင့် စာချုပ်ချုပ်ဆိုရဲသူတိုင်းကို အများက ဤသို့ မေးခွန်းထုတ်ကြမည် ဖြစ်သောကြောင့်ပင် "မင်းက နာမည်ကြီးချင်လို့ သူ့ဆီမှာ အောက်ကျခံတာလား၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လား"
ဤလှည့်ကွက်တစ်ခုတည်းနှင့်တင် ချိုးလန်၏ အခြေခံအုတ်မြစ်ကို လုံးဝ ဖျက်ဆီးပစ်နိုင်သည်။
ကျိုးထျန်းသည် ဤကဲ့သို့သော အမှိုက်ကောင်နှင့် တိုက်ရိုက် ရင်ဆိုင်ပတ်သက်လိုခြင်း မရှိပါချေ၊ ချဉ်လေးတစ်ပဲအတွက်နှင့် ဆင်ပြောင်ကြီးကို အသုံးပြုနေရန် မလိုအပ်သည် မဟုတ်ပါလား။
သို့သော်လည်း ယခုတွင်မူ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
စနစ်၏ လီမွန်အာရုံခံ သတိပေးချက်အရ ကျိုးထျန်းသည် ချိုးလန်က မိမိအပေါ် အန္တရာယ်ပြုရန် ကြံစည်နေကြောင်း သေချာစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။
လက်နက်ချအညံ့ခံသော လူများအပေါ်တွင် ကရုဏာသက်နိုင်သော်လည်း ရန်သူများ၊ အထူးသဖြင့် အချိန်မရွေး တိုက်ခိုက်လာနိုင်သော ရန်သူများအပေါ်တွင်မူ လုံးဝ ညှာတာနေ၍ မရပါချေ။
‘မြက်ပင်ကို ရှင်းချင်ရင် အမြစ်ပါ တူးထုတ်ပစ်ရမယ်။ အရင်က အစီအစဉ်က သိပ်မမြန်ဆန်သေးဘူး။ သူ့ကို ကိုင်တွယ်ဖို့ဆိုရင် ငါ့မှာ လျင်မြန်ပြတ်သားတဲ့ အောင်ပွဲတစ်ခု လိုအပ်တယ်’
သူ၏ နာမည်ကို ဖျက်ဆီးရုံသက်သက် နည်းလမ်းမှာ လက်ရှိတွင် အသုံးမဝင်တော့ပါချေ၊ အကယ်၍ လက်ပါမည်ဆိုပါက ပိုမို ရက်စက်လှသော နည်းလမ်းကို အသုံးပြုရန် လိုအပ်ပေသည်။
သို့သော်လည်း ယခုအချိန်တွင် အရေးကြီးဆုံး လုပ်ဆောင်ရမည့် အလုပ်မှာ မိမိနှင့် လျိုမုယန်တို့၏ ဘေးကင်းလုံခြုံရေးကို သေချာစေရန် ဖြစ်သည်။
ချိုးလန်သည် ဟန်တျန်းတွင် အဆက်အသွယ်အချို့ ရှိနေခဲ့သည်။
‘အကယ်၍ သူက ငါ နေတဲ့နေရာကို စုံစမ်းပြီး ငါ့ကို အန္တရာယ်ပြုရန် ကြိုးစားရင် ဒါမှမဟုတ် လူမိုက် ငှားပြီး ငါ့ကို တိုက်ခိုက်ခိုင်းရင် နောက်မှ ကလဲ့စားချေနိုင်ပါစေဦးတော့ လက်ရှိ ငါကိုယ်တိုင် နစ်နာရလိမ့်မယ်’
ထိုကဲ့သို့သော အခြေအနေမျိုးကို ငါ လုံးဝ ခွင့်မပြုနိုင်ပါချေ။
သူသည် ကျောက်ဖန်အား လှမ်းကြည့်လိုက်ပြီး တိုးညင်းသောအသံဖြင့် ပြောကြားလိုက်သည် -
"မစ္စကျောက်... ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးမှာ သရုပ်ဆောင်တွေကို ကာကွယ်ပေးဖို့ လုံခြုံရေးဝန်ထမ်းတွေ ရှိလား"
"ရှိတာပေါ့၊ ကျွန်မတို့ဆီမှာ စစ်ပြန်တွေအပါအဝင် ကျွမ်းကျင်တဲ့ အဆင့်မြင့် လုံခြုံရေးတွေ ရှိပါတယ်"
ကျိုးထျန်း၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ ကျောက်ဖန်က ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းပြီ... သူတို့ကို ချက်ချင်းဆက်သွယ်လိုက်ပါ၊ ပြီးတော့ ကျွန်တော်နဲ့ မုယန်အတွက် တစ်ယောက်စီ စီစဉ်ပေးပါ၊ အကောင်းဆုံးလူတွေကို ရွေးချယ်ပေးနော်"
ကျိုးထျန်းက ပြတ်သားစွာ ပြောဆိုလိုက်သည်။
ကျောက်ဖန် ခဏမျှ မှင်တက်သွားခဲ့ရပြီးနောက် ဒေါသတကြီးဖြင့် မေးမြန်းလိုက်သည်။
"မောင်လေး ပြောချင်တာက... ချိုးလန် တကယ်ပဲ လက်ပါတော့မယ်ပေါ့ ဟုတ်လား"
"ဖြစ်နိုင်ခြေ အလွန်များပါတယ်၊ လက်ရှိ အခြေအနေအရဆိုရင် ရာခိုင်နှုန်း ၉၀ ကျော် သေချာနေပြီ"
ထိုနေရာရှိ လူအားလုံးက ကျိုးထျန်းအား အံ့အားသင့်စွာဖြင့် ကြည့်ရှုလိုက်ကြပြီး အထူးသဖြင့် ဒါရိုက်တာကျန်းပင်။
"မစ္စတာကျိုး... အခြေအနေက ဒီလောက်အထိ ဆိုးရွားသွားမှာ မဟုတ်ပါဘူးနော်၊ ချိုးလန်က စိတ်ကျဉ်းမြောင်းတတ်တာ မှန်ပေမဲ့ ဥပဒေမဲ့တဲ့ အလုပ်မျိုးအထိတော့ လုပ်ရဲမှာ မဟုတ်ပါဘူး"
ကျိုးထျန်းက တည်တံ့သော မျက်နှာထားဖြင့် ပြောကြားလိုက်သည် -
"အကယ်၍ သူက တကယ်ပဲ လုပ်ခဲ့ရင်ကော၊ အစ်ကိုကြီးက သူ့အတွက် အာမခံရဲလို့လား၊ သူ လုပ်ဆောင်သမျှ အရာအားလုံးအတွက် အစ်ကိုကြီးက တာဝန်ယူပေးမှာလား"
ဒါရိုက်တာကျန်း လုံးဝ ဆိတ်ဆိတ်နေလိုက်တော့သည်။
ဤမေးခွန်းကို မည်သူက ဖြေဆိုရဲမည်နည်း။
ဤလူငယ်သူဌေးလေးမှာ အမှန်တကယ်ပင် ဒေါသထွက်နေခဲ့ပြီ ဖြစ်ရာ သူ့အား သွားရောက်၍ မဆွပေးမိခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
အခြားလူများကလည်း ဤသို့ပင် တွေးတောလိုက်ကြသည်။
မူလက အလွန်ပင် စည်ကားသိုက်မြိုက်နေခဲ့သော ထမင်းစားပွဲမှာ ချိုးလန် ရောက်ရှိလာပြီးနောက်တွင်မူ အလွန်ပင် ဖိအားများပြားလှသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
ကျောက်ရှင်းမှာလည်း မျက်မှောင်ကြုတ်လိုက်မိပြီး စိတ်ထဲတွင် အလွန်မကျေမနပ် ဖြစ်နေခဲ့ရသည်။
သူမသည် ကျိုးထျန်းနှင့် ဤလူများကို အတူတကွ ထမင်းစားနိုင်ရန်အတွက် အခွင့်အရေးကို ခက်ခဲစွာ ဖန်တီးပေးခဲ့ရခြင်းဖြစ်သော်လည်း ထိုကောင်က အရာရာကို ဖျက်ဆီးပစ်ခဲ့ကာ ဤမျှအထိ ရှုပ်ထွေးအောင် ပြုလုပ်သွားခဲ့သည်။
ယခုတွင် ကျိုးထျန်းကလည်း မပျော်မရွှင် ဖြစ်နေရသလို အခြားလူများကလည်း စိတ်ဓာတ်ကျနေကြသဖြင့် သူမသည် ကြားညှပ်နေသကဲ့သို့ ခံစားနေရသည်။
‘ဒါတွေအားလုံးက ချိုးလန်ရဲ့ အမှားတွေပဲ’
သူမသည် စိတ်ထဲမှသာ မကျေမနပ် ရေရွတ်နိုင်တော့သည်၊ သူမသည် ကျိုးထျန်းမှာ အခြားလူများကို ကိုင်တွယ်ဖြေရှင်းရာတွင် သူမထက် များစွာ ပိုမို ပါးနပ်ကြောင်း သိရှိထားသည်။
ထမင်းစားပွဲရှိ လေထုမှာ တဖြည်းဖြည်းနှင့် ပိုမို စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာခဲ့ရသည်၊ ကျိုးထျန်းသည် လူတိုင်း၏အပေါ်တွင် မကျေမနပ် ဖြစ်နေသည်မှာ သိသာလှပေသည်။
ကျောက်ဖန်က ဟွမ်ရှီရုပ်ရှင်ထုတ်လုပ်ရေးကိုယ်စား ချိုးလန်အား နာမည်ပျက်စာရင်း သွင်းမည်ဟု ပြောကြားခဲ့သည့်အချိန်တွင် ဤလူများမှာ ဘေးထွက်နေရန် ကြိုးစားခဲ့ကြသည် သို့မဟုတ် ချိုးလန်၏ဘက်မှ ရပ်တည်ခဲ့ကြသည်။
၎င်းတို့၏ သဘောထားမှာ ကျိုးထျန်း၏ ဘက်တွင် ရှိမနေခဲ့ပါချေ။
မှန်ပေသည်၊ ၎င်းတို့သည် ကျိုးထျန်းနှင့် ဆုံတွေ့ခဲ့ရသည်မှာ မကြာသေးသဖြင့် ၎င်းတို့အား မိမိဘက်မှ ရပ်တည်ခိုင်းရန် ခက်ခဲလှပေသည်။
ထို့ပြင် ဟန်တျန်းက လူများအနေဖြင့် ၎င်းတို့သည် ဒေသခံတစ်ဦး ဖြစ်သော ချိုးလန်၏ဘက်မှ ရပ်တည်ရန် ပိုမို လိုလားကြသည်မှာ သဘာဝကျလှပေသည်။
ဤအချက်ကို နားလည်ပေးနိုင်သော်လည်း ဤအရာက ကျိုးထျန်းအား စိတ်ပျက်စေခဲ့သည်မှာ အမှန်ပင်။
‘ဒီလူတွေက အမြော်အမြင် လုံးဝ မရှိကြဘူးပဲ။ ချိုးလန်နဲ့ ငါက သူတို့အတွက် ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေက ကောင်းကင်နဲ့ မြေကြီးလို ကွာခြားတာကို’
‘သူက သာမန် သရုပ်ဆောင်အေဂျင်စီတစ်ခုရဲ့ ပိုင်ရှင်သာသာကို ငါ့မှာ ဘယ်လောက်အထိ ငွေကြေးအင်အား ရှိတယ်ဆိုတာကို သိထားကြတာတောင်မှ အခုထိ ငါ့အပေါ် သစ္စာခံဖို့ ဆန္ဒ မပြသကြသေးဘူး။ ဒါက သူတို့ရဲ့ အမြော်အမြင် အားနည်းမှုကြောင့် သူတို့ရဲ့ တိုးတက်မှုကို ပိတ်ပင်ထားတာပဲ ဖြစ်ရမယ်’
‘ထူးခြားမှု မရှိတဲ့ လူတွေပဲ’ ဤသည်မှာ ထိုလူစုအပေါ် ကျိုးထျန်း၏ နောက်ဆုံး သတ်မှတ်ချက်ပင် ဖြစ်တော့သည်။
သို့သော်လည်း ဒါရိုက်တာကျန်းမှာမူ ချိုးလန်က မိမိအား ဆန့်ကျင်နေကြောင်း သိရှိသွားသည့်အခါ မိမိ၏ဘက်မှ ရပ်တည်ပေးခဲ့သည်။
သူသည် ချိုးလန်အား ကူညီပေးချင်စိတ် ရှိနေသေးသော်လည်း အနည်းဆုံးတော့ သူသည် လက်တွေ့ကျကျ အရေးယူ ဆောင်ရွက်ပေးခဲ့သည်။
သေချာပေသည်... အတွေ့အကြုံနှင့် အသက်အရွယ်ကြီးရင့်ခြင်းတွင် ၎င်းတို့၏ အားသာချက်များ ရှိနေကြဆဲပင်၊ ၎င်းတို့က ပိုမို ပါးနပ်ကြသည်။
သို့သော်လည်း လက်ရှိအချိန်တွင် လူတိုင်းမှာ စားသောက်ချင်စိတ်များ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ ကျိုးထျန်းမှ ဝန်ထမ်းခေါ်သည့် ခလုတ်ကို နှိပ်လိုက်ပြီး ပိုက်ဆံရှင်းရန် ပြင်ဆင်လိုက်တော့သည်။
"မစ္စတာကျိုး... မစ္စတာကျိုးကို ဘယ်လိုလုပ်ပြီး ပိုက်ဆံရှင်းခိုင်းရမှာလဲဗျာ။ ကျွန်တော်တို့ပဲ ရှင်းပါရစေ" ဒါရိုက်တာကျန်းက အလျင်အမြဲ ပြောဆိုလိုက်သည်။
"မလိုပါဘူး၊ ကျွန်တော်တို့ ဆုံတွေ့ခဲ့ကြတာ မကြာသေးသလို နောက်နောင်လည်း ပြန်လည်ဆုံတွေ့ဖို့ အခွင့်အရေး ရှိလာမှာ မဟုတ်တော့ပါဘူး။ ဒီတစ်ခေါက် ထမင်းစားပွဲကိုတော့ ကျွန်တော်ပဲ ဧည့်ခံပါရစေ"
လူတိုင်းက သူ၏ စကားလုံးများထဲမှ သွယ်ဝိုက်သော အဓိပ္ပာယ်ကို နားလည်လိုက်ကြပြီး စိတ်ထဲမှ အနည်းငယ် နောင်တရမိသွားကြသည်။
သို့သော်လည်း ယခုအချိန်တွင် ဘာမှပြောရန် နောက်ကျသွားခဲ့ပြီ ဖြစ်သလို ၎င်းတို့သည်လည်း ကျိုးထျန်းနှင့် မိတ်ဆွေအဖြစ် ရင်းနှီးရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး ကျိုးထျန်း၏ အကူအညီကို ရယူကာ အောင်မြင်ရန်အတွက် မျှော်လင့်မထားခဲ့ကြပါချေ။
လက်ရှိ အခြေအနေမှာ နောင်တရစရာ ကောင်းလှသော်လည်း လက်ခံနိုင်စရာ မရှိသည်တော့ မဟုတ်ပါချေ။
စားပွဲထိုးမိန်းကလေးက သီးသန့်အခန်း၏ တံခါးကို တွန်းဖွင့်လိုက်ပြီး အနည်းငယ် ဦးညွှတ်နှုတ်ဆက်ကာ ဝင်ရောက်လာခဲ့သည်။
သူမ ဝင်ရောက်လာသည့်အခါ တံခါးကို ပြန်လည်မပိတ်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူမ၏အနောက်တွင် အချိုပွဲအဖြစ် ကျွေးမွေးမည့် သစ်သီးများ တင်ဆောင်ထားသော တွန်းလှည်းတစ်ခု ပါရှိနေပြီး ၎င်းတို့ကို အခြားသော သီးသန့်အခန်းများသို့လည်း ပို့ဆောင်ရမည် ဖြစ်သောကြောင့်ပင်။
ထိုအခိုက်အတန့်တွင် ဧည့်သည်အချို့က တံခါးဝရှေ့မှ ဖြတ်သန်းသွားကြလျက် မိတ်ဆွေတစ်ဦးအား လိုက်လံပို့ဆောင်နေကြသည်။
ထိုအမျိုးသားများမှာ မျက်နှာတွင် အပြုံးများ ပြည့်နှက်နေကြလျက် ပျော်ရွှင်စွာ စကားပြောဆို ရယ်မောနေကြရာ ၎င်းမှာ ကျိုးထျန်း၏အခန်းတွင်းရှိ လေထုနှင့် လုံးဝ ခြားနားလှပေသည်။
လူသားတို့၏ သဘာဝအရ တံခါးပွင့်နေသည်ကို မြင်တွေ့ရသည့်အခါ အခန်းတွင်းသို့ လှမ်း၍ ကြည့်ရှုလေ့ ရှိကြသည်။
ဤလူများသည်လည်း ထူးခြားမှု မရှိချေ။
ကျိုးထျန်းသည် အဓိကနေရာတွင် ထိုင်နေခြင်း ဖြစ်သဖြင့် တံခါးဝနှင့် တည့်တည့် ဆုံတွေ့နေခဲ့သည်။
ထိုဖြတ်သန်းသွားသော လူများထဲတွင် အရပ်ပုပုနှင့် ဝဝတုတ်တုတ် အမျိုးသားတစ်ဦး ပါရှိနေပြီး သူသည် ထိုလူစုထဲတွင် အသက်အငယ်ဆုံး ဖြစ်သလို အကျယ်လောင်ဆုံး ရယ်မောနေသော လူလည်း ဖြစ်သည်။
သူသည် အခန်းတွင်းသို့ မတော်တဆ လှမ်းကြည့်လိုက်မိပြီးနောက် အခြားလူများနှင့်အတူ ဆက်လက်ထွက်ခွာသွားခဲ့သည်။
သို့သော်လည်း သုံးစက္ကန့်ပင် မပြည့်မီ အချိန်တွင် သူသည် ခြေလှမ်းများ ရပ်တန့်သွားခဲ့ရပြီး ခုနက သီးသန့်အခန်း၏ ထိပ်ဆုံးနေရာတွင် ထိုင်နေသော လူ၏ ရုပ်ရည်ကို ပြန်လည် တွေးတောရန် ကြိုးစားလိုက်မိသည်။
‘အရမ်း ရင်းနှီးနေတာပဲ... အရမ်းကို ရင်းနှီးနေတာပဲ... သူက သေချာပေါက်...’
သူ၏ဘေးရှိ လူက သူ ခြေလှမ်းရပ်တန့်သွားသည်ကို မြင်တွေ့ရသည့်အခါ စူးစမ်းလိုသော မျက်လုံးများဖြင့် လှမ်းမေးလိုက်သည်။
"ချောလေး... ဘာဖြစ်လို့လဲ"
"ကျွန်တော် လူတစ်ယောက်ကို မြင်လိုက်ရတာ ရင်းနှီးနေသလိုပဲ၊ ဒါပေမဲ့ ဘယ်သူလဲဆိုတာ ချက်ချင်း စဉ်းစားလို့မရသေးလို့"
"ဘယ်သူလဲ"
"ခုနက ကျွန်တော်တို့ ဖြတ်လာခဲ့တဲ့ သီးသန့်အခန်းရဲ့ ထိပ်ဆုံးနေရာမှာ ထိုင်နေတဲ့ လူငယ်လေးလေ"
ထိုဝဝတုတ်တုတ် အမျိုးသားမှာ ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏ နဖူးကို လက်ဝါးဖြင့် ရိုက်လိုက်ကာ မျက်နှာတွင် အလွန်အမင်းစိတ်လှုပ်ရှားသော အမူအရာ ဖြစ်ပေါ်လာသည်။
"ကျွန်တော် မှတ်မိပြီ... သူ... သူပဲ"