အခန်း ၈၅
Vol. 9 Ch. 85
အခန်း (၈၅)
စကားလုံးအနည်းငယ် ပြောလိုက်ရုံမျှဖြင့် သူ့အပေါ်သို့ မုန်းတီးမှု လှိုင်းလုံးကြီးများ ကျရောက်လာခဲ့သည်ကို ချန်ဟောက်ထျန်း ကိုယ်တိုင်ပင် သတိပြုမိပုံမပေါ်ချေ။
ရန်အာဟူက အခြေအနေကို အခွင့်ကောင်းယူကာ အားရပါးရ လှောင်ပြောင်လိုက်လေသည်။
“သခင်လေးချန်၊ ခင်ဗျား အခု ပါးစပ်လေး ပိတ်ထားတာ အကောင်းဆုံးပဲလို့ ကျွန်တော် အကြံပေးချင်တယ်၊ အင်တာနက်အသုံးပြုသူတွေက ခင်ဗျားပြောနေတဲ့ စကားတွေကို လုံးဝ သဘောမတူကြဘူး၊ ပြဿနာ ထပ်မရှာချင်ဘူးဆိုရင်တော့ မြန်မြန်သာ သွားအိပ်လိုက်ပါတော့”
ချန်ဟောက်ထျန်း၏ ရင်ထဲတွင် ဒေါသမီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသော်လည်း ပေါက်ကွဲထွက်ရန် နေရာမရှိဖြစ်နေရ၏။ သူ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲလျက်ရှိသည်။
“ငါ အိပ်မပျော်ဘူး၊ အပြင်ထွက်ပြီး လမ်းလျှောက်လိုက်ဦးမယ်”
ထိုသို့ပြောပြီးနောက် သူသည် ခြေဆောင့်ကာ ဒေါသတကြီးဖြင့် ခြံဝင်းထဲမှ တစ်ကိုယ်တည်း ထွက်ခွာသွားလေတော့သည်။
လင်းယန်ကလည်း သူ့အား တားဆီးခြင်း မပြုခဲ့ပေ။ မည်သို့ပင်ဆိုစေ ရွာထဲတွင် အန္တရာယ်အနည်းငယ်ပင် ဖြစ်နိုင်စရာအကြောင်းမရှိပေ။
အကယ်၍ ဤသခင်လေးတစ်ယောက် လမ်းပျောက်သွားခဲ့လျှင်ပင် သူတို့ထံသို့ သေချာပေါက် ဖုန်းဆက်လာမည်သာ။
ရန်အာဟူက ပန်းသီးတစ်ကိုက်ကို အားရပါးရ ကိုက်စားလိုက်သည်။ ဤသခင်လေးကို ဂရုစိုက်ရန် လုံးဝစိတ်ကူးမရှိချေ။
သူက ချန်ဟောက်ထျန်း၏ မောက်မာကြွားဝါတတ်သော အကျင့်စရိုက်ကို ရိုးအီနေအောင် သိရှိထားပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တက္ကသိုလ်တက်စဉ်ကာလများကတည်းက ဤကဲ့သို့သော အဖြစ်အပျက်မျိုး မကြာခဏဆိုသလို ဖြစ်ပွားခဲ့သောကြောင့်ပင်။
သူ၏ အတွေးထဲတွင်တော့ ထိုကောင် အပြင်ထွက်လမ်းလျှောက်၍ အအေးဒဏ်ကို မခံနိုင်တော့သည့်အခါ အိမ်ပြန်လာပြီး အိပ်လိမ့်မည်ဟုသာ မှတ်ယူထားလိုက်၏။
ဝမ်လင်းလင်းနှင့် ရှောင်စီယွီတို့ကလည်း မည်သည့်စကားမှ ဝင်မပြောကြချေ။
သူမတို့ နှစ်ဦးမှာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် ကျားပေါက်လေးများကိုသာ ချစ်စနိုးဖြင့် ပွတ်သပ်ဆော့ကစားနေကြလေသည်။
သို့နှင့် ချန်ဟောက်ထျန်းမှာ မီတာနှစ်ရာခန့် လျှောက်လာပြီးနောက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား လိုက်လံရှာဖွေခြင်း မရှိသည်ကို တွေ့လိုက်ရလေ၏။
ဤသည်မှာ ယခင်က တစ်ခါမျှ မကြုံဖူးခဲ့သော အခြေအနေပင်။
မည်သို့ပင်ဆိုစေ သူက ချန်မိသားစု၏ အကြီးဆုံးသခင်လေးဖြစ်သည်။
‘ငါ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပေးမယ့်သူ တကယ်ပဲ တစ်ယောက်မှ မရှိတော့ဘူးလား’
ချန်ဟောက်ထျန်း၏ မျက်နှာမှာ ရှက်စိတ်နှင့် ဒေါသစိတ်ကြောင့် နီရဲတက်လာပြီး တွေးလေတွေးလေ ဒေါသထွက်လေဖြစ်ကာ သူ၏ ခြေလှမ်းများကို ပို၍ ခပ်သွက်သွက် လှမ်းပစ်လိုက်သည်။
သူ လုံးဝ ပြန်သွားပြီးအိပ်မည်မဟုတ်ပေ။
အချိန်အတော်ကြာသည်အထိ သူပြန်မလာသေးသည်ကို တွေ့ရသောအခါမှ ထိုလူများ အလောတကြီးဖြစ်ကာ ရွာအနှံ့ သူ့ကို လိုက်လံရှာဖွေကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ထိုလူများ သူ့အတွက် ပြာယာခတ်ကာ အကြီးအကျယ် စိုးရိမ်သွားစေရန် လူသူကင်းမဲ့သော ထောင့်ကျကျနေရာတစ်ခုတွင် ပုန်းအောင်းနေမည်ဟု ချန်ဟောက်ထျန်းက သူ၏ ရင်ထဲတွင် ကျိန်ဆိုလိုက်လေသည်။
လင်းယန်သာ သူ၏ ဤကလေးဆန်လှသော အတွေးများကို သိရှိသွားပါက ‘တကယ်ကို ကလေးတစ်ယောက်ရဲ့ စိတ်ဓာတ်ပါလား’ ဟု သက်ပြင်းချကာ ရေရွတ်မိမည်မှာ အသေအချာပင်။
ကံကောင်းထောက်မစွာဖြင့် ကျေးလက်ဒေသ၏ လရောင်မှာ အလွန်တောက်ပလွန်းလှရာ မီးရောင်မပါဘဲနှင့်ပင် လမ်းကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရပေသည်။
ချန်ဟောက်ထျန်းမှာ မိမိကိုယ်ကို သတိမထားမိလိုက်ဘဲ ရွာထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရ၏။
သူက သစ်ပင်တစ်ပင်အောက်တွင် အကြမ်းပတမ်း ဝင်ထိုင်လိုက်ပြီး အနားတွင် တဝီဝီမြည်ကာ ပျံသန်းနေသော ခြင်များကို လက်ဖြင့် ရမ်းခါမောင်းနှုတ်ရင်း မကျေမနပ် ညည်းတွားလိုက်၏။
“ဘယ်လို စုတ်ပြတ်သတ်နေတဲ့ နေရာကြီးလဲ၊ ဝမ်လင်းလင်းကိုသာ ငါရလိုက်လို့ကတော့၊ သူတို့ကို အပီအပြင်ပညာပေးပစ်မယ်”
ယခုလက်ရှိ အရှက်ရမှုနှင့် ဒေါသကို မြိုသိပ်ထားရခြင်းမှာ ယာယီမျှသာဖြစ်ကြောင်း သူ့ရင်ထဲတွင် ကိုယ့်ကိုယ်ကို ထပ်တလဲလဲ သတိပေးနေမိသည်။
သူ၏ ရည်မှန်းချက်ကား ဝမ်လင်းလင်းကို အပိုင်သိမ်းပြီး သူ့မာနကို ပြန်လည်ဆယ်ယူရန်ပင်။
‘မိန်းမတစ်ယောက်ပဲလေ၊ ဘာခက်တာမှတ်လို့’
သူ ချန်ဟောက်ထျန်း၏ ဆွဲဆောင်မှုအပြည့်ရှိသော ရုပ်ရည်နှင့် အဆင့်အတန်းကြောင့် သူမကို သေချာပေါက် သိမ်းသွင်းနိုင်မည်သာ။
ထိုအချိန်ကျလျှင် သူ လုပ်ချင်ရာလုပ်ခွင့်ရပြီမဟုတ်လော။
“ဒီနေ့ လင်းယန်ရဲ့ ကျေးလက်အပန်းဖြေစခန်းကို အားလပ်ရက် အနားယူဖို့ လာတဲ့ လူငယ်တွေထဲက တစ်ယောက်မဟုတ်လား”
ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ချန်ဟောက်ထျန်းမှာ လန့်ဖြတ်သွားလေသည်။
သူက နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ လူငယ်နှစ်ဦး သူ့အနောက်တွင် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိ၊ ရပ်နေသည်ကို တွေ့လိုက်ရ၏။
ယောက်ျားလေး တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်။
ထိုသူနှစ်ဦးမှာ တခြားသူများမဟုတ်ဘဲ ဝမ်တာ့လီနှင့် လီတင်းတို့ပင် ဖြစ်ကြလေသည်။
ယနေ့ ရွာထဲသို့ သူစိမ်းများ ရောက်ရှိလာသည်ဟူသော သတင်းက ရွာတစ်ရွာလုံးသို့ အစောကြီးကတည်းက ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။
ထိုလူသုံးဦးမှာ လင်းယန်၏ ကျေးလက်အပန်းဖြေစခန်းသို့ အားလပ်ရက် လာရောက်လည်ပတ်ခြင်း ဖြစ်သည်ဟုလည်း သတင်းထွက်နေ၏။
လင်းယန်၏ ကျေးလက်အပန်းဖြေစခန်းသို့ ဧည့်သည်များ တဖွဲဖွဲလာရောက်နေခြင်းကြောင့် သူ၏ဝင်ငွေများစွာ တိုးပွားလာမည့် အခြေအနေကို တွေးကြည့်မိသောအခါ ဝမ်တာ့လီနှင့် လီတင်းတို့မှာ မည်သို့မျှ သည်းခံနိုင်စွမ်း မရှိတော့ချေ။
သူတို့၏ ရင်ထဲတွင် မနာလိုဝန်တိုမှုများက ပွက်ပွက်ဆူနေလေပြီ။
ပြီးခဲ့သည့်အကြိမ်က လင်းယန်အား ဒုက္ခပေးရန် သူတို့ ကြံစည်ထားခဲ့သော အစီအစဉ်မှာ လင်းယန်အနီးရှိ တိရစ္ဆာန်များကို ပစ်မှတ်ထားရန်ပင်။
ယခုအခါ လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် အဓိကဆွဲဆောင်မှုမှာ သူ၏ တိရစ္ဆာန်လေးများမဟုတ်လော။
အကယ်၍ ထိုတိရစ္ဆာန်များကို တစ်ခုခု အန္တရာယ်ပြုလိုက်နိုင်ပါက အင်တာနက်အသုံးပြုသူများက သူ့အား ပြုစုစောင့်ရှောက်သူ၏ တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်ဟုဆိုကာ သေချာပေါက် အပြစ်တင်ကြပေမည်။
သို့သော် သူတို့ ယခုအချိန်အထိ လက်တွေ့အကောင်အထည်မဖော်ရဲသေးခြင်းမှာ ယခင်တစ်ခေါက်က ဝူအန်းတစ်ယောက် တောဝက်ဘုရင်ကြီး၏ တိုက်ခိုက်မှုကြောင့် လွင့်စင်သွားကာ ဆေးရုံတွင် လဝက်ကျော်ခန့် လဲလျောင်းခဲ့ရသည့်အဖြစ်ဆိုးကို ကြောက်ရွံ့နေကြသောကြောင့်ပင်။
ယခုအခါ လင်းယန်၏ အိမ်တွင် တောဝက်ဘုရင်ကြီး ရှိနေရုံမျှမက အလွန်ကြမ်းတမ်း ရက်စက်သော ဆိုက်ဘေးရီးယားကျားများပင် ရှိနေသေးသည်မဟုတ်လော။
သူတို့ကိုယ်တိုင် ဒုတိယမြောက်ဝူအန်း ဖြစ်သွားမည်ကို အလွန်အမင်း စိုးရိမ်ထိတ်လန့်နေကြ၏။
ထို့ကြောင့်ပင် သူတို့က အကြံအစည်များ အကြိမ်ကြိမ်ရေးဆွဲကာ အချိန်ဆွဲနေခဲ့ရခြင်းဖြစ်သည်။
ဝမ်တာ့လီက အစီအစဉ် ရိုက်ကူးရေးညွှန်ကြားရေးမှူး၏ သဘောထားကိုလည်း တိတ်တဆိတ် သွားရောက်စုံစမ်းခဲ့သေးသည်။ သတင်းများအရ လင်းယန်မှာ လက်ရှိတွင် ပထမနေရာ၌ ခိုင်မာစွာရပ်တည်နေပြီး အစီအစဉ်အဖွဲ့မှ လင်းယန်၏ အတွေ့အကြုံများကို အင်တာဗျူးရန်အတွက် သတင်းထောက်များကိုပင် အထူးဖိတ်ကြားထားသည်ဟု ဆိုသည်။
ဤသည်မှာ လင်းယန်အတွက် နောက်ထပ် ကြီးမားလှသော လူသိရှင်ကြား ကြော်ငြာပေးမှုကြီးတစ်ခု ဖြစ်မနေဘူးလော။ ထို့အပြင် ဒုတိယလအတွက် အနှစ်ချုပ်သုံးသပ်ရမည့် အချိန်ကလည်း နီးကပ်လာပြီဖြစ်သည်။ ပြီးခဲ့သည့် အနှစ်ချုပ်အစည်းအဝေးကို မီးရှူးမီးပန်းပွဲတော်နှင့်အတူ ပူးတွဲကျင်းပခဲ့ရာ သူက ပြိုင်ပွဲတွင် ပထမရခဲ့သော်လည်း လင်းယန်ကသာ လူအများ၏ အာရုံစိုက်မှုအားလုံးကို ခိုးယူသွားခဲ့လေသည်။
ဤတစ်ကြိမ်တွင်တော့ လင်းယန်ကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းတစ်ခုကို သူ မဖြစ်မနေ ရှာဖွေရမည်ဟု ဝမ်တာ့လီက ပြင်းပြစွာ ဆုံးဖြတ်ထား၏။
ချန်ဟောက်ထျန်းက သူ့ရှေ့မှောက်ရှိ အမျိုးသားနှင့် အမျိုးသမီးကို သတိထားနေသော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေသည်။
“ခင်ဗျားတို့က ဒီရွာက ရွာသားတွေလား”
သူတို့၏ပုံစံက ရွာသားများနှင့် လုံးဝမတူချေ။
ယနေ့ သူတို့သုံးယောက် ရွာတစ်ရွာလုံးအနှံ့ လမ်းလျှောက်ခဲ့ရာတွင် လူငယ်များကို တစ်ယောက်မျှ မတွေ့ခဲ့ရဘဲ အခြေခံအားဖြင့် အသက်သုံးဆယ်ကျော်အရွယ်များကိုသာ မြင်တွေ့ခဲ့ရသည်။
ဝမ်တာ့လီက နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ဖန်တီးလိုက်သည်။
“ကျွန်တော်တို့ကလည်း အစီအစဉ်အဖွဲ့က ပြိုင်ပွဲဝင်တွေပါပဲ”
“ဒီလောက်ညနက်နေပြီကို ဘာလို့ ရွာထိပ်ကို တစ်ယောက်တည်း ရောက်လာရတာလဲ၊ ရှိရွှေရွာက တော်တော်လေး ဝေးလံခေါင်ဖျားတယ်လေ၊ တကယ်လို့ ခင်ဗျား အငှားကားငှားချင်တယ်ဆိုရင်တောင် ငှားလို့ရမှာ မဟုတ်ဘူး၊
မနက်ဖြန် မနက်ရောက်မှပဲ ရွာထဲက ကားရှိတဲ့သူတစ်ယောက်ယောက်ကို လိုက်ပို့ပေးဖို့ အကူအညီတောင်းရလိမ့်မယ်”
“ဒါပေမဲ့ ဒီရွာမှာ ကားရှိတဲ့မိသားစုက သိပ်မများဘူးလေ၊ ခင်ဗျား မြို့ပေါ်ကို ပြန်သွားချင်တယ်ဆိုရင်တော့ ကျွန်တော် တစ်ခုခု စီစဉ်ပေးနိုင်ကောင်း စီစဉ်ပေးနိုင်မှာပါ”
ဝမ်တာ့လီက ချန်ဟောက်ထျန်း၏ မျက်နှာပေါ်ရှိ စိတ်ခံစားချက်များကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း ဖောက်ထွင်းမြင်သိသွားလေသည်။
ကြည့်ရသည်မှာ ဤကောင်လေးက တခြားလူများနှင့် သေချာပေါက် ပြဿနာတက်လာခဲ့ပုံရ၏။
ထိုပြဿနာမှာ လင်းယန်နှင့် ပတ်သက်မှု ရှိမရှိကိုသာ သူ မသိရသေးခြင်းဖြစ်သည်။
လီတင်းကလည်း အထူးတလည် နွေးထွေးပျူငှာစွာဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။
“ဟုတ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဒီရွာမှာ နေလာတာကြာပြီလေ”
ထိုစကားများကို ကြားလိုက်ရသောအခါ ချန်ဟောက်ထျန်း၏ရင်ထဲမှ သတိထားမှုများ တဖြည်းဖြည်း လျော့ကျသွားလေသည်။
ဤနေရာသို့ လာရာလမ်းတစ်လျှောက်တွင် ဝမ်လင်းလင်းထံမှ ဤရုပ်သံအစီအစဉ်အကြောင်း သူ ကြားသိခဲ့ရပြီး ဖြစ်သည်။
လင်းယန်ကဲ့သို့ ကျေးလက်တောရွာမှ လူတစ်ယောက်က ပထမနေရာကို ရရှိနိုင်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
‘ကြည့်ရတာ ဒီအစီအစဉ်အဖွဲ့က လူတွေကို လိမ်လည်ထားတာများလား’
ချန်ဟောက်ထျန်းက နှုတ်ခမ်းမဲ့ကာ သူတို့နှစ်ဦးကို အထက်အောက် စုန်ဆန် ကြည့်ရှုလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက်က ဘာလို့ ဒီလောက်တောင် အရည်အချင်းမရှိရတာလဲ၊ ဟို လင်းယန်ဆိုတဲ့ကောင်ကိုတောင် မနိုင်ဘူးလား”
ဝမ်လင်းလင်းနှင့် ရှောင်စီယွီတို့ နှစ်ဦးလုံး လင်းယန်၏ အနားတွင် ဝိုင်းဝိုင်းလည်နေကြသည်ကို တွေးမိတိုင်း သူ့ရင်ထဲတွင် အလွန်အမင်း မကျေမချမ်း ဖြစ်ရလေ၏။
ထို့အပြင် အင်တာနက်အသုံးပြုသူများအရှေ့တွင် သူ့ကို အရှက်ရစေခဲ့သော လင်းယန်၏ ထိုစကားများကလည်း သူ၏ဒေါသကို ဆွပေးနေ၏။
ဝမ်တာ့လီနှင့် လီတင်းတို့က အချင်းချင်း အဓိပ္ပာယ်ပါပါ မျက်စပစ်ပြလိုက်ကြပြီး သူတို့ရှေ့မှောက်ရှိလူက လင်းယန်အပေါ် ပြင်းထန်သောရန်လိုမှုများ ရှိနေကြောင်း ချက်ချင်းရိပ်မိသွားကြလေသည်။
သူတို့၏ အကြံအစည် အောင်မြင်ရန်အတွက် ဤအချက်ကို အသုံးချနိုင်ကောင်း အသုံးချနိုင်ပေမည်။
ဝမ်တာ့လီက သက်ပြင်းချကာ မချိတင်ကဲ ဟန်ဆောင်လိုက်သည်။
“အင်းလေ... ကျွန်တော်တို့က သာမန်အရပ်သားတွေပဲ ဖြစ်နေတာကိုး”
ဝမ်တာ့လီ၏ စကားလုံးများထဲတွင် မသိမသာ ဖုံးကွယ်ထားသော အဓိပ္ပာယ်များ ပြည့်နှက်နေ၏။
ဦးနှောက်မရှိသော ချန်ဟောက်ထျန်းက တစ်စုံတစ်ခုကို ချက်ချင်း တွေးတောမိသွားပြီး သူ၏ မျက်နှာပေါ်တွင် လှောင်ပြောင်မှုများ အထင်းသား ပေါ်လွင်လာလေသည်။
“ငါ ထင်သားပဲ၊ လင်းယန်က ဒီလောက်အရည်အချင်းရှိတဲ့သူလို့ ထင်ကိုမထင်ခဲ့တာ”
“ခင်ဗျားတို့ နှစ်ယောက်က တကယ်ကို ကံဆိုးတာပဲ”
သူက မိမိဘာသာ ကောက်ချက်ချလိုက်၏။
“ဟို ကျားတွေကိုလည်း သူ့နောက်ကွယ်က အရင်းရှင် သူဌေးကြီးတွေက သွင်းပေးထားတာ မဟုတ်လား၊ ဆိုက်ဘေးရီးယားကျားတွေအတွက် မွေးမြူခွင့်လိုင်စင်ဆိုတာ သာမန်လူတွေ လွယ်လွယ်နဲ့ရနိုင်တဲ့အရာမှမဟုတ်တာ၊ ငါက ဒီလို လူစားမျိုးကို အမုန်းဆုံးပဲ၊ ငါ့ကို အခွင့်အရေးမရစေနဲ့၊ ရလို့ကတော့ ငါ ဘယ်လောက်စွမ်းသလဲဆိုတာ သူ့ကို သေချာပေါက် ပြသပေးမယ်”
ချန်ဟောက်ထျန်းက လေထဲသို့ လက်သီးတစ်ချက် ပစ်သွင်းကာ ကြုံးဝါးလိုက်လေသည်။
ဝမ်တာ့လီက မြှောက်ပင့်လိုသော အပြုံးဖြင့် စကားဆိုလိုက်၏။
“ခင်ဗျားရဲ့ ခန့်ညားတဲ့ရုပ်ရည်နဲ့ ထူးခြားတဲ့အငွေ့အသက်ကို ကြည့်ရတာ ခင်ဗျားက သာမန်လူတော့ မဖြစ်နိုင်ဘူး၊ ဘာလို့များ သူ့ရဲ့ ကျေးလက်အပန်းဖြေစခန်းကို ဘဝအတွေ့အကြုံရှာဖို့ သွားရတာလဲ”
ချန်ဟောက်ထျန်းမှာ ထိုချီးကျူးစကားကြောင့် ကိုယ်ရော စိတ်ပါ ကြည်နူးသွားရပြီး လင်းယန်ထံတွင် ဆုံးရှုံးခဲ့ရသော သူ၏ ကိုယ်ပိုင်ဂုဏ်သိက္ခာများ ပြန်လည်ရရှိသွားသည့်နှယ် ခံစားလိုက်ရလေသည်။
“မူလကတော့ ငါ့သူငယ်ချင်းတွေနဲ့အတူ ဒီမှာ စိတ်အပန်းဖြေဖို့ လာခဲ့တာပါ၊ ဒါပေမဲ့ လင်းယန်ဆိုတဲ့ကောင်က ငါ့သူငယ်ချင်းတွေကို ဘယ်လို မှော်အတတ်တွေများ သုံးလိုက်လဲမသိပါဘူး၊ သူတို့တွေ ခေါင်းမူးပြီး သူ့အနားမှာချည်း ဝိုင်းဝိုင်းလည်နေကြတော့တာပဲ”
ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်တာ့လီက အခြေအနေတစ်ခုလုံး၏ အကြမ်းဖျင်းကို ချက်ချင်း သဘောပေါက်သွားလေ၏။
“ခင်ဗျားရဲ့ သူငယ်ချင်းတွေက သူ့အနားမှာ ဝိုင်းဝိုင်းလည်နေတာ မဟုတ်လောက်ဘူး၊ ဟို တိရစ္ဆာန်လေးတွေရဲ့ ဆွဲဆောင်မှုကြောင့် ဖြစ်မှာပါ”
သူက မြားတစ်စင်းကို တိတိကျကျ ပစ်လွှတ်လိုက်၏။
“မိန်းကလေးတွေက သဘာဝအရ ဒီလို အမွေးပွပွအကောင်လေးတွေကို သဘောကျတတ်ကြတယ်လေ၊ တကယ်တော့ ဒီပြဿနာက ဖြေရှင်းရ တအားလွယ်ပါတယ်၊ ခင်ဗျားက အဲ့ဒီ အမွေးပွအကောင်တွေကို မောင်းထုတ်လိုက်လို့ မရဘူးလား”
ချန်ဟောက်ထျန်းက ဒေါသတကြီးဖြင့် ပြန်လည်အော်ဟစ်လိုက်သည်။
“ခင်ဗျားပြောသလောက် မရိုးရှင်းဘူးဗျ၊ အဲ့ဒါက ဆိုက်ဘေးရီးယားကျားကြီးတွေလေ”
လီတင်းက ချောင်းဟန့်လိုက်ပြီး ဝင်ရောက် ဆွေးနွေးလိုက်လေသည်။
“ကျွန်တော်တို့ ခင်ဗျားကို အကြံတစ်ခုတော့ ပေးနိုင်ပါတယ်၊ ဒါပေမဲ့ လက်တွေ့လုပ်မလုပ် ဆိုတာကတော့ ခင်ဗျားရဲ့အပိုင်းပဲ”