အခန်း ၈၆
Vol. 9 Ch. 86
အခန်း (၈၆)
ချန်ဟောက်ထျန်းက ထိုသူနှစ်ယောက် ပေးလိုက်သော ပစ္စည်းများကို အိတ်ကပ်ထဲသို့ ဂရုတစိုက်ထည့်လိုက်ပြီးနောက် လမ်းလျှောက်ရင်း သီချင်းလေးတအေးအေးညည်းကာ စိတ်ကြည်နူးစွာဖြင့် ပြန်လာခဲ့လေသည်။
‘ဒီတစ်ခေါက်တော့ လင်းယန်ကို သေချာပေါက် ပညာပေးရမယ်’ ဟု သူ စိတ်ထဲမှကြုံးဝါးလိုက်၏။
သူ ချန်ဟောက်ထျန်း ကြီးပြင်းလာခဲ့သည့် တစ်လျှောက်လုံးတွင် မည်သူကမျှ သူ့အား ဤကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံရဲခဲ့ချေ။ အထူးသဖြင့် လူအများအပြား၏ ရှေ့မှောက်တွင် ဤသို့ အရှက်ခွဲခံရခြင်းကို သူ လုံးဝ သည်းမခံနိုင်ပေ။
သူ့ရင်ထဲရှိ မာနတရားနှင့် အနိုင်ယူလိုစိတ်များက ပြင်းထန်စွာ တောက်လောင်နေသည်။
‘ကျေးလက်အပန်းဖြေစခန်း ဖွင့်ချင်တာလား၊ ပြိုင်ပွဲမှာ ပထမရချင်တာလား၊ ဆက်ပြီးသာ အိပ်မက် မက်နေလိုက်စမ်းပါ’
ချန်ဟောက်ထျန်းက ရုတ်တရက် ပါးစပ်ကို ပိတ်လိုက်လေသည်။
‘စောစောက အသံကြီးက ဘာအသံကြီးလဲ’
“ဝု... အာဝူး”
ထိုအချိန်တွင် အေးစက်သော လေပြည်တစ်ချက်က တိုက်ခတ်သွားပြီး သူ၏ ပတ်ဝန်းကျင်ရှိ ထပ်တူကျနေသော သစ်ပင်အရိပ်မည်းကြီးများကို ကြည့်ရင်း ရင်ထဲတွင် ယခင်က တစ်ခါမျှ မခံစားဖူးသော အကြောက်တရားများ စိမ့်ဝင်လာလေသည်။
သူက လက်မောင်းပေါ်မှ ကြက်သီးများကို ပွတ်သပ်ရင်း ခြေလှမ်းများကို ချက်ချင်း ခပ်သွက်သွက် လှမ်းလိုက်၏။
‘ဒီကျေးလက်တောရွာက မြို့ကြီးပြကြီးတွေနဲ့ လုံးဝကို မယှဉ်နိုင်ပါ့လား၊ ဒီလောက်စောသေးတဲ့ အချိန်လေးမှာတောင် ဘယ်အိမ်ကမှ မီးမဖွင့်ကြတော့ဘူးလား၊ စောစောက အသံက နားကြားမှားတာပဲ ဖြစ်ရမယ်’
ချန်ဟောက်ထျန်းက မိမိကိုယ်ကိုယ် အစွမ်းကုန် နှစ်သိမ့်ရင်း တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်လေသည်။
‘ဒီလိုရွာလေးမှာ ဘာများ ထူးထူးဆန်းဆန်းတွေ ရှိနေနိုင်မှာလဲ’
သို့ရာတွင် နောက်တစ်စက္ကန့်၌ပင် ထိုကြက်သီးထဖွယ် အသံကြီးကို ထပ်မံကြားလိုက်ရပြန်သည်။
“ဝု”
ယခုတစ်ကြိမ်တွင် အသံမှာ ယခင်တစ်ကြိမ်ထက် ပို၍ ရှင်းလင်းကျယ်လောင်နေပြီး အသံထဲတွင် ဝမ်းနည်းကြေကွဲဖွယ်ရာ ခံစားချက်များပါ ရောယှက်နေသကဲ့သို့ ရှိ၏။
ချန်ဟောက်ထျန်းမှာ လျှပ်ကြိုးအပစ်ခံလိုက်ရသည့်အလား လမ်းလယ်ခေါင်တွင် တောင့်တင်းစွာ ရပ်တန့်သွားလေသည်။
‘ဒီအသံက ဝံပုလွေတစ်ကောင်ရဲ့ အူသံနဲ့ တအားတူနေတယ် မဟုတ်ဘူးလား၊ ဒီရွာမှာ ဘယ်လိုလုပ် ဝံပုလွေတွေ ရှိနေနိုင်မှာလဲ တောင်ပေါ်ကနေ ဝံပုလွေတွေ ဆင်းလာတာများလား’
ထိုအသိက ခေါင်းထဲသို့ ဝင်လာသည်နှင့် သူ၏ ခြေသလုံးများမှာ တဆတ်ဆတ် တုန်ယင်လာပြီး ရှေ့သို့သွားရာလမ်းအတိုင်း အမြန်ဆုံး ထွက်ပြေးလေတော့သည်။ သူက ဝံပုလွေ၏ ညစာစားပွဲတွင် ဟင်းလျာတစ်ခွက် လုံးဝ မဖြစ်ချင်ချေ။
ဝံပုလွေများသည် တောင်ပေါ်မှ ဆင်းလာပါက အမြဲတမ်း အစုံလိုက် အဖိုအမ ဆင်းလာတတ်ကြသည်ဟု စကားဆိုလေ့ရှိသည်။ ထို့အပြင် သူက သစ်ပင်လည်း မတက်တတ်ပေ။
အလွန်အမင်း ထိတ်လန့်နေမှုကြောင့် ချန်ဟောက်ထျန်းမှာ လမ်းပေါ်ရှိ ကျောက်ခဲကြမ်းများနှင့် ခလုတ်တိုက်ကာ အကြိမ်ကြိမ် လဲကျခဲ့ပြီး လက်ဝါးများပင် ပွန်းပဲ့ကာ သွေးထွက်လာခဲ့၏။
သို့သော် သူက နာကျင်မှုကို လုံးဝ ဂရုမစိုက်နိုင်တော့ဘဲ ကျေးလက်အပန်းဖြေစခန်းသို့သာ မြန်မြန်ပြန်ရောက်ရန် လောဆော်နေမိသည်။
အကြောက်တရား၏ တွန်းအားပေးမှုကြောင့် ချန်ဟောက်ထျန်းမှာ ယခင်က တစ်ခါမျှ မရှိခဲ့ဖူးသော အမြန်နှုန်းဖြင့် အားကုန်ပြေးလွှားနေလေတော့သည်။ သို့သော် သူ၏ အနောက်ဘက်မှ ထိုအသံကြီးက သူ့ကို အနီးကပ် လိုက်ပါလာခဲ့သည်။
ပိုပိုပြီး နီးကပ်လာလေပြီ။
“အာဝူး... ဝု၊ အာ၀ူး”
ပြာယာခတ်နေမှုကြောင့် ချန်ဟောက်ထျန်းတစ်ယောက် မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် မတော်တဆ လဲကျသွားပြန်လေသည်။ သူ့အနောက်မှနေ၍ သူ့အား စူးစိုက်ကြည့်နေသော မျက်လုံးတစ်စုံကို သူ အထင်းသား ခံစားသိရှိနေရ၏။ သူက အကြောက်တရားကို မနည်းထိန်းချုပ်ကာ နောက်သို့ လှည့်ကြည့်လိုက်လေသည်။
“ငါ့ကို မစားပါနဲ့၊ ငါ့ကို မစားပါနဲ့”
တလက်လက် တောက်ပနေသော စိမ်းဖန့်ဖန့် မျက်လုံးတစ်စုံနှင့် သူ အံကိုက် ဆုံတွေ့လိုက်ရလေသည်။ ချန်ဟောက်ထျန်း၏ ဦးနှောက်တစ်ခုလုံး အကြောက်တရားကြောင့် ဗလာကျင်းသွားပြီး ‘ပြီးပြီ’ ဟူသော စကားလုံးတစ်လုံးသာ ကျန်ရစ်တော့သည်။
‘ငါက ဒီလောက် ငယ်ရွယ်သေးတာကို၊ ဒီလို စုတ်ပြတ်နေတဲ့ တောင်ကြားချောက်ကမ်းပါးကြီးထဲမှာ ငါမသေချင်သေးဘူး’
‘တစ်ယောက်ယောက်ကများ ကျေးဇူးပြုပြီး ငါ့ကို ရှင်းပြပေးပါလား၊ တောင်ပေါ်ရွာလေးတစ်ရွာမှာ ဘယ်လိုလုပ် ဝံပုလွေနဲ့ လာတွေ့နိုင်ရတာလဲ၊ ဒီလိုဖြစ်လာမယ်ဆိုတာသာ ကြိုသိခဲ့ရင် ငါ လျှောက်ပြီး ထွက်သွားခဲ့မှာမဟုတ်ဘူး၊ ပြီးတော့ ငါထွက်သွားတာ ဒီလောက်တောင် ကြာနေပြီကို ငါ့ကို လိုက်ရှာမယ့်လူ တစ်ယောက်မှ မရှိဘူးလား’
ထိုအခိုက်အတန့်တွင် မျှော်လင့်ချက်မဲ့ခြင်းများက ချန်ဟောက်ထျန်းကို လွှမ်းခြုံသွားလေသည်။ သူက ထိတ်လန့်တုန်လှုပ်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်လေတော့သည်။
“ကယ်ကြပါဦး၊ ငါ့ကို လာကယ်မယ့်လူ မရှိဘူးလား”
“ရွာထဲကို ဝံပုလွေ ဝင်လာပြီ”
မှုန်ဝါးဝါး လရောင်အောက်တွင် ချန်ဟောက်ထျန်းက ဝံပုလွေ၏ ပုံပန်းသဏ္ဍာန်ကို သဲသဲကွဲကွဲ မြင်တွေ့နေရသည်။ ဝံပုလွေတစ်ကောင်တည်းသာ ရှိသော်လည်း ဤကဲ့သို့သော သားရဲတိရစ္ဆာန်မျိုးကို သူ သေချာပေါက် အနိုင်ယူနိုင်မည်မဟုတ်ပေ။
ဘာကြောင့်မှန်း မသိသော်လည်း တစ်ဖက်သတ္တဝါက သူ့ကို မဝေးလွန်း မနီးလွန်း အကွာအဝေးတစ်ခုမှသာ စောင့်ကြည့်နေလေသည်။
‘ငါမသေခင်လေးမှာ သေလုမျောပါး ရုန်းကန်နေရတာကို ထိုင်ကြည့်ချင်လို့များလား’
ထိုအချက်ကို တွေးမိသောအခါ ချန်ဟောက်ထျန်းမှာ ပို၍ပင် မျှော်လင့်ချက် ကင်းမဲ့သွားရပြီး အသက်လုကာ အားကုန် အော်ဟစ်အကူအညီ တောင်းလေတော့သည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ လက်ရှိတည်နေရာမှာ လင်းယန်၏ အိမ်နှင့် သိပ်မဝေးလှချေ။ ခြံဝင်းထဲတွင် လေညင်းခံကာ ထိုင်နေကြသူများက အပြင်ဘက်မှ ဆူညံသံများကို လျင်မြန်စွာ ကြားလိုက်ရလေသည်။
ရန်အာဟူက နားစွင့်လိုက်သည်။
“အဲ့ဒီအသံက ဘာလို့ သခင်လေးချန်ရဲ့ ငိုသံနဲ့ တအားတူနေရတာလဲ”
ဝမ်လင်းလင်းက ခေါင်းညိတ်ထောက်ခံလိုက်၏။
“သူ အကူအညီ လှမ်းတောင်းနေတဲ့ပုံပဲ”
ရှောင်စီယွီက စိုးရိမ်တကြီးဖြင့် အကြံပြုလိုက်လေသည်။
“ငါတို့ အပြင်ထွက်ပြီး သွားကြည့်ကြရအောင်၊ သူ အန္တရာယ် တစ်ခုခုနဲ့ ကြုံနေရရင် ဒုက္ခ”
ဝမ်လင်းလင်းက မထီမဲ့မြင်ဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။
“ရွာထဲမှာ ဘာအန္တရာယ်မှ တွေ့စရာ အကြောင်းမရှိပါဘူ၊ ဆယ်ခါမှာ ရှစ်ခါကတော့ ဒီသခင်လေးက ငါတို့ရဲ့ အာရုံစိုက်မှုကို ရချင်လို့ သက်သက်မဲ့ ပြဿနာရှာပြီး အော်နေတာ ဖြစ်ရမယ်”
လင်းယန်က လက်နှိပ်ဓာတ်မီးကို ကိုင်ကာ ရှေ့မှ ဦးဆောင်ထွက်လာခဲ့သည်။
“အပြင်ထွက်ပြီး သွားကြည့်ကြတာပေါ့”
ရှောင်စီယွီက သူ့အနောက်မှ ကပ်လျက်လိုက်ပါလာခဲ့၏။ ဝမ်လင်းလင်းမှာလည်း မကျေမချမ်းဖြင့် အနောက်မှ လိုက်လာခဲ့လေသည်။
လင်းယန်က လက်နှိပ်ဓာတ်မီးဖြင့် လျှောက်လာသည်ကို ချန်ဟောက်ထျန်း မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ကယ်တင်ရှင်ကြီးကို တွေ့လိုက်ရသည့်အလား ဖရိုဖရဲ လေးဘက်ထောက်ကာ လင်းယန်အနားသို့ တွားသွားလာလေတော့သည်။
လင်းယန်တစ်ယောက် ချန်ဟောက်ထျန်း၏ ပုံစံကို မြင်လိုက်ရသောအခါ မျက်နှာတစ်ခုလုံး မျက်ရည်များ နှပ်များ ပေပွနေပြီး ခြင်ကိုက်ခံထားရသော အဖုအပိမ့်များကလည်း ပြည့်နှက်နေရာ ‘သနားစရာ’ ဟူသော စကားလုံးက သူ့ကို ဖော်ပြရန် အသင့်တော်ဆုံးပင် ဖြစ်ပေလိမ့်မည်။
လင်းယန်က မေးလိုက်သည်။
“မင်း အပြင်ထွက်သွားတာ တစ်နာရီတောင် မပြည့်သေးဘူး၊ ကိုယ့်ကိုယ်ကိုယ် ဒီလောက် စုတ်ပြတ်သတ်သွားအောင် ဘယ်လိုလုပ်လိုက်တာလဲ”
ချန်ဟောက်ထျန်းမှာ နှပ်ပူဖောင်းများ ထွက်လာသည်အထိ အသံထွက်ငိုကြွေးနေလေသည်။
“ဝူးဝူးဝူးဝူး၊ မင်းကို မေးရအုံးမယ်၊ မင်းတို့ရွာမှာ ဝံပုလွေတွေ ရှိတယ်ဆိုတာ ဘာလို့ အရင်က ကြိုမပြောခဲ့ရတာလဲ၊ ငါတော့ လန့်သေတော့မှာပဲ၊ ဝံပုလွေအစားခံရတော့မယ်လို့တောင် ထင်နေခဲ့တာ၊ မင်းသာ စက္ကန့်အနည်းငယ်လောက် နောက်ကျပြီးမှ ရောက်လာခဲ့ရင် လူနာတင်ယာဉ် ခေါ်လိုက်ရင်တောင် ငါ့အသက်ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး၊ ဒီဝံပုလွေက ငါ့ကို တအားကြမ်းတမ်းမယ့်ပုံ ရှိတယ်လို့ ထင်သွားလို့ ချက်ချင်း ဝင်မကိုက်တာ ဖြစ်မယ်၊ ဒါက ကံဆိုးထဲက ကံကောင်းတာပဲ”
ထိုစကားများကို ကြားလိုက်ရသောအခါ ဝမ်လင်းလင်းမှာ စကားပင် မပြောနိုင်တော့လောက်အောင် ဆွံ့အသွားရလေသည်။
“နေပါဦး၊ နင်ကလည်းဟာ၊ သေချာပြောစမ်းပါ၊ ဘယ်နေရာမှာ ဝံပုလွေရှိနေလို့လဲ”
ချန်ဟောက်ထျန်းက လက်ညိုးထိုးပြလိုက်သည်။
“ဟိုမှာလေ ဝံပုလွေ”
လင်းယန်၏ လက်နှိပ်ဓာတ်မီးအလင်းရောင် တစ်လျှောက် ချန်ဟောက်ထျန်းက သေချာစိုက်ကြည့်လိုက်ရာ…
‘အဲကောင်က ဘယ်နေရာမှာ ဝံပုလွေနဲ့ တူနေလို့လဲ၊ ဒါက ဟတ်စကီခွေးကြီးပါဆို’
ထိုအခိုက်အတန့်တွင် ၎င်းက လင်းယန်ကို တွေ့လိုက်ရသဖြင့် အမြီးကို တရမ်းရမ်းလုပ်ကာ မျက်လုံးများကို မှေးစင်းပြုံးပြရင်း လင်းယန်ကို လျက်ရန် လျှာလေးထုတ်ကာ ချွဲနွဲ့နေလေသည်။
လင်းယန်က ရွံရှာဟန်ဖြင့် ထိုခွေးကြီးကို ခြေထောက်ဖြင့် တစ်ချက်ကန်ထုတ်လိုက်၏။
“မင်းကလေ ခွေးကောင်၊ နောက်ထပ် လျှောက်သွားနေပြန်ပြီလား၊ မှောင်နေပြီဆိုရင် အိမ်ပြန်ရမယ်မှန်း မသိဘူးလား”
ထိုဝံပုလွေမလေး အခေါ်ခံရပြီးနောက်ပိုင်း ခွေးကြီးမှာ လုပ်စရာမရှိတိုင်း ရွာထဲတွင် လှည့်လည်သွားလာကာ ထိုဝံပုလွေမလေးပြန်အလာကို မျှော်လင့်စောင့်စားနေလေ့ရှိသည်။ လင်းယန်က ဤအကောင်ကို ဂရုစိုက်ရန်ပင် ပျင်းရိနေခဲ့ပြီဖြစ်၏။
သို့သော် ချန်ဟောက်ထျန်းတစ်ယောက် ခွေးကြီးကို ဝံပုလွေဟု အထင်မှားသွားလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ချေ။
ချန်ဟောက်ထျန်းက အော်ဟစ်ငြင်းဆန်လိုက်သည်။
“ဘယ်လိုလုပ် ဟတ်စကီ ဖြစ်ရမှာလဲ၊ စောစောက ဝံပုလွေပါဆို”
ဤအထင်လွဲမှုကြီးကြောင့် ဝမ်လင်းလင်းရော ရှောင်စီယွီပါ ဆွံ့အသွားကြရလေသည်။ အထူးသဖြင့် ဝမ်လင်းလင်းက မဆိုင်းမတွပင် ချက်ချင်း လှောင်ပြောင်လိုက်၏။
“ငါပြောမယ် ချန်ဟောက်ထျန်း၊ ဟတ်စကီလေးတစ်ကောင်ကိုတောင် ကြောက်ရလောက်အောင် နင့်ရဲ့ အသည်းက ဘယ်လောက်တောင် သေးငယ်နေရတာလဲ”
“ကြည့်စမ်းပါဦး ဒီဟတ်စကီလေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲလို့၊ ဘယ်နေရာကများ ဝံပုလွေနဲ့ တူနေလို့လဲ၊ နင်က ကြောက်တတ်လွန်းပြီး ညဘက် လမ်းမလျှောက်ရဲလို့ နင့်ဘာသာနင် စိတ်ကူးယဉ်ပြီး မြင်ယောင်နေတာ နေမှာပါ”
ဝမ်လင်းလင်းက အခွင့်ကောင်းယူကာ ခွေးကြီး၏ခေါင်းကို ပွတ်သပ်ပေးရင်း ကျေနပ်စွာ မျက်လုံးမှေးစင်းသွားလေ၏။
“တကယ် လိမ္မာတဲ့ခွေးလေးပဲ”
ခွေးကြီးကလည်း ဝမ်လင်းလင်း၏ လက်ဝါးကို လျှာဖြင့် တက်ကြွစွာ လျက်ကာ ပြန်လည်တုံ့ပြန်လိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ဟောက်ထျန်း၏ ကိုယ်ပိုင်ဂုဏ်သိက္ခာမှာ လုံးဝကို အက်ကွဲကြေမွသွားလေတော့သည်။
“စောစောက သူက ဝံပုလွေအူသံကြီး အော်လိုက်တယ်လေ”
ဝမ်လင်းလင်းက စိတ်မရှည်စွာဖြင့် လက်ယမ်းပြလိုက်၏။
“တော်ပါတော့ တော်ပါတော့၊ နင် ကြောက်တတ်တယ် ဆိုတာကိုပဲ ဝန်ခံလိုက်စမ်းပါ”
“ယောက်ျားတန်မဲ့ ဟတ်စကီလေးတစ်ကောင်ကို ကြောက်အီးထွက်မတတ် ဖြစ်နေရတယ်လို့၊ နင် အဲ့ဒါကို ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်က ပရိသတ်တွေကို ပြသင့်တယ်၊ ဒီလောက် ဟော့ဖြစ်မယ့် အကြောင်းအရာနဲ့ဆိုရင် နင်က မျိုးဆက်သစ် အင်တာနက်ဆယ်လီ သေချာပေါက် ဖြစ်လာမှာပဲ”
ဝမ်လင်းလင်း၏ ခနဲ့တဲ့တဲ့စကားများကြောင့် ချန်ဟောက်ထျန်း၏ မျက်နှာမှာ စိမ်းလိုက် ပြာလိုက် ဖြစ်သွားရလေသည်။ သူက သူ့ကိုယ်သူပင် စတင်သံသယ ဝင်လာမိ၏။
‘စောစောက ငါ တကယ်ပဲ ဟတ်စကီနဲ့ တွေ့ခဲ့တာများလား၊ ဒါဆိုရင် အဲဒီအူသံကြီးကို ဘယ်လို ရှင်းပြရမလဲ၊ ငါ တကယ်ပဲ တအားပင်ပန်းနေလို့ နားကြားမှားပြီး ထင်ယောင်ထင်မှားဖြစ်သွားတာများလား’
ထိုအချက်ကို တွေးမိသောအခါ ချန်ဟောက်ထျန်း၏ မျက်နှာမှာ ပို၍ပင် ကြည့်ရဆိုးလာလေသည်။ သူက လူပုံအလယ်တွင် သူ့ကိုယ်သူ အရူးတစ်ယောက်လိုဖြစ်အောင် လုပ်မိသွားပြီမဟုတ်လော။ ထိုအရာကလည်း သူသဘောကျနေသော မိန်းကလေး၏ရှေ့မှောက်တွင် ဖြစ်နေလေ၏။
ရန်အာဟူက သမ်းဝေလိုက်လေသည်။
“တခြားကိစ္စ ဘာမှမရှိတော့ဘူးဆိုရင် အားလုံးပဲ အိမ်ပြန်ပြီး မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ သွားအိပ်ကြတာပေါ့၊ မနက်ဖြန် ငါတို့ သစ်အယ်သီး သွားခူးရဦးမယ်လေ၊ ဒီနေ့ သေချာ ကောင်းကောင်းမအနားယူရင် မနက်ဖြန် သေချာပေါက် ခွန်အားရှိမှာ မဟုတ်ဘူး”
လူအားလုံး လူစုကွဲသွားပြီးနောက် ချန်ဟောက်ထျန်း တစ်ယောက်တည်းသာ ထိုနေရာတွင် ကျန်ရစ်ခဲ့ကာ မည်သို့မျှ အသုံးမဝင်သော ဒေါသများ ထွက်နေလေတော့သည်။
နောက်ဆုံးတွင်တော့ သူလည်း အဖွဲ့သားများ၏ အနောက်သို့ မကျေမချမ်းဖြင့် လိုက်ပါသွားရလေသည်။ သို့ရာတွင် ထိုညက သူ ကောင်းကောင်းအိပ်မပျော်ခဲ့ချေ။
သူ၏ အိပ်မက်များထဲတွင် ဆိုက်ဘေးရီးယား ကျားကြီးက ရုတ်တရက် ဒေါသတကြီးဖြင့် သူ့အား အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်ခြင်း သို့မဟုတ် ဟတ်စကီခွေးကြီးက ရုတ်တရက် ဝံပုလွေအဖြစ်ပြောင်းလဲသွားကာ သူ့အား ကိုက်ဖြတ်စားသောက်နေခြင်းများကိုသာ မက်နေခဲ့လေတော့သည်။