အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း(၁၇၄)
မှန်ပေသည်။ မင်းသား(၃) တွင် အပေါင်းအပါများစွာ ရှိပြီး အမြစ်တွယ်နေသည်ဖြစ်ရာ လုံးဝ ဥဿုံ သေချာမှု မရှိဘဲ တိုက်ခိုက်လိုက်ပါက ၊ မြက်ကိုရိုက်၍ မြွေကို ခြောက်လှန့်သလိုသာ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ ဖြစ်လာပါက ၊ ပုန်ကန်မှုကိုပင် ဖြစ်ပွားစေနိုင်သည်။
အရှင့်သား၏ လုပ်ရပ်သည် အပြင်ပန်းတွင် ရှေးရိုးဆန်သည်ဟု ထင်ရသော်လည်း ၊ အမှန်တွင် ရန်သူများကို အမြစ်ပြတ် ချေမှုန်းရန်အတွက် ကြီးကျယ်သော ဗျူဟာကြီးတစ်ခုကို ချပြနေခြင်းသာ ဖြစ်ပေမည်။
"အရှင့်သားရဲ့ အမြော်အမြင် ကြီးမားမှုကို... ကျွန်တော် ငယ်သား... လေးစားမိပါတယ်..."
ချန်ချင်းသည် တစ်ဖန် ဦးညွှတ်လိုက်ပြီး ၊ ယခုတစ်ကြိမ်တွင်မူ နှလုံးသားထဲမှ လာသော ကြည်ညိုလေးစားမှုသက်သက်သာ ဖြစ်ပြီး မည်သည့် သံသယမျှ မရှိတော့ချေ။။
" ကျွန်တော် ငယ်သားက ဉာဏ်ပညာ နည်းပါးလှပါတယ်... အားလုံးကို အရှင့်သားရဲ့ အမိန့်အတိုင်း နာခံပါ့မယ်..."
ရှောင်ရှန်းသည် နောက်ဆုံးတွင် သက်ပြင်း ချနိုင်ခဲ့ပြီး ၊ နောက်ထပ် ကြီးမားသော ပြသနာတစ်ခုကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီဟု ခံစားလိုက်ရသည်။
သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး မောပန်းနွမ်းနယ်နေသော လေသံဖြင့် ဆိုလိုက်သည်။
"ဒီကိစ္စကို ငါ အားလုံး နားလည်ပြီးပြီဖြစ်လို့ မင်းတို့ ဆက်ပြီး ဆွေးနွေးမနေကြနဲ့တော့"
"ကောင်းပြီ... အချိန်ကလည်း မစောတော့ဘူး... အားလုံး လူစုခွဲကြတော့... ချန်ချင်း စစ်သူကြီး.... ဒီညက ကိစ္စကို ကောင်းကင်သိ၊ မြေကြီးသိ၊ သင်သိ၊ ငါသိပဲ ဖြစ်ရမယ်... နားလည်လား..."
" ကျွန်တော် ငယ်သား နားလည်ပါပြီ..."
ချန်ချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ၊ ဤသည်က အိမ်ရှေ့စံမင်းသားအနေဖြင့် သူ၏ လျို့ဝှက်အစီအစဉ်များကို စတင်တော့မည်ဖြစ်ကြောင်း သိရှိလိုက်သည်။
ချန်ချင်းသည် စစ်သည်များကို ဦးဆောင်ကာ ဖမ်းဆီးရမိသော ရန်သူများအား ခေါ်ဆောင်သွားသည်ကို ကြည့်ရင်း၊ ရှောင်ရှန်းတစ်ယောက် မိမိ၏ ခြေထောက်များမှာ ယခုထိတိုင် တုန်ယင်နေဆဲဖြစ်ကြောင်း ခံစားလိုက်ရသည်။
ယနေ့ညတွင် သူ ခံစားလိုက်ရသော ထိတ်လန့်မှုသည် ပြီးခဲ့သည့် ၁၈ နှစ်တာကာလ အားလုံးထက်ပင် ပို၍ ကြီးမားလှပေသည်။
တစ်ချိန်တည်းမှာပင် ၊ မင်းသား(၃)၏ စံအိမ်တော်၌ ။
စာဖတ်ခန်းထဲတွင် အဖိုးတန်သော ကြွေထည်ပစ္စည်းများသည် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ရိုက်ခွဲခံထားရသဖြင့် အစိတ်စိတ်အမြွာမြွှာ ကွဲကြနေ၏။
" အသုံးမဝင်တဲ့ကောင်တွေ... အသုံးမဝင်တဲ့ကောင်တွေ..."
ရှောင်ကျင်း၏ မျက်နှာသည် ညိုမည်းနေပြီး ၊ မျက်လုံးများကလည်း နီရဲနေကာ ရက်စက်မှုများဖြင့် ပြည့်နှက်နေပေသည်။
"စကားနာထိုးတာကလွဲလို့ ဘာမှမတတ်တဲ့ အိမ်ရှေ့စံမင်းသား တစ်ယောက်ကိုတောင် မင်းတို့ မဖြေရှင်းနိုင်ဘူးလား ၊ ပြီးတော့ သူ တစ်ယောက်တည်းနဲ့ မင်းတို့အကုန်လုံးကို ချေမှုန်းလိုက်တယ် ဟုတ်လား..."
နောက်ဆက်တွဲကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် သူစေလွှတ်လိုက်သော “သန့်ရှင်းရေးသမား” အဖွဲ့သည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကြောင်း စောနကပင် သတင်းရရှိခဲ့သည်။ သူ ရွှေငွေအမြောက်အမြားဖြင့် ငှားရမ်းခဲ့သော မိစ္ဆာကျင့်ကြံသူပင် ဖမ်းဆီးခံခဲ့ရသည်။
ဤသည်က မည်သို့ ဖြစ်နိုင်မည်နည်း။
ကြက်တိုက်ပွဲ၊ ခွေးပြိုင်ပွဲ နှင့် မိန်းမဆန်ဆန် ကစားနည်းများကိုသာ သိသည့် ထိုရှောင်ရှန်းက မည်သည့်အစွမ်းအစ ရှိနိုင်မည်နည်း။
"အရှင့်သား... စိတ်အေးအေးထားပါ..."
စာဖတ်ခန်း၏ အမှောင်ရိပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ တစ်ကိုယ်လုံးကို အနက်ရောင် ဝတ်ရုံကြီးဖြင့် လွှမ်းခြုံထားသော လူရိပ်တစ်ခုသည် ဖြည်းညင်းစွာ ထွက်လာပြီး၊ သူ၏ ခေါင်းစွပ်ကို အလွန် နှိမ့်ချထားသဖြင့် သွေးမရှိသည့် ဖြူဖျော့နေသော မေးစေ့ကိုသာ မြင်ရပေသည်။
"စိတ်မရှည်တဲ့ လုပ်ရပ်လေးတစ်ခုက ကြီးမားတဲ့ အစီအစဉ်တစ်ခုကို ဖျက်ဆီးပစ်နိုင်ပါတယ်..."
အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ထိုလူ၏ အသံသည် အက်ရှရှအသံမျိုး ဖြစ်ပြီး၊ သူသည် ဝင်ရောက်ကာ အကြံပြုလိုက်သည်။
" အဲ့ဒီရှောင်ရှန်းက တကယ်ကို ထူးဆန်းနေနိုင်တယ် ... ဒါပေမဲ့ ဒါက ပမွှားလောက်လေးပါ... တကယ်လို့ အရှင်သာ အဲဒီစွမ်းအားကို ရရှိနိုင်မယ်ဆိုရင် လောကကြီးတစ်ခုလုံးက အရှင့်သားရဲ့ ခြေဖဝါးအောက်မှာ ဝပ်ဆင်းရမှာပါ... ဘာမှမဟုတ်တဲ့ ရှောင်ရှန်းလောက်ကတော့ လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့တင် ဖျက်ဆီးပစ်လို့ ရတယ်..."
"စွမ်းအား..."
ရှောင်ကျင်း၏ အသက်ရှူသံများ မြန်ဆန်လာပြီး ၊ မျက်လုံးထဲမှ ဒေါသများသည် ပြင်းထန်သော လောဘရမ္မက်များအဖြစ် ပြောင်းလဲသွားသည်။
အနက်ရောင်ဝတ်ရုံနှင့် ထိုလူသည် သူ၏ စိတ်နှလုံးကို ထိုးဖောက်မြင်နိုင်သည့်အတိုင်း လှည့်စားမှုများ ပြည့်နှက်နေသော လေသံဖြင့် ဆက်လက် ပြောဆိုလာပြန်၏။
"အရှင့်သားက သာမန်လူသားတွေထက် ကျော်လွန်ပြီး စစ်မှန်တဲ့အုပ်စိုးရှင် ဖြစ်လာပါလိမ့်မယ် ... ဧကရာဇ်အာဏာ ဆိုတာက အဲ့စွမ်းအားရဲ့ အရေးမပါတဲ့ ဘေးထွက်ပစ္စည်းလေး တစ်ခုပဲ ... တွေးကြည့်စမ်းပါ... ထာဝရအသက်ရှင်ခြင်းနဲ့ အတုမရှိတဲ့ တန်ခိုးစွမ်းအား... အဲ့တာကသာ အရှင့်သား လိုက်လံ ရှာဖွေရမယ့် အရာတွေပဲ..."
ရှောင်ကျင်းသည် လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ ဤရက်ပိုင်းအတွင်း သူသည် အမြဲတမ်း တွေးတောနေမိသည်။
သူသည် ဉာဏ်ပညာအားလုံးကို အသုံးချကာ အားထုတ် ကြိုးပမ်းခဲ့ပါလျက်နှင့် ၊ ဘာအရည်အချင်းမှမရှိသည့် အသုံးမကျသော လူယုတ်မာတစ်ကောင်၏ လက်အောက်တွင် ရှိနေရမည်နည်း။
ခမည်းတော် ဧကရာဇ်မင်းသည် ပျက်စီးနေသော လူယုတ်မာတစ်ကောင်ကို အိမ်ရှေ့စံအဖြစ် ရွေးချယ်ခဲ့ပြီး ၊ အဘယ့်ကြောင့် မိမိကို တစ်ချက်မျှပင် ငဲ့မကြည့်ခဲ့သနည်း။
မတရားဘူး...
‘ဒီလောကကြီးက သူ့အတွက် မတရားဘူး..’
အနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားများသည် အဆိပ်ရှိသောမြွေများကဲ့သို့ သူ၏ စိတ်နှလုံးထဲရှိ လစ်ဟင်းမှုအားလုံးထဲသို့ တိုးဝင်သွားခဲ့လေပြီ။
မင်းသားတစ်ပါး၏ နောက်ဆုံး ကျန်ရှိနေသော ဆင်ခြင်တုံတရား နှင့် တွန့်ဆုတ်မှုများသည် အကြွင်းမဲ့ စွမ်းအားကို တောင့်တသည့် အလိုလောဘအောက်တွင် လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားခဲ့သည်။
"ငါ ဆက်ပြီး မစောင့်နိုင်တော့ဘူး..."