← Chapters

အခန်း ၉၉

Vol. 9 Ch. 99

အခန်း ၉၉

Vol. 9 Ch. 99

အခန်း ၉၉ - လေးသမားဇွန်ဘီ

"ကျွန်မတို့ ရိက္ခာကို အရင် မယူတော့ဘူးလား"

ဟန်ရွှေက ဝမ်ထောင်ဘေးတွင် အသံတိုးတိုးဖြင့် မေးလိုက်သည် ။ ရိက္ခာအနီးတွင် ဇွန်ဘီများစွာ ရှိနေသော်လည်း ဝမ်ထောင်၏ စွမ်းရည်ဖြင့်ဆိုလျှင် ရှင်းလင်းရသည်မှာ ပြဿနာမရှိနိုင်ပေ ။

"မလိုသေးဘူး၊ ငါ အရင်လုပ်စရာလေး ရှိသေးတယ်"

ဝမ်ထောင်သည် ရှေ့ရှိ ဗီလာအမှတ် ၃ ကို ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာ၏ ။ အကယ်၍ သူသာ လေးနှင့်မြားကို ရခဲ့လျှင် တိုက်ခန်းဝန်းရှိ ဇွန်ဘီများကို အသုံးပြု၍ လေ့ကျင့်နိုင်မည် ဖြစ်သည် ။ မရခဲ့လျှင်လည်း အချိန်အနည်းငယ် ကုန်ဆုံးသွားရုံသာ ရှိပေမည် ။

"ဗီလာရဲ့ ရှေ့တံခါးက ပွင့်နေတယ်..."

ဗီလာဝင်ပေါက်တွင် ဇွန်ဘီများ မရှိသော်လည်း တံခါးမှာ ပွင့်နေသည် ။ ထိုအချက်က အတွင်းရှိ အခြေအနေမှာ သူကြားထားသည့်အတိုင်း ဖြစ်နိုင်ကြောင်း ပြသနေသည် ။ ဝမ်ထောင် ခြေလှမ်းစတင်လှမ်းတော့မည့်အချိန်တွင် ဟန်ရွှေက ရုတ်တရက် ပြောလိုက်သည် ။

"အပေါ်ထပ်မှာ ဇွန်ဘီတစ်ကောင် ရှိတယ်"

သူမသည် ဝမ်ထောင် သတိပေးစရာမလိုဘဲ အာရုံခံစွမ်းရည်ကို အချိန်မီ အသက်သွင်းထားပြီးဖြစ်၍ ဇွန်ဘီကို အာရုံခံမိလိုက်ခြင်း ဖြစ်သည် ။

ဝမ်ထောင်သည် ခေတ္တရပ်တန့်ပြီး အပေါ်သို့ မော့ကြည့်လိုက်သည် ။ ဒုတိယထပ်ရှိ ပြတင်းပေါက်မှာ တစ်ဝက်တစ်ပျက် ပွင့်နေသော်လည်း ကုလားကာများက ကာဆီးထားသဖြင့် အတွင်းအခြေအနေကို မမြင်နိုင်ပေ ။

"ဒီအိမ်ရှင် ဖြစ်ဖို့များ....ဟင်"

ဝမ်ထောင် စကားမဆုံးခင်မှာပင် ခန်းဆီးကုလားကာကြားမှ တုတ်ကဲ့သို့ အရာတစ်ခု ထွက်လာသည်ကို တွေ့လိုက်ရ၏ ။ ထိုအရာက ဝမ်ထောင်၏ စိတ်ထဲတွင် အချက်ပေးသံကို ချက်ချင်း မြည်လာစေသည် ။ ဝမ်ထောင်သည် ဟန်ရွှေကို ရုတ်တရက် တွန်းလိုက်ရာ သူမမှာ ရှေ့သို့ မှောက်လျက် လဲကျသွားပြီး သူကိုယ်တိုင်လည်း အခြားတစ်ဖက်သို့ ခုန်ရှောင်လိုက်သည် ။

ဝှီး..

ဒုတ်...

သူတို့ နှစ်ယောက် ရပ်နေသည့်နေရာတွင် မြားတစ်စင်း စိုက်ဝင်သွားလေသည် ။

"အကာအကွယ် ယူလိုက်"

ဝမ်ထောင်က အသံတိုးတိုးဖြင့် အော်ပြောပြီး ခြံတံခါးရှိ နံရံနောက်တွင် ပုန်းကွယ်လိုက်သည် ။ ဟန်ရွှေ၏ တိုက်ပွဲဝင်အသိမှာ အလွန်ကောင်းမွန်သဖြင့် ဝမ်ထောင် ပြောစရာမလိုဘဲ တံခါး၏ အခြားတစ်ဖက်တွင် ပုန်းနေနှင့်ပြီ ဖြစ်သည် ။ မြေပြင်ပေါ်ရှိ မြားကို မြင်လိုက်ရသဖြင့် သူမမှာ ကြောက်လန့်တုန်လှုပ်သွား၏ ။

သူမ၏ အာရုံခံစွမ်းရည်မှာ မမှားပေ ။ အပေါ်ထပ်တွင် ဇွန်ဘီတစ်ကောင်သာ ရှိသည် ။ သို့သော် ဤမြားကို ဇွန်ဘီက ပစ်လိုက်ခြင်း ဖြစ်နိုင်ပါ့မလား ။ အကယ်၍ ဇွန်ဘီများသာ အဝေးပစ်လက်နက်များ သုံးနိုင်လျှင် လူသားအသက်ရှင်ကျန်ရစ်သူများမှာ မည်သို့ ဆက်လက် အသက်ရှင်နိုင်တော့မည်နည်း ။

ဟန်ရွှေ၏ နှလုံးသားမှာ အေးစက်သွားလေသည် ။ဝမ်ထောင်က ဟန်ရွှေကို လှမ်းအော်လိုက်သည် ။

"အထဲမှာ တခြားဇွန်ဘီတွေ ထပ်ရှိသေးလား"

ဟန်ရွှေသည် မျက်လုံးမှိတ်၍ သေချာစွာ အာရုံခံပြီးနောက် အလျင်အမြန် ပြောလိုက်သည် ။

"မရှိတော့ဘူး၊ ဒီဇွန်ဘီတစ်ကောင်ပဲ "

သူမ၏ စွမ်းရည်မှာ ဗီလာတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သဖြင့် တခြားလှုပ်ရှားမှုကို မတွေ့ရပေ ။

"ကောင်းပြီ"

ဝမ်ထောင်သည် ခေါင်းညိတ်ပြီး မီးသတ်ပုဆိန်တစ်လက်ကို ကောက်ယူကာ ခြံတံခါးဆီသို့ ပစ်သွင်းလိုက်သည် ။

ဘုန်း..

ဝှီး..

ဒုတ်..

နောက်ထပ် မြားတစ်စင်း ပစ်လာပြန်သည် ။ မီးသတ်ပုဆိန်ကို မထိသော်လည်း ၎င်း၏ ဘေးဆယ်စင်တီမီတာခန့်တွင် ကျရောက်သွား၏ ။ လူတစ်ယောက် ပစ်သည်ဆိုလျှင် ဤပစ်ချက်မှာ သာမန်သာ ဖြစ်သော်လည်း ဇွန်ဘီတစ်ကောင်အတွက်မူ ကြောက်စရာကောင်းလှသည် ။ ဝမ်ထောင်သည် အသက်ကို လောင်းကြေးထပ်၍ မစွန့်စားလိုပေ ။

ဝမ်ထောင်သည် နောက်ထပ် မီးသတ်ပုဆိန်တစ်လက်ကို ထုတ်ယူလိုက်ပြီး ဟန်ရွှေကို ပြောလိုက်သည် ။

"ငါ အနောက်ဘက်ကနေ ပတ်သွားမယ် ။ မင်း ဒီမှာပဲနေပြီး သူ့အာရုံကို လွှဲထားလိုက်"

"ဟုတ်ကဲ့"

ဟန်ရွှေသည် သူမ၏ ဦးထုပ်ကို ချွတ်လိုက်ပြီး နံရံနောက်မှနေ၍ ဦးထုပ်ကို အပြင်သို့ ထိုးပြလိုက်သည် ။ မကြာမီပင် တတိယမြောက် မြားတစ်စင်း ပစ်လာပြန်၏ ။

မြားသည် ဦးထုပ်အနီးသို့ စိုက်ဝင်သွားသည် ။ ဟန်ရွှေသည် တံတွေးကို မျိုချလိုက်ပြီး ဦးထုပ်ကို အသုံးပြု၍ ငါးမျှားခြင်းကို ဆက်လုပ်နေလိုက်သည် ။

တစ်ဖက်တွင် ဝမ်ထောင်သည် တိတ်တဆိတ် ပတ်သွားပြီး ခြံစည်းရိုးကို ကျော်လိုက်သည် ။ ဇွန်ဘီရှိသည့် အခန်းကို ခန့်မှန်းပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် အတွင်းသို့ တက်သွားလိုက်၏ ။

ဗီလာ၏ တံခါးနှင့် ပြတင်းပေါက်များမှာ သော့မခတ်ထားပေ ။ အိမ်ရှင်မှာ ရုတ်တရက် ကူးစက်ခံလိုက်ရသဖြင့် ခုခံရန် အချိန်မရခဲ့ပုံရသည် ။

လှေကားကို ရှာတွေ့ပြီးနောက် ဝမ်ထောင်သည် အိပ်ခန်းဆီသို့ ဖြည်းဖြည်းချင်း တက်သွားလိုက်သည် ။ တံခါးမှာ ပိတ်ထားသော်လည်း သော့မခတ်ထားပေ ။ သူသည် အထဲသို့ ချက်ချင်း မဝင်ဘဲ ဝေါ်ကီတော်ကီမှတစ်ဆင့် ဟန်ရွှေကို အကြောင်းကြားလိုက်သည် ။

"သူ ပစ်လိုက်ပြီဆိုရင် ငါ့ကို ပြောပြ"

ခဏအကြာတွင် ဟန်ရွှေ၏ အသံ ထွက်ပေါ်လာသည် ။

"ပစ်လိုက်ပြီ"

ထိုအသံကို ကြားသည်နှင့် ဝမ်ထောင်၏ ကိုယ်ခန္ဓာမှာ ကြေးနီအသားသံမဏိအရိုး စွမ်းရည်ကို အသုံးပြု၍ မာကျောလာပြီး တံခါးကို ကန်ဖွင့်လိုက်၏ ။

ဘုန်း...

သူသည် ပြတင်းပေါက်ဘေးတွင် ရီကပ်လေးကို ကိုင်ထားကာ မြားကို တောင့်တောင့်ကြီး တပ်ဆင်နေသည့် ဇွန်ဘီကို မြင်လိုက်ရသည် ။ ဤဇွန်ဘီမှာ မိုးမကျခင်ကတည်းက ကူးစက်ခံရခြင်း မဟုတ်ပုံရသဖြင့် ကိုယ်ခန္ဓာမှာ အပြင်ဘက်မှ ဇွန်ဘီများထက် ပို၍ ပျက်စီးယိုယွင်းမှု နည်းပါးပြီး သန့်ပြန့်နေပုံ ပေါက်၏ ။

၎င်း၏ သွေးပမာဏမှာ ၁၅၀၀ ဖြစ်သည် ။ ဝမ်ထောင် ဝင်လာသည့် အသံကြောင့် ဇွန်ဘီမှာ ချက်ချင်း လှည့်ကြည့်လာပြီး လေးကို သူ့ဆီသို့ ချိန်ရွယ်လိုက်၏ ။ သို့သော် မြားကိုထုတ်ယူကာတပ်နေရသေးသဖြင့် ပစ်ရန် အချိန်အနည်းငယ် လိုအပ်နေသည် ။

ဝမ်ထောင်သည် လက်ထဲရှိ မီးသတ်ပုဆိန်ကို လျှင်မြန်စွာ ပစ်ထည့်လိုက်၏ ။

ဝှီး..ဒုတ်-

【-၂၅】

မီးသတ်ပုဆိန်မှာ ဇွန်ဘီ၏ ရင်ဘတ်ကို တည့်တည့်မှန်သွားသည် ။ အားပြင်းသော ရိုက်ချက်ကြောင့် ဇွန်ဘီ၏ ကိုယ်ခန္ဓာမှာ ယိမ်းယိုင်သွားပြီး လက်ထဲမှ မြားမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည် ။ ၎င်းသည် နောက်ကျောရှိ မြားကျည်တောက်ထဲမှ မြားအသစ်ကို ယူရန် ကြိုးစားသော်လည်း ဝမ်ထောင်က အခွင့်အရေး မပေးတော့ပါ ။

ဝမ်ထောင်သည် နောက်ကျောမှ မီးသတ်ပုဆိန် နောက်တစ်လက်ကို ထုတ်ယူလိုက်သည် ။ သူသည် အပြင်ထွက်လျှင် မီးသတ်ပုဆိန် လေးလက်ကို အမြဲဆောင်ထားလေ့ရှိသည် ။ ယခု နှစ်လက် ကျန်ရှိနေသေးသည် ။

ဝမ်ထောင်သည် မပစ်တော့ဘဲ တိုက်ရိုက် ပြေးဝင်သွားကာ ပုဆိန်ကို ဇွန်ဘီ၏ ခေါင်းထဲသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားအောင် ခုတ်ချလိုက်သည် ။

ဒုတ်..

【-၈၄၁】

ခုက်ချက်ကြောင့် ဇွန်ဘီမှာ ယိုင်သွားသည် ။ ဝမ်ထောင်က မရပ်နားပါ ၊ လက်ဝဲလက်ဖြင့် ၎င်း၏ ပခုံးကို ဖမ်းဆုပ်ကာ ပုဆိန်ကို ထပ်မံ ခုတ်ချလိုက်ပြန်သည် ။

ဒုတ်..

【-၆၃၄】

【၀/၁၅၀၀】

ဇွန်ဘီ၏ ဦးခေါင်းမှာ ကွဲအက်သွားသည် ။ တောက်ပသော အမြုတေ တစ်လုံး ပေါ်ထွက်လာ၏ ။

ဝမ်ထောင်သည် အမြုတေကို ကောက်ယူပြီးနောက် ဇွန်ဘီ ချပေးသော ပစ္စည်းများကို သိမ်းဆည်းလိုက်သည် ။ ဤလေးသမားဇွန်ဘီ၏ ခုခံနိုင်စွမ်းမှာ သူထင်ထားသည်ထက် ပို၍ အားနည်းနေ၏ ။

သို့သော် ဤဇွန်ဘီကြောင့် ဝမ်ထောင်၏ သွေးပမာဏမှာ ၅၀ တိုးလာပြီး ၁၂၅၀ သို့ ရောက်ရှိသွားသည် ။ ဝမ်ထောင်သည် ဝေါ်ကီတော်ကီကို နှိပ်လိုက်သည် ။

"မင်း အပေါ် တက်လာခဲ့တော့ ။ လမ်းမှာ ရှေ့တံခါးကို ပိတ်ခဲ့ပါ"

"ဟုတ်ကဲ့"

ရှေ့တံခါးကို ပိတ်ပြီးနောက် ဟန်ရွှေမှာ စိတ်လှုပ်ရှားစွာဖြင့် အပေါ်သို့ တက်လာခဲ့သည် ။ ဝမ်ထောင် ဇွန်ဘီကို မည်သို့ သတ်လိုက်သည်ကို သူမ မမြင်လိုက်ရသော်လည်း အာရုံခံစွမ်းရည်အရ ဝမ်ထောင် အခန်းထဲ ရောက်သည်နှင့် ဇွန်ဘီမှာ ချက်ချင်း သေဆုံးသွားသည်ကို သိလိုက်ရသည် ။

သူမလည်း ထိုကဲ့သို့သော ခွန်အားမျိုးကို ရချင်လှသည် ။

သူမ အပေါ်ထပ် ရောက်သောအခါ ဝမ်ထောင်မှာ ပစ္စည်းများကို ရှာဖွေနေသည်ကို တွေ့ရ၏ ။

လေးနှင့်မြားကော ဘယ်ရောက်သွားသလဲ ။

ဟန်ရွှေသည် ဇွန်ဘီကို ကြည့်လိုက်သော်လည်း လေးနှင့်မြားကို မတွေ့ရပေ ။ နံရံတွင် လေးတစ်လက် ချိတ်ထားသည်ကိုတော့ မြင်လိုက်ရသည် ။

ဟန်ရွှေမှာ ထူးဆန်းသည်ဟု ခံစားရသော်လည်း မမေးလိုက်ပေ ။

ဗီလာမှာ အတော်လေး ကြီးမားသဖြင့် ဝမ်ထောင်နှင့် ဟန်ရွှေတို့ အတော်ကြာ ရှာဖွေလိုက်ကြသည် ။

"လေး သုံးလက်၊ ဒူးလေး တစ်လက်၊ ဒူးလေးမြားတံ ၅၅ တံ၊ မြားတံ ၁၅၀ ရတယ် ။ အစားအသောက်တော့ မရှိသလောက်ပဲ၊ တချို့ဟာတွေက ပုပ်နေပြီ၊ ဆန်အိတ်နည်းနည်းနဲ့ အလုပ်လုပ်နိုင်သေးတဲ့ အီလက်ထရွန်နစ်ပစ္စည်းလေးတွေပဲ ရတယ်"

ဟန်ရွှေက စာရင်းပြုစုပြီး ဝမ်ထောင်ကို ပြောလိုက်သည် ။ သူမ၏ အကြည့်မှာ မှန်ပြောင်းပါသော လက်ကိုင်ဒူးလေးဆီသို့ အကြိမ်ကြိမ် ရောက်နေ၏ ။

"ဘာလဲ၊ မင်း ဒါကို လိုချင်တာလား"

ဝမ်ထောင်က မျက်ခုံးပင့်လိုက်သည် ။

"ဟုတ်ကဲ့"

ဟန်ရွှေက ရိုးသားစွာ ခေါင်းညိတ်လိုက်သည် ။

သူမသည် ဤဒူးလေးကို အမှန်ပင် လိုချင်သည် ။ သူမ၏ ပစ်ခတ်မှုမှာ ကောင်းမွန်သော်လည်း အသုံးပြုရန် အခွင့်အရေး မရခဲ့ပေ ။ အကယ်၍ ဒူးလေးတစ်လက် ရှိပါက သူမ၏ တိုက်ခိုက်မှု စွမ်းရည်မှာ များစွာ တိုးတက်လာမည် ဖြစ်သည် ။

ဤဒူးလေးမှာ ခေတ်မီဒြပ်ပေါင်းဒူးလေး ဖြစ်ပြီး အနက်ရောင် ကိုယ်ထည်နှင့် အနီရောင် ကြိုးပါရှိသည် ။ ၎င်းတွင် မှန်ပြောင်းနှင့် ဒူးလေးမြားတံ လေးတံ တပ်ဆင်နိုင်သော နေရာပါရှိသည် ။ ဝမ်ထောင်မှာ လေးနှင့်မြားအကြောင်း သိပ်မသိသော်လည်း ဤဒူးလေးမှာ အလွန်တန်ဖိုးကြီးကြောင်း သိသာသည် ။

ယေဘုယျအားဖြင့် လေးတစ်လက်ကို ပိုင်ဆိုင်ခြင်းမှာ တရားဝင်သော်လည်း ဒူးလေးမှာမူ တရားမဝင်ပေ ။ ဤဒူးလေးမှာ တရားမဝင်သော ရင်းမြစ်မှ လာခြင်း ဖြစ်မည် ။

လူအများစုအတွက် ဒူးလေး၏ အန္တရာယ်မှာ လေးထက် ပိုကြီးသည် ။ လေးပစ်ရန်မှာ လေ့ကျင့်မှု၊ ကျွမ်းကျင်မှုနှင့် ခွန်အား လိုအပ်သော်လည်း ဒူးလေးမှာမူ ကလေးတစ်ယောက် ကိုင်ထားလျှင်ပင် အလွန်အန္တရာယ် ရှိသည် ။

ခဏတာ စဉ်းစားပြီးနောက် ဝမ်ထောင်သည် ဒူးလေးကို ဟန်ရွှေထံ တိုက်ရိုက် ပေးလိုက်သည် ။

"ငါ မင်းကို ငှားပေးမယ်"

"ဟင်"

ဟန်ရွှေသည် အံ့အားသင့်စွာဖြင့် လက်ခံယူလိုက်သည် ။

ဝမ်ထောင်မှာ ဤဒူးလေး၏ တန်ဖိုးကို သိလျက်နှင့် သူမကို ငှားပေးလိုက်ခြင်း ဖြစ်သည် ။

"မင်း ဒါကို မသုံးတတ်ဘူးလို့တော့ မပြောနဲ့နော်"

ဝမ်ထောင်က မျက်မှောင်ကြုတ်လိုက်သည် ။

"သုံးတတ်ပါတယ်"

ဟန်ရွှေသည် ဒူးလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်၏ ။

သူမသည် ဒူးလေးကို အလွန်ကျွမ်းကျင်သည် ။ ရဲစခန်းတွင်လည်း ရှိတတ်သဖြင့် တာဝန်ချိန်များတွင် အသုံးပြုဖူးလေ၏ ။ ပစ်ခတ်မှု နှုန်းထားကို မစဉ်းစားလျှင် သူမသည် ဒူးလေးသုံးရာတွင် သေနတ်သုံးသည်ထက် မညံ့ပါ ။

"ကောင်းပြီ"

ဝမ်ထောင်သည် ထိုမျှသာ ပြောလိုက်သည် ။

ဤဒူးလေးမှာ တန်ဖိုးရှိသော်လည်း သူသည် ပိုကောင်းသော အရာတစ်ခုကို ရရှိထားနှင့်ပြီ ဖြစ်သည် ။

ထို့ကြောင့် ဒူးလေးကို ဟန်ရွှေထံ ပေးလိုက်ခြင်းမှာ သင့်တော်ပါသည် ။ အနာဂတ်တွင် သူတို့ နှစ်ယောက်မှာ အတူတူ ပစ္စည်းရှာကြမည် ဖြစ်ရာ အဝေးပစ် အထောက်အကူပြုသူတစ်ယောက် ရှိခြင်းက ဝမ်ထောင်အတွက် အလုပ်ရှုပ် သက်သာစေ၏ ။

ဒူးလေးကို ရပြီးနောက် ဟန်ရွှေမှာ စမ်းသပ်ပစ်ခတ်ကြည့်သည် ။

ဝှစ်...

ဒုတ်..

ဧည့်ခန်းရှိ ပစ်မှတ်ကို ပစ်လိုက်ရာ ပစ်မှတ်အလယ်တည့်တည့်ကို အမြဲတမ်း မှန်နေသည် ။

ဝမ်ထောင်သည် လေး သုံးလက်ကို ကြည့်လိုက်သည် ။ ၎င်းတို့မှာလည်း ကောင်းမွန်သော်လည်း ဒူးလေးလောက် မကောင်းပေ ။ ဝမ်ထောင်က စမ်းပစ်ကြည့်ရာ အနီးကပ်ဆိုလျှင် အဆင်ပြေသော်လည်း အဝေးဆိုလျှင်မူ ခက်ခဲသည် ။

ဤဗီလာမှ ပစ္စည်းများကို ရှာဖွေပြီးနောက် ဝမ်ထောင်သည် ရိက္ခာကို သွားယူရန် ပြင်လိုက်သည် ။ ထို့နောက် လမ်းတစ်လျှောက်ရှိ အခြားဗီလာများကို ရှာဖွေရန် စီစဉ်ထားသည် ။

ဤတိုက်ခန်းဝန်းမှာ အတော်လေး ကြီးမားသဖြင့် ဗီလာဧရိယာ၊ လူနေအဆောက်အအုံဧရိယာနှင့် လူလုပ်ရေကန်ဟူ၍ သုံးပိုင်း ခွဲခြားနိုင်၏ ။

ဝမ်ထောင်သည် ဤနေရာကို အခြေစိုက်စခန်းအဖြစ် ပြောင်းလဲနိုင်သည်ဟု ထင်မြင်သော်လည်း ပြုပြင်ရန် လူအင်အား များစွာ လိုအပ်သည် ။ ထို့ပြင် အဆောက်အအုံများအတွင်းရှိ ဇွန်ဘီများကို အကုန်ရှင်းလင်းရန်မှာလည်း မလွယ်ကူပေ ။

ရိက္ခာမှာ အဆောက်အအုံများရှေ့ရှိ ပလာဇာတွင် ကျရောက်နေသည် ။

"ဒီထဲမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိမယ်လို့ မင်း ထင်လား"

ဟန်ရွှေက အဆောက်အအုံများကို ကြည့်ပြီး မေးလိုက်သည် ။

"ဖြစ်နိုင်တယ်"

ဝမ်ထောင်သည် အဆောက်အအုံများကို တစ်ချက်ကြည့်လိုက်သည် ။ အကယ်၍ အသက်ရှင်ကျန်ရစ်သူများ ရှိလျှင်တောင် သူတို့ကို ကယ်တင်နိုင်မည့် နည်းလမ်း မရှိပေ ။

အဆောက်အအုံအတွင်း ဇွန်ဘီ ဘယ်လောက်ရှိလဲဆိုတာ ဘယ်သူမှ မသိသဖြင့် ဝမ်ထောင်ပင်လျှင် သူ့ကိုယ်သူ အန္တရာယ်ကင်းအောင် မကာကွယ်နိုင်ပေ ။

သူတို့ကိုယ်တိုင်က အပြင်ထွက်နိုင်မည့် နည်းလမ်းကို ရှာနိုင်မှသာလျှင် သူကယ်တင်နိုင်မည် ဖြစ်သည် ။

"ဟူး..."

ဟန်ရွှေသည် ခေါင်းခါပြီး စိတ်ထဲမှ ဖယ်ထုတ်လိုက်သည် ။ သူမသည် အသက်ရှင်ကျန်ရစ်သူများကို ကယ်တင်ချင်သော်လည်း မိမိတို့၏ အန္တရာယ်ကင်းမှုကို အရင်ဦးစားပေးရမည်ကို သိလေ၏ ။

သူတို့ နှစ်ယောက်သည် ဗီလာအမှတ် ၃ မှ ရရှိသော ပစ္စည်းများကို ကားပေါ် တင်ပြီးနောက် တိုက်ခန်းဝန်းအတွင်းသို့ ဝင်သွားလိုက်ကြသည် ။

ဝမ်ထောင်သည် ခါးတွင် မီးသတ်ပုဆိန် ချိတ်ထားပြီး လေးတစ်လက်ကို ကိုင်ထားသည် ။ ဟန်ရွှေမှာမူ ဒူးလေးကို ကိုင်ထား၏ ။ သူတို့ နှစ်ယောက်စလုံးမှာ လက်နက်သစ်များကို စမ်းသပ်ကြည့်ချင်နေကြသည် ။

ဝင်ပေါက်မှ ဆယ်မီတာအကွာတွင် ဟန်ရွှေသည် ဒူးလေးကို မြှောက်လိုက်သည် ။

ဝှစ်..

ဒုတ်..

ဒူးလေးမြားတံ တစ်တံမှာ ဝင်ပေါက်ရှိ ဇွန်ဘီ၏ မျက်လုံးပေါက်ထဲကို တည့်တည့်မှန်သွားသည် ။

【-၁၀၀၀】

【၀/၁၀၀၀】

တစ်ချက်တည်းနှင့် သေဆုံးသွားသည် ။ ပတ်ဝန်းကျင်မှ ဇွန်ဘီများမှာ သူတို့ကို မသိလိုက်ပေ ။

ဝမ်ထောင်သည် ဟန်ရွှေကို အံ့အားသင့်စွာ ကြည့်လိုက်သည် ။ ဤဒူးလေး၏ အစွမ်းမှာ သူထင်ထားသည်ထက် ပိုပြင်းထန်၏ ။သူမ၏ လက်စွမ်းကလည်း ကောင်းလှပေသည်။

ဟန်ရွှေ အလွန် စိတ်လှုပ်ရှားနေသည် ။ သူမမှာ သာမန်ဇွန်ဘီများကို တစ်ချက်တည်းဖြင့် သတ်နိုင်သော စွမ်းရည်ကို ပိုင်ဆိုင်သွားပြီ ဖြစ်သည် ။

သို့သော် ဒူးလေးမှာ မြားတပ်ဆင်သည့်နှုန်း နှေးကွေးသဖြင့် ခြေထောက်ဖြင့် နင်းပြီး ကြိုးဆွဲရသည်မှာ သူမအတွက် အနည်းငယ် အဆင်မပြေပေ ။

ဝမ်ထောင်သည် ဟန်ရွှေ၏ အစွမ်းကို ကြည့်ပြီးနောက် သူကိုယ်တိုင်မူ မစမ်းသပ်တော့ဘဲ ဟန်ရွှေကိုသာ တာဝန်ပေးလိုက်သည် ။

"မင်းပဲ လုပ်လိုက်တော့"

"ဟုတ်ကဲ့"

ဟန်ရွှေသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည် ။

ဤဒူးလေး၏ ထိရောက်သော အကွာအဝေးမှာ မီတာ ၄၀၀၊ ၅၀၀ အထိ ရှိသည်ဟု ကြားဖူးသော်လည်း ထိုမျှ အကွာအဝေးတွင် မှန်အောင် ပစ်ရန်မှာ ကံကောင်းမှုသာ လိုအပ်သည် ။

ဟန်ရွှေမှာ မီတာ ၃၀ မှ ၅၀ အတွင်းတွင် မှန်အောင် ပစ်နိုင်သည်ဆိုလျှင်ပင် ကျေနပ်နေပြီ ဖြစ်သည် ။

ယခု ဝင်ပေါက်ရှိ ဇွန်ဘီ ခုနစ်ကောင်လုံးမှာ ဟန်ရွှေ၏ လက်ချက်ဖြင့် သေဆုံးသွားပြီ ဖြစ်သည် ။ ဟန်ရွှေ၏ သွေးပမာဏမှာ ၃၃၀ သို့ ရောက်ရှိသွား၏ ။

"တော်လိုက်တာ"

ဟန်ရွှေသည် စိတ်ထဲမှ အော်ဟစ်လိုက်သည် ။

သွေးပမာဏ ၁၀၀ တိုးတိုင်း ကိုယ်ခန္ဓာ၏ စွမ်းရည်မှာ အနည်းငယ် တိုးတက်လာတတ်သည် ။ ယခုကဲ့သို့ အလွယ်တကူ သတ်နိုင်ခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည် ။

သူမသည် ဝမ်ထောင်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်၏ ။ ဝမ်ထောင်သာ မရှိလျှင် သူမမှာ ဤကဲ့သို့ အခွင့်အရေးမျိုး ရနိုင်မည် မဟုတ်ပေ ။

"ကျေးဇူးတင်ပါတယ်"

"ကိစ္စမရှိပါဘူး၊ သွားကြစို့"

ဝမ်ထောင်မှာ လေးဖြင့် ပစ်ရသည်ကို စိတ်ဝင်စားသော်လည်း အဝေးမှ ပစ်ရန်မှာ ခက်ခဲလွန်းလှသည် ။ သူသည် အလွတ်သဘော နှစ်ချက် ပစ်ကြည့်ရာ တစ်ချက်မှာ တိုင်ကို မှန်ပြီး တစ်ချက်မှာ ဇွန်ဘီ၏ ခြေထောက်ကို မှန်သွားသည် ။

ခေါင်းကိုချိန်တာ ခြေထောက်ကိုမှန်ရလား ..။

ဝမ်ထောင်က သူ၏လေးကို အသာပြန်ချလိုက်၏။ သူက အနီးကပ်ပစ်မှတ်ကိုသာ မှန်မည့်ပုံရှိသည် ။ ဟန်ရွှေကတော့ သူ့အားမကြည့်ဘဲ အခြားဘက်သို့ မျက်နှာလှည့်နေလေသည်။

သူမက ရယ်ချင်စိတ်ကို အောင့်ထားရပုံပေါ်၏။

သူတို့သည် ဝင်ပေါက်သို့ သွားပြီး မြားများကို ပြန်ကောက်ယူလိုက်ကြသည် ။

"ဂီး..ဂစ်ဂစ်"

အစောင့်အခန်းအတွင်းရှိ အစောင့်ဇွန်ဘီကိုတော့ ဝမ်ထောင်က လေးနှင့် အလွယ်တကူ ပစ်သတ်လိုက်သည် ။

【-၁၀၀၀】

【၀/၁၀၀၀】

ဝမ်ထောင်မှာ လေးနှင့်မြားဖြင့် ဇွန်ဘီကို သတ်နိုင်လ်ုက်သဖြင့် ကျေနပ်သွား၏ ။

သူတို့နှစ်ယောက်သည် တိုက်ခန်းဝန်းအတွင်းသို့လျှောက်သွားကြရာ ရိက္ခာအနီးတွင် ဇွန်ဘီ ၃၀ ခန့်ကို တွေ့လိုက်ရသည် ။ သူတို့သည် မီတာ ၂၀ အကွာတွင် ရပ်ကာ ဇွန်ဘီများကို စတင် ပစ်ခတ်ကြတော့သည် ။

မိနစ်အနည်းငယ်အတွင်းမှာပင် ဇွန်ဘီအားလုံးမှာ လဲကျသွား၏ ။

ဟန်ရွှေမှာ ၂၇ ကောင် သတ်နိုင်ပြီး ဝမ်ထောင်မှာ ၆ ကောင်သာ သတ်နိုင်သည် ။ ပစ်မှတ်များက နီးနေသော်လည်း ဝမ်ထောင်က ဟန်ရွှေ၏ သွေးပမာဏ တိုးစေရန် အခွင့်အရေးပေးလိုက်ခြင်းပင် ။

ရိက္ခာကို ဖွင့်ကြည့်လိုက်ရာ ဗိုင်းရပ်စ်တားဆီးဆေးများသာ ပါဝင်နေပြန်သည် ။ ဆေးဘူးပေါင်း ငါးဘူး ရှိပြီး တစ်ဘူးစီတွင် ၂၀ ပါဝင်၏ ။

ဆေးများကို သိမ်းဆည်းပြီးနောက် သူတို့ ပြန်ထွက်ရန် ပြင်လိုက်စဉ် ဝမ်ထောင်၏ ခြေထောက်ကို အလင်းတန်းတစ်ခု ထိမှန်သွားသည် ။ သူ မော့ကြည့်လိုက်ရာ အဆောက်အအုံ ၁ ၏ ၁၂ ထပ်မှ လူတစ်ယောက်သည် မှန်ဖြင့် အလင်းပြန်၍ အချက်ပေးနေသည်ကို တွေ့လိုက်ရ၏ ။

"အသက်ရှင်ကျန်ရစ်သူတွေ ရှိတယ်"

ဟန်ရွှေ၏ မျက်လုံးများ အရောင်လက်သွားသည် ။ သို့သော် ထိုသူ၏ တည်နေရာကို မြင်လိုက်ရသဖြင့် သူမ ခေါင်းခါလိုက်၏ ။ ထိုနေရာသို့ သွားရန်မှာ အန္တရာယ် များလွန်းလှသည် ။

"ဒီနေ့ တာဝန်က ရိက္ခာရှာဖို့ပဲ ။ ဒီသတင်းကို အခြေစိုက်စခန်းကို အကြောင်းကြားလိုက်မယ်"

ဝမ်ထောင်မှာ နောက်ထပ် ရိက္ခာများစွာ ကျန်ရှိနေသေးသဖြင့် သူတို့အား ကယ်တင်ရန်မှာ အချိန်မရှိပေ ။

ထိုအချိန်တွင် အပေါ်ထပ်ရှိ လူမှာ ဝမ်ထောင် မမြင်သည်ဟု ထင်၍ အလင်းတန်းဖြင့် အဆက်မပြတ် အချက်ပေးနေသည် ။ ဝမ်ထောင်နှင့် ဟန်ရွှေမှာ မလှုပ်မယှက် ရပ်နေစဉ် အပေါ်ထပ်မှ မိန်းကလေးတစ်ယောက်၏ အသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

"ဟေ့.. ထွက်မသွားပါနဲ့..ငါတို့ကို ကယ်ပါ"

အသံမှာ လွန်စွာ ကျယ်လောင်လှသည် ။

"အသုံးမကျတဲ့သူပဲ"

ဝမ်ထောင်က ခပ်တိုးတိုး ကျိန်ဆဲလိုက်သည် ။

"ပြေး.."

သူတို့ တိုက်ခန်းဝန်းမှ မထွက်ခင်မှာပင် အပြင်ဘက်မှ အရူးဇွန်ဘီများမှာ အသံကြားရာသို့ ရောက်လာသည်ကို တွေ့လိုက်ရ၏ ။ သွေးပမာဏ ၂၀၀၀ ရှိသော အရူးသားရဲအုပ်စုကို မြင်လိုက်ရသဖြင့် ဝမ်ထောင်သည် ဟန်ရွှေကို ဆွဲကာ အလျင်အမြန် ပြေးထွက်သွားလိုက်သည် ။

"ဗီလာဧရိယာဘက်ကို ပြေးမှရမယ်"

...

(စာစဥ် ၉ အတွက် ၅ ပိုင်းကျန်နေခဲ့လို့ ပြန်ဖြည့်ပေးထားပါတယ်ခင်ဗျာ ၊ စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်ခင်ဗျ )

All Chapters