အခန်း ၂၁၆၈
Vol. 217 Ch. 2168
အခန်း (၂၁၆၈) နှမြောစရာကောင်းသော ရှုံးနိမ့်မှု
ငါမလာခင်ကတည်းက စုံစမ်းထားပြီးသားပဲ ဟုတ်လား။
ကော်ဟုန်သည် ဖန့်ချန်အား အေးစက်စွာ စိုက်ကြည့်နေမိရင်း မိမိ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့တုန်လှုပ်ခြင်း အရိပ်အယောင် စိုးစဉ်းမျှပင် မပေါ်လွင်စေရန် အတတ်နိုင်ဆုံး ထိန်းချုပ်လျက် အနည်းငယ် တည်ငြိမ်အေးဆေးသည့် လေသံဖြင့် ပြောဆိုလိုက်သည်။
“မင်း စုံစမ်းရရှိထားတဲ့ သတင်းအချက်အလက်တွေက မှန်ကန်ချင်မှ မှန်လိမ့်မယ် ”
သူသည် စကားလမ်းကြောင်းကို ချက်ချင်း လွှဲပြောင်းလိုက်ရင်း
“ငါတို့ နေမင်းခုနစ်ပါးခန်းမက ကျောင်းသားတွေအားလုံးက မင်းရဲ့ ရည်ရွယ်ချက်ကို မြင်နေကြပြီ ဖန့်ချန်…… ငါ မင်းကို စကားတစ်ခွန်းလောက် ဖျောင်းဖျပါရစေ။
မင်းက နေမင်းခုနစ်ပါး ကျောင်းသားအဖြစ်ကို အခုမှ စပြီး တက်လှမ်းလာခဲ့တာပဲ ရှိသေးတယ် ကျင့်ကြံခြင်းအဆင့်တူတူချင်း နေမင်းခုနစ်ပါး ကျောင်းသားတွေကိုလည်း မင်း ဘယ်နှယောက်ပဲ မြင်ဖူးသေးလို့လဲ။
တကယ်တမ်းတော့ ငါတို့အားလုံးက မင်းရဲ့ စီနီယာတွေ ဖြစ်ကြတယ်။
တကယ်လို့ မင်းက စစချင်းမှာတင် ဒီလောက်အထိ ရည်မှန်းချက် ကြီးမားနေမယ်ဆိုရင်တော့ ဒီစီနီယာတွေက မင်းကို ဒီလိုမျိုး ရိုင်းစိုင်းခွင့်ပေးကြမှာမဟုတ်ဘူး။
မင်း အခု လုပ်ဆောင်ရမှာက အခြေခံကို ခိုင်မာအောင် ပြုလုပ်ရင်း အချို့ပွဲတွေမှာ နိုင်လိုက်၊ အချို့ပွဲတွေမှာ ရှုံးလိုက်နဲ့ ငါတို့အားလုံးက မင်းကို အသိအမှတ်ပြု လက်ခံလာတဲ့ အခြေအနေမျိုး ရောက်မှသာ အစွမ်းကုန် ကြိုးစားပြီး အထက်ကို တက်လှမ်းရမှာ ဖြစ်တယ်။
မဟုတ်ရင်တော့ မင်းက စည်းကမ်းမရှိတဲ့လူ ဖြစ်သွားလိမ့်မယ်။
ဘယ်နေရာမှာပဲဖြစ်ဖြစ် စည်းကမ်းမရှိတဲ့လူကိုတော့ သေချာပေါက် တစ်စုံတစ်ယောက်က ရှေ့ထွက်ပြီး ပညာပေးလိမ့်မယ် ”
ဤနေရာသို့ ပြောဆိုမိလိုက်သည့်အခါ ကော်ဟုန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဒါကလည်း မင်းနဲ့ ငါနဲ့က ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့က အတူတူ ထွက်လာကြလို့သာ ငါက မင်းကို ဒီစကားတွေ ပြောနေတာ မင်း သေသေချာချာ တွေးတောကြည့်စမ်းပါ နားလည်ရဲ့လား ”
“မင်းက ကာကွယ်ရေးဆရာကော် ရဲ့ဆွေမျိုး မဟုတ်လား ”
ဖန့်ချန်က ပြုံးလျက် မေးမြန်းလိုက်သည်
ကော်ဟုန်၏ မျက်နှာအမူအရာက အနည်းငယ် ကြည့်ရဆိုးသွားခဲ့ရပြီး မျက်ဝန်းထဲ၌ ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ရသည်။
“မင်းက ဘာဖြစ်လို့ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေကိုပဲ ထပ်ခါတလဲလဲ မေးနေရတာလဲ။
ငါ ခုနက မင်းကို ပြောလိုက်တဲ့ စကားတွေကိုကော နားလည်ရဲ့လား။
ငါလည်း ငါတို့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကနေ ခဲရာခဲဆစ် ထွက်ပေါ်လာခဲ့တဲ့ နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက်က ချက်ချင်းကြီး ပြုတ်သွားတာမျိုးကို မမြင်ချင်ဘူး ”
“ငါနဲ့ ဆရာကော် တို့ အကြားက ကျောင်းတော်ရဲ့ ရှီးမျိုးနွယ်စုကျောင်းဆောင်ကလည်း ကြားသိထားပြီးသား ဖြစ်လိမ့်မယ် ထင်တယ်။
အဲဒီတုန်းက ဆရာကော် က ငါ့ရဲ့ နေမင်းခုနစ်ပါး တံဆိပ်ကို လုယူဖို့ကြိုးစားခဲ့ ပေမယ့်မယ့် မအောင်မြင်ခဲ့ဘူး။
ဒီကိစ္စကို သူက နှလုံးသားထဲမှာ အမြဲတမ်း မှတ်သားထားသလို ငါကလည်း အတူတူပဲ မှတ်သားထားတယ်။
ဆရာကော် ရဲ့ စွမ်းအားက ပြင်းထန်လွန်းလှလို့ ငါက လောလောဆယ် သူ့ရဲ့ ပြိုင်ဘက် မဟုတ်သေးပေမယ့် မင်းကတော့ ငါနဲ့ ကျင့်ကြံခြင်းအဆင့်ချင်း အတူတူဖြစ်သလို နေမင်းခုနစ်ပါး ကျောင်းသားတစ်ယောက်လည်း ဖြစ်နေတယ်။
ဒါက ငါ့အတွက် ကလဲ့စားချေဖို့ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား ”
ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်ရင်း
“မင်း စကားလမ်းကြောင်း လွှဲနေဖို့ မလိုပါဘူး ငါမလာခင်ကတည်းက မင်းရဲ့ အခြေအနေကို သေသေချာချာ စုံစမ်းစစ်ဆေးထားပြီးသားပဲ။
မင်းနဲ့ ဆရာကော် တို့အကြားက ဆက်ဆံရေးက အလွန်အမင်း ရင်းနှီးကျွမ်းဝင်မှု ရှိတယ်။
ဘယ်လောက်အထိ ရင်းနှီးသလဲဆိုရင် တကယ်လို့ မင်းသာ သေသွားခဲ့ရင် သူက အချိန်ကာလတစ်ခုအထိ နှလုံးကြေကွဲနေရမယ့်အထိပဲ ”
“ဖန့်ချန်…… မင်းက တကယ်ပဲ ရှီးမျိုးနွယ်စုနဲ့ မသေမချင်း ရန်သူ ဖြစ်ချင်တာလား ”
ကော်ဟုန်၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရပြီး ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။
“မင်းက ထိုက်ဟောက်ဝေကို သတ်ဖြတ်ပစ်ခဲ့ပြီပဲ ဒါကလည်း ဆရာကော် ရဲ့ လက်အောက်မှာ အားအထားရဆုံး တပည့်တွေထဲက တစ်ဦး ဖြစ်တာပဲ မင်း ရင်ထဲက ဒေါသအာဃာတတွေ မပြေပျောက်သေးဘူးလား ”
“ဒီလောက် ဒေါသအာဃာတမျိုးက ဒီလောက်အထိ လွယ်လွယ်နဲ့ ဘယ်ပြေပျောက်နိုင်ပါ့မလဲ ”
ဖန့်ချန်က ပြုံးလျက် ခေါင်းခါယမ်းလိုက်သည်
“အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်တန့်လိုက်ပြီး တိုက်ခိုက်ကြစို့ မင်းလည်း ရှုံးနိမ့်ကြောင်း အညံ့ခံဖို့ တွေးမနေနဲ့ ငါ မင်းကို အခွင့်အရေး ပေးမှာ မဟုတ်ဘူး မင်းကို သတ်ဖို့ဆိုတာ မျက်တောင်တစ်ခတ်စာမျှသာ လိုအပ်တာ။
ဒါပေမဲ့ ငါ မင်းကို ဂုဏ်သိက္ခာရှိရှိ သေဆုံးခွင့် ပေးနိုင်ပါတယ်။ အကွက်တစ်ရာပဲ ထားလိုက်ကြစို့ ”
“……”
ကော်ဟုန်၏ မျက်ဝန်းထဲ၌ ရုတ်တရက် အေးစက်လှသော လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားခဲ့ရသည်။
“ငါ့ကို သတ်ဖို့က မျက်တောင်တစ်ခတ်စာပဲ လိုတာ ဟုတ်လား။
ငါ့အနေနဲ့ မင်းရဲ့လက်ထဲမှာ အရှုံးပေးဖို့ အခွင့်အရေးတောင် မရှိဘူးဆိုတာကိုတော့ ငါ လုံးဝ မယုံကြည်နိုင်ဘူး ”
“မင်း အရှုံးပေးလိုက်တာနဲ့ ကောင်းကင် ငါးပါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့က မင်းကို ခေါ်ဆောင်သွားဖို့အကြားမှာ အနည်းဆုံးတော့ မျက်တောင် သုံးခတ်စာလောက် အချိန်ရလိမ့်မယ်
မင်း စမ်းသပ်ကြည့်ချင်လည်း ကြည့်နိုင်ပါတယ် ”
ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်
“ပြောစမ်းပါဦး…… ဘယ်လိုအခြေအနေမျိုးမှ ကော်ယန်လီနဲ့ မင်းကြားက ရန်ငြိုးတွေကို ငါ့ရဲ့ ကိုယ်ပေါ်သို့ ဆွဲမတင်မှာလဲ။
သူက ငါ့ရဲ့ ဆွေမျိုးရင်းချာ ဖြစ်တာတော့ မှန်ပါတယ် ဒါပေမဲ့ ကော်မျိုးနွယ်စုထဲမှာတော့ သူ့ရဲ့ အဆင့်အတန်းက ငါ့ကို အဝေးကြီး မမှီသေးဘူး ”
ကော်ဟုန်က မတတ်သာသည့်အဆုံး သက်ပြင်းတစ်ချက်ကို ရှည်လျားစွာ ချလိုက်မိသည်။
“ငါနဲ့ သူနဲ့က ရင်းနှီးတာ မဟုတ်ဘူး…… အဲဒါတင်မကသေးဘူး သူနဲ့ ငါ့အဖေကြားက ဆက်ဆံရေးကလည်း အလွန်အမင်း ဆိုးရွားတယ် ”
သူက ခဏမျှ ရပ်တန့်လိုက်ပြီးနောက်
“မင်းကို သတိပေးလိုက်မယ် ငါ့အဖေက အထွတ်အထိပ်တာအို သူတော်စင်တစ်ဦး ဖြစ်တယ် သူတော်စင်အဆင့်ရှိတဲ့ သားသမီးတွေ အများကြီး ရှိပေမယ့် အဲဒီလောက်များပြားလှတဲ့ သားသမီးတွေထဲကနေ နေမင်းခုနစ်ပါးခန်းမထဲကို ဝင်ရောက်နိုင်တဲ့လူကလည်း လက်ချိုးရေလို့ရပါတယ် ”
“မင်းက ငါနဲ့ အရောင်းအဝယ်တစ်ခု လုပ်ဖို့ ရည်ရွယ်နေတာလား ”
ဖန့်ချန်က ပြုံးလျက် မေးမြန်းလိုက်သည်
“ဒါဖြင့် တခြား ဘာရှိဦးမှာလဲ မင်းမှာ မျက်တောင်တစ်ခတ်စာအတွင်း ငါ့ကို သတ်ဖြတ်နိုင်တဲ့ စွမ်းအားအစစ်အမှန် ရှိနေလိမ့်မယ်လို့ ငါ သံသယဝင်မိတယ် ငါကလည်း မသေချင်ဘူး ငါ့ရဲ့ နောင်လာမည့် အနာဂတ်က အတိုင်းအဆမရှိ တောက်ပနေဦးမှာ ဖြစ်တဲ့အတွက် ကော်ယန်လီရဲ့ ဆက်ဆံရေးကြောင့်နဲ့တော့ နေမင်းခုနစ်ပါးခန်းမထဲမှာ မသေဆုံးနိုင်ဘူး။
ဒါကြောင့် ငါ မင်းနဲ့ အရောင်းအဝယ်တစ်ခုပဲ လုပ်နိုင်တော့မယ်။
စင်ကြယ်သော ဗောဓိသီးဆိုရင်ကော ဘယ်လိုလဲ ငါ့အဖေရဲ့ လက်ထဲမှာတော့ အချို့ ရှိနေသေးတယ် ထင်တယ် ”
ကော်ဟုန်က မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။
“ငါကတော့ ကော်ယန်လီက အလွန်အမင်း အန္တရာယ်များတဲ့လူလို့ ခံစားရတယ် ငါ့ရဲ့ မျိုးနွယ်စုဝင်တွေကို သူ့ရဲ့ အောက်မှာ ကျင့်ကြံခွင့် မပြုချင်ဘူး။
တကယ်လို့ မင်းမှာ ဖန့်ကျစ်ရွှယ်ကို လူသားမျိုးနွယ်စုကျောင်းဆောင်ဆီသို့ ပြန်လည်ပြောင်းရွှေ့ပေးနိုင်မည့် နည်းလမ်း ရှိမယ်ဆိုရင် သူမက ဘယ်သူ့ရဲ့ အောက်မှာပဲ ကျင့်ကြံကျင့်ကြံ ငါ ဒီနေ့ မင်းကို မသတ်ဘူး ”
ဖန့်ချန်က ခဏမျှ တွေးတောမိလိုက်ရင်း ပြောဆိုလိုက်သည်။
ကော်ဟုန်က ခဏမျှ ကြောင်အသွားခဲ့ရပြီးနောက် မျက်နှာအမူအရာက ဆန်းပြားသွားခဲ့ရကာ မျက်ဝန်းထဲ၌ ရုတ်တရက် သဘောပေါက်သွားခြင်း အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ရသည်။
“ငါ သိပြီ မင်း ငါ့ရဲ့ သတင်းအချက်အလက်တွေကို စုံစမ်းရရှိထားတာက မင်းတို့ လူသားမျိုးနွယ်စုရဲ့ အင်အားကြီး ပုဂ္ဂိုလ်တွေကြောင့် သေချာပေါက် ဖြစ်ရမယ်။
သူတို့က အထွတ်အထိပ်တာအို အဆင့်ရှိတဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ ပိုင်ဆိုင်ထားတဲ့ အဲဒီပါရမီရှင်မလေးကို လူသားမျိုးနွယ်စုကျောင်းဆောင်ဆီ ပြန်ခေါ်ပြီး ကျင့်ကြံခွင့်ပေးချင်တာလား။
စကတည်းက မင်းက ငါနဲ့ ဒီအရောင်းအဝယ်ကို လုပ်ဖို့ ရည်ရွယ်ထားတာပဲ မဟုတ်လား ငါ့ကို သတ်မယ်ဆိုပြီး ခြိမ်းခြောက်နေသေးတယ် ဟွန်း ”
“လုပ်မှာလား၊ မလုပ်ဘူးလားဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ် ”
ဖန့်ချန်က တည်ငြိမ်စွာ ပြုံးလိုက်ရင်း
“အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ရပ်တန့်လိုက်ပါ အချိန်တွေ အများကြီး ကုန်ဆုံးသွားရင် ကောင်းကင်ငါးပါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့အတွက်လည်း လုပ်ရကိုင်ရ ခက်ခဲလိမ့်မယ် ”
“ငါ သဘောတူတယ် ငါ့အဖေမှာ ဖန့်ကျစ်ရွှယ်ကို မင်းတို့ လူသားမျိုးနွယ်စုကျောင်းဆောင်ဆီ သွားပြီး ကျင့်ကြံခွင့်ပေးနိုင်မယ့် နည်းလမ်း ရှိတယ် ဒါပေမဲ့ ဒါက နှုတ်ကတိ သက်သက်ပဲ ဖြစ်ပြီး ငါက အခုအချိန်မှာ ငါ့အဖေဆီ သတင်းပို့လို့မရသလို သူကလည်း အခုချက်ချင်း ဖန့်ကျစ်ရွှယ်ကို မင်းတို့ လူသားမျိုးနွယ်စုကျောင်းဆောင်ဆီ ပြောင်းရွှေ့ပေးနိုင်မှာ မဟုတ်ဘူး ”
ကော်ဟုန်က ဖန့်ချန်အား အလွန်အမင်း သတိကြီးစွာဖြင့် စိုက်ကြည့်နေရင်း
“တကယ်လို့ မင်းက ငါ့ကို မယုံကြည်ဘူးဆိုရင် ဒီအရောင်းအဝယ်က အထမြောက်မှာ မဟုတ်တော့ဘူးမလား ”
“ငါက ဘာဖြစ်လို့ မင်းကို မယုံကြည်ရမှာလဲ မင်းအနေနဲ့ ကတိဖျက်လို့ရတာ မှန်ပါတယ် ဒါပေမဲ့ ငါ့မှာလည်း နေမင်းခုနစ်ပါးခန်းမထဲမှာ မင်းနဲ့ ထပ်ပြီး တွေ့ဆုံနိုင်မယ့် အခွင့်အရေး ရှိနေတုန်းပဲ။
မင်း တစ်ခေါက် ကတိဖျက်လိုက်တာနဲ့ ဒီနေရာမှာတင် အသက်ပျောက်သွားရလိမ့်မယ်။
ဒီအရောင်းအဝယ်ကို ဘယ်လိုလုပ်ရမလဲဆိုတာ မင်း သေချာပေါက် နားလည်လိမ့်မယ်လို့ ထင်တယ် ”
ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်
“ကောင်းပြီ…… မင်းက တကယ်ကို ပွင့်လင်းပြတ်သားတာပဲ ”
ကော်ဟုန်က ရင်ထဲက အလုံးကြီး ကျသွားခဲ့ရကာ ရှည်လျားစွာ သက်ပြင်းချလိုက်မိတော့သည် မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တွင်မူ သူသည် မိမိ၏ အသက်ကို အနည်းဆုံးတော့ ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ့အနေနှင့် ဤကိစ္စကို အောင်မြင်အောင် လုပ်ဆောင်နိုင်သရွေ့ နောင်တစ်ချိန် ဤကောင်လေးနှင့် ထပ်မံတွေ့ဆုံခဲ့ပါကလည်း အသက်ဆုံးရှုံးရမည့် ဘေးအန္တရာယ်မျိုးနှင့် ရင်ဆိုင်ရတော့မည် မဟုတ်ချေ။
“ဒါပေမဲ့ ဒီလိုမျိုးတော့ ရှိတယ် မင်း ငါ့ကို မင်းရဲ့ စွမ်းအားအစစ်အမှန်ကိုတော့ ပြသရမယ် မဟုတ်ရင် ငါ ဒီအတိုင်းကြီး ရင်ထဲက ဒေါသတွေကို မြိုသိပ်ထားနိုင်မှာ မဟုတ်ဘူး ဒါပေမဲ့ မင်း ငါ့ကိုတော့ မသတ်ရဘူး ”
ကော်ဟုန်က ပြောဆိုလိုက်သည်
သူ့၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက်
ခြောက်ခြားဖွယ်ကောင်းလှသော မဟာကရုဏာတံဆိပ်တော် အငွေ့အသက်များသည် ဖန့်ချန်၏ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေထဲမှတစ်ဆင့် ဟုန်းခနဲ လျှံထွက်လာခဲ့တော့သည်။
ထိုကဲ့သို့ ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်လောက်သော အရှိန်အဝါကြီးမားလှသည့် ဖိအားများက ကောင်းကင်ယံထက်က လှိုင်းတံပိုးကြီးများကဲ့သို့ ကော်ဟုန်၏ ခန္ဓာကိုယ်အား မျက်စိတစ်မှိတ်အတွင်း ဝါးမြိုပစ်လိုက်တော့သည်။
“တော်ပြီ ”
ကော်ဟုန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်ရသည်။
ဖန့်ချန်က ချက်ချင်းပင် အငွေ့အသက်များကို ပြန်လည်ရုပ်သိမ်းလိုက်တော့သည်။
ကော်ဟုန်၏ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ တံခါးဝတစ်ခုလုံးတွင် အက်ကွဲကြောင်းများ မြောက်မြားစွာ ထင်ကျန်ရစ်ခဲ့သည်ကို မြင်တွေ့လိုက်ရပြီး တကယ်လို့များ စက္ကန့်အနည်းငယ်မျှ နောက်ကျသွားခဲ့ပါက သူ၏ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ တံခါးဝက သေချာပေါက် ကျိုးပဲ့ပျက်စီးသွားခဲ့ရမည် ဖြစ်ကာ ထိုကဲ့သို့ ခြောက်ခြားဖွယ်ကောင်းလှသော စွမ်းအားကြီးက သူ့ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် သက်ရောက်သွားပေလိမ့်မည်။
“မင်း တကယ်ကြမ်းတယ်ကွာ…… ငါ အရှုံးပေးတယ်”
ကော်ဟုန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်တော့သည်။
တစ်စက္ကန့်အကြာတွင်မူ ရွှေရောင်အလင်းတန်း နှစ်ခု ကျရောက်လာခဲ့ပြီး ဖန့်ချန်နှင့် ကော်ဟုန်တို့ကို သီးခြားစီ ခေါ်ဆောင်သွားခဲ့တော့သည်။
ကော်ဟုန်သည် ပလက်ဖောင်းတစ်ခုထက်ဆီသို့ ရောက်ရှိသွားခဲ့ရပြီး ဦးနှောက်ထဲ၌ ခုနတုန်းက ဖန့်ချန် ပြသခဲ့သည့် နတ်ဘုရားစွမ်းရည်၏ စွမ်းပကားကို ပြန်လည်တွေးတောနေမိရင်း
“မဟာကရုဏာတံဆိပ်တော်……ဒီလို ထိပ်တန်းနတ်ဘုရားစွမ်းရည်က တကယ်ကို ခြောက်ခြားဖို့ကောင်းလွန်းတာပဲ…… မဖြစ်ဘူး ငါလည်း ထိပ်တန်းနတ်ဘုရားစွမ်းရည် တစ်မျိုးမျိုးကို နားလည်သဘောပေါက်အောင် ကြိုးစားမှဖြစ်မယ် ခက်ခဲတာကတော့ ခက်ခဲလိမ့်မယ် ဒါပေမဲ့ ထူးခြားတဲ့နတ်ဘုရားစွမ်းရည်သာ မရှိဘူးဆိုရင် ငါ တစ်သက်လုံး သူ့ရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး……”
ကော်ဟုန်က မျက်နှာပျက်လျက် တစ်ယောက်တည်း ရေရွတ်နေမိတော့သည်။
သို့သော်လည်း သူ သေသေချာချာ နားလည်ထားသည်က ထူးခြားတဲ့ နတ်ဘုရားစွမ်းရည်ကို နားလည်သဘောပေါက်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာ သူ၏ မိသားစုနောက်ခံနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိချေ။
သူ့အဖေက အထွတ်အထိပ်တာအို သူတော်စင်တစ်ဦး ဖြစ်နေပါစေဦးတော့ ဤကိစ္စရပ်တွင်မူ သူ့အား အကူအညီ စိုးစဉ်းမျှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။
ထိုစဉ် အလင်းတန်းအချို့ ထပ်မံ၍ လင်းလက်လာခဲ့ပြန်သည်။
“တောက်…… အခုတစ်ကြိမ်တော့ လွဲချော်သွားခဲ့ပြီ အဲဒီကောင်လေးကို ရှုံးနိမ့်သွားခဲ့ရတယ် ”
“နောင်လာမည့် နှစ်တွေအတွင်းမှာတော့ မင်းတို့ ငါ့ကို အပြင်ထွက်ဖို့ လာမခေါ်ကြနဲ့တော့ ငါ သေသေချာချာ ကျင့်ကြံရမယ်။
ထပ်ပြီး မကျင့်ကြံရင်တော့ အဆင့်က အောက်ကို ထပ်ကျသွားလိမ့်မယ် ”
နေမင်းခုနစ်ပါး ကျောင်းသားအချို့က ယခုတစ်ကြိမ် တိုက်ပွဲအခြေအနေများကို အချင်းချင်း ဖလှယ်ပြောဆိုနေကြရင်း တစ်ပြိုင်နက်တည်းမှာပင် ကော်ဟုန်၏ ကိုယ်ပေါ်သို့ မျက်ဝန်းအလင်းတန်းများ ကျရောက်သွားခဲ့ကြရပြီး စူးစမ်းချင်စိတ်များ ပြည့်နှက်သွားခဲ့ရသည်။
“ကော်ဟုန်…… မင်း မသေဘူးလား ”
“ဆန်းကြယ်လိုက်တာ မင်းနဲ့ ကော်ယန်လီက ဆွေမျိုးရင်းချာတွေ မဟုတ်လား ဖန့်ချန်က မင်းကို ရိုက်မသတ်ပစ်ဘူးလား ”
“သေစရာလား ငါနဲ့ ဖန့်ချန်နဲ့က အကွက်ပေါင်း တစ်ထောင်ကျော်လောက် တိုက်ခိုက်ခဲ့ပြီးမှ နှမြောစရာကောင်းလောက်အောင် ရှုံးနိမ့်ခဲ့တာ ”
ကော်ဟုန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရင်း သူ့နောက်ကွယ်က ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေကို ထုတ်ဖော်ပြသလိုက်သည်။
လူအုပ်ကြီးက ထိုပျက်စီးယိုယွင်းနေခဲ့ပြီဖြစ်သော ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေကို မြင်တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ ရင်ထဲကနေ ကြည်ညိုလေးစားစိတ်များ ထွက်ပေါ်လာခဲ့ကြရတော့သည်။
၎င်းက တကယ်ကို ပြင်းထန်လှပြီး ခြောက်ခြားဖွယ်ကောင်းသော တိုက်ပွဲတစ်ခုကို ဖြတ်သန်းခဲ့ရခြင်း ဖြစ်ကြောင်း သေချာလှပေသည်။