အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း(၁၇၆) - မင်းသမီးကြီးနှင့် ငြိမ်းချမ်းရေး ရရှိခြင်း
မင်းသမီးကြီး၏ စံအိမ်တော်တွင်မူ မီးရောင်များဖြင့် ထိန်ထိန်လင်းလျက် ရှိနေသည်။
ရှောင်နီရှန်းသည် ခုံတွင် ခန့်ညားထည်ဝါစွာ ထိုင်နေပြီး ရွှေချထားသော လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ပွတ်သပ်ရင်း ၊ သူမ ယုံကြည်ရသော အမျိုးသမီးအရာရှိ၏ သတင်းပေးပို့မှုကို နားထောင်နေ၏။
"ချန်ချင်း စစ်သူကြီးက တော်ဝင်အစောင့်တွေကို ကိုယ်တိုင်ဦးဆောင်ပြီး နေရာမှာတင် မိစ္ဆာကျင့်ကြံသူ လုပ်ကြံသူအချို့ကို ဖမ်းဆီးရမိခဲ့ပါတယ်…”
“အကြီးအကဲဖြစ်သူကိုတော့ အိမ်ရှေ့စံမင်းသားက တစ်ကွက်တည်းနဲ့ နှိမ်နင်းလိုက်တယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်…”
“ ဒီကိစ္စဖြစ်ပြီးနောက် စစ်သူကြီး ချန်ချင်းက အိမ်ရှေ့စံမင်းသားကို... အလွန်အမင်း ချီးကျူးနေပြီး နှုတ်ကလည်း အရှင့်သားရဲ့ သိုင်းပညာက ကမ္ဘာပေါ်မှာ တုနှိုင်းမဲ့ဆိုပြီး အမြဲ ပြောဆိုနေပါတယ်..."
အမျိုးသမီးအရာရှိ၏ အသံထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပါဝင်နေ၏။
" တစ်ကွက်တည်းနဲ့ နှိမ်နင်းလိုက်တယ် ဟုတ်လား... သိုင်းပညာက တုနှိုင်းမဲ့တဲ့လား..."
ရှောင်နီရှန်း၏ လှုပ်ရှားမှုမှာ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်သွားလေ၏။ သူမ၏ မျက်ဝန်းအစုံတွင် ပြင်းထန်သော စိတ်ဝင်စားမှုများနှင့် ဝေခွဲမရမှုများ ဖြတ်ပြေးသွားလေ၏။
သစ်ပင်ပေါ်တက်၍ ငှက်သိုက်နှိုက်နည်း ၊ ရေထဲဆင်း၍ ငါးဖမ်းနည်း စသည်များကိုသာ သိရှိသော သူမ၏ မောင်တော်(၇)ကလော။
ခမည်းတော်သည် နားရွက်ကို ဆွဲကိုင်ကာ ဆုံးမနေချိန်တွင်ပင် ငိုက်မြည်းနေတတ်သော ရှောင်ရှန်းကလော။
သူ့လို လူတစ်ယောက်က မည်ကဲ့သို့သော အတုမရှိသော စွမ်းရည်များ ရှိနိုင်မည်နည်း။
သို့သော် ချန်ချင်းသည် မြှောက်ပင့်တတ်သူ မဟုတ်ပေ။ ထိုလူသည် တုတ်တစ်ချောင်းကဲ့သို့ ဖြောင့်မတ်သူ ဖြစ်ပေရာ ၊ သူ၏ ပါးစပ်မှ ထွက်လာသော အမှန်တရားသည် ကောလာဟလများထက်ပင် ပို၍ ဆန်းကြယ်နေနိုင်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ရှောင်ရှန်း တစ်ယောက် ညီလာခံတွင် အဓိပ္ပာယ်မရှိသော စကားများဖြင့် အရာရှိများကို ပါးစပ်ပိတ်အောင် ပြောဆိုခဲ့သည်ကို လည်းကောင်း၊ ဆန်းကြယ်သော နည်းလမ်းဖြင့် နယ်စပ်ဒေသ၏ ရိက္ခာပြဿနာကို ဖြေရှင်းခဲ့သည်ကို လည်းကောင်း ပြန်လည်တွေးတောမိရင်း ၊ ရှောင်နီရှန်းသည် မိမိအနေဖြင့် ဤမောင်တော်ကို အမှန်တကယ် နားမလည်ခဲ့ဖူးကြောင်း ရုတ်ချည်း ခံစားလိုက်ရသည်။
‘သူက တကယ်ပဲ အူကြောင်ကြောင် ဖြစ်နေတာလား... ဒါမှမဟုတ် အရည်အချင်းကို ဖုံးကွယ်ထားတာလား…’
‘တကယ်လို့ သူ့ရဲ့အရည်အချင်းတွေကို ဖုံးကွယ်ထားတာဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ…’
မေးခွန်းများက တရစပ် ဝင်ရောက်လာကာ သူမ ငြိမ်ငြိမ်ထိုင်ရန် မဖြစ်နိုင်တော့ချေ။
သူမသည် လက်ဖက်ရည်ခွက်ကို ဖြည်းညင်းစွာ ချလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။
"ရထားလုံး ပြင်စမ်း... အရှေ့နန်းတော်ကို သွားမယ်..."
ညသန်းခေါင်ယံ အချိန်တွင် အရှေ့နန်းတော်၏ ကာကွယ်ရေးတပ်သားများသည် မင်းသမီးကြီး၏ အခြံအရံများကို မြင်လိုက်ရသဖြင့် မတားဆီးရဲဘဲ အမြန်ဆုံး သတင်းပို့လိုက်ကြသည်။
ရှောင်ရှန်းသည် စောင်ကို ခြုံထားပြီး နေ့ခင်းက ခံစားခဲ့ရသော ထိတ်လန့်မှုများကို အိပ်စက်ခြင်းဖြင့် ဖျောက်ဖျက်ရန် ကြိုးစားနေသော်လည်း ၊ အစေခံတစ်ဦး၏ လှုပ်နိုးခြင်းကို ခံလိုက်ရသည်။
သူသည် ရှုပ်ပွနေသော ဆံပင်များနှင့်အတူ အိပ်ချင်မူးတူး အမူအရာဖြင့် ကုတင်ပေါ်တွင် ထထိုင်လိုက်ပြီး ၊ မင်းသမီးကြီး ရောက်ရှိလာကြောင်း ကြားလိုက်ရချိန်တွင် တစ်ခေါင်းလုံး ပူထူသွားလေ၏။
ဤအစ်မတော်သည် ငယ်စဉ်ကတည်းက "စံပြကလေး" တစ်ယောက်လိုပင် ဉာဏ်ရည်ထက်မြက်ပြီး ပြတ်သားလှပေရာ အရာရာတွင် ရှေ့ဆုံးမှ ရှိနေတတ်သည်။ ရှောင်ရှန်း ငယ်စဉ်က အပျော်မက်သဖြင့် သူမ၏ ဖမ်းဆီးခြင်းကို မကြာခဏ ခံခဲ့ရပြီး ခမည်းတော်ထံ တိုင်တန်းခြင်း ခံခဲ့ရသဖြင့် သူတို့နှစ်ဦး၏ အရှိန်အဝါသည် သိပ်မလိုက်ဖက်လှချေ။
"သူ့ကို ဝင်ခွင့်ပြုလိုက်..."
ရှောင်ရှန်းသည် စိတ်မပါလက်မပါဖြင့် လက်ကို ဝှေ့ယမ်းကာ မိန့်ကြားလိုက်သည်။ မိမိ၏ အစ်မတော်သည် ညသန်းခေါင်ကြီး မည်သည့်ပြသနာရှာရန် လာပြန်သနည်းဟု တွေးရင်း စိတ်ရှုပ်နေမိသည်။
ရှောင်နီရှန်းသည် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး အဆောင်ထဲသို့ လှမ်းဝင်လာရာ ဖိအားပေးနိုင်သော သူမ၏အရှိန်အဝါမှာလည်း အတူတကွ လိုက်လာပါလေ၏။
သူမသည် ကုတင်ပေါ်တွင် လှဲနေဆဲဖြစ်သော ရှောင်ရှန်းကို တစ်ချက်ကြည့်လိုက်ပြီး ၊ ကျန်လူများကို ထွက်ခွာစေကာ မိမိ၏ ယုံကြည်ရသော လူများကိုပင် တံခါးအပြင်ဘက်၌ ထားခဲ့၏။
အဆောင်တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်ချိန်တွင် အဆောင်ထဲ၌ မောင်နှမနှစ်ဦးသာ ကျန်ရှိတော့သည်။
"မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ..."
ရှောင်နီရှန်းက မည်သည့်အပိုစကားမှ မပါဝင်ဘဲ တည့်တိုးမေးမြန်းလိုက်သည် ။
"မင်း တကယ်ပဲ လှဲအိပ်နေချင်ရုံသက်သက်ပါလို့ ငါ့ကို မပြောနဲ့..."
သူမ၏ မျက်လုံးများသည် ဓားသွားအလား ထက်မြက်လှပေရာ ရှောင်ရှန်းကို အပြင်ပန်းမှ အတွင်းပိုင်းအထိ ထိုးဖောက်ကြည့်ရှုနေသကဲ့သို့ပင်။
ဤကဲ့သို့သော မျက်လုံးများဖြင့် စိုက်ကြည့်ခြင်း ခံလိုက်ရသဖြင့် ရှောင်ရှန်းတစ်ယောက် တစ်ကိုယ်လုံး မသက်မသာ ဖြစ်သွားရသည်။ သူသည် ခေါင်းကုတ်လိုက်ပြီး အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုမည့် စိတ်ကူးကို စွန့်လွှတ်လိုက်ရတော့သည်။
ချန်ချင်းကဲ့သို့ ဖြောင့်စင်းသော လူစားမျိုး၏ ရှေ့တွင် သူသည် နတ်ဘုရားတစ်ပါးလို ဟန်ဆောင်နိုင်သလို၊ ရှောင်ကျင်းကဲ့သို့ ဇာတ်မင်းသားကြီး၏ ရှေ့တွင်လည်း အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုနိုင်သည်။ သို့သော် ငယ်စဉ်ကတည်းက မိမိကို ဖိနှိပ်ထားခဲ့သော ဤအစ်မတော်၏ ရှေ့တွင်မူ မည်သည့် သရုပ်ဆောင်မှုမဆို အချည်းနှီးသာ ဖြစ်မည်ကို သူ သိသည်။