အခန်း ၈၄
Vol. 9 Ch. 84
အခန်း (၈၄)
ချန်ဟောက်ထျန်းက ထိုသူသုံးယောက် အတူတကွ ရယ်မောပျော်ရွှင်နေကြသည်ကို မြင်သောအခါ ရင်ထဲတွင် အလွန်အမင်း နေရထိုင်ရ ခက်လာလေသည်။
သူက လူအများ၏ အာရုံစိုက်မှုကို ရရှိစေရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေသော်လည်း မည်သူကမျှ သူ့အား အရေးတယူ ဂရုမစိုက်ကြချေ။
ရှောင်စီယွီက တလက်လက် တောက်ပနေသော ကြယ်အစုံဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ယံကြီးကို ငေးမောကြည့်ရှုရင်း သူမရင်ထဲတွင် ယခင်က တစ်ခါမျှမခံစားဖူးသော ပေါ့ပါးလွတ်လပ်မှုကို ခံစားနေရ၏။
“ဒီနေရာမှာ ကြယ်တွေကို တကယ်ကြီးမြင်နေရတာပဲ”
ဝါးကုလားထိုင်ပေါ်တွင် ထိုင်ကာ ဆောင်းဦးပေါက်စ၏ လေပြေလေညင်းကို ခံစားရင်း သူမက ဤထူးခြားလှသော အေးချမ်းတိတ်ဆိတ်မှုကို မြတ်နိုးနေမိသည်။
မြို့ပြကြီးများလောက် စည်ကားသိုက်မြိုက်ကာ တိုးတက်ခေတ်မီခြင်းမရှိသော်လည်း ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်မျိုးတွင်သာ လူအများအနေဖြင့် သူတို့ရဲ့ ဖြစ်တည်မှုကို ပြန်ပြီး သတိပြုမိတတ်ကြသည်။
အေးမြသော လေပြေက သူမ၏ မျက်နှာကို နူးညံ့စွာ ဖြတ်သန်းတိုက်ခတ်သွားပြီး တစ်နေ့တာ၏ ပင်ပန်းနွမ်းနယ်မှုများကို သယ်ဆောင်သွားလေသည်။ ရှောင်စီယွီပင်လျှင် သက်သောင့်သက်သာဖြင့် သက်ပြင်းတစ်ချက်ချကာ ရေရွတ်လိုက်မိသည်။
“အချိန်တွေသာ ဒီအခိုက်အတန့်လေးမှာ အမြဲတမ်းရပ်တန့်နေခဲ့ရင် သိပ်ကောင်းမှာပဲ”
စိတ်ရှုပ်စရာကောင်းသော ကိစ္စရပ်များကို လုံးဝ တွေးတောနေစရာ မလိုတော့ပေ။
ဝမ်လင်းလင်းက အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွစွာဖြင့် ပြောလိုက်လေသည်။
“ငါတို့တွေ ဒီတစ်ခေါက်တော့ ဒီနေရာမှာ တစ်ပတ်တိတိ နေသွားဖို့ စီစဉ်ထားတယ်၊ ကျေးလက်ရဲ့ ဘဝနေထိုင်မှုပုံစံကို သေချာပေါက် ကောင်းကောင်းကြီး ခံစားကြည့်ရမယ်”
သူတို့အနေဖြင့် ဤနေရာတွင် ပို၍အချိန်ကြာကြာ နေချင်သေးသော်လည်း လက်တွေ့တွင်မူ မဖြစ်နိုင်ချေ။ သူတို့၏ မိသားစုများက သဘောတူမည် မဟုတ်သောကြောင့်ပင်။
သူတို့ကဲ့သို့ အတန်အသင့် ချမ်းသာကြွယ်ဝသော မိသားစုများမှ လာသူများအတွက် ဘွဲ့ရပြီးသည်နှင့် လျှောက်လှမ်းရမည့် လမ်းကြောင်းများမှာ မိသားစုက ကြိုတင်စီစဉ်ပေးထားပြီးသား ဖြစ်လေသည်။
ဝမ်လင်းလင်းမှာ ယခုအချိန်အထိ သူမ၏ဖုန်း အဆက်မပြတ်မြည်နေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ သူမက ဖုန်းစခရင်ကို ပြသလိုက်သည်။
“အင်တာနက်အသုံးပြုသူတွေက ရှင့်ကို လိုက်ဖ်လွှင့်ဖို့ အတင်းတိုက်တွန်းနေကြတုန်းပဲနော်၊ ကြည့်ပါဦး ကျွန်မဆီကို မက်ဆေ့ချ်တွေ ဘယ်လောက်တောင်ဝင်နေလဲဆိုတာ”
သူမက အကြံပြုလိုက်၏။
“သူဌေးလင်းအနေနဲ့ ဒီအခွင့်အရေးကို ယူပြီး လိုက်ဖ်လေးလွှင့်၊ ပရိသတ်တွေနဲ့ စကားလေးဘာလေး ပြောလိုက်ရင် မကောင်းဘူးလား”
လင်းယန်က မျက်လုံးကို မှေးကျဉ်းကာ ကြည့်လိုက်သည်။
‘ငါက အပျင်းထူပြီး အနားယူချင်နေတာကို ဘယ်လိုလုပ်ရမလဲ’
ရန်အာဟူကမူ လိုက်ဖ်လွှင့်မည့် စက်ပစ္စည်းများကို တိုက်ရိုက်ပင် ဆွဲထုတ်လာခဲ့လေသည်။
“အခုအချိန်က လိုက်ဖ်လွှင့်ဖို့ တကယ်ကို အချိန်ကောင်းပဲ၊ သူဌေး ခင်ဗျားက ဒီအတိုင်းလေး လှဲနေလို့ ရပါတယ်၊ ပရိသတ်တွေကလည်း ခင်ဗျားကို တကယ်ကြည့်ချင်နေကြတာမှ မဟုတ်တာ”
လင်းယန်မှာ ထစ်ခနဲ ဒေါသထွက်သွားရ၏။
‘ဒါက လူတစ်ယောက် ပြောသင့်တဲ့စကားလား၊ ငါက နောက်ခံကားချပ်လေးတစ်ချပ် သာသာပေါ့လေ’
တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်နှင့် အချိန်အတော်ကြာ စောင့်မျှော်နေကြသော ပရိသတ်များက ချက်ချင်းပင် အလုံးအရင်းဖြင့် ဝင်ရောက်လာကြလေတော့သည်။
“အမယ်လေး လွန်ပါရော၊ သူဌေးလင်း နောက်ဆုံးတော့ လိုက်ဖ်လွှင့်ဖို့ ဆုံးဖြတ်လိုက်ပြီလား”
“မျှော်လင့်ချက်တွေ ကုန်ဆုံးခါနီးမှ နောက်ဆုံးတော့ ပြန်ရလိုက်ပြီပေါ့”
“ဟို အစ်မချောချောလေးက ဝင်ပြောပေးလိုက်လို့ ဖြစ်မယ်ဆိုတာ ငါရဲရဲကြီး အလောင်းအစားလုပ်ရဲတယ်”
“နေပါဦး၊ လိုက်ဖ်လွှင့်မယ်ဆိုတာက ဘာဖြစ်သွားတာလဲ၊ ဘာလို့ သူဌေးလင်းက ကုလားထိုင်ပေါ်မှာ အိပ်နေရတာလဲ၊ ဘယ်လိုလိုက်ဖ်လွှင့်သူမျိုးက ဒီလိုလုပ်တာလဲ”
ရန်အာဟူက စေတနာကောငဖြင့် ဝင်ရောက်ရှင်းပြပေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ သူဌေးက အိပ်နေတာမဟုတ်ပါဘူး၊ သူက မျက်လုံးမှိတ်ပြီး ခဏလေးအနားယူနေတာပါ”
ပရိသတ်များမှာ ဆွံ့အသွားကြလေသည်။
မှတ်ချက်များ ဆက်တိုက်တက်လာ၏။
“သူဌေးကြီး၊ ဆက်ပြီး လှဲမနေပါနဲ့တော့၊ ခင်ဗျား အဲ့ဒီလို ဆက်လှဲနေမယ်ဆိုရင် မှိုတွေတောင် ပေါက်လာတော့မယ်၊ အမြန်ထပြီး စီးပွားရေးအလုပ်လေး ဘာလေး လုပ်ပါဦး”
နောက်ခံကားချပ်လေးအဖြစ် နေရန် ရည်ရွယ်ထားသော လင်းယန်ကို ရန်အာဟူက အတင်းအကျပ် ဆွဲထူလိုက်လေတော့သည်။
လင်းယန်က ပရိသတ်များကို ပြုံးရွှင်စွာ နှုတ်ဆက်လိုက်သည်။
“အားလုံးပဲ၊ မတွေ့ရတာ ကြာပြီနော်”
သူက ကင်မရာကို လှည့်ကာ မိတ်ဆက်ပေးလေ၏။
“ဒီနေ့ ကျွန်တော်တို့ရဲ့ ကျေးလက်အပန်းဖြေစခန်းမှာ ရောက်နေတဲ့ ဧည့်သည်သုံးယောက်နဲ့ မိတ်ဆက်ပေးပါရစေ၊ ဒီဧည့်သည်သုံးယောက်က ဘယ်သူတွေလဲဆိုတာကိုတော့ အားလုံးခန့်မှန်းမိပြီးသားဖြစ်မှာပါနော်”
သူက ဆက်လက်၍ အတည်ပြုပေးလိုက်၏။
“မှန်ပါတယ်၊ သူတို့ကတော့ လက်မှတ်သုံးစောင်ကို မဲပေါက်သွားခဲ့တဲ့ ကံထူးရှင်သုံးယောက်ပဲ ဖြစ်ပါတယ်”
ဝမ်လင်းလင်းက သူမ၏ ဖြူဖွေးတောက်ပသော သွားလေးများ ပေါ်လာသည်အထိ ပြုံးပြလိုက်သည်။
“အားလုံးပဲ၊ မင်္ဂလာပါရှင့်”
ရှောင်စီယွီကလည်း အပြုံးလေးတစ်ခု ဖန်တီးကာ အင်တာနက်အသုံးပြုသူများကို နှုတ်ဆက်လိုက်လေသည်။ ချန်ဟောက်ထျန်းမှာ ထိုမြင်ကွင်းကို ကြည့်ရင်း တစ်ဖန် ပြန်လည်၍ နေရထိုင်ရ ခက်လာပြန်သည်။ သူက ကျယ်လောင်စွာ ဝင်ရောက်ပြောဆိုလိုက်၏။
“လက်မှတ်ကို မဲပေါက်ခဲ့တာ ကျွန်တော်ပါဗျ၊ ကျွန်တော်ပါ”
သို့သော် မည်သူကမျှ သူ့ကို ဂရုမစိုက်ကြချေ။
လှပချောမောသော မိန်းကလေးနှစ်ဦးကို မြင်လိုက်ရသည်နှင့် ပရိသတ်များမှာ လုံးဝ ပေါက်ကွဲသွားကြလေတော့သည်။
“ဟာ... သောက်ကျိုးနည်း၊ ဒီနေ့ လိုက်ဖ်ရဲ့ အကြောင်းအရာက ‘အလှလေးနဲ့ ဘီလူးကြီး’ဇာတ်လမ်း ပြောင်းသွားတာလား”
“ဘာ အလှလေးနဲ့ ဘီလူးကြီးလဲ၊ ဒါက ငါ့ရဲ့ အချစ်တော်လေးတွေပါကွ”
“ဒီတစ်ခေါက် လက်မှတ်မဲပေါက်တဲ့ ဧည့်သည်တွေက ဒီလောက်တောင် ရုပ်ရည်ချောမောလှပနေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး၊ မင်းက တကယ်ကို ကံကောင်းတဲ့ကောင်ပဲ”
“စက်ခရင်ကို လျက်နေမိပြီ၊ ခြံပိုင်ရှင်ကြီးက ဒီနေ့ကစပြီး နေ့တိုင်းလိုက်ဖ်လွှင့်ပေးရင် သိပ်ကောင်းမှာပဲ၊ ဒါမှ ဒီအစ်မချောချောလေးနှစ်ယောက်ရဲ့ အလှတရားကို ငါ ငေးမောကြည့်ရှုလို့ ရမှာလေ”
“ဘာမှ ထပ်မပြောနဲ့တော့၊ ဒီမိန်းမချောလေး နှစ်ယောက်ကို အမြဲတမ်း ဧည့်သည်တွေဖြစ်အောင် မင်းလုပ်နိုင်သရွေ့ မင်းရောင်းသမျှ ပစ္စည်းတိုင်းကို ငါဝယ်မယ်”
လင်းယန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားရလေသည်။
“တကယ်ကြီးလား”
‘မိုးတွေရွာနေဆဲပါ’ အမည်ရှိသော အင်တာနက်အသုံးပြုသူက ပြန်ဖြေလိုက်၏။
“တကယ့် အစစ်အမှန်ပါပဲ၊ ခြံပိုင်ရှင်ကြီးရာ”
လင်းယန်က စောနက ဈေးထဲမှ ယွမ်ငါးကျပ်ဖြင့် ဝယ်ယူလာခဲ့သော ဖန်ခွက်တစ်ခွက်ကို စားပွဲပေါ်မှ အသာအယာ ကောက်ကိုင်လိုက်လေသည်။ သူက ဈေးသည်တစ်ယောက်အလား ဟန်ဆောင်လိုက်၏။
“ဒါက ထန်မင်းဆက်ခေတ်တုန်းက ဖုတ်ထားတဲ့ ဖန်ခွက်လေးပါ၊ ဒီနေ့ ကျွန်တော့်ရဲ့ လိုက်ဖ်ထဲမှာ ယွမ် ၉၉၉၉ လည်း မလိုဘူး၊ ၉၉၉ လည်း မလိုဘူး”
သူက လှည့်စားသော အပြုံးဖြင့် ဆက်ပြောလေသည်။
“ဒီရှေးဟောင်းပစ္စည်းလေးကို ခင်ဗျားဆီ ၉၉ ယွမ်နဲ့ ရောင်းပေးမယ်ဆိုရင် ဘယ်လိုလဲ”
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံး ရယ်မောသံများဖြင့် ပေါက်ကွဲသွားလေတော့သည်။
မိုးတွေရွာနေဆဲပါ - “ဒီခွက်ကိုများ ငါ့ဆီ ၉.၉ ယွမ် နဲ့ ရောင်းမယ်ဆိုရင်တောင် ရဲကို ဖုန်းဆက်တိုင်ရမှာပဲ”
“ဟားဟားဟားဟား၊ သူဌေးလင်းက လူတွေကို လိမ်ညာရောင်းချဖို့ တအားကို ကျွမ်းကျင်လွန်းနေတာမဟုတ်ဘူးလား”
“ဒီဖန်ခွက်က ယွမ်သုံးကျပ်ထက် ပိုမတန်ဘူးဆိုတာ ငါလောင်းရဲတယ်”
“များလွန်းတယ်၊ များလွန်းတယ်၊ အများဆုံးပေး ယွမ်နှစ်ကျပ်ပဲ၊ ငါ့မိသားစုက ဒီပစ္စည်းတွေကို လက်ကားဖြန့်ဖြူးရောင်းချနေတာလေ”
လင်းယန်က အံ့အားသင့်သွားဟန်ဖြင့် ဟန်ဆောင်ကာ ပြောလိုက်လေသည်။
“ဘာ ယွမ်နှစ်ကျပ်လဲ၊ ကျွန်တော် ဒီခွက်ကို ယွမ်ငါးကျပ်တောင် ပေပြီး ဝယ်လာခဲ့ရတာ”
မှတ်ချက်များက တရစပ်တက်လာ၏။
“ဟားဟားဟား၊ တကယ့် လူပြက်က မင်းကိုယ်တိုင် ဖြစ်နေတာပဲ”
“အမယ်လေး လွန်ပါရော၊ သူကိုယ်တိုင်က ငတုံးလေးဖြစ်သွားတာပဲ”
“မင်း ပါးစပ်ကနေ အမှန်တွေထွက်သွားပြီ မဟုတ်လား၊ ဒါက ဘယ်လိုလုပ် ထန်မင်းဆက်ကဖန်ခွက် ဖြစ်နိုင်တော့မှာလဲ”
ဝမ်လင်းလင်းမှာ ဗိုက်နာလာသည်အထိ ရယ်မောနေမိကာ လက်တစ်ဖက်က ဗိုက်ကိုဖိထားပြီး အခြားလက်တစ်ဖက်က မျက်ထောင့်မှ ထွက်ကျလာသော မျက်ရည်များကို သုတ်ဖယ်နေရလေသည်။
ရှောင်စီယွီမှာလည်း အသံထွက်မရယ်မိစေရန် အပြင်းအထန် ထိန်းချုပ်နေရသည့်ပုံပင်။ ချန်ဟောက်ထျန်းက ဒေါသတကြီးဖြင့် ထပ်မံ၍ အလေးအနက် ပြောဆိုလိုက်ပြန်သည်။
“လက်မှတ်ကို မဲပေါက်ခဲ့တာ ငါပဲလေကွာ၊ ဟမ့်”
သူက မထီမဲ့မြင် လေသံဖြင့် ဆက်ပြော၏။
“မင်းတို့ရဲ့ ကျေးလက်အပန်းဖြေစခန်းက ဒီမှာဖွင့်ထားတာ ဧည့်သည်သိပ်ရှိပုံမပေါ်ဘူးနော်၊ ငါတို့သုံးယောက်မတိုင်ခင်က ဘယ်သူမှ မလာဖူးဘူးမဟုတ်လား”
သူက လင်းယန်နှင့် ရန်အာဟူကို နှိမ်ချသော အကြည့်များဖြင့် ကြည့်လိုက်၏။
“မင်းနဲ့ ရန်အာဟူက ဆက်ဆံရေး တော်တော်လေး ကောင်းတဲ့ပုံပဲ၊ မင်းတို့နှစ်ယောက် ငါ့အဖေရဲ့ ကုမ္ပဏီမှာ လာအလုပ်လုပ်ကြမလား၊ ဘာလို့များ ဒီလို စုတ်ပြတ်နေတဲ့ တောင်ကြားချောက်ကမ်းပါးကြီးထဲမှာ ကျေးလက်အပန်းဖြေစခန်းကို လာဖွင့်နေရတာလဲ၊ ဒီကို မြို့ပေါ်ကနေလာဖို့ ကားနဲ့ သုံးလေးနာရီတောင် မောင်းရတာ၊ ဘယ်သူကများ ဒီလိုတောင်ကြားချောက်ကမ်းပါးကို လာချင်မှာလဲ၊ စိတ်မပူပါနဲ့၊ မင်းတို့နှစ်ယောက် ငါ့အဖေကုမ္ပဏီမှာ လာလုပ်ရင် ဒီလိုတောကြိုတောင်ကြား ရွာငယ်လေးထဲမှာ တစ်သက်လုံး ပိတ်လှောင်နေရတာထက် သေချာပေါက် ပိုအဆင်ပြေစေရမယ်”
ချန်ဟောက်ထျန်း၏ မျက်နှာပေါ်တွင် မာနတခွဲသားဖြင့် ဝင့်ကြွားနေပြီး သူတို့အား အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ပေးအပ်လိုက်ခြင်းကပင် သူတို့အပေါ် ကျေးဇူးပြုနေသည့်အလား ထင်မှတ်နေလေ၏။
သူ၏ စကားများက လူတိုင်း၏ အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်သွားနိုင်ခဲ့လေသည်။
ရန်အာဟူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်သည်။ သူတို့ တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်မှာ တစ်နှစ်နီးပါးခန့် ရှိနေပြီဖြစ်သော်လည်း ဤကောင်က ယခုအချိန်အထိ စဉ်းစားဆင်ခြင်ဉာဏ် ကင်းမဲ့စွာ ပြောဆိုနေဆဲပင်။
လင်းယန်က တည်ငြိမ်အေးဆေးစွာဖြင့် တုံ့ပြန်လိုက်လေသည်။
“သခင်လေးချန်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ဒီနေရာက သခင်လေးချန်အတွက် ဝေးကွာပြီး ခေတ်နောက်ကျနေတဲ့ နေရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကျွန်တော့်အတွက်တော့ လှပတဲ့အမှတ်တရတွေနဲ့ ပြည့်နှက်နေတဲ့ နေရာလေးပါ”
ချန်ဟောက်ထျန်းက လှောင်ပြောင်သရော်လိုက်ပြီး နှုတ်ခမ်းကို မဲ့ကာ အထင်သေးစွာ ပြောဆိုလိုက်သည်။
“ဘာကို လှပတဲ့အမှတ်တရတွေလဲ၊ မင်း ဒီနေရာမှာ ကျေးလက်အပန်းဖြေစခန်း ဖွင့်ထားတာ ပိုက်ဆံရှာဖို့သက်သက်ပဲ မဟုတ်ဘူးလား၊ စကားတွေကို အရမ်းကြီး ကြီးကျယ်ခမ်းနားအောင် ပြောမနေနဲ့၊ မင်းရဲ့ ပရိသတ်တွေအတွက် ဟန်ဆောင်ပြီး ပြောနေတာမဟုတ်လား၊ ငါ့အဖေမှာလည်း တိုက်ရိုက်ထုတ်လွှင့်မှုတွေလုပ်တဲ့ ကုမ္ပဏီတစ်ခုရှိတယ်၊ မင်းတို့လို လိုက်ဖ်လွှင့်သူတွေရဲ့ လှည့်ကွက်တွေကို ငါ ကောင်းကောင်း နားလည်ပါတယ်၊ ပရိသတ်တွေဆီကနေ လက်ဆောင်တွေ ပိုရလာအောင်လို့ သနားစရာကောင်းတဲ့ ဇာတ်ရုပ်ဖန်တီးပြီး ဆွဲဆောင်နေတာပဲ မဟုတ်လား”
ဝမ်လင်းလင်းမှာ ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ပေါက်ကွဲလေတော့၏။
“တော်လိုက်တော့ ချန်ဟောက်ထျန်း၊ တစ်နေ့လုံး သခင်လေးစတိုင်တွေဖမ်းပြီး ကြွားလုံးထုတ်မနေနဲ့၊ လူတိုင်းကများ နင့်လိုပဲ ခေါင်းထဲမှာ ပိုက်ဆံပဲရှိတယ်လို့ ထင်နေတာလား”
သူမက ဒေါသတကြီးဖြင့် ဆက်ပြော၏။
“နင်ပြောလိုက်တဲ့ စကားတွေက တကယ်ကို လွန်လွန်းတယ်”
ရှောင်စီယွီကလည်း သက်ပြင်းချကာ ဝင်ရောက်တားမြစ်လိုက်သည်။
“နင် အဲဒီလိုမျိုးစကားတွေ မပြောသင့်ဘူးလေ”
ရန်အာဟူက ချန်ဟောက်ထျန်းကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။
“မင်းက ဒီနေရာကို အထင်သေးနေမှတော့ အခုချက်ချင်းထွက်သွားပြီး မြို့ပေါ်က မင်းရဲ့ အကျင့်ပျက်သခင်လေးဘဝမှာ သွားနေလို့ ရတယ်နော်”
အားလုံးထဲတွင် အတည်ငြိမ်ဆုံးဖြစ်နေသူမှာမူ လင်းယန်ပင်။ သူက ရိုးသားစွာပင် ဝန်ခံလိုက်၏။
“ကျွန်တော် ဒီနေရာမှာ ရှိနေတာက ပိုက်ဆံရှာဖို့ပါပဲ၊ ယနေ့ခေတ် လူ့အဖွဲ့အစည်းမှာ ပိုက်ဆံရှာတာက အရေးမကြီးဘူးလို့ ဘယ်သူကများ ပြောနိုင်မှာလဲ”
လင်းယန်ကိုယ်တိုင်က သူ့စကားများအား သဘောတူထောက်ခံနေသည်ကို မြင်သောအခါ အနည်းငယ် စိုးရိမ်တုန်လှုပ်နေခဲ့သော ချန်ဟောက်ထျန်းမှာ ပြန်လည်၍ မာနတက်လာလေသည်။
“မင်းတို့ ကြားတယ်မလား၊ သူဌေး ကိုယ်တိုင်က သူ ပိုက်ဆံရှာဖို့ ဒီမှာရှိနေတာလို့ ပြောနေပြီပဲ၊ ဒါဆို ငါ့အဖေရဲ့ကုမ္ပဏီကို ဘာလို့ လာမလုပ်ရမှာလဲ၊ ငါက သူတို့ကို ပိုက်ဆံရှာဖို့ အခွင့်အရေးကောင်းတစ်ခု ပေးနေတာလေ၊ မင်းတို့က ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာလဲ”
လင်းယန်၏ မျက်ဝန်းများက ကြည်လင်တောက်ပနေပြီး အလွန်ပွင့်လင်းရိုးသားစွာဖြင့် သူ၏ရည်မှန်းချက်များကို ထုတ်ဖော်ပြောဆိုလိုက်လေသည်။
“တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက်မှာ ‘နောက်ဆုံးရယ်ရမည့်သူ’ အစီအစဉ်(T/N…‘ဘယ်သူ နောက်ဆုံး ရယ်မောနိုင်မလဲ’ အစား ‘နောက်ဆုံးရယ်ရမည့်သူ’ ဆိုတဲ့ နာမည်ကို သုံးသွားပါမယ်ဗျ)ရဲ့ လူရွေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ့်ရဲ့ ဇာတိရွာလေးကို ပြန်လာခဲ့တယ်၊ ကျွန်တော် ပိုက်ဆံရှာချင်တာ မှန်ပါတယ်၊ ဒါပေမဲ့ ဒီနေရာက ကျွန်တော် ကြီးပြင်းလာခဲ့တဲ့ နေရာဖြစ်ပြီး ကျွန်တော့်အတွက် လှပတဲ့ အမှတ်တရတွေ အများကြီး ရှိနေတယ်၊ လူအများစုအတွက်တော့ ဒီရွာငယ်လေးက သေချာပေါက် ခေတ်နောက်ကျနေပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီလိုနေရာမျိုးကို ရွေးချယ်မှာတောင် မဟုတ်ပါဘူး၊ ဒါကြောင့်မလို့ ကျွန်တော်ကိုယ်တိုင်ကနေတစ်ဆင့် အပြောင်းအလဲလေးတစ်ခု ဖြစ်ပေါ်လာအောင် ဖန်တီးချင်ခဲ့တာပါ”
သူက ပရိသတ်များနှင့် ကင်မရာကိုကြည့်ကာ လေးလေးနက်နက် ဆက်ပြော၏။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာလေးကို အစီအစဉ်ရိုက်ကူးမယ့်နေရာအဖြစ် သတ်မှတ်ပေးခဲ့တဲ့အတွက် အစီအစဉ်အဖွဲ့ကိုလည်း ကျေးဇူးတင်ရမှာပါပဲ၊ သူတို့ကြောင့် ကျွန်တော့်ရဲ့ဇာတိရွာလေးမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့တယ်လေ”
“ပြီးတော့ ကျွန်တော့်ရဲ့ ထုတ်ကုန်တွေကို အားပေးထောက်ခံပြီး ကျွန်တော့်ရဲ့ ဇာတိရွာလေးကိုပါ ကူညီထောက်ပံ့ပေးကြတဲ့ ပရိသတ်သူငယ်ချင်းများ အားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်”
လင်းယန်၏ စကားများကြောင့် အင်တာနက်အသုံးပြုသူ အများအပြားမှာ ဤချန်ဟောက်ထျန်းဆိုသည့်လူက တကယ်ကို လွန်လွန်းနေပြီဟု ခံစားလိုက်ကြရလေသည်။ မှတ်ချက်များက စခရင်ပေါ်တွင် ပွက်လောညံသွား၏။
“ဒီကောင်က ဘယ်ကနေထွက်လာတာလဲ၊ မနက်က သွားမတိုက်ထားတဲ့အတိုင်းပဲ၊ ပါးစပ်ဟလိုက်တာနဲ့ အပုပ်နံ့တွေ ထွက်လာတာချည်းပဲ”
“မဖြစ်နိုင်တာ၊ ဒီလောက်တောင် အထက်စီးကနေ ဆက်ဆံတတ်တဲ့ မာနတစ်ခွဲသားနဲ့လူမျိုးတွေ ရှိနေသေးတာလား၊ စတားဘတ်စ် ကော်ဖီတစ်ခွက်လောက် သောက်ရတာကိုတောင် အွန်လိုင်းပေါ်တင်ပြီး ကြွားတတ်တဲ့ သူမျိုးတွေနဲ့တူတယ်”
“ရယ်ရလွန်းလို့ သေတော့မယ်၊ ခန္ဓာကိုယ်သာ ကြီးပြီး ဦးနှောက်မရှိတဲ့ ဒီလိုလူမျိုးတွေက ဇာတိမြေကို ချစ်ခင်မြတ်နိုးတဲ့စိတ်ဆိုတာ ဘာမှန်း ဘယ်သိပါ့မလဲ”
“သူဌေးလင်းပြောတာမှန်တယ်၊ ဒါက လက်တွေ့ဘဝပဲ၊ လူတွေက ဝမ်းရေးအတွက် စားဝတ်နေရေးအဆင်ပြေအောင် သေချာဖြေရှင်းပြီးမှသာ တခြားအရာတွေကို တွေးတောနိုင်မှာလေ”
“ဟုတ်တယ်၊ သူဌေးလင်းက ပိုက်ဆံရှာရင်းနဲ့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဇာတိရွာလေး ဖွံ့ဖြိုးတိုးတက်လာဖို့ကိုပါ တွေးတောပေးနိုင်တာ တကယ်ကို ကောင်းလွန်းပါတယ်”
“ငါ ဒီချန်သခင်လေးကို လုံးဝမမြင်ချင်တော့ဘူး၊ သူ့ကို အိမ်ပြန်ခိုင်းလိုက်လို့ မရဘူးလား”
“ဒီလောက်တောင် အတွေးအခေါ် နိမ့်ကျရသလား၊ သူ အပြင်ထွက်ရင် လူတွေဝိုင်းရိုက်လို့ သေသွားမလားတောင် မသိဘူး”
“အတွေးအခေါ်တွေ ဘာတွေ ပြောမနေပါနဲ့တော့၊ အဲကောင်ကိုက ဦးနှောက်မရှိတာ”