← Chapters

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း ၁၇၉

Vol. 18 Ch. 179

အခန်း(၁၇၉) - ပူးပေါင်းကြံစည်မှု

စူးဝမ်ချင်း၏ စကားသံအဆုံးတွင် ၊ အိပ်ဆောင်အတွင်းရှိ လေထုသည် အလွန်အမင်း လေးလံသွားပြီး အသက်ရှူရသည်ပင် မွန်းကျပ်လာတော့၏။

"တိုင်းပြည်ကံကြမ္မာကို... ဖျက်ဆီးမယ် ဟုတ်လား..."

ရှောင်ရှန်းသည် ထစ်ငေါ့စွာဖြင့် ဆိုလိုက်သည်။ သာရှမင်းဆက် တစ်ခုလုံး၏ တိုင်းပြည်ကံကြမ္မာကို ဖျက်ဆီးပစ်မည် ဟူသော အချက်သည် သူ တွေးထားသည့် နယ်ပယ်ထက် ကျော်လွန်နေလေ၏။

သူသည် အလိုလို နောက်ဆုတ်မိသွားသည်။ ဤကိစ္စသည် ကြီးမားလွန်းလှရာ မကြားချင်ယောင်ဆောင်၍သာ နေလိုက်ချင်တော့သည်။

သို့သော် ဦးနှောက်ထဲတွင် အခြားအသံတစ်ခုက အော်ဟစ်နေ၏။

‘ တိုင်းပြည်ကံကြမ္မာသာ ပျက်စီးသွားရင် သာရှမင်းဆက်လည်း ရှိတော့မှာ မဟုတ်ဘူး... အဲ့အချိန်ကျရင် သူက ဘယ်နေရာမှာ သွားပြီး သက်တောင့်သက်သာ လှဲအိပ်နေနိုင်တော့မှာလဲ…’

‘ စစ်မီးတွေ တောက်လောင်ပြီး ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်တဲ့အခါ အိပ်စက်ဖို့ မပြောနဲ့... ထမင်းတစ်လုပ် ဝဝလင်လင် စားရဖို့တောင် ရုန်းကန်ရတော့မယ်…’

‘မဖြစ်ဘူး... ဒါက ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ’

နောင်တစ်ချိန်တွင် "တိုင်းပြည်ပျက်သွားသော အိမ်ရှေ့စံ" ဟူသည့် ဘွဲ့အမည်ဖြင့် နေရာအနှံ့ တောင်းရမ်းစားသောက်နေရမည့် မိမိ၏ အဖြစ်ကို တွေးမိသည်နှင့်တစ်ပြိုင်နက် ၊ ရှောင်ရှန်းတစ်ယောက် တုန်လှုပ်သွားပြီး အိပ်ချင်စိတ်များလည်း ချက်ချင်းဆိုသလို အငွေ့ပျံကာ ပျောက်ကွယ်သွားတော့၏။

"ဒါဆို ဘာလုပ်ဖို့ စောင့်နေသေးတာလဲ..."

သူသည် ကုတင်ပေါ်မှ ဝုန်းခနဲ ခုန်ဆင်းလိုက်ပြီး ခြေဗလာဖြင့် ကြမ်းပြင်ပေါ်တွင် ဟိုဟိုဒီဒီ လျှောက်ပတ်ရင်း ၊ ထို့နောက် အကြံရကာ ဆိုလိုက်သည်။

" ခုချက်ချင်း ချန်ချင်းကို သွားရှာရမယ်... ဒီကိစ္စကို စစ်တပ်ရဲ့ အကြီးအကဲကိုယ်တိုင် တာဝန်ယူ ဖြေရှင်းဖို့လိုတယ်..."

စူးဝမ်ချင်းသည် နောက်ဆုံးတွင် ရှောင်ရှန်းတစ်ယောက် တုံ့ပြန်မှု ရှိလာသည်ကို မြင်လိုက်ရမှသာလျှင် သူမ၏ တင်းမာနေသော မျက်နှာအမူအရာမှာ အနည်းငယ် ပြေလျော့သွားပြီး ရင်ဘက်ထဲမှ သေးငယ်လှပသော ဝါးပုလွေကလေးတစ်ခုကို ထုတ်ယူကာ နှုတ်ခမ်းတွင် တေ့၍ မှုတ်လိုက်သည်။

"ကျွန်မ သူ့ကို သတင်းပို့ထားပြီ... သူ အခု လာနေတဲ့ လမ်းမှာ ဖြစ်လိမ့်မယ်..."

စူးဝမ်ချင်းက လေးနက်စွာ ပြောဆိုလိုက်သည်။

"ရှောင်ကျင်း မလှုပ်ရှားခင် ကျွန်မတို့ သူ့ကို တားဆီးရမယ်..."

အမွှေးတိုင်တစ်တိုင် မကုန်ဆုံးမီ အချိန်အတွင်းမှာပင် ၊ သန်မာထွားကျိုင်းသော အရိပ်တစ်ခုသည် လေပြင်းမုန်တိုင်းတစ်ခုအလား အရှေ့နန်းတော်အတွင်းသို့ ပြေးဝင်လာခဲ့သည်။ ထိုသူမှာ ချန်ချင်းပင် ဖြစ်သည်။

သူသည်လည်း လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ထိုသတင်းကို ရရှိထားပုံရပြီး ၊ ကျားမျက်လုံးသဖွယ် မာန်ပါသော မျက်ဝန်းအစုံမှာ နီမြန်းနေကာ ဝင်လာသည်နှင့်တစ်ပြိုင်နက် ဒူးတစ်ဖက်ထောက်၍ ခစားလိုက်ပေသည်။

"အရှင့်သား... မင်းသား(၃)က ရူးသွပ်နေပြီ... ခုလို တိုင်းပြည်ပျက်မယ့် အလုပ်မျိုးကို လုပ်ဖို့ ကြံစည်နေတယ်... ကျွန်တော်မျိုး တောင်းဆိုပါတယ်... အခုချက်ချင်း မြို့စောင့်တပ်ကို စေလွှတ်ပြီး မင်းသား(၃)ရဲ့ စံအိမ်တော်ကို နှိပ်ကွပ်ပါရစေ..."

"မမှီတော့ဘူး..."

စူးဝမ်ချင်းက ခေါင်းခါလိုက်ပြီး ၊ သူမ၏မျက်နှာအမူအရာမှာ အလွန် လေးနက်သွားသည်။

"သူက ခုလို လုပ်ရဲမှတော့ သူ့အတွက် ဆုတ်ခွာမယ့် လမ်းကြောင်းနဲ့ အပြစ်ပုံချမယ့် ဓားစာခံကို ပြင်ဆင်ပြီးသား ဖြစ်လိမ့်မယ်... ကျွန်မတို့ အခု သူ့စံအိမ်တော်ကို သွားရင်လည်း လူမိမှာ မဟုတ်ဘဲ ရန်သူကို သတိပေးလိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်... သူ့ရဲ့ တကယ့်ပစ်မှတ်က နတ်ဘုရားယဇ်ပလ္လင်ပဲ”

ရှောင်ရှန်းသည် ၎င်းတို့နှစ်ဦး၏ အပြန်အလှန် ခွဲခြမ်းစိတ်ဖြာနေသော စကားများကို နားထောင်ရင်း အလွန် ရှုပ်ထွေးသွားရပြန်သည်။

"အရှင့်သား... အချိန်မရှိတော့ဘူး... ကျွန်တော်မျိုးတို့နဲ့ အတူတူ လိုက်ပါပေးပါ..."

ချန်ချင်းသည် မတ်တတ်ရပ်လိုက်ပြီး ၊ ရှောင်ရှန်းကို စိုက်ကြည့်လိုက်၏။

“အမ်... ငါလည်း လိုက်ရမှာလား..."

ရှောင်ရှန်းသည် ကိုယ့်ကိုယ့်ကိုယ် ပြန်ညွှန်ပြရင်း ငြင်းဆန်သော အမူအရာဖြင့် ဆိုလိုက်လေ၏။

"ငါက လိုက်ပြီး ဘာလုပ်ရမှာတုန်း ၊ မင်းတို့အတွက် ဘေးကနေ အော်ဟစ်အားပေးရမှာလား... ဒါမှမဟုတ် မင်းတို့က ငါက အရေထူလို့ ပေါက်ကွဲအားကို ကာကွယ်ဖို့ သုံးလို့ရတယ်လို့ ထင်နေကြတာလား..."

သူ၏စကားသည် တစ်ဝက်က ရိုးသားပြီး တစ်ဝက်က မိမိကိုယ်မိမိ နောက်ပြောင်ခြင်း ဖြစ်သော်လည်း ၊ ချန်ချင်း၏ နားထဲတွင်မူ အဓိပ္ပာယ်တစ်မျိုး ပြောင်းလဲသွားလေ၏။

‘အရှင့်သားက ငါ့ကို လမ်းညွှန်ပြသနေတာပဲ... ပေါက်ကွဲမှုကနေ ငါ့ကို ကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သူ့ရဲ့ ပြောဆိုချက်က မနေ့ညက ကိစ္စကို သွယ်ဝိုက်ပြီး သတိပေးနေတာပဲ…’

‘မနေ့ညက သေစေနိုင်တဲ့ တိုက်ကွက်ကို အရှင့်သားကပဲ ဆန်းကြယ်တဲ့ သိုင်းကွက်နဲ့ ဖြေရှင်းပေးခဲ့တာ မဟုတ်လား…’

ချန်ချင်း၏ ဦးနှောက်ထဲတွင် အတွေးပေါင်းများစွာ ဖြစ်ပေါ်လာပြီး၊ သူ၏ မျက်လုံးများက ပို၍ပြတ်သားခိုင်မာလာသည်။

"အရှင့်သားရဲ့ ကိုယ်ပေါ်မှာ နဂါးစွမ်းအင်တွေ ရှိနေတာ ၊ ဒီလို အောက်လမ်းမိစ္ဆာတွေကို နှိမ်နင်းဖို့ အကောင်းဆုံးပဲ... အရှင့်သား ရှိနေရင် ကျွန်တော်မျိုးတို့ သေချာပေါက် အောင်မြင်မှာပါ... အရှင့်သား... လမ်းပြပေးပါ..."

ရှောင်ရှန်းသည် ပါးစပ်ကို ဟ လိုက်သော်လည်း၊ ချန်ချင်း၏ "ကျွန်တော်မျိုး အရှင့်သားရဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်ကို လုံးဝ နားလည်သွားပါပြီ" ဟူသော မျက်နှာအမူအရာကို မြင်ပြီး ငြင်းဆန်မည့် စကားလုံးအားလုံးကို ပြန်လည် မျိုချလိုက်ရတော့၏။

"သွားမယ် သွားမယ်..."

သူသည် စိတ်မပါလက်မပါဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး ၊ စူးဝမ်ချင်း ကမ်းပေးလာသော ညဝတ် တိုက်ခိုက်ရေးဝတ်စုံ ကို ကမန်းကတန်း ဝတ်ဆင်ကာ ၎င်းတို့နှစ်ဦး၏ တွဲခေါ်မှုဖြင့် အရှေ့နန်းတော်မှ ထွက်ခွာလာခဲ့ကြသည်။

လူသုံးဦးသည် တစ္ဆေရိပ်များလို တိတ်ဆိတ်လှသော ညအမှောင်ထုထဲတွင် ဖြတ်သန်း ပြေးလွှားနေကြသည်။

မကြာမီမှာပင် ၎င်းတို့သည် နတ်ဘုရားယဇ်ပုလ္လင် အပြင်ဘက်ရှိ လူသူကင်းဝေးသော နန်းတော်တံတိုင်း အနီးသို့ ရောက်ရှိလာခဲ့ကြသည်။

All Chapters