အခန်း ၂၁၉
Vol. 22 Ch. 219
🍋 Chapter 219
ကျိုးထျန်းသည် ပြတင်းပေါက်၏ အပြင်ဘက်သို့ လှမ်း၍ ကြည့်ရှုလိုက်ရာ မှန်သားပြင်ပေါ်တွင် အနီရောင်နှင့် အပြာရောင် မီးရောင်အမြောက်အမြား လာရောက်ထင်ဟပ်နေခဲ့သည်။
ထွက်ပေါ်လာသော အသံများကို နားထောင်ခြင်းအားဖြင့် ရဲကားတစ်စီးတည်း မဟုတ်သည်မှာ သေချာလှပေသည်၊ အနည်းဆုံး အစီးတစ်ဆယ်ကျော်ခန့် ရှိပေလိမ့်မည်။
"ဘာဖြစ်လို့လဲ... ဘာလို့ ကြောင်အမ်းနေတာလဲ? ခုနတုန်းက ဓားကို အကျအန ဝှေ့ယမ်းပြနေတာ မဟုတ်ဘူးလား၊ ဆက်ပြီး ဝှေ့ယမ်းပြလေကွာ"
သူဌေးဟန်က သူ၏ ကားဆရာကို ခေါင်းညိတ်ပြလိုက်သည်။
"ချကြစမ်း"
သူ၏ အမိန့်ပေးသံအဆုံးတွင် တံခါးဝရှိ လူပေါင်းများစွာမှာ အခန်းတွင်းသို့ ပြင်းထန်စွာ တိုးဝင်လာခဲ့ကြပြီး ထိုလူမိုက်များကို ဝိုင်းအုံကာ ဝိုင်းဝန်းရိုက်နှက်ကြတော့သည်။
ထိုလူမိုက်ခေါင်းဆောင်သည် ယခင်က ထောင်လွှားစော်ကားနေခဲ့သော အမူအရာများ လုံးဝ ပျောက်ကွယ်သွားခဲ့ရပြီး သူ၏ ဓားကို ပစ်ချကာ သူ၏ ဦးခေါင်းကိုသာ အသည်းအသန် ကာကွယ်ထားလိုက်ရတော့သည်။
"ရိုက်ကြစမ်း...ပြင်းပြင်း ရိုက်ကြ၊ အသက်မသေရုံပဲ ထားလိုက်"
လက်သီးချက်များနှင့် ခြေကန်ချက်များမှာ မိုးပွင့်များသဖွယ် ကျရောက်လာခဲ့ပြီး သူဌေးဟန်ကိုယ်တိုင်ပင်လျှင် ရှေ့သို့ တိုးထွက်ကာ အကြိမ်အနည်းငယ် လှမ်း၍ ကန်ကျောက်လိုက်သေးသည်။
ထိုသို့ ဝိုင်းဝန်းရိုက်နှက်ခြင်းမှာ ငါးမိနစ်ခန့်အထိ ကြာမြင့်သွားခဲ့ပြီး ရဲအရာရှိတစ်ဦး တံခါးဝမှနေ၍ မနည်းတိုးဝင်လာခဲ့သည့် အချိန်ကျမှသာ ထိုလူစုမှာ ရိုက်နှက်ခြင်းကို ရပ်တန့်လိုက်ကြတော့သည်။
လူအုပ်ကြီး ဘေးသို့ ဖယ်ပေးလိုက်သည့်အခါ ကြမ်းပြင်ပေါ်ရှိ လူမိုက်များမှာ လူရုပ်ပင် မပေါ်တော့ဘဲ တစ်ကိုယ်လုံး သွေးချင်းချင်းနီလျက် ဖြစ်နေသည်။
ရဲအရာရှိသည် ၎င်းတို့အား တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဘာမှမမြင်လိုက်ရသကဲ့သို့ အခြားဘက်သို့ မျက်နှာလွှဲလိုက်သည်။
သူသည် ထိုသိမ်မွေ့တည်ငြိမ်သော အမျိုးသား၏ ဘေးနားသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားခဲ့ပြီး ရိုသေစွာဖြင့် အလေးပြုလိုက်တော့သည်။
"သူတို့အားလုံးကို ဖမ်းဆီးခေါ်ဆောင်သွားလိုက်" ထိုသိမ်မွေ့သော အမျိုးသားက ကြမ်းပြင်ပေါ်ရှိ လူများကို အေးစက်စွာဖြင့် လှမ်းကြည့်လိုက်သည်။
ရဲတပ်ဖွဲ့၏ အနောက်မှနေ၍ အောက်ထပ်သို့ ဆင်းလာခဲ့စဉ်တွင် ကျိုးထျန်းသည် အနည်းငယ် ထိတ်လန့်နေဆဲ ဖြစ်သော လျိုမုယန်၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်ထားခဲ့သည်။
"မုယန်... မင်း အရင်ဦးဆုံး ဟိုတယ်ကို ပြန်ပြီးတော့ အနားယူနှင့်လိုက်နော်။ ငါ သူတို့နဲ့အတူ လိုက်သွားရဦးမယ်"
"မလုပ်ပါဘူး... နင် တစ်ယောက်တည်း သွားရမှာကို စိတ်မချပါဘူး၊ ငါလည်း လိုက်ခဲ့မယ်"
လျိုမုယန်က သူ၏ လက်မောင်းကို တင်းကျပ်စွာ ဆွဲကိုင်ထားခဲ့ပြီး လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။
"ငါလည်း လိုက်ခဲ့မယ် မုယန်နဲ့အတူ လိုက်သွားပေးမယ်" ကျောက်ရှင်းကလည်း အရှေ့သို့ တိုးထွက်လာခဲ့ပြီး ကျိုးထျန်း၏ လက်မောင်းတစ်ဖက်ကို လှမ်း၍ ချိတ်လိုက်သည်။
ကျောက်ဖန်က စကားတစ်ခွန်းမျှ မဆိုခဲ့သော်လည်း ၎င်းတို့၏ အနောက်မှနေ၍ လိုက်ပါလာခဲ့သည်။
"ကောင်းပြီလေ... ဒါဆိုရင်လည်း အတူတူ သွားကြတာပေါ့"
ဤကဲ့သို့သော အရေးကြီးသည့် အခိုက်အတန့်တွင် မိမိအား ဝိုင်းဝန်းကူညီပေးမည့်လူများ ရှိနေခြင်းက သူ၏ စိတ်ကို များစွာ နွေးထွေးစေခဲ့သည်။
ကျောက်ဖန်သည်လည်း လုံခြုံရေးဝန်ထမ်းများကို စကားလှမ်းပြောလိုက်ပြီး စားသောက်ဆိုင်အတွင်း၌ ကျိုးထျန်း၏ လုံခြုံရေးကို အနီးကပ် စောင့်ရှောက်ရန် ညွှန်ကြားလိုက်သည်။
စားသောက်ဆိုင်၏ ဧည့်ခန်းမတွင်းသို့ ဝင်ရောက်လိုက်သည့်အခါ ခုနက တွေ့ရှိခဲ့သော စားသောက်ဆိုင်ပိုင်ရှင်မှာ တံခါးဝတွင် ထိုင်လျက် သူ့ ဦးခေါင်းကို ဆွဲကိုင်ထားခဲ့ရသည်။
သူလည်းပဲ သေချာပေါက် ရိုက်နှက်ခြင်းကို ခံလိုက်ရပုံပေါ်သည်။
"ဒီကောင်တွေက တကယ့် ရူးသွပ်နေတဲ့ ခွေးရူးတွေပဲ၊ မြင်တဲ့လူမှန်သမျှ အကုန်လိုက်ရိုက်နေတာ" ဟု ကျိုးထျန်းက ညည်းတွားလိုက်ရာ သူ့ ဘေးပတ်ဝန်းကျင်ရှိ လုပ်ငန်းရှင်ကြီးများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။
စားသောက်ဆိုင်၏ အပြင်ဘက်သို့ လှမ်း၍ လျှောက်လှမ်းလိုက်သည့်အခါ ကျိုးထျန်းသည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်မိပြီး ချက်ချင်းပင် ကြောင်အမ်းသွားခဲ့ရတော့သည်။
သူတစ်ယောက်တည်းသာမက လျိုမုယန်နှင့် ကျောက်မိသားစုမှ အမျိုးသမီးနှစ်ဦးစလုံးပါ အံ့အားသင့်သွားခဲ့ကြရသည်။
လမ်းမထက်တွင် လူအုပ်ကြီးဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်ရာ ၎င်းတို့အားလုံးမှာ သေချာပေါက် ဟန်လီကျွင်း၏ခေါ်ယူမှုကြောင့် ရောက်ရှိလာကြခြင်း ဖြစ်ပေလိမ့်မည်။
သူ၏ဖုန်းတစ်ချက် ခေါ်ဆိုလိုက်မှုက ဟန်တျန်းဒေသရှိ လူဦးရေ၏ထက်ဝက်ခန့်ကို ရောက်ရှိလာစေခဲ့သည်။
သို့သော်လည်း ဤအရာမှာ ကျိုးထျန်းအား အံ့အားသင့်စေခဲ့သည့်အရာ မဟုတ်ပါချေ။
သူ့အား ပိုမိုထိတ်လန့်သွားစေခဲ့သည့်အရာမှာ ထိုနေရာတွင် ရဲကားအစီးရေ ၃၀ ကျော်ခန့် ရှိနေခြင်းပင် ဖြစ်သည်။
လူများကို သယ်ဆောင်ရန်အတွက် ကြီးမားလှသော မော်တော်ယာဉ်ကြီးအချို့လည်း ရှိနေခဲ့ကြသေးသည်။
သတ်မှတ်ထားသော နေရာ၏ အကွာအဝေးတစ်ခုတွင် အနက်ရောင် သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်ကြီးများ ရှိနေခြင်းက ပိုမို၍ အံ့အားသင့်စရာ ကောင်းလှပေသည်။
၎င်းတို့မှာ လက်နက်ကိုင် ရဲတပ်ဖွဲ့ ၏ မော်တော်ယာဉ်များ ဖြစ်ကြသည်။
အနက်ရောင် စစ်ဦးထုပ်များကို ဝတ်ဆင်ထားပြီး ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားကြသော လက်နက်ကိုင် ရဲအရာရှိနှစ်တန်းမှာ ထိုသိမ်မွေ့တည်ငြိမ်သော အမျိုးသား၏ အရှေ့သို့ ခပ်သွက်သွက် ပြေးဝင်လာခဲ့ကြသည်။
ထိုလူစုကို ဦးဆောင်လာသော အရာရှိက အလေးပြုလိုက်သည်။
ထိုသိမ်မွေ့သောအမျိုးသားက ချက်ချင်းပင် လက်ညှိုးကို ပါးစပ်တွင်တင်ကာ ငြိမ်ငြိမ်နေရန် အချက်ပြလိုက်သည်။
ရဲအရာရှိများက ခေါင်းညိတ်ပြလိုက်ကြပြီး ၎င်းတို့၏ ပါးစပ်ကို ပိတ်ကာ သွေးချင်းချင်းနီနေခဲ့ပြီ ဖြစ်သော လူမိုက်များရှိရာသို့ လျှောက်လှမ်းသွားခဲ့ကြတော့သည်။
အရာရှိတစ်ဦးက အရှေ့သို့ တိုးထွက်ကာ ၎င်းတို့အား စစ်ဆေးကြည့်ရှုလိုက်သည်။
"ကပ္ပတိန်... သူတို့ အသက်မသေပါဘူး၊ ဒါပေမဲ့ ချက်ချင်း ဆေးကုသမှု ခံယူဖို့တော့ လိုအပ်ပါတယ်"
ထိုရဲအရာရှိမှာ စိတ်ထဲမှနေ၍ တုန်လှုပ်သွားခဲ့ရသည်။
ဤလူမိုက်များမှာ အလွန်ပင် ဆိုးရွားလှသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ရာ
‘ ဘယ်သူကများ ဒီပုဂ္ဂိုလ်ကြီးများကို လာရောက်ပြစ်မှားရဲရတာပါလိမ့်။ ဒါက တကယ့်ကို သေကြောင်းကြံစည်တာပဲ’
"ကောင်းပြီ... သူတို့ကို အနီးဆုံး ဆေးရုံကို ပို့ဆောင်လိုက်ကြစမ်း။ မင်း လူအချို့ကို ခေါ်ပြီးတော့ သူတို့ကို သေသေချာချာ စောင့်ကြည့်ထားလိုက်၊ အကယ်၍ တစ်ယောက်ယောက်သာ ထွက်ပြေးသွားခဲ့ရင် မင်းတို့အားလုံး ရာထူးကနေ ပြုတ်သွားလိမ့်မယ်"
"ဟုတ်ကဲ့ပါ လူကြီးမင်း"
ကပ္ပတိန်က ထပ်မံ၍ အလေးပြုလိုက်ပြီးနောက် ထိုလူစုကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့တော့သည်။
ရဲကားမှာလည်း ထွက်ဆိုချက်များ ရယူရန်အတွက် ၎င်းတို့၏ အနောက်မှနေ၍ ဆေးရုံသို့ လိုက်ပါသွားခဲ့သည်။
၎င်းတို့နှင့်အတူ ထမင်းစားခဲ့ကြသော အခြားလူများမှာမူ ရေချိုးသန့်စင်ရန်နှင့် အဝတ်အစားလဲလှယ်ရန်အတွက် ဟန်လီကျွင်း၏စီစဉ်ပေးမှုဖြင့် အနီးဆုံး ဟိုတယ်တစ်ခုသို့ ရောက်ရှိသွားခဲ့ကြသည်။
တစ်နာရီခန့် ကြာမြင့်သွားခဲ့ပြီးနောက် ယခင်က ထမင်းစားပွဲတွင် ရှိနေခဲ့ကြသော ပုဂ္ဂိုလ်ကြီးများအားလုံးမှာ ဟန်တျန်းရဲစခန်း၏ အစည်းအဝေးခန်းမတွင်း၌ ပြန်လည်စုစည်းမိသွားခဲ့ကြသည်။
၎င်းတို့၏ မျက်နှာများတွင် ဒေါသအရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့ကြပြီး ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ဝဝတုတ်တုတ် ချောင်ကျွင်းကျဲ့သည် လူတိုင်းအား လှမ်းကြည့်လိုက်ပြီးနောက် ကျိုးထျန်း၏ ဘေးတွင် လာရောက်ထိုင်လိုက်သည်။
"မစ္စတာကျိုး... ထိုလူမိုက်တွေက ဒီကို ရောက်လာတဲ့အချိန်မှာ မင်းရဲ့ နာမည်ကို တကူးတက ခေါ်ပြီးတော့ ပြဿနာရှာခဲ့ကြတာ၊ အဲဒါ ဘာဖြစ်လို့လဲဗျ"
လူတိုင်းမှ သူ့အား လှမ်း၍ ကြည့်ရှုလိုက်ကြသည်၊ အဘယ်ကြောင့်ဆိုသော် ယနေ့ဖြစ်ပွားခဲ့သော ကိစ္စရပ်အားလုံးမှာ သေချာပေါက် ကျိုးထျန်းကြောင့် စတင်ခဲ့ခြင်း ဖြစ်သောကြောင့်ပင်။
"တကယ်တော့ အခြေအနေက ဒီလိုပါ..."
သူသည် ယနေ့မွန်းလွဲပိုင်းအချိန်တုန်းက ကော်ဖီဆိုင်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များနှင့် ယနေ့ညနေပိုင်းအချိန်တွင် ချိုးလန်နှင့် ဆုံတွေ့ခဲ့သည့် အခြေအနေများကို အကျဉ်းချုပ်မျှ ပြန်လည်ပြောပြလိုက်သည်။
သူသည် မည်သည့်အရာကိုမျှ ပိုမို၍ ချဲ့ကားပြောဆိုခြင်းမပြုဘဲ အမှန်တရားအတိုင်းသာ ပွင့်လင်းစွာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
နားထောင်ပြီးနောက် ထိုချောင်ကျွင်းကျဲ့သည် စားပွဲကို လက်ဖြင့် ပြင်းထန်စွာ ရိုက်လိုက်တော့သည်။
"တောက်... ကောင်စုတ်၊ ငါ သူ့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ သူက ဘာကောင်လို့ ထင်နေတာလဲ။ သူက တကယ်ပဲ ဟန်တျန်းရဲ့ ဧကရာဇ်မင်းလို့ ထင်နေတာလား"
ဟန်လီကျွင်း၏မျက်နှာထားမှာလည်း အလွန်ပင်အရုပ်ဆိုးလှပေသည်။
သူ့ နယ်မြေအတွင်းတွင် ဤမျှအထိ ရွံရှာဖွယ်ကောင်းသော လူတစ်ယောက် မည်သို့ ရှိနေနိုင်ပါမည်နည်း။
အဓိကအချက်မှာ ယနေ့ ရောက်ရှိနေကြသော ဧည့်သည်တော်များမှာ အရှိန်အဝါကြီးမားလှသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည့်အပြင် ကျိုးထျန်းသည်လည်း ဤနေရာသို့ အလည်အပတ် လာရောက်ခြင်းမျှသာ ဖြစ်သည်။
သူသည်သာ တစ်ဦးတည်းသော အိမ်ရှင်ဖြစ်ပါလျက်နှင့် ဤကဲ့သို့သောအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ရခြင်းမှာ သူ့ တာဝန်သာ ဖြစ်ပေသည်။
သူသည် စိတ်ထဲမှနေ၍ တွေးတောလိုက်မိသည်။
‘ကံကောင်းလို့ အဓိကပုဂ္ဂိုလ်ကြီးက စောစောစီးစီး ပြန်သွားခဲ့လို့ပေါ့။ အကယ်၍သာ သူ ရှိနေတုန်း အဲ့ဒီလူမိုက်တွေနဲ့ ကြုံရင် ငါတော့ သေချာပေါက် သေရလိမ့်မယ်’
သူသည် သူ့ ဖုန်းအသစ်ကို ထုတ်ယူလိုက်သည်။
သူ၏ဖုန်းအဟောင်းမှာမူ ခုနကတင် ပြင်းထန်စွာ ရိုက်ခွဲခြင်း ခံလိုက်ရပြီ ဖြစ်သည်။
"ကျန်းလေး... လူတစ်ချို့ကို ခေါ်ပြီးတော့ ချိုးလန်ကို ငါ့အရှေ့ကို ရောက်အောင် ခေါ်ခဲ့စမ်း"
သူသည် တိုးညင်းလှသော အသံဖြင့် အမိန့်ပေးလိုက်သော်လည်း ၎င်းမှာ ဟိန်းဟောက်သံနှင့် ဆင်တူလှပေသည်။
သူသည် ဖုန်းကို ချလိုက်ပြီးနောက် ကျိုးထျန်းအား လှမ်းကြည့်လိုက်သည်။
"ကျိုးလေး... မင်း ဟန်တျန်းကို ပထမဆုံးအကြိမ် လာလည်တဲ့အချိန်မှာ ဒီလို ပြဿနာမျိုးနဲ့ ကြုံရတဲ့အတွက် ငါ တကယ်ပဲ ရှက်ပါတယ်ကွာ"
ကျိုးထျန်းက အရှေ့သို့ အလျင်အမြဲ တိုးထွက်လိုက်ပြီး ဟန်လီကျွင်း၏ လက်များကို လှမ်း၍ ဆွဲကိုင်လိုက်သည်။
"မစ္စတာဟန်... လူကြီးမင်းကလည်း ဘာစကားတွေ ပြောနေတာလဲဗျာ။ ဒါတွေအားလုံးက ချိုးလန်ရဲ့ အပြစ်တွေပဲ ရှိတာပါ၊ လူကြီးမင်းနဲ့ ဘာမှမဆိုင်ပါဘူး"
သူသည် စိတ်ထဲမှနေ၍ မစ္စတာဟန်၏ပိုင်ဆိုင်မှုမှာ မိမိထက် အဆပေါင်းများစွာ ပိုမိုများပြားလှသည့်အပြင် သူသည် မိမိထက်လည်း အသက်အရွယ် များစွာကြီးမားလှကြောင်း သိရှိထားသည်။
ဤအဖြစ်အပျက်မှာ သူ၏ နယ်မြေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သော်လည်း သူကိုယ်တိုင်မှာမူ ဤအကြောင်းကို လုံးဝသိရှိထားခြင်း မရှိခဲ့ချေ။
ထို့ကြောင့် ၎င်းကို သူ့အပြစ်ဟု သတ်မှတ်၍ မရနိုင်ပေ။
ထို့ပြင် မစ္စတာဟန်မှ မိမိအား ဤမျှအထိ ယဉ်ကျေးပျူငှာစွာ ဆက်ဆံနေခြင်းမှာ ထိုချောင်ကျွင်းကျဲ့ကြောင့်သာ ဖြစ်ကြောင်း သူ နားလည်ထားသဖြင့် မိမိကိုယ်ကိုယ် အထင်ကြီးနေ၍ မရချေ။
"လူကြီးမင်းတို့ခင်ဗျာ... ဒါတွေအားလုံးက ကျွန်တော့်ရဲ့ အပြစ်ပါဗျာ အကယ်၍ ကျွန်တော် လူကြီးမင်းတို့ရဲ့ သီးသန့်ခန်းထဲကို ဝင်မလာခဲ့ရင် ဒီလို ကိစ္စမျိုး ဖြစ်မှာ မဟုတ်ပါဘူး"
သူသည် အလွန်ပင် နောင်တရနေသော မျက်နှာအမူအရာကို ပြသလိုက်သည်။
ဤကဲ့သို့သော အချိန်မျိုးတွင် သူသည် အခင်းအကျင်းကောင်းတစ်ခုကို ဖန်တီးပြရန် လိုအပ်ပေသည်။
ဤပုဂ္ဂိုလ်ကြီးများမှာ အကျိုးအကြောင်း နားလည်တတ်ကြသူများ ဖြစ်ကြသည့်အပြင် ၎င်းတို့အားလုံးမှာလည်း ဤကိစ္စနှင့် ပတ်သက်၍ တစ်စိတ်တစ်ဝမ်းတည်း ဒေါသထွက်နေကြခြင်း ဖြစ်သည်။
မိမိဘက်မှနေ၍ အပြစ်ကို တာဝန်ယူလိုက်ခြင်းက ၎င်းတို့၏ စိတ်ထဲတွင် ကောင်းမွန်သော အထင်အမြင်ကိုသာ ကျန်ရှိစေမည် ဖြစ်သည်။
"ကျိုးလေး... ဒါ မင်းရဲ့ အပြစ် မဟုတ်ပါဘူး၊ မင်း ခုနက ပြောခဲ့တာအရဆိုရင် အဲ့ကောင်က ပထမဦးဆုံး မင်းတို့ရဲ့ ထမင်းစားပွဲကို ဖျက်ဆီးခဲ့ရုံတင်မကဘဲ အခုကျတော့ ငါတို့ရဲ့ ထမင်းစားပွဲကိုပါ လူလွှတ်ပြီး ထပ်မံဖျက်ဆီးခိုင်းပြန်ပြီ”
“ တစ်ကြိမ်တည်းဆိုရင်တော့ တိုက်ဆိုင်မှုလို့ ပြောလို့ရပေမဲ့... နှစ်ကြိမ်တိုင်တိုင် ဖြစ်လာခဲ့ပြီဆိုရင်တော့ ဒီကောင်က တကယ့်ကို ပြဿနာရှာတတ်တဲ့ကောင် ဖြစ်နေပြီပဲ"
ထိုသိမ်မွေ့သော အမျိုးသားက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။
အစမှ အဆုံးတိုင်အောင် သူသည် လက်ရှိအချိန်အပါအဝင် အားလုံးထဲတွင် အတည်ငြိမ်ဆုံးလူ ဖြစ်နေခဲ့သည်။
အခြားလူများကလည်း သူ၏ စကားကို ကြားသိရပြီးနောက် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြကြပြီး ထိုချောင်ကျွင်းကျဲ့ပင်လျှင် ပြုံးလျက် ကျိုးထျန်း၏ ပုခုံးကို လှမ်း၍ ပုတ်ပေးလိုက်သည်။
"အစ်ကိုကျန်း ပြောတာ မှန်တယ်ဗျာ၊ ဒါတွေအားလုံးက အဲ့ပြဿနာရှာတတ်တဲ့ကောင်ရဲ့ အပြစ်တွေပဲ"
ကျိုးထျန်းက စိတ်ထဲမှနေ၍ တွေးတောလိုက်မိသည်။
ဤပုဂ္ဂိုလ်သည် သေချာပေါက် အစိုးရပိုင်းနှင့် ပတ်သက်သော နောက်ခံအရှိန်အဝါ ရှိနေပေလိမ့်မည်၊
ထို့ပြင် ဤလူအုပ်စုကြားထဲတွင် သူ၏ ရာထူးအဆင့်အတန်းမှာ ချောင်ကျွင်းကျဲ့နှင့် ဆင်တူလှပေသည်။
ချောင်ကျွင်းကျဲ့မှာ အစိုးရအရာရှိတစ်ဦး မဟုတ်ပေ၊ သို့သော်လည်း သူသည် မစ္စတာဟန်နှင့် အခြားသော စီးပွားရေးသမားများကဲ့သို့ အစိုးရအရာရှိများနှင့် နီးကပ်လွန်းလှသည့် ပုံစံမျိုးလည်း မရှိနေချေ။
ဤနေရာတွင် ဖြစ်နိုင်ခြေ နှစ်ခုသာ ရှိပေသည်။
ပထမတစ်ခုမှာ သူ၏ မိသားစုတွင် ကြီးမားလှသော အဆက်အသွယ်များ ရှိနေခြင်း သို့မဟုတ် ဒုတိယတစ်ခုမှာ သူသည် အရှိန်အဝါကြီးမားလှသော ပုဂ္ဂိုလ်ကြီးတစ်ဦးဦး၏ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
သို့သော်လည်း ဤအကြောင်းကို တိုက်ရိုက် မေးမြန်းရန် မသင့်တော်ချေ၊ သူသည် မိမိရရှိထားသော အချက်အလက်များအပေါ် အခြေခံ၍သာ ခန့်မှန်းကြည့်နိုင်ပေသည်။
ကျိုးထျန်းသည် ခဏမျှ တွေးတောလိုက်ပြီးနောက် လူတိုင်းအား လှမ်း၍ စကားဆိုလိုက်သည်။
"လူကြီးမင်းတို့... ဒီလိုလုပ်ရင်ကော ဘယ်လိုလဲဗျာ၊ ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအတွက် ကျွန်တော့်မှာလည်း တာဝန်အနည်းငယ် ရှိနေတာမို့လို့... မနက်ဖြန်ကျရင် ကျွန်တော် လူကြီးမင်းတို့ အားလုံးကို ထမင်းတစ်နပ်လောက် ပြန်ဧည့်ခံပါရစေ"
ထိုချောင်ကျွင်းကျဲ့က ပထမဦးဆုံးပင် လှမ်း၍ ပြန်လည်ဖြေကြားလိုက်သည်။
"ကောင်းတာပေါ့ဗျာ ထမင်းစားပွဲ လုပ်တာ တကယ်ကို ကောင်းတယ်၊ ငါတို့ ဒီနေ့ အရက်ကို ဝဝလင်လင် မသောက်ရသေးဘူးလေ၊ အဲဒါကြောင့် မနက်ဖြန်ကျရင် နောက်ထပ် ထမင်းစားပွဲတစ်ခု ထပ်လုပ်ကြတာပေါ့၊ ငါတို့ အားရပါးရ သောက်ကြရမယ်နော်"
ထိုအခါ အခြားသော သူဌေးကြီးများကလည်း ပြုံးလျက် ထောက်ခံကြတော့သည်။
ဤစီးပွားရေးသမားများမှာ နေ့စဉ်ရက်ဆက် လူမှုရေးအရ ဆုံတွေ့နေကြရသည်မှာ အကျင့်ဖြစ်နေခဲ့ပြီ ဖြစ်သည့်အပြင် ထိုချောင်ကျွင်းကျဲ့တွင်လည်း ကြီးမားလှသော အရှိန်အဝါ ရှိနေခဲ့ရာ နောက်ထပ် ထမင်းစားပွဲတစ်ခု ထပ်မံပြုလုပ်ခြင်းက ၎င်းတို့အချင်းချင်းကြားရှိ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည် ဖြစ်သည်။
သို့သော်လည်း ထိုသိမ်မွေ့သော အမျိုးသားကမူ ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"ငါကတော့ မလိုက်တော့ဘူး၊ မနက်ဖြန်ကျရင် ငါ ဟန်ကျိုးကို ပြန်ရတော့မှာပါ၊ အလုပ်မှာ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေ အများကြီး ရှိနေသေးလို့"
ချောင်ကျွင်းကျဲ့ကမူ ပြုံးလျက် သူ့ လက်မောင်းကို ထိုအမျိုးသား၏ ပုခုံးပေါ်သို့ လှမ်း၍ တင်လိုက်သည်။
"အတွင်းရေးမှူးကျန်း... မင်း အလုပ်ရှုပ်နေတာကို ငါ သိပါတယ် ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင်တော့ ငါ့ကို သေချာပေါက် ပြန်တောင်းပန်ရမယ်နော်"
"ပြဿနာမရှိပါဘူး၊ ဒါပေမဲ့ နောက်တစ်ကြိမ်ကျရင် မင်းက ယောက်ျားရှိတဲ့ အမျိုးသမီးတွေကို ထပ်ခေါ်လာဦးမယ်ဆိုရင်တော့ ငါ သေချာပေါက် မလိုက်တော့ဘူးနော်၊ ငါ အရှက်မကွဲချင်တော့ဘူး"
လူတိုင်းက တဟားဟားဖြင့် ထပ်မံ၍ ရယ်မောလိုက်ကြပြန်ရာ ဤတစ်ကြိမ်တွင်မူ ချောင်ကျွင်းကျဲ့သည် အနည်းငယ် ရှက်ရွံ့တတ်သွားခဲ့ပြီ ဖြစ်ပုံရသည်။
ကျိုးထျန်း၏ ဝေခွဲမရ ဖြစ်နေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသည့်အခါ ဥက္ကဋ္ဌဟန်မှ ရယ်မောလျက် ရှင်းပြလိုက်တော့သည်။
"ပြီးခဲ့တဲ့အကြိမ်တုန်းက ငါတို့ အတူတူ ထမင်းစားကြတော့... ချောင်လေးက အမျိုးသမီးတစ်ဦးကို ခေါ်လာခဲ့တာလေ၊ ဒါပေမဲ့ ထမင်းစားလို့ တစ်ဝက်လောက် ရောက်တဲ့အချိန်မှာပဲ အဲ့အမျိုးသမီးရဲ့ ယောက်ျားက ရောက်လာခဲ့တာ”
“ငါတို့သာ ဝိုင်းဝန်းပြီးတော့ မတားပေးခဲ့ရင် သူ သေချာပေါက် အပြင်းအထန်အရိုက်ခံရတော့မှာ"