အခန်း ၁၀၆
Vol. 10 Ch. 106
အခန်း (၁၀၆) - လှည့်စားမှုအနည်းငယ်က လှည့်စားခြင်းမမြောက်ပါ
ယခုတစ်ကြိမ်တွင် ပေါင်းစပ်ခြင်း အောင်မြင်ခဲ့သော်လည်း ဝမ်ထောင်သည် ရင်တထိတ်ထိတ် ဖြစ်ကျန်ခဲ့၏။
ယခင်က သူသည် မိမိ၏ လက်ရှိအင်အားဖြင့် နောက်ထပ် မတူညီသော အမြုတေ တစ်လုံး သို့မဟုတ် နှစ်လုံးကို ထပ်မံပေါင်းစပ်ပါက ဆက်လက်တောင့်ခံနိုင်တော့မည်မဟုတ်ကြောင်း မရေမရာ ကြိုတင်သိရှိထားခဲ့သည်။ မဟုတ်ပါက တစ်ခုခု လွဲချော်သွားမည်ဟု ထင်နေမိ၏။ယခုမူ ထိုခံစားချက်က ဘာကိုဆိုလိုကြောင်း သူ အတိအကျ သိရှိသွားခဲ့လေပြီ။
ပထမဆုံးအကြိမ်အဖြစ် ဇွန်ဘီအမြုတေကို စတင်ပေါင်းစပ်စဉ်က သူသည် ဘာကိုမျှ မခံစားခဲ့ရဘဲ မျက်စိတစ်မှိတ်အတွင်း အောင်မြင်ခဲ့သည်။
ဒုတိယမြောက် မတူညီသော အမြုတေကို ပေါင်းစပ်ချိန်၌မူ သူ၏ ခန္ဓာကိုယ်သည် အနည်းငယ် ပူပြင်းလာသော်လည်း မသက်မသာ မဖြစ်ခဲ့ပေ။ ကုတင်ပေါ်တွင် ခဏမျှ လှဲလျောင်းနေရန်သာ လိုအပ်ခဲ့၏။
သို့သော် ယခု တတိယမြောက် မတူညီသော အမြုတေကို ပေါင်းစပ်ချိန်တွင်မူ သူ၏ ခန္ဓာကိုယ်သည် အလွန်ပူပြင်းလာပြီး ဖျားနာနေသကဲ့သို့ ခေါင်းမူးဝေလာခဲ့သည်။ အမှန်တကယ်လည်း သူ၏ ခန္ဓာကိုယ်အပူချိန်က ဆဲလ်စီးယပ် ၅၀ ဒီဂရီကျော်အထိ မြင့်တက်သွားခဲ့၏။
တကယ်လို့ သူကသာ စတုတ္ထမြောက် အမြုတေကို ထပ်မံပေါင်းစပ်မည်ဆိုပါက ခန္ဓာကိုယ်အပူချိန်သည် ယခုထက် ပိုမိုမြင့်တက်လာမည်မှာ အသေအချာပင်။ မည်မျှအထိ မြင့်တက်သွားမည်ကို သူ မတွေးရဲတော့ပေ။
ပဉ္စမမြောက် မတူညီသော အမျိုးအစားကို ပေါင်းစပ်ရန်မူ... ဝမ်ထောင်သည် သေများသေသွားမလားဟု ခံစားရ၏။ မိမိ၏ လက်ရှိအင်အားဖြင့် စတုတ္ထမြောက်ကို အောင်မြင်စွာ ပေါင်းစပ်နိုင်လျှင်ပင် ပဉ္စမမြောက်၌မူ အသေအချာ ကျရှုံးလိမ့်မည်ဟု သူ ယုံကြည်သည်။ ပေါင်းစပ်နေစဉ်အတွင်း ခန္ဓာကိုယ် အလိုအလျောက် မီးလောင်ကျွမ်းသွားခြင်းပင် ဖြစ်ပွားနိုင်၏။ ဝမ်ထောင်သည် ဘေးကင်းခြင်းကိုသာ ပိုမိုသဘောကျသဖြင့် မိမိ၏ အင်အားကို မြှင့်တင်ပြီးမှသာ မတူညီသော အမြုတေများကို ပေါင်းစပ်ရန် ဆုံးဖြတ်လိုက်သည်။ အမျိုးအစားတူ အမြုတေများ ပေါင်းစပ်ခြင်းအတွက်မူ ပြဿနာမရှိပေ။ အသုံးပြုနိုင်သော အမျိုးအစားတူအမြုတေများ ပြတ်လတ်မနေပါက သူ ရသလောက်ကိုပေါင်းစပ်ခဲ့သည်မှာ ကြာပြီဖြစ်၏။
သို့သော် ဝမ်ထောင်သည် အခြားသူများ မည်မျှအထိ ပေါင်းစပ်နိုင်သလဲ၊ မိမိကဲ့သို့ အများအပြား ပေါင်းစပ်နိုင်သူ ရှိသလားဟူသည်ကိုတော့ စူးစမ်းချင်စိတ် ဖြစ်ပေါ်နေမိသည်။
"ဝမ်ထောင်... နင်အဆင်ပြေရဲ့လား..."
မိမိကို တင်းကျပ်စွာ ဖက်ထားသော တင်ယွီချင်ကို ကြည့်ရင်း ဝမ်ထောင်က ပြုံးကာ ပြောလိုက်၏။
"မရီး... စိတ်မပူပါနဲ့၊ ငါအခု အဆင်ပြေသွားပါပြီ"
"ဟူး... စောစောက နင့်ခန္ဓာကိုယ်ကြီးက အရမ်းပူနေတာ၊ ငါ စကားပြောတာကိုလည်း ဘာမှပြန်မပြောဘူး... ငါ့မှာတော့ လန့်သေတော့မှာပဲ"
တင်ယွီချင်သည် လန့်ဖြန့်နေဆဲ ပုံစံရှိ၏။ တကယ်လို့ ဝမ်ထောင်က သူမကို ကြိုတင်သတိမပေးထားပါက သူမသည် ဆရာဝန်ကိုပင် ခေါ်မိတော့မည် ဖြစ်သည်။
တင်ယွီချင်၏ နဖူးပြင်ပေါ်မှ ချွေးစက်လေးများကို မြင်သောအခါ ဝမ်ထောင်သည် ရုတ်တရက် လက်ကိုဆန့်ထုတ်ပြီး သူမကို ရေချိုးကန်ထဲသို့ ဆွဲသွင်းလိုက်၏။
"အာ..."
"မရီးလည်း ချွေးတွေ အများကြီးထွက်နေတာပဲ။ ကျွန်တော်တို့ တူတူ ရေချိုးကြရအောင်"
အမြုတေကို ပေါင်းစပ်ပြီးနောက် ဝမ်ထောင်သည် မိမိ၏ စွမ်းအင်များ အလွန်အမင်း ပြည့်ဖြိုးနေသကဲ့သို့ ခံစားရသဖြင့် စွမ်းအင်အချို့ကို ထုတ်လွှတ်ရန် လိုအပ်နေ၏။
"နင်ကတော့ သိပ်ဆိုးတာပဲ..."
"အဲဒီလိုဆိုးနေတာကိုပဲ ချစ်နေတာမဟုတ်ဘူးလား"
"နေဦး..နင့်လက်ကြီးက"
...နောက်တစ်နေ့။
ဝမ်ထောင် နိုးလာသောအခါ တင်ယွီချင်သည် မနက်စာကို အဆင်သင့် ပြင်ဆင်ပြီးနေပြီ ဖြစ်၏။
"ဝမ်ထောင်... စားလို့ရပြီ"
ဝမ်ထောင်သည် တင်ယွီချင်၏ ကြိုးစားအားထုတ်တတ်သော အမူအကျင့်ကို သဘောကျသည်။မနက်စာ စားရင်း ဝမ်ထောင်သည် မိမိ၏ ဟင်းလင်းပြင်လွယ်အိတ်ကို စစ်ဆေးလိုက်၏။
မနေ့ညက ပေါင်းစပ်ခြင်း လုပ်ဆောင်ပြီးနောက် စွမ်းအင် ပြည့်ဝနေသော ဝမ်ထောင်သည် တင်ယွီချင်နှင့်အတူ ဘဝအကြောင်းကို နက်နက်ရှိုင်းရှိုင်း ဆွေးနွေးခဲ့သည်။ ဆွေးနွေးပြီးနောက် သူသည် မိုးလင်းသည်အထိ အိပ်ပျော်သွားခဲ့သဖြင့် မိမိရရှိထားသော ပစ္စည်းများကို သေချာမကြည့်ရသေးပေ။
သူ အလစ်ဝင်တိုက်ပြီး သတ်ဖြတ်ခဲ့သော သေနတ်ကိုင် ရဲဇွန်ဘီထံမှ ဇွန်ဘီအမြုတေအပြင် ပစ္စည်းအထုပ်တစ်ထုပ်နှင့် ပစ္စတိုကိုလည်း ရရှိခဲ့၏။
[ရဲသုံးပစ္စတို*၁] [၉ မီလီမီတာကျည်ဆန်*၁၀]
ရဲဇွန်ဘီ ချန်ထားခဲ့သော ပစ္စတိုထဲတွင် ကျည်ဆန် ၁၀ တောင့် ပါရှိသည်။ သို့သော် ဤပစ္စတိုသည် ၁၅ တောင့်ဆံ့ ကျည်အိမ်ဖြစ်သဖြင့် ဇွန်ဘီသည် ကျည်ဆန် ၅ တောင့် ပစ်ခတ်ခဲ့သည်ဟု ဆိုနိုင်၏။
ထိုဇွန်ဘီ၏ ပစ်ခတ်မှုက မည်မျှ တိကျမှုသည်ကိုတော့ သူ မသိရသေးပေ။ အကယ်၍ လေးသမားဇွန်ဘီနှင့်သာ တူညီပါက အလွန်ကြောက်စရာကောင်းလိမ့်မည်။ သေနတ်များသည် ဝေးလံသော အကွာအဝေးမှ သတ်ဖြတ်နိုင်ရုံသာမက ဆူညံသံလည်း အလွန်ကျယ်လောင်၏။ ကျည်ဆန် ၁၀ တောင့်က အနည်းငယ် နည်းပါးသော်လည်း ဝမ်ထောင်က စိတ်မပျက်ပါ။ အဘယ်ကြောင့်ဆိုသော် ဤကျည်ဆန်များကို ဟင်းလင်းပြင်လွယ်အိတ်ထဲတွင် သိမ်းဆည်းထားနိုင်သောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ မြားများကဲ့သို့ပင် အချိန်မရွေး၊ နေရာမရွေး ထုတ်ယူအသုံးပြုနိုင်၏။
အရေးကြီးသော အချိန်တွင် ၎င်းသည် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်သည်။ ဤအရာသည် လေးနှင့် မြားထက် ပို၍ဖွက်ရလွယ်ကူပြီး ကျည်အသင့် ထည့်ထားပြီးသားဖြစ်သဖြင့် ထုတ်လိုက်သည်နှင့် ချက်ချင်း အသုံးပြုနိုင်၏။
ဤပစ္စည်းနှစ်ခုအပြင် ဝမ်ထောင်သည် ရဲဇွန်ဘီကို သတ်ဖြတ်ခြင်းကြောင့် ပုံကြမ်းများနှင့် ဆေးရည်များကိုလည်း ရရှိခဲ့သေးသည်။
[၉ မီလီမီတာကျည်ဆန် ပုံကြမ်း*၁]
[အမြင်ကြည်လင်ဆေးရည် (အသေး) ပုံကြမ်း*၁]
[အမြင်ကြည်လင်ဆေးရည် (အသေး)*၂]
ကျည်ဆန်ပုံကြမ်း ရရှိလိမ့်မည်ဟု ဝမ်ထောင် မျှော်လင့်မထားခဲ့ပေ။ ဤအရာသည် အလွန်ကောင်းမွန်သော ပစ္စည်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ပုံကြမ်းမှ ပြုလုပ်သော ပစ္စည်းများကို ဟင်းလင်းပြင်လွယ်အိတ်ထဲတွင် သိမ်းဆည်းထားနိုင်သောကြောင့် ဖြစ်သည်။
[၉ မီလီမီတာကျည်ဆန် ပြုလုပ်ခြင်းပုံကြမ်း - ကျည်ဆန် အတောင့် ၁၀၀ ထုတ်လုပ်နိုင်သည်။ လိုအပ်သော ပစ္စည်းများ - ထက်မြက်သောဓားသွား*၁၀၊ သံတုံး*၁၀၊ ဓာတုပစ္စည်းများ*၁၀]
ကျည်ဆန် တောင့် ၁၀၀ စလုံးကို ဟင်းလင်းပြင်လွယ်အိတ်ထဲတွင် သိမ်းဆည်းထားနိုင်သဖြင့် ယခုမူ သူသည် ကျည်ဆန်ပြတ်လတ်မည်ကို စိုးရိမ်စရာမလိုတော့ပေ။
လက်ရှိအခြေအနေတွင် သူ သေနတ်အသုံးပြုရန် လိုအပ်မည်မဟုတ်သော်လည်း မသုံးခြင်းနှင့် မရှိခြင်းကမူ မတူညီပေ။
အမြင်ကြည်လင်ဆေးရည်သည် အမြင်အာရုံကို မြှင့်တင်ပေးနိုင်သော ဆေးရည်ဖြစ်၏။
[အမြင်ကြည်လင်ဆေးရည် (အသေး) ပုံကြမ်း - လေ့လာပြီးနောက် တစ်ကြိမ်လျှင် အမြင်ကြည်လင်ဆေးရည် (အသေး) ၅ လုံး ထုတ်လုပ်နိုင်သည်။ လိုအပ်သော ပစ္စည်းများ - အမြင်ကြည်လင်ဆေးမုန်လာဥ၊ ဇွန်ဘီအမြုတေ*၁၊ ရေသန့်*၁၀၀ မီလီလီတာ၊ ၁၀ ကယ်လိုရီ အစားအစာ]
ဤအမြင်ကြည်လင်ဆေးရည် ပုံကြမ်းသည် ယခင်ပုံကြမ်းများကဲ့သို့ပင် ဝမ်ထောင်သည် လေ့လာရုံသာ တတ်နိုင်သေးပြီး အဓိကပစ္စည်းများ လိုအပ်နေသေးသဖြင့် မထုတ်လုပ်နိုင်သေးပေ။
[အမြင်ကြည်လင်ဆေးရည် (အသေး) - ထိုးနှံပြီးနောက် အမြင်အာရုံသည် ၃ ဆမှ ၁၀ ဆအထိ မြင့်တက်လာမည် (မြှင့်တင်မှုအာနိသင်သည် မျက်စိကျန်းမာရေးပေါ်တွင် မူတည်သည်)၊ ၁ မိနစ် ကြာမြင့်မည်၊ နောက်တစ်ကြိမ်သုံးရန် စောင့်ဆိုင်းချိန် ၁၂ နာရီ]
အမြင်ကြည်လင်ဆေးရည်၏ ဖော်ပြချက်က အလွန်ကောင်းမွန်ပုံရသော်လည်း မည်သို့သော မြှင့်တင်မှုမျိုးလဲဆိုသည်ကိုမူ သူ သေချာမသိသေးပေ။ ပိုမိုဝေးလံစွာ မြင်တွေ့နိုင်မည်လား။ သို့မဟုတ် သတ်မှတ်ထားသော အကွာအဝေးအတွင်း ပိုမိုရှင်းလင်းလာမည်လား၊ သို့မဟုတ် ဘက်စုံမြင့်တက်လာမည်လား။
အခွင့်အရေးရပါက ဝမ်ထောင် စမ်းသပ်ကြည့်ချင်သော်လည်း လက်ရှိတွင် အမြင်ကြည်လင်ဆေးရည် နှစ်ပုလင်းသာ ရှိသဖြင့် လောလောဆယ် အလဟဿ မဖြုန်းတီးလိုသေးပေ။
သို့သော် ဤအရာသည် မျက်စိမှုန်သူများ သို့မဟုတ် မျက်စိအားနည်းသူများအတွက် အလွန်မမျှတဟု ဝမ်ထောင် ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် မြှင့်တင်မှုအာနိသင်သည် မျက်စိကျန်းမာရေးပေါ်တွင် မူတည်သောကြောင့် ဖြစ်သည်။ ကံကောင်းစွာဖြင့် သူ၏ မျက်စိများကမူ အဆင်ပြေ၏။
မနက်စာ စားပြီးနောက် တင်ယွီချင်သည် ပန်းကန်ဆေးရန် သွားခဲ့သည်။ ဝမ်ထောင်သည် အပြင်သို့ ချက်ချင်းမထွက်သေးဘဲ ပစ္စည်းများကို ထုတ်ယူကာ မိမိရရှိထားသော ပုံကြမ်းအားလုံးကို အသုံးပြုလိုက်၏။
အမြင်ကြည်လင်ဆေးရည် ပုံကြမ်းကိုမူ တိုက်ရိုက်လေ့လာနိုင်သဖြင့် သူ လေ့လာပြီးသွားပြီ ဖြစ်သည်။
အဓိကအားဖြင့် လက်ပစ်ဒူးလေး ပြုလုပ်ခြင်းပုံကြမ်း၊ လေးမြား ပြုလုပ်ခြင်းပုံကြမ်းနှင့် ကျည်ဆန် ပြုလုပ်ခြင်းပုံကြမ်းတို့ ဖြစ်၏။
[တိကျသောလက်ပစ်ဒူးလေး ပြုလုပ်ခြင်းပုံကြမ်း (ပြုလုပ်နိုင်သည်)*၁]
[လေးမြား ပြုလုပ်ခြင်းပုံကြမ်း (ပြုလုပ်နိုင်သည်)*၁]
[၉ မီလီမီတာကျည်ဆန် ပြုလုပ်ခြင်းပုံကြမ်း (ပြုလုပ်နိုင်သည်)*၁]
သက်ဆိုင်ရာ ပစ္စည်းများကို ထုတ်ယူပြီးနောက် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ဝမ်ထောင်၏ ရှေ့တွင် ပစ္စည်းသုံးမျိုး ပေါ်လာခဲ့၏။
ကျည်ဆန် အတောင့် ၁၀၀ သည် သာမန်ကျည်ဆန်များနှင့် ထူးမခြားနားပေ။ သို့သော် ၎င်းတို့ကို ဟင်းလင်းပြင်လွယ်အိတ်ထဲတွင် သိမ်းဆည်းထားနိုင်သဖြင့် ဝမ်ထောင်သည် ပထမဆုံးအနေဖြင့် ပစ္စတိုကျည်အိမ်ကို ဖြည့်လိုက်ပြီး ကျန်ရှိသည်များကို ဟင်းလင်းပြင်လွယ်အိတ်ထဲသို့ ထည့်လိုက်၏။
အဓိကအချက်မှာ တိကျသောလက်ပစ်ဒူးလေး ဖြစ်သည်။
ဤအရာသည် လေးနှင့် မြားအစုံကို အသုံးပြု၍ ပြုလုပ်ထားခြင်း ဖြစ်၏။
[တိကျသောလက်ပစ်ဒူးလေး - ကြာရှည်ခံနိုင်မှု +၂၀၊ တိုက်ခိုက်နိုင်စွမ်း +၁၀၊ တိကျမှု +၁၀]
ဤအရာသည် ဟန်ရွှေ၏ လက်ထဲမှ ဒူးလေးနှင့် အရောင်တူညီသော အနက်ရောင်ပြောင် လက်ပစ်ဒူးလေး ဖြစ်၏။ သို့သော် ဤဒူးလေးသည် ပိုမိုသေးငယ်ပြီး မှန်ပြောင်း မပါရှိပေ။
စွမ်းအားနှင့် အကွာအဝေးအရ ဤတိကျသောလက်ပစ်ဒူးလေးသည် ဟန်ရွှေ၏ လက်ထဲမှ စနိုက်ပါဒူးလေးလောက် ကောင်းမွန်မည်မဟုတ်သော်လည်း ပိုမိုအဆင်ပြေသည်ဟု ဝမ်ထောင် ခံစားရ၏။
အိမ်တွင် ဝမ်ထောင် ပေါက်ပုဆိန် လေ့ကျင့်စဉ်က အသုံးပြုခဲ့သော ပစ်မှတ်တစ်ခု ရှိသည်။ သူသည် ပစ်မှတ်ကို ခြံဝင်းထဲတွင် ထားရှိပြီးနောက် စမ်းသပ်လိုက်၏။ စွမ်းအားနှင့် တိကျမှုကို ခဏဖယ်ထားလျှင်ပင် သူ၏ လက်ထဲမှ လက်ပစ်ဒူးလေး၏ ပစ်ခတ်နှုန်းသည် အလွန်အမင်း မြန်ဆန်လှသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ထောင်သည် ခွန်အားဗလ ကောင်းမွန်သဖြင့် တစ်ချက်ပစ်ပြီးတိုင်း လေးကြိုးကို အမြန်ဆွဲကာ နောက်ထပ် လေးမြားတစ်စင်းကို ချက်ချင်း အလွယ်တကူ တင်နိုင်သောကြောင့် ဖြစ်၏။
လုပ်ငန်းစဉ်တစ်ခုလုံးသည် ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့်သာ ကြာမြင့်သည်။
သူ ပိုမိုကျွမ်းကျင်လာပါက ယခုထက်ပင် ပိုမိုတိုတောင်းသွားနိုင်၏။
ဝမ်ထောင်သည် ဤပစ်ခတ်နှုန်းကို အလွန်စိတ်ကျေနပ်သည်။ သေနတ်များနှင့် ယှဉ်လျှင် အလွန်ကြာမြင့်သော်လည်း ၎င်းသည် အသံလုံးဝမထွက်သဖြင့် ပိုမိုဘေးကင်း၏။ မနေ့က ဟန်ရွှေသည် ဝေးလံသောနေရာမှ ဇွန်ဘီများကို သတ်ဖြတ်ခဲ့သကဲ့သို့ပင် ဖြစ်သည်။ အသံမထွက်သရွေ့ သာမန်ဇွန်ဘီအားလုံးကို သတ်ဖြတ်လျှင်ပင် ၎င်းတို့သည် မည်သူပြုလုပ်သည်ကို သိရှိနိုင်မည်မဟုတ်ပေ။
ဤအရာသည် ကမ္ဘာပျက်ကပ်အတွင်း ရှင်သန်ရန်အတွက် အကောင်းဆုံးသော လက်နက်တစ်ခုပင် ။
ဝမ်ထောင်သည် မိမိ၏ လေးကို ထုတ်ယူကာ ကွာခြားချက်ကို ခံစားရန်အတွက် လက်ပစ်ဒူးလေးနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။ ထို့နောက် သူ၏ စွမ်းရည်အသစ်ဖြစ်သော တိကျသောပစ်ခတ်ခြင်းကို စတင်အသုံးပြုလိုက်၏။
ချက်ချင်းပင် ဝမ်ထောင်သည် ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ မျက်လုံးများသည် မှန်ပြောင်းနှင့် မှန်ဘီလူး ပေါင်းစပ်ထားသကဲ့သို့ ဖြစ်လာပြီး အကွာအဝေး မည်မျှပင်ရှိစေကာမူ အားလုံးကို တိကျရှင်းလင်းစွာ မြင်တွေ့နိုင်၏။
သူ၏ နားများသည် သေးငယ်သော အသံဗလံမျိုးစုံကို ကြားရသော်လည်း ဆူညံမနေဘဲ အလွှာလိုက် ရှင်းလင်းနေသည်။
သူ၏ အရေပြားသည် လေပြင်းအနည်းငယ်ကိုပင် ခံစားနိုင်ပြီး အပူချိန်ပြောင်းလဲမှုကိုလည်း အလွန် ထိခိုက်ခံစားလွယ်လာ၏။
သူ နားမလည်သော်လည်း မည်သို့အသုံးချရမည်ကို သိရှိသော ဗဟုသုတများ သူ၏ ဦးနှောက်ထဲတွင် ပေါ်လာခဲ့သည်။ ဝမ်ထောင်သည် လက်ပစ်ဒူးလေးကို ကောက်ကိုင်လိုက်၏။ သူ အကြိမ်များစွာ အသုံးမပြုဖူးသော်လည်း ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်ကို ရရှိနေသည်။
ရွှပ်—
ပစ်မှတ်အလယ်တည့်တည့်။
ရွှပ်—
နောက်ထပ် ပစ်မှတ်အလယ်တည့်တည့်။
ဝမ်ထောင်သည် လက်ပစ်ဒူးလေးကို ချထားလိုက်ပြီး လေ့ကျင့်ရန် အသုံးပြုသော ဒြပ်ပေါင်းလေးကို ကောက်ကိုင်လိုက်၏။
ရွှပ်—
ပစ်မှတ်အလယ်တည့်တည့်။
ပစ်မှတ်အလယ်တည့်တည့်။
ပစ်မှတ်အလယ်တည့်တည့်။
ဝမ်ထောင်သည် ဤလေးကို ချထားလိုက်ပြီး ဟင်းလင်းပြင်လွယ်အိတ်ထဲမှ အလွိုင်းသံမဏိဖြင့်လုပ်ထားသော ရီကပ်လေးကို ထုတ်ယူလိုက်၏။
သူ လေးကြိုးကို ဆွဲလိုက်သည်နှင့် ဤလေးသည် ပို၍ကြီးမားသော ခွန်အားလိုအပ်ကြောင်း သိလိုက်ရသည်။ လေးကြိုးကို ဆွဲကာ မြားတစ်စင်း တင်လိုက်၏။
ရွှပ်—
ဒုတ်..
ပစ်မှတ်အလယ်တည့်တည့်။
"လန်းတယ်"
ပစ်တိုင်းမှန်နေသော ဤခံစားချက်ကြောင့် ဝမ်ထောင်သည် ရုတ်တရက် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲလာခဲ့သည်။
ထူးကဲဇွန်ဘီများ၊ ဇွန်ဘီဘုရင်များ... ၎င်းတို့သည် သူ၏ ဆရာကျသောပစ်ချက်များကို တောင့်ခံနိုင်မလား သူ သိချင်မိသည်။ ဤအရာသည် တရားမမျှတသော လှည့်စားမှုမဟုတ်ပေ၊ ဤအရာသည် သူ၏ အင်အားတစ်ခုသာ ဖြစ်သည်။ လှည့်စားမှုအနည်းငယ်က လှည့်စားခြင်းမမြောက်ပါချေ။
သို့သော် ရုတ်တရက် ဝမ်ထောင်သည် အနည်းငယ် အိပ်ငိုက်လာသကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ စွမ်းအင်ဘားတန်းကို ကြည့်လိုက်ရာ တိကျသောပစ်ခတ်ခြင်း စွမ်းရည်ကို အမြန်ပိတ်လိုက်ရတော့သည်။
ဘုရားရေ၊ ထိုခဏအတွင်းမှာပင် သူ၏ စွမ်းအင် ၄၀၀ ထဲမှ ၃၀ သာ ကျန်ရှိတော့ပြီး ၃၇၀ မျှ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။
ထို့နောက် ဝမ်ထောင်သည် အချိန်ကို တွက်ချက်ကြည့်လိုက်သည်။
သူသည် နာကျင်စရာ ကောက်ချက်တစ်ခုကို ရရှိခဲ့၏။ တိကျသောပစ်ခတ်ခြင်းသည် တစ်စက္ကန့်လျှင် စွမ်းအင် ၁၀ ကုန်ဆုံးခြင်း ဖြစ်သည်။
သူ၏ စွမ်းအင် ၄၀၀ ဖြင့် သူသည် ၄၀ စက္ကန့်သာ တောင့်ခံနိုင်မည်။ ၄၀ စက္ကန့်က အလွန်တိုတောင်းလွန်းလှ၏။
ဤအရာသည် သူ၏ အခြားစွမ်းရည်ဖြစ်သော ကြေးအရေပြားနှင့် သံမဏိအရိုးထက် ဆယ်ဆမျှ ပိုမိုကုန်ဆုံးခြင်း ဖြစ်သည်။
သူသည် ဤစွမ်းရည်ကို အားကိုး၍ လွှမ်းမိုးနိုင်ရန် မျှော်လင့်ခဲ့သော်လည်း ယခုမူ ၎င်းကို အရေးကြီးသော အချိန် သို့မဟုတ် ပစ်မှတ်ကို အချိန်တိုအတွင်း ချက်ချင်းသတ်ဖြတ်လိုသည့် အချိန်တွင်သာ အသုံးပြုနိုင်တော့မည် ဖြစ်သည်။ လေးပစ်ကျွမ်းကျင်မှုကို လေ့ကျင့်ခြင်းကသာ အကောင်းဆုံးလမ်းစဉ် ဖြစ်၏။
သို့သော် ဤစွမ်းရည်၏ အလားအလာက အလွန်ကြီးမားသည်။ စွမ်းအင်ဘားတန်း တိုးတက်လာခြင်းသည် စွမ်းရည်တိုးတက်လာခြင်းကို ဆိုလို၏။နောင်တွင် သူ၏ စွမ်းအင်ဘားတန်းကို မြှင့်တင်ရန် နည်းလမ်းများစွာ ရှာဖွေရတော့မည် ဖြစ်သည်။
တိကျသောပစ်ခတ်ခြင်း၏ အတိအကျ အကွာအဝေးကိုမူ မသိရသေးပေ။ အကွာအဝေးနှင့် အတိုင်းအတာကို မစမ်းသပ်ရသေးခင်မှာပင် ဝမ်ထောင်၏ စွမ်းအင်များ ကုန်ဆုံးသွားခဲ့သောကြောင့် ဖြစ်၏။ လေးနှင့် ဒူးလေးကို ခေတ္တမျှ ဆော့ကစားပြီးနောက် ဝမ်ထောင်သည် လေးကို သိမ်းဆည်းလိုက်ပြီး တိကျသောလက်ပစ်ဒူးလေးကို သူ၏ ခါးတွင် ချိတ်ဆွဲလိုက်သည်။ သူ၌ အခြားရည်ရွယ်ချက်မရှိဘဲ ကြွားဝါချင်ရုံသာ ဖြစ်၏။
လေးမြား ၁၀၀ အနက် အများစုကို သူ၏ ဟင်းလင်းပြင်လွယ်အိတ်ထဲတွင် ထည့်ထားပြီး အနည်းငယ်ကိုသာ လူကိုယ်တိုင် ဆောင်ထားခဲ့သည်။
သူသည် တင်ယွီချင်ကို ခါးတွင်ချိတ်ဆွဲနိုင်ရန် လေးမြားအိတ်တစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့၏။ တင်ယွီချင်၏ လက်ရာက အလွန်ကောင်းမွန်သည်။
ဝမ်ထောင်သည် ဗိုင်းရပ်တားဆီးဆေးအချို့နှင့် လေးတစ်လက်ကို ခြင်းတောင်းထဲသို့ ထည့်လိုက်ပြီးနောက် ခြင်းတောင်းကို ပုခုံးတွင်လွယ်ကာ အဆောက်အအုံပေါင်းစုံသို့ ထွက်ခွာခဲ့တော့သည်။
အပေါ်ဆုံးထပ်၊ ကော်မတီအစည်းအဝေးခန်း။
"ဟာဟာ၊ ဝမ်ထောင် အဆင်ပြေမှာကို ငါ သိပြီးသားပါ။ သူ့ကိုကြည့်ဦး၊ အားအင်တွေ ပြည့်ဝနေတာပဲ"
ဝမ်ထောင် ရောက်ရှိလာသည်ကို မြင်သောအခါ ဝေကျန့်ကော်က အခြားသူများကို ရယ်မောကာ ပြောလိုက်၏။
၎င်းတို့၏ ပြုံးရွှင်နေသော မျက်နှာများကို ကြည့်ရင်း ဝမ်ထောင်သည် လွန်ခဲ့သော နှစ်ရက်အတွင်း ၎င်းတို့လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ကြောင်း ခန့်မှန်းမိလိုက်သည်။
"ဟင်"
လူကန်းသည် မျက်စိလျင်သော စနိုက်ပါသမားတစ်ဦး ဖြစ်သဖြင့် ဝမ်ထောင်၏ ခါးတွင် ချိတ်ဆွဲထားသော လက်ပစ်ဒူးလေးကို ချက်ချင်း မြင်တွေ့သွားခဲ့၏။
"ဒူးလေးလား။ ဒါက ပစ္စည်းကောင်းပဲ။ ငါ တစ်ချက်လောက် ကြည့်လို့ရမလား"
သူ၏ စကားကြောင့် အခြားသူများ၏ အာရုံစိုက်မှုကိုလည်း ရရှိသွားခဲ့သည်။
ဝမ်ထောင်သည် လက်ပစ်ဒူးလေးကို လူကန်းထံသို့ ရက်ရက်ရောရော ကမ်းပေးလိုက်၏။
လူကန်းသည် ၎င်းကို ကိုင်တွယ်ရင်း လက်မှမချချင်လောက်အောင် ဖြစ်သွားခဲ့သည်။
သူသည် သေနတ်ကို အားကိုး၍ အသက်မွေးသော စနိုက်ပါသမားတစ်ဦး ဖြစ်သော်လည်း ကံဆိုးစွာဖြင့် ယခုအခါ အပြင်တွင် ရူးသွပ်ဇွန်ဘီများ အလွန်မတရားများပြားနေသဖြင့် သူ သေနတ်ကို စိတ်ကြိုက် မပစ်ခတ်ရဲပေ။ ဤအရာက သူ၏ အင်အားထက်ဝက်ကျော်ကို ထိရောက်စွာ ပိတ်ပင်ထားသကဲ့သို့ ဖြစ်နေ၏။
တကယ်လို့ သူ့မှာ ဒူးလေးတစ်လက် ရှိပါက... သို့သော် ဒူးလေးသည် မည်သူမဆို အလွယ်တကူ အသုံးပြုနိုင်ပြီး အသုံးဝင်သော ပစ္စည်းဖြစ်၏။ သူ လိုချင်သော်လည်း တောင်းဆိုရန် ရှက်ရွံ့နေမိသည်။
ဝမ်ထောင်သည် လူကန်း၏ မျက်လုံးများထဲမှ လိုလားတောင့်တမှုကို အလိုအလျောက် မြင်တွေ့ရသဖြင့် ပြုံးလိုက်၏။
"မင်း ဒါကို သဘောကျလို့လား"
"ဒါပေါ့။ ဒူးလေးကို ဘယ်သူက မကြိုက်ဘဲ နေမှာလဲ။ ငါလို ပရော်ဖက်ရှင်နယ် စနိုက်ပါသမားကို ထားလိုက်ဦး၊ သာမန်လူတစ်ယောက်တောင် ဒီလိုဒူးလေးရှိရင် ဇွန်ဘီတွေကို အမဲလိုက်နိုင်တယ်"
လူကန်းသည် ဖုံးကွယ်မထားဘဲ အားကျသော မျက်နှာဖြင့် ပြောလိုက်၏။
"တကယ်လို့ မင်း သဘောကျရင်..."
ဝမ်ထောင်က စကားကို တမင်ဖြတ်လိုက်သည်။
လူကန်း၏ မျက်လုံးများ လင်းခနဲ ဖြစ်သွား၏။ ဝမ်ထောင်က သူ့ကို ပေးတော့မည်လား။ ထိုသို့ဆိုလျှင် အလွန်အားနာစရာ ကောင်းလိမ့်မည်။
သို့သော် ထင်ရှားသည်မှာ သူ အလွန်အကျွံ တွေးတောနေခြင်း ဖြစ်၏။
"ငါ မင်းကို ဒါနဲ့ဆင်တူတဲ့ ပစ္စည်းတစ်ခု ပေးနိုင်ပါတယ်။ ၎င်းက ဒူးလေးလောက် အသုံးပြုရ မလွယ်ကူပေမယ့် မင်းအတွက်တော့ ပြဿနာရှိမှာမဟုတ်ပါဘူး"
ထိုသို့ပြောပြီးနောက် ဝမ်ထောင်သည် မိမိယူဆောင်လာသော အိတ်ထဲမှ လေးတစ်လက်ကို ထုတ်ယူကာ လူကန်းထံသို့ ကမ်းပေးလိုက်၏။
"ဝိုး... အမဲလိုက်ဒြပ်ပေါင်းလေးပဲ"
လူကန်းက အံ့သြတကြီး ရေရွတ်လိုက်သည်။
ဝမ်ထောင်သည် မျက်ခုံးပင့်လိုက်မိ၏။ လူကန်းသည် အမှန်တကယ်ပင် ပစ္စည်းအကြောင်းသိနားလည်သူ ဖြစ်သည်။
အသုံးပြုမှုအပိုင်းတွင် ခေတ်မှီဒြပ်ပေါင်းလေးများကို ယေဘုယျအားဖြင့် အမဲလိုက်လေးနှင့် ပြိုင်ပွဲဝင်သုံးလေးဟူ၍ ခွဲခြားနိုင်၏။
နာမည်အတိုင်းပင် တစ်ခုက အမဲလိုက်ရန်ဖြစ်ပြီး အခြားတစ်ခုက ပြိုင်ပွဲအတွက် ဖြစ်သည်။
ပြိုင်ပွဲဝင်သုံးလေးများသည် တိကျမှုကိုသာ အဓိကထားပြီး အခြားအရာအားလုံးကို စွန့်လွှတ်ထား၏။ ဤကဲ့သို့သော လေးမျိုးသည် လက်တွေ့တိုက်ပွဲအတွက် သိပ်မသင့်တော်ပေ။
အမဲလိုက်လေးများသည်မူ ကွာခြားသည်။ ၎င်းတို့သည် တိကျမှု၊ မြားအရှိန်၊ သယ်ဆောင်ရလွယ်ကူမှုနှင့် အခြားသော အချက်များကို ဟန်ချက်ညီညီ လုပ်ဆောင်ထား၏။ လက်တွေ့တိုက်ပွဲအတွက် ပိုမိုသင့်တော်သည်။
ကမ္ဘာပျက်ကပ်အတွင်း ရွေးချယ်စရာရှိပါက အမဲလိုက်လေးကိုသာ အသေအချာ ရွေးချယ်ရမည် ဖြစ်၏။
ဝမ်ထောင်သည် ဗီလာနံပါတ် ၃ ထံမှ လေးလေးလက် ရရှိခဲ့ပြီး သုံးလက်မှာ အမဲလိုက်လေးများ ဖြစ်ကြသည်။ ၎င်းထဲတွင် ဇွန်ဘီချန်ထားခဲ့သော အလွိုင်းသံမဏိဖြင့်လုပ်ထားသော ရီကပ်လေးလည်း ပါဝင်၏။ ပြိုင်ပွဲဝင်သုံး လေးက တစ်လက်သာ ပါရှိသည်။
ထင်ရှားသည်မှာ ဗီလာပိုင်ရှင်သည် ပြိုင်ပွဲဝင်ကစားရုံသာမက အမဲလိုက်ခြင်းကို ပိုမိုသဘောကျခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သူ့တွင် အမဲလိုက်ရန်အတွက် သီးသန့်ဖြစ်သော စနိုက်ပါဒူးလေးလည်း ရှိနေသောကြောင့် ဖြစ်သည်။
ဝမ်ထောင် စောစောက တိကျသောလက်ပစ်ဒူးလေးကို ပြုလုပ်စဉ်က ထိုပြိုင်ပွဲဝင်သုံးလေးကို ပစ္စည်းအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်၏။
အလွိုင်းသံမဏိဖြင့်လုပ်ထားသော ရီကပ်လေးသည် သူ၏ ဟင်းလင်းပြင်လွယ်အိတ်ထဲတွင် ရှိနေပြီး သူ့တွင် အမဲလိုက်ဒြပ်ပေါင်းလေး နှစ်လက် ကျန်ရှိနေသေးသည်။ သူသည် မိမိလေ့ကျင့်ရန်အတွက် တစ်လက်ကို သိမ်းဆည်းထားပြီး အခြားတစ်လက်ကို လူကန်းအား ပေးရန် စီစဉ်ခဲ့ခြင်း ဖြစ်၏။
လူကန်းသည် ထူးချွန်သော စနိုက်ပါသမားတစ်ဦး ဖြစ်သဖြင့် လေးနှင့်မြားကို မည်သို့အသုံးပြုရမည်ကို သိရှိလိမ့်မည်ဟု ခန့်မှန်းရသည်။ တကယ်လို့ မသိလျှင်ပင် သူ လေ့လာနိုင်၏။
သို့သော် လူကန်းသည် ဝမ်ထောင် ခန့်မှန်းထားသည်ထက် ပိုမိုသိရှိနေသည်။
"မင်း လေးအတတ်ကို သိတာပဲ။ ဒါဆိုရင် အဆင်ပြေတာပေါ့။ ငါ ိလေးကို မင်းကို ပေးမယ်။ ငါက မြားပစ်တာကို သိပ်မကျွမ်းကျင်တော့ လက်ပစ်ဒူးလေးကိုပဲ ငါ့အတွက်သိမ်းထားလိုက်မယ်"
ဝမ်ထောင်က ပြုံးကာ ပြောလိုက်၏။
လူကန်းသည် စိတ်လှုပ်ရှားစွာဖြင့် ဒြပ်ပေါင်းလေးကို ယူဆောင်ကာ ခေါင်းခါလိုက်သည်။
" လေးပစ်ပညာကိုတော့ ငါ သိပ်မသိပါဘူး။ ငါသိတာကတော့ ငါ့တပ်ဖွဲ့မှာ လေးပစ်ပြိုင်ပွဲတွေ ရှိခဲ့ပြီး ငါက ပထမဆုကို အကြိမ်အနည်းငယ် ရရှိခဲ့ဖူးတာပဲ"
"မိုက်တယ်"
ဝမ်ထောင်က သူ့ကို လက်မထောင်ပြလိုက်၏။
"မင်း ဒါကို ငါ့ကို တကယ်ပေးတာလား။ ဒါက ပစ္စည်းကောင်းပဲ။ ကမ္ဘာမပျက်ခင်ကဆိုရင် ဈေးမနည်းလောက်ဘူး၊ ငါဆိုရင် ကြည့်တောင်မကြည့်ရဲတဲ့ အမျိုးအစားပဲ..."
လူကန်းသည် ဝမ်ထောင်ကို ထပ်မံကြည့်လိုက်၏။ သူ အလွန်သဘောကျသော်လည်း အခြားသူ တန်ဖိုးထားသော ပစ္စည်းကိုမူ မယူလိုပေ။
"စိတ်မပူပါနဲ့၊ ငါ့အိမ်မှာ ဒါနဲ့ဆင်တူတဲ့ လေးနောက်တစ်လက် ရှိပါသေးတယ်။ ငါ့မှာ လေးရော ဒူးလေးရော ရှိနေတာဆိုတော့ ဤတစ်လက် မရှိလည်း ပြဿနာမရှိပါဘူး"
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
လူကန်း၏ မျက်နှာထက်မှ အပြုံးသည် ပိုမိုတောက်ပလာခဲ့သည်။
"ဒါရှိရင်တော့ ငါ့ရဲ့ အင်အားက လျော့နည်းသွားမှာမဟုတ်တော့ဘူး၊ ငါ ဇွန်ဘီတွေကို ပြန်ပြီး အမဲလိုက်နိုင်ပြီ။ ခဏနေရင် ငါတို့ အပြင်ထွက်ပြီး စမ်းသပ်ကြည့်ကြမလား။ ငါ ကြွားတာမဟုတ်ဘူး၊ ငါ့ရဲ့ လေးပစ်ကျွမ်းကျင်မှုနဲ့ဆိုရင် ဇွန်ဘီတွေကို အမဲလိုက်တာက စနိုက်ပါရိုင်ဖယ် သုံးတာထက်မနည်း တိကျမှာ အသေအချာပဲ"
"ပြဿနာမရှိဘူး"
ဝမ်ထောင်က ပြုံးကာ ခေါင်းညိတ်လိုက်၏။ လူကန်းသည် အစစ်အမှန် စနိုက်ပါသမားတစ်ဦး ဖြစ်ပြီး သူ၏ ပစ်ခတ်မှုစွမ်းရည်သည် ဟန်ရွှေထက် များစွာ ပိုမိုသန်မာသည်။ လူကန်း လေးနှင့် မြားကို ကိုင်ဆောင်ကာ မည်မျှအထိ သန်မာလာမည်ကို သူ မျှော်လင့်နေမိသည်။
အခြားသော ကော်မတီဝင်များသည်လည်း လူကန်း လေးနှင့် မြား ရရှိသွားသည်ကို မြင်တွေ့ရသဖြင့် အလွန်ဝမ်းမြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော် လူကန်း၏ အင်အားတိုးတက်လာခြင်းသည် အခြေစိုက်စခန်းတစ်ခုလုံး၏ အင်အားတိုးတက်လာခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
"ဝမ်ထောင်... မင်း အခုတစ်ခေါက် အကျိုးအမြတ်တွေ အများကြီး ရခဲ့တာပဲ။ လေးတွေနဲ့ ဒူးလေးတွေကိုပါ ရအောင် ယူနိုင်ခဲ့တယ်..."
ရန်ကျဲ့က ပြုံးကာ မေးမြန်းလိုက်၏။
"အဆင်ပြေပါတယ်။"
ဝမ်ထောင်သည် ခြင်းတောင်းကို မတင်ကာ အစည်းအဝေးခန်း စားပွဲပေါ်တွင် တင်လိုက်၏။
ရှန့်ဟုန်ပင်းသည် ၎င်းကို ဖွင့်ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှုလိုက်မိသည်။
"ဝိုး... ဗိုင်းရပ်တားဆီးဆေးတွေ အများကြီးပဲ"
ဝမ်ထောင်တွင် စုစုပေါင်း ဗိုင်းရပ်တားဆီးဆေး ၃၃၉ ပုလင်း ရှိပြီး သူသည် ပုလင်း ၁၀၀ ကို တိုက်ရိုက် ထုတ်ပေးလိုက်ခြင်း ဖြစ်၏။
မိမိလက်ထဲတွင် အလွန်အကျူးသိမ်းဆည်းထားခြင်းက အသုံးမဝင်ပေ။ ၎င်းတို့ကို ထုတ်ယူကာ အကျိုးရှိစွာ အသုံးပြုစေခြင်းက ပိုမိုကောင်းမွန်သည်။
အဆုံးသတ်တွင် ဝမ်ထောင်သည် အခြားသူများ၏ လက်ထဲမှ အမြုတေများကိုလည်း လိုချင်သဖြင့် မိမိက ဘာမျှမပေးဘဲ အမြဲတမ်း ယူဆောင်နေ၍ မရပေ။
ထို့အပြင် ဝမ်ထောင်က ဗိုင်းရပ်တားဆီးဆေးများကို အခြေစိုက်စခန်းမှ ရှင်သန်ကျန်ရစ်သူများအား အလကား ပေးကမ်းခြင်းမျိုး မဟုတ်ပေ။
သူ ထုတ်ပေးလိုက်သော ပစ္စည်းများသည် နာမည်အရ အခြေစိုက်စခန်းတစ်ခုလုံးနှင့် သက်ဆိုင်သော်လည်း အခြားသူများ အသုံးပြုလိုပါက လျှောက်ထားရမည် ဖြစ်ပြီး ခွင့်ပြုမပြုကိုမူ ဝမ်ထောင်က ဆုံးဖြတ်မည် ဖြစ်သည်။ ဤအရာသည် ယခင်က အခြေစိုက်စခန်းအတွင်း ဗိုင်းရပ်တားဆီးဆေးများကို ကိုင်တွယ်ခဲ့သော နည်းလမ်းဖြစ်၏။ ဝေကျန့်ကော် ယူဆောင်လာခဲ့သော ဗိုင်းရပ်တားဆီးဆေးများသည်လည်း ဝေကျန့်ကော်၏ အသုံးပြုပိုင်ခွင့်အောက်တွင်သာ ရှိနေဆဲ ဖြစ်သည်။
ဉာဏ်မြော်မြင်မှုအရ ဝမ်ထောင်သည် ဤကဲ့သို့သော သေးငယ်သော ကိစ္စရပ်များကို စိတ်ရှုပ်ခံမည်မဟုတ်ပေ။ ရန်ကျဲ့က သူ့အတွက် အားလုံးကို ရှင်းလင်းစွာ အစီရင်ခံသရွေ့ ၎င်းတို့ကို ရန်ကျဲ့အား ကိုယ်စား စီမံခန့်ခွဲခွင့် ပေးအပ်မည် ဖြစ်သည်။
"ဗိုင်းရပ်တားဆီးဆေးတွေ အများကြီးရှိရင်တော့ ငါတို့ အားလုံးရဲ့ စိတ်အားထက်သန်မှုကို ပြန်ပြီး လှုံ့ဆော်ပေးနိုင်ပြီ"
ရန်ကျဲ့က ဝမ်းမြောက်စွာ ပြောလိုက်၏။
"အရင်က လေထီးချပစ္စည်းတွေထဲမှာ ဗိုင်းရပ်တားဆီးဆေးတွေ မရခဲ့ဘူးလား"
ဝမ်ထောင်က အနည်းငယ် အံ့သြစွာ မေးမြန်းလိုက်သည်။
"ရတယ်၊ ဒါပေမယ့် စုစုပေါင်း ပုလင်း ၃၀၀ ပဲ ရခဲ့တာ။ မင်းတစ်ယောက်တည်းတင် ပုလင်း ၁၀၀ ယူလာပေးတာဆိုတော့..."
ဖုန်းမင်အန်းက ပုခုံးတွန့်ပြလိုက်၏။
ဤကိစ္စနှင့် ပတ်သက်၍ ရှန့်ဟုန်ပင်းသည် အနည်းငယ် စိတ်ပျက်နေပုံရသည်။
"တောက်။ ပုံမှန်ဆိုရင် ရွှေကျဲခရိုင်မှာ ရှင်သန်ကျန်ရစ်သူတွေ အများကြီး မရှိဘူးလို့ ထင်ရတာ။ ဒါပေမယ့် လေထီးချပစ္စည်းတွေကို သွားကောက်တဲ့ အခါကျတော့မှ လူတွေက နေရာတိုင်းမှာ ရှိနေသလိုပဲ"
လူကန်းက ၎င်းတို့သည် အဖွဲ့ငယ်အနည်းငယ် ခွဲကာ နှစ်ရက်တိုင်တိုင် အပြင်တွင် အချိန်ဖြုန်းခဲ့သော်လည်း ဗိုင်းရပ်တားဆီးဆေးများ ပါဝင်သော လေထီးပုံး သုံးပုံးသာ ရှာတွေ့ခဲ့ကြောင်း ရှင်းပြခဲ့၏။ အခြားသော သေတ္တာများတွင်မူ အစားအစာနှင့် အခြားသော ထောက်ပံ့ရေးပစ္စည်းများသာ ပါဝင်ပြီး သို့မဟုတ် အခြားသူများ ဖွင့်ဖောက်ပြီးသား ဖြစ်နေကြသည်။
ပုလင်း ၃၀၀ က မနည်းသော်လည်း ၎င်းတို့သည် လေထီးသေတ္တာ အများအပြားနှင့် ကြုံတွေ့ခဲ့ရသဖြင့် အားလုံးက နှမြောတသ ဖြစ်နေကြခြင်း ဖြစ်၏။
ရှန့်ဟုန်ပင်းနှင့် အခြားသူများသည် မိမိတို့အတွက် ပုလင်း ၂၀၀ သိမ်းဆည်းထားပြီး ကျန်ရှိသော ပုလင်း ၁၀၀ ကို ထုတ်ပေးခဲ့သည်။ ဝမ်ထောင်၏ ပုလင်း ၁၀၀ နှင့် ယခင်က အခြေစိုက်စခန်းတွင် ရှိနေသော ၄၀ ပုလင်းတို့ ပေါင်းစပ်လိုက်ပါက ယခုအခါ စုစုပေါင်း ဗိုင်းရပ်တားဆီးဆေး ၂၄၀ ပုလင်း ရှိနေပြီ ဖြစ်၏။
ရန်ကျဲ့သည် ဤဗိုင်းရပ်တားဆီးဆေးများကို အသုံးပြု၍ အခြေစိုက်စခန်း၏ အင်အားကို မည်သို့မြှင့်တင်ရမည်ကို တွေးတောနေပြီ ဖြစ်သည်။ လူအများစုသည် အပြင်ထွက်၍ ထောက်ပံ့ရေးပစ္စည်း ရှာဖွေရန် ကြောက်ရွံ့နေကြသော်လည်း အကယ်၍ ၎င်းတို့တွင် ဗိုင်းရပ်တားဆီးဆေး အကာအကွယ် ရှိနေပါက ရှင်သန်ကျန်ရစ်သူ အများအပြားသည် မုဆိုးများ ဖြစ်လာကြလိမ့်မည်ဟု ခန့်မှန်းရ၏။ ဗိုင်းရပ်တားဆီးဆေးများအပြင် အခြေစိုက်စခန်း အဖွဲ့ဝင်များသည် ယခုတစ်ကြိမ်တွင် ထောက်ပံ့ရေးပစ္စည်း အများအပြား ရှာဖွေတွေ့ရှိခဲ့ပြီး ရှင်သန်ကျန်ရစ်သူအချို့ကိုလည်း ခေါ်ဆောင်လာခဲ့ကြသည်။ ခြုံငုံပြောရလျှင် ၎င်းသည် ကြီးမားသော အကျိုးအမြတ်တစ်ခုပင် ဖြစ်၏။
ရှင်သန်ကျန်ရစ်သူများအကြောင်း ပြောရင်း ဝမ်ထောင်သည် အခွင့်အရေးကို အသုံးချကာ ကောဟွာတို့အဖွဲ့ကို သွားရောက်ခေါ်ဆောင်ရန် လူလွှတ်ရန်အတွက် စီစဉ်လိုက်တော့သည်။
----------