အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း(၁၈၀)
"နတ်ဘုရားယဇ်ပုလ္လင်ရဲ့ ကာကွယ်ရေးက အလွန် တင်းကျပ်တယ်... အရှေ့တံခါးနဲ့ ဘေးတံခါးတွေမှာ တပ်သား အမြောက်အမြား ရှိနေသလို နက္ခတ်ဗေဒင်က တပ်ဆင်ထားတဲ့ အချက်ပေး ကာကွယ်ရေး အစီအရင်တွေလည်း ရှိနေတယ်..."
ချန်ချင်းက အသံကို နှိမ့်လိုက်ပြီး ပြောဆိုလိုက်သည်။
"ဒါပေမဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရဲ့ မြေပုံအဟောင်းအရ ဆိုရင် ဒီနေရာမှာ ရှေးမင်းဆက်တွေတုန်းက တည်ဆောက်ခဲ့တဲ့ ရေနုတ်မြောင်း လျှို့ဝှက်လမ်းကြောင်း တစ်ခု ရှိခဲ့ဖူးတယ် ၊ နောက်ပိုင်းမှာတော့ အဲ့လမ်းကြောင်းကို စွန့်ပစ်လိုက်ကြတယ်..."
စူးဝမ်ချင်းသည် ရှေ့သို့ လှမ်းလိုက်ပြီး နွယ်ပင်များဖြင့် ဖုံးလွှမ်းနေသော နန်းတော်တံတိုင်းများကို ခေတ္တမျှ စမ်းသပ်ရှာဖွေလိုက်သည်။ ထို့နောက် သူမသည် အုပ်တစ်ချပ်ကို သုံးကြိမ် ညင်သာစွာ ခေါက်လိုက်ရာ ၊ သူမ၏ လက်ချောင်းထိပ်တွင် မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခု လင်းလက်သွားသည်။
သေးငယ်လှသော စက်ယန္တရားများ၏ လှုပ်ရှားသံ ထွက်ပေါ်လာပြီးနောက် ၊ ထိုကျောက်ခဲသည် ဖြည်းညင်းစွာ အတွင်းသို့ ချိုင့်ဝင်သွားကာ လူတစ်ယောက်သာ ဖြတ်သန်းနိုင်သော မှောင်မည်းသည့် လျှို့ဝှက်တံခါးပေါက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
အေးစက်စိုစွတ်ပြီး သံချေးနံ့များနှင့် ပုပ်သိုးသောအနံ့များ ရောနှောနေသည့် လေပြင်းတစ်ခုသည် လျှို့ဝှက်လမ်းကြောင်းအတွင်းမှ တိုးဝှေ့ထွက်ပေါ်လာ၏။
ချန်ချင်းသည် ပထမဆုံး ဝင်ရောက်သွားပြီး စူးဝမ်ချင်းသည် နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါသွားကာ ၊ ရှောင်ရှန်းမှာ ရွံရှာသော မျက်နှာပေးဖြင့် နောက်ဆုံးမှ တရွတ်တိုက် လိုက်ပါလာခဲ့၏။
လျှို့ဝှက်လမ်းကြောင်းသည် ကိုယ့်လက်ကို မမြင်ရလောက်အောင် မှောင်မည်းနေပေသည်။ ရှေ့ဆုံးမှ ချန်ချင်းသည် တည်ငြိမ်စွာ လျှောက်လှမ်းနေပြီး သူ၏ အသက်ရှူသံကို ထိန်းချုပ်ထားကာ ပေါ်ထွက်လာနိုင်သည့် စက်ယန္တရား ထောင်ချောက်များကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။
စူးဝမ်ချင်းသည် သူမ၏ လက်ချောင်းကြားတွင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေသော အဆောင်တစ်ရွက်ကို ညှပ်ထားသည်။ ၎င်းမှ ထွက်ပေါ်လာသော မှိန်ဖျော့ဖျော့ အလင်းရောင်သည် ရှေ့ဘက်ရှိ နေရာအချို့ကို လင်းထိန်စေပြီး ၊ လမ်းကြောင်းအတွင်း ရှိနေနိုင်သော မိစ္ဆာစွမ်းအင်လှိုင်းများကိုလည်း ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။
ရှောင်ရှန်းသည် ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့ ၎င်းတို့နှစ်ဦး၏ နောက်မှ လိုက်ပါလာရင်း ညည်းညူလိုက်သည်။
"ဒါက ဘယ်လို နေရာမျိုးလဲ... မှောင်လည်းမှောင် နံစော်နေတာပဲ... အရှေ့နန်းတော်ရဲ့ မြေအောက်အကျဉ်းထောင်လောက်တောင် မကောင်းဘူး..."
သူ၏ စကားသံအဆုံးတွင် ၊ ရှေ့မှ လျှောက်လှမ်းနေသော စူးဝမ်ချင်းသည် ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး လက်ကို မြှောက်၍ အချက်ပြလိုက်သည်။
"ရှေ့မှာ တစ်ခုခု ရှိနေတယ်..."
အဆောင်စာရွက်၏ အလင်းရောင်အောက်တွင် ရှေ့ဘက်ရှိ နံရံများပေါ်၌ သွေးကဲ့သို့ နီမြန်းပြီး ထူးဆန်းသော မန္တန်စာလုံးများ ရေးဆွဲထားသည်ကို တွေ့မြင်လိုက်ရသည်။ ၎င်းမှာ သေးငယ်သော သတိပေး အစီအရင်တစ်ခု ဖြစ်ပေသည်။
အကယ်၍ အသက်ရှိသော လူတစ်ယောက်၏ အငွေ့အသက်ကို ရသည်နှင့် ၊ ဤအစီအရင်သည် ချက်ချင်း နိုးထလာပြီး မြေအောက်နန်းတော်အတွင်းရှိ လူများကို အကြောင်းကြားလိမ့်မည် ဖြစ်သည်။
"လှည့်ကွက်အသေးအဖွဲလေးတွေပါ..."
စူးဝမ်ချင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို ပူးလိုက်ကာ လေထုထဲတွင် မန္တန်စာလုံးများကို ရေးဆွဲလိုက်သည်။ သူမ ရေးဆွဲလိုက်သော မန္တန်စာလုံးများသည် ထိုသတိပေး အစီအရင်ပေါ်သို့ ဖြည်းညင်းစွာ ရိုက်နှိပ်လိုက်လေ၏။
နီမြန်းသော အလင်းရောင်လေးသည် အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပြီးနောက် လုံးလုံးလျားလျား မှေးမှိန်သွားရာ တစ်ခါမျှ မရှိခဲ့ဖူးသည့်အတိုင်းပင်။
သူတို့သုံးဦးသည် ဆက်လက် လျှောက်လှမ်းခဲ့ကြရာ သိပ်မဝေးသော နေရာအရောက်တွင် ချန်ချင်းသည်လည်း တစ်ဖန် ပြန်လည် ရပ်တန့်သွားပြန်သည်။ သူသည် ခေတ္တမျှ နားစွင့်လိုက်ပြီးနောက် ကြမ်းပြင်ပေါ်မှ ကျောက်ခဲငယ်တစ်လုံးကို ကောက်ယူကာ ရှေ့ဘက်ရှိ အမှောင်ထုထဲသို့ ပစ်ပေါက်လိုက်လေ၏။
ဝှစ် ဝှစ်…
လေထုထဲသို့ ထိုးဖောက်ဝင်ရောက်လာသော အသံများ ချက်ချင်း ထွက်ပေါ်လာပြီး ၊ အဆိပ်များ သုတ်လိမ်းထားသော မြှားအမြောက်အမြားသည် နှစ်ဖက်နံရံများပေါ်ရှိ လျှို့ဝှက်အကွက်များအတွင်းမှ ပစ်ခတ်ထွက်ပေါ်လာကာ ထိုကျောက်စရစ်ခဲလေးကို အမှုန့်ဖြစ်သွားစေသည်။
ချန်ချင်း၏ မျက်လုံးထဲတွင် အေးစက်သောအလင်းတန်း တစ်ခု ဖြတ်ပြေးသွားပြီး ၊ ကြမ်းပြင်ပေါ်ရှိ သိပ်မသိသာသော ကျောက်ပြားတစ်ချို့ကို သေချာကြည့်ကာ ပြင်းထန်စွာ နင်းချလိုက်သည်။
‘ကလစ်’ဟူသော အသံနှင့်အတူ နံရံအတွင်းရှိ စက်ယန္တရားများ၏ လှုပ်ရှားသံများ ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။
ရှောင်ရှန်းသည် ဘေးမှနေ၍ မျက်ခုံးတလှုပ်လှုပ် ဖြစ်နေကာ စိတ်ထဲကနေ တွေးနေမိသည်။
‘ တကယ်လို့ ငါတစ်ယောက်တည်းသာ ဝင်လာခဲ့ရင် အခုအချိန်မှာ မြှားတွေ စိုက်နေတဲ့ ဖြူကောင်လို ဖြစ်နေလောက်ပြီ…’
လမ်းခရီးတစ်လျှောက်တွင် စူးဝမ်ချင်းသည် မိစ္ဆာအစီအရင် သုံးခုကို ဖြေရှင်းခဲ့ပြီး ၊ ချန်ချင်းသည် ရက်စက်လှသော စက်ယန္တရား ထောင်ချောက် ငါးခုကို ဖျက်ဆီးခဲ့ရာ ၎င်းတို့နှစ်ဦးသည် အပေးအယူမျှကာ စနစ်တကျ ရှိလှပေသည်။
မင်းသားကြီး ရှောင်ရှန်းမှာ နောက်ကနေ တဝါးဝါး သမ်းဝေရင်း လိုက်ပါလာလေ၏။ နောက်ဆုံးတွင် သူတို့သည် လမ်းခွဲသုံးခွ နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ကြသည်။
ဘယ်ဘက် လမ်းကြောင်းသည် အနည်းငယ် ကျယ်ဝန်းပြီး ကြမ်းပြင်ပေါ်တွင် ရှုပ်ပွနေသော ခြေရာအချို့ ရှိနေကာ လေထုထဲတွင် ကျန်ရှိနေသော မိစ္ဆာစွမ်းအင်များကလည်း အတော်လေး ပြင်းထန်လှပေသည်။
ညာဘက် လမ်းကြောင်းသည် ကျဉ်းမြောင်းပြီး ပင့်ကူအိမ်များဖြင့် ဖုံးလွှမ်းနေကာ စွန့်ပစ်ထားသည်မှာ ကြာမြင့်နေပြီဖြစ်သော လမ်းတစ်ခုကဲ့သို့ ရှိနေပြီး ၊ လမ်းဆုံးတွင် စိုစွတ်သော ကျောက်နံရံကြီးတစ်ခုဖြင့် ပိတ်ဆို့ထားသည်။
"ဘယ်ဘက်ကို သွားမယ်..."
စူးဝမ်ချငိးသည် တုံ့ဆိုင်းခြင်းမရှိ ဆုံးဖြတ်ချက် ချလိုက်သည်။
"စွမ်းအင်လှိုင်းတွေနဲ့ ခြေရာတွေက ဒီဘက်ကို ညွှန်ပြနေတယ်..."
ချန်ချင်းကလည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။
"ညာဘက်က လမ်းပိတ်နေမှတော့ စုံစမ်းစရာ အကြောင်းမရှိဘူး..."
၎င်းတို့နှစ်ဦးသည် ဘယ်ဘက်သို့ လျှောက်လှမ်းရန် ပြင်ဆင်လိုက်ကြသော်လည်း သူတို့နောက်က ရှောင်ရှန်းသည် လုံးဝ လှုပ်ရှားခြင်းမရှိသည်ကို တွေ့လိုက်ရသည်။ သူသည် အိပ်ချင်မူးတူး ဖြစ်နေသော မျက်လုံးများကို ပွတ်သပ်ရင်း ညာဘက် လမ်းကြောင်းဆီသို့ လျှောက်လှမ်းသွားလေ၏။
“ အရှင့်သား”
ချင်ချန်းက ဇဝေဇဝါဖြင့် အော်ခေါ်လိုက်သည်။
ရှောင်ရှန်းသည် လှည့်မကြည့်ဘဲ လက်ကိုဝှေ့ယမ်းကာ တိုးတိုးလေး ဆိုလိုက်သည်။
“ မဆူနဲ့…ဒီမှာ ပိုအေးတယ် ၊ ခဏလောက် နံရံကို မှီအိပ်ရင် အဆင်ပြေလောက်တယ်”
သူသည် ပြောပြောဆိုဆိုဖြင့် ကျောက်နံရံဆီသို့ လျှောက်ကာ အချိန်မရွေး မှီအိပ်ရန် အသင့်ဖြစ်နေဟန်ရသည်။
စူးဝမ်ချင်းနှင့် ချန်ချင်းတို့သည် အကြည့်ချင်း ဖလှယ်လိုကိကြပြီး ၊ ရှောင်ရှန်းကို ဆွဲခေါ်ရန် ကြံစည်လိုက်ကြသည်။
သို့သော် ရှောင်ရှန်း၏ ကျောသည် ကျောက်နံရံကို ထိတော့မည့်အချိန် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ခိုင်မာသော ကျောက်နံရံကြီးသည် ရေလို လှိုင်းထနေပြီး၊ ရှောင်ရှန်း၏ ခန္ဓာကိုယ်သည်လည်း မည်သည့်အတားအဆီးမှ မရှိဘဲ နံရံနောက်ကွယ်တွင် ပျောက်ကွယ်သွားခဲ့သည်။