အခန်း ၁၀၃
Vol. 10 Ch. 103
အခန်း (၁၀၃) - ရက်စက်သူတစ်ယောက်
နှင့် အသိဟောင်းတစ်ယောက်
ဝမ်ထောင်သည် ရှဲ့ရှားကို ထိန်းချုပ်ထားရန်နှင့်နောက်ထပ် အော်ဟစ်ခြင်း မပြုလုပ်စေရန် ကောဟွာကို သတိပေးလိုခြင်းဖြစ်သည်။
သို့သော် ကောဟွာက တိုက်ရိုက်သွား၍ သူမကို သတ်ပစ်လိုက်၏။
အခြား အသက်ရှင်ကျန်ရစ်သူများမှာ ကြောက်လန့်တုန်လှုပ်စွာဖြင့် ပါးစပ်ကို ပိတ်ထားကြပြီး စကားမပြောရဲကြပေ။ အချို့မှာ ကြောက်လန့်လွန်းသဖြင့် ဆီးပင်ပေါက်သွားကြသည်။ သူတို့သည် အသက်ရှင်ကျန်ရစ်သူများ အခြေစိုက်စခန်းမှာ မည်သို့ရှိသည်ကို မျှော်လင့်ထားခဲ့ကြသော်လည်း ထိုနေရာသို့ မရောက်မီမှာပင် သူတို့ထဲမှလူနှစ်ယောက် လျော့နည်းသွားမည်ဟု မည်သူမျှ မထင်မှတ်ထားကြပေ။ ထိုမျှသာမက ကောဟွာကိုယ်တိုင် သတ်ပစ်လိုက်ခြင်း ဖြစ်၏။
ဟန်ရွှေက စနိုက်ပါဒူးလေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ ဝမ်ထောင်သာ အမိန့်မပေးပါက သူမသည် ကောဟွာကို ချိန်ရွယ်ထားပြီးသားဖြစ်ပေတော့မည်။
သွေးစွန်းနေသော မြင်ကွင်းကို ကြည့်၍ ဝမ်ထောင်က မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာမျှတော့ မပြောခဲ့ပေ။ အကယ်၍ အဘွားအိုမှာ အော်ဟစ်နေသူဖြစ်ပါက သူမ သေသင့်သည်မှာ မှန်သည်။ သို့သော် ကောဟွာက အတွင်းသို့ ဝင်သွားပြီး အခြားသူတစ်ယောက်ကိုပါ သတ်လိုက်ခြင်းမှာ ဝမ်ထောင်အတွက် တစ်မျိုးကြီး ခံစားရစေသည်။
"အတွင်းမှာ ဘယ်သူရှိလဲ"
"ရှဲ့ရှားရဲ့မြေး"
ကောဟွာက လည်ပင်းလှီးခံထားရသော အဘွားအိုကို လက်ညှိုးထိုးပြသည်။
"သူ့မြေးသာ အသက်ရှင်နေရင် သူက ကျွန်တော်ကို သေချာပေါက်လက်စားချေလိမ့်မယ်။ သူ့ကို အရှင်မထားနိုင်ဘူး"
"မင်းမှာ လူသတ်လိုစိတ် အရမ်းများနေတယ်။ ငါတို့ အခြေစိုက်စခန်းက မင်းလိုလူမျိုးကို မကြိုက်ဘူး"
ဝမ်ထောင်က ခေါင်းခါလိုက်သည်။
အကယ်၍ ကောဟွာက သူ မရောက်မီက ထိုလူများကို သတ်ခဲ့လျှင် ဝမ်ထောင်သည် ဘာမျှ မမြင်သကဲ့သို့ ပြုမူနေလိမ့်မည်။ ရွှေကျဲအခြေစိုက်စခန်းတွင် အခြေချသော အသက်ရှင်ကျန်ရစ်သူများမှာ တစ်စုံတစ်ယောက်က ဖော်ထုတ်ခြင်း မရှိလျှင် သူတို့၏ အတိတ်အကြောင်းကို ထုတ်ဖော်ခြင်းမရှိပါ။ ထို့ကြောင့် ဝမ်ထောင် မျက်စိမှိတ်ပေးနိုင်၏။
သို့သော် ယခုတွင် ကောဟွာက အသက်ရှင်ကျန်ရစ်သူ နှစ်ယောက်ကို သူ၏မျက်စိရှေ့တွင် သတ်ပစ်လိုက်သည်။ အဘွားအိုကို သတ်ခြင်းမှာ တစ်ပိုင်း၊ အပြစ်မဲ့သူတစ်ယောက်ကို သတ်ခြင်းမှာ... အမြဲတမ်း တရားမျှတမှုကို အလေးပေးရသော ကော်မတီဝင်တစ်ဦးဖြစ်သည့် သူ့အတွက်တော့ အခက်တွေ့စရာပင်။
ဝမ်ထောင်၏ စကားကို ကြားသောအခါ ကောဟွာက သွေးစွန်းနေသော ဓားမြောင်ကို ချက်ချင်း ပစ်ချလိုက်သည်။ ထို့နောက် ဝမ်ထောင်ရှေ့တွင် တစ်ဒူးထောက်ကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"အစ်ကိုကြီး.. ကျွန်တော် ပြောခဲ့ဖူးပါတယ်၊ အစ်ကိုသာ ကျွန်တော့်ကို ကယ်ပေးနိုင်ရင် တစ်သက်လုံး အစ်ကို့အတွက် နွားလို၊ မြင်းလို အလုပ်လုပ်ပေးပါ့မယ်၊ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ၊ ကျွန်တော် ကောဟွာက ဒီအတိုင်းပဲ လိုက်နာမှာပါ ၊ အခြေစိုက်စခန်းက ကျွန်တော့်ကို လက်ခံတာ၊ မခံတာ အရေးမကြီးပါဘူး၊ ကျွန်တော် အစ်ကို့နောက်ကိုပဲ လိုက်ချင်တာပါ"
"..."
စိတ်ရင်းမှန်ဖြင့် ပြောနေသော ကောဟွာကို ကြည့်၍ ဝမ်ထောင် ရုတ်တရက် သဘောပေါက်သွားသည်။
ကောဟွာက ထိုလူများကို သူ့မျက်စိရှေ့တွင် ရည်ရွယ်ချက်ရှိရှိ သတ်လိုက်ခြင်းပင်။
ဒါက သစ္စာခံယူပွဲတစ်ခုပဲ။
ရှဲ့ရှားက ဝမ်ထောင်ကို ဒုက္ခပေးခဲ့သည်ကို ကောဟွာ သိသည်။ ဝမ်ထောင်အတွက် ရှဲ့ရှားမှာ ရန်သူဖြစ်နေ၏။ ထို့ကြောင့် သူက ဝမ်ထောင်၏ လက်မညစ်ပေစေရန် ဝမ်ထောင်၏ရန်သူကို သွားသတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သစ္စာခံယူမှုကိုပြလိုက်ခြင်း ဖြစ်သည်။အတော်လေး သဘာဝကျလှသည်။
ထို့အပြင် သူသည် ဝမ်ထောင်၏ နောက်ကွယ်တွင် သတ်ခြင်းမဟုတ်ဘဲ လူအများရှေ့နှင့် ဝမ်ထောင်၏ မျက်စိရှေ့တွင် လုပ်ဆောင်လိုက်ခြင်းဖြစ်ရာ သူသည် လူသတ်သမားဟူသော အမှတ်အသားကို ထာဝရ သယ်ဆောင်သွားရတော့မည်။
ငြိမ်းချမ်းသော အချိန်တွင် ဤအချက်မှာ သူ့အတွက် သေစေနိုင်သည့် အားနည်းချက် ဖြစ်လာနိုင်သည်။
ယခုအချိန်မှာ ကပ်ဘေးကာလဖြစ်ပြီး ဥပဒေများ မရှိသော်လည်း မိမိတို့၏ အဖော်များကို သတ်ဖြတ်သူ၏ နာမည်ပျက်မှာ မနှစ်မြို့ဖွယ်ပင်။ အခြားသူ၏ နေရာတွင် ဝင်တွေးကြည့်လျှင် ထိုကဲ့သို့သောသူနှင့် မည်သူက အတူနေချင်မည် မဟုတ်ပါ။
ထို့ကြောင့် သူသည် လူတိုင်း၏ ခွဲခြားဆက်ဆံခြင်းကို အသေအချာ ခံရလိမ့်မည်။ ကောဟွာအတွက် ဤအချက်မှာ အလွန်ပင် အန္တရာယ်ကြီးလှသည်။
သူသည် ကပ်ဘေးကာလတွင် တစ်ယောက်တည်း ကျင်လည်နေရန် စွမ်းရည် မရှိပေ။ထို့ကြောင့် ထိုလူနှစ်ယောက်ကို သတ်ပြီးနောက် ကောဟွာ၌ လမ်းတစ်ခုသာ ကျန်ရှိတော့သည်။ဝမ်ထောင်၏ နောက်သို့ လိုက်ခြင်းပင်။
ကောဟွာက အတော်လေး ရက်စက်တာပဲ။
သူသည် အခြားသူများအပေါ်သာမက မိမိကိုယ်ကိုလည်း ရက်စက်လှသည်။သူသည် နောက်ဆုတ်မည့် လမ်းကို တိုက်ရိုက် ဖြတ်တောက်လိုက်ခြင်းပင်။
အကယ်၍ ဝမ်ထောင်က သူ့ကို သဘောမကျလျှင် အခြေစိုက်စခန်းသို့ ခေါ်သွားလျှင်ပင် သူသည် အထီးကျန်သွားလိမ့်မည်။ လူသတ်မှုမှာ လျှို့ဝှက်ထား၍ မရသောကြောင့်ပင်။ အကယ်၍ အတူရှိနေသော အသက်ရှင်ကျန်ရစ်သူအားလုံးကို သတ်ပစ်လိုက်မည်ဆိုလျှင်တော့ တစ်မျိုးဖြစ်၏၊ သို့သော် ဝမ်ထောင်က သူ့ကို သဘောကျလျှင်တော့ သူသည် ဝမ်ထောင်၏ ခြေထောက်ကို တင်းကျပ်စွာ ဖက်တွယ်ထားနိုင်မည်။ အခြားသူများ သူ့ကို သဘောကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ အရေးမကြီးတော့ပေ။
ထို့ကြောင့် ကောဟွာက ရွေးချယ်ခွင့် အာဏာကို ဝမ်ထောင်၏ လက်ထဲသို့ ထည့်ပေးလိုက်ခြင်းပင်... မျက်လုံးကိုပင် သေချာ မမြင်ရသော လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် လူသန်ကြီးကို ကြည့်၍ ကောဟွာလည်း အလွန် တုန်လှုပ်နေသည်။
သူ၏ သစ္စာခံယူမှု၏ ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းသည်။ သူ ဝမ်ထောင်၏ နောက်သို့ လိုက်လိုခြင်းပင်။
မနေ့က ဝမ်ထောင်နှင့် ဟန်ရွှေကို စတွေ့ချိန်ကတည်းက သူ ဝမ်ထောင်နှင့် သူငယ်ချင်း ဖြစ်ချင်သော အကြံ ရှိခဲ့သည်။
ကံမကောင်းစွာဖြင့် ထိုအရာအားလုံးမှာ အဘွားအို ရှဲ့ရှားကြောင့် ပျက်စီးသွားသည်။ ကောဟွာ ထိုအချိန်က အလွန် ဒေါသထွက်ခဲ့သော်လည်း ဘာမျှ မလုပ်နိုင်ဘဲ တိတ်
တဆိတ်နေရန်ကိုသာ ရွေးချယ်နိုင်ခဲ့သည်။ သူက ကောင်းကင်ဘုံက သူ့ကို သေစေချင်တာပဲဟု ထင်ခဲ့၏။
သို့သော် ယနေ့တွင် ဝမ်ထောင်နှင့် အခြားသူတို့ မသေဘဲ ကောင်းကောင်းမွန်မွန် နေနေသည်ကို မြင်ရသောအခါ သူ့အချိန် မကုန်သေးကြောင်း သူ နားလည်လိုက်သည်။
အထူးသဖြင့် ဝမ်ထောင်က သူ့ကို ကယ်တင်လိုသော ရည်ရွယ်ချက် ရှိသော်လည်း အဘွားအို ရှဲ့ရှားကို သိသိသာသာ မုန်းတီးနေသည်ကို တွေ့သောအခါ ကောဟွာမှာ အခွင့်အရေး ရောက်လာပြီဟု သိလိုက်သည်။
သူသည် ကယ်တင်ခံရရုံတင်မကဘဲ သန်မာသူ၏နောက်သို့ လိုက်လိုခြင်းပင်။
သူသည် ထိုအရူးအုပ်စုကို တကယ်ပင် ငြီးငွေ့နေပြီဖြစ်၏။
သူတို့သာ ကြောက်လန့်မနေဘဲ တူကိုင်ဇွန်ဘီ မရောက်မီ အစောကြီးကတည်းက ထွက်သွားရန်ပြောခဲ့သော သူ၏ အကြံဉာဏ်ကို နားထောင်ခဲ့ကြပါက သူတို့ ထွက်သွားနိုင်ကြလိမ့်မည်။ ဗီလာဧရိယာထဲမှာပင် နေရာရွှေ့လိုက်ဦးတော့ ဤနေရာတွင် ပိတ်မိနေလိမ့်မည် မဟုတ်ပေ။
ကောဟွာအနေဖြင့် အမှန်တကယ် ကယ်တင်ခံရနိုင်လျှင်ပင် ထိုကဲ့သို့သော အရူးများနှင့် အိမ်နီးချင်း မဖြစ်ချင်တော့ပေ။ အကြောင်းမှာ သူတို့ကဲ့သို့ လူများကြောင့် သူ ဘယ်အချိန် သေသွားရမလဲ မသိနိုင်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် ကောဟွာက အရက်စက်ဆုံး နည်းလမ်းကို ရွေးချယ်လိုက်သည်။ သစ္စာခံယူခြင်းပင်။
ရှဲ့ရှားက ဝမ်ထောင်ကို ထိခိုက်စေခဲ့သဖြင့် သူမ သေရမည်။ ဝမ်ထောင်က သူမကို သတ်သည်ဖြစ်စေ၊ မသတ်သည်ဖြစ်စေ သူ ကောဟွာက လုပ်ဆောင်ရန် ရွေးချယ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ဤသည်မှာ ဝမ်ထောင်၏ ဒေါသကို ပြေပျောက်စေရန် ကူညီခြင်းပင်။ ဝမ်ထောင်သာ လုံးဝ သူတော်စင် မဟုတ်ပါက ဝမ်ထောင်က သူ့ကို မုန်းရန် အကြောင်းမရှိပေ။သူက မနှစ်သက်ကြောင်း ပြောလျှင်ပင် သူ၏ စိတ်ထဲတွင် ပိုမို ကောင်းမွန်လာလိမ့်မည်။
ရှဲ့ရှား၏မြေးကို သတ်ခြင်းမှာ သူပြောသည့်အတိုင်းပင်၊ အနာဂတ် ပြဿနာများကို ဖယ်ရှားရန်ဖြစ်၏။ သူက နောက်ပိုင်းတွင် လက်စားချေခံရခြင်းကို မလိုလားပါ။ ရှဲ့ရှား၏ မြေးမှာအသုံးမကျသော်လည်း သူတို့ကို လက်စားချေနိုင်စွမ်းမရှိဟု ထင်ရသော်လည်း သူက အန္တရာယ် မယူလိုပေ။
သူ၏ အကြံအစည်များမှာ လှပသော်လည်း ဝမ်ထောင်၏ စိတ်ကို သူ အာမခံ၍ မရပါ။
ဝမ်ထောင်တွင် ထူးခြားသော အကျင့်ရှိပြီး သူ့ကဲ့သို့ ရက်စက်သောသူမျိုးကို မကြိုက်လျှင် သို့မဟုတ် ဝမ်ထောင်သည် အပြစ်အနာအဆာ မရှိသော ဖြောင့်မတ်သူတစ်ယောက် ဖြစ်ပါက သူ အသက်အန္တရာယ် ရှိနိုင်သည်။
သို့သော် ကောဟွာ အလောင်းအစား လုပ်လိုက်၏။အကြောင်းမှာ စစ်မှန်သော စိတ်ပျက်အားငယ်မှုကို ကြုံဖူးသူများသာ မိမိ၏ ခွန်အား၏ အရေးပါမှုကို နားလည်နိုင်ကြမည်ဖြစ်သည် ။သူသည် ဤအသုံးမကျသော လူများနှင့် အတူ မနေချင်တော့ပါ။
"မင်း အရင်က ဘာအလုပ်လုပ်လဲ ၊ လူသတ်ဖူးလား"
ဝမ်ထောင်က ရုတ်တရက် မေးသည်။တစ်ဖတ်လူသည် ဝတ်စားဆင်ယင်မှု ကောင်းပြီး လူမိုက်တစ်ယောက်နှင့် မတူပေ။
"ကျွန်တော် အရင်က ငွေကြေးလုပ်ငန်းမှာ လုပ်ပါတယ်။ လူတော့ တစ်ခါမှ မသတ်ဖူးပါဘူး၊ ကြက်တစ်ကောင်တောင် မသတ်ဖူးပါဘူး"
ကောဟွာက အမြန် ပြန်ဖြေသည်။
"အော်"
ဝမ်ထောင်မှာ အနည်းငယ် အံ့သြသွားသည်။ ငွေကြေးလုပ်ငန်းလား ။ ဒါဆိုရင် သူက အ အစရှိသူ ဖြစ်မှာပေါ့ ။
ကောဟွာ ဝမ်ထောင် ဘာတွေးနေမှန်း သိ၍ ခါးသက်သက်ဖြင့် ခေါင်းခါလိုက်သည်။
"ငွေကြေးလုပ်ငန်းမှာ ကိုယ်ပိုင်အစွမ်းအစက တကယ်တော့ အရေးမကြီးပါဘူး၊ အရေးကြီးတာက ခွန်အားနဲ့ နောက်ခံပဲ။ ဒါကြောင့် ကျွန်တော် သိပ်မအောင်မြင်ခဲ့ပါဘူး..."
သူက တစ်နှစ်ကို တစ်သန်းခန့်သာ ရသည်။
သို့သော် ဝမ်ထောင်က သူ့ကို ကြွားနေသည်ဟု ထင်မှာစိုး၍ ထိုသို့ မပြောရဲပေ... ဝမ်ထောင်က ခေါင်းခါလိုက်ပြီး သူ့ကို ထပ်မပြောတော့ဘဲ အခြားသူများကို ကြည့်လိုက်သည်။
"ငါတို့က ရွှေကျဲတက္ကသိုလ် အသက်ရှင်ကျန်ရစ်သူများ အခြေစိုက်စခန်းကပါ။ မင်းတို့ ဒီမှာပဲ နေမှာလား၊ ဒါမှမဟုတ် အခြေစိုက်စခန်းကို သွားမှာလား"
"ရွှေကျဲတက္ကသိုလ် အခြေစိုက်စခန်းလား" ယ
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အမြန် ခေါင်းညိတ်ကြသည်။
"ကျွန်တော်တို့၊ ကျွန်တော်တို့ အခြေစိုက်စခန်းကို လိုက်ပါ့မယ်"
အစားအစာများ ကုန်သွားပြီဖြစ်ရာ ယခုနေရာမှာပဲ နေနေလျှင် သေခြင်းတရားကိုသာ စောင့်နေရလိမ့်မည်။လူတိုင်းက အခြေစိုက်စခန်းသို့ သွားရန် သဘောတူကြသည်။ အခြေစိုက်စခန်းတွင် အခြေအနေ မည်သို့ရှိသည်ကို မည်သူမျှ မမေးကြသလို ရှဲ့ရှားနှင့် သူမာမြေးအတွက်လည်း မည်သူမျှ စကားမပြောကြပါ။
အားလုံး သဘောတူသည်ကို မြင်သောအခါ ဝမ်ထောင်က ကောဟွာကို ကြည့်လိုက်သည်။
"မင်းရော"
"ကျွန်တော် အစ်ကို့နောက်ကိုပဲ လိုက်ပါ့မယ်"
ကောဟွာက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောသည်။
"ကောင်းပြီ။ ဒါဆိုရင် မင်းတို့ အားလုံး ဒီမှာပဲ စောင့်နေကြ။ နောက်မှ တစ်ယောက်ယောက် လာခေါ်လိမ့်မယ်"
ပြောပြီးနောက် ဝမ်ထောင် ထွက်ခွာရန် ပြင်လိုက်သည်။
"ဗျာ..ကျွန်တော်တို့ အစ်ကို့နောက် လိုက်မလာလာရဘူးလား"
"အစ်ကိုတို့ ထွက်သွားရင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ..."
"ကျွန်တော်တို့ကို ပစ်မထားပါနဲ့..."
အခြား အသက်ရှင်ကျန်ရစ်သူများမှာ ဆွံ့အသွားပြီးနောက် လူတိုင်းမှာ ကြောက်လန့်နေကြသည်။
ဝမ်ထောင်က အေးစက်စွာ ပြောလိုက်သည်။
"ငါ့ကားမှာ လူအများကြီး ဆံ့မှာမဟုတ်ဘူး။ ဒါမှမဟုတ် တစ်စုံတစ်ယောက်က မိမိဆန္ဒအလျောက် ကျန်နေခဲ့ပြီး တခြားသူတွေကို နေရာပေးမယ်ဆိုရင်တော့ ငါ လူအနည်းငယ်ကို အရင် ခေါ်သွားနိုင်တယ်"
"..."
သူ၏စကားကို ကြားသောအခါ လူတိုင်း ချက်ချင်း ငြိမ်ကျသွားသည်။ သူတို့သည် အခြားသူများအတွက် မိမိကိုယ်ကို ပေးဆပ်လိုခြင်း မရှိကြပေ။
"မင်းတို့ မပေးဆပ်နိုင်ဘူးဆိုရင်တော့ ဒီမှာပဲ ငါ့နားထောင်ပြီး စောင့်နေကြ"
ဝမ်ထောင်သည် ယခုလူများကို ကိုယ်တိုင် ပြန်မခေါ်သွားလိုပေ။ အကြောင်းမှာ အချို့မှာ ကြောက်လန့်၍ ဆီးပေါက်ထားကြသောကြောင့် ဖြစ်သည်။ ၎င်းက သူ့ကားကို ညစ်ပတ်စေလိမ့်မည်။
ဝမ်ထောင် မပျော်မရွှင် ဖြစ်နေသည်ကို ကောဟွာ မြင်သောအခါ သူ ထိုအရူးများကို စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး အမြန် ပြောလိုက်သည်။
"ဟုတ်ကဲ့ အစ်ကိုကြီး၊ ကျွန်တော်တို့ ဘယ်မှ မသွားပါဘူး၊ ဒီနေရာမှာပဲ ကယ်ဆယ်မှုကို စောင့်နေပါ့မယ်"
"အရမ်းကောင်းတယ်။"
ဝမ်ထောင်က ကောဟွာကို ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက အခြား အသက်ရှင်ကျန်ရစ်သူများကို ပြောလိုက်သည်။
"ကယ်ဆယ်ရေး မရောက်မချင်း မင်းတို့က..."
ဝမ်ထောင်သည် ဤမျက်မှန်သမား၏ နာမည်ကို မသိသေးကြောင်း ရုတ်တရက် သတိရသွားသည်။
"ကျွန်တော့်နာမည် ကောဟွာပါ"
ကောဟွာ ဝမ်ထောင် သူ့ကို ကြည့်နေသည်ကို မြင်၍ အမြန် ပြောလိုက်သည်။
"ဟုတ်ပြီ၊ မင်းတို့က ကောဟွာစကားကို နားထောင်ကြ။ တံခါးနဲ့ ပြတင်းပေါက်တွေကို ပိတ်ထားပြီး ကယ်ဆယ်မှုကို စောင့်နေ"
"ဟုတ်ကဲ့"
လူတိုင်း အမြန် ခေါင်းညိတ်ကြသည်။
ဝမ်ထောင်က ဟန်ရွှေကို ခေါင်းညိတ်ပြပြီး သူတို့နှစ်ယောက် ထွက်သွားကြ၏။
ကောဟွာ ဝမ်ထောင်တို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် တံခါးကို အမြန် ပိတ်လိုက်သည်။
"ဟူး—ငါတို့ အသက်ရှင်ပြီ"
ကောဟွာ စိတ်လှုပ်ရှားနေသည်။ သူ လောင်းကြေး မှန်သွားပြီဟု သိလိုက်လေပြီ။ သူ စွမ်းအားကြီးသူတစ်ယောက်ကို ဖက်တွယ်ထားနိုင်ပေတော့မည်။
ထိုသူသည် အခြေစိုက်စခန်းတွင် မည်သည့် ရာထူးရှိသည်ကို မသိသော်လည်း သူ၌ ခွန်အား ရှိသည်ကပင် လုံလောက်ပြီဖြစ်၏။
ကပ်ဘေးကာလတွင် ကိုယ်ပိုင်ခွန်အားကသာ အခြေခံအုတ်မြစ်မဟုတ်ပါလား။
"ရှင် တကယ်ပဲ ကောဟွာကို အခြေစိုက်စခန်းထဲ ခေါ်သွင်းမှာလား"
သူတို့နှစ်ယောက် အဆောက်အဦးမှ ထွက်လာပြီးနောက် ဟန်ရွှေက သိချင်စိတ်ဖြင့် အသံတိုးတိုးဖြင့် မေးလိုက်သည်။
သို့သော် သူမ၏ မေးခွန်းမှာ ယဉ်ကျေးမှု မရှိသကဲ့သို့ ခံစားရ၍ အမြန် ဖြည့်စွက် ပြောလိုက်သည်။
"ကျွန်မ ရှင့်ဆုံးဖြတ်ချက်ကို သံသယမဝင်ပါဘူး။ ဒါပေမဲ့ အသက်ရှင်ကျန်ရစ်သူ အများကြီးက ကောဟွာ လူသတ်တာကို မြင်လိုက်ကြတော့ အခြေစိုက်စခန်းထဲ ခေါ်သွင်းရင် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာမလားလို့..."
"ငါ နောက်မှ ကောဟွာကို အဲဒီလူတွေနဲ့ စကားမပြောဖို့ သတိပေးထားမယ်။ သူတို့ ပြောလည်း ဘာမှ မဖြစ်ပါဘူး။ ငါက ကော်မတီဝင်တစ်ယောက်ပဲ၊ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်"
ဟန်ရွှေ ဝမ်ထောင်ကို မျက်စိနောက်သလို ကြည့်လိုက်သည်။ဝမ်ထောင်ကတော့ ကောဟွာမှာ စွမ်းဆောင်ရည်ကောင်း
ပြီးအရည်အချင်းရှိသူဟု ခံစားရသည်။ ရက်စက်ခြင်းမှာလည်း စွမ်းရည်တစ်မျိုးပင်ဖြစ်၏။
ထို့အပြင် သူသည် ကော်မတီဝင်တစ်ဦးဖြစ်ပြီး အခြေစိုက်စခန်းတွင် ရာထူးအမြင့်ဆုံးလူများထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ လုပ်ရပ်များကို လူတိုင်းအား လိုက်ရှင်းပြနေရန် မလိုပါ။
သူတို့နှစ်ယောက် တိုက်ခန်းတွဲ၏ အဝင်ဝသို့ သတိထား ချဉ်းကပ်လိုက်ကြသည်။ ပေါက်ကွဲဇွန်ဘီမှာ ရှိနေသေး၏။
ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် ခြံစည်းရိုးကို အရင် ကျော်တက်ကာ ကားရှိရာသို့ ဆက်သွားလိုက်သည်။ ကား အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်က ဟန်ရွှေကို ပြောလိုက်သည်။
"အရင်ဆုံး ဟိုဘက်က အိမ်ကို သွားစစ်ကြည့်ရအောင်"
"အိုကေ"
ဝမ်ထောင်သည် လမ်းဘေးရှိ ပိတ်ထားသော အိမ်တစ်လုံးဆီသို့ ကားမောင်းသွားသည်။
ဟန်ရွှေ သူမ၏ စွမ်းရည်ဖြင့် စကင်ဖတ်ပြီးနောက် အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် ဝမ်ထောင်က သော့ဖွင့်ကိရိယာကို သုံး၍ တံခါးဖွင့်လိုက်၏။
"မဆိုးဘူး၊ ခဏတဖြုတ် ပုန်းခိုဖို့ သုံးလို့ရတယ်"
ထို့နောက် ဝမ်ထောင်သည် ကားကို တိုက်ခန်းတွဲ အဝင်ဝဆီသို့ ဖြည်းညင်းစွာ မောင်းသွားပြီး ဟန်ရွှေ ပစ်ခတ်ရန် သင့်လျော်သော အကွာအဝေးနှင့် ထောင့်တွင် ရပ်လိုက်သည်။
"ငါ ကားမောင်းမယ်။ မင်း ကားထဲ
ကနေပြီး ပေါက်ကွဲဇွန်ဘီကို အဝေးကနေ စနိုက်ပါ ပစ်လိုက်"
ဝမ်ထောင်က ဟန်ရွှေကို ပြောသည်။
သူသည် ပေါက်ကွဲဇွန်ဘီ၏ ခုခံမှုကို စမ်းသပ်ရန် ဟန်ရွှေကို ကိုင်တွယ်ခိုင်းရန် စီစဉ်လိုက်သည်။
ပေါက်ကွဲဇွန်ဘီ၏ သဘောသဘာဝအရ တစ်ချက်တည်းနှင့် သေချင်သေး
မဟုတ်လျှင်တော့ ထိုပထမအချက် မထိလျှင် သူ့ကိုယ်ကိုယ်ကို ဖောက်ခွဲပစ်မည်ဖြစ်၏။
ဝမ်ထောင်၏ လေးပစ်နည်းမှာ အတော်လေး အမှိုက်ဆန်လှသဖြင့် ဤအကွာအဝေးမှ ပေါက်ကွဲဇွန်ဘီကို ထိအောင် ပစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဟန်ရွှေတစ်ကြိမ်ပစ်ခတ်ပြီး မမှန်လျှင်လည်း
သူကူညီပစ်ခတ်ရန်အခွင့်အရေး မရနိုင်ပါ။
"အိုကေ"
ဟန်ရွှေက ပြူတင်းဘက်တွင် ဝင်ထိုင်ကာ ပြတင်းပေါက်ကို ဖွင့်ပြီး စနိုက်ပါဒူးလေးကို ဘောင်ပေါ်တွင် တင်ကာ ပေါက်ကွဲဇွန်ဘီကို ချိန်လိုက်သည်။ဝမ်ထောင်က ကားကို စက်နှိုး၍ တိုက်ခန်းတွဲ အဝင်ဝဆီသို့ ဖြည်းညင်းစွာ မောင်းသွား၏။ သင့်လျော်သော နေရာသို့ ရောက်သောအခါ သူ တိုးတိုးလေး ပြောလိုက်သည်။
"ပစ်.."
ဟန်ရွှေက ကိုယ့်ကိုယ်ကိုသတ်သေဇွန်ဘီကို ချိန်ထားပြီးဖြစ်သည်။ ဝမ်ထောင်၏ အမိန့်ကို ကြားသောအခါ သူမ ပြတ်သားစွာ ခလုတ်ဆွဲလိုက်၏။
ဝှစ်..
ဝမ်ထောင်က မြား၏ လမ်းကြောင်းကို ရိပ်ခနဲသာမြင်လိုက်ရပြီး ၄င်းက ပေါက်ကွဲဇွန်ဘီ၏ ဦးခေါင်းခွံထဲသို့ စိုက်ဝင်သွားသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ပျက်စီးမှု အရေအတွက်တစ်ခု ပေါ်လာသည်။
【-1200】
【0/1200】
ပေါက်ကွဲဇွန်ဘီမှာ ချက်ချင်း သေဆုံးသွားသည်။
"အမ်"
ထိခိုက်မှုမှာ ဝမ်ထောင် မျှော်လင့်ထားသည်ထက် ပိုများနေလေသည်။
"ပေါက်ကွဲဇွန်ဘီရဲ့ ခုခံမှုက တကယ်ကို သာမန်ပဲ"
သို့သော် ပေါက်ကွဲဇွန်ဘီ သေဆုံးပြီးနောက် သူ၏ ကိုယ်ပေါ်ရှိ ပွင့်ထွက်နေသော အင်္ဂါများမှာ ဖြည်းညင်းစွာ ဆက်လက် ဖောင်းကားလာသည်။ အသက်ရှိစဉ်ကကဲ့သို့ မမြန်သော်လည်း သူ၏ အလောင်းမှာ ပိုမို ဖောင်းကားလာနေ၏။၎င်းမှာ ပေါက်ကွဲတော့မည်။
"အကျိုးနည်း....အလောင်းကတောင် ပေါက်ကွဲတာပဲဟ"
ကားထဲတွင် ဝမ်ထောင်သည် ၎င်းကို မြင်၍ တိုးတိုးလေး ကျိန်ဆဲလိုက်သည်။
သို့သော် ပေါက်ကွဲဇွန်ဘီ၏ အလောင်းက ပေါက်ကွဲနိုင်ခြေရှိသည်ကို သူ ကြိုတွေးထားသဖြင့် အနီးသို့မကပ်ဘဲ ဟန်ရွှေကို အဝေးကနေ ပစ်ခတ်ခိုင်းခြင်း ဖြစ်သည်။
လူကန်းက ဝမ်ထောင်ကို ပေါက်ကွဲဇွန်ဘီကို ပစ်လိုက်လျှင် သူသတ်ပြီးသွားလျှင်ပင် ပေါက်ကွဲဦးမည်ဟု ပြောဖူး၏။
လူကန်း ဝမ်ထောင်ကို လိမ်ပြောမည့် အကြောင်းရင်း မရှိသော်လည်း ဝမ်ထောင်က ကိုယ်တိုင် စမ်းသပ်ချင်သည်။ အကြောင်းမှာ လူကန်းမှာ ပေါက်ကွဲဇွန်ဘီကို တစ်ချက်တည်းနှင့် မသတ်နိုင်ဘဲ ၄င်းကို ကိုယ့်ကိုယ်ကို ဖောက်ခွဲစေခဲ့ခြင်း ဖြစ်နိုင်သောကြောင့်ပင်။
လူကန်းသည် ပေါက်ကွဲဇွန်ဘီ၏ သွေးဘားတန်းကို မမြင်နိုင်သဖြင့် သေပြီးမှပေါက်ကွဲသည်လား မသေသေးခင်ကပေါက်ကွဲသည်လား တိတိကျကျမသိနိုင်ပါ။
သို့သော် ယခုတွင် တစ်ချက်တည်း သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ ဖောက်ခွဲဇွန်ဘီမှာ နာမည်အတိုင်း ပေါက်ကွဲမည်ဖြစ်၏။
သို့သော် အသက်ရှိသော ပေါက်ကွဲဇွန်ဘီ၏ ပေါက်ကွဲချိန်မှာ သေဆုံးပြီးနောက် ပေါက်ကွဲချိန်နှင့် ကွဲပြားသည် ။ ဝမ်ထောင်က ကားကို သူ ပြင်ဆင်ထားသည့် ခေတ္တ ပုန်းခိုရာနေရာသို့ မောင်းသွားမှသာ ပေါက်ကွဲဇွန်ဘီ၏ အလောင်းမှာ ပေါက်ကွဲသွားခဲ့သည်။
ဘုန်း...
ဝမ်ထောင်က တံခါးကို အမြန် ပိတ်လိုက်၏။
ခဏအကြာတွင် လမ်းမပေါ်မှ ထိတ်လန့်ဖွယ်ကောင်းသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ရူးသွပ်ဇွန်ဘီများ ပြန်ပေါ်လာကြသည်။
သူတို့နှစ်ယောက်မှာ ကိုယ့်ကိုယ်ကိုဖောက်
ခွဲဇွန်ဘီရှိရာနေရာနှင့် အတော်လေး ဝေးပြီး အိမ်ထဲတွင် ပုန်းနေကြသဖြင့် အန္တရာယ် မရှိကြပေ။ဒူးလေး၏ အားသာချက်ပင်။ ပစ်ခတ်ချိန်တွင် အသံနည်းပြီး ဇွန်ဘီများကို လုံးဝမဆွဲဆောင်ခဲပါ။
ဝမ်ထောင်က အပြင်ဘက်ရှိ ရူးသွပ်ဇွန်ဘီများကို ကြည့်ကာ ပေါက်ကွဲဇွန်ဘီ၏ ပေါက်ကွဲချိန်ကို စဉ်းစားနေသည်။
ပေါက်ကွဲဇွန်ဘီ အသက်ရှိစဉ်တွင် သူ ထိတ်လန့်သွားပါက သုံးစက္ကန့်အတွင်း ပေါက်ကွဲလိမ့်မည်။
သို့သော် ယခု ဝမ်ထောင်က သူ့အလောင်းမှာ ပေါက်ကွဲရန် ဆယ်စက္ကန့်ခန့် ကြာသည်ကို မှတ်သားထားလိုက်သည်။
သုံးစက္ကန့်မှာ တိုလွန်းသော်လည်း ဆယ်စက္ကန့်မှာ ပို၍ ကြာသည်ဟု ဆိုနိုင်၏။ နည်းစနစ် ကျွမ်းကျင်ပါက ဇွန်ဘီအမြုတေကို တူးထုတ်၍ ထွက်ပြေးရန် လုံလောက်သော အချိန်ပင်။သူတို့နှစ်ယောက်သည် ဇွန်ဘီများ ထွက်သွားသည်အထိ အခန်းထဲတွင် မိနစ်အနည်းငယ် စောင့်လိုက်ကြသည်။
၄င်းတို့မှာ "လူနံ့" ကို မရရှိကြသဖြင့် ကြာကြာ မနေတော့ဘဲ ထွက်သွားကြ၏။ ဟန်ရွှေက အဝေးကနေ ပစ်ခတ်ခဲ့ပြီး ထိုနေရာသို့ မည်သူမျှ ချဉ်းကပ်ခြင်း မရှိခဲ့ပေ။အန္တရာယ် မရှိကြောင်း သေချာသောအခါ ဝမ်ထောင်သည် ပေါက်ကွဲသည့်နေရာသို့ မောင်းသွားရာ မြေပြင်ပေါ်တွင် အနီရောင် အမြုတေတစ်ခု တောက်ပနေ၏။
ဟန်ရွှေက ကားတံခါးကို ဖွင့်ပြီး အမြုတေကို ချက်ချင်း ကောက်ယူလိုက်သည်။ ဝမ်ထောင် ကားကို မရပ်ဘဲ ရှေ့သို့ ဆက်မောင်းသည်။
"ဒီမှာ။"
ကားထဲတွင် ဟန်ရွှေ အနီရောင် အမြုတေကို ဝမ်ထောင်ထံ ပေးလိုက်သည်။
【ပထမအဆင့် အမြုတေ · ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း】
【အရည်အသွေး - ကောင်းမွန်သော (80%)】
【သန့်စင်မှု - 50% (ဘေးထွက်ဆိုးကျိုး - မရှိ)】
ကံကောင်းသည်မှာ ၄င်းသည် အရည်အသွေး ကောင်းမွန်သော အမြုတေ တစ်လုံးဖြစ်သည်။ ကံဆိုးသည်က ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေ ဖြစ်နေပြီး ယခုအချိန်တွင် အသုံးမဝင်သကဲ့သို့ ဖြစ်နေခြင်းပင်။
သူ့တွင် ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေ နှစ်လုံး ရှိနေပြီးပြီ - တစ်လုံးမှာ ခရမ်းရောင် သာလွန်အဆင့် (60%) နှင့် ဤအနီရောင် ကောင်းမွန်အဆင့် (80%) တစ်လုံး ဖြစ်သည်။
သူသည် ပြန်ရောက်လျှင် ကော်မတီထံ သွား၍ အဖြူရောင် ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေကို ယူပြီး ထူးချွန်အဆင့် (100%)
ရှိသော ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေကို ပေါင်းစပ်ရမလားဟု တွေးနေမိသည်။
အသုံးမဝင်သော်လည်း လိမ္မော်ရောင် အမြုတေများမှာ ကြည့်၍ကောင်းလေသည် ။ သို့သော် ခေါင်းခါလိုက်ပြီး ဝမ်ထောင်က အမြုတေကို သိမ်းလိုက်ကာ ဘေးရှိ ဟန်ရွှေကို ပြောလိုက်သည်။
" နောက်ဆုံး လေကြောင်းကချပေးတဲ့ပစ္စည်း တစ်ခုကို ရှာကြည့်ရအောင်။ တစ်နာရီလောက် ရှာမယ်၊ တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ ပြန်ကြမယ်"
ပြောရလျှင် ဟန်ရွှေ ခုနက ကိုယ့်ကိုယ်ကိုသတ်သေဇွန်ဘီကို သတ်လိုက်ပြီးနောက် သူမ၏ သွေးဘားတန်းမှာ ၄၀ တိုးသွားသည်။ ယခု သူမ၏ သွေးပမာဏမှာ 【640/640】 သို့ ရောက်ရှိသွားပြီဖြစ်ရာ သူမသည် အခြေစိုက်စခန်းအတွင်း စွမ်းအားရှင်တစ်ယောက် ဖြစ်လာပြီဟု ဆိုနိုင်၏။
"အင်း"
ဟန်ရွှေက မြေပုံကို ထုတ်လိုက်သည်။
သူတို့ မလာမီ မြေပုံပေါ်တွင် လေကြောင်းမှချပေးသောပစ္စည်းများ ကျရောက်မည့် နေရာများကို အကြမ်းဖျင်း မှတ်သားထားသည်။ တိတိကျကျ ရှာမတွေ့နိုင်သော်လည်း ခေါင်းမပါသော ယင်ကောင်များကဲ့သို့ ပျံသန်းနေသည်ထက် ပိုကောင်းသည်။
မိနစ် ၃၀ ခန့် ကြာပြီးနောက် ဝမ်ထောင်သည် သတင်းကောင်း တစ်ခုနှင့် သတင်းဆိုး တစ်ခုကို ရလိုက်၏။
သတင်းကောင်းမှာ လေကြောင်းမှချပေးသောပစ္စည်း တစ်ခုကို တွေ့လိုက်ရပြီး အိမ်၏ ခေါင်မိုးပေါ်တွင် ကျရောက်နေသည်။
သတင်းဆိုးမှာ ဗိုင်းရပ်စ်တားဆီးဆေး တစ်ဘူးသာ ကျန်တော၏။ထိုနေရာ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပုံရသည်။ အလောင်းများ မရှိသော်လည်း သွေးစိမ်းများ ရှိနေသေးသည်... တိုက်ပွဲမှာ ဖြစ်ပွားခဲ့သည်မှာ သိပ်မကြာသေးပုံရှိ၏။
သေတ္တာထဲတွင် ထည့်ထားသော ဗိုင်းရပ်စ်တားဆီးဆေး ၂၀ ကို ကြည့်၍ ဝမ်ထောင် တစ်မျိုးကြီး ဖြစ်နေသည်။
လေကြောင်းမှချပေးသောပစ္စည်းကို လုယူပြီးနောက် အဘယ့်ကြောင့် အကုန်လုံး မယူသွားခဲ့သနည်း။
ဘာလို့ တစ်ဘူး ချန်ထားခဲ့တာလဲ။
ထိုအရာက တစ်ခုတည်းကိုသာ ဆိုလိုနိုင်သည်၊ သူတို့ ထိုအချိန်က အလွန် အန္တရာယ်ကြီးမားသော အခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး နောက်ဆုံး ဗိုင်းရပ်စ်တားဆီးဆေးဘူးကိုပင် မယူနိုင်ခဲ့ကြခြင်းပင်။
ဝမ်ထောင်က သူတို့မှာ အလွန် အစွမ်းထက်သော အထူးဇွန်ဘီနှင့် ကြုံတွေ့ခဲ့ရမည်ဟု ခန့်မှန်းမိ၏။
သူက ဟန်ရွှေကို ဂရုတစိုက် စကင်ဖတ်ခိုင်းပြီး အထူးဇွန်ဘီများ မရှိကြောင်း အတည်ပြုပြီးနောက် ဗိုင်းရပ်စ်တားဆီးဆေး သေတ္တာကို ယူ၍ ထွက်လာခဲ့သည်။
"ထားလိုက်တော့၊ ပြန်ကြရအောင်"
သေတ္တာတစ်ဘူးသာ ရသော်လည်း အနည်းဆုံးတော့ လက်ဗလာဖြင့် ပြန်မလာခဲ့ရပေ၊ ခရီးစဉ်မှာ အလကား မဖြစ်ခဲ့ပါ။
ဝမ်ထောင်သည် သူ အရင်က မြင်ခဲ့ရသော လေကြောင်းမှချပေးသောတတိယမြောက်
ပစ္စည်းဆီသို့ ကားကို မောင်းသွားသည်။ ၎င်းမှာ အိမ်ပြန်လမ်းတွင် ရှိနေ၏။
ကံကောင်းလျှင် ထိုလေကြောင်းမှချပေးသောပစ္စည်းကိုပါ ယူနိုင်လိမ့်မည်။
သို့သော် သူတို့ လမ်းကြားတစ်ခုသို့ ရောက်သောအခါ ဝမ်ထောင် ရုတ်တရက် ကားကို ရပ်လိုက်သည်။
"ဘာဖြစ်လို့လဲ"
ဟန်ရွှေ နည်းနည်း စိတ်ရှုပ်သွားသည်။
"ငါ အသိဟောင်း တစ်ယောက်ကို မြင်လိုက်တယ်..."
ဝမ်ထောင်၏ အမူအရာမှာ တစ်မျိုးကြီး ဖြစ်နေသည်။ဟန်ရွှေက သူကြည့်သည့်ဘက်ကို ကြည့်လိုက်သော်လည်း လမ်းကြားတွင် ဘာမျှ မရှိပေ။
"ငါ အောက်ဆင်းပြီး သွားကြည့်လိုက်မယ်။ မင်း ကားမောင်းပြီး ဘယ်အချိန်မဆို အကူအညီပေးဖို့ အဆင်သင့် ဖြစ်နေ"
ဟန်ရွှေကို ပြောပြီးနောက် ဝမ်ထောင် ကားပေါ်မှ ဆင်းကာ လမ်းကြားထဲသို့ တိုက်ရိုက် လျှောက်သွားသည်။
သူသည် လမ်းကြားထဲတွင် အသိဟောင်း တစ်ယောက်ကို အမှန်တကယ် မြင်လိုက်ရသည်။ ၎င်းမှာ ရေပေးဝေရေးစက်ရုံမှာ သူတွေ့ဆုံခဲ့ဖူးသော ရွှေရောင်ဆံပင်နှင့် ဝူဖေးဖြစ်လေသည်။
------