← Chapters

အခန်း ၉၆

Vol. 9 Ch. 96

အခန်း ၉၆

Vol. 9 Ch. 96

အခန်း ၉၆ - အဆိပ်သင့်အက်ဆစ်မိုး

ဝမ်ထောင်သည် ယနေ့တွင် ဟန်ရွှေနှင့်အတူ အပြင်သွားရန် စီစဉ်ထားသော်လည်း မနေ့ညကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည်။

မိုးရွာခြင်းက ဇွန်ဘီများ၏ အာရုံခံနိုင်စွမ်းကို ထိခိုက်စေသော်လည်း သည်းထန်သောမိုးက လူသားတို့၏ လှုပ်ရှားမှုနှင့် အာရုံခံနိုင်စွမ်းကိုလည်း အဟန့်အတားဖြစ်စေ၏။ လွန်ကဲသော မိုးရေကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာပါက အသက်အန္တရာယ်ပင် စိုးရိမ်ရနိုင်သည်။

သို့ဖြစ်ရာ ဘေးကင်းလုံခြုံရေးအတွက် ဝမ်ထောင်က ခရီးစဉ်ကို တစ်ရက်ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်တော့သည်။

ဝမ်ထောင်ထံမှ သတင်းစကားကို ရရှိသောအခါ ဟန်ရွှေလည်း သက်ပြင်းအသာချနိုင်သွား၏။ သူမသည် ဝမ်ထောင်နှင့် နှစ်ယောက်တည်း ရှိနေရသည်ကို ခပ်လန့်လန့်ဖြစ်နေမိသည်။ နောက်ပိုင်းတွင် သူက သူမကို ထပ်မံခေါ်ဆောင်ဦးမည်ဖြစ်သော်လည်း လောလောဆယ်တွင်မူ တစ်ရက်ပြီးတစ်ရက် အချိန်ဆွဲထားနိုင်သေးသည် မဟုတ်ပါလား။ ကော်မတီဝင်တစ်ဦးအနေဖြင့် ဝမ်ထောင်တွင် သတ်မှတ်ထားသော တာဝန်ဟူ၍ မရှိချေ။ စခန်း၏ ဖွံ့ဖြိုးတိုးတက်ရေး သုတေသနလုပ်ငန်းများကိုလည်း စိတ်မဝင်စားသဖြင့် စခန်း၌ ရှိနေစဉ်အတောအတွင်း သူသည် တော်တော်လေး အားလပ်နေခဲ့သည်။

ယနေ့အတွက် ဝမ်ထောင်၏ အစီအစဉ်မှာ စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အိပ်စက်ခြင်းနှင့် မရီးဖြစ်သူနှင့်အတူ ကြည်နူးစရာ ဂိမ်းကစားခြင်းတို့သာ ဖြစ်သည်။

သူသည် အိမ်အပြင်ပင် မထွက်တော့ဘဲ ကမ္ဘာပျက်ကပ်ကြီးထဲတွင် အိမ်တွင်းပုန်းဘဝကို တစ်ခါလောက် ခံစားနေလိုက်၏။

သို့သော်လည်း ဝမ်ထောင်တစ်ယောက် လေ့ကျင့်ခန်းလုပ်နေစဉ် အပေါ်ထပ်မှ တင်ယွီချင်၏ အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဝမ်ထောင်... အမြန်လာကြည့်ပါဦး"

"ဘာဖြစ်လို့လဲ"

ဝမ်ထောင် ဒုတိယထပ်သို့ အ​မြန်တက်လာခဲ့သည်။

တင်ယွီချင်သည် ဝရန်တာရှိ မှန်တံခါးအကွယ်တွင် ရပ်နေပြီး အပြင်ဘက်မှ အရာတစ်ခုကို လက်ညှိုးထိုးပြနေ၏။

ဝမ်ထောင်က တင်ယွီချင် ညွှန်ပြရာသို့ ကြည့်လိုက်ရာ သူ၏မျက်ဝန်းများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။

"ဒါက... ပေါ့သိုစ်ပန်းပင်လား..."

မူလက ဝရန်တာတွင် ပေါ့သိုစ်ပန်းအိုး အနည်းငယ် ရှိခဲ့သည်။ ဤအပင်မျိုးသည် မိုးရေကို နှစ်သက်သဖြင့် တင်ယွီချင်က အိမ်ထဲသို့ သွင်းမထားခဲ့ပါ။

သို့သော် ယခုအခါ ထိုပေါ့သိုစ်ပင်များ၏ အရွယ်အစားမှာ သိသိသာသာ ကြီးထွားလာခဲ့ပြီး အရွက်များမှာ ကြာပဒုမ္မာရွက်များနီးပါး ကြီးမားနေကြ၏။

"ဒါ ပေါ့သိုစ်ပင်ပဲ... ဘယ်လို... ဘယ်လိုလုပ် ဒီလောက်ကြီးသွားရတာလဲ..."

တင်ယွီချင်တစ်ယောက် မယုံကြည်နိုင် ဖြစ်နေရှာသည်။

ဤအပင်များမှာ ယခင်ကလည်း ကြီးထွားဖူးသော်လည်း တရွေ့ရွေ့နှင့်သာ ဖြစ်ပြီး ယခုကဲ့သို့ သိသိသာသာကြီးတော့ မကြီးထွားခဲ့ချေ။ တစ်ညတာအတွင်း၌ ယခုမျှ ကြီးထွားလာခြင်းမျိုးနှင့် လုံးဝသာမန်မဟုတ်ပေ။

ထို့အပြင် ပေါ့သိုစ်ပင်တင် မကသေးပါ။ ဝမ်ထောင် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ခြံဝင်းအတွင်းရှိ ကြက်သွန်မြိတ်များကလည်း ယခင်ကထက် နှစ်ဆ၊ သုံးဆမျှ ပိုမိုကြီးထွားနေသည်ကို သတိပြုမိလိုက်သည်။

ဝမ်ထောင်၏ မျက်မှောင်များ အထပ်ထပ် တွန့်သွားရ၏။ ဤသည်မှာ ကမ္ဘာပျက်ကပ်ကြီး ဖြစ်သဖြင့် ယခုကဲ့သို့ ထူးဆန်းသော ဖြစ်ရပ်များမှာ ကောင်းသောလက္ခဏာ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ သူသည် မှန်တံခါးကိုဖွင့်ကာ မိုးရေထဲသို့ လက်တစ်ဖက် လှမ်းထုတ်လိုက်သည်။

ခဏမျှ သေသေချာချာ ခံစားကြည့်ပြီးနောက် ဝမ်ထောင်သည် သူ၏လက်ကို ချက်ချင်းပြန်ရုပ်လိုက်ပြီး မျက်နှာပျက်သွား၏။

"ဒီမိုးရေထဲမှာ တစ်ခုခုမှားနေပြီ! ငါ တော်တော်လေး နေရခက်တဲ့ ခံစားချက်ကို ခံစားရတယ်"

၎င်းမှာ စိတ်အာရုံကြောင့်ဖြစ်သော ခံစားချက်သက်သက် မဟုတ်ချေ။ အဓိကအကျဆုံးမှာ ဝမ်ထောင်သည် သူ၏သွေးပမာဏ (HP) ကျဆင်းနေသည်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်၏။

သူသည် တစ်မိနစ်လျှင် သွေးပမာဏ တစ်စက်ခန့် လျော့နည်းနေခဲ့သည်။

"ဝမ်ထောင်... ဘာဖြစ်လို့လဲ..."

ဝမ်ထောင်၏ ပျက်ယွင်းနေသော မျက်နှာအမူအရာကို မြင်သော် တင်ယွီချင်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"ဒီမိုးက အဆိပ်ရှိတယ်"

ဝမ်ထောင် သေသေချာချာတော့ ရှင်းမပြတတ်ပါ။ အဓိကမှာ သူကိုယ်တိုင်လည်း အကြောင်းအရင်းကို တိတိကျကျ မသိသေးခြင်းကြောင့်ဖြစ်ပြီး အရိုးရှင်းဆုံးနှင့် နားလည်ရအလွယ်ဆုံး စကားကိုသာ ရွေးချယ်ပြောဆိုလိုက်ခြင်းပင်။

"အဆိပ်ရှိတယ် ဟုတ်လား..."

တင်ယွီချင် လန့်ဖျပ်သွားကာ ဝမ်ထောင်၏ လက်မောင်းကို ဆွဲပြီး အခန်းထဲသို့ အတင်းခေါ်သွင်းလိုက်တော့သည်။

"ဒါဆို မိုးရေထဲ လုံးဝမသွားနဲ့တော့"

တင်ယွီချင်၏ စိုးရိမ်ပူပန်မှုကို ခံစားမိသဖြင့် ဝမ်ထောင်က ခေါင်းခါပြလိုက်သည်။

"မရီး... အရမ်းကြီး မစိုးရိမ်ပါနဲ့။ အဆိပ်ရှိတယ်ဆိုပေမယ့် ပြင်းအား မများပါဘူး။ မိုးရေနဲ့ အချိန်အကြာကြီး ထိတွေ့မနေရင် ရပါပြီ။"

ဝမ်ထောင် သူ၏လက်ကို ပြန်ကြည့်လိုက်သော်လည်း ဒဏ်ရာ သို့မဟုတ် ထိုကဲ့သို့သော အရာမျိုး ထင်ထင်ရှားရှား ပေါ်မလာသေးချေ။

"မိုးမစဲမချင်း အပြင်မထွက်ပါနဲ့ မရီး။"

"အင်းပါ"

ဝမ်ထောင်နှင့် တင်ယွီချင်တို့သည် အိမ်၏ တံခါးနှင့် ပြတင်းပေါက်အားလုံးကို ပိတ်လိုက်ကြပြီးနောက် မိုးရေတွင် အဆိပ်ရှိကြောင်း အခြားသော ကော်မတီဝင်များထံသို့ အကြောင်းကြားလိုက်သည်။

ဝမ်ထောင်သည် မိုးရေထဲတွင် သွေးအားကျဆင်းရခြင်း၏ သဘောသဘာဝကို သေချာမသိသေးချေ။ တစ်မိနစ်လျှင် တစ်စက်နှုန်းဖြင့် ပုံသေကျဆင်းနေခြင်းလော။ သို့မဟုတ် အစပိုင်းတွင် နည်းပါးပြီး နောက်ပိုင်းမှ ပို၍များပြားလာခြင်းလော။ သို့မဟုတ် လျော့နည်းသွားပြီးမှ တဖြည်းဖြည်း ရပ်တန့်သွားမည်လော။

အရာအားလုံးမှာ ဖြစ်နိုင်ခြေရှိ၏။ သို့ဖြစ်ရာ လက်တွေ့မစမ်းသပ်ဘဲ မိုးရေ၏ အဆိပ်ပြင်းအားကို ဝမ်ထောင် အတိအကျ မပြောနိုင်သေးချေ။

အခြားကော်မတီဝင်များနှင့် ဆက်သွယ်ပြီးနောက်မှ ဤမိုးရေသည် အဆိပ်ရှိရုံတင်မကကြောင်း သိရှိလိုက်ရတော့သည်။

"ဒီမိုးက တိုက်စားနိုင်စွမ်းရှိတဲ့ ပုံပဲ။ ငါ့ကားက မိုးထဲမှာ တစ်ညလုံး ရှိနေတော့ အပြင်ဘက် ဘော်ဒီတွေ သံချေးတက်ကုန်ပြီ"

"ငါ့အိမ်ရှေ့မှာ စိုက်ထားတဲ့ ပန်းပင်အချို့က ပိုကြီးလာပေမယ့် အချို့အပင်တွေကျတော့ ပိုးသတ်ဆေးအဖျန်းခံရသလို ညှိုးနွမ်းခြောက်သွေ့ကုန်တယ်..."

"စစ်သားတစ်ယောက် သတင်းပို့တာတော့ အပြင်က ဇွန်ဘီတွေက ပိုပြီး ပုပ်ပွဆွေးမြည့်သွားတဲ့ ပုံစံမျိုး ဖြစ်နေတယ်တဲ့..."

"..."

အချက်အလက်များကို အပြန်အလှန် ဖလှယ်ပြီးနောက်တွင်မူ ဤမိုးရွာသွန်းမှုသည် ကောင်းကျိုးလော၊ ဆိုးကျိုးလောဟူသည်ကို မည်သူမျှ အသေအချာ မပြောနိုင်ကြသေးချေ။ မိုးစဲသည်အထိ စောင့်ကြည့်ရန်သာ ရှိတော့သည်။

ထို့နောက် ရန်ကျဲ့သည် စခန်းတစ်ခုလုံးသို့ အသံချဲ့စက်မှတစ်ဆင့် သတင်းထုတ်ပြန်ချက်ကို စတင်ကြေညာလေသည်။ စခန်း၏ သတ်မှတ်ထားသော နေရာအချို့တွင် ကော်မတီထံမှ သတင်းစကားများ လက်ခံရရှိနိုင်ရန် စပီကာများကို တပ်ဆင်ထားလေ၏။ စပီကာသံမှာ အလွန်ကျယ်လောင်ခြင်း မရှိသော်လည်း ၎င်းတို့အနီးတွင် လူများရှိနေသဖြင့် ထိုလူများမှတစ်ဆင့် ဘေးပတ်ဝန်းကျင်သို့ သတင်းစကားများ ထပ်ဆင့်ဖြန့်ဝေပေးကာ စခန်းတစ်ခုလုံးသို့ သတင်းရောက်ရှိသွားသည်။

ရန်ကျဲ့သည် အသက်ရှင်ကျန်ရစ်သူ အားလုံးအား အိမ်တွင်း၌သာ နေထိုင်ကြရန်နှင့် မိုးရေထဲသို့ တတ်နိုင်သမျှ မထွက်ကြရန် နှိုးဆော်လိုက်သည်။ မိုးရေထဲတွင် တစ်စုံတစ်ခု မှားယွင်းနေပုံရသောကြောင့် ဖြစ်၏။

သို့သော် အဆိပ်ရှိခြင်း သို့မဟုတ် တိုက်စားနိုင်စွမ်းရှိခြင်း စသည့် သံသယဖြစ်ဖွယ် အသေးစိတ်အချက်အလက်များကိုမူ ရန်ကျဲ့ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ချေ။

ဝမ်ထောင်က ရန်ကျဲ့ ထည့်ပြောရန် မေ့လျော့သွားသည်ဟု ထင်မှတ်ခဲ့သော်လည်း မကြာမီမှာပင် မိမိ၏ အတွေးတိမ်မှုကို သဘောပေါက်သွားခဲ့သည်။ မိုးက ပိုမိုသည်းထန်လာပြီး စခန်းအတွင်း၌ ရေများ စတင်လျှံတက်လာခဲ့ပြီ ဖြစ်သည်။ ရေများကို ရေနုတ်မြောင်းများမှတစ်ဆင့် ဖောက်ထုတ်ရန် လူအင်အားကို စုစည်းရတော့မည်။ ရန်ကျဲ့သည် အသက်ရှင်ကျန်ရစ်သူများကို မိုးကာအင်္ကျီများ ဝတ်ဆင်စေကာ ရေနုတ်ရန် စေလွှတ်လိုက်၏။

"သူတို့ကို မိုးရေထဲမှာ အဆိပ်ရှိတယ်လို့ လောလောဆယ် ပြောလို့မရဘူး။ မဟုတ်ရင် သူတို့ ကြောက်ပြီး ရေမနုတ်ရဲကြဘဲ ငါတို့စခန်း ရေနစ်မြုပ်သွားလိမ့်မယ်..."

ရန်ကျဲ့က ရှင်းပြသည်။

ဝမ်ထောင်အပါအဝင် အခြားသူများအားလုံး မည်သည့်စကားမျှ မဆိုကြချေ။

၎င်းမှာ လူသားချင်းစာနာမှု ကင်းမဲ့သည်ဟု ထင်မှတ်ရသော်လည်း 'ကြင်နာတတ်လွန်းသူသည် အရာရှိ မလုပ်အပ်' ဟူသော စကားပုံအတိုင်းပင် ဖြစ်သည်။ ရန်ကျဲ့သည် စခန်းတစ်ခုလုံး၏ အကျိုးစီးပွားကို ငဲ့ကွက်၍ စဉ်းစားဆောင်ရွက်ခြင်း ဖြစ်သဖြင့် အပြစ်ဆိုဖွယ် မရှိပေ။

လူများကို စုစည်း၍ ရေနုတ်သည့်အခါ ကြီးကြပ်ကွပ်ကဲမည့်သူ လိုအပ်သဖြင့် ဝမ်ထောင်ကိုယ်တိုင် မိုးကာအင်္ကျီဝတ်ကာ လိုက်ပါသွားခဲ့ရသည်။

မိုးရေ၏ တိုက်စားနိုင်စွမ်းကို ထည့်သွင်းစဉ်းစားပြီး ဝမ်ထောင်သည် သူ၏ကိုယ်ပိုင်ကားကို မမောင်းနှင်ခဲ့ချေ။ သူ့တွင် ကားနှစ်စီးရှိပြီး လျှပ်စစ်စွမ်းအင်သုံး SUV နှင့် ဒီဇယ်သုံး ပစ်ကပ်ကား ဖြစ်သည်။ သို့သော် ကားနှစ်စီးစလုံးမှာ အမိုးအကာရှိသော ဂိုဒေါင်ထဲတွင် ရှိနေသဖြင့် မိုးရေနှင့် ထိတွေ့ခြင်း မရှိခဲ့ချေ။

စခန်းအတွင်း၌ ကားအများအပြား ရှိနေသဖြင့် ဝမ်ထောင်သည် တာဝန်ကျဝန်ထမ်းများထံမှ SUV ကားတစ်စီးကို တိုက်ရိုက်အသုံးချလိုက်သည်။

အခြားကော်မတီဝင်များလည်း ထိုနေရာသို့ ဦးတည်သွားကြ၏။ ဝမ်ထောင်သည် မသွားမီ ဆရာများတိုက်ခန်းဘက်သို့ ခရီးတစ်ထောက် ဝင်ခဲ့သေးသည်။

ဝမ်ထောင် ဆရာများတိုက်ခန်းသို့ ရောက်သောအခါ ဆန်းဝေကွမ်းတစ်ယောက် ဝေါ်ကီတော်ကီဖြင့် တစ်စုံတစ်ယောက်ကို စကားပြောနေသည်ကို တွေ့လိုက်ရသဖြင့် လှမ်းခေါ်လိုက်သည်။

"ဆန်းဝေကွမ်း... မင်းမိန်းမ ဟန်ရွှေ ဘယ်မှာလဲ..."

ဆန်းဝေကွမ်း လန့်သွားပြီး ဝမ်ထောင်ကို မြင်သောအခါ ကပျာကယာ ပြန်​ဖြေလိုက်မိသည်။

"သူ... သူ အိမ်မှာရှိတယ်..."

"ကောင်းပြီ။"

ဝမ်ထောင်သည် အခြားစကားတစ်ခွန်းမျှ မဆိုတော့ဘဲ အပေါ်ထပ်သို့ တန်းတက်သွားခဲ့သည်။

"..."

ဆန်းဝေကွမ်း ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့ပြီး အိမ်ပေါ်သို့ လိုက်သွားရမလား မဝေခွဲတတ် ဖြစ်နေ၏။

သူသည် ဟန်ရွှေနှင့် အတူနေထိုင်ဆဲ ဖြစ်သော်လည်း ယခုအခါ အိပ်ခန်းခွဲ၍ အိပ်ကြသည်။ ဟန်ရွှေသည် သူ့ကို စကားသိပ်မပြောဘဲ အေးစက်စက် အမူအရာဖြင့်သာ ဆက်ဆံပြီး အိမ်ငှားဖော်တစ်ဦးကဲ့သို့ သဘောထားနေ၏။

အချို့အချိန်များတွင် ဆန်းဝေကွမ်း အနည််းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။ မည်သို့ပင်ဆိုစေ ဟန်ရွှေမှာ သူ၏ဇနီးဖြစ်ပြီး အတူတကွ အချိန်အတော်ကြာ နေထိုင်ခဲ့ကြသူများ မဟုတ်ပါလား။ ယခုမူ သူတို့သည် သူစိမ်းများကဲ့သို့ ဖြစ်နေကြရပြီ။ အဆိုပါဆေးဝါးသည် သောက်ပြီးလျှင် အတိတ်မေ့စေတတ်သည်ဟု သူ့ကို အသေအချာ ပြောခဲ့ကြသော်လည်း ဟန်ရွှေက အရာအားလုံးကို မှတ်မိနေခဲ့သည်။

ဆေးအတုများက ဘဝကို ပျက်စီးစေသည်ပဲ။

သို့သော် အချိန်အတော်များများတွင်မူ ဆန်းဝေကွမ်းသည် ယခုကဲ့သို့ အေးချမ်းမှုကို နှစ်သက်မိသည်။ တကယ်လို့ သူသာ အိမ်အသစ်တစ်ခု လျှောက်ထား၍ ရခဲ့မည်ဆိုပါက အိုရင်းရင်းနှင့်အတူ သွားရောက်နေထိုင်မိသည်မှာ ကြာပြီဖြစ်လိမ့်မည်။

ဟန်ရွှေသည် တံခါးပွင့်သံကို ကြားရသောအခါ ဆန်းဝေကွမ်း ပြန်လာသည်ဟု ထင်မှတ်သဖြင့် ဂရုမစိုက်ဘဲ နေလိုက်သည်။

ပြတင်းပေါက်မှ ဝင်ရောက်လာသော အလင်းရောင်ကို အရိပ်ရှည်ကြီးတစ်ခုက ကွယ်လိုက်သည်ကို ခံစားမိသောအခါမှ

ဟန်ရွှေ မော့ကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်သွားတော့သည်။

"ရှင်... ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ..."

ဝမ်ထောင် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟန်ရွှေ... ဒါက ဘာအမူအရာလဲ။ ငါက စခန်းရဲ့ ကော်မတီဝင်တစ်ယောက်အနေနဲ့ မင်းကို အလုပ်တာဝန် ပေးအပ်ဖို့ ကိုယ်တိုင်လာခဲ့တာ။ မင်းက ငါ့ကို မကြိုဆိုဘူးပေါ့ ဟုတ်လား..."

"မဟုတ်ပါဘူး... ကျွန်မ ဆိုလိုတာက..."

ဟန်ရွှေ ရှင်းပြချင်သော်လည်း အချိန်အတော်ကြာသည့်တိုင် မည်သို့ပြောရမှန်း မသိဖြစ်နေသည်။ သူမ ခေါင်းငုံ့ကာ သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။

"ကော်မတီဝင် ဝမ်... ကျွန်မ လုပ်ရမယ့် အလုပ်တွေကို ညွှန်ကြားပါ..."

ဝမ်ထောင်သည် တကယ်တမ်းတွင် စိတ်ဆိုးနေခြင်း မဟုတ်ပေ။ သူမကို စနောက်လိုက်ခြင်းသာ ဖြစ်သည်။ သူက ပြုံးလျက် ပြောလိုက်၏။

"ငါနဲ့အတူ အခြားလူတွေ ရေနုတ်တာကို သွားပြီး ကြီးကြပ်ရအောင်။ ပြီးတော့ မင်းရဲ့ စွမ်းရည်နဲ့ အချို့အရာတွေကို အာရုံခံပေးဖို့လည်း လိုအပ်တယ်။"

"ဟုတ်ကဲ့။"

ဟန်ရွှေ မိုးကာအင်္ကျီ ဝတ်ဆင်ပြီးနောက် နှစ်ဦးသား အပြင်သို့ လှောက်လှမ်းခဲ့ကြသည်။ ဝမ်ထောင် တံခါးကို ဖွင့်လိုက်သည်နှင့် တံခါးကို မှီနေသော ဆန်းဝေကွမ်းတစ်ယောက် အခန်းထဲသို့ လဲကျလုနီးပါး ဖြစ်သွား၏။

"...မင်း ဘာလုပ်နေတာလဲ..."

ဝမ်ထောင်၏ မျက်နှာက တင်းမာသွားသည်။

"ဟို... ဟိုလေ... ကျွန်တော် ခြေချော်သွားလို့ပါ..."

ဆန်းဝေကွမ်း ရှက်ရှက်နှင့် ပျာပျာသလဲ ရှင်းပြရှာသည်။

ဟန်ရွှေကတော့ ဆန်းဝေကွမ်းကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ အပြင်သို့ တန်းထွက်သွားလေ၏။

ဟန်ရွှေ အောက်ထပ်သို့ ဆင်းသွားပြီးနောက် ဝမ်ထောင် ထွက်ခွာရန် ပြင်ဆင်လိုက်ပြီးမှ ဆန်းဝေကွမ်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"မင်းမှာ တော်တော် ထူးဆန်းတဲ့ ဝါသနာ ရှိတာပဲ..."

"..."

၎င်းတို့နှစ်ဦးစလုံး ထွက်ခွာသွားပြီးနောက် ဆန်းဝေကွမ်းသည် အခန်းထဲသို့ အပြေးအလွှား ဝင်ရောက်ကာ အခန်းတွင်းရှိ လေထုကို နမ်းရှုံ့ကြည့်လိုက်သည်။

"သူတို့ တကယ်ပဲ ဘာမှမလုပ်ကြဘူးလား..."

ဆန်းဝေကွမ်းတစ်ယောက် ဘာကြောင့်ရယ်မသိ ထူးဆန်းစွာ စိတ်ပျက်သွားမိသလို ခံစားလိုက်ရသည်။ ဝမ်ထောင်နှင့် ဟန်ရွှေတို့ ကားပေါ်သို့ ရောက်ရှိပြီးနောက် သူက သူမကို ပြောလိုက်သည်။

"ကြီးထွားလာတဲ့ အပင်တွေကို မင်းကို အာရုံခံစေချင်တယ်..."

"ကြီးထွားလာတဲ့ အပင်တွေ ဟုတ်လား..."

ဟန်ရွှေ အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။ သူမသည် မည်သည့်အပင်များ ကြီးထွားလာသည်ကို သတိမပြုမိခဲ့ချေ။ သို့သော် ဝမ်ထောင်က ကားကို ထူးခြားစွာ ကြီးထွားနေသော အပင်များအနီးသို့ မောင်းနှင်သွားသောအခါ ဟန်ရွှေ၏ မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

"ဒါတွေက... တော်တော်ကြီးကုန်တာပဲ"

သိသိသာသာ ကြီးထွားနေသော ချုံပုတ်များကို ကြည့်ရင်း ဟန်ရွှေ အံ့ဩတကြီး ရေရွတ်မိသည်။

"မင်းရဲ့ စွမ်းရည်ကို သုံးပြီး ဒီအပင်တွေမှာ ထူးခြားတဲ့ အန္တရာယ် ရှိ၊ မရှိ အာရုံခံကြည့်"

ဟန်ရွှေ မျက်လုံးများကို မှိတ်ကာ ခဏမျှ သေသေချာချာ အာရုံခံကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။

"မရှိပါဘူး... ကျွန်မ ဘာကိုမှ မခံစားရဘူး..."

ဟန်ရွှေထံမှ မည်သည့်အရာမျှ မခံစားရကြောင်း ကြားသိရသောအခါ ဝမ်ထောင် သက်ပြင်းချနိုင်သွားသည်။

သူသည် ဤအပင်များက ရုပ်ရှင်များထဲကကဲ့သို့ လူသားစားအပင်များအဖြစ် ဗီဇပြောင်းလဲသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ လောလောဆယ်တွင်မူ အဆင်ပြေပုံရသည်။ ဟန်ရွှေ အာရုံမခံမိသရွေ့တော့ လတ်တလောတွင် အန္တရာယ်ရှိနိုင်ဦးမည် မဟုတ်ချေ။

ကားသည် ရေကြီးရေလျှံမှု ဆိုးရွားစွာဖြစ်နေသော နေရာတစ်ခုသို့ ရောက်လာခဲ့သည်။ မိုးကာအင်္ကျီဝတ်ဆင်ထားသော အသက်ရှင်ကျန်ရစ်သူများက ဂေါ်ပြားများဖြင့် ရေပြွန်များကို ရှင်းလင်းနေကြသည်ကို ဝမ်ထောင် ကားထဲမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။

သူ ဤနေရာသို့ လာရောက်စောင့်ကြည့်ခြင်းမှာ အသက်ရှင်ကျန်ရစ်သူများ အသက်အန္တရာယ် မဖြစ်စေရန် တစ်ကြောင်းနှင့် ဤမိုးရေကြောင့် သွေးပမာဏ လျော့နည်းရခြင်း၏ အခြေအနေမှန်ကို အကဲခတ်ရန် တစ်ကြောင်းကြောင့် ဖြစ်သည်။

မိုးကာအင်္ကျီများက အသက်ရှင်ကျန်ရစ်သူများ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပြည့်အဝ မကာကွယ်နိုင်ချေ။ အထူးသဖြင့် အလုပ်လုပ်နေချိန်တွင် ဖြစ်သည်။ မကြာမီမှာပင် ၎င်းတို့၏ ဦးခေါင်းထက်တွင် 【-၁】 ဟူသော စာသားများ စတင်ပေါ်ပေါက်လာခဲ့သည်။

ဝမ်ထောင် ခဏမျှ စောင့်ကြည့်လိုက်ရာ သူတို့သည်လည်း သူ၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် ဆင်တူပြီး မိုးရေထဲတွင် တစ်မိနစ်ခန့် ရှိပြီးနောက် သွေးပမာဏ စတင်လျော့နည်းလာကြ၏။ သို့သော် သွေးအပြည့်ရှိသူများသာ သွေးလျော့နည်းသွားပြီး သွေးလျော့နည်းပြီးသား သူများတွင်မူ ထပ်မံလျော့နည်းခြင်း မရှိသည်ကို တွေ့ရသည်။

ဟန်ရွှေသည် မိုးထဲရေထဲတွင် အလုပ်လုပ်နေကြသော အသက်ရှင်ကျန်ရစ်သူများကို ကြည့်ရင်း မသိစိတ်ကပင် ကားတံခါးကိုဖွင့်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။ သို့သော် ဝမ်ထောင်က ကားတံခါးကို လော့ခ်ချလိုက်၏။

"မင်း ဘာလုပ်မလို့လဲ..."

ဝမ်ထောင် အံ့ဩတကြီး မေးလိုက်သည်။

"ကျွန်မ သွားကူမလို့..."

ဟန်ရွှေက ပျာပျာသလဲ ပြန်ပြောလေသည်။

ထိုစကားကို ကြားသောအခါ ဝမ်ထောင် ဆွံ့အသွားရပြီး ဟန်ရွှေကို စူးစိုက်ကြည့်လိုက်သည်။

"ငြိမ်ငြိမ်ထိုင်နေစမ်း။"

"..."

ဟန်ရွှေ၏ မျက်နှာ အမူအရာ ချက်ချင်း တင်းမာသွားသည်။ ဝမ်ထောင်သည် အလွန်နှလုံးသားမရှိ၊ ရက်စက်လွန်းသည်ဟု သူမ ခံစားလိုက်ရ၏။

ဝမ်ထောင်က သူမဆီမှအကြည့်လွှဲကာ တုံးတုံးတိတိဆိုသည်။

"ဒီမိုးက အဆိပ်ရှိတယ်။"

"..."

ဟန်ရွှေ ခဏမျှ မှင်တက်သွားရသည်။ သို့ဆိုလျှင် ဝမ်ထောင်က သူမကို စိုးရိမ်၍ တားဆီးခြင်းပေါ့။

သို့သော် မကြာမီမှာပင် သူမ ပြန်လည်စိုးရိမ်ပူပန်သွားပြန်သည်။

"ဒါဆို သူတို့တွေက..."

"စိတ်မပူပါနဲ့။ ငါစောင့်ကြည့်နေတာပဲ၊ ဘာမှမဖြစ်စေရဘူး။"

စိတ်ထဲတွင် အပြန်အလှန် ဒွန်တွဲနေပြီးနောက်တွင်မူ ဟန်ရွှေ အောက်သို့ ဆင်းသွားချင်နေဆဲ ဖြစ်၏။

"သူတို့ မိုးထဲမှာ အလုပ်လုပ်နေတာကို ကြည့်ပြီး ကျွန်မ ဒီအတိုင်း ထိုင်မနေနိုင်ဘူး..."

ဟန်ရွှေ၏ ယခင်အလုပ်အကိုင် အလေ့အထအရ သူမသည် အမြဲတမ်း ရှေ့တန်းကနေ ဦးဆောင်လိုစိတ် ရှိသည်။ ဝမ်ထောင်က မိုးရေတွင် အဆိပ်ရှိသည်ဟု ဆိုသော်လည်း ကြီးမားသောအန္တရာယ် မရှိကြောင်း ပြောခဲ့သဖြင့် သူမအနေဖြင့် သွားရောက်ကူညီသင့်လေသည်။

ယခုတစ်ကြိမ်တွင်မူ ဝမ်ထောင် သူမကို မတားဆီးတော့ဘဲ လွှတ်ပေးလိုက်သည်။ သူကိုယ်တိုင် ထိုမျှအထိ အစွန်းမရောက်နိုင်သော်လည်း သူမကဲ့သို့သော လူမျိုးကိုမူ သူ အတော်လေး လေးစားမိသည်။ ထို့အပြင် ဤအခွင့်အရေးကို အသုံးချ၍ စွမ်းရည်ရှင်တစ်ဦး မိုးရေထဲတွင် ရှိနေမည့် အခြေအနေကိုလည်း စောင့်ကြည့်နိုင်သည် မဟုတ်ပါလား။

အသက်ရှင်ကျန်ရစ်သူများ၏ သွေးပမာဏ (HP) မှာ ယေဘုယျအားဖြင့် တစ်ရာဝန်းကျင်ရှိပြီး အပြင်ထွက် အလုပ်လုပ်နေသူများမှာ သွေးအပြည့် ရှိကြသူများ ဖြစ်သည်။ ထို့ကြောင့် အစပိုင်းတွင် မည်သည့်အန္တရာယ်မျှ မရှိသေးချေ။

မိနစ်တစ်ဆယ်ခန့် ကုန်လွန်သွားသောအခါ ဝမ်ထောင်သည် ၎င်းတို့၏ သွေးဘားတန်းအောက်တွင် ဆိုးကျိုးသက်ရောက်မှု အခြေအနေတစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

【အဆိပ်သင့်အက်ဆစ်မိုး - ခန္ဓာကိုယ် အနည်းငယ် တိုက်စားခံရသည်။ အချိန်အတန်ကြာ အနားယူပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါလိမ့်မည်။】

၎င်းတို့သည် သွေးအပြည့်ရှိသည်ဖြစ်စေ၊ သွေးအနည်းငယ် လျော့နည်းနေသည်ဖြစ်စေ အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးတွင် ဤအခြေအနေ ဖြစ်ပေါ်လာခဲ့သည်။ လောလောဆယ် ပေါ်မလာသေးသူများမှာ ခန္ဓာကိုယ်ကို ပိုမိုလုံခြုံအောင် ဖုံးအုပ်ထားကြသူများသာ ဖြစ်၏။

မိနစ်နှစ်ဆယ်ခန့်ကြာသောအခါ အချို့သော အသက်ရှင်ကျန်ရစ်သူများက ၎င်းတို့ နေထိုင်မကောင်းသလို ခံစားရသဖြင့် ခဏမျှ နားချင်ကြောင်း ပြောဆိုလာကြသည်။ ဝမ်ထောင်ကလည်း လျောလျောလျူလျူပင် ခွင့်ပြုလိုက်သည်။

သို့သော် အချို့လူများမှာ ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်၏။ မည်သို့ပင်ဆိုစေ ဤသည်မှာ အပိုအလုပ်တစ်ခုဖြစ်ရာ ပိုမိုလုပ်ကိုင်နိုင်လေလေ အစားအစာကူပွန် ပိုမိုရရှိလေလေ မဟုတ်ပါလား။

မိနစ်သုံးဆယ် ရောက်သောအခါ နောက်ထပ် လူတစ်စု နားရပြန်သည်။

မိနစ်လေးဆယ် ရောက်သောအခါ လူအများစုက ခန္ဓာကိုယ် နေရခက်လှသဖြင့် နားချင်ကြောင်း ပြောဆိုလာကြတော့သည်။

မိနစ်ငါးဆယ် ရောက်သောအခါတွင်မူ ဟန်ရွှေမှလွဲ၍ ထိုနေရာရှိ လူအားလုံး နားရန် လိုအပ်နေကြပြီ ဖြစ်သည်။ ၎င်းတို့သည် ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်းတို့ကို ခံစားရပြီး တော်တော်လေး နေရခက်နေကြပြီ ဖြစ်ကြောင်း ပြောလာကြ၏။

ဤအချိန်တွင် ၎င်းတို့၏ သွေးပမာဏမှာ ထက်ဝက်အောက်သို့ အတိအကျ ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့၏ ဦးခေါင်းထက်မှ ဆိုးကျိုးသက်ရောက်မှု အခြေအနေမှာလည်း ပြောင်းလဲသွားခဲ့သည်။

【အဆိပ်သင့်အက်ဆစ်မိုး - ခန္ဓာကိုယ် အလယ်အလတ်အဆင့် တိုက်စားခံရသည်။ အချိန်အတော်ကြာ အနားယူပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါလိမ့်မည်။】

ဝမ်ထောင်သည် ဤလူစုကို အိမ်သို့ပြန်၍ နားစေပြီး နောက်ထပ်လူစုအသစ်ကို ခေါ်ယူလိုက်သည်။

သာမန်လူများအတွက်မူ ဤသည်မှာ ၎င်းတို့၏ ကန့်သတ်ချက်ဖြစ်သည်ဟု သူ ခံစားမိသည်။ အကယ်၍ ပြင်းထန်သော တိုက်စားမှုအဆင့်သို့ ရောက်ရှိသွားပါက... ပြန်လည်ကောင်းမွန်ရန် အလွန်ခက်ခဲသွားနိုင်သလို သို့မဟုတ် ချက်ချင်း သေဆုံးသွားနိုင်လေသည်။

ဟန်ရွှေမှာမူ ၎င်းတို့နှင့် ကွာခြား၏။ သူမ၏ ဦးခေါင်းထက်တွင်လည်း တိုက်စားမှုအခြေအနေ ပေါ်နေသော်လည်း သူမတွင် သွေးပမာဏ ၂၄၀ ရှိသည်။ သို့ဖြစ်ရာ သွေး ၅၀ လျော့နည်းသွားပြီးနောက်တွင်လည်း ၁၉၀ ကျန်ရှိနေသေးသဖြင့် "အနည်းငယ် တိုက်စားခံရခြင်း" အခြေအနေတွင်သာ ရှိနေသေးသည်။

ဝမ်ထောင်က သာမန်လူများတွင် အဆိပ်သင့်အက်ဆစ်မိုးကြောင့် သွေးပမာဏသည် စုစုပေါင်းသွေး၏ ၁၀ ရာခိုင်နှုန်းအတွင်း လျော့နည်းသွားချိန်အထိ ကြီးမားသော ပြဿနာမရှိဘဲ ရိုးရှင်းသော သွေးလျော့နည်းမှုသာ ဖြစ်သည်ဟု ခန့်မှန်းလိုက်သည်။

သွေးပမာဏသည် စုစုပေါင်းသွေး၏ ၁၀ ရာခိုင်နှုန်းကျော် လျော့နည်းသွားသောအခါ "အနည်းငယ် တိုက်စားခံရခြင်း" အခြေအနေ ပေါ်လာပြီး ခန္ဓာကိုယ် စတင်နေရခက်လာမည်။

သွေးပမာဏသည် စုစုပေါင်းသွေး၏ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသောအခါ အလယ်အလတ်အဆင့် တိုက်စားမှုသို့ ပြောင်းလဲသွားမည်။ ဤအခြေအနေတွင် ခန္ဓာကိုယ်သည် အလွန်နေရခက်လာပြီး အလုပ်ဆက်မလုပ်နိုင်တော့ချေ။

ပြင်းထန်သော တိုက်စားမှုအဆင့်သို့ ရောက်ရန် သွေးပမာဏ မည်မျှအထိ လျော့နည်းရမည်ကိုမူ ဝမ်ထောင် အသေအချာ မသိသေးချေ။ မည်သို့ပင်ဆိုစေ သူသည် စခန်းရှိ အသက်ရှင်ကျန်ရစ်သူများ၏ အသက်ကို အသုံးချ၍ စမ်းသပ်မှု မလုပ်နိုင်ပါ။

သို့သော် ယခုအခါ သွေးပမာဏ ၅၀ ရာခိုင်နှုန်းအထိ တိုက်စားခံရခြင်းသည် သတိပေးစည်းတစ်ခုဖြစ်ကြောင်း သူ အကြမ်းဖျင်း နားလည်သွားခဲ့ပြီ။ ဤအခြေအနေသို့ ရောက်လျှင် မိုးထဲတွင် ဆက်မနေသင့်တော့ချေ။ မဟုတ်ပါက အသက်အန္တရာယ် ရှိလာနိုင်သည်။

"အဆိပ်သင့်အက်ဆစ်မိုး" ၏ အာနိသင်နှင့် ပတ်သက်၍ ဝမ်ထောင် သုံးသပ်မိသည်မှာ မိုးရေသည် လူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်ပြီးနောက် ခန္ဓာကိုယ်အတွင်း၌ စုပုံလာခြင်း ဖြစ်နိုင်သည်။ ၎င်းသည် အတိုင်းအတာတစ်ခုအထိ စုပုံလာသောအခါ သွေးပမာဏ စတင်လျော့နည်းလာသည်။ ပိုမိုစုပုံလာလေလေ ဆိုးကျိုးသက်ရောက်မှု အခြေအနေ ပိုမိုထင်ရှားလာလေလေ ဖြစ်သည်။ တကယ်လို့ ခန္ဓာကိုယ်၏ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး စုပုံလာပါက သေဆုံးခြင်းသို့ ဦးတည်သွားနိုင်သည်။

သို့ဖြစ်ရာ မိုးရေနှင့် စတင်ထိတွေ့စဉ်က သွေးအပြည့်ရှိသူများသာ သွေးလျော့နည်းပြီး သွေးလျော့နည်းနေပြီးသား သူများတွင် လျော့နည်းခြင်း မရှိရခြင်းမှာ ဤသွေးလျော့နည်းမှုသည် လက်ရှိသွေးပမာဏအပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲ အမြင့်ဆုံး သွေးပမာဏအပေါ်တွင် မူတည်နေသောကြောင့် ဖြစ်နိုင်သည်။ ၎င်းသည် ဇွန်ဘီအမြုတေကို ပေါင်းစပ်ပြီးနောက် ခန္ဓာကိုယ်အတွင်း၌ အညစ်အကြေးများ စုပုံလာခြင်းနှင့် အနည်းငယ် ဆင်တူနေ၏။

"ဟန်ရွှေ... ဒီကိုလာဦး"

အပြင်ဘက်သို့ လူစုအသစ် ရောက်ရှိလာပြီးနောက် ဝမ်ထောင်က ဟန်ရွှေကို လှမ်းခေါ်လိုက်သည်။

ဟန်ရွှေ လိမ္မာပါးနပ်စွာဖြင့် ကားပေါ်သို့ တက်လာခဲ့၏။

"ဘယ်လို ခံစားရလဲ..."

ဝမ်ထောင် မေးလိုက်သည်။

"နည်းနည်းတော့ နေရခက်တယ်။ နှလုံးခုန်တာ နည်းနည်း ပုံမှန်မဟုတ်သလို ခံစားရပေမယ့် တောင့်ခံနိုင်ပါသေးတယ်..."

ဟန်ရွှေ သူမ၏ ရင်ဘတ်ကို ဖိထားရင်း မျက်နှာလေး အနည်းငယ် ဖြူလျော်နေရှာသည်။

"ငါ စမ်းကြည့်ပါရစေ။"

ဝမ်ထောင် လက်လှမ်းလိုက်သော်လည်း ဟန်ရွှေက အသာရှောင်ဖယ်လိုက်သည်။

"အပြင်မှာ လူတွေ အများကြီးရှိနေတာကို"

ဟန်ရွှေ မသိစိတ်ကပင် သူမ၏ ရင်ဘတ်ကို ကာကွယ်လိုက်ရင်း မျက်နှာလေး ရဲခနဲ ဖြစ်သွားရသည်။

"မင်း ဆိုလိုတာက... လူမရှိရင် အဆင်ပြေတယ်ပေါ့ ဟုတ်လား..."

"လူမရှိရင်လည်း အဆင်မပြေပါဘူး! ဝမ်ထောင်... ရှင်နဲ့ကျွန်မ... ဘာမှမဖြစ်ခဲ့သလို နေကြမယ်လို့ သဘောတူထားကြတယ် မဟုတ်လား..."

ဟန်ရွှေမှာ ဝမ်ထောင်၏ မျက်လုံးများကို တည့်တည့်မကြည့်ရဲချေ။

ဝမ်ထောင်ကမူ အပြစ်ကင်းစင်သော မျက်နှာအမူအရာဖြင့် တုံ့ပြန်လိုက်သည်။

"အဲ... မင်း ဆိုလိုတာက... အဲဒီညက မင်းကိုယ်တိုင် ငါ့ကို လာဖက်ခဲ့တဲ့ ကိစ္စလား။ ငါတောင် အဲဒါကို မေ့လုနီးပါး ဖြစ်နေပြီ၊ မင်းက ဘာလို့ ပြန်ပြောရတာလဲ..."

"..."

ဟန်ရွှေတစ်ယောက် ဤမျှလောက် အရေထူသော လူမျိုးကို တစ်ခါမျှ မတွေ့ဖူးချေ။ သူမ ဝမ်ထောင်ကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ဝမ်ထောင်ကလည်း ကြည်နူးစွာ ပြုံးလိုက်ပြီး ဂရုမစိုက်တော့ချေ။ သူသည် ဟန်ရွှေကို အနည်းငယ် စနောက်လိုက်ခြင်းသာ ဖြစ်ပြီး သူ့တွင် အရေးကြီးသော ကိစ္စရပ်များကို ဆောင်ရွက်ရန် ရှိနေသေးသည်။

ရွှေကျဲတက္ကသိုလ်၏ ရေနုတ်မြောင်းစနစ်မှာ အမှန်တကယ်တွင် အတော်လေး ကောင်းမွန်လှသည်။ ရေဝပ်တတ်သော နေရာအချို့မှလွဲ၍ အခြားနေရာများမှ ရေများသည် တက္ကသိုလ်၏ မြောက်ဘက်ရှိ မြစ်ထဲသို့ စီးဆင်းသွားနိုင်သည်။

ရွှေကျဲခရိုင်တွင် မြစ်အနည်းငယ် ရှိသဖြင့် ရွှေကျဲဟူသော အမည် ရရှိခဲ့ခြင်း ဖြစ်သည်။ အရှည်လျားဆုံး မြစ်တစ်စင်းမှာ ရွှေကျဲတက္ကသိုလ်၏ နောက်ဘက်တွင် ရှိသော်လည်း ဤမြစ်တွင် ရေအလွန်နည်းပါးပြီး ယခင်က ခြောက်သွေ့လုနီးပါး ဖြစ်ခဲ့ဖူးသည်။ ယခုအခါတွင်မူ မိုးသက်မုန်တိုင်းကြောင့် လျှံတက်လာသော မိုးရေများကို ဖောက်ထုတ်ရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်လာခဲ့သည်။

တစ်ရက်ခန့် အချိန်ယူလိုက်ရပြီးနောက်တွင်

အသက်ရှင်ကျန်ရစ်သူများသည် ရေနုတ်ခြင်းလုပ်ငန်းကို အောင်မြင်စွာ ပြီးဆုံးစေခဲ့သည်။ အမှန်တကယ်တွင်မူ အချို့သော ရေနုတ်ပြောင်းများနှင့် ရေမြောင်းများ ပိတ်ဆို့နေခြင်းသာ ဖြစ်သဖြင့် ၎င်းတို့ကို ရှင်းလင်းပေးလိုက်ရုံသာ။

ဝမ်ထောင်၏ စောင့်ကြည့်မှုအောက်တွင် အသက်ရှင်ကျန်ရစ်သူများ မည်သည့်အန္တရာယ်မျှ မကြုံတွေ့ခဲ့ရချေ။ အဆိုးရွားဆုံးအနေဖြင့် အလယ်အလတ်အဆင့် တိုက်စားမှုကိုသာ ခံစားရပြီး အနည်းငယ် အနားယူလိုက်ပါက ပြန်လည်ကောင်းမွန်နိုင်မည် ဖြစ်သည်။

ဝမ်ထောင်က ဤလူများကို အစားအစာကူပွန်များ ဝေငှပေးသောအခါ အသက်ရှင်ကျန်ရစ်သူများအားလုံး အလွန်ဝမ်းသာသွားကြ၏။ ယနေ့အဖို့ အနည်းငယ် ပင်ပန်းပြီး နေရခက်ခဲ့သော်လည်း တစ်ရက်တာ ဝင်ငွေမှာ ပုံမှန်ရက်သတ္တပတ် တစ်ပတ်စာနှင့် ညီမျှနေသည် မဟုတ်ပါလား။ ပင်ပန်းရကျိုး နပ်ပေသည်။

ဟန်ရွှေလည်း အမှန်တကယ် ဘာမှမဖြစ်တော့ကြောင်း သေချာမှ ဝမ်ထောင်က သူမကို အိမ်သို့ ပြန်ပို့လိုက်သည်။

ထို့နောက် ဝမ်ထောင်သည် ဘက်စုံသုံးအဆောက်အအုံ၏ အပေါ်ဆုံးထပ်သို့ သွားရောက်ကာ အခြားကော်မတီဝင်များနှင့်အတူ အဆိပ်သင့်အက်ဆစ်မိုး ကိစ္စရကို ဆွေးနွေးတိုင်ပင်ကြတော့သည်။

ဝမ်ထောင်က သူမြင်တွေ့ခဲ့ရသမျှကို ပြောပြခဲ့၏။ သို့သော် အတိုင်းအတာတစ်ခုအထိ ချန်လှပ်၍ ပြောဆိုခဲ့ခြင်း ဖြစ်ပြီး သူ၏ သွေးဘားများကို မြင်တွေ့နိုင်သော စွမ်းရည်ကိုမူ လုံးဝ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါ။

အဆိပ်သင့်အက်ဆစ်မိုးနှင့် ပတ်သက်၍ အားလုံးက အလွန်စိတ်ပျက်ကာ အနှောင့်အယှက် ဖြစ်နေကြသည်။

အကယ်၍ နောင်လာမည့် မိုးရွာသွန်းမှု အားလုံးက ဤကဲ့သို့သော အဆိပ်သင့်အက်ဆစ်မိုးများသာ ဖြစ်နေမည်ဆိုပါက မိုးရွာသောနေ့များတွင် ၎င်းတို့ အပြင်မထွက်နိုင်တော့ဟု ဆိုလိုခြင်း မဟုတ်ပါလား။

နေသာသောနေ့များတွင် အန္တရာယ်ရှိနေသည်ကပင် လုံလောက်နေပြီ ဖြစ်သော်လည်း ယခုအခါ မိုးရွာသောနေ့များတွင်ပါ အန္တရာယ်က ကြီးစိုးလာခဲ့ပြန်ပြီ။

၎င်းတို့အနေဖြင့် ခန္ဓာကိုယ်ကို လုံခြုံစွာ ဖုံးအုပ်ပြီး အရေပြားကို မိုးရေနှင့် မထိတွေ့အောင် ကြိုးစားနိုင်သည်မှန်သော်လည်း နောသာမန်မိုးများထက်စာလျှင် ကြီးမားသောအန္တရာယ်က ရှိနေဆဲပင်။

သို့သော် ၄င်းကသာမန်လူများအတွက်သာ ဖြစ်သည်။သွေးပမာဏ မြင့်မားသူများအတွက်မူ ၎င်းတို့တွင် ကြီးမားသော အားသာချက် ရှိနေဆဲပင်။ ဥပမာအားဖြင့် ဝမ်ထောင်သည် သွေးပမာဏ ၁၂၀၀ ရှိသဖြင့် မိုးရေထဲတွင် ဆယ်နာရီခန့် နေထိုင်သော်လည်း မည်သည့်ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ချေ။ လောလောဆယ်တွင်မူ ထိုလူစုသည် ကောင်းမွန်သော အစီအစဉ်ကို မစဉ်းစားနိုင်ကြသေးသဖြင့် မိုးစဲသည်အထိ စောင့်ဆိုင်းရန်သာ တတ်နိုင်ကြတော့သည်။

သို့သော် ကြီးမားသော မိုးသက်မုန်တိုင်း၏ ကြာမြင့်ချိန်မှာ မည်သူမျှ ထင်မှတ်မထားလောက်အောင်ပင် ရှည်လျားလှပြီး သုံးရက်တိုင်တိုင် ဆက်တိုက် ရွာသွန်းနေခဲ့တော့သည်။

တော်ပါတော့ဟ ..။

......

All Chapters