အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀)
ရှဉ့်လေးက ချန်ဟောက်ထျန်း၏ ခေါင်းထက် တစ်ထွာခန့်မြင့်သော သစ်ကိုင်းပေါ်တွင် ရပ်နေကာ ၎င်း၏ အမြီးလေးကို ထောင်ထားပြီး မျက်နှာပေါ်တွင် ဒေါသတကြီး အမူအရာဖြင့် အော်ဟစ်လိုက်လေသည်။
“ကျီ”
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက သစ်ကိုင်းပေါ်မှ ချန်ဟောက်ထျန်း၏ ပခုံးပေါ်သို့ လွှားခနဲ ခုန်ချလိုက်၏။ ဤရုတ်တရက် လှုပ်ရှားမှုကြောင့် ချန်ဟောက်ထျန်းမှာ လန့်ဖြတ်သွားရလေသည်။
သူက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
“ဒါက ဘာသောက်ကျိုးနည်း အကောင်ကြီးလဲ၊ ငါ့ကိုယ်ပေါ်ကနေ အခုချက်ချင်း ဆင်းစမ်း”
‘ရှဉ့်တွေက လူတွေကို အကြောက်ဆုံးမဟုတ်ဘူးလား၊ ဘယ်လိုလုပ် ငါ့အပေါ်ကို ခုန်တက်ရဲရတာလဲ’
ချန်ဟောက်ထျန်းက သူ၏ ပခုံးပေါ်ရှိ ရှဉ့်လေးကို လျင်မြန်စွာ ပုတ်ချလိုက်သော်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့်တိုင်အောင် ထိုရှဉ့်လေးက ထွက်မပြေးသွားချေ။ လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုအနည်းငယ်ဖြင့် သစ်ပင်ပေါ်သို့ ပြန်တက်သွားကာ သူ၏ လက်နှစ်ဖက်ဖြင့် သစ်အယ်သီးတစ်လုံးကို ဆုပ်ကိုင်ထားရင်း ချန်ဟောက်ထျန်းကိုသာ စူးစိုက်ကြည့်နေလေသည်။
ချန်ဟောက်ထျန်းက နှာခေါင်းရှုံ့ကာ မကျေမနပ်ရေရွတ်လိုက်၏။
“တကယ်ကံဆိုးတာပဲ၊ ငါ့အင်္ကျီကို ကုတ်သွားသေးတယ်၊ ဒီအင်္ကျီက ဘယ်လောက်တောင် ဈေးကြီးလဲဆိုတာ မင်းသိရဲ့လား”
သူက မထီမဲ့မြင်ဟန်ဖြင့် ဆက်ပြောလေသည်။
“တိရစ္ဆာန်ဆိုတာ တိရစ္ဆာန်ပါပဲ၊ ယဉ်ကျေးမှုမရှိတဲ့ အကောင်တွေ”
ကျိန်ဆဲစကား အနည်းငယ်ပြောဆိုပြီးနောက် ချန်ဟောက်ထျန်းက သစ်အယ်သီးများကို သူ့ခြင်းတောင်းထဲသို့ ဆက်လက်ကောက်ထည့်နေလေသည်။ ခြင်းတောင်းအမြန်ပြည့်သွားစေရန်နှင့် ဤစုတ်ပြတ်နေသော နေရာကြီးမှ အမြန်ဆုံးထွက်ခွာနိုင်ရန် သူက ရည်ရွယ်ထား၏။
သို့ရာတွင် ထိုရှဉ့်လေး၏ နှုတ်ခမ်းမှ စူးရှကျယ်လောင်သော အော်သံအချို့ ရုတ်တရက်ထွက်ပေါ်လာလေသည်။ မကြာမီမှာပင် ပတ်ဝန်းကျင်ရှိ သစ်ကိုင်းများက သိသိသာသာ တုန်ခါလှုပ်ရှားလာတော့သည်။
ချန်ဟောက်ထျန်းတစ်ယောက် တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိကာ ခေါင်းမော့ကြည့်လိုက်ချိန်တွင်မူ သူ၏ ပတ်ပတ်လည်၌ ရှဉ့်အုပ်ကြီးတစ်အုပ်က နေရာယူ ဝိုင်းရံထားပြီး ဖြစ်နေလေပြီ။ ဤမြင်ကွင်းကြောင့် ချန်ဟောက်ထျန်းမှာ ကြက်သီးများပင် ထသွားလေတော့သည်။
ဤကဲ့သို့သော သေးငယ်သည့် တိရစ္ဆာန်လေးများ တစ်ကောင်တည်း ရှိနေချိန်တွင် လူအများစုက သူတို့ကို အလွန်ချစ်စရာကောင်းသည်ဟု ထင်မှတ်တတ်ကြသည်။
သို့သော် သူတို့က အုပ်စုလိုက် ပေါ်လာကာ သင့်အား ပြည့်နှက်နေအောင် ဝိုင်းရံလာသောအခါတွင်မူ သတ္တိအရှိဆုံး လူပင်လျှင် ကြောက်ရွံ့တုန်လှုပ်သွားမည်မှာ အသေအချာပင်။
ချန်ဟောက်ထျန်းဆိုသည်မှာ အစကတည်းက သတ္တိရှိလှသူမျိုး မဟုတ်သည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
သူက ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
“သောက်ကျိုးနည်း၊ ဒီလောက်များတဲ့ ရှဉ့်တွေက ဘယ်ကနေရောက်လာရတာလဲ”
ထိုရှဉ့်များမှာ ရူးသွပ်သွားသည့်အလား ချန်ဟောက်ထျန်းဆီသို့ တဟုန်ထိုး ပြေးဝင်လာကြလေတော့သည်။ အခြားသော ရှဉ့်များစွာကလည်း အမြင့်ပိုင်းတွင် နေရာယူကာ ထင်းရှူးသီးများနှင့် သစ်အယ်သီးများကို ချန်ဟောက်ထျန်းထံသို့ အဆက်မပြတ် ပစ်ပေါက်နေကြ၏။
သူက နာကျင်စွာဖြင့် အော်ဟစ်အကူအညီတောင်းလေသည်။
“အား၊ မပစ်ကြပါနဲ့တော့၊ မပစ်ကြပါနဲ့တော့၊ ရှိကြီးခိုးပါတယ်၊ မင်းတို့ ဘာလိုချင်လို့လဲ၊ ငါ့ကို ဘာလို့ အကြောင်းမဲ့သက်သက် လာတိုက်ခိုက်နေရတာလဲ”
ဤတိုက်ခိုက်မှုများကို သူ လုံးဝ ရှောင်တိမ်းနိုင်စွမ်းမရှိခဲ့ချေ။ အထူးသဖြင့် သူ၏ ကိုယ်ပေါ်တွင် ရှဉ့်လေး လေးငါးကောင်ခန့်က တွယ်ကပ်နေပြီး သူ့မျက်နှာကို ကုတ်ခြစ်ကာ ဆံပင်များကို အပြင်းအထန် ဆွဲပေါက်နေကြသောကြောင့်ပင်။
ထိုအခိုက်အတန့်တွင် ပြင်းထန်လှသော နာကျင်မှုကြောင့် ချန်ဟောက်ထျန်းမှာ သေချင်စိတ်ပင် ပေါက်လာရလေသည်။
သူက အသနားခံလိုက်၏။
“ငါတောင်းပန်ပါတယ်၊ လွှတ်ကြပါတော့”
အကယ်၍ သူတို့သာ အမြန်မလွှတ်ပေးပါက သူ့မျက်နှာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့ပေမည်။ မူလက တိတ်ဆိတ်ငြိမ်သက်နေသော သစ်တောကြီးမှာ ယခုအခါ ချန်ဟောက်ထျန်း၏ စူးရှသော အော်ဟစ်သံများဖြင့် ပြည့်နှက်နေလေပြီ။
လင်းယန်က ဤမြင်ကွင်းကို မြင်သောအခါ မသိစိတ်မှနေ၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်မိသည်။ သို့သော် ဝမ်လင်းလင်းက သူ့အား နောက်သို့ ပြန်ဆွဲထားလိုက်လေ၏။
“စက္ကန့်သုံးဆယ်လောက် စောင့်ပြီးမှ သွားရအောင်၊ ဒီကောင်က သခင်လေးချန်အဖြစ် နေသားကျနေတော့ တခြားလူတွေအပေါ် ကိုယ်ချင်းစာတရားဆိုတာ နည်းနည်းလေးမှ မရှိဘူး၊ ရှဉ့်လေးတွေရဲ့ ဆောင်းတွင်းစာ သိုလှောင်ထားတာကိုတောင် ခိုးချင်နေသေးတယ်ပေါ့၊ ဒါက သူ့ကို ပညာပေးဖို့ အခွင့်အရေးကောင်းပဲ၊ နေ့တိုင်း ဒီလောက် မာနထောင်လွှားနေရဲသေးလားဆိုတာ ကြည့်ရသေးတာပေါ့”
သူမက ဆက်ပြော၏။
“စိတ်မပူပါနဲ့၊ ရှဉ့်လေးတွေက သိပ်ပြီး တိုက်ခိုက်နိုင်စွမ်းမရှိပါဘူး၊ အလွန်ဆုံးဖြစ်လှ သူ့အသားအရေနည်းနည်း ပွန်းပဲ့သွားရုံလောက်ပါပဲ၊ စက္ကန့်သုံးဆယ်လောက်နေမှ ငါတို့ သွားကြတာပေါ့”
ဝမ်လင်းလင်းက ထိုသို့ပြောလာပြီဖြစ်ရာ လင်းယန်ကလည်း ဘာမျှဆက်မပြောတော့ချေ။ ဤသခင်လေးချန်မှာ အနည်းငယ်မျှ နာကျင်ခံစားရရန် ထိုက်တန်သူပင် ဖြစ်လေသည်။
ချန်ဟောက်ထျန်းမှာ ရှဉ့်လေးများ၏ ပစ်ပေါက်မှုကို ခံရရင်း ငိုယိုအော်ဟစ်နေလေသည်။
“ကယ်ကြပါဦး၊ တစ်ယောက်ယောက် ငါ့ကို လာကယ်ကြပါဦး”
အော်ဟစ်လွန်းသဖြင့် သူ့လည်ချောင်းများပင် ကွဲထွက်တော့မည်ဟု သူ ခံစားနေရ၏။
‘ဒီလူတွေက ဘာလို့ သူ့အသံကို မကြားကြသေးတာလဲ၊ သူတို့က သူ့ကို တမင်သက်သက် လာမကယ်ဘဲ နေနေကြတာများလား’
ထိုအခိုက်အတန့်တွင် သူ့ခေါင်းပေါ်၌ ရှဉ့်လေးများစွာ တွယ်ကပ်နေသဖြင့် သူ၏ဦးနှောက်မှာပင် အနည်းငယ် ဝေဝါးထိုင်းမှိုင်းနေလေပြီ။
ရှဉ့်လေးများ၏ ထင်းရှူးသီးများဖြင့် ပစ်ပေါက်ခြင်းကို ခံစားရင်း သူက ကိုယ်ကို မနည်းထိန်းမတ်နေရသည်။
‘ဘာကြောင့် ဒီလိုတွေ ဖြစ်လာရတာလဲ’
ချန်ဟောက်ထျန်းက သူ့ဦးနှောက်ကို အစွမ်းကုန် ညှစ်ထုတ်စဉ်းစားသော်လည်း အဖြေကို လုံးဝ ရှာမတွေ့နိုင်ခဲ့ချေ။
လင်းယန်က အချိန်ကို သေချာစောင့်ကြည့်နေခဲ့ပြီး သတ်မှတ်ထားသော အချိန်ရောက်လာသည်ကို မြင်သောအခါ ရှဉ့်များ၏ လှုပ်ရှားမှုကို တားဆီးရန် ချက်ချင်း ရှေ့သို့တက်သွားလိုက်လေသည်။
“ရပ်လိုက်ကြတော့”
တိရစ္ဆာန်များ၏ အနံ့ခံအာရုံမှာ အလွန်တရာထက်ရှလှပြီး အထူးသဖြင့် ဤရှဉ့်လေးများ၏ အနံ့ခံအာရုံက ပို၍ပင် စူးရှလှပေသည်။
လင်းယန်၏ ကိုယ်ပေါ်မှ သားရဲဘုရင်ကြီးများ၏ ရနံ့ကို ရှူရှိုက်မိလိုက်ကြသည်နှင့် သူတို့အားလုံးက သစ်ပင်များပေါ်သို့ ချက်ချင်းဆုတ်ခွာသွားကြပြီး ရုတ်တရက်ရောက်ရှိလာသော ဤသူစိမ်းများကို သတိထားကာ အကဲခတ်နေကြလေ၏။
ထိုအခိုက်အတန့်တွင် ချန်ဟောက်ထျန်း၏ မျက်နှာပေါ်၌ သွေးစို့နေသော ကုတ်ခြစ်ရာများ နေရာယူသွားခဲ့ပြီး နာကျင်မှုကြောင့် သူ၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေလေသည်။
သူ၏ ခန္ဓာပေါ်တွင်လည်း အညိုအမည်း စွဲနေသော ဒဏ်ရာများက ဟိုတစ်ကွက် ဒီတစ်ကွက် ပြည့်နှက်နေ၏။
သူသည် ထိုရှဉ့်လေးများ၏ အပြင်းအထန်တိုက်ခိုက်ခြင်းကို ခံလိုက်ရကြောင်း ရှင်းလင်းသိသာနေပေသည်။
သူက ဒေါသတကြီးဖြင့် အပြစ်တင်လိုက်၏။
“မင်းတို့က ဘာလို့ အခုမှ လာရတာလဲ၊ မင်းတို့သာ နည်းနည်းလေး ထပ်နောက်ကျရင် ငါ ဒီတိရစ္ဆာန်ရိုင်းတွေရဲ့ လက်ချက်နဲ့ သေသွားလောက်ပြီ”
ဝမ်လင်းလင်းက သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်လေသည်
“နင် စကားကို နည်းနည်းလောက် ရှင်းရှင်းလင်းလင်းပြောလို့ မရဘူးလား၊ အချိန်တိုင်း တိရစ္ဆာန်ရိုင်းတွေလို့ပဲ ခေါ်နေတော့တာပဲ၊ နင့်မှာ သဘာဝတရားကို ရိုသေလေးစားရမယ်ဆိုတဲ့စိတ် နည်းနည်းလေးမှ မရှိဘူးလား”
သူမက ဆက်လက်၍ မာန်မဲလိုက်၏။
“ဒီကိစ္စမှာ နင်က အရင်ဆုံးမှားခဲ့တာလေ၊ နင်သာ သူတို့ပစ္စည်းတွေကို မခိုးခဲ့ရင် ရှဉ့်လေးတွေက နင့်ကို ဒဏ်ပေးပါ့မလား”
သူသဘောကျနေသော မိန်းကလေး၏ ဤကဲ့သို့ စွပ်စွဲပြစ်တင်ခြင်းကို ခံလိုက်ရသောကြောင့် ချန်ဟောက်ထျန်းက မသိစိတ်မှနေ၍ လည်ပင်းကို ဆန့်ကာ ငြင်းဆန်လိုက်လေသည်။
“ငါက ဘာကိုခိုးလို့လဲ”
နောက်တစ်စက္ကန့်တွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား သူက ခေါင်းငုံ့ကာ သူ့ခြေရင်းရှိ ခြင်းတောင်းကို ကြည့်လိုက်၏။ သူက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
“နင်ပြောချင်တာက ဒီသစ်အယ်သီးတွေက အဲ့ဒီရှဉ့်အုပ်ကြီးပိုင်တာလို့ ဆိုလိုချင်တာလား”
ရှောင်စီယွီ၏ သွယ်လျသော မျက်ခုံးများက အနည်းငယ်တွန့်ကွေးသွားလေသည်။
“အပြင်ဘက်မှာ သစ်အယ်သီး အများကြီးကို တပြုံတခေါင်းကြီး တွေ့လိုက်ရတဲ့အချိန်၊ ပြီးတော့ အဲ့ဒါတွေက သစ်ပင်အခေါင်းပေါက်တွေထဲမှာ သေချာဖွက်ထားတယ်ဆိုတာကို မြင်လိုက်ရတဲ့အချိန်မှာ နင့်မှာ သံသယ နည်းနည်းလေးမှ မဝင်ခဲ့ဘူးလား”
ချန်ဟောက်ထျန်း၏မျက်နှာပေါ်တွင် အပြစ်ရှိသကဲ့သို့ ခံစားနေရသော အရိပ်အယောင်လေးများ ပေါ်လာ၏။ သူက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
“ငါက ဘယ်လိုလုပ်သိမှာလဲ”
သူ သေချာပေါက် သံသယဝင်ခဲ့မိသည်။
သို့သော် သူက မသိစိတ်မှနေ၍ ထိုအချက်ကို လျစ်လျူရှုရန်သာ ရွေးချယ်ခဲ့ခြင်းဖြစ်လေ၏။
ဝမ်လင်းလင်းမှာ အလွန်အမင်း ဒေါသထွက်နေပြီး ဘေးတွင်လက်ပိုက်ကာ ရပ်နေရင်း သူ့အား နောက်ထပ်စကားတစ်ခွန်းမျှပင် မပြောချင်တော့သည့်ပုံ ပေါက်နေလေသည်။
ရန်အာဟူက ချန်ဟောက်ထျန်း၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါ အားရပါးရ လှောင်ပြောင်လိုက်လေသည်။
“မင်းက ဖြတ်လမ်းကနေ သွားချင်ခဲ့တာကိုး၊ ဒါက ဖြတ်လမ်းကနေ သွားတဲ့အတွက် ပေးဆပ်ရတဲ့တန်ဖိုးပဲ”
လင်းယန်၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော အမူအရာများ ပေါ်လွင်နေ၏။ သူက ညွှန်ကြားလိုက်သည်။
“သူတို့ရဲ့ သစ်အယ်သီးတွေကို အမြန်ပြန်ပေးလိုက်တော့၊ မင်း ယူလာခဲ့တဲ့နေရာတွေမှာ အကုန်ပြန်ထားလိုက်၊ မဟုတ်ရင် ဒီရှဉ့်လေးတွေက မင်းနောက်ကို ဆက်တိုက်လိုက်နေလိမ့်မယ်”
သူက ဆက်လက်၍ ရှင်းပြလေသည်။
“ဒါတွေက သူတို့ ဆောင်းတွင်းအတွက် သိုလှောင်ထားတဲ့ အစားအစာတွေလေ၊ မင်းက ဒါတွေကို ယူသွားတယ်ဆိုတာ သူတို့ရဲ့အသက်ကို ယူသွားတာနဲ့ အတူတူပဲ၊ သူတို့က လွယ်လွယ်နဲ့ အရှုံးပေးမှာမဟုတ်ဘူး”
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ဟောက်ထျန်းမှာ မျက်နှာရှုံ့မဲ့စွာဖြင့် သစ်အယ်သီးများကို သူယူခဲ့သော နေရာများသို့ ပြန်လည်ထားရှိပေးလိုက်ရလေသည်။ သူ့ခြင်းတောင်းထဲတွင် သစ်အယ်သီးဆယ်လုံးကျော်ခန့်သာ ကျန်ရှိတော့၏။
သူက မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
“မင်းတို့က ဘာကြည့်နေတာလဲ၊ ဒီသစ်အယ်သီးတွေကို ငါကိုယ်တိုင် ခူးခဲ့တာလေ၊ ဒါတွေကို ငါ ယူထားလို့မရဘူးလား”
ရန်အာဟူမှာ ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်သွားရလေသည်။
“မင်းကလေ၊ တစ်နာရီနီးပါးလောက် အချိန်ကုန်ခံပြီး လုပ်နေခဲ့တာကို ဒီလောက်လေးပဲ ခူးနိုင်တာလား”
ချန်ဟောက်ထျန်းက ဘာမျှပြန်မပြောတော့ချေ။ သူ့စိတ်ထဲတွင် အသင့်ရနိုင်သော သစ်အယ်သီးများအတွက် သစ်ပင်အခေါင်းပေါက်များကို မည်သို့ ရှာဖွေရမည်ကိုသာ အာရုံစိုက်နေခဲ့ခြင်းဖြစ်သည်။
မြေပြင်ပေါ်ရှိ သစ်အယ်သီးများကိုမူ သူ မြင်တွေ့ခဲ့လျှင်ပင် ကောက်ယူလိုစိတ် လုံးဝ မရှိခဲ့ချေ။
သူ့အတွက်တော့ မြေပြင်ပေါ်မှ သစ်အယ်သီးများကို ကောက်ယူရခြင်းက အသင့်စားရခြင်းလောက် မမြန်ဆန်ဘူးမဟုတ်လော။
လင်းယန်က အသာအယာပြုံးလိုက်ပြီး ရှောင်စီယွီနှင့် ဝမ်လင်းလင်းတို့၏ သစ်အယ်သီးများကို တစ်ချက်ကြည့်ကာ သူတို့နှစ်ဦး၏ခြင်းတောင်းများကို လက်ဖြင့် မ,ကြည့်၍ အလေးချိန်ကို ခန့်မှန်းလိုက်လေသည်။
သူက ဆုံးဖြတ်ချက်ကို ကြေညာလိုက်၏။
“ဒီတစ်ခေါက်တော့ စီယွီရဲ့ ခြင်းတောင်းက နည်းနည်းပိုလေးနေတယ်၊ ဒါကြောင့် ဒီပြိုင်ပွဲရဲ့ ပထမနေရာကို စီယွီကပဲ ရရှိသွားပါတယ်”
သူက ခနဲ့တဲ့တဲ့အပြုံးဖြင့် ဆက်ပြောလေသည်။
“ဘယ်သူက နောက်ဆုံးနေရာလဲ ဆိုတာကိုတော့ ကျွန်တော် သီးသန့်ပြောပြနေစရာ မလိုတော့ဘူးထင်တယ်”
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ဟောက်ထျန်း၏ မျက်နှာမှာ ပို၍ပင် အေးစက်ခက်ထန်သွားပြီး မြည်းတစ်ကောင်၏ မျက်နှာလို ရှည်ထွက်သွားလေတော့သည်။
ရန်အာဟူမှာ ရယ်မောခြင်းကို လုံးဝ မရပ်တန့်နိုင်တော့ချေ။ သူက လှောင်ပြောင်လိုက်သည်။
“သခင်လေးချန်၊ နောက်ဆုံးရတဲ့သူက ဘာလုပ်ရမယ်ဆိုတာ မင်း မှတ်မိသေးတယ် မဟုတ်လား၊ ငါတို့ အိမ်ပြန်ရောက်ရင် ထမင်းချက်ဖို့ မီးမွှေးရမယ်ဆိုတာကို သတိရနော်၊ တကယ်လို့ မင်း ဘယ်လိုလုပ်ရမလဲဆိုတာ မသိရင် ငါ့ကိုလာမေးလို့ရတယ်၊ ငါ စိတ်အခြေအနေ ကောင်းနေရင် မင်းကို သင်ပေးချင် သင်ပေးမှာပါ”
ချန်ဟောက်ထျန်းက ရန်အာဟူကို ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။
“ဒါက ထမင်းချက်ဖို့ မီးမွှေးရုံလေးပဲဟာကို၊ ဘာများ ခက်ခဲနေလို့လဲ”
ရန်အာဟူ၏ မျက်နှာပေါ်တွင် မျှော်လင့်စောင့်စားနေသော အမူအရာများ ပေါ်လွင်နေ၏။
ချန်ဟောက်ထျန်း၏ ကြောက်ရွံ့မှု ကင်းမဲ့နေသော ပုံစံကို မြင်သောအခါ အင်တာနက်အသုံးပြုသူများ အားလုံးက ဤကောင်လေးမှာ အလွန်အမင်း ရိုးအလွန်းနေသည်ဟု ခံစားလိုက်ကြရလေသည်။
မှတ်ချက်များက စက်ခရင်ပေါ်တွင် ပွက်လောညံသွား၏။
“ကျေးလက်အပန်းဖြေစခန်းမှာ သုံးတာက ထင်းစိုက်ရတဲ့ မီးဖိုတွေဆိုတာကို သူ မသိဘူးလား”
“ဒီသခင်လေးချန်ကို ကြည့်ရတာ မီးဖိုချောင်ထဲကိုတောင် တစ်ခါမှ ဝင်ဖူးတဲ့ပုံမပေါ်ဘူး၊ သူက ထင်းနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ကွာခြားချက်ကို ဘယ်လိုလုပ်သိနိုင်မှာလဲ”
“အိုး၊ သူက လက်တစ်ချောင်းတောင်မလှုပ်တဲ့ သခင်လေးချန်ဆိုတာကို ငါ မေ့နေခဲ့တာပဲ၊ နောက်ပိုင်း သူ အလုပ်လုပ်ရမယ့်အချိန်ကျရင် သူ လိမ်ဖို့ကြိုးစားမှာတော့ မဟုတ်ပါဘူးနော်”
“သူ့ကို ထမင်းချက်ဖို့ မီးမွှေးခိုင်းတာက တကယ်ကိုခက်ခဲတဲ့ကိစ္စတစ်ခုလို့ ငါထင်တယ်”
“ဆယ်ယွမ်ကြေး လောင်းရဲတယ်၊ ဒီသခင်လေးချန် သေချာပေါက် မီးမွှေးနိုင်မှာမဟုတ်ဘူး”
“လောင်းကစားလုပ်တာကို အားမပေးဘူးနော် ကြားလား၊ ငါက ယွမ်နှစ်ဆယ် လောင်းမယ်”
လင်းယန်က ပျော်ရွှင်စွာဖြင့် ပြောလိုက်လေသည်။
“ဒီနေ့ အားလုံးပဲ သစ်အယ်သီးတွေကို အပြည့်အဝ ရိတ်သိမ်းခူးဆွတ်နိုင်ခဲ့ပြီ ဆိုတော့ အခု အိမ်ပြန်ပြီး ထမင်းချက်ကြတာပေါ့”
လင်းယန် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် သူ့အနောက်မှ လှုပ်ရှားအသံများကို ကြားလိုက်ရလေသည်
သူက နောက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုရှဉ့်လေးများက သူတို့၏အနောက်သို့ လိုက်လာခဲ့ကြခြင်း ဖြစ်ကြောင်း တွေ့လိုက်ရ၏။
‘သူတို့လေးတွေက ငါ့ရဲ့ ခြင်းတောင်းထဲကို သစ်အယ်သီးတွေ လာထည့်ပေးနေတာလား’
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယန်မှာ မနေနိုင်တော့ဘဲ ရယ်မောလိုက်မိလေသည်။
“မင်းတို့လေးတွေ ဒီလိုလုပ်စရာ မလိုပါဘူးကွာ”
ရှဉ့်လေးများက တကျီကျီ အော်ဟစ်နေကြ၏။
“ကျီ၊ ကျီ၊ ကျီ”
ဤရှဉ့်အုပ်လေးများက သူ့အား သူတို့၏ ကိုယ်ပိုင်နည်းလမ်းလေးဖြင့် ကျေးဇူးတင်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်ကို သူ ကောင်းစွာ သိရှိနားလည်လိုက်လေသည်။
ထိုရှဉ့်လေးများက ခြင်းတောင်းထဲသို့ သစ်အယ်သီး အလုံးအနည်းငယ်စီကို ပစ်ထည့်ပေးနေကြ၏။
မကြာမီမှာပင် လင်းယန်၏ ခြင်းတောင်းထဲတွင် သစ်အယ်သီးများ တစ်ဝက်ကျော်ခန့်ပင် ပြည့်သွားလေတော့သည်။
ဤအခြေအနေကြောင့် သူ့ရင်ထဲတွင် ကူကယ်ရာမဲ့ဖြစ်သွားပြီး ကြည်နူးရယ်မောချင်စိတ်များလည်း ဖြစ်ပေါ်လာရလေသည်။
ဤရှဉ့်လေးများ၏ ဖြူစင်လှသော စေတနာကို တကယ်ပင် ငြင်းဆန်ရန် ခက်ခဲလှပေ၏။
သူက ကျေးဇူးတင်စကား ဆိုလိုက်၏။
“ဒါဆိုရင်လည်း အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ကွာ”
လင်းယန်က ပြုံးရွှင်စွာဖြင့် သူတို့လေးများအား လက်ပြနှုတ်ဆက်လိုက်လေသည်။
ရှောင်စီယွီနှင့် အခြားသူများမှာမူ သူတို့ရှေ့မှောက်ရှိ အံ့ဩဖွယ်မြင်ကွင်းကြောင့် အလွန်အမင်း တုန်လှုပ်အံ့အားသင့်နေကြလေပြီ။