အခန်း ၁၀၅
Vol. 10 Ch. 105
အခန်း (၁၀၅) ပစ္စည်းများရေတွက်ခြင်းနှင့် အမြုတေကို ထပ်မံပေါင်းစပ်ခြင်း
ဝူး... ဝူး...ဝူး...
သွေးများနှင့် အသားစများ ပေကျံနေသော လျှပ်စစ်တောင်တက်ကားတစ်စီးသည် အရှိန်ပြင်းစွာ မောင်းနှင်နေပြီး ၎င်း၏နောက်တွင် လျင်မြန်စွာ လှုပ်ရှားနေသော ရူးသွပ်ဇွန်ဘီ အုပ်စုကြီး လိုက်ပါလာ၏။
လမ်းတစ်လျှောက်တွင် ဇွန်ဘီအသစ်များကလည်း အဆက်မပြတ် ပူးပေါင်းလာကြသဖြင့် ဇွန်ဘီစစ်တပ်ကြီးသည် တဖြည်းဖြည်း ပိုမိုကြီးမားလာသည်။
ကံကောင်းသည်မှာ ထိုတောင်တက်ကားကို ပြုပြင်မွမ်းမံထားသဖြင့် အတော်ပင် ခိုင်ခံ့နေပြီး လမ်းပေါ်ရှိ အတားအဆီးအချို့ကို တိုက်ရိုက် တိုက်ခွဲသွားနိုင်၏။ ကြီးမားသော အတားအဆီးများကိုမူ ကြိုတင်ရှောင်ကွင်းနိုင်ပြီး ဟန်ရွှေ၏ ကားမောင်းစွမ်းရည်ကလည်း အတော်ပင် ကောင်းမွန်သည်။ သူမ၏ လမ်းကျွမ်းကျင်မှု၊ အာရုံခံနိုင်စွမ်းတို့နှင့် ပေါင်းစပ်လိုက်သောအခါ ကားသည် ဇွန်ဘီများ၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို မခံခဲ့ရပေ။
ဝိုင်းရံပိတ်ဆို့ခြင်း မခံရသရွေ့ လောလောဆယ်တွင် အန္တရာယ်က အလွန်မကြီးမားသေးပါ။
ဝမ်ထောင်သည် ပတ်ဝန်းကျင်အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေ၏။ သူသည် ထူးကဲဇွန်ဘီများ ပေါ်လာနိုင်သည်ကို သတိထားရမည် ဖြစ်ပြီး အကယ်၍ ပေါက်ကွဲဇွန်ဘီတစ်ကောင်ကသာ လမ်းကိုပိတ်ဆို့လိုက်ပါက အလွန်ဒုက္ခရောက်သွားလိမ့်မည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်တွင် ဝမ်ထောင်သည် သက်ပြင်းအရှည်ကြီးကို ချနိုင်ခဲ့သည်။ကံကောင်းထောက်မစွာဖြင့် သူတို့သည် နောက်မှ လိုက်လာသော ဇွန်ဘီစစ်တပ်ကြီးကို မျက်ခြေဖြတ်နိုင်ခဲ့လေပြီ။
လမ်းတွင် ထူးကဲဇွန်ဘီအနည်းငယ်နှင့် တိုးခဲ့သော်လည်း ၎င်းတို့က လမ်းအလယ်တွင် ပိတ်ဆို့မနေခဲ့ပေ။ သို့မဟုတ်ပါက အမှန်တကယ်ပင် ပြဿနာရှိနိုင်သည်၊၊
ထိုအချိန်တွင် ကားသည် လမ်းဘေးရှိ အိမ်တစ်လုံး၏ နောက်ဘက်၌ ရပ်တန့်သွားပြီး ဝမ်ထောင်နှင့် ဟန်ရွှေတို့ နေရာချင်း လဲလိုက်ကြသည်။ ဟန်ရွှေသည် လမ်းတစ်လျှောက်လုံး ကားမောင်းခဲ့ရသဖြင့် စိတ်အာရုံကို အလွန်အမင်း စုစည်းခဲ့ရပြီး စွမ်းရည်ကိုပါ အသုံးပြုခဲ့ရသောကြောင့် စိတ်စွမ်းအင်များ အလွန်အမင်း ကုန်ဆုံးကာ ယခုအခါ အနားယူရန် အရေးတကြီး လိုအပ်နေ၏။
"အဆင်ပြေရဲ့လား"
မောင်းနှင်သူနေရာသို့ ရောက်ရှိပြီးနောက် ဝမ်ထောင်က စိတ်ပူစွာဖြင့် မေးလိုက်သည်။
"အဆင်ပြေပါတယ်၊ နည်းနည်း ပင်ပန်းသွားလို့..."
ဟန်ရွှေက သူမ၏ နဖူးမှ ချွေးစက်များကို သုတ်လိုက်သည်။သူမ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေ၏။
ဝမ်ထောင်က သူမထံသို့ အာဟာရရည်တစ်ပုလင်း ကမ်းပေးလိုက်သည်။ အာဟာရရည်သည် ခန္ဓာကိုယ်ခွန်အားကိုသာ ဖြည့်တင်းပေးနိုင်ပြီး စိတ်စွမ်းအင်ကို မဖြည့်ပေးနိုင်သော်လည်း သူမ၏ အခြေအနေက ခန္ဓာကိုယ်ခွန်အားကိုပါ ကုန်ဆုံးစေသဖြင့် အာဟာရရည်အချို့ သောက်သုံးလိုက်ပါက သေချာပေါက် ပိုမိုသက်သာသွားလိမ့်မည် ဖြစ်၏။
ဂလု...
ဟန်ရွှေကလည်း ငြင်းမနေဘဲ အာဟာရရည်တစ်ပုလင်းလုံးကို ပါးစပ်ထဲသို့ မော့သောက်လိုက်ရာ အမှန်တကယ်ပင် ပို၍ သက်သာသွားသည်ဟု ခံစားလိုက်ရသည်။
ဝမ်ထောင်က ကားကို စတင်နှိုးပြီး ရွှေကျဲအခြေစိုက်စခန်းဆီသို့ ဦးတည်မောင်းနှင်ခဲ့၏။ အစောပိုင်းက ဇွန်ဘီများကို ရှောင်ကွင်းရန်အတွက် ၎င်းတို့သည် လမ်းကို အတော်လေး ပတ်ခဲ့ရသည်။သို့သော် မမှောင်ခင် အခြေစိုက်စခန်းသို့ ရောက်ရှိအောင် သွားရမည် ဖြစ်သည်။
ဟန်ရွှေသည် မျက်လုံးမှိတ်ကာ ခဏမျှ အနားယူပြီးနောက် မျက်လုံးပွင့်လာပြီး ဝမ်ထောင်ကို ခိုးကြည့်လိုက်၏။
သူမ၏ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးနေမိသည်။ ၎င်းသည် အစောပိုင်းက ရုတ်တရက် ကြုံတွေ့ခဲ့ရသော ထူးကဲဇွန်ဘီနှစ်ကောင်ကြောင့် မဟုတ်သလို၊ ယခုလို ကြောက်စရာကောင်းသော ဇွန်ဘီအုပ်စုကြီးက လိုက်လံဖမ်းဆီးမှုကြောင့်လည်း မဟုတ်ပါ ။ လမ်းကွေ့တွင် ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီနှင့် တိုးမိစဉ် ဝမ်ထောင်က သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ သူ၏ခန္ဓာကိုယ်ဖြင့် ကာကွယ်ပေးခဲ့သော မြင်ကွင်းကြောင့် ဖြစ်၏။
ပေါက်ကွဲသည့်အချိန်တွင် နှစ်ဦးစလုံး ခေါင်းငုံ့လိုက်ကြသော်လည်း ဝမ်ထောင်က သူမကို သူ၏ ရင်ဘတ်ထဲသို့ ဆွဲသွင်းခဲ့သည်။
ထိုစဥ်က ဟန်ရွှေ၏နားထဲတွင် "ဒိတ် ဒိတ် ဒိတ်" ဟူသောဝမ်ထောင်၏ နှလုံးခုန်သံများကို ကြားခဲ့ရ၏ ။
သူက ဘာလို့... ခုနက ငါ့ကို ကာကွယ်ပေးခဲ့တာလဲ။
သူမနှင့် ဝမ်ထောင်တို့သည် လက်ရှိတွင် အနည်းငယ်ဝေဝါးသော ဆက်ဆံရေး ရှိနေသော်လည်း ထိုမျှအထိ မရင်းနှီးသေးကြောင်း သူမ သိသည်။ ၎င်းတို့သည် သာမန်သူငယ်ချင်းများ သို့မဟုတ် အနည်းငယ် ပိုမိုရင်းနှီးသော သူငယ်ချင်းများ... ပွင့်ပွင့်လင်းလင်း ပြောရလျှင် အကျိုးစီးပွားတူ သူငယ်ချင်းများသာ ဖြစ်ကြ၏။
၎င်းတို့၏ ဆက်ဆံရေးအရ ဝမ်ထောင်က ဘာကြောင့် သူမကို ကာကွယ်ပေးခဲ့သည်ကို ဟန်ရွှေ အမှန်တကယ် နားမလည်နိုင် ဖြစ်နေရသည်... အဘယ်ကြောင့်ဆိုသော် နှိုင်းယှဉ်စရာများ ရှိနေသောကြောင့် ဖြစ်၏။ သူမသည် ခင်ပွန်းဖြစ်သူ ဆန်းဝေကွမ်းနှင့် ရှိစဉ်က အန္တရာယ်နှင့် ကြုံတွေ့ရတိုင်း ဆန်းဝေကွမ်းသည် သူမ၏နောက်တွင် မသိစိတ်ဖြင့် ပုန်းအောင်းလေ့ရှိသည်။ အန္တရာယ်မရှိတော့ကြောင်း သေချာမှသာ ဆန်းဝေကွမ်းက ရှေ့သို့ထွက်ကာ လူစွမ်းကောင်းလုပ်လေ့ရှိသည်။
ထို့ကြောင့် ဆန်းဝေကွမ်း၏ ကာကွယ်မှုကို ခံရဖို့နေနေသာသာ၊ ဆန်းဝေကွမ်းသည် သူမနှင့်အတူ အန္တရာယ်ကို ရင်ဆိုင်ရန် အတွေးပင် မရှိခဲ့ပေ။
သို့သော် ဝမ်ထောင်ကမူ သူမ၏ရှေ့မှနေ၍ ကာကွယ်ပေးခဲ့သည်။ သူမ၏ လျင်မြန်သော တုံ့ပြန်မှုကြောင့် ကားသည် ပေါက်ကွဲဇွန်ဘီကို မတိုက်မိခဲ့ဘဲ ပေါက်ကွဲမှုလှိုင်းဒဏ်ကိုလည်း အမှန်တကယ် မခံခဲ့ရသဖြင့် ကာကွယ်သည်ဖြစ်စေ၊ မကာကွယ်သည်ဖြစ်စေ သူမတွင် အန္တရာယ်ရှိမည်မဟုတ်သော်လည်း။
သို့သော် ၎င်းသည် ဝမ်ထောင်၏ မသိစိတ်မှ လုပ်ဆောင်ချက် ဖြစ်ကြောင့် သူမ ခံစားမိ၏။
မသိစိတ်ဆိုသည်မှာ မည်သည့်အရာမျိုးဖြစ်သနည်း။
၎င်းသည် ဝမ်ထောင်၏ နှလုံးသားထဲတွင် သူမကို ကာကွယ်ရမည့်လူတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးသား ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်၏။.ဟန်ရွှေသည် စိတ်ဓာတ်ခိုင်မာသူ ဖြစ်ပြီး ယခင်က အခြားလူများ၏ ကာကွယ်မှုကို ခံယူရန် ဘယ်သောအခါမှ အလိုမရှိခဲ့ပါ။ မိဘများကလွဲလျှင် သူမကို ကာကွယ်မည့်လူလည်း မရှိခဲ့ပါ၊ အားလုံးက သူမကို "သန်မာတဲ့မိန်းကလေး" အဖြစ်သာ မြင်ကြသည်။ အထူးသဖြင့် ရဲအရာရှိတစ်ဦး ဖြစ်လာပြီးနောက်တွင် သူမသည် ကာကွယ်ခံရသည့် ခံစားချက်ကို လုံးဝ မရရှိတော့ပေ။
သူမသည် ထိုအရာကို မလိုအပ်ဟု ယခင်က ထင်ခဲ့ဖူးသည်။
သို့သော် ယခု ဝမ်ထောင်၏ ကာကွယ်မှုကို ခံရပြီးနောက် သူမ စိတ်ထဲတွင် အလွန် ငြိမ်းချမ်းသွားသည်ဟု ခံစားလိုက်ရ၏။ ၎င်းသည် ငယ်စဉ်က မိဘများ၏ ရင်ခွင်ထဲတွင်သာ ရရှိခဲ့ဖူးသော ခံစားချက်မျိုး ဖြစ်သည်။
"ဘာဖြစ်လို့လဲ"
ဝမ်ထောင်က ရုတ်တရက် ခေါင်းလှည့်ကြည့်ကာ ဟန်ရွှေကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ဟန်ရွှေက သူ့ကို မသိမသာလှမ်းကြည့်နေသည်ကို သူ အာရုံရလိုက်ခြင်း ဖြစ်၏။
"ဘာမှမဟုတ်ပါဘူး..."
ဟန်ရွှေက အမြန်ပင် ခေါင်းလှည့်သွားသည်။
ဝမ်ထောင်က ဟန်ရွှေ အလွန်ပင်ပန်းနေ၍ဟု ထင်မှတ်ကာ အများကြီး သတိမထားမိခဲ့ပေ။ စွမ်းအင်ဘားတန်း ကုန်ဆုံးသွားသည့်အခါ ဤကဲ့သို့ စိတ်လွင့်ဝေဝါးခြင်းမျိုး ဖြစ်တတ်၏၊၊
ဝမ်ထောင်က ကားမောင်းခြင်းကိုသာ အာရုံစိုက်ထားလိုက်သည်။ခဏမျှ စောင့်ဆိုင်းပြီးနောက် ဟန်ရွှေက ရုတ်တရက် စကားစလာလေသည်။
"ကျေးဇူးပဲ။ ခုနက ကာကွယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သူမသည် ကျေးဇူးနှင့် ရန်ငြိုးကို ရှင်းလင်းစွာ ခွဲခြားတတ်သူ ဖြစ်၏။ ဝမ်ထောင်က သူမကို ကာကွယ်ပေးခဲ့သဖြင့် ကျေးဇူးတင်စကား ပြောရမည် ဖြစ်သည်။
"ဟင်"
ဝမ်ထောင် ခဏမျှ ကြောင်သွားပြီး ဟန်ရွှေ ဘာကို ပြောနေသည်ကို ချက်ချင်း နားမလည်ခဲ့ပေ။ စက္ကန့်အနည်းငယ် စဉ်းစားပြီးနောက်တွင်မှ ကိုယ့်ကိုယ်ကိုသတ်သေဇွန်ဘီနှင့်တိုးစဉ် သူက သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ ကာကွယ်ပေးခဲ့သည်ကို ဆိုလိုခြင်း ဖြစ်ကြောင်း သတိရသွား၏။
ဝမ်ထောင်၏ နှုတ်ခမ်းထောင့်များက ချက်ချင်း ကွေးညွှတ်သွားသည်။
"ဒီလိုအခြေအနေမျိုးမှာ မင်းက 'ဒီမိန်းကလေးမှာ ပြန်ဆပ်ဖို့ လမ်းမရှိလို့ ကိုယ်ကိုယ်တိုင်ပဲ ပေးဆပ်ပါ့မယ်' ဆိုတဲ့ စကားမျိုး ပြောရမှာ မဟုတ်ဘူးလား။ 'ကျေးဇူးတင်ပါတယ်' လို့ပဲ ပြောတာက အဆင်မပြေလှဘူးနော်"
"တော်တော့ ရှင့်ကို စကားမပြောတော့ဘူး"
ဟန်ရွှေက ထိုင်ခုံနောက်မှီကို မှီလိုက်ပြီး ခေါင်းကို ပြတင်းပေါက်ဘက်သို့ အနည်းငယ် လှည့်ကာ မျက်လုံးမှိတ်ထားလိုက်၏။
ဝမ်ထောင်က ရယ်မောကာ ခေါင်းခါလိုက်သည်။ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီ ပေါက်ကွဲစဉ်က သူသည် ကြေးနီအရေပြားနှင့် သံမဏိအရိုး စွမ်းရည်ကို ချက်ချင်း အသက်သွင်းခဲ့သဖြင့် တစ်ကိုယ်လုံး၏ ခုခံမှုက အလွန် တိုးတက်သွားခဲ့၏။ တစ်ချိန်တည်းတွင် ခိုင်ခန့်သောသံချပ်ကာကိုလည်း ဝတ်ဆင်ထားသဖြင့် သူ၏ ခုခံမှုက ပိုမိုမြင့်မားနေခဲ့သည်။
ဤအခြေအနေမျိုးတွင် တိုက်ခိုက်ရေးသမားဖြစ်သော သူက လေးသမားတစ်ယောက်ကို ကာကွယ်ပေးခြင်းသည် လုံးဝ ကျိုးကြောင်းဆီလျော်သည် မဟုတ်ပါလား။
ထို့အပြင် ဟန်ရွှေကလှပတာကလည်း အကြောင်းရင်းတစ်ခု ဖြစ်၏။ ဝမ်ထောင်သည် ဟန်ရွှေ၏အချိုးအစားကျလွန်းသော ခန္ဓာကိုယ်ကို သဘောကျနေကြောင်း ဝန်ခံပါသည်၊၊
အကယ်၍ အခြားလူ၊ ဥပမာ ဝေကျန့်ကော် သို့မဟုတ် ချန်ကျွမ်းသာဆိုလျှင်တော့ ၎င်းတို့ဘာသာ ကာကွယ်ရမည် ဖြစ်သည်။
နေမဝင်မီတွင် သူတို့သည် ရွှေကျဲအခြေစိုက်စခန်း၏ တံခါးဝကို နောက်ဆုံး၌ မြင်လိုက်ရ၏။ဝမ်ထောင်က ဟန်ရွှေကို ကြည့်လိုက်ရာ သူမ အိပ်ပျော်နေသည်ကို တွေ့ရသည်။
"ထတော့။ ငါတို့ အိမ်ပြန်ရောက်ပြီ"
ဝမ်ထောင်က ဟန်ရွှေ၏ ပါးကို ဖွဖွပုတ်လိုက်၏။
"အင်း..."
ဟန်ရွှေသည် ဇဝေဇဝါဖြင့် နိုးလာပြီး အခြေအနေကို သေချာ မသိသေးဘဲ မသိစိတ်ဖြင့် ရေရွတ်လိုက်သည်။
"ယောက်ျား"
"အေး"
ဝမ်ထောင် ခဏမျှ ကြောင်သွားပြီးနောက် ပြတ်သားစွာပင် ထူးလိုက်၏။
ရင်းနှီးသောအသံကို ကြားလိုက်ရသဖြင့် ဟန်ရွှေ ချက်ချင်း နိုးကြားသွားပြီး မျက်နှာက ရှက်သွေးဖြန်းကာ ချက်ချင်း နီမြန်းသွားသည်။
ဝမ်ထောင် ရယ်ချင်သွားသော်လည်း ကားက စစ်ဆေးရေး ဂိတ်ကို ဖြတ်ရမည်ဖြစ်သဖြင့် သူမကို ထပ်မံ မစနောက်တော့ပေ။
နှစ်ဦးစလုံး ကားပေါ်မှဆင်းကာ ရိုးရှင်းသော စစ်ဆေးမှုကို ခံယူပြီးနောက် ဝမ်ထောင်က လူတစ်ယောက်ကို ကားဆေးခိုင်းလိုက်၏။ ကားရှေ့ပိုင်းတွင် ဇွန်ဘီသွေးများနှင့် အသားစများ ပေကျံနေသဖြင့် အလွန် ရွံရှာဖွယ်ကောင်းနေသည်။
"ဒီနေ့ ပင်ပန်းသွားပြီ၊ ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ဦး။ ဒီနှစ်ရက်အတွင်း ရခဲ့တဲ့ ပစ္စည်းတွေအတွက်တော့ စိတ်မပူပါနဲ့၊ ငါက အားလုံးကို တစ်ယောက်တည်း သိမ်းမယ့်လူမျိုး မဟုတ်ဘူး။ ငါ စာရင်းတွက်ပြီးရင် နင့်ကို ဝေစုပေးပါ့မယ်"
ဝမ်ထောင်က လှည့်ပြီး သူ၏နောက်မှ ဟန်ရွှေကို ပြောလိုက်သည်။
"အင်း..."
ဟန်ရွှေက ခေါင်းငုံ့ထားကာ အမြန် ထွက်သွားခဲ့၏။
ဝမ်ထောင် အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရသည်၊၊
ဟန်ရွှေက ဘာလို့ နည်းနည်း ထူးဆန်းနေရတာလဲ။
သူမ၏ မျက်နှာကလည်း နီမြန်းနေဆဲပင်။
ဟန်ရွှေသည် ဘက်စုံသုံးအဆောက်အဦးရှိ သူမ၏ ရုံးခန်းထဲသို့ ဝင်ပြီးနောက် တံတိုင်းကို ချက်ချင်း မှီလိုက်ပြီး ပူထူနေသော သူမ၏ ပါးပြင်ကို ကိုင်ကာ မျက်လုံးများတွင် ရှက်ရွံ့မှုများ ပြည့်နှက်နေ၏။
ခုနက နိုးလာချိန်တွင် သူမ မသိစိတ်ဖြင့် 'ယောက်ျား' ဟု ခေါ်မိခဲ့သည်။ ၎င်းက သူမကို ရှက်စေသည်မဟုတ်ဘဲ ရှက်စရာကောင်းသည်မှာ ထိုဝေဝါးနေသော အခြေအနေတွင် ပါးစပ်က ခင်ပွန်းဖြစ်သူကို ခေါ်နေသော်လည်း စိတ်ထဲတွင် ပေါ်လာသော ပုံရိပ်မှာ ဝမ်ထောင်၏ ပုံရိပ် ဖြစ်နေခြင်းပင်။
. "ဝမ်ထောင်။ နင် နောက်ဆုံးတော့ ပြန်ရောက်ပြီပေါ့"
ဝမ်ထောင် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်သောအခါ တင်ယွီချင်သည် အမြန် ပြေးလာပြီး သူ့ကို ဖက်ချင်သော်လည်း ဝမ်ထောင်က သူမ၏ နဖူးကို လက်ညိုးဖြင့် ဆီးထောက်ထားကာ လှမ်းတားခဲ့သည်။
သူ့ခန္ဓာကိုယ်က အတော်ပင် ညစ်ပတ်နေသဖြင့် အရင်ဆုံး ရေချိုးရမည် ဖြစ်၏။
တင်ယွီချင်က ဝမ်ထောင်ကို စူပုတ်ပုတ်ဖြင့် ကြည့်လိုက်သော်လည်း စိတ်အေးသွားရသည်။
ဝမ်ထောင်သည် မနေ့ကပင် ပြန်ရောက်ရမည် ဖြစ်၏။သို့သော် အခြားလူများ မနေ့က ပြန်ရောက်လာကြသော်လည်း ဝမ်ထောင်တစ်ယောက်သာ ပြန်မရောက်လာခဲ့ပေ။
ဝမ်ထောင်သည် ဝေါ်ကီတော်ကီမှတစ်ဆင့် အခြေစိုက်စခန်းသို့ ဆက်သွယ်ကာ အန္တရာယ်မရှိကြောင်း ပြောခဲ့သော်လည်း အပြင်တွင် ညအိပ်ညနေ နေထိုင်ခြင်း၏ စိုးရိမ်ရမှုက အလွန်ကြီးမားလွန်းလှ၏။
တင်ယွီချင်သည် ညက ကောင်းကောင်း မအိပ်ခဲ့ရပေ။ သူမသည် ယခုအခါ ရုပ်ပိုင်းဆိုင်ရာအရော စိတ်ပိုင်းဆိုင်ရာအရပါ ဝမ်ထောင်နှင့် ခွဲခွာ၍ မရတော့ကြောင်း ခံစားနေရသည်.။.. ဝမ်ထောင် ရေချိုး အဝတ်အစားလဲပြီး ထွက်လာသောအခါ တင်ယွီချင်သည် ဟင်းပွဲအချို့ ချက်ပြုတ်ထားသည်ကို တွေ့ရသည်။ သူမသည် ထမင်းစားပွဲတွင် သူ့ကို စောင့်နေ၏။
ဝမ်ထောင် ထွက်လာသည်ကို မြင်သောအခါ သူမက ထမင်းခူးပေးရန် ချက်ချင်း ထရပ်လိုက်သည်။
ဝမ်ထောင်က အနည်းငယ် အံ့ဩစွာဖြင့် ပြော၏။
"ဟင်။ ဒီဟင်းတွေက ငါတို့အိမ်မှာ ရှိတဲ့ဟာတွေ မဟုတ်ဘူးမလား"
"ဒီနေ့ ရိက္ခာဌာနမှာ အကျိုးပြုရမှတ်တွေနဲ့ သွားလဲထားတာ..."
တင်ယွီချင်က ရိုးရှင်းစွာ ရှင်းပြသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း အခြေစိုက်စခန်းမှ အပြင်သို့ ထွက်သွားကြသော လူတိုင်းနီးပါးသည် ရလဒ်ကောင်းများ ရရှိခဲ့ကြ၏။ အချို့လူများသည် ဟင်းသီးဟင်းရွက်နှင့် အသားများကိုပင် ရှာတွေ့ခဲ့ကြပြီး ၎င်းတို့ဘာသာ မစားရက်ဘဲ အကျိုးပြုရမှတ်များနှင့် လာရောက်လဲလှယ်ကြသည်။ ထိုအကျိုးပြုရမှတ်များသည် အစားအသောက်ကူပွန် အရေအတွက် ပိုမိုများပြားစွာ ဝယ်ယူနိုင်၏။ ဗိုက်ဝရန်အတွက်သာဆိုလျှင် အစားအသောက်ကူပွန်ဖြင့် လဲလှယ်သော အစားအစာများက ပိုမို တွက်ခြေကိုက်သည်။
ဝမ်ထောင်သည် ပြန်မလာမီ တင်ယွီချင်အား ဆက်သွယ်ခဲ့သဖြင့် တင်ယွီချင်က ထိုအစားအစာများကို သွားရောက်ဝယ်ယူကာ ကောင်းမွန်သော ညစာတစ်နပ် ပြင်ဆင်ထားခြင်း ဖြစ်၏။
"မရီး။ တကယ် ဒုက္ခများသွားပြီ"
ဝမ်ထောင်က ပြုံးပြီးနောက် ထပ်မံ မေးလိုက်သည်။
"မရီးဆီမှာ အကျိုးပြုရမှတ် ဘယ်လောက် ကျန်သေးလဲ"
"အဟမ်း..မကျန်တော့ဘူး..."
တင်ယွီချင်က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့်ဖြေ၏။
"ဒါဆို နောက်တစ်ခါ ပစ္စည်းတွေ သွားလဲရင် ငါ့ရဲ့ အကျိုးပြုရမှတ်တွေကိုပဲ တိုက်ရိုက် သုံးလိုက်ပါ"
"အာ။ အဲလိုလုပ်လို့ ရလား။ အကျိုးပြုရမှတ်တွေက လွှဲပြောင်းပေးလို့ မရဘူး မဟုတ်ဘူးလား..."
"ဘာမှမဖြစ်ပါဘူး။ ငါက မရီးအတွက် လဲပေးတာလို့ ပြောလိုက်ရင် ဘယ်သူမှ ဘာမှမပြောရဲပါဘူး။ ငါကိုယ်တိုင်လည်း လဲလို့ရပေမဲ့ သွားရမှာ ပျင်းလို့"
ဝမ်ထောင်က ပြုံးပြီး ခေါင်းခါလိုက်သည်။ ကော်မတီဝင်တစ်ဦး၏ မိသားစုဖြစ်သဖြင့် အခွင့်ထူးအချို့ ရှိသင့်သည်မဟုတ်ပါလား။ သူ့တွင် အကျိုးပြုရမှတ်များ အများအပြား ရှိနေပြီး သုံးစရာနေရာ မရှိ ဖြစ်နေ၏။
"အော်.. အင်း.."
တင်ယွီချင်၏ မျက်နှာတွင် ဝမ်းသာရိပ်များ ပေါ်လာသည်။
သူမသည် ဝမ်ထောင်၏ အကျိုးပြုရမှတ်များကို အထူးတလည် သုံးချင်၍မဟုတ်ဘဲ သူ၏ အပြုအမူက သူမကို အလွန် လုံခြုံမှုရှိစေသောကြောင့် ဖြစ်၏။ သူမသည် ဝမ်ထောင်အတွက် ဆွဲဆောင်မှုမရှိတော့မှာကို စိုးရိမ်ခဲ့သော်လည်း သူက သူမကို ကြိုက်နေဆဲ ဖြစ်ပုံရသည်။
ကောင်းမွန်သော ညစာတစ်နပ် စားသုံးပြီးနောက် တင်ယွီချင်သည် ဝမ်ထောင်၏ ပေါင်ပေါ်တွင် ထိုင်ကာ သူ၏ လည်ပင်းကို ဖက်ထားလိုက်၏။ သူမ၏ မျက်နှာက နီမြန်းနေပြီး သူ့ကို နက်ရှိုင်းသော အချစ်စိတ်ဖြင့် ကြည့်နေသည်။
"ဝမ်ထောင်"
သူမ၏ မျက်လုံးများကို ကြည့်လိုက်ရုံဖြင့် ဝမ်ထောင် သူမ ဘာကို လိုချင်သည်ကို ကောင်းကောင်း သိလိုက်၏။
ပြောရလျှင် ဝမ်ထောင်လည်း လိုချင်နေခဲ့သည်။ သူသည် ယနေ့ ပေါက်ကွဲဇွန်ဘီနှင့် တွေ့စဉ်က ဒဏ်ရာရရှိခဲ့ပြီး သွေးဘားတန်း အနည်းငယ် လျော့နည်းသွားခဲ့၏။ ယနေ့ညတွင် သူသည် သွေးဘားတန်းကို ကောင်းမွန်စွာ ပြန်လည်ပြည့်တင်းရန် တင်ယွီချင်ကို ရှာဖွေရမည် ဖြစ်သည်။
သို့သော် သွေးဘားတန်း မဖြည့်မီ ဝမ်ထောင်တွင် လုပ်စရာ အရေးကြီးသော ကိစ္စတစ်ခု ရှိသေးသည်။၎င်းမှာ ယခုတစ်ခေါက် ခရီးစဉ်မှ ရရှိသော ပစ္စည်းများကို စာရင်းဇယား ပြုလုပ်ရန် ဖြစ်၏။
ဝမ်ထောင်သည် အပြင်သို့ နှစ်ရက်ကြာ ထွက်ခဲ့ပြီး လေထီးပါသော လေထီးရိက္ခာစုစုပေါင်း ငါးခုကို ရှာဖွေတွေ့ရှိခဲ့သည်။
ပထမ၊ တတိယနှင့် စတုတ္ထမြောက် လေထီးပစ္စည်းများကို သူ အားလုံး ယူခဲ့၏။ ဒုတိယတစ်ခုမှာ ဗလာဖြစ်နေပြီး အနီးနားတွင် လူတစ်ယောက်က ငါးမျှားနေသဖြင့် ဝမ်ထောင် မချဉ်းကပ်ခဲ့ပေ။ ပဉ္စမမြောက် လေထီးပစ္စည်းမှာ ဝူဖေးတို့ လုယူခဲ့ကြပြီး ဗိုင်းရပ်စ်တားဆီးဆေး တစ်သေတ္တာသာ ကျန်ရစ်ခဲ့သောအရာ ဖြစ်သည်။
စုစုပေါင်းဆိုလျှင် ဝမ်ထောင်သည် ယခုတစ်ခေါက်တွင် ဗိုင်းရပ်စ်တားဆီးဆေး ၁၆ သေတ္တာ ရရှိခဲ့ပြီး တစ်သေတ္တာလျှင် ၂၀ ပုလင်း ပါဝင်သဖြင့် စုစုပေါင်း ၃၂၀ ပုလင်း ဖြစ်၏။
သူ့တွင် ရှိပြီးသား ၁၉ ပုလင်းနှင့် ပေါင်းလိုက်ပါက ယခုအခါ သူ့တွင် ဗိုင်းရပ်စ်တားဆီးဆေး စုစုပေါင်း ၃၃၉ ပုလင်း ရှိနေပြီ ဖြစ်သည်။
သူ့တွင် ထိုမျှများပြားသော ဗိုင်းရပ်စ်တားဆီးဆေးများ ရှိနေသော်လည်း လောလောဆယ်တွင် အသုံးမလိုသေးပေ။ အခြေစိုက်စခန်း၏ ကော်မတီဝင်တစ်ဦးအနေဖြင့် သူသည် စခန်းအတွက် တစ်ခုခု ပံ့ပိုးပေးရမည် ဖြစ်၏။
ထို့ကြောင့် ဟန်ရွှေကို ပေးရန် စီစဉ်ထားသော ဝေစုအပြင် ဝမ်ထောင်သည် အချို့ကို အခြေစိုက်စခန်း ဂိုဒေါင်သို့ ထည့်သွင်းရန် ရည်ရွယ်ထားသည်။ ၎င်းသည် အမဲလိုက်သမားများ အကျိုးပြုရမှတ်များ ရှာဖွေရန်အတွက် တွန်းအားတစ်ခု ဖြစ်လာပေလိမ့်မည်။
ဝမ်ထောင် ခန့်မှန်းမိသည်မှာ အခြားလူများသည်လည်း ဗိုင်းရပ်စ်တားဆီးဆေး အများအပြား ရရှိခဲ့ကြသဖြင့် အခြေစိုက်စခန်း၏ ထောက်ပံ့မှုက သေချာပေါက် အများကြီး တိုးလာလိမ့်မည် ဖြစ်၏။ ၎င်းတို့ကို အကျိုးပြုရမှတ် ၁၀၀,၀၀၀ နှင့် လဲလှယ်ရန် မသင့်တော်တော့ဘဲ ဈေးနှုန်း ကျဆင်းသွားနိုင်သည်။ သို့သော် ၎င်းသည် ရန်ကျဲ့တို့ စဉ်းစားရမည့်ကိစ္စ ဖြစ်ပြီး ဝမ်ထောင် စိုးရိမ်စရာ မလိုပေ။
ဗိုင်းရပ်စ်တားဆီးဆေးများအပြင် ဝမ်ထောင်သည် ဗီလာ (၃) ကိုလည်း ရှာဖွေခဲ့သဖြင့် အစားအစာ အနည်းငယ်ကိုလည်း တွေ့ရှိခဲ့သည်။
အချို့ကို ဟန်ရွှေအား ပေးပြီးနောက် ကျန်ရှိသော အစားအစာများကို သူ သိမ်းဆည်းထားလိုက်၏။ အိမ်ရှိ အစားအစာများကလည်း လျော့နည်းနေပြီ ဖြစ်သဖြင့် ဤအရာများသည် ရိက္ခာဖြည့်တင်းရန် အကောင်း ဆုံးဖြစ်သည်။
ထို့နောက်တွင် ယခုတစ်ခေါက် ခရီးစဉ်၏ အဓိကအချက်ဖြစ်သော ထူးကဲဇွန်ဘီအချို့ကို သတ်ဖြတ်ခြင်းမှ ရရှိသော ပစ္စည်းများ ရောက်လာ၏။
ထူးချွန်အရည်အသွေးရှိသော အော်ဟစ်အမြုတေတစ်ခု၊ အော်ဟစ်ခြင်းဆေးရည် ဖော်မြူလာတစ်ခုနှင့် အော်ဟစ်ခြင်းဆေးရည် နှစ်ပုလင်း၊ ထူးကဲအရည်အသွေးရှိသော တိကျစွာပစ်ခတ်ခြင်း အမြုတေတစ်ခု၊ ၎င်းနှင့် ကိုက်ညီသော မြှားများပါဝင်သည့် ရီကပ် လေးတစ်ခုနှင့် တိကျသောလက်ပစ်ဒူးလေးနှင့် လေးမြားများ ပြုလုပ်ခြင်း ဖော်မြူလာတစ်ခု၊ ကောင်းမွန်အရည်အသွေးရှိသော တုန်ခါလှိုင်းအမြုတေတစ်ခုနှင့် အားဖြည့်ဆေးရည် နှစ်ပုလင်း၊ ပြီးတော့ ထူးကဲအရည်အသွေးရှိသော ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေတစ်ခု... ဤအရာအားလုံးကို သူ စခန်းသို့မပြန်မီကပင် ရရှိခဲ့ခြင်း ဖြစ်သည်။
ပြန်လာမည့်လမ်းတွင် ဝမ်ထောင်သည် လမ်းကွေ့တစ်ခု၌ ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီနှင့် ရဲဇွန်ဘီတို့နှင့် တိုးခဲ့သည်။အံ့ဩစရာကောင်းစွာပင် ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီက ရဲဇွန်ဘီကို သေလုနီးပါး ဖြစ်အောင် ပေါက်ကွဲပစ်ခဲ့၏။
ဝမ်ထောင်သည် ထိုရဲဇွန်ဘီကို မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားနေခဲ့သော်လည်း ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဝမ်ထောင်သည် ကားပေါ်မှ ချက်ချင်းဆင်းကာ ရဲဇွန်ဘီကို အပြတ်ရှင်းပြီး ဇွန်ဘီနှစ်ကောင်စလုံးထံမှ ပစ္စည်းများကိုလည်း သိမ်းဆည်းခဲ့၏။
သကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီက အမြုတေတစ်ခုသာ ချပေးခဲ့ပြီး ယခုတစ်ခေါက်တွင် သူ၏ ကံက မကောင်းသဖြင့် အပြာရောင်အမြုတေတစ်ခု ဖြစ်နေသည်။
【အဆင့် ၁ အမြုတေ · ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း】
【အရည်အသွေး - ကောင်းမွန် (၄၀%)】
【သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး မရှိ)】
ဤတစ်ခုနှင့် ပေါင်းလိုက်ပါက ဝမ်ထောင်တွင် ယခုအခါ အရည်အသွေး ကောင်းမွန် (၄၀%)၊ သာလွန် (၆၀%) နှင့် ထူးကဲ (၈၀%) ရှိသော ကိုယ့်ကိုယ်ကိုဖျက်ဆီးအမြုတေ သုံးခု ရှိနေပြီ ဖြစ်သည်။
မူလက ဝမ်ထောင်သည် ဤကိုယ့်ကိုယ်ကိုဖျက်ဆီးအမြုတေများသည် သူ့အတွက် အသုံးမဝင်ဟု ခံစားခဲ့ရသော်လည်း ဝူဖေးက တစ်ခုကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး စွမ်းအင် ၁၀၀ ရရှိခဲ့သည်ကို သိလိုက်ရသောအခါ... ဝမ်ထောင်သည် ၎င်းတို့ကို အသုံးပြုရန် မှန်ကန်သော နည်းလမ်းကို ရှာတွေ့သွားသလို ရုတ်တရက် ခံစားလိုက်ရ၏။
၎င်းမှာ ကိုယ့်ကိုယ်ကိုဖျက်ဆီးအမြုတေကို စွမ်းအင်တိုးမြှင့်ရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုခြင်း ဖြစ်သည်။
ကိုယ့်ကိုယ်ကိုသတ်သေဇွန်ဘီများသည် တွေ့ရအများဆုံး ထူးကဲဇွန်ဘီများ ဖြစ်ကြပြီး အခြားထူးကဲဇွန်ဘီများနှင့်နှိုင်းယှဉ်လျှင် သတ်ရ အလွယ်ကူဆုံး ဖြစ်၏။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုဖျက်ဆီးအမြုတေများ ထွက်ရှိနှုန်းက အတော်ပင် မြင့်မားသည်ဟု ဆိုနိုင်၏။
ဝမ်ထောင်သည် လူတိုင်း ဤလှည့်ကွက်ကို သိသွားကြပါက လူအများအပြားသည် ကိုယ့်ကိုယ်ကိုဖျက်ဆီးအမြုတေများကို ပေါင်းစပ်ရန်ကြိုးစားလာလိမ့်မည်ဟု ခံစားရသည်။
ထို့ကြောင့် ဤအမြုတေများကို ရနိုင်သမျှ စုထားရမည် ဖြစ်၏။သို့သော် ဝမ်ထောင်ကတော့ ၎င်းကို ကိုယ်တိုင် သေချာပေါက် ပေါင်းစပ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် ပေါင်းစပ်နိုင်သော ဇွန်ဘီအမြုတေအမျိုးအစား အရေအတွက်က ကန့်သတ်ချက် ရှိသောကြောင့် ဖြစ်သည်။ ဝမ်ထောင်သည် သူ အများဆုံး နောက်ထပ် အမျိုးအစားနှစ်ခုသာ ပေါင်းစပ်နိုင်တော့မည်ဟု ခံစားရသဖြင့် သူ၏ နေရာလွတ်များကို အကောင်းဆုံးအရာများအတွက် ချန်ထားရမည် ဖြစ်၏။
ယခုခရီးအတွက်"အကောင်းဆုံးအရာ" ကမူ... သေနတ်ကိုင် ရဲဇွန်ဘီကို သတ်ဖြတ်ခြင်းမှ ရရှိခဲ့သော ပစ္စည်း ဖြစ်သည်။
ဝမ်ထောင် မထင်မှတ်ထားသည်မှာ သေနတ်ကိုင် ရဲဇွန်ဘီ ချပေးခဲ့သော အမြုတေသည်လည်း "တိကျစွာပစ်ခတ်ခြင်း" ဖြစ်နေခြင်း ဖြစ်၏။
【အဆင့် ၁ အမြုတေ · တိကျစွာပစ်ခတ်ခြင်း】
【အရည်အသွေး - ထူးကဲ (၄၀%)】
【သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - မျက်စိတစ်ဖက် ကွယ်ခြင်း)】
【တိကျစွာပစ်ခတ်ခြင်း - အချိန်ကာလအတွင်း သင်၏ ပစ်ခတ်မှု တိကျမှုကို သိသိသာသာ တိုးတက်စေသည်】
ဤအမြုတေသည် အောင်မြင်မှုနှုန်း ၄၀% သာရှိသော အပြာရောင် ကောင်းမွန်အရည်အသွေးတစ်ခုသာ ဖြစ်သော်လည်း ဝမ်ထောင်သည် ယခင်က လေးသမားဇွန်ဘီကို သတ်စဉ်က ၈၀% အောင်မြင်မှုနှုန်းရှိသော အနီရောင် ထူးကဲအရည်အသွေးရှိသည့် တိကျစွာပစ်ခတ်ခြင်း အမြုတေတစ်ခု ရရှိခဲ့ဖူးသည် မဟုတ်ပါလား။
၎င်းသည် သူက ၁၀၀% အောင်မြင်မှုနှုန်း၊ ၁၀၀% သန့်စင်မှုရှိပြီး ဘေးထွက်ဆိုးကျိုးမရှိသော ရွှေရောင် မော်ကွန်းဝင်အရည်အသွေး "တိကျစွာပစ်ခတ်ခြင်း" အမြုတေတစ်ခုကို ပေါင်းစပ်ဖန်တီးနိုင်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ဝမ်ထောင်သည် လေးသမားဇွန်ဘီများက ရှားပါးလှသဖြင့် နောက်ထပ် တိကျစွာပစ်ခတ်ခြင်း အမြုတေတစ်ခု ရရန် အချိန်အနည်းငယ် ကြာလိမ့်မည်ဟု မူလက ထင်ခဲ့သော်လည်း ဤနှစ်ရက်အတွင်းမှာပင် စုံလင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရဲရော လေးသမားပါ ပစ်ခတ်နိုင်ကြပြီး ပို၍ အရေးကြီးသည်မှာ ၎င်းတို့နှစ်ဦးစလုံးတွင် တာဝေးပစ်လက်နက်များ ရှိကြသဖြင့် တူညီသော အမြုတေအမျိုးအစားကို ချပေးခြင်းက ကျိုးကြောင်းဆီလျော်လှသည်၊၊
ဝမ်ထောင်သည် စိတ်လှုပ်ရှားနေစဉ်မှာပင် ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်းရှိ တိကျစွာပစ်ခတ်ခြင်း အမြုတေနှစ်ခုကို ပေါင်းစပ်လိုက်၏။
"ကောင်းမွန် ၄၀%" နှင့် "ထူးကဲ ၈၀%" ကို ပေါင်းစပ်ခြင်းက ၁၀၀% ထက် ကျော်လွန်သွားသဖြင့် ဖြုန်းတီးရာရောက်သည်ဟု ထင်ရသော်လည်း ဤအမြုတေအမျိုးအစားက အလွန် ရှားပါးလှပြီး ဝမ်ထောင်တွင် စောင့်ဆိုင်းရန် အချိန်မရှိပေ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် ယခုချက်ချင်း ပေါင်းစပ်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ဟင်းလင်းပြင်ကျောပိုးအိတ်အတွင်း၌ ရောင်စုံအလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် အသစ်စက်စက် လိမ္မော်ရောင်အမြုတေတစ်ခု ပေါ်လာခဲ့၏။
【အဆင့် ၁ အမြုတေ · တိကျစွာပစ်ခတ်ခြင်း】
【အရည်အသွေး - မော်ကွန်းဝင် (၁၀၀%)】
【သန့်စင်မှု - ၁၀၀% (ဘေးထွက်ဆိုးကျိုး - မရှိ)】
【တိကျစွာပစ်ခတ်ခြင်း - အချိန်ကာလအတွင်း သင်၏ ပစ်ခတ်မှု တိကျမှုကို သိသိသာသာ တိုးတက်စေသည်】
ဤမော်ကွန်းဝင်အမြုတေကို မြင်လိုက်ရသောအခါ ဝမ်ထောင် အလွန် ဝမ်းသာသွားသည်။
တိကျစွာပစ်ခတ်ခြင်း၏ အကြီးမားဆုံး အားနည်းချက်မှာ မျက်စိတစ်ဖက် ကွယ်သွားခြင်း ဖြစ်၏၊၊ ထိုဘေးထွက်ဆိုးကျိုးက အလွန် ကြောက်စရာကောင်းလှသည်။ အကယ်၍ မည်သူမဆို သိရှိပါက အမြုတေကို ရရှိလျှင်ပင် ပေါင်းစပ်ရဲကြလိမ့်မည်မဟုတ်ပေ။
ကံကောင်းစွာဖြင့် ဝမ်ထောင်သည် ၎င်းတို့ကို ပေါင်းစပ်ဖန်တီးနိုင်သဖြင့် မျက်စိကွယ်ခြင်း ဘေးထွက်ဆိုးကျိုး မရှိတော့ပေ။
ဝမ်ထောင်သည် ဤအမြုတေမှ ထွက်ပေါ်လာမည့် စွမ်းရည်သည် သူ၏ အသန်မာဆုံး ဖြစ်လာနိုင်သည်ဟု ခံစားရ၏.။
. "မရီး။ ငါ အမြုတေတစ်ခု ပေါင်းစပ်မလို့။ ငါ့ကို စောင့်ကြည့်ပေးဦး"
"အင်း"
၎င်းတို့နှစ်ဦးသည် ရေချိုးခန်းသို့ အတူတူသွားကြပြီး ရေချိုးကန်ထဲသို့ ရေများ ဖြည့်လိုက်ကြသည်။
ထို့နောက် ဝမ်ထောင်သည် အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ပြီး မော်ကွန်းဝင်အဆင့်အမြုတေကို တစ်လုပ်တည်းဖြင့် မျိုချလိုက်၏။
"ဟူး— ပူလိုက်တာ"
အမြုတေကို မျိုချပြီးနောက် ဝမ်ထောင်သည် တစ်ကိုယ်လုံး ပူလောင်လာပြီး နေရထိုင်ရ ခက်ခဲလာသည်ဟု ခံစားလိုက်ရသည်။
ကံကောင်းသည်မှာ ဝမ်ထောင်က ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်၏။ သူသည် သူ၏ အဝတ်အစားများကို အမြန်ချွတ်ကာ ရေချိုးကန်ထဲသို့ ခုန်ဝင်လိုက်သည်။
"ဝမ်ထောင်။ ဘယ်လိုနေလဲ"
တင်ယွီချင်က စိတ်ပူစွာဖြင့် မေးလိုက်သည်။
"အဆင်ပြေပါတယ်၊ နည်းနည်း ပူလို့... အပူချိန်တိုင်းကိရိယာ ယူပေးပါဦး"
တင်ယွီချင်က အပူချိန်တိုင်းကိရိယာကို အမြန်သွားယူကာ ဝမ်ထောင်ထံသို့ ကမ်းပေးလိုက်၏။
"နင် အရမ်း ပူနေတာပဲ..."
ဝမ်ထောင် စကားမပြောခဲ့ပေ။ သူသည် အပူချိန်တိုင်းကိရိယာကို ပါးစပ်ထဲတွင် ကိုက်ထားပြီး ခန္ဓာကိုယ်ကို ရေထဲသို့ နှစ်ထားလိုက်သည်။
မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးနောက် ဝမ်ထောင်က တင်ယွီချင်အား အပူချိန်တိုင်းကိရိယာကို ယူခိုင်းလိုက်၏။
"ဘုရားရေ။ နင်... နင့်အပူချိန်က ၅၀ ဒီဂရီကျော်နေပြီ..."
တင်ယွီချင် လန့်သွားသည်။ ဤအပူချိန်က သူ့ကို လောင်ကျွမ်းသွားစေနိုင်သည် မဟုတ်ပါလား။
သူမသည် ဝမ်ထောင်၏ လက်ကြီးကို အမြန်ဆုပ်ကိုင်လိုက်ပြီး မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေ၏။
ဝမ်ထောင်လည်း အနည်းငယ် အံ့ဩသွားသော်လည်း သူ၏ စိတ်အာရုံက ရှင်းလင်းနေဆဲ ဖြစ်သည်ဟု ခံစားရသဖြင့် အန္တရာယ်ရှိမည်မဟုတ်ပေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်တွင်းမှ ပူလောင်မှုများ လျော့ပါးသွားသည်ကို ခံစားလိုက်ရပြီး အနည်းငယ် မူးဝေနေသော စိတ်အာရုံကလည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။
ဝမ်ထောင် သူ၏ အချက်အလက်များကို စစ်ဆေးလိုက်၏။ သူ၏ သွေးဘားတန်းမှာ ၁၃၄၀ တွင် ပြောင်းလဲခြင်း မရှိပေ။ အစောပိုင်းက ရဲဇွန်ဘီကို သတ်ခဲ့သဖြင့် သွေးဘားတန်း ၅၀ တိုးလာခြင်း ဖြစ်သည်။
သူ၏ စွမ်းအင်ဘားတန်းက နောက်ထပ် ၁၀၀ တိုးလာပြီး ၄၀၀ သို့ ရောက်ရှိသွားကာ စွမ်းရည်အသစ်တစ်ခု ရရှိခဲ့သည်။၎င်းမှာ "တိကျစွာပစ်ခတ်ခြင်း" ဖြစ်၏။
"အောင်မြင်သွားပြီ "
-------