အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃)
သူတို့သုံးယောက် နေ့လယ်ခင်း တစ်ရေးအိပ်ရာမှ နိုးလာချိန်တွင် ကျားပေါက်လေးနှစ်ကောင်မှာ အဝတ်အစားများ သေသပ်စွာ ဝတ်ဆင်ထားပြီး အပြင်ထွက်ရန် အသင့်ဖြစ်နေကြလေပြီ။
သူတို့လေးများမှာ လင်းယန်က အထူးသီးသန့် ချုပ်လုပ်ပေးထားသော အဝတ်အစားလေးများကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် ရေဘူးအသေးလေးများကို လွယ်ထားကြလေသည်။ ထိုရေဘူးလေးများထဲတွင် လင်းယန်က ထည့်ပေးလိုက်သော ဝိညာဉ်စမ်းရေများ ပါဝင်၏။
ဤချစ်စရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ဝမ်လင်းလင်းနှင့် ရှောင်စီယွီတို့မှာ မနေနိုင်တော့ဘဲ အသံထွက်သည်အထိ ရယ်မောလိုက်ကြလေသည်။
“အမယ်လေး လွန်ပါရော၊ ဒါက အရမ်းကို ချစ်ဖို့ကောင်းလွန်းနေပြီ”
ဝမ်လင်းလင်းက ပိုင်မောင်ကို ပွေ့ချီကာ သူမ၏ ပါးပြင်နှင့် အကြိမ်ကြိမ် ပွတ်သပ်ချွဲနွဲ့နေလေသည်။
“အစ်မရဲ့ အသည်းယားစရာလေး၊ အစ်မရဲ့ အချစ်တော်လေး၊ ဘယ်လိုလုပ် ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲကွာ၊ အစ်မနဲ့အတူ အိမ်လိုက်ခဲ့မလား”
သူမက ကလေးလေးတစ်ယောက်အား မြူဆွယ်နေသည့်အလား ချိုသာသော လေသံဖြင့် ဆက်ပြော၏။
“အစ်မနဲ့အတူ အိမ်လိုက်ခဲ့နော်၊ အစ်မက မင်းကို အမဲသားလတ်လတ်ဆတ်ဆတ်တွေ ဝယ်ကျွေးမယ်လေ”
လင်းယန်က ဤမြင်ကွင်းကို ကြည့်ရင်း ငိုရခက်ရယ်ရခက် ဖြစ်သွားရလေသည်။
သူမက သူတို့လေးတွေကို ဤမျှအထိ ပေါ်တင်ကြီးလုယူဖို့ ကြိုးစားနေသည်လော။
ရှောင်စီယွီက ဝမ်လင်းလင်းကို တံတောင်ဖြင့် အသာအယာ တွတ်လိုက်လေသည်။
“နင်ကလည်း တော်ပါတော့၊ အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ဘယ်သူက ဆိုက်ဘေးရီးယားကျားတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အနေနဲ့ မွေးရဲမှာလဲ”
ထိုစကားကို ကြားလိုက်ရသောအခါမှသာ ဝမ်လင်းလင်းက နှမြောတသဖြစ်ကာ ကျားပေါက်လေးများကို အောက်သို့ ပြန်ချပေးလိုက်လေသည်။
“နင်ပြောတာလည်း ဟုတ်တာပဲ”
“ဒါဆိုရင် ငါတို့ရဲ့ ဧည့်လမ်းညွှန်လေးနှစ်ယောက်ကိုပဲ လမ်းလျှောက်ထွက်ဖို့ အကူအညီတောင်းရတော့မှာပေါ့”
လင်းယန် နေ့လယ်က ပြောခဲ့သည့်အတိုင်း သူတို့မှာ ဤနေရာနှင့် မရင်းနှီးကြရာ သူတို့သုံးယောက်တည်း လျှောက်သွားနေပါက အလွယ်တကူ လမ်းပျောက်သွားနိုင်ပေသည်။ ထို့ကြောင့် ဤကျားပေါက်လေးနှစ်ကောင်ကို လမ်းညွှန်အဖြစ် ခေါ်သွားခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။
ဝမ်လင်းလင်းနှင့် ရှောင်စီယွီတို့ နှစ်ဦးစလုံးက ဤအကြံကို အပြည့်အဝ ထောက်ခံခဲ့ကြသော်လည်း ချန်ဟောက်ထျန်း တစ်ယောက်တည်းကသာ ဤအချက်နှင့် ပတ်သက်၍ တွန့်ဆုတ်နေခဲ့သည်။ သို့ရာတွင် လူနည်းစုက လူများစုကို နာခံရမည်ဟူသော စည်းမျဉ်းအရ သူ့တွင် ငြင်းဆန်ခွင့် လုံးဝမရှိတော့ချေ။
ထို့ကြောင့် ကျားပေါက်လေးနှစ်ကောင်နှင့် လူသုံးယောက်ပါဝင်သော အဖွဲ့လေးတစ်ဖွဲ့ ဖန်တီးဖြစ်ပေါ်လာလေတော့သည်။
ကျေးလက်ဒေသ၏ လမ်းသွယ်လေးများပေါ်တွင် လျှောက်လာရင်း ချန်ဟောက်ထျန်းက မကျေမနပ်ဖြင့် မြည်တွန်တောက်တီးနေဆဲပင်။
“ကျားပေါက်လေး နှစ်ကောင်ကို ဧည့်လမ်းညွှန်လုပ်ခိုင်းတာ တကယ်ပဲ စိတ်ချရပါ့မလား၊ ဘာလို့ ဒီယာတောအိမ်ပိုင်ရှင်က သိပ်ယုံရမယ့်ပုံ မပေါ်ဘူးလို့ ငါခံစားနေရတာလဲ၊ ငါတို့ စောစောလေး အိမ်ပြန်ကြရင် မကောင်းဘူးလား၊ ဒီကျေးလက်မှာ နေရတာ သိပ်ပြီး စိတ်ဝင်စားဖို့ ကောင်းမယ် မထင်ပါဘူး”
ဝမ်လင်းလင်းက လမ်းဘေးမှ မြက်ခက်တစ်ခုကို ခူးယူလိုက်ပြီး ချန်ဟောက်ထျန်းအား စိတ်ရှုပ်စွာဖြင့် လှမ်းပစ်ပေါက်လိုက်လေသည်။
“ငါက ဘာလို့ နင့်ကို ဒီလောက်တောင် ကြည့်မရဖြစ်နေရတာလဲ”
သူမက ခပ်ပြတ်ပြတ်ပင် ဟောက်လိုက်၏။
“နင်က တစ်နေ့လုံး စိတ်ပျက်စရာကောင်းတဲ့ စကားတွေချည်းပဲ ပြောနေတာ၊ ပါးစပ်လေး ပိတ်ထားလို့မရဘူးလား”
“နင် ပြန်ချင်ရင်လည်း ကိုယ့်ဘာသာကိုယ် ပြန်လေ၊ ငါတို့နှစ်ယောက်က ဒီနေ့မှ ရောက်တာဆိုတော့ လည်လို့မဝသေးဘူး”
ဝမ်လင်းလင်း၏ ရင်ထဲတွင် ဤခရီးစဉ်အား ချန်ဟောက်ထျန်းနှင့် အတူလာခဲ့မိသည်ကို ရုတ်တရက် အကြီးအကျယ် နောင်တရသွားမိလေသည်။ သူမက လက်မှတ်သုံးစောင်လုံးကို ချန်ဟောက်ထျန်းထံမှ ဝယ်ယူလိုက်လျှင် ပိုကောင်းမည်ကို ကြိုတင်သိထားခဲ့သင့်၏။ ဤချန်ဟောက်ထျန်းက သူမ၏ စိတ်ခံစားချက်ကောင်းများကို ဤကဲ့သို့ လာရောက်ဖျက်ဆီးနေခြင်းမှ ကာကွယ်နိုင်ရန်အတွက်ပင်။
ဝမ်လင်းလင်းနှင့် ရှောင်စီယွီတို့က အချင်းချင်း မျက်စပစ်ပြလိုက်ကြပြီးနောက် ခြေလှမ်းများကို ခပ်သွက်သွက် လျှောက်လိုက်ကြကာ ချန်ဟောက်ထျန်းအား နောက်တွင် အဝေးကြီး ချန်ထားရစ်ခဲ့လေတော့သည်။
ကျားပေါက်လေးနှစ်ကောင်က ရှေ့မှနေ၍ ခုန်ပေါက်ပြေးလွှားရင်း သူတို့အား ရွာထဲရှိ ရေကန်တစ်ခုဆီသို့ ဦးဆောင်ခေါ်သွားခဲ့သည်။
ဤရေကန်မှာ ရွာမှ ကြာပန်းများ စိုက်ပျိုးရန် အထူးသီးသန့် အသုံးပြုထားသော ရေကန်ဖြစ်ပြီး ယခုအချိန်မှာ စက်တင်ဘာလသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရေကန်ထဲတွင် မညှိုးနွမ်းသေးသော ကြာပန်းများစွာ ကျန်ရှိနေသေးကာ လေပြေလေညင်းနှင့်အတူ လှုပ်ခတ်နေသည်မှာ အလွန်တရာ လှပနေလေ၏။
အထူးသဖြင့် စက်တင်ဘာလ၏ ရာသီဥတုမှာ အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်း မရှိဘဲ ညနေခင်း လေပြေထဲတွင် အေးမြမှုလေးများ ရောယှက်နေရာ သူတို့နှစ်ဦးစလုံးမှာ ယခင်က တစ်ခါမျှ မခံစားဖူးသော သက်သောင့်သက်သာရှိမှုကို ခံစားနေကြရ၏။ ဤသည်မှာ မြို့ကြီးပြကြီးများတွင် လုံးဝရှာဖွေမရနိုင်သော အငွေ့အသက်မျိုးပင်။
ဝမ်လင်းလင်းက အလှတရားကြောင့် ကြက်သီးမွှေးညင်းများပင် ထသွားကာ ရေရွတ်လိုက်သည်။
“ဝါး... ဒီလောက်လှပတဲ့ ကြာပန်းတွေကို ပြသပေးတဲ့အတွက် အကောင်ပေါက်လေး နှစ်ကောင်ကို ကျေးဇူးတင်ပါတယ်နော်”
ဝမ်လင်းလင်းမှာ အင်တာနက်ကို အမြဲတမ်း အသုံးပြုသူတစ်ဦးဖြစ်ရာ ဤမျှ လှပသော မြင်ကွင်းကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ဓာတ်ပုံတစ်ပုံ ရိုက်ကူးလိုက်ပြီး ထိုပုံထဲတွင် ဧည့်လမ်းညွှန်လေးနှစ်ဦးကိုပါ ထည့်သွင်းရိုက်ကူးထားလိုက်လေသည်။
ထို့နောက် သူမက ထိုဓာတ်ပုံကို သူမ မကြာခဏ အသုံးပြုလေ့ရှိသော ဗီဒီယိုအကောင့်တွင် တင်လိုက်၏။ သူမက ထိုအကောင့်တွင် သူမ၏ နေ့စဉ်ဘဝအကြောင်းလေးများကို တစ်ခါတစ်ရံ မျှဝေလေ့ရှိသော်လည်း ဝင်ကြည့်သူ သိပ်မရှိလှပေ။
ယခုအချိန်အထိ သူမတွင် ဖော်လိုဝါ နှစ်ရာပင် မပြည့်သေးချေ။ ထိုထဲမှ အများစုမှာလည်း သူမ၏ သူငယ်ချင်းများနှင့် မိသားစုဝင်များသာ ဖြစ်ကြသည်။
သူမက ဤဓာတ်ပုံကို လျင်မြန်စွာ တင်လိုက်ပြီးနောက် ခေါင်းစဉ်လေးတစ်ခုပါ တပ်လိုက်လေသည်။
“ဒီလောက်လှပတဲ့ ကြာပန်းတွေကို မြင်တွေ့ခွင့်ရအောင် လမ်းပြပေးခဲ့တဲ့ ဧည့်လမ်းညွှန်လေး နှစ်ယောက်ကို ကျေးဇူးအများကြီး တင်ပါတယ်”
နေဝင်ဆည်းဆာက ကောင်းကင်တစ်ခြမ်းကို အနီရောင် ဆိုးဆေးခြယ်သထားပြီး ရေကန်ထက်တွင် ကြာပန်းများက တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်နေကြလေသည်။ ထိုမြင်ကွင်းထဲတွင် ကျားပေါက်လေး နှစ်ကောင်က ရှေ့တစ်ကောင် နောက်တစ်ကောင် လိပ်ပြာများကို ပြေးလွှားဖမ်းဆီးနေကြ၏။
ဤဓာတ်ပုံထဲရှိ မြင်ကွင်းတိုင်းမှာ အံ့မခန်း လှပနေလေသည်။
ရှောင်စီယွီပင်လျှင် ထိုဓာတ်ပုံကို မြင်လိုက်ရသောအခါ မနေနိုင်တော့ဘဲ ချီးကျူးလိုက်မိသည်။
“လင်းလင်း၊ နင်ဓာတ်ပုံရိုက်တာ တော်လိုက်တာ”
ချီးကျူးခံလိုက်ရသဖြင့် ဝမ်လင်းလင်းက ဂုဏ်ယူစွာ မျက်ခုံးပင့်ပြလိုက်၏။
“မြန်မြန်လာ၊ နင့်ကိုပါ အမှတ်တရဓာတ်ပုံတစ်ပုံ ရိုက်ပေးမယ်”
နောက်ထပ်တစ်ဖန် ဖယ်ကြဉ်ခံလိုက်ရပြန်သော ချန်ဟောက်ထျန်း…
သူက အရှက်မရှိစွာဖြင့် အနားကပ်သွားကာ မေးလိုက်သည်။
“ငါတို့နှစ်ယောက်ပါ အမှတ်တရ ဓာတ်ပုံတစ်ပုံလောက် ရိုက်ကြမလား လင်းလင်း”
သို့ရာတွင် ဝမ်လင်းလင်း၏ မထီမဲ့မြင်ပြုသော စကားများကိုသာ ပြန်လည်ရရှိလိုက်လေသည်။
“ဓာတ်ပုံရိုက်တဲ့အချိန် ပြီးသွားပြီ အစ်ကိုကြီးရဲ့၊ ငါတို့ နောက်တစ်နေရာကို သွားတော့မယ်”
ချန်ဟောက်ထျန်းတစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်သွားသည်ကို မြင်သောအခါ ရှောင်စီယွီက တိတ်တဆိတ် ပြုံးလိုက်ပြီး ဝမ်လင်းလင်းနှင့် ကျားပေါက်လေးနှစ်ကောင်နောက်သို့ လျင်မြန်စွာ လိုက်သွားလေတော့သည်။
အစပိုင်းတွင် ဝမ်လင်းလင်း၏ ပို့စ်များမှာ အင်တာနက်အသုံးပြုသူများ၏ အာရုံစိုက်မှုကို သိပ်မရရှိခဲ့ပေ။
ဓာတ်ပုံကို မြင်တွေ့သွားသော အင်တာနက်အသုံးပြုသူ အများစုမှာ သာမန်ရှုခင်းဓာတ်ပုံတစ်ပုံအဖြစ်သာ မသိစိတ်မှ သတ်မှတ်လိုက်ကြပြီး နောက်ထပ်ဗီဒီယိုတစ်ခုဆီသို့ ပွတ်ဆွဲကျော်သွားခဲ့ကြသည်။
တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သော ကျန်းယွင်တစ်ယောက် အဆောင်တွင် ပျင်းရိစွာဖြင့် သူမ၏ဖုန်းကို ပွတ်ဆွဲကြည့်ရှုနေလေသည်။
ဤဓာတ်ပုံကို မြင်လိုက်ရသောအခါ သူမက ရှုခင်းအလှတရားနှင့် ဓာတ်ပုံ၏ ပြီးပြည့်စုံသော ဖွဲ့စည်းမှုကို အံ့သြတကြီး ရေရွတ်လိုက်မိ၏။ အရာရာကို ပြီးပြည့်စုံမှ ကြိုက်နှစ်သက်သူ တစ်ယောက်အနေဖြင့် သူမ ဤဓာတ်ပုံတွင် မည်သည့် အပြစ်အနာအဆာမျှ ရှာမတွေ့ခဲ့ချေ။
သို့သော် မကြာမီမှာပင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ သတိပြုမိသွားသည်။
‘ဘာလို့ ဒီပုံထဲမှာ ကျားတွေ ပါနေရတာလဲ၊ ပြီးတော့ ဒီကျားပေါက်လေးနှစ်ကောင်က ငါ ဖော်လို (Follow) လုပ်ထားတဲ့ လိုက်ဖ်လွှင့်သူ မွေးထားတဲ့ အကောင်လေးတွေနဲ့ မတူဘူးလား’
ထိုအချက်ကို သတိထားမိသွားသည်နှင့် ကျန်းယွင်က လင်းယန်၏ ယခင်ဗီဒီယိုများကို ချက်ချင်း ရှာဖွေကာ ယှဉ်ကြည့်လိုက်လေသည်။ တကယ်ကြီး တူနေသည်ကို သူမ တွေ့ရှိသွားတော့သည်။
သူမက ဤဓာတ်ပုံကို သူမ၏ တက္ကသိုလ်အဆောင် ချက်ဘောက်စ်ထဲသို့ ထပ်ဆင့်ပေးပို့လိုက်လေသည်။ အကြောင်းမှာ သူတို့ထဲမှ အတော်များများက ဤလိုက်ဖ်လွှင့်သူ၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ကြည့်ရှုရန် အလွန်နှစ်သက်ကြသောကြောင့်ပင်။ ချစ်စရာကောင်းသော တိရစ္ဆာန်လေးများကို မည်သူကများ မနှစ်သက်ဘဲ နေမည်နည်း။
ဂျင်းပေါင်မုန့်လူသား – “ကြည့်ကြပါဦး၊ ဒါ ပိုင်မောင်နဲ့ ဟွမ်မောင်တို့နဲ့ တအားတူတာပဲနော်”
ဆု – “တကယ်ပဲဟ၊ သူဌေးလင်း နောက်ဆုံးတော့ ဗီဒီယိုအသစ် တင်ဖို့ ဆုံးဖြတ်လိုက်ပြီလား၊ ဟီးဟီး၊ သူ့ရဲ့ ဗီဒီယိုအသစ်ကို စောင့်ရတာ တကယ်ကို ပင်ပန်းလွန်းတယ်”
ဂျင်းပေါင်မုန့်လူသား – “သူဌေးလင်းက ဗီဒီယိုအသစ် တင်လိုက်တာ မဟုတ်ဘူးဟ၊ ငါ ဒါကို တခြားဘလော့ဂါတစ်ယောက်ဆီကနေ တွေ့လာတာ၊ အဲ့ဒီဘလော့ဂါရဲ့ ပရိုဖိုင်ကို ဝင်ကြည့်လိုက်တော့ သူက တအားလှတဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေတယ်၊ သူက သူဌေးလင်းရဲ့ ကောင်မလေးများ ဖြစ်နေမလား”
သစ်တော်သီးကြီး – “မဖြစ်နိုင်ပါဘူး၊ သူဌေးလင်းက အရင် လိုက်ဖ်တစ်ခုမှာ သူ့ရဲ့ အလုပ်အကိုင်ကိုပဲ အာရုံစိုက်မှာဖြစ်ပြီး ကောင်မလေး ရှာမှာမဟုတ်ဘူးလို့ ပြောထားတာလေ၊ ဘယ်လိုလုပ် ကောင်မလေးတစ်ယောက်က အခုလို ရုတ်တရက်ကြီး ပေါ်လာရမှာလဲ”
ဆု – “ဟုတ်တယ်လေ၊ သူ လိုက်ဖ်လွှင့်တုန်းက အဲ့ဒီလိုပြောခဲ့တယ် မဟုတ်ဘူးလား၊ ပြီးတော့ သူက တစ်နေ့လုံး ဗီဒီယိုအသစ်တင်ဖို့တောင် အချိန်မရှိဘူးလို့ ပြောနေတာကို ဘယ်လိုလုပ် ချိန်းတွေ့ဖို့ အချိန်ရှိမှာလဲ”
သစ်တော်သီးကြီး – “နင်တို့ တစ်ခုခုကို မေ့နေတာများလား၊ အရင်တုန်းက သူဌေးလင်း လိုက်ဖ်လွှင့်ရင်းနဲ့ ကျေးလက်အပန်းဖြေစခန်းကို လာလည်ဖို့ လက်မှတ်သုံးစောင် မဲဖောက်ပေးခဲ့တယ်လေ၊ အဲ့ဒါဖြစ်နိုင်တယ်လို့ မထင်ဘူးလား၊ ဒီဘလော့ဂါက အဲဒီကံထူးရှင်များ ဖြစ်နေမလား”
ဆု – “ဟယ်... တကယ်ကြီး၊ နင်ပြောလိုက်မှ ဒါက တကယ်ကို ဖြစ်နိုင်ချေရှိတယ်၊ အဲ့ဒီ ဘလော့ဂါရဲ့ အိုင်ဒီကို မြန်မြန်ပေးစမ်းပါ၊ ငါ သွားကြည့်ချင်လို့”
ဂျင်းပေါင်မုန့်လူသား – “ပေးလိုက်ပြီနော်”
ထမင်းစားပြီးနောက် ဝမ်းဝနေသော ဝမ်လင်းလင်းတစ်ယောက် ခြံဝင်းထဲတွင် လေညင်းခံရင်း ထိုင်နေစဉ် သူမ၏ ဖုန်းက ဆက်တိုက်မြည်လာသည်ကို သတိထားမိလိုက်သည်။
ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါမှ သူမ၏ ဗီဒီယိုအကောင့်တွင် လိုက်ခ်များ အဘယ်ကြောင့် ဤမျှများပြားနေရသည်ကို သူမ သဘောပေါက်သွားလေတော့သည်။
တစ်ယောက်ယောက်ကများ သူမကို နောက်ပြောင်နေခြင်းလော။
သူမက သူမ၏ အကောင့်ထဲသို့ အလျင်အမြန် ဝင်ကြည့်လိုက်ရာ ညနေခင်းက သူမတင်ထားခဲ့သော ဓာတ်ပုံမှာ လိုက်ခ်ပေါင်း သိန်းဂဏန်းအထိ ရရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ အင်တာနက်အသုံးပြုသူ အများအပြားကလည်း သူမသည် အဘိုး၏ ယာတောအိမ်သို့ သွားရောက်ခဲ့ခြင်းဟုတ်မဟုတ် မှတ်ချက်များတွင် ဝင်ရောက်မေးမြန်းနေကြလေ၏။
သူမက မည်သည့် Tagမှ မထည့်ထားဘဲနှင့်ပင် မျက်စိလျှင်သော အင်တာနက်အသုံးပြုသူများက ဤအရာကို တွေ့ရှိသွားကြလိမ့်မည်ဟု ဝမ်လင်းလင်း လုံးဝ မျှော်လင့်မထားခဲ့ချေ။ ထို့ကြောင့် သူမက ယခုလက်ရှိ အဘိုး၏ ယာတောအိမ်တွင် အားလပ်ရက် အနားယူနေခြင်းမှာ အမှန်တကယ်ဖြစ်ကြောင်း ဖြေကြားပေးလိုက်ရလေသည်။
ထိုသို့ဖြေကြားလိုက်ခြင်း၏ ရလဒ်အနေဖြင့် အင်တာနက်အသုံးပြုသူ မရေမတွက်နိုင်အောင် များပြားလှသော လူများက သူမထံသို့ သီးသန့် မက်ဆေ့ချ်များ ပေးပို့ကာ ကျေးလက်အပန်းဖြေစခန်းရှိ သူမ၏ နေ့စဉ်ဘဝအကြောင်းများကို ပိုမိုမျှဝေပေးရန် တောင်းဆိုလာကြလေတော့သည်။
အချို့က ခွေးကို ကြည့်ချင်ကြပြီး အချို့က ပိုင်မောင်နှင့် ဟွမ်မောင်တို့ကို ကြည့်ချင်ကြ၏။ အချို့ဆိုလျှင် တောဝက်ဘုရင်ကြီးကိုပင် အထူးသီးသန့် ကြည့်ချင်ကြောင်း တောင်းဆိုလာကြ၏။
ဤအရာအားလုံးမှာ အချိန်အတော်ကြာသည်အထိ ဗီဒီယိုအသစ် မတင်တော့သော တရားခံတစ်ယောက်ကြောင့်ပင်။ ထို့ကြောင့် အင်တာနက်အသုံးပြုသူများက သူတို့၏ မျှော်လင့်ချက်အားလုံးကို သူမထံသို့ ပုံအပ်လိုက်ကြခြင်းဖြစ်လေသည်။
ဤအခြေအနေကြောင့် ဝမ်လင်းလင်းမှာ ငိုရခက်ရယ်ရခက် ဖြစ်သွားရပြန်သည်။
“သူဌေးလင်း၊ ရှင့်ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကို မ Run တာ တော်တော်ကြာနေပြီလား”
လင်းယန်က သူမ၏ အမေးကို နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်သည်။
“အာဟူးကပဲ အဲ့ဒီကိစ္စကို အမြဲတမ်း တာဝန်ယူလုပ်ပေးနေတာလေ၊ ကျွန်တော်က လိုက်ဖ်လွှင့်တဲ့ အချိန်လောက်ပဲ အချိန်ပေးဖြစ်တာပါ”
“အဟမ်း အဟမ်း၊ အဟမ်း...”
ရန်အာဟူက အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ဝင်ရောက်ဖြေရှင်းချက်ပေးလေသည်။
“ဒီနှစ်ရက်အတွင်းမှာ သိပ်ပြီး အကြံဉာဏ်အသစ်တွေ မရသေးလို့ပါ၊ တကယ်တမ်းပြောရရင် ဗီဒီယိုအသစ် မတင်ဖြစ်တာ တစ်ပတ်လောက်တောင် ရှိသွားပြီ”
ဝမ်လင်းလင်းက ပြတ်ပြတ်သားသားပင် အကြံပြုလိုက်လေသည်။
“သူဌေးလင်း၊ ဒီကောင့်ရဲ့ လစာကို ဖြတ်ပစ်ဖို့ ကျွန်မ အပြင်းအထန် အကြံပြုချင်တယ်၊ ဒါမှ သူ တစ်နေ့လုံး အပျင်းထူမနေမှာ”
ရန်အာဟူက ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်၏။
“ငါက တစ်နေ့လုံး အပျင်းထူနေတယ်လို့ ဘယ်သူပြောလဲ၊ ငါသာမရှိရင် ဒီလုပ်ငန်းက အစောကြီးကတည်းက ပြိုကွဲသွားလောက်ပြီ”