အခန်း ၂၁၆
Vol. 22 Ch. 216
🍋 Chapter 216
ချောင်ကျွင်းကျဲ့ ရုတ်တရက် သဘောပေါက်သွားသည်ကို မြင်တွေ့ရသည့်အခါ သူ၏မိတ်ဆွေများက ဝေခွဲမရဖြစ်စွာဖြင့် လှမ်းမေးလိုက်ကြသည်။
"ချောင်လေး... ဘာဖြစ်လို့လဲ။ အခု မှတ်မိသွားပြီလား"
"ဦးလေးရှဲ့... ကျွန်တော် အခုပဲ မှတ်မိသွားတယ်။ ဒီလူက ကျွန်တော့်ကို တစ်ကြိမ် ကူညီဖူးတယ်ဗျ။ ခဏနေရင် ကျွန်တော် သွားပြီးတော့ နှုတ်ဆက်ရမယ်" ဟု ချောင်ကျွင်းကျဲ့က ပြုံးလျက် ပြောဆိုလိုက်သည်။
မျက်မှန်တပ်ထားပြီး သိမ်မွေ့တည်ငြိမ်သော ပုံစံရှိသည့် အခြားအမျိုးသားတစ်ဦးကလည်း ဝင်ရောက်ပြောဆိုလာသည်။
"လူကြီးမင်းတို့... ဒီနေ့ ကျွန်တော်တို့ ရောက်လာတဲ့အချိန်တုန်းက ယန်စီမြစ်ခန်းမ က ကြိုတင်စာရင်းသွင်းထားပြီးသား ဖြစ်နေတာ....”
“မူလဧည့်သည်တွေက သူတို့ရဲ့ သီးသန့်ခန်းကို အလျှော့ပေးလိုက်လို့သာ ကျွန်တော်တို့ ဒီတစ်ခေါက် အသုံးပြုခွင့်ရခဲ့တာလေ။ စားပွဲထိုးပြောတာတော့... ကျွန်တော်တို့ရဲ့ ဧည့်သည်တွေကို Bibo ခန်းမ ဆီ ပြောင်းရွှေ့ပေးလိုက်ရတယ်လို့ ပြောတယ်။ အခု အဲဒီအခန်းထဲက လူတွေကပဲ ဖြစ်ရမယ်"
"အို... ဒါဆိုရင်တော့ ငါတို့က အဲ့ဒီလူတွေနဲ့ တကယ်ကို ရေစက်ရှိတာပဲ" ဟု
ရှဲ့မျိုးရိုးရှိသောအမျိုးသားက ခေါင်းညိတ်လျက် ပြောဆိုသည်။
ချောင်ကျွင်းကျဲ့ ခဏမျှ တွေးတောလိုက်ကာ
"ဦးလေးရှဲ့... ကျွန်တော်တို့ ဦးလေးရှဲ့ကို အရင်ဆုံး လိုက်ပို့လိုက်ပါ့မယ်၊ ပြီးမှ ကျွန်တော် သွားပြီး နှုတ်ဆက်လိုက်မယ်လေ”
“ ဘာပဲဖြစ်ဖြစ် ဦးလေးရဲ့ အဆင့်အတန်းနဲ့ဆိုရင် လူအများရှေ့မှာ ဒီအတိုင်းကြီး ပေါ်ပေါ်ထင်ထင် မျက်နှာပြဖို့က သိပ်ပြီးတော့ မသင့်တော်ဘူးမလား"
"ကောင်းပြီလေ... ဒါဆိုရင်လည်း မင်းက ဦးလေးကိုယ်စား သူတို့နဲ့အတူ ဝိုင်တစ်ခွက်လောက် သောက်ပြီးတော့ ကျေးဇူးတင်စကား ပြောပေးလိုက်ပါဦး"
ချောင်ကျွင်းကျဲ့မှ သဘောတူလိုက်ပြီး မစ္စတာရှဲ့အား ဆက်လက်လိုက်လံပို့ဆောင်ပေးခဲ့သည်။
အခြားတစ်ဖက်တွင်မူ ကျိုးထျန်းသည် ပိုက်ဆံရှင်းပြီးသွားခဲ့ပြီ ဖြစ်ရာ လူတိုင်းအား နှုတ်ဆက်လိုက်သည်။
"အားလုံးပဲ... နောက်နေ့မှ ပြန်ဆုံကြတာပေါ့"
သူ၏ စကားလုံးများမှာ အလွန်ပင် ယဉ်ကျေးမှုကင်းမဲ့နေခဲ့ပြီး သူ၏ စိတ်မကျေမနပ်ဖြစ်မှုကို အထင်အရှား ပြသနေခဲ့သည်။
အခြားလူများမှာမူ အလိုက်သင့်သာ ပြုံးလိုက်ကြလျက် ထိုင်ခုံမှထကာ သူ့အား လိုက်လံပို့ဆောင်ရန် ပြင်ဆင်ကြသည်။
"လိုက်ပို့နေဖို့ မလိုပါဘူး" ကျိုးထျန်း သူ့ လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ထိုလူစု၏ ဟန်ဆောင်ပန်ဆောင် ပြုမူမှုများကို ငြင်းပယ်လိုက်သည်။
ဤသရုပ်ဆောင်များမှာလည်း အကျပ်ရိုက်နေခဲ့ကြသည်။ ရင်းနှီးမြှုပ်နှံသူကို ပြစ်မှားမိခြင်းက မကောင်းမှန်း ၎င်းတို့ သိရှိထားကြသော်လည်း အခြေအနေက ဤအဆင့်အထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ ၎င်းတို့အနေဖြင့် သိက္ခာ အကျခံကာ မစ္စတာကျိုးအား အတင်းအကျပ် တိုးလျှိုးအသနားခံခြင်း မပြုလုပ်ပါက သူသည် ၎င်းတို့အား သေချာပေါက် လျစ်လျူရှုထားတော့မည် ဖြစ်သည်။
၎င်းတို့တွင်လည်း အနည်းငယ်မျှသော မာနကိုယ်စီ ရှိကြပေသည်။
ဘာပဲဖြစ်ဖြစ် ၎င်းတို့သည်လည်း နာမည်အနည်းငယ်ကြီးသော သရုပ်ဆောင်များ မဟုတ်ပါလား။
အခုမှ တွေ့ဖူးသော သူဌေးတစ်ယောက်အတွက်နှင့် မိမိတို့၏ သိက္ခာကို လုံးဝ စွန့်လွှတ်ပစ်လိုက်ရန်မှာ မဖြစ်နိုင်ပေ။
ကျိုးထျန်းကမူ ထိုလူများ၏ အတွေးကို ဂရုမစိုက်ဘဲ ချက်ချင်းပင် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုအခိုက်အတန့်တွင် လူကြီးမင်းများအား လိုက်လံပို့ဆောင်ပြီးသွားခဲ့သော ချောင်ကျွင်းကျဲ့သည် သီးသန့်ခန်း၏ တံခါးဝရှေ့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ၏ဘေးတွင် မျက်မှန်နှင့် သိမ်မွေ့တည်ငြိမ်သော အမျိုးသား ပါရှိနေခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး Bibo ခန်းမ၏ အပြင်ဘက်တွင် ရပ်နေခဲ့ကြသည်။
၎င်းတို့သည် လက်ကို မြှောက်ကာ တံခါးကို ခေါက်လိုက်ရာ ထိုအသံကြောင့် အခန်းတွင်းရှိ လူတိုင်း၏ အာရုံမှာ ဆွဲဆောင်ခြင်း ခံလိုက်ရတော့သည်။
"ဘယ်သူ့ကို ရှာတာလဲ"
ဒါရိုက်တာကျန်း၏လေသံမှာ အနည်းငယ် သတိကြီးစွာ ထွက်ပေါ်လာခဲ့သည်။
ဘာပဲဖြစ်ဖြစ် ခုနက ချိုးလန် လာရောက်ပြဿနာရှာသွားခဲ့သဖြင့် သူ အနည်းငယ် စိုးရိမ်ပူပန်နေမိခြင်းက သဘာဝကျလှပေသည်။
"မင်္ဂလာပါ... ကျွန်တော့်နာမည် ချောင်ကျွင်းကျဲ့ပါ၊ ကျွန်တော့်ကို မှတ်မိသေးရဲ့လား"
ချောင်ကျွင်းကျဲ့က အရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီး ကျိုးထျန်း၏ ညာဘက်လက်ကို လှမ်း၍ ဆွဲကိုင်ကာ နှုတ်ဆက်လိုက်သည်။
"ချောင်ကျွင်းကျဲ့"
ကျိုးထျန်း ခဏမျှ သေသေချာချာ တွေးတောလိုက်သည်။
ဤနာမည်ကို ယခင်က ကြားဖူးသလို ရှိသော်လည်း သူ့ မှတ်ဉာဏ်မှာ အနည်းငယ် ဝေဝါးနေသဖြင့် ချက်ချင်း စဉ်းစားမရ ဖြစ်နေခဲ့ရသည်။
ချောင်ကျွင်းကျဲ့မှာမူ စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အမူအရာ လုံးဝမပြဘဲ ပြုံးလျက် ပြောဆိုလိုက်သည်။
"ရှန်ဟိုင်းရဲ့ အနောက်ဘက်ဆင်ခြေဖုံးက ကလပ်တစ်ခုမှာလေ... မစ္စတာကျိုးက ရေကူးကန်နားမှာ ကျွန်တော့်ကို တစ်ကြိမ်ကူညီပေးခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်းတုန်းက ကျွန်တော် လူတစ်ယောက်ကို လွှတ်ပြီး မစ္စတာကျိုးဆီ လိပ်စာကတ်တောင် ပေးခိုင်းခဲ့သေးတယ်"
သူသည် ဤစကားကို ပြောဆိုသည့်အခါ သူ့ လေသံကို အနည်းငယ် တိုးလိုက်သည်။
သူ၏သတိပေးချက်ကြောင့် ကျိုးထျန်း ချက်ချင်းပင် မှတ်မိသွားခဲ့တော့သည်။
ဤဝဝတုတ်တုတ် အမျိုးသားမှာ ထိုစဉ်က အခြားလူ၏ချစ်သူကို ဖောက်ပြန်ခဲ့သဖြင့် ရိုက်နှက်ခြင်း ခံနေရသော လူ မဟုတ်ပါလား။
‘အဲ့နေ့တုန်းက ငါ သူ့ကို အမှန်တကယ် ကူညီပေးခဲ့တာပဲ။ အကယ်၍ ငါသာ ဝင်ရောက်မတားဆီးပေးခဲ့ရင် သူ နေရာတင်ပဲ အရိုက်ခံရလွန်းလို့ သေသွားနိုင်လောက်တယ်’
"မစ္စတာချောင်... ဆုံတွေ့ရတာ ဝမ်းသာပါတယ်ဗျာ။ တကယ်ကို တိုက်ဆိုင်လွန်းပါတယ်၊ ဒီနေရာမှာ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
"ဟုတ်တယ်... ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ကျွန်တော် မစ္စတာကျိုးကို သေသေချာချာ ကျေးဇူးမတင်ရသေးဘူး"
၎င်းတို့နှစ်ဦးစလုံး လှိုက်လှိုက်လှဲလှဲပင် လက်ဆွဲနှုတ်ဆက်လိုက်ကြပြီးနောက် ချောင်ကျွင်းကျဲ့မှ ပြုံးလျက် ပြောဆိုသည်။
"ဒါနဲ့ ပြောရဦးမယ်... ဒီနေ့ ကျွန်တော်တို့ မစ္စတာကျိုးကို တကယ်ပဲ အများကြီး အားနာမိပါတယ်ဗျာ။ ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ သီးသန့်ခန်းက မစ္စတာကျိုး ကြိုတင်စာရင်းသွင်းထားတဲ့ အခန်း ဖြစ်နေတာကိုး၊ အဆုံးသတ်ကျမှ အခန်းပြောင်းခိုင်းလိုက်ရလို့ တကယ်ပဲ စိတ်မကောင်းပါဘူး"
ကျိုးထျန်း၏ ဉာဏ်ပညာမှာ ချက်ချင်းပင် စတင်အလုပ်လုပ်လိုက်တော့သည်။
‘စားပွဲထိုးပြောတာတော့... ခေါင်းဆောင်တစ်ယောက် လာမှာမို့လို့ ငါတို့ ကြိုတင်စာရင်းသွင်းထားတဲ့ ယန်စီမြစ်ခန်းမကို အလျှော့ပေးလိုက်ရတာလို့ ပြောခဲ့တယ် ‘
‘အခု ဒီဝဝတုတ်တုတ် အမျိုးသားက သူ ထိုအခန်းကို အသုံးပြုနေတာလို့ ပြောဆိုလာတဲ့အတွက်... သူ သို့မဟုတ် သူနဲ့အတူ ထမင်းစားနေတဲ့လူက ခေါင်းဆောင် ဖြစ်ရမယ်’
သူသည် ယခင်က ကျောက်ဖန်၏ အမူအရာကို ပြန်လည်တွေးတောလိုက်ပြီး ထိုခေါင်းဆောင်မှာ သေချာပေါက် အဆင့်အတန်း မြင့်မားသောလူ ဖြစ်ရမည်ကို သိရှိလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး... သေးငယ်တဲ့ အကူအညီတစ်ခုပဲဥစ္စာ"
"မစ္စတာကျိုးက တကယ်ကို သဘောထားကြီးလွန်းပါတယ်"
ချောင်ကျွင်းကျဲ့က ၎င်းတို့၏ စားပွဲကို လှမ်း၍ ကြည့်ရှုလိုက်ရာ ဟင်းပွဲများမှာ ကုန်ခါနီးဖြစ်နေသဖြင့် ထမင်းစားပွဲ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိသာလှပေသည်။
"ဒီလိုလုပ်ရင် ဘယ်လိုလဲ... ကျွန်တော်တို့ရဲ့ သီးသန့်ခန်းဆီကို လိုက်ပါပြီးတော့ အတူတူ ဝိုင်အနည်းငယ် သောက်ရင်းနဲ့ မိတ်ဖွဲ့ကြမလားခင်ဗျာ"
ကျိုးထျန်းသည် သဘာဝကျစွာပင် လိုက်ပါရန် ဆန္ဒရှိနေခဲ့ပြီး ဤလူမှာ အတော်ပင် အလိုက်သိတတ်သည်ဟု တွေးတောလိုက်မိသည်။
သူသည် မိမိ၏အကူအညီကို မှတ်မိနေရုံမျှမက မိမိ၏ မိတ်ဆွေများနှင့် မိတ်ဆက်ပေးရန်အတွက်ပါ ပူးပေါင်းဖိတ်ခေါ်ပေးနေခြင်းဖြစ်သည်။
သူသည် ခေါင်းဆောင်တစ်ဦးနှင့်အတူ ထမင်းစားနေခြင်းဖြစ်သဖြင့် ထိုသီးသန့်ခန်းအတွင်းရှိ လူများမှာ သေချာပေါက် သာမန်လူများ ဖြစ်ကြလိမ့်မည် မဟုတ်ချေ။
"ကောင်းပါပြီ... ကောင်းပါပြီ... အစ်ကိုချောင်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ၊ ကဲ... လမ်းပြပေးပါဦး"
သူသည် အနောက်သို့ လှည့်လိုက်ပြီး ကျောက်ရှင်းနှင့် ကျောက်ဖန်တို့ကို လိုက်ပါလာရန် လက်ဟန်ပြလိုက်သည်။
ထို့နောက် လျိုမုယန်၏လက်ကို ဆွဲကိုင်ကာ ထိုဝဝတုတ်တုတ် အမျိုးသား၏ အနောက်မှနေ၍ ယန်စီမြစ်ခန်းမထံသို့ လိုက်ပါသွားခဲ့တော့သည်။
Biboခန်းမအတွင်း ကျန်ရှိနေခဲ့သော လူများမှာမူ ဝေခွဲမရဖြစ်စွာဖြင့် တစ်ဦးကိုတစ်ဦး လှမ်း၍ ကြည့်ရှုလိုက်ကြသည်။
"ဒါရိုက်တာကျန်း... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
"ဘာလုပ်ရမှာလဲ၊ ချိုးလန်က တကယ့် ပြဿနာကောင်ပဲ၊ ကောင်းမွန်လှတဲ့ ထမင်းစားပွဲကြီးကို ဖျက်ဆီးပစ်ခဲ့တာ၊ ဘာပဲဖြစ်ဖြစ်... နောက်နောင် သူ့ကို လုံးဝ ဆက်သွယ်တော့မှာ မဟုတ်ဘူး"
ဒါရိုက်တာကျန်းက သက်ပြင်းချလိုက်ပြီး ထွက်ခွာရန်အတွက် မတ်တပ်ရပ်လိုက်သည်။
သူ၏ စကားလုံးများမှာ သူ့ သဘောထားကို အထင်အရှား ပြသလိုက်ခြင်းဖြစ်ပြီး ချိုးလန်နှင့် ပတ်သက်မှု လုံးဝမရှိတော့ကြောင်း အများသိစေရန် ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။
သူသည် ဒါရိုက်တာတစ်ဦး ဖြစ်သော်လည်း အခြားလူများမှာမူ သရုပ်ဆောင်များ ဖြစ်ကြသည်။
သရုပ်ဆောင်များအနေဖြင့် ၎င်းတို့သည် အေဂျင်စီသူဌေးကို အနည်းငယ် စိုးရိမ်ကြပေသည်။
အကယ်၍ မိမိတို့ဘက်မှ တစ်နေ့နေ့တွင် သူ့ထံမှ အကူအညီ လိုအပ်လာခဲ့လျှင်ကော။
ဟူး... ၎င်းတို့သည် မည်သည့်အဖွဲ့ကိုမျှ မပြစ်မှားရဲကြသဖြင့် နောက်ဆုံးတွင် မည်သည့်အကျိုးကျေးဇူးမျှ ရရှိမသွားခဲ့ကြပါချေ။
ချောင်ကျွင်းကျဲ့၏ အနောက်မှ လိုက်ပါလျက် ယန်စီမြစ်ခန်းမအတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ တံခါးပွင့်သွားသည်နှင့် အသက်လတ်ပိုင်း အမျိုးသားများအဖွဲ့တစ်ဖွဲ့မှာ ပျော်ရွှင်စွာ ဝိုင်သောက်လျက် စကားပြောဆိုနေကြသည်ကို မြင်တွေ့လိုက်ရသည်။
ကျိုးထျန်းက ဘေးပတ်ဝန်းကျင်ကို လှမ်း၍ ကြည့်ရှုလိုက်ရာ ထိပ်ဆုံးနေရာမှာ ဗလာဖြစ်နေသလို ထိုနေရာ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ ထိုင်ခုံများမှာလည်း ဗလာဖြစ်နေခဲ့သည်။
သူသည် ထိုထိုင်ခုံ သုံးခုထဲမှ နှစ်ခုမှာ မိမိ၏ဘေးရှိ လူနှစ်ဦး၏ ထိုင်ခုံများ ဖြစ်ရမည်ကို ချက်ချင်းပင် သိရှိလိုက်သည်။
သို့သော်လည်း ချောင်ကျွင်းကျဲ့နှင့် ထိုသိမ်မွေ့တည်ငြိမ်သော အမျိုးသားတို့တွင် မြင့်မားသော အရာရှိကြီးများကဲ့သို့ အရှိန်အဝါမျိုး မရှိကြချေ၊ ၎င်းတို့သည် ထိပ်ဆုံးနေရာ၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်နေသော လူများသာ ဖြစ်ရမည်။
ဤအချက်က ချောင်ကျွင်းကျဲ့၏ အဆင့်အတန်းမှာ သာမန်မဟုတ်ကြောင်းနှင့် ထိုခေါင်းဆောင်နှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်းကို ဖော်ပြနေခဲ့သည်။
"လူကြီးမင်းတို့... ကျွန်တော် မိတ်ဆက်ပေးပါရစေ။ သူကတော့ မစ္စတာကျိုးထျန်းပါ၊ ဒီနေ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ ယန်စီမြစ်ခန်းမကို အလျှော့ပေးခဲ့တဲ့သူလည်း ဖြစ်သလို ကျွန်တော်နဲ့လည်း ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက် ဖြစ်နေပြန်တယ်။ တကယ်ကို တိုက်ဆိုင်လွန်းတယ် မဟုတ်လား"
"ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်နေမှတော့ အတူတူ ဝိုင်အနည်းငယ် သောက်ကြတာပေါ့" ဟု တံခါးဝအနီးတွင် ထိုင်နေသော လူက ချက်ချင်းပင် ထရပ်လျက် ဆီးကြိုနှုတ်ဆက်လိုက်သည်။
"ဒီမမတွေကလည်း မစ္စတာကျိုးရဲ့ မိတ်ဆွေတွေပါပဲ။ ကျွန်တော်တို့ စားပွဲမှာ ယောကျာ်းတွေပဲ ရှိနေတာ... အခုတော့ နောက်ဆုံးမှာ အလှနတ်သမီးလေးတွေ ရောက်ရှိလာခဲ့ပြီပေါ့"
ချောင်ကျွင်းကျဲ့က ပြုံးလျက် ပြောဆိုလိုက်သည်။
ဤအခိုက်အတန့်တွင် ကျောက်ဖန်နှင့် ကျောက်ရှင်းတို့သည် စားပွဲရှိ လူတစ်ယောက်အား လှမ်း၍ ကြည့်ရှုလိုက်မိကြသည်။
"ဥက္ကဋ္ဌဟန်" ကျောက်ဖန်က သူမ၏ မျက်နှာထားကို ပြင်ဆင်လိုက်ပြီး ထိုလူအား နှုတ်ဆက်လိုက်သည်။
"အို... ဒါက ကျောက်မိသားစုရဲ့ အလှနတ်သမီးလေးနှစ်ယောက်ပဲဥစ္စာ"
ကျိုးထျန်း အနည်းငယ် ဝေခွဲမရဖြစ်နေခဲ့ရာ ကျောက်ဖန်က အလိုက်သိစွာဖြင့် သူ၏ နားအနီးသို့ တိုးကပ်လျက် တိုးညင်းသောအသံဖြင့် ပြောကြားလိုက်သည်။
"ဒီမစ္စတာဟန်က ဟန်လီကျွင်းပါ၊ ဟန်တျန်းရုပ်ရှင်မြို့တော်ရဲ့ အဓိက အစုရှယ်ယာရှင်ကြီးပေါ့"
သူသည် ဤလူ၏ နာမည်ကို ယခင်က ကြားဖူးကြောင်း ချက်ချင်းသတိရလိုက်သည်။
သူသည် ဟန်တျန်းဒေသတစ်ခုလုံးတွင် ရင်းနှီးမြှုပ်နှံထားသူ ဖြစ်သဖြင့် ဤနေရာမှာ သူ၏ နယ်မြေ ဖြစ်နေခဲ့သည်။
သူ ထိုင်နေသော နေရာကို ကြည့်ခြင်းအားဖြင့် သူသည် ထိပ်ဆုံးနေရာနှင့် အနည်းငယ် ကွာဝေးသော နေရာတွင် ထိုင်နေရခြင်း ဖြစ်သည်။
အကယ်၍ ဤဘီလီယံနာ ဥက္ကဋ္ဌကြီးပင်လျှင် ဤနေရာ၌သာ ထိုင်ရသည်ဆိုပါက... ထိုထိပ်ဆုံးနေရာ၏ ဘေးတွင် ထိုင်ခွင့်ရသော ချောင်ကျွင်းကျဲ့၏ အဆင့်အတန်းမှာ မည်မျှအထိ ကြီးမားလှသနည်း။
"အို... အားလုံးက အချင်းချင်း သိနေကြတာပဲ။ ကြည့်ရတာ ကျွန်တော်တို့ တကယ်ကို ဆုံစည်းဖို့ ရေစက်ပါလာခဲ့တာပဲ"
ချောင်ကျွင်းကျဲ့က ကျောက်ရှင်းအား လှမ်းကြည့်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားခဲ့ရသည်။
"ကျွန်တော် ခုနကတော့ မမေးရဲလို့ ဒါပေမဲ့ မမက လက်ရှိအချိန်မှာ အကျော်ကြားဆုံးဖြစ်တဲ့ နိုင်ငံတော်အဆင့် နတ်သမီးလေး ကျောက်ရှင်း မဟုတ်လားဟင်"
ကျောက်ရှင်းက ခေါင်းကို အနည်းငယ် ညှိတ်ပြလိုက်ပြီး ပြုံးပြလိုက်သော်လည်း အနည်းငယ်တော့ စိုးရိမ်ပူပန်နေမိသည်။
သူမသည် ဤနေရာတွင် ထိုင်နေသော လူများအားလုံးမှာ သာမန်မဟုတ်ကြောင်း သိရှိထားသဖြင့် သူမ၏ ပုံစံမှာ ယခင်နှင့်မတူဘဲ အနည်းငယ် ငြိမ်သက်သွားခဲ့ရသည်။