← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

🍋 Chapter 217

ဝဝတုတ်တုတ် အမျိုးသားဖြစ်သော "ချောင်ကျွင်းကျဲ့" မှာ ကျိုးထျန်းအား ထိုနေရာရှိ လူတိုင်းနှင့် လိုက်လံမိတ်ဆက်ပေးခဲ့သည်။

နာမည်များကို ကြားသိလိုက်ရပြီးနောက် ကျိုးထျန်းသည် မိမိကိုယ်ကိုယ် ဘီလီယံနာများအုပ်စုကြားထဲသို့ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

ပိုင်ဆိုင်မှု သန်းပေါင်းသောင်းချီရှိသော ဟန်တျန်းရုပ်ရှင်မြို့တော်မှ မစ္စတာဟန်ပင်လျှင် ဤစားပွဲဝိုင်းတွင် အချမ်းသာဆုံးလူ ဖြစ်မနေခဲ့ချေ။

အချမ်းသာဆုံးပုဂ္ဂိုလ်မှာ ပြည်တွင်းရှိ ဓာတုဗေဒလုပ်ငန်းစုကြီးတစ်ခု၏ ဥက္ကဋ္ဌ ဖြစ်သည်။

ထိုသူမှာ သံမဏိစက်ရုံများ၊ ကျောက်မီးသွေးချက်စက်ရုံများနှင့် ဓာတုဗေဒစက်ရုံများအပါအဝင် လေးလံသော စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီအမြောက်အမြားကို ပိုင်ဆိုင်ထားသည့် တကယ့်သူဌေးကြီး ဖြစ်ပေသည်။

ထို့ပြင် သူ၏ ရာထူးအဆင့်အတန်းမှာလည်း အစိုးရပိုင်းနှင့် တစ်ပိုင်းတစ်စ ပတ်သက်နေခဲ့ရာ ငွေကြေးရော အာဏာပါ ရှိပြီး အလွန်အမင်း အရှိန်အဝါ ကြီးမားလှသည်။

ကျိုးထျန်းသည် ၎င်းတို့အား တစ်ဦးချင်းစီ လိုက်လံနှုတ်ဆက်လိုက်သည်။

စားပွဲထိုးလေးမှ သူတို့လေးဦး ထိုင်ရန်အတွက် ထိုင်ခုံအချို့ကို ယူဆောင်လာပေးခဲ့သည်။

ဓာတုဗေဒလုပ်ငန်းစုမှ မစ္စတာဟုန်နှင့် ဟန်တျန်းရုပ်ရှင်မြို့တော်မှ မစ္စတာဟန်တို့အပြင် အလှကုန်ကုမ္ပဏီမှ မစ္စတာကျင်းနှင့် အိမ်ခြံမြေကုမ္ပဏီမှ မစ္စတာဟူတို့လည်း ရှိနေကြသေးသည်။

ဤလေးဦးမှာ အချမ်းသာဆုံးလူများ ဖြစ်ကြပြီး အခြားလူများမှာမူ အခြေအနေကို စောင့်ကြည့်ရန်အတွက်သာ လိုက်ပါလာကြခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

"လူငယ်လေး... မင်းက ဘယ်မှာ အလုပ်လုပ်တာလဲ" ဟု ကြင်နာတတ်သော ပုံစံရှိသည့် အသက်လတ်ပိုင်းအမျိုးသားတစ်ဦးက လှမ်းမေးလိုက်သည်။

"ကျွန်တော်က လူကြီးမင်းတို့နဲ့ နှိုင်းယှဉ်လို့မရပါဘူးဗျာ။ ကျွန်တော်က ဂိမ်းကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်သာသာ ဖြစ်ပြီးတော့ အဆင့်မြင့်စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ဖို့လည်း ပြင်ဆင်နေပါတယ်”

“အကယ်၍ လူကြီးမင်းတို့ ရှန်ဟိုင်းကို ရောက်လာခဲ့ရင် ကျွန်တော့်ဆီကို လာရောက်အားပေးဖို့ မမေ့ပါနဲ့ဦး၊ ကျွန်တော်ပဲ တာဝန်ယူ ဧည့်ခံပါရစေ"

ထိုလူစုမှာ အနည်းငယ် အံ့အားသင့်သွားကြသည်။ ၎င်းတို့အားလုံးမှာ ဝါရင့်လုပ်ငန်းရှင်ကြီးများ ဖြစ်ကြသဖြင့် ကျိုးထျန်းက အတော်ပင် ငယ်ရွယ်သေးကြောင်း တစ်ချက်ကြည့်ရုံနှင့် သိရှိနိုင်သည်။

သူ၏ဖော်ပြချက်အရဆိုလျှင် ဤလူငယ်လေးတွင် မနည်းလှသော ပိုင်ဆိုင်မှုများ ရှိနေပေလိမ့်မည်။

ထို့ပြင် ဝင်ရောက်လာကတည်းက သူ၏ ထူးခြားလှသော အရှိန်အဝါကို ၎င်းတို့ သတိပြုမိခဲ့ကြပြီး ၎င်းမှာ သူနှင့် သက်တူရွယ်တူများထက် များစွာသာလွန်နေခဲ့သည်။

ထို့အပြင် မျက်လုံးများထဲတွင် တည်ငြိမ်မှုအချို့ ရှိနေသလို လူများကို ကြည့်ရှုသည့်အခါတွင်လည်း ထက်မြက်လှသော အရိပ်အယောင်များ ရှိနေခဲ့သည်။

သူ့ ကိုယ်တိုင်မိတ်ဆက်မှုကိုပါ ကြားသိလိုက်ရသည့်အခါ ဤအောင်မြင်နေသော ပုဂ္ဂိုလ်ကြီးများမှာ မိမိတို့ထက် အသက်ဝက်ကျော်မျှ ငယ်ရွယ်သော ကျိုးထျန်းအား စတင်၍ အလေးအနက်ထားလာကြတော့သည်။

"ဒါဆိုရင်တော့ ငါတို့က သူ့ကို ဥက္ကဋ္ဌကျိုးလို့ပဲ ခေါ်ရတော့မှာပေါ့။ ဥက္ကဋ္ဌကျိုး... မင်းက ဒီလောက်အထိ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ တကယ်ကို အထင်ကြီးစရာပဲ”

“ကဲ... မိတ်ဆွေသစ်အတွက် အတူတူ ဝိုင်တစ်ခွက်လောက် သောက်ပြီး ဂုဏ်ပြုကြရအောင်"

ဥက္ကဋ္ဌဟုန်သည် သူ၏ မြောက်ပိုင်း လေယူလေသိမ်းနှင့် ပြတ်သားလှသော စရိုက်အတိုင်းပင် အစပျိုးကာ ဝိုင်တစ်ခွက်ကို အကုန်သောက်လိုက်ရာ ကျိုးထျန်းကလည်း အလျင်အမြဲပင် လိုက်လံသောက်သုံးလိုက်သည်။

ဤစားပွဲဝိုင်းတွင် ၎င်းတို့ သောက်နေကြသည်မှာ ဘီယာ မဟုတ်ပါချေ၊ ၎င်းတို့သည် တရုတ်အရက်ဖြူ ကို သောက်နေကြခြင်း ဖြစ်သည်။

သူသည် မျက်နှာတစ်ချက်မပျက်ဘဲ အရက်ကို မော့ချလိုက်သဖြင့် ထိုနေရာရှိ အခြားသော လုပ်ငန်းရှင်ကြီးများက ကျိုးထျန်းအား ခေါင်းညိတ်ပြလိုက်ကြသည်။

"မစ္စတာကျိုးက တကယ်ကို အရက်သောက်နိုင်တာပဲ"

"လူကြီးမင်းတို့ကလည်း ချီးမွမ်းလွန်းနေပါပြီဗျာ။ ကျွန်တော်ကသာ စီနီယာကြီးတွေကို ဂုဏ်ပြုပြီး သောက်ရမှာပါ"

မစ္စတာဟုန်သည် သူက ဝဝတုတ်တုတ် အမျိုးသားနှင့် မည်သို့ ဆုံတွေ့ခဲ့ကြောင်းကို စိတ်ဝင်စားနေသဖြင့် မေးခွန်းထုတ်လာခဲ့သည်။

ကျိုးထျန်းသည် ထိုဝဝတုတ်တုတ် အမျိုးသားက အိမ်ထောင်ရှိအမျိုးသမီးများကို လိုက်လံပိုးပန်းခဲ့သည့် ဇာတ်ကြောင်း၏ အစနှင့် အဆုံးကို ချန်လှပ်ထားခဲ့ကာ အကျဉ်းချုပ်မျှသာ ပြန်လည်ပြောပြလိုက်သည်။

နားထောင်ပြီးနောက် လူတိုင်းက စကားတစ်ခွန်းမျှမဆိုဘဲ ပြုံးလိုက်ကြသည်။

အဆုံးသတ်တွင်မူ မစ္စတာဟုန်က မနေနိုင်ဘဲ လှမ်းမေးလိုက်တော့သည်။

"မစ္စတာကျိုး... ချောင်လေး အရိုက်ခံရတာ မိန်းမတစ်ယောက်ကြောင့် မဟုတ်လား"

ထမင်းစားပွဲရှိ လူအားလုံးက ထိုဝဝတုတ်တုတ် အမျိုးသားအား လက်ညှိုးထိုးကာ တဟားဟား အော်ရယ်ကြတော့သည်။

"သေချာတာပေါ့။ ငါတို့က သူ့အကြောင်းကို မသိဘဲ နေမလား။ သူက အိမ်ထောင်ရှိအမျိုးသမီးတွေကို မြူဆွယ်ရတာ သဘောကျတာလေ။ သူ သေချာပေါက် အဲဒီမိန်းမတွေရဲ့ ယောက်ျားတွေဆီမှာ အရိုက်ခံရတာ ဖြစ်ရမယ်"

ချောင်ကျွင်းကျဲ့ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရသော်လည်း သူ့ လည်ပင်းကို ဆန့်လိုက်ပြီး သူ၏ အရက်ခွက်ကို လှမ်း၍ ကိုင်လိုက်သည်။

"လူကြီးမင်းတို့က ကျွန်တော့်ကို ဝိုင်းရယ်နေကြတာပေါ့ ဟုတ်လား။ လူကြီးမင်းတို့ နားမလည်ပါဘူးဗျာ။ အဲဒီအရွယ် အမျိုးသမီးတွေက တကယ်ကို ဆွဲဆောင်မှု ရှိတာ"

"အပြစ်ပေးတဲ့အရက် သောက်ရမယ်။ ကျွန်တော့်ကို ရယ်တဲ့လူတိုင်း အပြစ်ပေးတဲ့အရက် သောက်ရမယ်"

ကျိုးထျန်းပင်လျှင် ရယ်မောလိုက်မိသည်။ ကြည့်ရတာ ဤဝဝတုတ်တုတ် အမျိုးသားမှာ ဤကဲ့သို့သောအလုပ်မျိုးကို ပထမဆုံးအကြိမ် လုပ်ဆောင်ခြင်း မဟုတ်ပုံရချေ။

သူ ယခင်ကလည်း အကြိမ်ကြိမ် အရိုက်ခံခဲ့ရဖူးပုံပေါ်သည်။

ကျောက်ဖန်ကလည်း သူမ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ရယ်မောနေခဲ့ပြီး မုယန်နှင့် ကျောက်ရှင်းတို့ကမူ ထိုဝဝတုတ်တုတ် အမျိုးသားအား အထင်သေးသော မျက်လုံးများဖြင့် ကြည့်ရှုလိုက်ကြသည်။

"ကျိုးလေး... မင်းက သူ့ကို မကယ်ဘဲနဲ့ အရိုက်ခံခိုင်းလိုက်ရမှာ။ သူ့ရဲ့ ဒီရောဂါကို ကုပေးရမယ်။ သူ ဘာဖြစ်လို့ ဒီလို အကျင့်မျိုး ရှိနေရတာလဲဆိုတာကို ငါတောင် နားမလည်နိုင်တော့ဘူး"

"ဟုတ်ပဗျာ... ငယ်ရွယ်တဲ့ မိန်းကလေးတွေကိုကျတော့ သူက သဘောမကျဘူး၊ ရင့်ကျက်တဲ့လူတွေကိုကျတော့ စိတ်မဝင်စားပြန်ဘူး”

“စိတ်လှုပ်ရှားချင်လို့တဲ့ အိမ်ထောင်ကျခါစ လူတွေနဲ့ပဲ ဆက်ရတာကို သဘောကျနေတာ"

လူတိုင်းက ထိုဝဝတုတ်တုတ် အမျိုးသားလေးအား အတူတကွ ဝိုင်းဝန်းနောက်ပြောင်လိုက်ကြသဖြင့် အချင်းချင်းကြားရှိ အကွာအဝေးမှာ များစွာ ပိုမို နီးကပ်သွားခဲ့ရသည်။

အတူတကွ ဂုဏ်ပြုသောက်သုံးရင်း နောက်ထပ် အရက်အနည်းငယ် ဝင်သွားခဲ့ပြီးနောက် ကျိုးထျန်း၏မျက်နှာမှာလည်း အနည်းငယ် နီမြန်းလာခဲ့သည်။

"ကျိုးလေး... မင်းက ဒီကို အလည်အပတ် လာတာလား" ဟု မစ္စတာဟန်က ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်... ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ရည်းစားက ဒီကို အလည်လာရင်းနဲ့ ကျောက်ရှင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့တာပါ”

“ အဲဒါကြောင့် အတူတူ ဆုံဖြစ်ရင်း မိတ်ဆွေအချို့နဲ့ ထမင်းစားပွဲလုပ်နေတုန်း အားလုံးနဲ့ အခုလို ဆုံတွေ့ရတာ ဖြစ်ပါတယ်"

"အလည်လာတာမှတော့ ပျော်ပျော်ပါးပါး ကစားရမှာပေါ့။ မနက်ဖြန်ကျရင် သာမန်လူတွေ သွားလို့မရတဲ့ နေရာတွေကို လိုက်ပို့ပေးဖို့အတွက် ငါ လူတစ်ယောက် စီစဉ်ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် မစ္စတာဟန်" ကျိုးထျန်းက အရက်ခွက်ကို မြှောက်လိုက်သည်။

"ဟေး... လောင်ဟန် မင်းက ရုပ်ရှင်နဲ့ ဗီဒီယိုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေရတာ အဆင်ပြေတာပေါ့”

“ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာလေ။ ငါတို့ရဲ့ အိမ်ခြံမြေလုပ်ငန်းကကျတော့ အဲဒီလို မဟုတ်ဘူးဗျ။ ဘဝက ခက်ခဲလွန်းတယ်" ဟု အိမ်ခြံမြေကုမ္ပဏီမှ မစ္စတာဟုက ခါးသီးစွာဖြင့် ခေါင်းခါလိုက်သည်။

"လောင်ဟူ... မင်းကတော့ မတရားပြောပြီ။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ မင်း စီးပွားရေးတွေ အကြီးအကျယ် ဖြစ်ထွန်းခဲ့ပြီးတော့... အခုကျမှ ဆင်းရဲချမ်းသာ လာညည်းပြနေတယ်" ဟု ဥက္ကဋ္ဌဟုန်က သူ၏ ပုခုံးကို လှမ်း၍ ပုတ်လိုက်သည်။

"မစ္စတာကျိုး... မင်း အိမ်ဝယ်ချင်တဲ့အချိန်တိုင်း ငါ့ဆီကို လာခဲ့လို့ရပါတယ်နော်။ ငါတို့ကုမ္ပဏီက ရှန်ဟိုင်းမှာ စီမံကိန်းတစ်ခု ရှိတယ်၊ မကြာခင်မှာ ရောင်းချတော့မှာ ဖြစ်လို့ ငါ မင်းကို အထူးလျှော့စျေး ပေးပါ့မယ်"

"ကျေးဇူးတင်ပါတယ် မစ္စတာဟူ၊ ကျွန်တော် သေချာပေါက် သွားရောက်ကြည့်ရှုပါ့မယ်"

ကျိုးထျန်းသည် လက်ရှိအချိန်တွင် နောက်ထပ် အိမ်တစ်လုံး ထပ်မံဝယ်ယူရန် အစီအစဉ် မရှိချေ။

သူ့ ဗီလာမှာပင် သူ နေထိုင်၍ မကုန်နိုင်လောက်အောင် ကျယ်ဝန်းလှပေသည်။

လူတိုင်း စကားစမြည် ပြောဆိုနေကြစဉ်မှာတင် စင်္ကြန်လမ်းဘက်ဆီမှနေ၍ ကျယ်လောင်လှသော ခြေသံများ ထွက်ပေါ်လာခဲ့သည်။

ယန်စီမြစ်ခန်းမ၏ အသံလုံစနစ်မှာ အလွန်ပင် ကောင်းမွန်လှသော်လည်း အပြင်ဘက်မှ ဆူညံသံများကိုမူ အနည်းငယ် ကြားနေရဆဲ ဖြစ်သည်။

လူတိုင်းက အရက်သောက်လျက် ဂုဏ်ပြုနေကြသဖြင့် ထိုအသံကို သတိမပြုမိခဲ့ကြပါချေ။

မကြာမီ အချိန်အတွင်းမှာတင် အပြင်ဘက်မှ စားပွဲထိုးမိန်းကလေး၏ စူးစူးဝါးဝါး အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

လူတိုင်း အချင်းချင်း ဂုဏ်ပြုနေကြခြင်းကို ရပ်တန့်လိုက်ကြသည်။

ဒုန်း

သီးသန့်ခန်း၏ တံခါးမှာ ပြင်းထန်စွာ ကန်ဖွင့်ခြင်း ခံလိုက်ရပြီး စားပွဲထိုးမိန်းကလေးမှာ အခန်းတွင်းသို့ ယိမ်းထိုးလျက် ဝင်ရောက်လာခဲ့ရသည်။

လူတိုင်း အံ့အားသင့်သွားခဲ့ရသည်။

‘ ဒါ ဘာဖြစ်တာလဲ’

ထို့နောက် ထွားကြိုင်းလှသော အမျိုးသားအချို့ ဝင်ရောက်လာခဲ့ကြပြီး ၎င်းတို့တစ်ဦးစီ၏ ကိုယ်ပေါ်တွင် ရှုပ်ထွေးလှသော တက်တူးများဖြင့် ပြည့်နှက်နေကာ လူမိုက်ပုံစံ အပြည့် ဖြစ်နေခဲ့သည်။

"မင်းတို့ထဲက ဘယ်သူက ကျိုးထျန်းလဲ"

ထိုလူစုကို ဦးဆောင်လာသော၊ ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားရှိသည့် ထွားကြိုင်းသောအမျိုးသားက သူ့ လက်ဆစ်များကို ချိုးလိုက်သည်။

မိမိ၏နာမည်ကို ခေါ်ဆိုလိုက်သံကို ကြားရသည့်အခါ ကျိုးထျန်းမှ လှည့်၍ မတ်တပ်ရပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် သူ့ စိတ်ထဲ၌ သံပရာအာရုံခံနိုင်စွမ်း စနစ်ကြောင့် စိတ်မသက်မသာ ဖြစ်မှု ထပ်မံ ဖြစ်ပေါ်လာခဲ့ပြန်သည်။

သူ ချက်ချင်းပင် သဘောပေါက်လိုက်သည်

‘ဒါက သေချာပေါက် ချိုးလန် လွှတ်လိုက်တဲ့ ကောင်တွေပဲ ဖြစ်ရမယ်’

‘ငါ သိသားပဲ။ ဒီကောင်က တကယ်ပဲ အောက်တန်းကျတဲ့ နည်းလမ်းကို သုံးရဲတာပဲ၊ ဒါက တကယ့်ကို သေကြောင်းကြံစည်တာပဲ’

သူသည် စိတ်ထဲမှနေ၍ ထိုယောက်ကလျာပုံစံရှိသောလူကို စာရင်းထဲမှ ပယ်ဖျက်ပစ်လိုက်သည်။

သူသည် မူလက သူ့အား သင်ခန်းစာအချို့ ပေးရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သော်လည်း ယခုတွင်မူ အခြေအနေက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဤမျှအထိ ပြင်းထန်လှသော ကလဲ့စားချေလိုစိတ်နှင့် စိတ်ကျဉ်းမြောင်းလှသော လူတစ်ယောက်ကို အမြစ်ပြတ်အောင် မချေမှုန်းပစ်နိုင်ပါက နောင်တွင် အကျိုးဆက်များက အဆုံးသတ်နိုင်လိမ့်မည် မဟုတ်ချေ။

သူ မတ်တပ်ရပ်လိုက်သည်ကို မြင်တွေ့ရသည့်အခါ ထိုလူမိုက်ခေါင်းဆောင်က ပြုံးလိုက်ပြီး သူ့အား လက်ညှိုးထိုးလိုက်သည်။

"အပြင်ထွက်ခဲ့စမ်း၊ ငါတို့ စကားပြောရအောင်"

ကျိုးထျန်းသည် သူ့ဘေးရှိ ကျောက်ဖန်အား လှမ်းကြည့်လိုက်ရာ သူမသည် ဖုန်းခေါ်ဆိုနေခဲ့ပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

ကျိုးထျန်းသည် ခုနလေးတင်ကမှ သူမအား လုံခြုံရေးဝန်ထမ်းများ စီစဉ်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

"အဲဒီလူတွေက အခု အနီးအနားမှာပဲ ရှိနေတာ၊ မကြာခင် ရောက်လာလိမ့်မယ်"

ကျောက်ဖန်၏ပြန်လည်ဖြေကြားမှုကို ကြားလိုက်ရသည့်အခါ ကျိုးထျန်းသည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး တံခါးဝရှိ လူစုအား စိုက်ကြည့်လိုက်သည်။

"မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ ဘာလုပ်ချင်လို့လဲ"

"စကားမများနဲ့ မင်းကို အပြင်ထွက်ခဲ့လို့ ပြောနေရင် ချက်ချင်း ထွက်ခဲ့စမ်း၊ မဟုတ်ရင်တော့ ငါ့ကို အာကြမ်းလျှာကြမ်း ဖြစ်သွားတယ်လို့ လာမပြောနဲ့"

ပြောဆိုပြီးနောက် ထိုလူမိုက်ခေါင်းဆောင်သည် သူ့ ခါးကြားမှနေ၍ ခေါက်ဓားတစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဓားကို ဖြန့်လိုက်ကာ သူ့ အရှေ့တွင် အကြိမ်အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။

သူ၏မျက်နှာတွင် အလွန်အမင်း ထောင်လွှားစော်ကားသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။

ကျိုးထျန်းသည် သူ့ မျက်လုံးများကို မှေးလိုက်မိပြီး သူ့ လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆွဲကိုင်ထားလျက် အလွန်အမင်း ထိတ်လန့်နေသော လျိုမုယန်အား အသာအယာ ပုတ်ပေးလိုက်သည်။

ထိုအခိုက်အတန့်တွင် ဝဝတုတ်တုတ် ချောင်ကျွင်းကျဲ့သည် စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်ပြီး မတ်တပ်ရပ်လျက် ဒေါသတကြီးဖြင့် အော်ဟစ်မေးမြန်းလိုက်တော့သည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ။ ဒီနေရာအထိ လာပြီးတော့ ပြဿနာရှာရဲရုံတင်မကဘဲ လက်နက်တွေကိုပါ သုံးနေကြတာလား။ ဥပဒေဆိုတာကိုကော မရှိတော့ဘူးလား"

သူသည် ဤလူများမှာ ကျိုးထျန်းအား ပြဿနာရှာရန် ရည်ရွယ်ချက်ရှိရှိ လာရောက်ခြင်း ဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့် ကျိုးထျန်း၏ဘက်မှ မတ်တပ်ရပ်ကာ ကာကွယ်ပေးလိုခြင်း ဖြစ်သည်။

သူနှင့်အတူ ကျိုးထျန်းအား လာရောက်ရှာဖွေခဲ့သော၊ မျက်မှန်နှင့် သိမ်မွေ့တည်ငြိမ်သော အမျိုးသားသည်လည်း မတ်တပ်ရပ်လိုက်ပြီး ပြတ်သားစွာ ပြောဆိုလိုက်သည်။

"မင်းတို့ရဲ့ လက်နက်တွေကို အခုချက်ချင်း ချလိုက်စမ်း၊ မဟုတ်ရင်တော့ အကျိုးဆက်ကို မင်းတို့ ခံစားရလိမ့်မယ်" သူ့ မျက်နှာထားမှာလည်း အလွန်ပင် တင်းနေခဲ့သည်။

သို့သော်လည်း သူ့ စိတ်ထဲ၌မူ သူ၏အထက်လူကြီးမှာ စောစောစီးစီး အိမ်ပြန်သွားခဲ့ပြီ ဖြစ်သဖြင့် အသာအယာ သက်ပြင်းချနိုင်ခဲ့မိသည်။

အကယ်၍သာ ထိုလူကြီး ရှိနေစဉ်အတွင်း ဤကဲ့သို့သောအဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ခဲ့ရပါက ဟန်တျန်းဒေသတစ်ခုလုံး အကြီးအကျယ် ပရမ်းပတာဖြစ်သွားပေလိမ့်မည်။

ထိုနေရာရှိ အခြားလူများကလည်း ဤအချက်ကို တွေးတောလိုက်မိကြသဖြင့် ၎င်းတို့၏ မျက်နှာများမှာ ချက်ချင်းမည်းမှောင်သွားခဲ့ရတော့သည်။

ဤလူများမှာ ကျိုးထျန်းအားလာရောက်ရှာဖွေခြင်း ဖြစ်စေ၊ မဖြစ်စေ... ၎င်းတို့သည် တံခါးကို ကန်ဖွင့်ခဲ့ရုံမျှမက စားပွဲထိုးမိန်းကလေးကိုပါ ဒဏ်ရာရအောင် ပြုလုပ်ခဲ့ကြသည်။

ဤအရာမှာ ထောင်လွှားစော်ကားခြင်း သက်သက်မျှသာ မဟုတ်တော့ဘဲ ဥပဒေကို ချိုးဖောက်လိုက်သည့် ရာဇဝတ်မှုပင် ဖြစ်ပေသည်။

ထိုလူစုကို ဦးဆောင်လာသော ထွားကြိုင်းသောအမျိုးသားမှာမူ ၎င်းတို့၏ သတိပေးချက်များကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး ထမင်းစားပွဲဆီသို့ အပြင်းအထန် ပြေးဝင်လာခဲ့တော့သည်။

"ဥပဒေ ဟုတ်လား ငါကသာ ဥပဒေပဲကွ"

သူသည် သူ့ လက်မောင်းနှစ်ဖက်ကို အသုံးပြုကာ ပြင်းထန်စွာ ဆွဲလှန်လိုက်ရာ...

ခလွမ်း

ဟင်းပွဲများနှင့် ဝိုင်ပုလင်းများအားလုံး ပါဝင်နေသော ထမင်းစားပွဲကြီးတစ်ခုလုံးမှာ လေပေါ်သို့ ပျံတက်သွားခဲ့ရပြီး သီးသန့်ခန်းအတွင်းရှိ နေရာအနှံ့သို့ ပြန့်ကျဲသွားခဲ့ရသည်။

All Chapters