သူလာနေပြီ
Vol. 6 Ch. 273
ဘူဂေးရီးယားနိုင်ငံ၊ မြို့ငယ်လေးတစ်မြို့။
ကျောမှာ ဂစ်တာအိတ်လွယ်ထားတဲ့လူငယ်လေးက လမ်းကြားထဲ လျှောက်ဝင်လာတယ်။ သူက အဖြူရောင်ဘုရားကျောင်းဝတ်ရုံကို ဝတ်ထားပြီး သူ့မျက်နှာပေါ်မှာတော့ သက်သောင့်သက်သာအပြုံး ရှိလို့နေပါတယ်။ လမ်းဘေးကော်ဖီဆိုင်တစ်ဆိုင်ရှေ့ကို ရောက်တဲ့အခါမှာတော့ သူ့ကိုလက်ယမ်းပြနေတဲ့ အနက်ရောင် ဘုရားကျောင်းဝတ်ရုံနဲ့လူကြီးကိုတွေ့လိုက်ရပါပြီ။
“ဟေး၊ လူငယ်လေး။ မင်းထွက်လာပြီပေါ့လေ။” အဲဒီလူကြီးက သူ့ကိုလက်ယမ်းပြတဲ့အတွက် ဆားဗီးရပ်လည်းပြုံးလိုက်ပြီး အဲဒီလူကြီးထိုင်နေတဲ့ဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။
“ခင်ဗျားက ကျုပ်တစ်ကိုယ်တော်လေ့ကျင့်ရာကနေ ထွက်လာတာ တမင်စောင့်နေတာလား။”
ဆားဗီးရပ်က လူကြီးကိုကြည့်လိုက်တယ်။ သူတို့နှစ်ယောက်ကို ရင်းနှီးတယ်လို့ပြောလို့ရသလို မရင်းနှီးဘူးလို့လည်းဆိုနိုင်တယ်။ သေချာနေတာတစ်ခုကတော့ အနက်ရောင်ဝတ်လူဟာ ဂျေဇူးဝပ် ဘုန်းတော်ကြီးတွေရဲ့ခေါင်းဆောင် အန်တိုနီဆိုတာပါပဲ။
“အလုပ်ကိစ္စတွေ ခဏထားကွာ၊ မနက်စာ အရင်စားစမ်း။”
အန်တိုနီက ဆားဗီးရပ်ရဲ့မေးခွန်းကို တိုက်ခိုက်ပြန်မဖြေသေးဘဲ လက်ခုပ်တီးပြီး စားပွဲထိုးကိုခေါ်လိုက်တယ်။ စားပွဲထိုးအနားကို ရောက်လာချိန်မှာတော့...
“ဒီကောင်လေးဖို့ နှပ်ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်လုံးကြော် ချပေးစမ်းကွာ။”
မကြာခင်မှာပဲ မှာထားတဲ့စားစရာတွေရောက်လာတယ်။ ထူးထူး ခြားခြားရယ်တော့မဟုတ်ပါဘူး။ အငွေ့တထောင်းထောင်းထနေတဲ့ ရိုးရိုးနှပ်ကော်ဖီတစ်ခွက်ရယ် ဆီဝေ့နေတဲ့ ဘော်လကန် ပေါင်မုန့်လုံးကြော်အနည်းငယ်ရယ်ပေါ့။
“ဒီဆိုင်က ပေါင်မုန့်ကြော်ကောင်းတယ်ကွ။ ပေါင်မုန့်သားထဲ နို့အစစ်ထည့်လုပ်တာ။” အန်တိုနီက ပြုံးပြီးပြောလိုက်တယ်။
“ခင်ဗျားဒဏ်ရာတွေ သက်သာသွားပြီလား။” ဆားဗီးရပ်က ဗာတီကန်မှာဖြစ်ခဲ့တဲ့တိုက်ပွဲအသေးလေးကို သတိရပြီးမေးတယ်။ အဲဒီတုန်းကတည်းက သူတို့နှစ်ယောက်ဖိတ်ဖွဲ့ထားတာဆိုပေမဲ့ အခြေအနေအမျိုးမျိုးကြောင့် ဟန်ဆောင်တိုက်ခဲ့ရပြီး ဆားဗီးရပ်က အန်တိုနီကို ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တယ်။
“မင်းတွေ့တဲ့အတိုင်းပဲလေကွာ...” အန်တိုနီက ရယ်ကျဲကျဲပြောရင်း သူ့ကိုယ်ပိုင်ပေါင်မုန့်ကြော်ကို တစ်ရှူးနဲ့ခံကိုင်လိုက်ပြီးကိုက်တယ်။ နောက်တော့ ကော်ဖီနဲ့မျောချရင်း...
“မင်းလေ့ကျင့်နေတုန်း ကိစ္စတွေအများကြီးဖြစ်ခဲ့တယ်ကွ။ နက်ဆန်၊ အဲဒီကောင်လေးလည်း ရှေးအယ်ဒါဖြစ်သွားပြီ။ အီလက်ထရာဆိုတဲ့ လင်ဘိုဘုံကတစ်ယောက်ကိုလည်း နိုင်ထားတယ်။ မင်းတို့ အဆင့်မှာတောင် သူက တော်တော်အစွမ်းထက်တယ်။”
ဆားဗီးရပ်က ပေါင်မုန့်ကြော်တစ်တုံးကိုစမ်းကိုက်ကြည့်တယ်။ ဆီများပေမဲ့ မသက်မသာဖြစ်စေတာမျိုးမခံစားရတဲ့အတွက် သူလည်းအန်တိုနီကိုအတုယူပြီး ကော်ဖီနဲ့တွဲသုံးဆောင်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။
“ကျုပ်ပြိုင်ဘက်ဆီကနေ မျှော်လင့်ထားတဲ့အတိုင်းပါပဲ။”
ဆားဗီးရပ်က အသိအမှတ်ပြုလိုက်ပြီး စားစရာရှိတာ ဆက်စားတယ်။ ပြောရရင် သူမအံ့ဩမိဘူး။ နက်ဆန်က သူ့ထက်နည်းနည်းအားနည်းတယ်ဆိုပေမဲ့ အယ်ဒါအဆင့်မှာကတည်းက နက်ဆန်ကို သူကလွဲလို့ တခြားသူတွေက လွယ်လွယ်နဲ့အနိုင်ယူနိုင်တာမဟုတ်ဘူး။ သူမရှိတုန်း သူ့ပြိုင်ဖက်က အဆင့်တက်သွားပြီး အမည်မသိ ရှေးအယ်ဒါတစ်ယောက်ကို အနိုင်ယူလိုက်တာ အဆန်းမဟုတ်ဘူး။
နှစ်ယောက်လုံးစားပြီးမှ လက်ဖက်ရည်ဆိုင်မှာ စကားပြောလေ့ရှိကြတဲ့ မိတ်ဆွေရင်းနှစ်ယောက်လိုမျိုး အချက်အလက်တွေဖလှယ်ကြတော့တယ်။
“ကောင်လေး၊ ပီးယပ်နဲ့ယှဥ်ချရင် မင်းကိုယ်မင်း နိုင်ခြေဘယ်လောက်ရှိတယ်လို့ ထင်လဲ။”
“ငါးဆယ်ငါးဆယ်ပဲ....”
“ဒါဆိုရင်တော့ မသွားဖို့ပြောချင်တယ်ကွ။ အဲဒီချက်ကျောင်းအတုက ဂျပန်နိုင်ငံတစ်ဝက်လောက်နဲ့ လက်တင်အမေရိကတစ်လွှားကို အင်အားသုံးသိမ်းပြီးထားပြီ။ တပ်မှူးတွေတောင် အယ်ဒါအဆင့်ကိုရောက်နေပြီ။ ကျောင်းခြောက်ကျောင်းက မဟာမိတ်ဖွဲ့တိုက်ရင်တောင် နိုင်ဖို့မသေချာတော့ဘူး။”
“ခင်ဗျားက ကျုပ်ကို ဖျောင်းဖျနိုင်မယ်ထင်နေတာလား။”
ဆားဗီးရပ်ဆီက တုံးတိပြန်ဖြေတဲ့စကားကိုကြားတော့ အန်တိုနီက ထပ်မံရယ်မောလိုက်ပြန်တယ်။ ဒါပေမဲ့ သူ့မျက်လုံးတွေကတော့ ရယ်မနေဘူး။
“ကောင်လေး၊ အဲဒီပီးယပ်မှာ ကျရှုံး အိန်ဂျယ်တစ်ကောင်ရဲ့ အကူအညီရှိတယ်။ ကိုးကွယ်ယုံကြည်မှုစွမ်းအားဆိုရင်လည်း ငါတို့ရိုမန်ကက်သလစ်တွေ အထွတ်အထိပ်အချိန်ကရှိခဲ့တဲ့ အနေအထားမျိုးမှာရောက်နေပြီ။ မင်းက ပြိုင်ဖက်ကင်းတဲ့ လူတစ်ယောက်ဖြစ်ရင်တောင် လူသန်းရာပေါင်းများစွာဆီက စွမ်းအားတွေရထားတဲ့သူတစ်ယောက်ကို နိုင်ဖို့မလွယ်ဘူး။”
အန်တိုနီက ထပ်ပြီးသတိပေးလိုက်ပေမဲ့ ဆားဗီးရပ်ကတော့ ပြန်မဖြေဘူး။ ဆုံးဖြတ်ထားပြီးသားဆိုတာ အသိသာကြီးပါ။
“မင်းမှာ ဝှက်ဖဲတစ်ခုခု ရထားလို့လား။” အန်တိုနီက ထပ်မေးတော့ ‘ခင်ဗျားစဥ်းစားကြည့်လေ' ဆိုတဲ့သဘောနဲ့ ဆားဗီးရပ်က သူ့ကို ပြန်ကြည့်တယ်။ ဆားဗီးရပ်ရဲ့မျက်လုံးတွေထဲမှာ ရွှေဝါရောင် မီးတောက်တွေတောက်လောင်လို့။
“မင်းက... နတ်တမန်တစ်ယောက်ဖြစ်လာတာလား။” အန်တိုနီက အံ့ဩသွားသလို ချက်ချင်းပဲတည်ကြည်သွားပြီ။
“ကောင်လေး... အဲဒီလိုဆိုရင် မသွားတာအကောင်းဆုံးပဲ။”
“ဘာကြောင့်လဲ...”
“နတ်တမန်ဆိုတာ ဧဒင်ဥယျာဥ်ကိုဖွင့်လှစ်နိုင်တဲ့ တံခါးသော့ပဲ။ ကွန်စတန်တီနိုပယ်ဆိုတာ ခရစ်ယာန်ဥယျာဥ်ထဲက ပန်းသီးသီးတဲ့ နေရာလို့ အော့တိုမန်တွေ တင်စားပြောခဲ့တာ အလကားမဟုတ်ဘူးနော်။”
ဒီတစ်ခါတော့ ဆားဗီးရပ်ကိုယ်တိုင်လည်း တွေးတွေးဆဆ ဖြစ်သွားပုံပါပဲ။ သူက လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း အန်တိုနီကို တစ်ခွန်းချင်းစီပြောလိုက်ပါပြီ။
“ပီးယပ်က ဒါတွေအားလုံးကို ကြိုစီစဥ်ထားတာဖြစ်နိုင်တယ်လို့ ခင်ဗျားပြောချင်တာလား။”
အန်တိုနီကလည်း မငြင်းပါဘူး။ သူက သက်ပြင်းရှည်ကြီးချရင်း ကွန်စတန်တီနိုပယ်မြို့ရှိရာ တောင်ဘက်အရပ်ကို ငေးကြည့်တယ်။ စက္ကန့်ပေါင်းများစွာကုန်လွန်သွားခဲ့ချိန်မှ
“အခုဆိုရင် ကွန်စတန်တီနိုပယ်မြို့ကောင်းကင်တစ်ခုလုံးကို ငရဲတိမ်တိုက်တွေ ဖုံးလွှမ်းထားတယ်။ ငရဲဂိတ်တံခါးက ပွင့်ဖို့ နည်းနည်းလေးပဲလိုတော့တဲ့သဘောပဲ။ အဲဒီကိုမင်းရောက် သွားမယ်ဆိုရင် ဥယျာဥ်ကိုပါ ပီးယပ်ဖွင့်နိုင်သွားလိမ့်မယ်။ ဒီတစ်ခါ ငရဲတံခါးထဲက တက်လာချင်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ဥယျာဥ်ထဲ ဝင်ချင်နေတဲ့သူဆိုတာသေချာတယ်။”
အန်တိုနီကိုယ်တိုင်တောင်မှ အဲဒီအရာရဲ့နာမည်ကို ထုတ်ပြီးတော့ ပြောချင်ပုံမပေါ်ဘူး။ အဲဒီအစား သူက စားပွဲပေါ်တင်ထားတဲ့ ရေသန့်ဘူးခွံပေါ်က ရေစက်ရေပေါက်တွေကိုအသုံးချပြီး စာနှစ်လုံးကျက ရေးလိုက်တယ်။
[AZ]
“ဒါကို မင်းသဘောပေါက်မှာပါ။” အန်တိုနီက ဆားဗီးရပ်ကို သူများဆင်ထားတဲ့ထောင်ချောက်ထဲ တိုးမဝင်စေချင်ဘူး။ ဖြစ်နိုင်ရင် ဒီလိုကြီးကျယ်ခမ်းနားတဲ့လူတစ်ယောက်ကို အလကားမသေစေချင်တာ။ ဒါပေမဲ့...
“ကျုပ်ကို အစအဆုံးရှင်းပေးပေးတဲ့အတွက် ဖာသာအန်တိုနီကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်ကတော့ သွားမှဖြစ်မယ်။ ကျုပ် ကတိပေးခဲ့တဲ့အရာတစ်ခုရှိတယ်။ ပီးယပ်ကို ကျုပ်သတ်နိုင်ခဲ့ရင် အဲဒီသတ္တဝါထွက်မလာနိုင်အောင် တားမြစ်ပြီးသားလည်း ဖြစ်သွားတာပေါ့။”
ဆားဗီးရပ်က သူ့စကားကိုအဆုံးသတ်ပြီး ထိုင်နေရာကနေ ထလိုက်တယ်။ အန်တိုနီကတော့ ဆားဗီးရပ်ကို နောက်တစ်ခါ မြင်ရတော့မယ့်သူမဟုတ်သလိုမျိုးကြည့်လိုက်ပြီး ခက်ခက်ခဲခဲ ပြုံးပြလိုက်တာပေါ့။
ဒီလူငယ်လေးကို သူတားချင်တယ်။ ဒါပေမဲ့ တားမြစ်နိုင်စွမ်းမှ သူ့မှာမရှိတာ။ သူက ဒီအတိုင်း အားနည်းတဲ့ အဖိုးအိုတစ်ယောက် သာသာပဲမဟုတ်လား။ တစ်ခါတလေ လောကအရေးတွေကို ဝင်မပါဘဲ လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကြည့်ရှုနေတာက ပိုကောင်းတယ်မဟုတ်လား။
“ကောင်လေးရေ၊ နောက်ကော်ဖီတစ်ခွက်ချကွာ...”
...
ကွန်စတန်တီနိုပယ်၊ ရိုမြူလက်ဘုရားကျောင်း။
ရဟန်းမင်းကြီးပီးယပ်က ဝတ်ပြုခန်းထဲမှာဒူးထောက်ပြီးတော့ တစ်စုံတစ်ခုကို ဝတ်ပြုနေတယ်။ သူ့ရှေ့မှာတော့ လက်ဝါးကပ်တိုင် တစ်ခုရှိပေမဲ့ ပြောင်းပြန်ဖြစ်လို့နေတယ်။ ကြက်သွေးရောင် အလင်းမှုန်တွေကတော့ ဘုရားကျောင်းဆောင် တစ်ခုလုံးအနှံပြန့်နှံလို့။
“ရဟန်းမင်းကြီး...” သွေးနီရောင်ဝတ်စုံဝတ်ထားတဲ့ ဘုန်းတော်ကြီးက ပီးယပ်အနားမှာပေါ်လာပြီး တီးတိုးခေါ်လိုက်တယ်။ ခြေသံတစ်ချက်မှမထွက်ဘူး။
“အရေးကြီးကိစ္စရှိလို့လား၊ သွေးစွန်းဘုန်းတော်ကြီး။”
ပီးယပ်က မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပြီးမေးလိုက်တော့ သွေးစွန်းဘုန်းတော်ကြီးကလည်း တည်ကြည်စွာနဲ့ပဲဖြေတယ်။
“ဓားသူတော်စင်က ကျုပ်တို့ဆီကိုလာနေပြီ။”
ပီးယပ်က အသာလေးပဲ ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက် ဒူးထောက်နေရာကနေထလိုက်ပြီးတော့ သွေးစွန်းဘုန်းတော်ကြီး ပခုံးပေါ်ကိုလက်တင်လိုက်တယ်။
“ငါတို့အစီအစဥ်ရဲ့နောက်ဆုံးခြေလှမ်းကို ရောက်လာပြီဆိုတဲ့ သဘောပဲ။ မိတ်ဆွေကြီး၊ လှံသူတော်စင်ကိုသွားရှာပါ။ ဓားသူတော်စင် မြို့ထဲဝင်လာမှ သူ့ကိုတိုက်ခိုက်ပါ။ ကျုပ်ကတော့ ဆက်ဝတ်ပြုလိုက်ဦးမယ်။”
ပီးယပ်က ဒူးပြန်ထောက်လိုက်ပြီး လက်နှစ်ဖက်ကိုပူးကပ်ကာ ဆက်လက်ဝတ်ပြုနေပြန်တယ်။ သွေးစွန်းဘုန်းတော်ကြီးကတော့ ဝတ်ပြုဆောင်ထဲကနေ တိုးညှင်းစွာပဲ ထွက်သွားခဲ့တာပေါ့။
...
“အစ်မ၊ ပြန်သတိရလာလို့ တော်သေးတာပေါ့။ အဲဒီတုန်းက ကျွန်တော်တကယ်လန့်သွားတာ။” နီကိုလပ်က သီယာရဲ့အိပ်ခန်းထဲ ရှိနေပါတယ်။
သီယာကတော့ အိပ်ရာထဲလှဲနေရဆဲဖြစ်ပြီး သူ့မောင်လေးကို ဖျော့တော့စွာပြုံးပြလိုက်တယ်။ လပေါင်းများစွာကြာခဲ့ပြီဆိုပေမဲ့ ရထားတဲ့ဒဏ်ရာတွေများလွန်းလို့ အရှင်းမပျောက်သေးဘူး။ သီယာဟာ သတိပြန်ရလာတာတောင် ရက်ပိုင်းပဲရှိသေးတာ။
“စိတ်ပူအောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်။” သီယာက နီကိုလပ်ရဲ့ခေါင်းကို ဖြည်းဖြည်းလေးပုတ်ပေးလိုက်ပါတယ်။ နီကိုလက်ကလည်းပြုံးလိုက်ပြီး
“အစ်မသတိလစ်နေတုန်း ကိစ္စတွေအများကြီးဖြစ်သွားတယ်။ အဲဒီဆားဗီးရပ်က သစ္စာဖောက်သွားပြီ။ အမှောင်ကျောင်းတော်က ကျွန်တော်တို့ဘုရားကျောင်းထဲ ဒုတိယအကြိမ်မြောက် ဖောက်ဝင်သေးတယ်။ ရဟန်းမင်းကြီးပီးယပ်ကလည်း အလုပ်ရှုပ်နေသေးတာ။”
သီယာကတော့ နီကိုလက်ရှင်းပြသမျှကို ပြုံးလျက်သားနဲ့ပဲ နားထောင်နေခဲ့တယ်။ အနည်းဆုံးတော့ ဒီကောင်လေး အဆင်ပြေနေတယ်ဆိုတာ သိလိုက်ရလို့ သူဝမ်းသာမိတာ။
“မောင်လေးနီကိုလပ်က မမမရှိတုန်း အများကြီးကြီး ပြင်းလာပြီပဲ။” သီယာက အသိအမှတ်ပြုလိုက်တော့ နီကိုလပ်ရဲ့မျက်နှာမှာ အပြုံးကြီးကြီးပေါ်လာတယ်။ အဲဒီအချိန်မှာပဲ သွေးစွန်းဘုန်းတော်ကြီးက သူတို့အခန်းထဲမှာပေါ်လာလေရဲ့။
“လှံသူတော်စင်... ဓားသူတော်စင်က ကျုပ်တို့ဆီကိုလာနေပြီ။ ရဟန်းမင်းကြီးက မင်းကိုခံစစ်တာဝန်ယူဖို့ခိုင်းလိုက်တယ်။ သတိထားဖို့က မြို့ထဲကနေပဲ သူ့ကိုရင်ဆိုင်ရမယ်။ မင်းက ဘုရားကျောင်းအစီအရင်တွေမရှိတဲ့အပြင်မှာ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။”
“ဆားဗီးရပ်ရောက်လာတာလား... ကျွန်မလည်း ကူညီပေးမယ်။”
သီယာက အိပ်ရာပေါ်ကနေထဖို့ကြိုးစားရင်း စားပွဲပေါ်တင်ထားတဲ့ လေးကိုလှမ်းယူဖို့ကြိုးစားပေမဲ့ သွေးစွန်းဘုန်းတော်ကြီးက ချက်ချင်းတားလိုက်တယ်။
“လေးသူတော်စင်... မင်းဒဏ်ရာတွေနဲ့တိုက်ပွဲဝင်ဖို့မဖြစ်နိုင်ဘူး။ ဘုရားကျောင်းရဲ့အစီအရင်တွေက နှစ်ထောင်ချီအားဖြည့်ခဲ့တဲ့ အရာတစ်ခုမလို့ လှံသူတော်စင်ကိုထောက်ပံပေးဖို့အတွက်က လိုအပ်တာထက်ပိုပါတယ်။”
နီကိုလပ်ကလည်း သူ့အစ်မကြီးကို စိတ်ချနေစေဖို့အတွက် သီယာရဲ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ရင်း “အစ်မ၊ ကျွန်တော်က အများကြီးအစွမ်းထက်လာပါပြီ။ အရင်လိုအားမနည်းတော့ဘူး။”
“လုပ်နိုင်တာထက် ပိုမလုပ်နဲ့။ အန္တရာယ်ရှိတယ်ထင်ရင် ခေါင်းမာမနေဘဲ နောက်ပြန်ဆုတ်။”
“ဟုတ်ကဲ့...” သီယာက နီကိုလပ်ကို စိုးရိမ်မှုအပြည့်နဲ့မှာတယ်။ နီကိုလက်ကလည်း နာခံစွာနဲ့ ပြန်ခေါင်းညိတ်ပါတယ်။ သွေးစွန်း ဘုန်းတော်ကြီးက အခန်းထဲက အရင်ထွက်သွားပြီး နီကိုလပ်က ထွက်မသွားခင်လေးမှာတင် ဂနာမငြိမ်ဖြစ်နေတဲ့မျက်လုံးတွေနဲ့ သီယာကိုတောင်းဆိုလိုက်တယ်...
“ဒါနဲ့... ဟို... ဟိုလေ....”
“အင်း၊ မောင်လေးဘာပြောချင်လို့လဲ။” သီယာက နီကိုလပ်ကို မေးလိုက်ပေမဲ့ နီကိုလပ်ကတော့ သီယာ့အကြည့်တွေကို ရှောင်နေတုန်းပဲ။
“အစ်မကြီး... ကျွန်တော်ဆားဗီးရပ်ကို အနိုင်တိုက်နိုင်မယ်ဆိုရင် ကျွန်တော့်ကိုနမ်းပေးလို့ရမလား။”
သီယာကတော့ နီကိုလပ်ကိုနားမလည်နိုင်စွာနဲ့ ခေါင်းနည်းနည်း စောင်းပြီးကြည့်လိုက်တယ်။ နီကိုလပ်ရဲ့မျက်နှာကတော့ နီရဲနေပြီ။
“နမ်းတာ... အဲဒါအထူးအဆန်းမဟုတ်ဘူးမလား၊ နီကိုးရေ။ နီကိုးငယ်ငယ်ကလည်း မောင်လေးပါးကိုအစ်မခဏခဏ နမ်းနေကျပဲလေ။ မထိခိုက်အောင်ဂရုစိုက်ပြီးတော့သာ ပြန်လာခဲ့။ မဟုတ်တာတွေခေါင်းထဲတွေးမနေနဲ့....”
ပြွတ်...
သီယာက နီကိုးရဲ့ညာဖက်ပါးကို သာသာလေးနမ်းပေးလိုက်တယ်။ နီကိုလပ် အစောပိုင်းကပြောခဲ့တာတွေကို ကလေးဆိုးလေးတစ်ယောက် သူ့ကိုစနေတယ်လို့ပဲမြင်ပေမဲ့ နီကိုလပ်က ချက်ချင်းခေါင်းခါလိုက်ပြီး...
“မဟုတ်ဘူး၊ အဲဒီလိုနမ်းတာကိုပြောတာမဟုတ်ဘူး။ ဒီလိုနမ်းတာကိုပြောတာ။”
နီကိုလပ်က သူ့နှုတ်ခမ်းကို သီယာရဲ့နှုတ်ခမ်းနဲ့ ထိမိလုနီးပါးအထိ အနားကို တိုးကပ်သွားပြီးမှ နောက်ပြန်ဆုတ်လိုက်တယ်။ ဒီအပြုအမူကြောင့် သီယာကိုယ်တိုင် ရှက်သွေးဖြာသွားခဲ့တာပေါ့။
“နီကိုး....” သီယာတစ်ခုခုထပ်ပြောချင်ပေမဲ့ နီကိုလပ်ကတော့ အခန်းထဲကနေပြေးထွက်သွားပြီ။
“ပြန်လာရင် ရှောင်ပြေးဖို့မကြိုးစားနဲ့နော်။ သွားတော့မယ်....”
သီယာကတော့ နီကိုးရဲ့ကျောပြင်ကိုကြည့်ရင်းနဲ့ အလိုလိုပြုံးလိုက် မိတော့တာပေါ့။ “ဒီကောင်လေးတောင် မဟုတ်တာတွေ တွေးတတ်တဲ့ အရွယ်ရောက်လာပြီပဲ။”