← Chapters

အခန်း ၁၀၇

Vol. 10 Ch. 107

အခန်း ၁၀၇

Vol. 10 Ch. 107

အခန်း (၁၀၇) - အမြုတေအသစ်နှင့် ပြန်ပေးဆွဲခြင်း

"အသက်ရှင်ကျန်ရစ်သူတစ်စုကို သွားခေါ်ရမှာလား။ ပြဿနာမရှိပါဘူး၊ ငါ စီစဉ်ပေးပါ့မယ်။ ဒါပေမဲ့ သူတို့ ဘယ်တော့ သွားနိုင်မလဲဆိုတာတော့ ငါ သေချာမပြောနိုင်ဘူး။ မင်းသိတဲ့အတိုင်း ကပ်ဘေးကာလမှာ မတော်တဆမှုတွေက အရမ်းများတာကိုး"

အသက်ရှင်ကျန်ရစ်သူများကို သွားရောက်ခေါ်ဆောင်ရန် လူလွှတ်ပေးဖို့ ဝမ်ထောင်က တောင်းဆိုသည်ကို ကြားသောအခါ ဖုန်းမင်းအန်က ချက်ချင်း အဖြေပေးလိုက်၏။

ကော်မတီဝင် ခုနစ်ဦးတွင် တစ်ဦးစီ၌ ကိုယ်ပိုင်လုပ်ငန်းတာဝန်များ ရှိကြသည်။ ဖုန်းမင်းအန်သည် အပြင်မှ အသက်ရှင်ကျန်ရစ်သူများကို သွားရောက်ခေါ်ဆောင်ရန် တာဝန်ယူထားရပြီး ၎င်းတို့ကို ခေါ်ဆောင်လာပြီးနောက်တွင် ရန်ကျဲ့ထံသို့ လွှဲပြောင်းပေးရ၏။

"ရတယ်..သူတို့ နောက်ထပ် နှစ်ရက်၊ သုံးရက်လောက်တော့ တောင့်ခံနိုင်ဦးမှာပါ။ တကယ်လို့ မတောင့်ခံနိုင်တော့ဘူးဆိုရင်လည်း ဒါဟာ သူတို့ရဲ့ ကံကြမ္မာပဲပေါ့"

ဝမ်ထောင်က ခေါင်းညိတ်လိုက်သည်။

ကောဟွာ၏ ပါးနပ်မှုနှင့်ဆိုလျှင် နောက်ထပ် နှစ်ရက်ခန့်ကို အသေအချာတောင့်ခံနိုင်လိမ့်မည်ဟု သူ ခံစားရ၏။ တကယ်လို့ တောင့်မခံနိုင်တော့ပါက သူ၏ ကံဇာတာ ညံ့ဖျင်းလွန်း၍သာ ဖြစ်ပေလိမ့်မည်။

အသက်ရှင်ကျန်ရစ်သူများအကြောင်း ဆွေးနွေးပြီးနောက် နောက်ထပ်အကြောင်းအရာမှာ ဤအစည်းအဝေး၏ အဓိကအခန်းကဏ္ဍဖြစ်သော ဇွန်ဘီအမြုတေများအကြောင်း ဖြစ်၏။

ယခုတစ်ကြိမ်တွင် လေကြောင်းမှချပေးသောပစ္စည်းများကို သွားရောက်ရှာဖွေစဉ်အတွင်း ထူးကဲဇွန်ဘီများနှင့် ရင်ဆိုင်ခဲ့ရသည်။ ၎င်းတို့ကို အမဲလိုက်ရန် အခွင့်အရေးရှိသရွေ့ မည်သူမျှ အလွတ်ခံမည်မဟုတ်ပေ။

လူကန်းနှင့် ရှန့်ဟုန်ပင်းကဲ့သို့သော သူများပင်လျှင် ထူးကဲဇွန်ဘီများကို တက်ကြွစွာ သွားရောက်အမဲလိုက်ခဲ့ကြသည်။ ထို့ကြောင့် မိုးရွာပြီးနောက် ဤအပြင်ထွက်ခရီးစဉ်တွင် ဗိုင်းရပ်စ် တားဆီးဆေးများအပြင် ဇွန်ဘီအမြုတေများသည်လည်း အရေးကြီးသော ရလဒ်တစ်ခု ဖြစ်ခဲ့၏။

ဇွန်ဘီအမြုတေများသည် ကောင်းမွန်သော ပစ္စည်းများဖြစ်သော်လည်း လူတိုင်းနှင့် သင့်တော်မည်ဟု မဆိုနိုင်ပေ။ မိမိနှင့် အကိုက်ညီဆုံးဖြစ်သော အရာကသာ အကောင်းဆုံး ဖြစ်၏။ ထို့ကြောင့် ဝမ်ထောင် ပြန်လာသည်ကို စောင့်ဆိုင်းပြီးနောက် အားလုံးသည် မိမိတို့ရရှိထားသော ဇွန်ဘီအမြုတေအားလုံးကို ထုတ်ယူလိုက်ကြသည်။ လိုအပ်သူများသည် အချင်းချင်း လဲလှယ်နိုင်ကြ၏။

ဝမ်ထောင်၏ လက်ထဲတွင် လက်ရှိ၌ အမြုတေ ခုနစ်လုံး ရှိသော်လည်း သူ၏အတွက် အသုံးဝင်သည်မှာ တုန်ခါမှုလှိုင်း၊ အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်းနှင့် ကိုယ့်ကိုယ်ကိုကုသခြင်း ဟူသော သုံးလုံးသာ ဖြစ်သည်။

တုန်ခါမှုလှိုင်းသည် သူ၏ အဓိကကျွမ်းကျင်မှု ဖြစ်သည်မှာ ပြောရန်ပင် မလိုတော့ပေ။ သူသည် တုန်ခါမှုလှိုင်း အမြုတေများကို တတ်နိုင်သမျှ အများဆုံး စုဆောင်းမည် ဖြစ်၏။ ယခုအချိန်အထိ ကြည့်ရသရွေ့ သူသည် တုန်ခါမှုလှိုင်း အမြုတေ အများအပြားကို အသုံးပြုလျှင်ပင် ခန္ဓာကိုယ်အတွင်း၌ မည်သည့်ပြဿနာမျှ ဖြစ်ပေါ်လိမ့်မည်မဟုတ်ကြောင်း ခံစားရသည်။

အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်းသည်လည်း ကောင်းမွန်သော စွမ်းရည်တစ်ခု ဖြစ်သဖြင့် ဝမ်ထောင်သည် ၎င်းကို လေ့လာရန် စိတ်ကူးရှိခဲ့၏။ သို့သော် သူသည် လက်ရှိတွင် နောက်ထပ် အမြုတေ တစ်မျိုးကိုသာ ပေါင်းစပ်နိုင်သေးသဖြင့် သတိထားရမည် ဖြစ်သည်။ အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်းကိုမူ အရံအဖြစ်သာ ထားရှိရမည်။

ကိုယ့်ကိုယ်ကိုကုသခြင်း အမြုတေကတော့ လက်ရှိတွင် ဝမ်ထောင် အလိုချင်ဆုံးသော အမြုတေ ဖြစ်သည်။ တကယ်လို့ သူသည် ကိုယ့်ကိုယ်ကိုကုသခြင်းကို လေ့လာနိုင်ပြီး ၎င်းကို ကြေးနီအရေပြားနှင့်သံမဏိအရိုး စွမ်းရည်နှင့် တွဲဖက်လိုက်ပါက... စွမ်းရည်အသုံးပြုချိန်အတွင်း သူသည် မသေနိုင်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ ဖြစ်နေလိမ့်မည်။ ဗိုင်းရပ်စ် ကူးစက်မခံရဘူးဆိုလျှင်ဖြစ်၏။

ကိုယ့်ကိုယ်ကိုကုသခြင်း အမြုတေသည် ဝမ်ထောင်၏ အမြင့်ဆုံးသော ဦးစားပေး ဖြစ်၏။ ၄င်းကို ရှာမတွေ့ပါမှ အခြားသော အမြုတေများကို စဉ်းစားမည် ဖြစ်သည်။

ထို့ကြောင့် သူသည် ထိုအမြုတေ သုံးလုံးကို သိမ်းဆည်းထားပြီး ကျန်ရှိသော လေးလုံးကို ထုတ်ပြလိုက်၏။

၎င်းတို့မှာ အပြာရောင် ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေတစ်လုံး၊ ခရမ်းရောင် ကိုယ့်ကိုယ်ကိုဖောက်ခွဲ အမြုတေတစ်လုံး၊ အနီရောင် ကိုယ့်ကိုယ်ကိုဖောက်ခွဲခြင်း အမြုတေတစ်လုံးနှင့် ခရမ်းရောင် အော်ဟစ်ခြင်း အမြုတေတစ်လုံးတို့ ဖြစ်ကြသည်။

မိမိကိုယ်ကိုဖောက်ခွဲအမြုတေ သုံးလုံးကို ကြည့်ရင်း ဝမ်ထောင်သည် အနည်းငယ် သက်ပြင်းချမိ၏။

သို့သော် ယခုအခါ သူသည် မိမိကိုယ်ကိုဖောက်ခွဲအမြုတေ၏ အခြားသောအသုံးဝင်ပုံကို သိရှိသွားခဲ့ပြီဖြစ်သဖြင့် ယခင်ကဲ့သို့ စိတ်အနှောင့်အယှက် မဖြစ်တော့ပေ။

"အမလေး... ဝမ်ထောင်၊ မင်းရဲ့ ကံဇာတာကတော့ အံ့ဩစရာပဲ"

ဝမ်ထောင် ထုတ်ပြလိုက်သော ဇွန်ဘီအမြုတေများကို မြင်သောအခါ အားလုံး တုန်လှုပ်သွားကြ၏။

၎င်းတို့သည် မိမိကိုယ်ကိုဖောက်ခွဲခြင်း အမြုတေများ ဖြစ်စေကာမူ ဝမ်ထောင်၏ လက်ထဲမှ အမြုတေများ၏ အရည်အသွေးက အလွန်မြင့်မားလှသည်။ အနီရောင် (၈၀%) အမြုတေပင် ပါဝင်နေသေး၏။ ကျန်ရှိသော အရာများသည်လည်း ခရမ်းရောင် သို့မဟုတ် အပြာရောင်များ ဖြစ်ကြသည်။ အဖြူရောင် တစ်လုံးမျှပင် မပါရှိချေ။

အားလုံးက မိမိတို့ကိုယ်ကို ပြန်လည်ကြည့်ရှုရင်း... ခေါင်းခါယမ်းလိုက်ကြတော့သည်။ ၎င်းတို့၏ လက်ထဲမှ အမြုတေအများစုမှာ အဖြူရောင်များသာ ဖြစ်ပြီး အပြာရောင်ကိုမူ ရံဖန်ရံခါသာ တွေ့ရ၏။ လူတိုင်း၏ လက်ထဲမှ အမြုတေအားလုံးကို ပေါင်းစပ်လိုက်လျှင်ပင် ခရမ်းရောင် တစ်လုံးသာ ရရှိသည်။ အနီရောင် တစ်လုံးမျှ မရှိပေ... ဤအရာသည် နှိုင်းယှဉ်ကြည့်မှသာ မိမိကိုယ်ကို စိတ်ပျက်စရာ ကောင်းလှကြောင်း သိသာစေ၏။

အမြုတေ အမျိုးအစားများအနေဖြင့်လည်း အများစုမှာ မိမိကိုယ်ကိုဖောက်ခွဲအမြုတေများသာ ဖြစ်ကြသည်။

ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီများသည် အတွေ့ရအများဆုံးသော ထူးကဲဇွန်ဘီများဖြစ်ပြီး ကိုင်တွယ်ရလည်း အလွယ်ကူဆုံး ဖြစ်၏။ ၎င်းတို့ကို ထိတ်လန့်အောင် ပြုလုပ်လိုက်ရုံဖြင့် သုံးစက္ကန့်အကြာတွင် မိမိကိုယ်ကိုဖောက်ခွဲခြင်းကို လုပ်ဆောင်ကြသည်။

ထို့ကြောင့် သူတို့အနေဖြင့် မိမိကိုယ်ကိုဖောက်ခွဲအမြုတေ အများအပြား ရရှိခဲ့ခြင်းက သဘာဝကျလှ၏။

၎င်းတို့၏ စိတ်ပျက်နေသော အမူအရာများကို ကြည့်ရင်း ဝမ်ထောင်က ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။

"အမှန်တော့ ဒီကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေတွေရဲ့ အသုံးဝင်ပုံက ကိုယ့်ကိုယ်ကို ဖောက်ခွဲဖို့အတွက်တင် မဟုတ်ပါဘူး။ အခြား အသုံးဝင်ပုံ တစ်ခု ရှိသေးတယ်၊ အဲဒါက အလွန်အကျိုးကြီးမားတယ်"

"အို... ဘာအသုံးဝင်ပုံလဲ"

သူ၏စကားကို ကြားသောအခါ အားလုံးသည် ဝမ်ထောင်ကို ချက်ချင်း လှည့်ကြည့်လိုက်ကြ၏။

"ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေကို အောင်မြင်စွာ ပေါင်းစပ်ပြီးရင်တောင် ဘေးထွက်ဆိုးကျိုးမရှိသလို ခန္ဓာကိုယ်အတွင်းက စွမ်းအင်ကိုလည်း မြှင့်တင်ပေးနိုင်တုန်းပဲ..."

ဝမ်ထောင်၏ အရိပ်အမြွက် ပြောကြားမှုကြောင့် လူတိုင်း၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားကြသည်။

အထူးသဖြင့် ဖုန်းမင်းအန်သည် သူ၏ ပေါင်ကို ရိုက်လိုက်ပြီး ဝမ်ထောင်ကို အရောင်တောက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

"မင်းပြောချင်တာက ငါတို့က ကိုယ့်ကိုယ်ကိုဖောက်ခွဲအမြုတေတွေကို ပေါင်းစပ်ပြီး ခန္ဓာကိုယ်တွင်းက စွမ်းအင်တန်ဖိုးတွေကို မြှင့်တင်နိုင်တယ်၊ ဒါဆို အခြား စွမ်းရည်တွေကို ပိုပြီး ထုတ်လွှတ်နိုင်တယ်လို့ ဆိုလိုတာလား"

သူသည် အပြာရောင်ဘားတန်းကို မမြင်ရသော်လည်း ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်ပမာဏကိုမူ ခံစားနိုင်၏။ ထို့ကြောင့် ဝမ်ထောင် စကားပြောလိုက်သည်နှင့် သူ ဘာကိုဆိုလိုကြောင်း ချက်ချင်း နားလည်သွားခဲ့သည်။

"ဟုတ်တယ်"

ဝမ်ထောင် ခေါင်းညိတ်ပြသည်ကို မြင်ပြီးနောက် ဖုန်းမင်းအန်သည် ရုတ်တရက် နောင်တရရိပ်များ ပေါ်လာခဲ့၏။

"တောက်... ငါ ဒါကို စောစောကတည်းက သိခဲ့ရင် ကိုယ်ကိုကိုယ်ဖောက်ခွဲ အမြုတေ တချို့ကို ပေါင်းစပ်မိမှာပဲ။ အခုတစ်ခေါက် အပြင်ထွက်တာက အောင်မြင်ခဲ့ပေမယ့် အန္တရာယ်တော့ ရှိခဲ့တယ်။ တိုက်ပွဲတစ်ခုအတွင်းမှာ ငါ သတိမထားမိဘဲ စွမ်းရည်ကို အလွန်အကျွံ သုံးမိသွားခဲ့တယ်။ ချက်ချင်းကြီး မောပန်းနွမ်းနယ်သွားပြီး စိတ်အာရုံတွေပါ လွင့်ပြယ်ကုန်လို့ ဇွန်ဘီ အကိုက်ခံရလုနီးပါး ဖြစ်သွားခဲ့တယ်..."

သူ၏စကားကို ကြားသောအခါ ဝမ်ထောင်က ပြုံးကာ ခေါင်းခါလိုက်၏။

"ငါကိုယ်တိုင်လည်း ဒါကို ခုနကမှ သိပြီး အတည်ပြုနိုင်ခဲ့တာပါ။ အစကတော့ ကိုာ့်ကိုယ်ကိုဖောက်ခွဲအမြုတေတွေက အသုံးဝင်မှု အကန့်အသတ်ရှိတယ်လို့ပဲ ထင်ထားခဲ့တာ..."

"ဒါဆိုရင် ငါ အခု ချက်ချင်းပဲ ကိုယ့်ကိုယ်ကိုဖောက်ခွဲဇွန်ဘီရဲ့ အမြုတေကို ပေါင်းစပ်လို့ရမလား"

ဖုန်းမင်းအန်သည်မိမိကိုယ်ကိုဖောက်ခွဲခြင်း အမြုတေများကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်၏။

"သီအိုရီအရတော့ ရပါတယ်၊ ဒါပေမဲ့ လူတိုင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူကြဘူး။ အချို့လူတွေက အမြုတေ အမျိုးအစား အများအပြားကို ပေါင်းစပ်နိုင်ပေမယ့် အချို့ကတော့ တစ်မျိုးတည်းကိုပဲ ပေါင်းစပ်နိုင်ကြတယ်။ ဒါကြောင့် မင်းက နောက်တစ်မျိုးကို ပေါင်းစပ်နိုင်မလားဆိုတာကို အရင် စစ်ဆေးရမယ်..."

ဝမ်ထောင်က ထပ်မံ ရှင်းပြလိုက်သည်။

"အာ... ဒါကို ဘယ်လို စစ်ဆေးရမှာလဲ"

ဖုန်းမင်းအန်က အနည်းငယ် ကြောင်အမ်းသွား၏။

"ဒါက ခံစားချက်ပေါ်မှာ မူတည်ပါတယ်။ စိတ်ကို ငြိမ်အောင်ထားပြီး အမြုတေတွေကို ပေါင်းစပ်ဖို့ စဉ်းစားကြည့်လိုက်ရင် ထူးခြားတဲ့ ခံစားချက်တစ်ခု ရလာပါလိမ့်မယ်..."

ဤအရာသည် အနည်းငယ် ဆန်းကြယ်ပုံရသော်လည်း ဝမ်ထောင် ခံစားခဲ့ရသော နည်းလမ်းပင် ဖြစ်၏။ ထို့အပြင် သူ ယခုတစ်ကြိမ် ဟန်ရွှေနှင့်အတူ အပြင်ထွက်စဉ်ကလည်း သူမကို စမ်းသပ်ခိုင်းခဲ့သည်။ ဟန်ရွှေသည် အမှန်တကယ်ပင် ခံစားချက်အချို့ ရရှိခဲ့၏။ သူမသည် ဝမ်ထောင်ကဲ့သို့ မိမိကမည်မျှအထိ ပေါင်းစပ်နိုင်သည်ကို တိကျစွာ မသိရှိနိုင်သော်လည်း နောက်ထပ် အမြုတေများကို ဆက်လက်ပေါင်းစပ်နိုင်ကြောင်း ခံစားမိခဲ့သည်။

ထို့ကြောင့် ဤအရာသည် ဆန်းကြယ်သော်လည်း အမှန်တကယ်ပင် ထိရောက်မှု ရှိ၏။

ဝမ်ထောင်၏ ညွှန်ကြားချက်အတိုင်း ဖုန်းမင်းအန်သည် မျက်လုံးများကို မှိတ်ကာ ခဏမျှ ငြိမ်သက်စွာ ခံစားကြည့်လိုက်ပြီးနောက် ရုတ်တရက် ကြောင်အမ်းသွားခဲ့သည်။

"ငါ ခံစားရတာကတော့... တကယ်လို့ ငါက နောက်ထပ် အမြုတေ အမျိုးအစားတစ်ခုကို ထပ်ပြီး ပေါင်းစပ်မယ်ဆိုရင် ဆိုးရွားတဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်..."

"..."

ဝမ်ထောင်သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် နှမြောတသဟန်ဖြင့် ခေါင်းခါလိုက်၏။

"တကယ်လို့ အဲဒီလိုဆိုရင်တော့ ကံမကောင်းစွာနဲ့ပဲ မင်းက ကိုယ့်ကိုယ်ကိုဖောက်ခွဲ အမြုတေတွေကို ပေါင်းစပ်လို့ ရတော့မှာမဟုတ်ဘူး။ မင်းက အချွဲအန်ဇွန်ဘီ အမြုတေတွေကိုပဲ ဆက်ပြီး ပေါင်းစပ်ရလိမ့်မယ်..."

"အာ... ဒါကတော့..."

အခြားသူများလည်း အနည်းငယ် စိတ်မကောင်း ဖြစ်သွားကြ၏။

ဖုန်းမင်းအန်သည် ကံဆိုးလှသည်။ သူသည် အမြုတေ အမျိုးအစား တစ်ခုတည်းကိုသာ ပေါင်းစပ်နိုင်သော လူစားမျိုး ဖြစ်နေခဲ့၏။ ဖုန်းမင်းအန် အနည်းငယ် စိတ်ပျက်နေသည်ကို မြင်သောအခါ ဝမ်ထောင်က ရုတ်တရက် စကားထပ်မံ ဖြည့်စွက်လိုက်သည်။

"ဒါပေမဲ့ အမြုတေ အမျိုးအစား ဘယ်နှခု ပေါင်းစပ်နိုင်လဲဆိုတဲ့ ကိစ္စက မ ကိုယ်ပိုင်အင်အားနဲ့လည်း သက်ဆိုင်နေပုံရတယ်လို့ ငါ ခံစားရတယ်။ တကယ်လို့ မင်းရဲ့ အင်အား တိုးတက်လာရင် ပေါင်းစပ်နိုင်တဲ့ အကန့်အသတ်ကလည်း မြင့်တက်လာနိုင်တယ်... ဒါကတော့ ငါ့ရဲ့ ခန့်မှန်းချက်သက်သက်သာ ဖြစ်ပြီး အတည်မပြုရသေးဘူး"

ဝမ်ထောင်သည် စကားကို ပြတ်ပြတ်သားသား မပြောခဲ့ပေ။

မိမိ၏ အင်အား ကြီးထွားလာသည်နှင့်အမျှ အမြုတေများကို ပိုမိုပေါင်းစပ်နိုင်ကြောင်း သူ အမှန်တကယ် ခံစားရသော်လည်း ဤအရာသည် မိမိက ထူးခြားနေသောကြောင့်လားဟူသည်ကိုမူ သူ သေချာမသိပေ။သူ၏စကားကို ကြားရသောအခါ ဖုန်းမင်းအန်၏ မျက်နှာအမူအရာက များစွာ သက်သာသွားခဲ့သည်။ သူက ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်၏။

"ဟဲဟဲ... စွမ်းရည်တစ်ခု ရှိနေတာတင် မဆိုးလှပါဘူး။ လူအများကြီးကတော့ စွမ်းရည်ရှင် ဖြစ်လာဖို့ အခွင့်အရေးတောင် မရှိကြဘူးလေ"

ရှန့်ဟုန်ပင်းက စကားဖြတ်ပြောလိုက်သည်။

"ဒါပေမဲ့ ဖုန်းအိုကြီးရဲ့ ကံဇာတာကတော့ တကယ်ကို မကောင်းဘူး။ ဒီတစ်ခေါက် အပြင်ထွက်တာ အချွဲအန်ဇွန်ဘီ တစ်ကောင်မှ မတွေ့ခဲ့ရဘူး..."

"မလောပါနဲ့၊ နောင်ကျရင် အခွင့်အရေးတွေ ရှိလာမှာပါ"

ဖုန်းမင်းအန်က စိတ်ပျက်လက်ပျက် ပြောဆိုလိုက်၏။

"ဝမ်ထောင်... တခြားအမြုတေတွေက ဘာအတွက်လဲဆိုတာ တစ်ချက်လောက် ကြည့်ပေးပါဦး"

ဝေကျန့်ကော်က စကားဝင်ပြောလိုက်သည်။

လုပ်ငန်းစဉ်အတွင်း သူတို့သည် အမြုတေ ဆယ်လုံးကျော် ရရှိခဲ့ကြ၏။ အဆုံးသတ်တွင် ၎င်းတို့၌ လူအင်အား ငါးဆယ်ကျော် ရှိသဖြင့် ဤမျှလောက်သော အမြုတေ အရေအတွက်ကို ရရှိခြင်းက ပုံမှန်ပင် ဖြစ်သည်။

မိမိကိုယ်ကိုဖောက်ခွဲအမြုတေများအပြင် ၎င်းတို့ ယခင်က မြင်တွေ့ဖူးသော အမြုတေအချို့နှင့် မမြင်ဖူးသော အမြုတေအချို့လည်း ပါဝင်နေ၏။

ယခင်က မြင်တွေ့ဖူးသော အရာများထဲတွင် အပြာရောင် (၄၀%) အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်းအမြုတေတစ်လုံး၊ အဖြူရောင် (၂၀%) တုန်ခါလှိုင်း အမြုတေတစ်လုံး၊ အပြာရောင် (၄၀%) အစားကြီးခြင်း အမြုတေတစ်လုံးနှင့် အဖြူရောင် (၂၀%) ကြေးနီအရေပြားနှင့်သံမဏိအရိုး အမြုတေတစ်လုံးတို့ ပါဝင်ကြသည်။

အမြုတေ လေးလုံးထဲတွင် ဝမ်ထောင်သည် အစားကြီးခြင်း အမြုတေမှလွဲ၍ ကျန်ရှိသော သုံးလုံးကို လိုချင်နေ၏။

သူ့လက်ထဲတွင် ခရမ်းရောင် အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်း အမြုတေတစ်လုံး ရှိနေသည်။ တကယ်လို့ သူက ဤအပြာရောင်နှင့် ပေါင်းစပ်လိုက်ပါက လိမ္မော်ရောင် အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်း အမြုတေကို ရရှိနိုင်မည် ဖြစ်၏။

သူသည် လိမ္မော်ရောင် ကိုယ့်ကိုယ်ကိုကုသခြင်း အမြုတေကို ရရှိရန် အလွန်အလိုရှိနေသော်လည်း အကယ်၍ သူ မစောင့်ဆိုင်းနိုင်တော့ပါက အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်း စွမ်းရည်ကို ပေါင်းစပ်ခြင်းကလည်း ကောင်းမွန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

တုန်ခါမှုလှိုင်းနှင့် ကြေးနီအရေပြားသံမဏိအရိုးတို့အတွက်မူ ၎င်းတို့သည် သူ၏ အဓိက စွမ်းရည်နှစ်ခု ဖြစ်ကြသည်။

ဝမ်ထောင်သည် ထိုအမြုတေ သုံးလုံးစလုံးကို တောင်းဆိုလိုက်၏။ ၎င်းတို့သည် အဖြူရောင်နှင့် အပြာရောင်များ ဖြစ်ကြသော်လည်း သူ ပေါင်းစပ်နိုင်သဖြင့် အရည်အသွေး ညံ့ဖျင်းခြင်းကို စိတ်ထဲမထားပေ။

အခြားသူများလည်း ကန့်ကွက်ခြင်းမရှိကြချေ။ ၎င်းတို့သည် ဝမ်ထောင်၏ အကြံပြုချက်ဖြစ်သော ခရမ်းရောင် အရည်အသွေးအောက်ရှိ ဇွန်ဘီအမြုတေများကို မသုံးစွဲရန်ဟူသော အချက်ကို လက်ခံထားကြပြီး ဖြစ်သည်။ အဖြူရောင်နှင့် အပြာရောင်တို့၏ အောင်မြင်မှုနှုန်းက အလွန်နည်းပါးပြီး ခန္ဓာကိုယ်အတွင်း၌ မသန့်စင်မှုများကို လွယ်ကူစွာ စုဆောင်းမိစေတတ်သောကြောင့် ဖြစ်၏။

ထို့နောက် သူတို့ မမြင်တွေ့ဖူးသေးသော ဇွန်ဘီအမြုတေ သုံးလုံး ကျန်ရှိနေသေးသည်။

ဝမ်ထောင်သည် ဤအမြုတေ သုံးလုံးကို ကြည့်လိုက်၏။

[အဆင့် ၁ အမြုတေ · အမြန်ပြေးခြင်း]

[အရည်အသွေး - အလွန်ကောင်းမွန်သော (၆၀%)]

[သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - ခြေထောက်များ ကြီးထွားလာခြင်း)]

[အမြန်ပြေးခြင်း - စွမ်းအင်ကို အသုံးပြု၍ ရှေ့သို့ အကွာအဝေး အနည်းငယ် ချက်ချင်း အမြန်ပြေးနိုင်သည်]

ပထမဆုံးအရာမှာ အမြန်ပြေးခြင်း အမြုတေ ဖြစ်ပြီး ၎င်းထဲတွင် ခြေထောက်တစ်စုံ၏ ပုံရိပ်ယောင် ပါရှိသည်။

ဤအမြုတေ၏ အမည်သည် အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်းနှင့် စာသားတစ်လုံးသာ ကွာခြားသော်လည်း အာနိသင်ကမူ လုံးဝ ကွဲပြားခြားနားလှ၏။

ရှန့်ဟုန်ပင်းက ဝမ်ထောင်အား ဤအမြန်ပြေးခြင်း အမြုတေကို အပြေးမြန်ဇွန်ဘီထံမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။

အပြေးမြန်ဇွန်ဘီ၏ အမြန်ပြေးခြင်း စွမ်းရည်သည် မီတာအနည်းငယ်မျှသာ တိုတောင်းသော အဟုန်ဖြင့် ပြေးခြင်းကိုသာ ခွင့်ပြုပြီး မည်သည့် သတ်ဖြတ်နိုင်စွမ်းမျှ မရှိပေ။

လူကို တိုက်ရိုက် ဝင်တိုက်သတ်နိုင်သော အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်းနှင့် မတူညီပေ။

သို့သော်လည်း အမြန်ပြေးခြင်း၏ ဘေးထွက်ဆိုးကျိုးကမူ အလွန်သေးငယ်လှ၏။ အရှိန်ပြင်းတိုးဝင်တိုက်ခိုက်ခြင်း၏ ဘေးထွက်ဆိုးကျိုးက ခြေလက်များ တောင့်တင်းခြင်းဖြစ်ပြီး အမြန်ပြေးခြင်းကမူ ခြေထောက်များ ကြီးထွားလာခြင်းကိုသာ ဖြစ်စေသည်။

ခြေထောက်များ ကြီးထွားလာခြင်းကို ဘေးထွက်ဆိုးကျိုးတစ်ခုအဖြစ် သတ်မှတ်နိုင်သလား။

ရှန့်ဟုန်ပင်းက ဝမ်ထောင်အား သူ မြင်တွေ့ခဲ့ရသော အပြေးမြန်ဇွန်ဘီ၏ ခြေထောက်များသည် သာမန်ဇွန်ဘီများထက် ကြီးမားသော်လည်း လက်ခံနိုင်စရာမရှိသည့် အဆင့်အထိ မဟုတ်ကြောင်း၊ အလွန်ဆုံးရှိက သာမန်ဖိနပ်များကို စီးနိုင်တော့မည်မဟုတ်ဘဲ အော်ဒါမှာယူပြီး ပြုလုပ်ရလိမ့်မည် ဖြစ်ကြောင်း ပြောပြခဲ့၏။

ဝမ်ထောင်သည် အမြုတေအတွင်းရှိ စွမ်းရည်က ပိုမိုသန်မာလေလေ၊ ဘေးထွက်ဆိုးကျိုးကလည်း ပိုမိုကြီးမားလေလေ ဖြစ်မည်ဟု ခံစားရသည်။

ထို့ကြောင့် စွမ်းရည်တစ်ခု သန်မာခြင်း ရှိမရှိကို ဆုံးဖြတ်ရန်အတွက် ၎င်း၏ ဘေးထွက်ဆိုးကျိုး မည်မျှအထိ ပြင်းထန်သလဲဟူသည်ကို ကြည့်ရှုနိုင်ပေသည်... ဒုတိယမြောက် အမြုတေကမူ အနည်းငယ် ထူးဆန်းလှ၏။

[အဆင့် ၁ အမြုတေ · ရွှံ့နွံ]

[အရည်အသွေး - ကောင်းမွန်သော (၄၀%)]

[သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - ခန္ဓာကိုယ်မှ ရွှံ့စေးများကို အဆက်မပြတ် ထုတ်လုပ်နေမည်)]

[ရွှံ့နွံ - စွမ်းအင်ကို အသုံးပြု၍ မိမိ၏ ပတ်ဝန်းကျင်တွင် ရွှံ့နွံဧရိယာတစ်ခုကို ဖန်တီးနိုင်သည်]

ဤအမြုတေအတွင်း၌ ဆိုးရွားသော ရွှံ့နွံတစ်ခု၏ ပုံရိပ်ယောင် ပါရှိသည်။

ဝမ်ထောင်သည် အကယ်၍ တစ်စုံတစ်ယောက်က ဤအမြုတေကို ပေါင်းစပ်ပြီး စွမ်းရည်ကို အသုံးပြုလိုက်ပါက မည်သို့သော ပုံစံမျိုး ဖြစ်လာမည်ကိုအလွန်တွေးရခက်နေမိ၏။

မဟုတ်ပါ၊ စွမ်းရည်ကို အသုံးပြုချိန်တင် မဟုတ်ဘဲ ဘေးထွက်ဆိုးကျိုး ဖော်ပြချက်အရ စွမ်းရည်ကို အသုံးမပြုချိန်တွင်ပင် ခန္ဓာကိုယ်မှ ရွှံ့စေးများကို အဆက်မပြတ် ထုတ်လုပ်နေမည် ဖြစ်ရာ... ဤအရာသည် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အမှန်တကယ်ပင် ဆိုးရွားလှ၏။

စာသား၏ အဓိပ္ပာယ်အရ ဤအမြုတေသည် အစားကြီးခြင်း အမြုတေကဲ့သို့ပင် ဖြစ်လိမ့်မည်ဟု သူ ခံစားရသည် ၊ ကြည့်ရသည်မှာ အဆင်ပြေသော်လည်း လက်တွေ့တွင်မူ အသုံးမဝင်လှပေ။

ထို့နောက် နောက်ဆုံး အမြုတေ ကျန်ရှိနေသေးသည်။ ဤအရာ၏ အတွင်း၌မူ အနည်းငယ်ကြည်လင်မြင်သာသော လူရုပ်ပုံလေးတစ်ခု ပါရှိ၏။

[အဆင့် ၁ အမြုတေ · ဖုံးကွယ်ခြင်း]

[အရည်အသွေး - သာမန် (၂၀%)]

[သန့်စင်မှု - ၅၀% (ဘေးထွက်ဆိုးကျိုး - လှုပ်ရှားမှုများသည် ခွန်အားကို နှစ်ဆ ပိုမိုကုန်ဆုံးစေမည်)]

[ဖုံးကွယ်ခြင်း - ကြာမြင့်ချိန်အတွင်း မိမိ၏ တည်ရှိမှုကို ဖုံးကွယ်ထားနိုင်ပြီး အခြားသော သက်ရှိများက မိမိကို ရှာဖွေတွေ့ရှိရန် ခက်ခဲစေလိမ့်မည်]

ဤအမြုတေ၏ အရည်အချင်းများကို မြင်သောအခါ ဝမ်ထောင်၏ မျက်လုံးများ ချက်ချင်း လင်းခနဲ ဖြစ်သွားခဲ့သည်။

ဤစွမ်းရည်က အလွန်ကောင်းမွန်ပုံရ၏။

သူသာ မမှားဘူးဆိုလျှင် ဤအမြုတေကို ပျောက်ကွယ်နိုင်သောဇွန်ဘီထံမှ ရရှိခဲ့ခြင်း ဖြစ်ရမည်။ ဝမ်ထောင် ယခင်က သတ်ဖြတ်ခဲ့သော ပျောက်ကွယ်နိုင်သော ဇွန်ဘီသည် သွေးပမာဏ များများစားစား မရှိသဖြင့် အမြုတေကိုလည်း ချန်မထားခဲ့ပေ၊ သို့သော် ၎င်းက ဖုံးကွယ်ခြင်းဆေးရည်များကို ချန်ထားခဲ့ဖူး၏။

ဖုံးကွယ်ခြင်းဆေးရည် (အလတ်) ၏ အာနိသင်သည် ဇွန်ဘီများ၏ အမြင်မှ မိမိကိုယ်ကို ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။ မင်းက ၎င်းတို့နှင့် အလွန်အမင်း နီးကပ်မသွားသရွေ့ ဇွန်ဘီများသည် သင့်ကို ရှာဖွေတွေ့ရှိလိမ့်မည်မဟုတ်ပေ။

သူသည် ဖုံးကွယ်ခြင်းဆေးရည်များကို အသုံးပြု၍ ဘေးဒုက္ခများစွာမှ လွတ်မြောက်ခဲ့ဖူး၏။

ယခု ပျောက်ကွယ်နိုင်သောအမြုတေ၏ အာနိသင်သည် အသေး၊ အလတ်၊ အကြီးဟူ၍ ခွဲခြားမထားဘဲ အခြားသော သက်ရှိများက ရိပ်မိရန် မလွယ်ကူကြောင်း ဖော်ပြထားသဖြင့် ဇွန်ဘီများကို အသေအချာ ရှောင်ကွင်းနိုင်ရမည် ဖြစ်သည်။

ကပ်ဘေးကာလအတွင်း တိုက်ခိုက်ရေးစွမ်းရည်သည် အရေးကြီးသည်မှာ အမှန်ပင်ဖြစ်သော်လည်း ရှင်သန်ရေးစွမ်းရည်သည်လည်း အလွန်အရေးပါလှ၏။

ယခုအချိန်အထိ ဖုံးကွယ်ခြင်း စွမ်းရည်သည် ရှင်သန်ရေးအတွက် အကောင်းဆုံးသော ကျွမ်းကျင်မှုတစ်ခု ဖြစ်သည်မှာ အသေအချာပင်။

ဝမ်ထောင် အလွန် စိတ်ဝင်စားသွားခဲ့သည်။ တကယ်လို့ သူ ၎င်းကို လေ့လာလိုက်ပါက သူသည် ဖုံးကွယ်ခြင်းဆေးရည်များကို အသုံးပြုခဲ့စဉ်ကကဲ့သို့ လမ်းမများပေါ်တွင် စိတ်ကြိုက် သွားလာနိုင်မည်မဟုတ်ပါလား။

ဇွန်ဘီအုပ်ကြီးနှင့် မကြုံတွေ့သရွေ့ အခြေခံအားဖြင့် မည်သည့် အန္တရာယ်မျှ ရှိလိမ့်မည်မဟုတ်ပေ။

သို့သော် ဤဖုံးကွယ်ခြင်း စွမ်းရည်သည် တိကျသောပစ်ခတ်ခြင်းနှင့် ကြေးနီအရေပြားနှင့်သံမဏိအရိုးတို့ကဲ့သို့ အဆက်မပြတ် အသုံးပြုရသော စွမ်းရည်မျိုး ဖြစ်သဖြင့် အပြာရောင်ဘားတန်း ကုန်ဆုံးမှု မည်မျှရှိမည်ကိုမူ သူ သေချာမသိသေးပေ... ဖုံးကွယ်ခြင်း၏ ဘေးထွက်ဆိုးကျိုးအတွက်မူ ၎င်းသည် အမှန်တကယ်ပင် ပြင်းထန်လှ၏။ လှုပ်ရှားမှုတိုင်းတွင် ခွန်အားကို နှစ်ဆ ကုန်ဆုံးစေခြင်းက ဤစွမ်းရည်သည် တိုက်ခိုက်ရေးသမားများအတွက် အသုံးမပြုနိုင်ရန် ကန့်သတ်ထားသကဲ့သို့ ဖြစ်နေသည်။

အဆုံးသတ်တွင် သင်က လက်သီးတစ်ချက် ထိုးတိုင်း နှစ်ချက်စာ ခံစားရမည်ဆိုပါက အလွန်ဆိုးရွားလှသည် မဟုတ်ပါလား။ ထိုအရာသည် သင်၏ ခံနိုင်ရည်ကို ထက်ဝက် လျှော့ချလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

သို့သော် ဝမ်ထောင်အတွက်မူ ဘေးထွက်ဆိုးကျိုး မရှိသော အမြုတေအဖြစ် ပေါင်းစပ်နိုင်ပါက သူကဘေးထွက်ဆိုးကျိုးကို ဂရုစိုက်ရန် မလိုပေ။

ဝမ်ထောင်သည် ဇွန်ဘီအမြုတေ သုံးလုံး၏ ယေဘုယျ လုပ်ဆောင်ချက်များနှင့် ဘေးထွက်ဆိုးကျိုးများကို အဖွဲ့အား ရှင်းပြလိုက်၏။

အခြားသူများ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားကြသည်။

အမြန်ပြေးခြင်း အမြုတေကတော့ သာမန်ပင် ဖြစ်၏။ ၎င်း၏ စွမ်းရည်က မသန်မာသော်လည်း ဘေးထွက်ဆိုးကျိုးကလည်း မကြီးမားပေ၊ ထို့အပြင် ၎င်းက ခရမ်းရောင် ဖြစ်သဖြင့် ပေါင်းစပ်ရန်အတွက် စမ်းသပ်ကြည့်ရန် ထိုက်တန်လှသည်။

ရွှံ့နွံအမြုတေကမူ နားလည်ရ ခက်ခဲလှ၏။ လက်တွေ့ စွမ်းအားက အခြေအနေပေါ်တွင် မူတည်ပုံရသည်။သူတို့မြင်ဖူးသော အချွဲအန်ဇွန်ဘီကိုကြည့်၍ ဆုံးဖြတ်ရလျှင် ၎င်းက သိပ်ပြီး သန်မာပုံမရပါ။

ယခုအမြုတေပိုင်ရှင်ဇွန်ဘီသည် ရှန့်ဟုန်ပင်း ကြုံတွေ့ခဲ့ရသော ဇွန်ဘီဖြစ်ပြီး ထိုအချိန်က ၎င်းသည် ရွှံ့ကန်ငယ်တစ်ခုအတွင်း ရှိနေခဲ့၏။ ရှန့်ဟုန်ပင်းသည် ဖြတ်ကူး၍ မရသော်လည်း လှံဖြင့် ထိုးသတ်ခဲ့သဖြင့် တစ်ချိန်လုံး မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ပေ။

ဖုံးကွယ်ခြင်း အမြုတေအကြောင်းကို ကြားသောအခါ အားလုံး၏ မျက်လုံးများ လင်းခနဲ ဖြစ်သွားကြ၏။

ဖုံးကွယ်ခြင်း စွမ်းရည်က အလွန်ကောင်းမွန်လှသည်။

ဘေးထွက်ဆိုးကျိုးသည် တိုက်ခိုက်ရေးသမားများအတွက် အားနည်းချက် ဖြစ်စေသော်လည်း ပစ္စည်းရှာဖွေသူများအတွက်မူ ကြီးမားသော အားသာချက် ဖြစ်လာလိမ့်မည်။ အဆုံးသတ်တွင် လူအများစုသည် ကြောက်ရွံ့တတ်ကြပြီး ဇွန်ဘီများကို သတ်ဖြတ်ရန် စွန့်စားခြင်းမပြုလိုဘဲ ထောက်ပံ့ရေးပစ္စည်းများကိုသာ တိတ်တဆိတ် ရှာဖွေလိုကြသောကြောင့် ဖြစ်၏။

၎င်းသည် အရေးကြီးသော အချိန်တွင် အသက်ကယ်စွမ်းရည်လည်း ဖြစ်နိုင်သည်။ တိုက်ခိုက်ရေးစွမ်းရည် မရှိသလောက် နည်းပါးသော ရန်ကျဲ့နှင့် လျူတို့ကဲ့သို့သော သူများအတွက်မူ ဖုံးကွယ်ခြင်း စွမ်းရည် ရှိနေခြင်းက မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းကို များစွာ တိုးတက်စေလိမ့်မည်။

ဝမ်ထောင်သည် ထို့နောက် မိမိရရှိထားသော အော်ဟစ်ခြင်း အမြုတေအကြောင်းကို အဖွဲ့အား ရှင်းပြလိုက်၏။ ဤစွမ်းရည်နှင့် ပတ်သက်၍ အခြားသူများက ခေါင်းခါကြသော်လည်း ရန်ကျဲ့ကမူ အလွန်စိတ်ဝင်စားနေသည်။

ဘေးထွက်ဆိုးကျိုးမှာ စကားတိုးတိုးမပြောနိုင်ခြင်း ဖြစ်ပြီး ဆိုလိုသည်မှာ အမြဲတမ်း အသံကျယ်လောင်နေမည် ဖြစ်သည်။ ဤအရာသည် ကပ်ဘေးကာလအတွင်း အမှန်တကယ်ပင် အန္တရာယ်ရှိလှ၏။ သို့သော် သူ့အတွက်မူ သူသည် အပြင်သို့ မထွက်ဘဲ နေ့တိုင်း စခန်းအတွင်း၌သာ နေထိုင်သဖြင့် အသံကျယ်လောင်ခြင်းက မည်သည့် သက်ရောက်မှုမျှ ရှိလိမ့်မည်မဟုတ်ဘဲ သူ့ကို ပိုမိုခန့်ညားထည်ဝါစေဦးမည် ဖြစ်သည်။

တကယ်လို့ သူ နောင်တွင် အပြင်ထွက်ရမည်ဆိုပါက ပါးစပ်ပိတ်ထားပြီး စကားမပြောဘဲ နေလိုက်ရုံသာ... အော်ဟစ်ခြင်း စွမ်းရည်ကိုလည်း သူ အသုံးမပြုဘဲ နေလိုက်ရုံပင်။

"မင်း ဒီအမြုတေကို ပေါင်းစပ်ချင်လို့လား"

ဝေကျန့်ကော်က ရန်ကျဲ့ကို အနည်းငယ် အံ့သြစွာ ကြည့်လိုက်၏။

"ဟဲဟဲ... ငါ စိတ်ကူးတချို့ ရှိလို့ပါ။ ငါလည်း စွမ်းရည်ရှင်တစ်ယောက် ဖြစ်ရတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ သိချင်တာပေါ့"

ဝေကျန့်ကော်က ဝမ်ထောင်ကို ကြည့်လိုက်ရာ ဝမ်ထောင်က အမြုတေကို တိုက်ရိုက် ကမ်းပေးလိုက်သည်။

"မင်း အသုံးပြုချင်ရင်တော့ ရပါတယ်၊ ဒါပေမဲ့ သေချာတော့ စဉ်းစားပါ။ အသုံးပြုပြီးရင် မင်း စကားတိုးတိုးပြောလို့ ရတော့မှာမဟုတ်ဘူး"

"ဘာမှမဖြစ်ပါဘူး၊ ငါက ဘာပဲဖြစ်ဖြစ် အပြင်မထွက်ပါဘူး။ အပြင်ထွက်ရင်လည်း စကားမပြောဘဲ နေလိုက်ရုံပေါ့"

ရန်ကျဲ့က ရယ်မောလိုက်၏။

သူ့တွင် ရှိသော အရည်အချင်းမှာ မိမိကိုယ်ကို သိရှိနားလည်ခြင်း ဖြစ်သည်။

ယခင်က သူ ခရိုင်အုပ်ချုပ်ရေးမှူး ရာထူးအတွက် ပြိုင်ဆိုင်ရန် အခွင့်အရေးရှိခဲ့စဉ်က ၎င်းသည် အနည်းငယ် အန္တရာယ်ရှိသည်ဟု ခံစားရသဖြင့် ပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့ဖူးသည်။ အဆုံးသတ်တွင် ထိုပြိုင်ဘက်များထဲမှ မည်သူမျှ လမ်းဆုံးမလှပခဲ့ကြချေ။ သူမှလွဲ၍ အခြားသူအားလုံး ရာထူးမှ ဖယ်ရှားခြင်း ခံခဲ့ရသည်။

ယခုအခါ ၎င်းသည် ကပ်ဘေးကာလ ဖြစ်နေပြီး သူလို အသက် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်အရွယ်က ဇွန်ဘီများကို မည်သို့ သတ်ဖြတ်နိုင်ပါမည်နည်း။

သူ၏ မိမိကိုယ်ကို သတ်မှတ်ချက်က အလွန်တိကျလှသည် ။သူသည် စခန်းကို စီမံခန့်ခွဲရန်အတွက်သာ ဖြစ်၏။ မလိုအပ်ပါက သူသည် သူ၏ အသက်ထက်ဝက်ကို စခန်းအတွင်း၌သာ ကုန်ဆုံးစေမည်။

ထို့ကြောင့် သူသည် စွမ်းရည်ရှင်တစ်ယောက်၏ ခံစားချက်ကို မြည်းစမ်းကြည့်ချင်ရုံသာ ဖြစ်ပြီး အခြားအရာများကို ဂရုမစိုက်ပေ။ အဆုံးသတ်တွင် သူသည် ဤအော်ဟစ်ခြင်း အမြုတေ၏ ဘေးထွက်ဆိုးကျိုးကို လက်ခံနိုင်သည်မဟုတ်ပါလား...။

ကျန်သော မိမိကိုယ်ကိုဖောက်ခွဲ အမြုတေအတွက်မူ အားလုံးက အားကျသော မျက်နှာဖြင့် ကြည့်ရှုကြသော်လည်း မည်သူမျှ မသုံးစွဲရဲကြပေ။

အစက ဝမ်ထောင်သည် မိမိကိုယ်ကိုဖောက်ခွဲခြင်း အမြုတေ၏ အသုံးဝင်ပုံကို ရှင်းပြပြီးနောက် အားလုံးက တစ်လုံးစီ ပေါင်းစပ်လိုကြသည်။

သို့သော် ၎င်းတို့သည် ဖုန်းမင်းအန်က လောလောဆယ်တွင် အမြုတေ တစ်မျိုးတည်းကိုသာ ပေါင်းစပ်နိုင်သည်ဟူသော အချက်ကို သတိပြုမိသွားကြ၏... ဤအရာက အားလုံးအား မိမိကိုယ်ကိုဖောက်ခွဲခြင်း အမြုတေကို ပေါင်းစပ်ရန် ကြောက်ရွံ့သွားစေခဲ့သည်။ ပေါင်းစပ်ခြင်း အောင်မြင်ခဲ့သော်လည်း ၎င်းတို့၏ ကံဇာတာ ညံ့ဖျင်းသဖြင့် အမြုတေ အမျိုးအစား တစ်ခုတည်းကိုသာ ပေါင်းစပ်နိုင်ပါက ၎င်းတို့သည် အသေခံစစ်သားများ ဖြစ်လာရန် ဖိအားပေးခံရသကဲ့သို့ ဖြစ်သွားမည်မဟုတ်ပါလား...

"အားလုံးပဲ စိတ်မပျက်ကြပါနဲ့။ အခုကစပြီး ငါတို့က ထောက်ပံ့ရေးပစ္စည်း ရှာဖွေတာနဲ့ ထူးကဲဇွန်ဘီတွေကို အမဲလိုက်တာကိုပဲ အဓိကထားကြမယ်။ ငါတို့ ဇွန်ဘီတွေကို လုံလောက်အောင် သတ်ဖြတ်နိုင်သရွေ့ ငါတို့အားလုံး စွမ်းရည်ရှင်တွေ အသေအချာ ဖြစ်လာကြမှာပါ"

ဝေကျန့်ကော်က ကျယ်လောင်စွာ ပြောလိုက်၏။

"မှန်တယ်။ တောက်... ငါ စွမ်းရည်ရှင် မဖြစ်မလာနိုင်ဘူးဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး"

ရှန့်ဟုန်ပင်းက စားပွဲကို ပြင်းထန်စွာ ထုလိုက်သည်။

မည်သူမျှ သူ၏ အမြုတေများကို မလိုချင်ကြသည်ကို မြင်သောအခါ ဝမ်ထောင်သည် ၎င်းတို့ကို ပြန်လည်သိမ်းဆည်းလိုက်၏။ သူသည် နောင်တွင် ထူးကဲဇွန်ဘီအချို့ကို သီးသန့် သွားရောက်အမဲလိုက်သင့်သည်ဟု တွေးတောမိသည်။ သူသည် အခြေခံအားဖြင့် မိမိပေါင်းစပ်နိုင်သော အမြုတေ အမျိုးအစား အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း အခြားသူများမှာမူ စွမ်းရည်ရှင်များ ဖြစ်မလာကြသေးသဖြင့် တိုးတက်မှုက အနည်းငယ် နှေးကွေးနေ၏။

ဝမ်ထောင်သည် ရန်ကျဲ့ ဇွန်ဘီအမြုတေကို ပေါင်းစပ်မည့် ကိစ္စကိုတော့ စိုးရိမ်မနေပါ။ အားလုံးတွင် အတွေ့အကြုံ ရှိနေကြပြီဖြစ်သဖြင့် စိုးရိမ်စရာမလိုချေ။

ဝမ်ထောင်သည် ဟန်ရွှေကို သွားရောက်ရှာဖွေရန် ပြင်ဆင်လိုက်သည်။ မနေ့က သူသည် သူမအား ရရှိထားသော ပစ္စည်းအချို့ ပေးမည်ဟု ပြောခဲ့ဖူးသဖြင့် သဘာဝကျစွာပင် ကတိတည်လို၏။ သူသည် အစားအစာအချို့နှင့် ဗိုင်းရပ်စ် တားဆီးဆေးအချို့ကို ပြင်ဆင်ထားခဲ့သည်။ ဇွန်ဘီအမြုတေများထဲမှာတော့ မည်သည့်အရာမျှ ဟန်ရွှေနှင့် မသင့်တော်ပေ။

သို့သော် သူ လှေကားအောက်သို့ ဆင်းလိုက်သည်နှင့် တစ်စုံတစ်ယောက် အလောတကြီး ပြေးတက်လာသည်ကို မြင်တွေ့လိုက်ရ၏။

"ကော်မတီဝင်ဝမ်"

ထိုလူသည် ဝမ်ထောင်ကို ကြည့်ကာ စိုးရိမ်တကြီး အမူအရာဖြင့် ပြောလိုက်သည်။

"ကော်မတီဝင်ဝမ်... တစ်ခုခု ဖြစ်နေပြီ။ ကျွန်တော်တို့ စခန်းက အမဲလိုက်သမား အဖွဲ့နှစ်ဖွဲ့ မနေ့ညက အပြင်မှာပဲ အိပ်ခဲ့ကြတယ်။ သူတို့က ဒီမနက် ပြန်လာရမှာ ဖြစ်ပေမဲ့ အခုလေးတင်ပဲ သူတို့ရဲ့ ဝေါ်ကီတော်ကီထဲကနေ သူစိမ်းတစ်ယောက်ရဲ့ အသံ ထွက်လာပြီး သူတို့ကို ပြန်ပေးဆွဲထားတယ်လို့ ပြောပါတယ်။ သူတို့က အပြန်အလှန်အနေနဲ့ ဇွန်ဘီအမြုတေတွေနဲ့ လာလဲဖို့ တောင်းဆိုနေကြပါတယ်"

"ဘာကွ.."

--------

All Chapters