← Chapters

အခန်း ၉၈

Vol. 9 Ch. 98

အခန်း ၉၈

Vol. 9 Ch. 98

အခန်း ၉၈ လေထီးဖြင့် ချပေးသောရိက္ခာများကို ကောက်ယူခြင်း၊ ငါးဖမ်းခြင်း

"ဝူး..ဝူး..ဝူး.."

လက်နက်အစုံအလင် တပ်ဆင်ထားသော လျှပ်စစ်တောင်တက်ကားတစ်စီးသည် လူသူကင်းမဲ့နေသော လမ်းမများပေါ်တွင် မောင်းနှင်သွားလေသည် ။ လမ်းဘေးတွင် လဲနေသော ဇွန်ဘီတစ်ကောင်သည် ကားသံကို ကြားလိုက်ရသဖြင့် ခေါင်းကို ချက်ချင်းမော့လာပြီး ဖြည်းဖြည်းချင်း ထရပ်လိုက်၏ ။ ထို့နောက် လက်သည်းများကို ဖြန့်ကာ သွားများကို ကြိတ်ရင်း ကားရှိရာသို့ လျှောက်လာလေသည် ။

တောင်တက်ကားသည် အရှိန်မလျှော့ပေ ။ ကားရှေ့ခန်း ပြတင်းပေါက်မှ လှံတိုတစ်ချောင်း ထွက်လာပြီး ဇွန်ဘီကို ပစ်မှတ်ထားလိုက်၏ ။

ဇုပ်...

လှံတိုသည် ဇွန်ဘီ၏ မျက်လုံးပေါက်ကို အတိအကျ ဖောက်ဝင်သွားပြီး နောက်စေ့မှ ပြန်ထွက်လာလေသည် ။

ဘုန်း..

ဇွန်ဘီသည် လွင့်စင်သွားပြီး ထောင့်ရှိ အမှိုက်ပုံထဲသို့ တန်းဝင်သွား၏ ။ ကားမှာမူ ရှေ့သို့ ဆက်လက် မောင်းနှင်သွားလေသည် ။

"ဟူး-"

ကားအတွင်းတွင် ဟန်ရွှေသည် လှံတိုကို ပြန်ဆွဲယူပြီး နာကျင်နေသော လက်မောင်းကို ပွတ်သပ်လိုက်လေသည် ။

ကား၏ အရှိန်ကို အသုံးပြုပြီး တစ်ချက်တည်းသတ်ဖြတ်ရခြင်းမှာ စိတ်လှုပ်ရှားစရာကောင်းသော်လည်း ထိုအားသည် အလွန်ပြင်းထန်သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ ခံနိုင်ရည် မရှိတော့ပေ ။

ဝမ်ထောင်သည် သူမအား ခေါင်းလှည့်ကြည့်လိုက်ရာ ဟန်ရွှေက အလျင်အမြန်ပြောလိုက်သည် ။

"ကျွန်မ အဆင်ပြေပါတယ်"

သူမသည် ဝမ်ထောင်ရှေ့တွင် အသုံးမဝင်သူတစ်ယောက်ဟု အထင်ခံရခြင်းကို မလိုလားပေ ။

ဝမ်ထောင်သည် စကားမပြောဘဲ ဟန်ရွှေ၏ သွေးဘားတန်းကိုသာ ကြည့်လိုက်၏ ။ ဟန်ရွှေ၏ သွေးသည် မူလက ၂၄၀ ရှိရာမှ ဇွန်ဘီကို သတ်လိုက်ပြီးနောက် ၂၅၀ သို့ တိုးလာသည် ။ သာမန်ဇွန်ဘီတစ်ကောင်က သွေး ၁၀ မှတ် ပေးသွားခြင်းပင် ။

မိုးမကျခင်က သာမန်ဇွန်ဘီတစ်ကောင်ကို သတ်လျှင် သွေး ၅ မှတ်သာ ရလေ့ရှိသည် ။ လူကို အများအပြား စားထားသော သို့မဟုတ် ထူးခြားသောအခြေအနေရှိသော ဇွန်ဘီမျိုးဆိုလျှင် သွေး ၁၀ မှတ်၊ ၁၅ မှတ် စသည်ဖြင့် ရရှိတတ်၏ ။

ယခု ဟန်ရွှေ သတ်လိုက်သော ဇွန်ဘီမှာ သာမန်ထက် သာမန်ကျသော ဇွန်ဘီဖြစ်သော်လည်း သွေး ၁၀ မှတ် ရရှိသွားခဲ့သည် ။ သာမန်ဇွန်ဘီများ ပို၍ သန်မာလာသည်နှင့်အမျှ သူတို့ကို သတ်၍ ရရှိသော သွေးအရေအတွက်လည်း တိုးလာခြင်း ဖြစ်မည် ။

၄င်းမှာ သတင်းကောင်းဟု ဆိုနိုင်ပေမည် ။ သာမန်ဇွန်ဘီများမှာ ပို၍ နှေးကွေးလာသဖြင့် ပြင်ဆင်မှုကောင်းလျှင် အသက်ရှင်ကျန်ရစ်သူများအနေနှင့် ရင်ဆိုင်နိုင်သေးသည် ။ ယခုဆိုလျှင် သာမန်ဇွန်ဘီတစ်ကောင်ကို သတ်ခြင်းမှာ အရင်က နှစ်ကောင်သတ်ခြင်းနှင့် တူညီနေသည် ။

"ဒီလမ်းဆုံမှာ ဘယ်ဘက်ကို သွားရမှာလဲ"

ရှေ့ရှိ သုံးလမ်းခွလမ်းဆုံကို ကြည့်ရင်း ဝမ်ထောင်က မေးလိုက်၏ ။

ဟန်ရွှေသည် ဘယ်ဘက်အစွန်ဆုံးလမ်းကို အလျင်အမြန် လက်ညှိုးထိုးပြလိုက်သည် ။

"အဲဒီလမ်းကနေ သွားပါ"

ဝမ်ထောင်သည် စတီယာရင်ကို လှည့်၍ ဝင်သွားလိုက်သည် ။

အဖွဲ့လိုက် လုပ်ဆောင်နေသည်ဖြစ်ရာ တာဝန်ခွဲဝေမှု ရှိရမည်ဖြစ်သည် ။ ဝမ်ထောင်အနေနှင့် အသုံးမဝင်သူများကို ခေါ်မသွားနိုင်ပေ ။

သူသည် ဟန်ရွှေ၏ စွမ်းရည်ကို လက်ရှိအချိန်တွင် မလိုသေးသဖြင့် သူမအား လေထီးဖြင့် ချပေးသောရိက္ခာ တည်နေရာကို စောင့်ကြည့်ခိုင်းပြီး လမ်းပြခိုင်းထားလိုက်သည် ။ ဤအချက်က ဝမ်ထောင်အတွက် အလုပ်ရှုပ်သက်သာစေသည် ။

မကြာမီပင် ဝမ်ထောင်သည် လေထီးပါသော ပထမဆုံးရိက္ခာကို တွေ့လိုက်ရသည် ။ ၎င်းမှာ လမ်းဘေးရှိ နှစ်ထပ်အဆောက်အအုံတစ်လုံး၏ အမိုးပေါ်တွင် ကျရောက်နေသည် ။

အဆောက်အအုံအောက်တွင် ဇွန်ဘီ ၁၅ ကောင်မှ ၂၀ ခန့် စုရုံးနေကြ၏ ။ သူတို့သည် ရိက္ခာကျရောက်လာသော ဆူညံသံကြောင့် ရောက်လာခြင်း ဖြစ်ပုံရ၏ ။

"ရိက္ခာက အမိုးပေါ်မှာဆိုတော့ ယူရတာ နည်းနည်းခက်မယ်"

ဟန်ရွှေက မျက်မှောင်ကြုတ်လိုက်သည် ။ သူမအမြင်အရဆိုလျှင် ဤရိက္ခာကို ရရန် အောက်ရှိ ဇွန်ဘီအားလုံးကို အရင်ရှင်းမှသာ အပေါ်သို့ တက်နိုင်မည် ဖြစ်သည် ။

ဝမ်ထောင်သည် အဆောက်အအုံနှင့် မလှမ်းမကမ်းတွင် ကားကို ရပ်လိုက်သည် ။ ခဏတာ စဉ်းစားပြီးနောက် သူသည် ကားပေါ်မှ တိုက်ရိုက် ဆင်းသွားလိုက်၏ ။

"ငါ ရိက္ခာသွားယူမယ် ။ မင်း ကားမောင်းပြီး ခဏနေရင် ငါ့ကို လာတင်ပေးဖို့ အဆင်သင့်ပြင်ထား"

"ဟုတ်ကဲ့"

ဟန်ရွှေသည် နောက်ခုံမှ ယာဉ်မောင်းခုံသို့ အလျင်အမြန် ပြောင်းထိုင်လိုက်သည် ။ သူမသည် ဘာကိုမှ ပြန်မမေးရဲပေ ။

ဝမ်ထောင်သည် သတိကြီးစွာဖြင့် အဆောက်အအုံဘက်သို့ ချဉ်းကပ်သွားလိုက်သည် ။ သူသည် ဇွန်ဘီအုပ်စုကို ကြည့်လိုက်၊ အဆောက်အအုံကို ကြည့်လိုက်နှင့် စဉ်းစားပြီးနောက် ဇွန်ဘီများဆီသို့ ရုတ်တရက် ပြေးဝင်သွားလိုက်၏ ။

"ဂီး.."

"ဂယား..ဂယား.."

လူတစ်ယောက်ကို တွေ့လိုက်ရသဖြင့် ဇွန်ဘီများမှာ အသံပြုကာ သူရှိရာသို့ တစ်အုပ်တစ်မကြီး လျှောက်လာကြသည် ။

သို့သော် ဝမ်ထောင်က တိမ်းရှောင်မနေပေ ။ သူသည် လက်ယာလက်ဖြင့် မီးသတ်ပုဆိန်ကို ဝှေ့ယမ်းကာ ဇွန်ဘီတစ်ကောင်၏ ဦးခေါင်းကို ခွဲလိုက်ပြီး လက်ဝဲလက်ဖြင့် အခြားဇွန်ဘီတစ်ကောင်ကို ပြင်းပြင်းထန်ထန် တွန်းထုတ်လိုက်သည် ။ ထိုဇွန်ဘီမှာ လဲကျသွားပြီး အခြားဇွန်ဘီအချို့ကိုပါ တိုက်ခိုက်မိသွား၏ ။

ဝမ်ထောင်၏ ရှေ့တွင် လမ်းကြောင်းတစ်ခု ပေါ်လာသော်လည်း သုံးမီတာအကွာတွင် ဇွန်ဘီတစ်ကောင် ကျန်နေသေးသည် ။

"ဟိတ်.."

ထိုအချိန်တွင် ဝမ်ထောင်သည် မီးသတ်ပုဆိန်ကို သိမ်းလိုက်ပြီး မာန်သွင်းလျှက် ရုတ်တရက် လေထဲသို့ခုန်ပျံကာ ထိုဇွန်ဘီ၏ ခေါင်းပေါ်ကို နင်းတက်လိုက်သည် ။ ထို့နောက် လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ဒုတိယထပ် ပြတင်းပေါက်ဘောင်ကို ဖမ်းဆုပ်လိုက်၏ ။

ဝမ်ထောင်သည် လက်မောင်းကြွက်သားများကို အားထုတ်လိုက်သည် ။ သူသည် ပုတ်သင်ညိုတစ်ကောင်ကဲ့သို့ နံရံကို ကုတ်တွယ်ကာ အမိုးပေါ်သို့ တက်သွားလိုက်၏ ။

အဝေးမှ ကြည့်နေသော ဟန်ရွှေမှာ အံ့အားသင့်သွားသည် ။ သူမသည် အထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းအမျိုးမျိုးကို စဉ်းစားထားသော်လည်း ဝမ်ထောင်က နံရံကို တိုက်ရိုက်တက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ ။

"သူ့ရဲ့ အပေါ်ပိုင်း ခွန်အားကတော့ တကယ်ကို မယုံနိုင်စရာပဲ"

သို့သော် သူ့ရဲ့ အောက်ပိုင်း ခွန်အားက ပို၍ သန်မာပုံရသည်ဟု တွေးမိပြီး သူမ၏မျက်နှာလေးရဲသွားလေ၏ ။

ငါဘာတွေ လျှောက်တွေးနေတာလဲ။

အမိုးပေါ် ရောက်သောအခါ ဝမ်ထောင်သည် ရိက္ခာဆီသို့ အလျင်အမြန် သွားလိုက်သည် ။

ဤရိက္ခာသည် သူအရင်က ရဖူးသည့် အရာများနှင့် ဘာမှမထူးခြားပေ ။ ပုံစံနှင့် အရွယ်အစားမှာ အတူတူပင် ဖြစ်သည် ။

သို့သော် ဝမ်ထောင်သည် ယခင်လိုပင် လွယ်ကူသော စကားဝှက်ကိုအဖြေဖော်ကာ ရိုက်ထည့်ပြီး ဖွင့်လိုက်သောအခါ ပါဝင်သောအရာများမှာ လုံးဝ ကွဲပြားနေသည်ကို တွေ့လိုက်ရသည် ။

ဤရိက္ခာတွင် သေနတ်များ၊ ကျည်ဆန်များ သို့မဟုတ် အစားအသောက်၊ ဆေးဝါးများ မပါဝင်ပေ ။ ဗိုင်းရပ်စ်တားဆီးဆေးများနှင့် အသစ်ထုတ်ထားသော ဇွန်ဘီမှတ်တမ်းစာအုပ်များသာ ပါဝင်သည် ။

ဝမ်ထောင်သည် စာအုပ်များနှင့် ဆေးများကို ယူကာ သူပြင်ဆင်ထားသော ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည် ။ ထို့နောက် အောက်ရှိ ဇွန်ဘီများကို ကြည့်လိုက်ပြီး ဝေါ်ကီတော်ကီကို ဖွင့်လိုက်၏ ။

"ကားကို အခုချက်ချင်း မောင်းလာခဲ့"

"ဟုတ်ကဲ့"

ဟန်ရွှေသည် ဝမ်ထောင်၏ အစီအစဉ်ကို မသိသော်လည်း အမိန့်ကို ချွင်းချက်မရှိ နာခံလိုက်သည် ။ သူတို့ အပြင်မထွက်ခင်ကတည်းက သဘောတူထားပြီး ဖြစ်သည် ။ သူမ၏ အတွေ့အကြုံနှင့် ခွန်အားမှာ ဝမ်ထောင်လောက် မရှိသဖြင့် ငြင်းဆန်စရာ မရှိပေ ။

ဝူး..

ဟန်ရွှေ၏ကား မောင်းလာသည်ကို တွေ့သောအခါ ဝမ်ထောင်သည် ခါးတွင် ချိတ်ထားသော မီးသတ်ပုဆိန်ကို ဆွဲထုတ်လိုက်ပြီး အောက်သို့ တိုက်ရိုက် ခုန်ချလိုက်၏ ။

သူ ခုန်ချနေစဉ်မှာပင် မီးသတ်ပုဆိန်ကို မြှောက်ထားရင်း စိတ်ထဲမှ တုန်ခါမှုလှိုင်း စွမ်းရည်ကို တစ်ပြိုင်နက် အသက်သွင်းလိုက်သည် ။

ဒုန်း...

ဝမ်ထောင်သည် ဇွန်ဘီအုပ်စု အလယ်တွင် ကျရောက်လာပြီး သူကိုယ်တိုင် ဗဟိုပြု၍ ဖြူရောင် တုန်ခါမှုလှိုင်းတစ်ခု ပျံ့နှံ့သွားလေသည် ။

ဝှစ် ဝှစ်..

【-၁၀၀၀】

【-၁၀၀၀】

【-၁၀၀၀】

【-၁၀၀၀】

【...】

မျက်စိကျိန်းစရာကောင်းလောက်အောင်ပင် ပျက်စီးမှု ကိန်းဂဏန်းများ ပေါ်လာပြီး ထိုဇွန်ဘီဆယ်ကောင်ကျော်မှာ ချက်ချင်း လဲကျသွားလေသည် ။

သုံးစက္ကန့်ကြာသောအခါ ဟန်ရွှေသည် ကားကို ဝမ်ထောင်ရှေ့တွင် ရပ်လိုက်ပြီး ခရီးသည်ခုံ တံခါးကို ဖွင့်ပေးလိုက်သည် ။ ဝမ်ထောင်သည် ကားထဲသို့ ချက်ချင်း ခုန်ဝင်လိုက်၏ ။

"နောက်တစ်နေရာ သွားမယ်"

"ဟုတ်ကဲ့"

ဟန်ရွှေသည်လည်း အတွေ့အကြုံရှိသော ယာဉ်မောင်းတစ်ယောက် ဖြစ်သည် ။ သူမ၏ ကားမောင်းကျွမ်းကျင်မှုမှာ ဝမ်ထောင်ထက်ပင် နည်းနည်း သာလွန်သေးသည် ။ သူမသည် ဝမ်ထောင်ကို ထိုနေရာမှ အလျင်အမြန် ခေါ်ထုတ်သွားလိုက်သည် ။

ဝမ်ထောင်သည် ဝေါ်ကီတော်ကီကို ပြန်ဖွင့်ကာ အခြေစိုက်စခန်းရှိ အခြားသူများကို ရိက္ခာရပြီဖြစ်ကြောင်း အကြောင်းကြားလိုက်သည် ။

လမ်းခရီးတွင် ဟန်ရွှေသည် ဝမ်ထောင်ကို ရံဖန်ရံခါ စောင်းကြည့်နေပြီး စိတ်လှုပ်ရှားနေပုံ ရ၏ ။

ဝမ်ထောင် အပေါ်မှ ခုန်ချပြီး ဇွန်ဘီဆယ်ကောင်ကျော်ကို ချက်ချင်း သတ်လိုက်သည့် ပုံစံမှာ တကယ်ကို မိုက်လှသည် ။

သို့သော် ဝမ်ထောင်မှာ အလွန် တည်ငြိမ်နေ၏ ။ ထိုအချက်က ဟန်ရွှေကို အားငယ်သွားစေသည် ။သူတို့ကြားက ကွာဟချက်မှာ ပိုပိုကြီးမားလာသလိုပင် ။ ဝမ်ထောင်က လကိရှိအခြေအနေကို ကျေနပ်သွား၏။ ဇွန်ဘီများ၏ သွေးတိုးလာသော်လည်း သူကတော့ တစ်ချက်တည်း သတ်နိုင်ဆဲ ဖြစ်သည် ။

ဟန်ရွှေ ကားမောင်းနေစဉ် ဝမ်ထောင်က ဆေးဘူးများကို ထုတ်ယူကြည့်သည် ။

ဗိုင်းရပ်စ်တားဆီးဆေးဘူး စုစုပေါင်း ငါးဘူး ရှိပြီး တစ်ဘူးစီတွင် ဆေးအလုံး ၂၀ ပါသဖြင့် စုစုပေါင်း ဆေးအလုံး ၁၀၀ ရှိသည် ။

အကြီးအကျယ် ရလိုက်ခြင်းပင် ။

"ဒါက..."

ဟန်ရွှေသည် ထိုဆေးလုံးလေးများကို စပ်စုစွာ ကြည့်လိုက်၏ ။

"ဗိုင်းရပ်စ်တားဆီးဆေးတွေ"

ဝမ်ထောင်က သူမကို တစ်ချက်ကြည့်လိုက်သည် ။

"ဟင်၊ ဒါတွေက ဆေးတွေလား ။ အများကြီးပဲ"

ဟန်ရွှေ အံ့အားသင့်သွားသည် ။

သူမသည် ဆေးများအကြောင်း ကြားဖူးသော်လည်း တစ်ခါမှ မမြင်ဖူးပေ ။ အခြေစိုက်စခန်းတွင် အကျိုးပြုရမှတ် ၁ သိန်း ရှိမှသာ လဲလှယ်နိုင်မည် ဖြစ်သော်လည်း ယခုထိ ဘယ်သူမှ မရရှိနိုင်သေးပေ ။ ထို့ကြောင့် သူမသာမက အခြားသူများလည်း ကြားပဲ ကြားဖူးကြ၏ ။

သူမအမြင်တွင် ရမှတ် ၁ သိန်းနှင့် လဲရသည့်အရာမှာ အလွန်တန်ဖိုးရှိရမည် ဖြစ်သည် ။ တစ်စခန်းလုံးမှာမှ အနည်းငယ်သာ ရှိလိမ့်မည်ဟု ထင်ထားမိသည် ။

သို့သော် ဝမ်ထောင်လက်ထဲတွင် တစ်ဘူး၌ ၂၀ ပါပြီး ငါးဘူးဆိုတော့ ၁၀၀ တောင် ရှိနေသည် ။ အကျိုးပြုရမှတ်နှင့် တွက်ကြည့်လျှင် သိန်းဂဏန်းနှင့် ချီနေလေပြီ ။

ဝမ်ထောင်မှာ ကော်မတီဝင်တစ်ဦး ဖြစ်သည့်အတွက် ဤဆေးများကို မည်သို့လုပ်မည်နည်ူဟု ဟန်ရွှေ စိတ်ဝင်တစား ကြည့်နေမိသည် ။

ဝမ်ထောင်သည် သူမ၏ စိတ်ကို သိပုံရသဖြင့် ပြုံးလိုက်၏ ။

"ငါ့အတွက် နည်းနည်းချန်ထားပြီး ကျန်တာတွေကို အခြေစိုက်စခန်းမှာ ထားမယ်"

သူသည် အခြေစိုက်စခန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သလို အဆင့်မြင့် ကော်မတီဝင်လည်း ဖြစ်သောကြောင့် စခန်းကို အကျိုးပြုရမည်မှာ မမှားပေ ။ သူကိုယ်တိုင်လည်း ဤမျှများပြားသော ဆေးများကို ချက်ချင်း မသုံးနိုင်ပါ ။

ဟန်ရွှေမှာမူ ဆေးတစ်လုံးလောက် ရချင်နေမိသည် ။ သို့သော် ဝမ်ထောင် အသက်ပေး၍ ရှာလာသောကြောင့် သူမ မတောင်းရဲပေ ။

လမ်းတွင် ဇွန်ဘီများနှင့် အနည်းငယ် ထပ်တွေ့သော်လည်း ဝမ်ထောင်က အလွယ်တကူ ရှင်းလိုက်သည် ။ နာရီဝက်ခန့်အကြာတွင် ဒုတိယမြောက်ရိက္ခာကို တွေ့လိုက်ရ၏ ။

ရိက္ခာမှာ လမ်းမကြီးအလယ်တွင် ကျနေသော်လည်း သေတ္တာမှာ ပွင့်နေသည် ။ အနီးတွင် ခေါင်းကွဲနေသော ဇွန်ဘီအချို့ရှိပြီး ဆေးဘူးများမှာ လွင့်စင်နေသည် ။ ၎င်းတို့ လွင့်ကျနေသည့်လမ်းကြောင်းမှာ တံခါးပွင့်နေသော အနီရောင်အိမ်တစ်လုံးဘက်သို့ ဦးတည်နေ၏ ။

"တစ်ယောက်ယောက်က ငါတို့ထက် အရင် ရသွားပြီ ။ ဒါတွေကလည်း ဆေးတွေ ဖြစ်မှာပဲ၊ အကုန်ကုန်သွားပြီ"

ဝမ်ထောင်သည် အဝေးကြည့်မှန်ပြောင်းကို ချလိုက်သည် ။

လမ်းတစ်လျှောက်တွင် အခြားသူများက ရိက္ခာရလျှင် အကြောင်းကြားကြသော်လည်း ဤနေရာက ရိက္ခာအကြောင်း ဘယ်သူမှ ပြောမသွားပေ ။ ဆိုလိုသည်မှာ ရွှေကျဲအခြေစိုက်စခန်းမှ လူများ မဟုတ်ပေ ။ တခြားသူများ ရှိနေသေးသည် ။

ဟန်ရွှေသည် ပစ္စတိုသေနတ်ကို ထုတ်၍ သတိဝီရိယထားလိုက်သည် ။ တခါတရံ လူများမှာ ဇွန်ဘီထက် ပိုကြောက်စရာ ကောင်းလေ၏ ။

သို့သော် သူမမှာ နှမြောနေမိသည် ။ အထဲမှာ ဆေးအလုံး ၁၀၀ တောင် ပါနေနိုင်သည်ကိုး ။

ဝမ်ထောင်သည် သွားစစ်ဆေးရန် ပြင်လိုက်သော်လည်း ဟန်ရွှေကို ရုတ်တရက် မေးလိုက်၏ ။

"ခံစားကြည့်စမ်း ။ အနီးအနားမှာ ဇွန်ဘီ ဒါမှမဟုတ် လူတွေ ရှိသေးလား"

သူမလို လူ့ရေဒါမျိုးကို အသုံးချရမည် ဖြစ်သည် ။

"အင်း.. လူတွေ ရှိတယ်! အဲဒီ အနီရောင်အိမ်ထဲမှာ"

ဟန်ရွှေသည် မျက်လုံးမှိတ်ပြီးနောက် မျက်နှာအမူအရာ ပြောင်းသွား၏ ။

"လူငါးယောက် ရှိတယ် ။ နှစ်ယောက်ကတော့ အတော်သန်မာပုံရတယ်၊ စွမ်းရည်ရှင်တွေ ဖြစ်နိုင်တယ်"

"ဒုက္ခပဲ...သူတို့က ငါးမျှားနေတာပဲ"

ဝမ်ထောင်သည် အဝေးတွင် ကျဲကျနေသော ဆေးဘူးများကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည် ။

သူကတော့ အရင်လူက ဆေးဘူးတွေကို မလိုချင်လို့ ပစ်ထားခဲ့ပြီး ဆေးတွေကိုပဲ ယူသွားတယ်လို့ ထင်ခဲ့မိသည် ။ အခုမှ သူတို့က အိမ်ထဲမှာ ပုန်းနေတာကို သိလိုက်ရ၏ ။ သူတို့သည် ရည်ရွယ်ချက်ရှိရှိ ငါးမျှားနေခြင်း မဟုတ်ပါလား ။

စပ်စုပြီး လိုက်လာသောသူများကို ထိုအိမ်ထဲတွင် စောင့်မျှော်နေမည့်သူမှာ စွမ်းရည်ရှင်နှစ်ယောက်နှင့် လူသုံးယောက် ဖြစ်သည် ။

ဝမ်ထောင်သည် ကောရှင်း၏ အထက်လူကြီး ရှောင်ယုံကို သတိရသွားသည် ။ သူသည် အလွန်သန်မာသော စွမ်းရည်ရှင်ဟု ပြောသံကြားဖူးသည် ။ ရွှေကျဲခရိုင်တွင် သူတို့မှလွဲလျှင် ရှောင်ယုံသာ အင်အားစု ရှိပုံရ၏။

"ဒါဆိုရင် ငါတို့က..."

အထဲတွင် လူတွေရှိနေမှန်း သိလိုက်ရသဖြင့် ဟန်ရွှေ မသွားချင်တော့ပေ ။

"ပြန်မယ်"

ဝမ်ထောင်၏ အဓိကတာဝန်မှာ ရိက္ခာကို ရရန် ဖြစ်သည် ။ အခြားအရာများမှာ ဒုတိယသာ ဖြစ်သည် ။

"ဟုတ်ကဲ့"

ဟန်ရွှေသည် အလျင်အမြန် ကားကို မောင်းထွက်သွားလိုက်သည် ။

အခြားတစ်ဖက်၊ အနီရောင်အိမ်ထဲတွင် ။

"သောက်ကျိုးနည်း၊ သူတို့ ပြန်သွားပြီ"

"သောက်ခွေပေါ့...၊ သူတို့ ဒီဘက်ကို မလာဘူးလား ။ သတိကောင်းလိုက်တာ"

"ငါတို့ ထောင်ချောက်က အလကား ဖြစ်သွားပြီပေါ့"

"ဒါတွေက ဂိမ်းမဟုတ်ဘူးလေ ။ သူတို့ကလည်း အလွယ်တကူ ဝင်လာမှာ မဟုတ်ဘူး"

"ထားလိုက်တော့ ။ ပြန်ကြမယ်"

လျှပ်စစ်တောင်တက်ကားသည် နောက်ထပ်ရိက္ခာတစ်ခုရှေ့သို့ ရောက်လာသည် ။ သို့သော် ကံကောင်းပုံမရပေ ။

ဤရိက္ခာသည် ဇွန်ဘီအုပ်စု အလယ်သို့ ကျရောက်နေသည် ။ ၎င်းတို့ထဲတွင် သွေး ၁၅၀၀ ရှိသော ပေါက်ကွဲတတ်သောဇွန်ဘီ နှစ်ကောင်နှင့် သွေး ၂၀၀၀ ရှိသော ရဲဇွန်ဘီ တစ်ကောင် ပါဝင်နေသည် ။ ထိုရဲဇွန်ဘီမှာ လက်ထဲတွင် ပစ္စတိုသေနတ်ကိုပင် ကိုင်ထားလေသည် ။

"ရဲဇွန်ဘီက သေနတ်ပစ်တတ်တာလား"

ဝမ်ထောင် အံ့အားသင့်သွားသည် ။ ဇွန်ဘီများသာ သေနတ်သုံးတတ်လျှင် ပြီးဆုံးသွားပြီ မဟုတ်ပါလား ။

"ဆုတ်မယ်"

ဝမ်ထောင်သည် ဆုံးဖြတ်ချက်ချလိုက်သည် ။

ရဲဇွန်ဘီတစ်ကောင်တည်းဆိုလျှင်​ သေနတ်ပစ်တတ်လျှင်ပင် သူ နည်းလမ်းရှာမိပေမည် ။ သို့သော် ပေါက်ကွဲတတ်သောဇွန်ဘီနှစ်ကောင်နှင့်ဆိုလျှင်တော့ ပြဿနာမရှာသင့်ပေ ။

ဟန်ရွှေလည်း ကြောက်လန့်နေ၏ ။ သေနတ်ကိုင်ထားသော ဇွန်ဘီဆိုတာ တကယ်ကို ကြောက်စရာကောင်းသည် ။

ဝမ်ထောင်သည် ဝေါ်ကီတော်ကီမှတစ်ဆင့် ဤနေရာမှာ အလွန်အန္တရာယ်များသဖြင့် ဘယ်သူမှ မလာကြရန် အကြောင်းကြားလိုက်သည် ။

"နောက်တစ်နေရာ သွားမယ်"

"ဟုတ်ကဲ့"

ဟန်ရွှေသည် ကားကို မောင်းသွားလိုက်သည် ။

ဝမ်ထောင်သည် နောက်ကို ပြန်ကြည့်လိုက်သည် ။ သူသည် ထိုရဲဇွန်ဘီကို သတ်ပြီး ဘာပစ္စည်းရမလဲဆိုတာ သိချင်နေသည် ။ သို့သော် အချိန်အခါ မသင့်သေးပေ ။

ထိုပေါက်ကွဲတတ်သောဇွန်ဘီများအကြောင်း တွေးရင်း ဝမ်ထောင် မျက်မှောင်ကြုတ်လိုက်သည် ။

"ငါ ဒီဇွန်ဘီတွေကို ရှင်းဖို့ နည်းလမ်းရှာရမယ်"

သူသည် ထိုဇွန်ဘီများကို ယခုထိ မရှင်းနိုင်သေးပေ ။ ပေါက်ကွဲတတ်သောဇွန်ဘီ၏ အဓိက အန္တရာယ်မှာ သူတို့ ပေါက်ကွဲသွားခြင်းမဟုတ်ဘဲ အခြားဇွန်ဘီများကို ဆွဲခေါ်လာခြင်း ဖြစ်၏ ။

အကယ်၍ ဝမ်ထောင်မှာ ဝေးဝေးကနေ တစ်ချက်တည်းနှင့် ခေါင်းကို ပစ်ချနိုင်သော တာဝေးပစ်ရိုင်ဖယ် ရှိလျှင်မူ တစ်မျိုးဖြစ်သည် ။ သူ လက်ရှိ လိုအပ်နေသည်မှာ တာဝေးပစ်လက်နက်ပင် ။

စတုတ္ထမြောက်ရိက္ခာမှာ အဆင့်မြင့် တိုက်ခန်းဝန်း အတွင်းသို့ ကျရောက်နေသည် ။

တိုက်ခန်းဝန်း၏ နာမည်ကို ကြည့်ပြီး ဝမ်ထောင် အံ့အားသင့်သွားသည် ။

"ဟင်၊ ဒါက ဆန်းဝေကွမ်း ပြောတဲ့ သူ့သူငယ်ချင်း နေတဲ့ နေရာ မဟုတ်လား"

သူသည် ဟန်ရွှေကို ကားရပ်ခိုင်းလိုက်သည် ။

တိုက်ခန်းဝန်း၏ အဓိကတံခါးမှာ ပွင့်နေပြီး ဇွန်ဘီများစွာကို တွေ့နေရသည် ။ ရိက္ခာမှာ အဆောက်အအုံများကြားရှိ ပလာဇာတွင် ကျနေ၏ ။

သို့သော် ဝမ်ထောင် ချက်ချင်း မသွားသေးပါ ။ နေ့လည်စာ စားရဦးမည် ဖြစ်သည် ။

"မသွားခင် တစ်ခုခု စားလိုက်ကြရအောင်"

ဝမ်ထောင်သည် ခေါက်ဆွဲခြောက်နှင့် သတ္တုဓာတ်ပါသောရေ ကို ထုတ်လိုက်သည် ။

ဟန်ရွှေသည် ထိုအစာများကို ကြည့်ပြီး တံတွေးမျိုချလိုက်သည် ။ ရွှေကျဲအခြေစိုက်စခန်းတွင် သူမ တစ်ခါမှ မစားဖူးသော အစားအစာများပင် ။

ဝမ်ထောင်သည် ခေါက်ဆွဲခြောက်သုံးထုပ်နှင့် ရေတစ်ဘူးကို ဟန်ရွှေထံ ပစ်ပေးလိုက်သည် ။

"အခြောက်အတိုင်းပဲ စားလိုက်တော့"

"..."

ဟန်ရွှေသည် ခေါက်ဆွဲကို ကိုက်စားလိုက်ရာ အရသာကို ခံစားမိပြီး မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားသည် ။

ဝမ်ထောင်သည် ခေါက်ဆွဲသုံးထုပ်ကို အလျင်အမြန် စားလိုက်ပြီးနောက် အားဖြည့်အာဟာရရည် တစ်ဘူးကို ထပ်သောက်လိုက်သည် ။

သူတို့ စားပြီးနောက် တိုက်ခန်းဝန်းဘက်သို့ လမ်းလျှောက်သွားကြ၏ ။ သို့သော် ဝမ်ထောင်က ရိက္ခာကို အရင်မယူဘဲ လေးနှင့်မြားကိုင်ထားသူ ရှိသည်ဆိုသော အခန်းကို အရင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည် ။

သူတို့သည် အဓိကတံခါးမှ မဝင်ဘဲ ခြံစည်းရိုးကို ကျော်ဝင်သွားလိုက်၏ ။

ထို့နောက် ဗီလာအမှတ် ၃ ရှိရာသို့ လျှောက်သွားကြသည် ။ဗီလာအမှတ် ၃ မှာ ပေါင်းပင်များ ဖုံးလွှမ်းနေပြီး နံရံများမှာလည်း ပျက်စီးနေသည် ။

တတိယထပ်ရှိ အခန်းမှ ကုလားကာနောက်ကွယ်တွင် လေးကို ကိုင်ထားသော ပုံရိပ်တစ်ခုမှာ တောင့်တင်းနေသည် ။ လေတိုက်ခတ်လိုက်သဖြင့် ကုလားကာလွင့်သွားသောအခါမှ သူ့၏ မှုန်ဝါးနေသော မျက်လုံးများကို မြင်လိုက်ရ၏ ။

.....

All Chapters