အခန်း ၂၁၆၃
Vol. 217 Ch. 2163
အခန်း (၂၁၆၃) နောက်တစ်ယောက်ကတော့ မင်းပဲ
ဖန့်ချန်သည် ကျယ်ပြောလှသော ကွင်းပြင်ပလတ်ဖောင်းကြီးပေါ်၌ ရပ်တန့်နေရင်း၊ ခေါင်းကို အသာအယာ မော့ရုံမျှဖြင့် ထိုက်ဟောက်ဝေက ဂျူပင်းအား စိန်ခေါ်ထားသည့် ရွှေရောင်စာလုံးတန်းကြီးကို မြင်တွေ့လိုက်ရသည်။
စိန်ခေါ်မှုနယ်မြေအတွင်းသို့ ဝင်ရောက်လာကြသူမှာ ထိုက်ဟောက်ဝေ တစ်ဦးတည်းသာ မဟုတ်ပါချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ၎င်းနှင့် ဆင်တူလှသော စာလုံးတန်းကြီးများက ရာနှင့်ချီ၊ ထောင်နှင့်ချီ၍ မပြတ် ထွက်ပေါ်လာခဲ့ကြသည်။
ထို့ကြောင့် ထိုက်ဟောက်ဝေ၏ စိန်ခေါ်မှုက ၎င်းတို့အကြား၌ ထိုမျှလောက်အထိ ထင်ရှားပေါ်လွင်ခြင်း မရှိတော့ပေ။
“ကျောင်းသား ဖန့်ချန် တကယ့်ကို တိုက်ဆိုင်လိုက်တာ ”
အတန်ငယ် အံ့ဩဝမ်းသာသွားသည့် အသံတစ်ခုက မလှမ်းမကမ်းနေရာဆီမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။
ကျောက်ယွီချင်သည် တစ်ပါးမျိုးနွယ်စုမှ သူတော်စင်အုပ်ကြီးကို ကျော်ဖြတ်လျက်၊ ဖန့်ချန်၏ ရှေ့မှောက်သို့ လှမ်း၍ ရောက်ရှိလာခဲ့ပြီး၊ သူမ၏ မျက်နှာပေါ်၌ အံ့ဩဝမ်းသာနေသည့် အပြုံးများ ချိတ်ဆွဲထားခဲ့သည်။
“ကျောင်းသား ကျောက်…… တကယ့်ကို တိုက်ဆိုင်တယ်”
ဖန့်ချန်ကလည်း အနည်းငယ် မျှော်လင့်မထားမိသဖြင့်၊ ပြုံးလျက် လက်နှစ်ဖက်ကို ဆုပ်၍ နှုတ်ဆက်လိုက်သည်။
ကျောက်ယွီချင်၏ မျက်ဝန်းထဲက အပြုံးရိပ်များက အတန်ငယ် ရှုပ်ထွေးနေခဲ့ပြီး၊ သက်ပြင်းချလျက် ရေရွတ်လိုက်မိတော့သည်။
“ကျောင်းသား ဖန့်…… ပြီးခဲ့တဲ့တစ်ခေါက် ရှင်နဲ့ တွေ့တုန်းက၊ ရှင်က ရွှေဟွေးကျောင်းတော်ရဲ့မာခံတပည့်တစ်ယောက်အဖြစ် ဟန်ဆောင်နေတာလို့ ကျွန်မ ထင်ပြီး အထင်လွဲခဲ့သေးတယ်၊ မကြာခင်မှာပဲ ရှင်က နေမင်းခုနစ်ပါး ကျောင်းသားအဖြစ် ရာထူးတိုးမြှင့်ခံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ ကျွန်မ လုပ်ခဲ့တဲ့ ရယ်စရာကိစ္စကို စိတ်ထဲမှာ မထားပါနဲ့နော် ”
“ကိစ္စမရှိပါဘူး၊ အသေးအဖွဲ အထင်လွဲမှုလေးတစ်ခုပဲဟာကို ”
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်သော်လည်း၊ ရုတ်တရက် မျက်ခုံးနှစ်ဖက်က တွန့်ချိုးသွားခဲ့ရသည်။
ဂျူပင်း၏ နာမည်က လင်းထိန်လာခဲ့သည်ကို သူ သတိပြုမိလိုက်ရာ၊ ဒါဟာ တစ်ဖက်လူက ထိုက်ဟောက်ဝေ၏ စိန်ခေါ်မှုကို လက်ခံလိုက်ပြီဖြစ်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်က ထိုက်ဟောက်ဝေ၏ နည်းလမ်းများက သာမန်မဟုတ်ကြောင်း၊ လျစ်လျူရှုထားလိုက်ရုံမျှဖြင့် ရပြီဖြစ်ကြောင်း ဤလူအား သူ အသေအချာ သတိပေးခဲ့ပါသော်လည်း၊ ဂျူပင်းက ဘာဖြစ်လို့ စိန်ခေါ်မှုကို လက်ခံလိုက်ရသလဲဆိုသည်ကို ဖန့်ချန် နားမလည်နိုင်အောင် ဖြစ်သွားရသည်။
ကျောက်ယွီချင်ကမူ ၎င်းကို သတိမထားမိဘဲ ဖန့်ချန်နှင့် စကားလက်ဆုံမပြတ် ပြောဆိုနေခဲ့ပြီး၊ ဖန့်ချန်ကလည်း စိတ်ပါလက်ပါမရှိဘဲ တစ်ခွန်းစ နှစ်ခွန်းစ ပြန်လည်တုံ့ပြန်နေခဲ့သည်။
လက်ဖက်ရည်တစ်ခွက်စာခန့် အချိန် ကုန်လွန်သွားခဲ့ပြီးနောက်။
ဂျူပင်း၏ နာမည်က ဖြည်းညှင်းစွာ မှေးမှိန်လျက် ပျောက်ကွယ်သွားခဲ့ရသည်။
ဖန့်ချန်က ချက်ချင်းပင် တိုက်ပွဲပြန်လည်ပြသမှုကို ဖွင့်လှစ်လိုက်ရာ၊ သူ့ရှေ့မှောက်၌ ပုံရိပ်ယောင်တစ်ခု ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့တော့သည်။
ကျောက်ယွီချင်က အတန်ငယ် အံ့ဩသွားခဲ့ရပြီး၊ သူမပါ ဘေးနားသို့ တိုးကပ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင်၊ လူသားမျိုးနွယ်စုမှ သူတော်စင်အားလုံးနီးပါးက ဤတိုက်ပွဲပြန်လည်ပြသမှုကို ဖွင့်လှစ်ကြည့်ရှုလိုက်ကြသည်။
“ဒါက ရှီးမျိုးနွယ်စု ကျောင်းတော်က ကာကွယ်ရေးဆရာ ကော်ယန့်လီရဲ့ လက်အောက်က တပည့် ထိုက်ဟောက်ဝေ မဟုတ်ဘူးလား ”
ကျောက်ယွီချင်က ထိုက်ဟောက်ဝေကို မှတ်မိသွားခဲ့သော်လည်း၊ ထိုက်ဟောက်ဝေ၏ ပြိုင်ဘက် ဂျူပင်းက မည်သူမည်ဝါဖြစ်ကြောင်း သူမ မသိပါချေ။
နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် တိုက်ပွဲကမူ၊ ကွဲပြားခြားနားလွန်းလှစွာဖြင့် တစ်ဖက်သတ် ဆန်လွန်းလှသည်၊ ဂျူပင်းက ထိုက်ဟောက်ဝေအား အော်ဟစ်ဆဲဆို ရေရွတ်လိုက်ပြီးနောက်၊ နတ်ဘုရားရောင်ခြည်တန်းတစ်ခု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရကာ၊ ထိုလူသည် တစ်ကိုယ်လုံး အေးခဲသွားခဲ့ရသကဲ့သို့ ဖြစ်သွားခဲ့ရသည်။
ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ၏ အငွေ့အသက်များကိုပင် မလှုပ်ရှားနိုင်တော့ဘဲ၊ ဆတ်ဆတ်လူးမျှမရှိ လုံးဝ တောင့်တင်းသွားခဲ့ရပြီးနောက်၊ ဤကဲ့သို့ပင် ထိုက်ဟောက်ဝေ၏ တရစပ် ရိုက်နှက်မှုအောက်၌ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေက တစ်စစီ ကွဲကြေသွားခဲ့ရကာ၊ ရုပ်ခန္ဓာပါ ပျက်စီးလျက် သေဆုံးသွားခဲ့ရတော့သည်။
ကျောက်ယွီချင်၏ မျက်နှာပေါ်၌ ချက်ချင်းပင် လေးနက်တည်ကြည်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
“ဒါက တိန့်ဆွေ့နတ်ဘုရားရောင်ခြည်လား ”
“အင်း…… ထိုက်ဟောက်ဝေက မကြာသေးခင်ကမှ တိန့်ဆွေ့နတ်ဘုရားရောင်ခြည်ကို နားလည်သဘောပေါက်သွားခဲ့တာ၊ ကြားရသလောက်တော့ ဒီနတ်ဘုရားစွမ်းရည်က တစ်ဦးချင်း တိုက်ခိုက်တဲ့နေရာမှာ အလွန်အမင်း ကြီးမားတဲ့ အားသာချက်ကို ရယူနိုင်တယ်တဲ့ ”
ဖန့်ချန်က ခေါင်းကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ဒီနတ်ဘုရားစွမ်းရည်က တစ်ဦးချင်း တိုက်ခိုက်တဲ့အချိန်မှာ တကယ့်ကို ကြီးမားလှတဲ့ အားသာချက်ကို ပိုင်ဆိုင်ထားတာ။
ကျွန်မ ကြားဖူးတာကတော့ နေမင်းခုနစ်ပါးခန်းမထဲက အဆင့်အစိတ်၊ အဆင့်သုံးဆယ်ဝန်းကျင်မှာ ရှိနေတဲ့ တည်ရှိမှုတွေက၊ တကယ်တော့ ကျင့်ကြံခြင်း အောက်ခြေအခြေခံပိုင်းမှာ အကွာအဝေးကြီး ကွာခြားမနေကြဘူးတဲ့။
အစွမ်းသတ္တိ ကွာခြားမှုက နတ်ဘုရားစွမ်းရည်ပေါ်မှာပဲ ရှိနေတာ၊ သူတို့ထဲက လူအတော်များများက တစ်ဦးချင်း တိုက်ခိုက်တဲ့အချိန်မှာ အားသာချက် ရရှိစေနိုင်တဲ့ အထူးနတ်ဘုရားစွမ်းရည်တွေကို ပိုင်ဆိုင်ထားကြတာ ”
ကျောက်ယွီချင်၏ မျက်န်းထဲ၌ အားကျမိသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့ရင်း။
“ထိုက်ဟောက်ဝေက ဒီလိုမျိုး နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားတာဆိုတော့၊ ဒီတစ်ခေါက် ကောင်းကင်ငါးပါး စစ်တလင်းထဲမှာ မျက်နှာပန်းအလှဆုံး ဖြစ်လာတော့မှာပဲ ”
ထိုစဉ်၊ မျက်နှာပြင်ထဲက ထိုက်ဟောက်ဝေသည် ဂျူပင်းအား အပြတ်အသတ် သတ်ဖြတ်ပြီးနောက်၊ ရုတ်တရက် မချိုမချဉ် ပြုံးလိုက်ရင်း။
“ဖန့်ချန်…… မင်းလည်း ဒီတိုက်ပွဲပြန်လည်ပြသမှုကို ကြည့်နေမှာပဲမလား နောက်တစ်ယောက်ကတော့ မင်းပဲ ”
ရေတွက်၍ မရနိုင်လောက်အောင် များပြားလှသည့် လူသားမျိုးနွယ်စုမှ သူတော်စင်များက ဤမြင်ကွင်းကို မြင်တွေ့လိုက်ကြရသဖြင့်၊ စိတ်အမူအရာများက အလွန်အမင်း လေးနက်တည်ကြည်သွားခဲ့ကြရသည်။
သို့သော်လည်း ကံကောင်းသည်က ကရုဏာတောင်ကုန်းဘက်က ရှေ့သို့ထွက်၍ အဆက်အသွယ် ရှာဖွေပေးထားသည်ဟု သူတို့ ထင်မှတ်ထားကြသဖြင့်၊ ယခုတစ်ကြိမ် ထိုက်ဟောက်ဝေအား စစ်ဆေးရမည့်သူမှာ၊ ဖန့်ချန်၏ အလှည့်သို့ ရောက်ရှိလာလိမ့်မည် မဟုတ်ဟု တွေးတောနေကြခြင်း ဖြစ်သည်။
“ကျောင်းသား ဖန့် သူ ခုနက ပြောလိုက်တာ ရှင်ကိုလား ”
ကျောက်ယွီချင်က အတန်ငယ် ကြောင်အသွားခဲ့ရပြီး၊ ထိုက်ဟောက်ဝေနှင့် ဖန့်ချန်တို့အကြား၌ ရန်ငြိုးရန်စများ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားမိခဲ့ပါချေ။
“ကျုုပ်ကို ဖြစ်လိမ့်မယ်၊ ဒီကောင်က အားအင်တွေအပြည့် သုံးပြီးတော့၊ ကျုုပ်ကို နင်းခြေပြီး ကောင်းကင်ငါးပါးအကြားမှာ နာမည်ကြီးအောင် လုပ်ချင်နေတာလေ ”
ဖန့်ချန်က ပြုံး၍ ပြောဆိုလိုက်သည်။
ထို့နောက်တွင် သူက ရှေးယခင်တုန်းက နေမင်းခုနစ်ပါး ကျောင်းသားအဖြစ် ရာထူးတိုးမြှင့်ခံရစဉ်အချိန်က၊ ကော်ယန့်လီက မိမိ၏ နေမင်းခုနစ်ပါး တံဆိပ်ခတ်နှိပ်မှုကို လုယူပြီး ထိုက်ဟောက်ယွီအား ဒဏ်ရာကုသပေးရန် ကြံစည်ခဲ့သည့် ကိစ္စရပ်ကို အကျဉ်းချုံး၍ ပြောပြလိုက်သည်။
ဘေးနားတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် အခြားသော ကျောင်းတော်အသီးသီးမှ သူတော်စင်အချို့ ရှိနေခဲ့ကြရာ၊ သူတို့ကလည်း ဖန့်ချန်ကို မှတ်မိသွားခဲ့ကြပြီး၊ ဖန့်ချန်၏ စကားကို ကြားသိရပြီးနောက်တွင်၊ သူတော်စင်အချို့က အလွန်အမင်း အံ့ဩကုန်ကြတော့သည်။
“စီနီယာကြီးတစ်ယောက် ဖြစ်နေပြီးတော့၊ ဒီလိုမျိုး အဓမ္မ လုယူရဲတယ် ဟုတ်လား နေမင်းခုနစ်ပါး တံဆိပ်ခတ်နှိပ်မှုလိုမျိုး အရာမျိုးကိုတောင် လုချင်နေတာလား ဒါက လွန်လွန်းလှပြီ မဟုတ်ဘူးလား ”
ဤစကားလုံးများက၊ သူတော်စင် အတော်များများ၏ ထောက်ခံမှုကို ချက်ချင်းပင် ရရှိသွားခဲ့တော့သည်။
အားလုံးက ကျောင်းတော်သားချင်း တူတူပင်ဖြစ်ပြီး၊ အချို့မှာ ရွှေဟွေးကျောင်းတော်က မဟုတ်ကြပါသော်လည်း၊ ပင်ကိုယ်သဘာဝအရမူ အတူတူပင် ဖြစ်သည်။
သူတို့က အကယ်၍ မိမိသာ ဖန့်ချန်၏ နေရာတွင် ရှိနေခဲ့မည်ဆိုပါက၊ မည်မျှလောက်အထိ ဒေါသထွက်မိလိမ့်မည်နည်းဟု စိတ်ကူးပုံဖော်ကြည့်နေကြသည်။
“ဒါကြောင့်မလို့ ရန်ငြိုးဖွဲ့ခဲ့ကြတာကိုး၊ ဒါဆိုရင်တော့ ကျောင်းသား ဖန့်အနေနဲ့ နောက်ပိုင်းကျရင် ပိုပြီးတော့ သတိထားရတော့မယ်။
ကာကွယ်ရေးဆရာ ကော်ယန့်လီရဲ့ အစွမ်းသတ္တိက…… ကျောင်းတော်ထဲမှာ အတိုင်းအတာတစ်ခုအထိ နာမည်ကျော်ကြားမှု ရှိတယ်လေ။
နောင်အနာဂတ်ကျရင် အထွတ်အထိပ်တာအိုအဆင့်ကို ရောက်ရှိသွားဖို့ ရာခိုင်နှုန်း အလွန်အမင်း များပြားနေတာ၊ အကယ်၍ သူကိုယ်တိုင် ရှင့်ကို အရေးမယူရင်တောင်မှ၊ ဒုက္ခမျိုးစုံက တံခါးဝအထိ လိုက်လံရှာဖွေလာနိုင်တယ် ”
ကျောက်ယွီချင်က စိတ်ထူးဆန်းနေသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။
သူမ၏ စကားသံ ဆုံးရုံမျှရှိသေး၊ ဟင်းလင်းပြင်ထက်ဆီမှ ရွှေရောင်စာလုံးတန်းကြီးတစ်ခု ထပ်မံ၍ ကျဆင်းလာခဲ့ပြန်ရာ၊ ၎င်းအတွင်း၌ တောက်ပလှသော စာလုံးတန်းကြီးတစ်ခုက ဖျတ်ဖျတ်လူးမျှ လင်းလက်နေခဲ့သည်။
ရွှမ်ဟွေးကျောင်းတော် ထိုက်ဟောက်ဝေ နေမင်းခုနစ်ပါးခန်းမ ဖန့်ချန်
“နေမင်းခုနစ်ပါးခန်းမရဲ့ စစ်ဆေးမှု ဟုတ်လား ”
“ထပ်လာပြန်ပြီလား”
ဘက်ပေါင်းစုံမှ သူတော်စင်များအားလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။
ရွှေဟွေးကျောင်းတော်မှ အချို့သော သူတော်စင်များသာလျှင် ဤကိစ္စကို စောစောစီးစီးကတည်းက ကြိုတင်ခန့်မှန်းထားခဲ့ကြရခြင်း ဖြစ်သည်။
အခြားသော ကျောင်းတော်အသီးသီးမှ ကျောင်းသားများကမူ၊ ယခုအချိန်တွင် မိမိတို့၏ အဆက်အသွယ်များကို အသုံးပြုလျက်၊ ဤထိုက်ဟောက်ဝေဆိုသူ၏ နောက်ခံသမိုင်းကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ရန် စုံစမ်းနေကြတော့သည်။
ဖန့်ချန်နှင့် ပတ်သက်၍မူ၊ သူတို့က သဘာဝကျစွာပင် မှတ်မိနေကြဆဲ ဖြစ်ပြီး၊ ၎င်းက ပြီးခဲ့သည့်တစ်ခေါက် နေမင်းခုနစ်ပါးခန်းမ စစ်ဆေးမှု၏ အဓိကဇာတ်လိုက်ဖြစ်ကာ၊ ဟန်ချွန်းရှောင်းအား အပြတ်အသတ် သတ်ဖြတ်ခဲ့သည့် ကြောက်မက်ဖွယ်ရာ တည်ရှိမှုတစ်ခု မဟုတ်ပါလော။
တုန်းဖန်းဟို့က ဟင်းလင်းပြင်ထက်က စာလုံးတန်းကြီးကို သေလုမတတ် စိုက်ကြည့်နေခဲ့ပြီး၊ အတော်ကြာမှ အေးစက်စွာ လှောင်ပြောင်လိုက်တော့သည်။
“ဒါကို အဆက်အသွယ်တွေ ညှိနှိုင်းပေးထားတယ်လို့ ခေါ်တာလား ကရုဏာတောင်ကုန်းက ဒီတစ်ခေါက်တော့ ကိုယ့်အိမ်က နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက်ကို အသေတွန်းပို့လိုက်တာပဲ”
ကျိလင်က ထက်ကောင်းကင်ယံကို မော့ကြည့်နေရင်း၊ ရုတ်တရက် စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ အော်ဟစ်ရယ်မောလိုက်မိတော့သည်။
ဘေးနားက တစ်ခြားမျိုးနွယ်စုမှ သူတော်စင်က အတန်ငယ် ထူးဆန်းသည့် မျက်ဝန်းများဖြင့် ကျိလင်အား လှမ်း၍ တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ထိုက်ဟောက်ဝေ၏ နောက်ခံသမိုင်းကြောင်းကို ဆက်လက်၍ ဆွေးနွေးနေခဲ့ကြသည်။
“ဟိဟိဟိ…… ကောင်းတဲ့ကိစ္စပဲ၊ ကောင်းတဲ့ကိစ္စပဲဟေ့၊ ဟိဟိဟိ……”
မေဒေါင်ကွမ်း၏ မျက်နှာပေါ်က အပြုံးများက အနည်းငယ် ရူးသွပ်နေခဲ့ပုံရပြီး၊ ထိုတောက်ပလှသော ရွှေရောင်စာလုံးတန်းကြီးကို ကြည့်ရှုနေရင်း မပြတ် တဟိဟိဖြင့် ထူးဆန်းစွာ ရယ်မောနေခဲ့တော့သည်။
ထိုက်ရှီဝမ်းကျန်း၏ မျက်ဝန်းအလင်းတန်းများက လေးနက်တည်ကြည်နေခဲ့ပြီး၊ မျက်ဝန်းထဲ၌ တွေးတောဆင်ခြင်မိသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ချိုင်စစ်ရှို့၊ လုကျိုဝမ်၊ ရွှမ်ပုထုံ အစရှိသည့် လူသားမျိုးနွယ်စုမှ သူတော်စင်များကမူ၊ စိတ်အမူအရာများ အသီးသီး ကွဲပြားခြားနားနေကြပြီး၊ အတွေးပေါင်းစုံဖြင့် ပြည့်နှက်နေခဲ့ကြရသည်။
တစ်ချိန်တည်းမှာပင်၊ ကောင်းကင်ငါးပါး စစ်တလင်း၏ ပြင်ပ၊ ကရုဏာတောင်ကုန်း၏ အနက်ရှိုင်းဆုံးနေရာဆီမှ၊ ရုတ်တရက် ကောင်းကင်ယံတစ်ခုလုံး တုန်ဟိန်းသွားစေလောက်မည့် ဒေါသတကြီး အော်ဟစ်သံတစ်ခု ပျံ့လွင့်ထွက်ပေါ်လာခဲ့တော့သည်။
“ကော်ယန့်လီ…… ငါ မင်း အဖွားကို ”
……
……
“စီနီယာအစ်ကို ဝေက၊ စီနီယာအစ်ကို ဖန့်နဲ့ ရင်ဆိုင်ရမှာ ဟုတ်လား ”
ဖန့်ကျစ်ရွှယ်သည် ပထမဆုံးအကြိမ်အဖြစ် ကောင်းကင်ငါးပါး စစ်တလင်းအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး၊ ပတ်ဝန်းကျင် အခြေအနေကို ယခုမှ စတင်၍ ရင်းနှီးကျွမ်းဝင်လာခဲ့ရုံမျှ ရှိသေးသော်လည်း၊ ကောင်းကင်ထက်က ထိုတောက်ပလှသော စာလုံးတန်းကြီးကို မြင်တွေ့လိုက်ရသဖြင့်၊ သူမ၏ မျက်ဝန်းအလင်းတန်းများက အလွန်အမင်း လေးနက်တည်ကြည်သွားခဲ့ရတော့သည်။
“မဖြစ်ဘူး၊ စီနီယာအစ်ကို ဝေကို သွားပြီးတော့ ဖျောင်းဖျရမယ်၊ အသေသတ်မယ့် အကွက်မျိုးအထိတော့ ထုတ်မသုံးဖို့ တားရမယ်……”
သူမက မသိစိတ်အရ နေရာအနှံ့သို့ ဝေ့ယမ်းကြည့်ရှုလိုက်ရင်း၊ ထိုက်ဟောက်ဝေ၏ ကိုယ်ဟန်သဏ္ဌာန်ကို လိုက်လံရှာဖွေနေခဲ့မိသည်။
သို့သော်လည်း ကံဆိုးသည်က မျက်စိထဲသို့ ဝင်ရောက်လာသည်များမှာ၊ အားလုံးက တစ်ခြားမျိုးနွယ်စုမှ သူတော်စင်များသာ ဖြစ်ကြသည်။
ဤမျှလောက်အထိ ကျယ်ပြောလှစွာသော ကြီးမားလှသည့် ပလတ်ဖောင်းကြီးပေါ်၌ ထိုက်ဟောက်ဝေအား လိုက်လံရှာဖွေရန် ကြံစည်ခြင်းမှာ၊ သမုဒ္ဒရာထဲ၌ အပ်ရှာနေရသကဲ့သို့ပင် ခက်ခဲလွန်းလှပေသည်။
ဖန့်ကျစ်ရွှယ်၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့ရပြီး၊ အဘယ်ကြောင့်ဆိုသော် မကြာသေးမီကတင် သူမသည် ထိုက်ဟောက်ဝေနှင့် လက်ရည်စမ်း တိုက်ခိုက်ဖူးခဲ့သောကြောင့် ဖြစ်သည်။
တစ်ဖက်လူ၏ တိန့်ဆွေ့နတ်ဘုရားရောင်ခြည်ကို၊ သူမကိုယ်တိုင်ပင်လျှင် ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပါချေ။
မိမိ၏ အောက်ခြေအခြေခံက တစ်ဖက်လူထက် ပိုမို၍ အစွမ်းထက်နေခဲ့ပါသော်လည်း၊ ယခုတိုင် ဤနတ်ဘုရားစွမ်းရည်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရဆဲ ဖြစ်ပေသည်။
……
……
“ကျောင်းသား ဖန့်…… ရှင်က ထိုက်ဟောက်ဝေရဲ့ စစ်ဆေးရေးအရာရှိ ဟုတ်လား ”
ကျောက်ယွီချင်က အစပိုင်းတွင် ကြောင်အသွားခဲ့ရပြီးနောက်၊ ချက်ချင်းပင် ဒေါသတကြီးဖြင့် ရေရွတ်လိုက်တော့သည်။
“ကောင်းကင်ငါးပါး ကြီးကြပ်ကွပ်ကဲရေးအဖွဲ့က၊ ဘယ်လိုလုပ်ပြီးတော့ ကျောင်းတော်တစ်ခုတည်းက နေမင်းခုနစ်ပါး ကျောင်းသားကိုပဲ၊ စစ်ဆေးရေးအရာရှိအဖြစ် တာဝန်ပေးအပ်ရရိုးလား ”
သူမသည် ဤကိစ္စရပ်၏ ပင်ကိုယ်သဘာဝကို မြင်အောင် ကြည့်ရှုနိုင်ခဲ့ပြီ ဖြစ်သည်။
ယခုတစ်ကြိမ် နေမင်းခုနစ်ပါးခန်းမ စစ်ဆေးမှု၌၊ ထိုက်ဟောက်ဝေနှင့် ဖန့်ချန်တို့ နှစ်ဦးစလုံးသည်၊ တစ်ယောက်သာ အသက်ရှင်ကျန်ရစ်နိုင်တော့မည် ဖြစ်သည်။
သူမ၏ အမြင်အရဆိုလျှင်၊ ကိုယ်ပိုင်အတ္တတစ်ခုတည်းအတွက်နှင့်၊ မဟာမိတ်အဖွဲ့အတွင်းက ပါရမီရှင်တစ်ယောက်ကို အသေခံခိုင်းလိုက်ရခြင်းမှာ၊ မည်မျှလောက်အထိ တန်ဖိုးမရှိလှသော ကိစ္စရပ် ဖြစ်ပါသနည်း။
အထက်က လူကြီးလူကောင်းများက၊ မည်ကဲ့သို့ စဉ်းစားတွေးတောနေကြသည်ကို သူမ နားမလည်နိုင်အောင် ဖြစ်သွားရတော့သည်။