အခန်း ၂၁၆၉
Vol. 217 Ch. 2169
အခန်း (၂၁၆၉) ရှီးမျိုးနွယ်စုမှ လူများ ရောက်ရှိလာခြင်း
ယခုတစ်ကြိမ် ကောင်းကင်ငါးပါးစစ်မြေပြင် ပြီးဆုံးသွားသည်နှင့်အမျှ ဘက်ပေါင်းစုံမှ ကျောင်းသားများသည် တစ်ဦးပြီးတစ်ဦး ကောင်းကင်ငါးပါးစစ်မြေပြင်အတွင်းမှ ပြန်လည်ပို့ဆောင်ခြင်းကို ခံလိုက်ကြရသည်။
လူသားမျိုးနွယ်စုကျောင်းဆောင်၏ ကောင်းကင်ငါးပါးခန်းမ အပြင်ဘက်တွင်မူ လူသားမျိုးနွယ်စု သူတော်စင် မြောက်မြားစွာ ဝိုင်းအုံနေကြသည်။
၎င်းတို့သည် ကောင်းကင်ငါးပါးခန်းမအတွင်းမှ ထွက်လာကြပြီးနောက် ကောင်းကင်ယံထက်ဆီသို့ မော့ကြည့်လျက် အထက်တွင် ဖော်ပြထားသည့် တိုက်ပွဲရလဒ် အသေးစိတ်အချက်အလက်များကို အသီးသီး ကြည့်ရှုနေကြသည်။
ထိုအခါ ခဏခဏဆိုသလို ထိတ်လန့်တုန်လှုပ်သံများနှင့် သက်ပြင်းချသံများ ထွက်ပေါ်လာခဲ့ရသည်။
“ရွှယ်ထျန်တောင်ရဲ့ အခုတစ်ကြိမ် ဆုံးရှုံးမှုက အရင်တုန်းကထက်စာရင် နည်းနည်း သက်သာတယ်ဆိုပေမဲ့ တကယ်ကို အထိနာလွန်းတယ်၊ ကျောင်းသားတော်တော်များများ သေဆုံးသွားခဲ့ရတယ်…… ဒါက တကယ်ကို ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့အပြင် ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် ရွှယ်ထျန်တောင်ရဲ့ သူတော်စင်တွေ အကြီးအကျယ် လျော့နည်းသွားလိမ့်မယ် ”
“ငါ ကြားဖူးတာကတော့ ရွှယ်ထျန် တောင်က သွားရောက်ပြစ်မှားမိတဲ့ အင်အားကြီးပုဂ္ဂိုလ်ရဲ့ အဆင့်အတန်းက အလွန်အမင်း မြင့်မားလွန်းလို့တဲ့၊ အဲဒီအင်အားကြီးပုဂ္ဂိုလ်က ဘာစကားမှ ထုတ်မပြောရင်တောင် ဒီလူ့အတွက် ရှေ့ထွက်ပြီး ဒေါသဖြေဖျောက်ပေးချင်တဲ့လူတွေက ဒုနဲ့ဒေးပဲလေ ”
“ကျောင်းတော်ကြီးက ဒီကိစ္စကို ဝင်မရှင်းဘူးလား ”
“ဘယ်လိုလုပ် ဝင်ရှင်းမလဲ၊ ကျောင်းတော်ကြီးက မူလကတည်းက ရှုပ်ထွေးလွန်းပြီး လှိုင်းတံပိုးတွေ တိတ်တဆိတ် ထန်နေတာ၊ ဘက်ပေါင်းစုံက အင်အားစုတွေကလည်း အချင်းချင်း ရှုပ်ယှက်ခတ်နေကြတာပဲ၊ဒါ့အပြင် တစ်ဖက်လူကလည်း အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ လှုပ်ရှားနေတာ၊ ကောင်းကင်ငါးပါးစစ်မြေပြင်အတွင်းမှာ လူသတ်တာက ဥပဒေကို ဖောက်ဖျက်တာမျိုး မဟုတ်ဘူးလေ ”
“နောက်ပြီးတော့ ရွှယ်ထျန်တောင်က ဒီနေ့လို အခြေအနေမျိုး ရောက်ရှိလာရတာက တစ်ဖက်လူအနေနဲ့ ငါတို့ရဲ့ ဟော်ဆွေ့ ဘိုးဘွားကြီးကိုလည်းကြိုတင်အသိပေးထားပြီးသားဖြစ်လို့ ဒါက ဟော်ဆွေ့ ဘိုးဘွားကြီး ကိုယ်တိုင် တိတ်တဆိတ် ခွင့်ပြုထားတာ ဖြစ်လိမ့်မယ် ”
“ဒီလိုမျိုးကိုး……”
“ငါတော့ သေသေချာချာ သဘောပေါက်သွားပြီ၊ တစ်ဖက်လူက ရွှယ်ထျန်တောင်ကို နောင်နောင် ကောင်းကင်ငါးပါးစစ်မြေပြင်ထဲကို တပည့်တွေ မစေလွှတ်ရဲတော့အောင် အတင်းအကျပ် ဖိအားပေးချင်နေတာပဲ ”
“ရှူး”
လူတိုင်းက ရင်ထဲ၌ တိုးညှင်းစွာ သက်ပြင်းချလိုက်မိကြသည်။
တကယ်လို့သာ ကောင်းကင်ငါးပါးစစ်မြေပြင်ထဲကို ဝင်ရောက်ခွင့်မရဘဲ လေ့ကျင့်မှုတွေ မပြုလုပ်နိုင်ဘူးဆိုရင်တော့။
ရွှယ်ထျန် တောင်က သူတော်စင်တွေက မကြာခင်မှာပဲ သူများနောက်ကို ကောက်ကောက်ပါအောင် ရောက်ရှိသွားကြပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ ဤ ရွှယ်ထျန်တောင်သည် တကယ်ပဲ တံခါးပိတ်သိမ်းလိုက်ရပြီး အခြားသော တောင်ကုန်းများ၏ ဝါးမြိုခြင်းကို ခံရဖို့ရာ သေချာသလောက် ရှိနေပေသည်။
“ဟော…… ဟိုလူ ထွက်လာပြီ ”
သူတော်စင်တစ်ဦးက ရုတ်တရက် တံခါးမကြီးရှိရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်မိရင်း မျက်ဝန်းထဲ၌ ချီးကျူးအံ့ဩခြင်း အရိပ်အယောင်များ ပြည့်နှက်သွားခဲ့ရသည်။
လူအုပ်ကြီး၏ မျက်ဝန်းအလင်းတန်းများသည် တစ်ပြိုင်နက်တည်း ဖန့်ချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ကြရသည်။
သူတို့ ခုနက ထွက်လာစဥ်ကတည်းက ပထမဆုံးအချိန်မှာတင် ဖန့်ချန်၏ တိုက်ပွဲရလဒ်ကို စစ်ဆေးကြည့်ရှုခဲ့ကြပြီးသား ဖြစ်သည်။
ဆယ်ပွဲဆက်တိုက် အနိုင်ရရှိခြင်း
ဤကဲ့သို့သော တိုက်ပွဲရလဒ်မျိုးက နေမင်းခုနစ်ပါးခန်းမထဲတွင် ထားလိုက်ပါဦး၊ သာမန်ကျောင်းသားတစ်ယောက်၏ ကိုယ်ပေါ်တွင် ဖြစ်ပွားခဲ့လျှင်တောင် တစ်ခုလုံးသော လူသားမျိုးနွယ်စုကျောင်းဆောင်ကို တုန်လှုပ်သွားစေရန် လုံလောက်လှပေသည်။
၎င်းအပြင် နေမင်းခုနစ်ပါးခန်းမအတွင်း ပြိုင်ဆိုင်မှု ပြင်းထန်လှပုံနှင့် ထိုနေမင်းခုနစ်ပါး ကျောင်းသားများ၏ သန်မာမှုများကိုလည်း အားလုံးက ကိုယ်တိုင်မြင်တွေ့ထားကြရပြီး ဖြစ်သည်။
နေမင်းခုနစ်ပါးခန်းမအတွင်း ဆယ်ပွဲဆက်တိုက် အနိုင်ရရှိကာ အဆင့်တစ်ရာမြောက်မှ ကိုးဆယ့်တစ်ဆင့်မြောက်အထိ အတင်းအကျပ် တက်လှမ်းနိုင်ခဲ့သည်။
ဤကဲ့သို့သော တိုက်ပွဲရလဒ်မျိုးက သူတို့၏ မျက်လုံးများကိုပင် ကန်းသွားစေလောက်မတတ် ပြိုးပြိုးပြက်ပြက် တောက်ပလွန်းလှပေသည်။
“နှမြောစရာကောင်းတာက နေမင်းခုနစ်ပါး ကျောင်းသားတွေရဲ့ တိုက်ပွဲပုံရိပ်တွေကို ကြည့်ရှုခွင့်မရတာပဲ၊ မဟုတ်ရင် ငါတို့လည်း တစ်ခုခုကို လေ့လာသင်ယူနိုင်ဦးမှာ ”
“အချို့အရာတွေက လေ့လာလို့ မရနိုင်ပါဘူး၊ ဖန့်ချန်ရဲ့ ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေထဲမှာ နတ်ဘုရားစွမ်းရည် မြောက်မြားကို အမှတ်အသား ပြုလုပ်ထားတာ၊ အခုအချိန်အထိ သူ့မှာ ထုတ်မသုံးသေးတဲ့ ဝှက်ဖဲတွေ အများကြီး ရှိနေသေးတယ် ”
“မင်း ဆိုလိုတာက……”
“သူ့ရဲ့ အဆင့်က ကိုးဆယ့်တစ်တင် လုံးဝ မကသေးဘူး၊ အထက်ကို ထပ်ပြီး တက်လှမ်းနိုင်ဦးမှာ ”
“အထက်ကို ထပ်တက်ဦးမယ် ဟုတ်လား ”
လူအုပ်ကြီးက တစ်ဦးကိုတစ်ဦး ဆွံ့အစွာ ကြည့်လိုက်မိကြသည်။
တစ်စုံတစ်ယောက်က သက်ပြင်းချရင်း
“ငါတို့ စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရှိတဲ့ ကောင်းကင်ငါးပါးစစ်မြေပြင်ရဲ့ ထိပ်တန်းအဆင့်တစ်ရာထဲကို ငါတို့ရွှေဟွေး ကျောင်းတော်က လူတစ်ယောက်မှ ဝင်ရောက်နိုင်ခြင်း မရှိခဲ့တာ၊ ဒါမှမဟုတ် တကယ်လို့ ဝင်သွားခဲ့ရင်လည်း အဆင့်တစ်ရာဝန်းကျင်မှာတင် လှည့်လည်နေကြရတာ၊ အဓိကအချက်က ဒီသူတော်စင်က ငါတို့ လူသားမျိုးနွယ်စုကျောင်းဆောင်ကနေ ထွက်ပေါ်လာခဲ့တာ ဖြစ်တဲ့အတွက် အပြင်လောကကို ထွက်ရင်တောင် မျက်နှာပွင့်တာပေါ့ ”
“ဟုတ်ပါကော……”
လူအုပ်ကြီးက ကြီးမားလှသော ရွှေဟွေးကျောင်းတော်ကြီးအတွင်း ထိုမျှလောက်များပြားလှသော သန်မာသည့် မျိုးနွယ်စုကြီးများထဲတွင် စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရှိသည့် နေမင်းခုနစ်ပါး ကျောင်းသားတစ်ဦးမျှ ထွက်ပေါ်လာခြင်း မရှိခဲ့သည်ကို တွေးတောမိလိုက်ကြသည်။
သို့သော်လည်း သူတို့၏ လူသားမျိုးနွယ်စုကျောင်းဆောင်ကနေ ဤကဲ့သို့သော ပါရမီရှင်တစ်ဦး ထွက်ပေါ်လာခဲ့ခြင်းကြောင့် ရင်ထဲ၌ ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်များ ခံစားလိုက်ရသည်။
သို့သော်လည်း အားလုံးသော သူတော်စင်များက ဤသို့ ဖြစ်နေကြသည်တော့ မဟုတ်ချေ။
သူတော်စင် တော်တော်များများကမူ ရင်ထဲ၌ တိတ်တဆိတ် မနာလိုဝန်တိုဖြစ်နေကြဆဲဖြစ်ပြီး ဖန့်ချန်အား ကြည့်ရှုသည့် မျက်ဝန်းအလင်းတန်းများထဲ၌ ရိပ်မိရန်ခက်ခဲလှသော ရန်လိုမှုအရိပ်အယောင်များ ကိန်းအောင်းနေခဲ့ရသည်။
ဖန့်ချန် ကောင်းကင်ငါးပါးခန်းမအတွင်းမှ ထွက်လာပြီးနောက်တွင် တုန်းဖန်းဟို့ သည်လည်း လျှောက်လှမ်းထွက်ခွာလာခဲ့သည်။
လူအုပ်ကြီး၏ မျက်ဝန်းအလင်းတန်းများသည် တုန်းဖန်းဟို့ ၏ ကိုယ်ပေါ်သို့ ထပ်မံကျရောက်သွားခဲ့ပြန်ရာ မျက်ဝန်းထဲ၌ ကြည်ညိုလေးစားမှုများ၊ အားကျမှုများနှင့်အတူ နှမြောစရာကောင်းခြင်း အရိပ်အယောင် အနည်းငယ်လည်း ပေါ်လွင်နေခဲ့ရသည်။
တုန်းဖန်းဟို့ ၏ အခုတစ်ကြိမ် တိုက်ပွဲရလဒ်ကလည်း အလွန်အမင်း တောက်ပလှပေသည်။
သို့သော်လည်း သူသည် အဆင့်ကိုးဆယ့်လေးကို တိုက်ခိုက်သည့်အချိန်တွင်မူ ရှုံးနိမ့်သွားခဲ့ရသည်။
ထို့နောက်တွင် သူသည် တစ်ဖက်လူနှင့် တိုက်ပွဲအချို့ကို ဆက်တိုက် ရင်ဆိုင်ခဲ့ပါသော်လည်း တစ်ကြိမ်သာ အနိုင်ရရှိခဲ့ပြီး ကျန်ရှိသည့်ပွဲများအားလုံး ရှုံးနိမ့်ခဲ့ရသည်။
၎င်းက တုန်းဖန်းဟို့ နှင့် ထိုအဆင့်ကိုးဆယ့်လေးနေရာက လူအကြားတွင် ကွာဟချက် အနည်းငယ် ရှိနေသေးကြောင်း သက်သေပြနေခဲ့သည်။
၎င်းက တုန်းဖန်းဟို့ အနေနှင့် နောင်လာမည့် အချိန်အများစုတွင် ဤနေရာ၌သာ ရပ်တန့်နေရတော့မည် ဖြစ်ကြောင်း ဖော်ပြနေပေသည်။
ဘာပဲဖြစ်ဖြစ် သူက တိုးတက်နေသလို တစ်ဖက်လူကလည်း အဆက်မပြတ် တိုးတက်နေဦးမည် မဟုတ်ပါလား။
ဆန့်ကျင်ဘက်အနေနှင့်မူ အရှိန်အဟုန်ပြင်းစွာဖြင့် အဆင့်ကိုးဆယ့်တစ်အထိ တက်လှမ်းသွားခဲ့သည့် ဖန့်ချန်ကမူ လူအုပ်ကြီး၏ မျက်န်းထဲ၌ အထက်သို့ တက်လှမ်းနိုင်မည့် နေရာလွတ်များစွာ ကျန်ရှိနေသေးသည်။
“ကျောင်းသား တုန်းဖန်းဟို့ နစ်နာသွားရတာက သူက စစချင်းကတည်းက စွမ်းအင်စုစည်းခြင်း အစောပိုင်းအဆင့်ရဲ့ အဆင့်သတ်မှတ်ချက်ကို မျက်စိထဲ မထည့်ခဲ့လို့ပဲ။
စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်အထိ လျှောက်လှမ်းနိုင်ခဲ့ပြီး အခုအချိန်အထိ ပြုတ်မသွားသေးတဲ့လူက ဘယ်သူက ရှေ့က ကျင့်ကြံခြင်းအဆင့်နှစ်ခုတုန်းက ထိပ်တန်းပါရမီရှင်တွေ မဟုတ်ခဲ့လို့လဲ ”
အသက်စွမ်းအင် သူတော်စင်တစ်ဦးက တိုးညှင်းစွာ သက်ပြင်းချလိုက်မိရင်း တုန်းဖန်းဟို့ ၏ အခုတစ်ကြိမ် တိုက်ပွဲရလဒ်က ဖန့်ချန်လောက် မတောက်ပရခြင်း၏ အဓိကပြဿနာကို ခွဲခြမ်းစိတ်ဖြာ ပြသလိုက်သည်။
ဘာပဲဖြစ်ဖြစ် နေမင်းခုနစ်ပါး ကျောင်းသားက နည်းပါးလှသည်ဆိုသော်လည်း အတိတ်တုန်းက နေမင်းခုနစ်ပါး ကျောင်းသားများသည် လူအုပ်ကြီး စိတ်ကူးထားသလောက် မနည်းပါးလှချေ။
လူသားမျိုးနွယ်စုကျောင်းဆောင်အတွင်း၌ပင် တည်ရှိမှု မြောက်မြားစွာ ရှိနေခဲ့ဖူးပြီး အတိတ်တုန်းက နေမင်းခုနစ်ပါးခန်းမထဲသို့ ဝင်ရောက်နိုင်ခဲ့ကြပါသော်လည်း နှစ်အနည်းငယ် သို့မဟုတ် နှစ်ပေါင်းတစ်ထောင်ခန့် ခံနိုင်ရည်ရှိပြီးနောက်တွင်မူ ပြုတ်သွားခဲ့ကြရသည်။
နေမင်းခုနစ်ပါး ကျောင်းသားအများစုကမူ တကယ်တမ်းတော့ ဤကဲ့သို့သော အမျိုးအစားများ ဖြစ်ကြပေသည်။
နေမင်းခုနစ်ပါးခန်းမအတွင်း အချိန်ကြာမြင့်စွာ နေရာယူထားနိုင်သည့်လူကမူ လက်ချိုးရေလို့ရလှပေသည်။
“ကျောင်းသား ဖန့်ချန်…… အခုတစ်ကြိမ် မင်း ဆယ်ပွဲဆက်တိုက် နိုင်သွားတာကို ဂုဏ်ပြုပါတယ် ”
တုန်းဖန်းဟို့ က ဖန့်ချန်၏ ရှေ့မှောက်ဆီသို့ လျှောက်လှမ်းလာခဲ့ပြီး လက်ဝါးချင်းယှက်လျက် ပြုံး၍ ပြောဆိုလိုက်သည်။
“စီနီယာ တုန်းဖန်းဟို့…… မင်းရဲ့ တိုက်ပွဲရလဒ်ကလည်း မဆိုးပါဘူး အတူတူ ဝမ်းမြောက်ရတာပေါ့ ”
ဖန့်ချန်က ပြုံးလျက် ပြောဆိုလိုက်သည်။
“ငါ့ရဲ့ တိုက်ပွဲရလဒ်ကို မင်းလည်း သိတာပဲ၊ အဆင့်ကိုးဆယ်ဆိုတဲ့ အနားသတ်မျဉ်းကို ဖြတ်ကျော်ဖို့ဆိုတာကတော့ ဒီကျင့်ကြံခြင်းအဆင့်မှာ မဖြစ်နိုင်တော့ဘူးလို့ ထင်တယ် ”
တုန်းဖန်းဟို့ က ပြုံးလိုက်မိရင်း မျက်ဝန်းအောက်ခြေဆီ၌ ခံစားချက် အနည်းငယ် ဖြတ်ပြေးသွားခဲ့ရသည်။
သူ့အနေနှင့် မိမိကိုယ်ကိုယ် အရှိန်အဟုန်ပြင်းစွာဖြင့် အဆင့်ဆယ်ဆင့်လောက် တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုစွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ရှိသည့် နေမင်းခုနစ်ပါး ကျောင်းသားများသည် တကယ်ကို အရည်အချင်းအချို့ ရှိနေကြလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိချေ။
၎င်းက သူ အရင်တုန်းက ထိုလူအုပ်ကြီးကို လျှော့တွက်မိခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခါ လက်တွေ့ဘဝကို သေသေချာချာ နားလည်သွားခဲ့ရပြီ ဖြစ်သဖြင့် သူ့အနေနှင့် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံခြင်းအဆင့်၌ နေမင်းခုနစ်ပါးခန်းမအတွင်း နာမည်တစ်လုံး ထွက်ပေါ်လာရန်မှာ အလွန်အမင်း ခက်ခဲလွန်းလှကြောင်း သိရှိသွားခဲ့ရပြီ ဖြစ်သည်။
အကောင်းဆုံးအနေနှင့်မူ နေမင်းခုနစ်ပါး ကျောင်းသားဟူသည့် အဆင့်အတန်းကို ဆက်လက်ထိန်းသိမ်းထားရင်း ဝိညာဉ်အစောင့်အရှောက် သူတော်စင်အဆင့်သို့ တက်လှမ်းရုံသာ ရှိတော့သည်။
ထိုအချိန်ကျမှသာ အခွင့်အရေးအချို့ ရှိလာနိုင်ပေလိမ့်မည်။
“ဒါပေမဲ့…… ဖန့်ချန်၊ မင်း အခုတစ်ကြိမ် ထိုက်ဟောက်ဝေကို သတ်ဖြတ်ပစ်ခဲ့တာက ဘယ်လိုပဲဖြစ်ဖြစ် ပြဿနာတစ်ခုပဲ။
ရှီးမျိုးနွယ်စုဘက်က ကျောင်းတော်ရဲ့ စည်းကမ်းတွေနဲ့ ကောင်းကင်ငါးပါးစစ်မြေပြင်ရဲ့ စည်းကမ်းတွေကြောင့် မင်းကို မျက်နှာနှာပြင်ပေါ်မှာ ပေါ်ပေါ်ထင်ထင် ပစ်မှတ်ထားမှာ မဟုတ်ဘူးဆိုပေမဲ့။
ကွယ်ရာမှာတော့ မင်းအနေနဲ့ တစ်ချက် သတိထားဖို့ လိုအပ်လိမ့်မယ်၊ နောင်လာမည့် နှစ်တွေအတွင်းမှာ အတတ်နိုင်ဆုံး ကျောင်းဆောင်ကနေ အပြင်မထွက်တာ အကောင်းဆုံးပဲ ”
တုန်းဖန်းဟို့ က စကားတစ်ခွန်း သတိပေးလိုက်ပြီးနောက် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။
မထင်မှတ်ဘဲ ထိုအချိန်တွင် အဝေးတစ်နေရာဆီမှ ရုတ်တရက် ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေ အုပ်စုတစ်စုက ဟင်းလင်းပြင်ကို ဖြတ်သန်းလျက် ဆိုက်ရောက်လာခဲ့ကြသည်။
ထိုကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေများ၏ အငွေ့အသက်များသည် တစ်ခုချင်းစီတိုင်းက အလွန်အမင်း ထူထပ်သိပ်သည်းလှပေသည်။
ဦးဆောင်လာသည့်လူဆိုလျှင် ကမ္ဘာတည်ဆောက်ခြင်းအဆင့် ကျင့်ကြံခြင်းအဆင့် ရှိနေပြီ ဖြစ်ကြောင်း သိသာလှသည်။
လူသားမျိုးနွယ်စုကျောင်းဆောင်၏ ထိုတောင်ကုန်းအသီးသီးက အကြီးအကဲများသည် ၎င်းမြင်ကွင်းကို မြင်တွေ့လိုက်ရသဖြင့် တစ်ဦးကိုတစ်ဦး ဆွံ့အစွာ ကြည့်လိုက်မိကြပြီးနောက် ဟင်းလင်းပြင်ထက်ဆီသို့ တစ်ပြိုင်နက်တည်း ပျံသန်းသွားခဲ့ကြကာ ကြိုဆိုသည့် ဟန်ပန်မျိုး ပြုလုပ်လိုက်ကြပါသော်လည်း တကယ်တမ်းတော့ ကာကွယ်ရေး အနေအထား ပြုလုပ်လိုက်ကြခြင်း ဖြစ်သည်။
မကြာခင်မှာပဲ ထိုကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေများ၏ သခင်များသည် အရှိန်ကို လျှော့ချလိုက်ကြပြီး နောက်ဆုံးတွင် ရွှေရှင်း တို့နှင့် မဝင်တိုက်မိခင် အနားသတ်မျဉ်း၌ အတင်းအကျပ် ရပ်တန့်လိုက်ကြသည်။
ကြီးမားလှသော အငွေ့အသက်များသည် ထိုကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေများထဲမှတစ်ဆင့် အဆက်မပြတ် လျှံထွက်လာခဲ့တော့သည်။
“ဒါ ရှီးမျိုးနွယ်စု သူတော်စင်တွေပဲ ”
ဤနေရာရှိ လူသားမျိုးနွယ်စု သူတော်စင်များသည် တစ်ချက်ကြည့်ရုံမျှဖြင့် လာရောက်သည့်လူများ၏ နောက်ခံကို ရိပ်မိသွားကြသဖြင့် မျက်ဝန်းအလင်းတန်းများက တည်ကြည်လေးနက်သွားခဲ့ရကာ အလိုအလျောက် ဖန့်ချန်ရှိရာ အရပ်မျက်နှာဆီသို့ လှမ်းကြည့်လိုက်မိကြသည်။
ရှီးမျိုးနွယ်စု သူတော်စင်တွေ တံခါးဝအထိ လာရှာတယ်ဆိုတာက အကြောင်းပြချက် တစ်ခုတည်းသာ ရှိပေသည်။
“ဒီနေ့ ငါတို့က မင်းတို့ကို လာရှာတာ မဟုတ်ဘူး၊ ဖယ်ကြစမ်း ”
ဦးဆောင်လာသည့် ရှီးမျိုးနွယ်စု သူတော်စင်၏ အောက်ခြေအခြေခံက အလွန်အမင်း ထူထပ်လှပြီး စွမ်းအားကလည်း သိသိသာသာပင် ရွှေရှင်း တို့ထက် အဆင့်တစ်ခုမက မြင့်မားလှသည်။
သူမသည် သူမ၏ ရှေ့မှောက်ရှိ ထိုကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်များကို အေးစက်စွာ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် မျက်ဝန်းအလင်းတန်းများကို ပထမဆုံးအချိန်မှာတင် ဖန့်ချန်၏ ကိုယ်ပေါ်သို့ ပစ်မှတ်ထား သတ်မှတ်လိုက်တော့သည်။
အေးစက်လှသော မျက်ဝန်းအလင်းတန်းများက အရာအားလုံးကို ဝါးမြိုပစ်တော့မည့်အတိုင်းပင်။
သူမ စကားစတင် ပြောဆိုရန် ပြင်ဆင်လိုက်သည့် အချိန်၌ပင် လူသားမျိုးနွယ်စုဘက်က ကမ္ဘာတည်ဆောက်ခြင်းအဆင့် သူတော်စင်များ၊ တောင်ကုန်းအသီးသီးက အကြီးအကဲများသည် တစ်ဦးပြီးတစ်ဦး ကိုယ်ပိုင်အတွင်းကမ္ဘာနယ်မြေများကို မောင်းနှင်လျက် သူမနှင့် ဖန့်ချန်တို့အကြား၌ ကာဆီးပိတ်ဆို့လိုက်ကြတော့သည်။
ရွှေရှင်း က ပြုံးလျက် လက်ဝါးချင်းယှက် နှုတ်ဆက်လိုက်သည်။
“ယန်ရွှမ်းကျိန်း…… နင်တို့က ဝေးလံလှတဲ့ နေရာကနေ ငါတို့ လူသားမျိုးနွယ်စုကျောင်းဆောင်ဆီအထိ တကူးတက လာခဲ့ကြတာ ဘာကိစ္စများ ရှိလို့လဲ ”