အခန်း ၂၈၉၂
Vol. 230 Ch. 2892
အခန်း(၂၈၉၂)
"ယဲ့ချင်းမင်... ငါ မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်.. မင်းသာ ဒီအတိုင်း ဆက်ပြီး ခေါင်းမာနေဦးမယ် ဆိုရင် ဒီနေ့ပြီးတာနဲ့ အင်မော်တယ်လောကကနေ မင်းတို့ ယဲ့မိသားစု အပြီးတိုင် ပျောက်ကွယ်သွားစေရမယ်"
ပိယွင်အင်မော်တယ် နန်းတော်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် အဆင့် ကျင့်ကြံသူက ယဲ့ချင်းမင်ကို အေးစက်စက် စိုက်ကြည့်နေခဲ့၏။
သူ၏ အထက်စီးဆန်သော စကားသံက ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ယဲ့ချင်းမင် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ရာကို ရုတ်တရက် အာရုံခံမိလိုက်သဖြင့် လှမ်းကြည့်လိုက်ရာ မြို့ရှိရာ အရပ်မျက်နှာ ဆီသို့ ဖြည်းညှင်းစွာ မောင်းနှင်လာနေသည့် ရထားလုံး တစ်စင်းကို တွေ့လိုက်ရသည်။
ရထားလုံး၏ အရှေ့တွင်မူ လူကြီး တစ်ဦးနှင့် လူငယ်တစ်ဦးတို့က လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးအေးလူလူ ရပ်နေကြသည်။
"မင်းတို့က ဘယ်သူလဲ.. ဒီမှာ ပိယွင်အင်မော်တယ်နန်းတော် အလုပ်လုပ်နေတယ်.. မသေချင်ရင် အမြန်ထွက်သွားစမ်း"
ဤအခိုက်အတန့်တွင် ပိယွင်အင်မော်တယ် နန်းတော်မှ လူနှစ်ယောက်ကလည်း ဖြည်းညှင်းစွာ ရောက်ရှိလာသော ကျန်းချန် တို့ကို သတိပြုမိသွားကြသည်။
ရွှေအင်မော်တယ် နဝမအဆင့်ရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြင်းထန်စွာ အော်ငေါက်လိုက်သည်။
"ပိယွင်အင်မော်တယ်နန်းတော်က ဘာမို့လို့လဲ"
ကျန်းချန်က လူလတ်ပိုင်းအရွယ် အမျိုးသားကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် သူ၏ အကြည့်ကို ယဲ့ချင်းမင် ထံသို့ လွှဲကာ မေးလိုက်သည်။
"ခေါင်းဆောင်ယဲ့.. ငါ ဒီနေရာကို ဖြတ်သွားရင်းနဲ့ လမ်းခရီးတစ်လျှောက်လုံး မောပန်းလာလို့ မင်းတို့ ယဲ့မိသားစုမှာ တစ်ခဏလောက် အနားယူခွင့် ရနိုင်မလား သိချင်ပါတယ်"
ကျန်းချန်၏ စကားကြောင့် ယဲ့ချင်းမင် အနည်းငယ် မှင်တက်သွားခဲ့သည်။
ယခုအခါ သူတို့ ယဲ့မိသားစုသည် ကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်နေရသည်ကို မည်သူမဆို တစ်ချက် ကြည့်ရုံဖြင့် သိနိုင်၏။
သာမန် တလော့အင်မော်တယ် ပင်လျှင် ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရလျှင် ရှောင်ကွင်းသွားကြမည် ဖြစ်သော်လည်း သူတို့ ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်ကမူ အစပြု၍ တိုးကပ်လာခဲ့သည်။
ယင်းမှာ အမှန်တကယ်ပင် ထူးဆန်းလွန်းနေခဲ့၏။
"သခင်လေး... သာမန် အချိန် ဆိုရင်တော့ ဘာပြဿနာမှ မရှိပါဘူး.. ဒါပေမဲ့ အခုတော့ ယဲ့မိသားစုက ကောင်းကောင်း မဧည့်ခံနိုင်တာ ခွင့်လွှတ်ပေးပါ"
ယဲ့ချင်းမင်က မချိပြုံး ပြုံး၍ ပြောလိုက်သည်။
ကျန်းချန်က အဘယ်ကြောင့် ဤအချိန်မှ ရောက်လာမှန်း သူ မသိသော်လည်း ယနေ့တွင် သူတို့ ယဲ့မိသားစုသည် ကံကြမ္မာဆိုးနှင့် ကြုံတွေ့နေရပြီ ဖြစ်ရာ ကျန်းချန်တို့ အဖွဲ့ကို ဘေးအန္တရာယ်ထဲ ဆွဲမထည့်ချင်ခဲ့ပေ။
"ခင်ဗျားက သူတို့ကို စိတ်ပူနေတာလား"
ကျန်းချန်က ပိယွင်အင်မော်တယ် နန်းတော်မှ လူနှစ်ယောက်ကို လက်ညှိုးထိုးပြကာ အေးအေးလူလူပင် ပြောလိုက်သည်။
"ဒီနှစ်ယောက်လောက်ကို ဂရုစိုက်မနေပါနဲ့.. ခင်ဗျား ကျုပ်တို့ကို မြို့ထဲ ခေါ်သွားပေးဖို့ပဲ လိုတယ်"
ယဲ့ချင်းမင်က ခဏမျှ တုံ့ဆိုင်းသွားပြီးမှ သတိပေးလိုက်သည်။
"သခင်လေး... သူတို့က ပိယွင်အင်မော်တယ်နန်းတော်က လူတွေပါ"
ကျန်းချန်တို့က တစ်ဖက်လူ မည်သူမည်ဝါ ဖြစ်ကြောင်း မသိသေးဟု ထင်မှတ်၍ ယဲ့ချင်းမင်က စိုးရိမ်တကြီး သတိပေးလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"သူတို့က ဟန်ယွင်အဆင့် အခြေခံ အုတ်မြစ်ကို ပိုင်ဆိုင်ထားတဲ့ တလော့ အဆင့် အင်အားစု ပိယွင်အင်မော်တယ်နန်းတော်က ဆိုတာ ကျုပ်သိပါတယ်"
ယဲ့ချင်းမင် အနည်းငယ် အံ့အားသင့်သွားသည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် တစ်ဖက်လူက ပိယွင်အင်မော်တယ်နန်းတော်မှ ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း သိထားသော်လည်း စိုးရိမ်ပုံ မပြချေ။
ထိုလူငယ်တွင် ပိယွင် အင်မော်တယ် နန်းတော်ထက် ပိုမို တောင့်တင်းသော နောက်ခံ ရှိနေပါသလော။
ယဲ့ချင်းမင်၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။
ထိုလူငယ်လေးက ငယ်ရွယ်သော်လည်း ကျင့်ကြံခြင်းအဆင့်ကို သူကိုယ်တိုင်ပင် မမြင်နိုင်ခဲ့ချေ။
ပိယွင်အင်မော်တယ် နန်းတော် ကဲ့သို့ တလော့အင်အားစုကြီးများ ပင်လျှင် ယင်းကဲ့သို့ ပါရမီရှင်မျိုးကို မွေးထုတ်ပေးနိုင်မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေကာမူ ယဲ့မိသားစုသည် ယနေ့တွင် ဘေးအန္တရာယ်နှင့် ကြုံနေရပြီ ဖြစ်ရာ အနက်ရောင် ဝတ်စုံဝတ် လူငယ်ပင် ပိယွင်အင်မော်တယ်နန်းတော်ကို မကြောက်လျှင် သူက အဘယ်ကြောင့် တွန့်ဆုတ်နေရပါမည်နည်း။
ယခုပုံအတိုင်း ဆိုလျှင် ဤလူငယ်၏ ပေါ်ထွက်လာမှုသည် သူတို့ ယဲ့မိသားစု အတွက် အလှည့် အပြောင်း တစ်ခု ဖြစ်လာနိုင်၏။
ယဲ့ချင်းမင်သည် ထပ်မံ၍ တုံ့ဆိုင်းမနေတော့ဘဲ ကျန်းချန်ကို ဖိတ်ခေါ်လိုက်သည်။
"ဒီကသခင်လေး... ကျေးဇူးပြုပြီး ကြွပါ"
ကျန်းချန်ကလည်း အပိုစကားများ ပြောမနေတော့ဘဲ ပိယွင်အင်မော်တယ်နန်းတော်မှ ကျင့်ကြံသူ နှစ်ယောက်ကို လျစ်လျူရှုကာ ရထားလုံးကို ယဲ့ချင်းမင် ရှိရာ အရပ်မျက်နှာဆီသို့ မောင်းနှင်သွားခဲ့သည်။
"ကောင်လေး.. မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"
ပိယွင်အင်မော်တယ် နန်းတော်မှ ရွှေအင်မော်တယ် နဝမအဆင့်ရှိ လူလတ်ပိုင်း အရွယ် အမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် လူသတ်ငွေများ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။
ယဲ့ချင်းမင်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး သတိပေးစကား ပြောတော့မည့် အချိန်မှာပင် ကျန်းချန်က လက်ချောင်းမှ ဓားအလင်းဖြင့် ပစ်ခတ်လိုက်သည်။
"ဝုန်း"
ဓားအလင်းတန်းက ပိယွင်အင်မော်တယ် နန်းတော်မှ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ လက်သီးချက်ကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်ပြီးနောက် ဟင်းလင်းပြင်ကို တစ်ခဏ အတွင်း ဖြတ်သန်းသွားခဲ့ကာ ထိုရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူက အော်ဟစ်ညည်းညူဖို့ပင် အချိန်မရလိုက်ဘဲ ကျန်းချန်၏ ဓားအလင်းအောက်တွင် တစ်ခဏအတွင်း ပြာမှုန်အဖြစ် ပျောက်ကွယ်သွားခဲ့၏။
ကျန်းချန်၏ လက်ရှိခွန်အားဖြင့် ဆိုလျှင် ယင်းကဲ့သို့ သာမန် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖြတ်ရသည်မှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေရသည်နှင့် မခြားနားပေ။
"ကြောက်ဖို့ကောင်းလိုက်တဲ့ စွမ်းအားပါလား"
ယဲ့ချင်းမင်က သူ့ရှေ့ရှိ မြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေမိပြီး အချိန်အတော်ကြာမှသာ သတိပြန်ဝင်လာခဲ့သည်။
ကျန်းချန်က ပါရမီ ထူးခြားပြီး ခွန်အား သာမန် မဟုတ်မှန်း ရိပ်စားမိသော်လည်း ပိယွင်အင်မော်တယ် နန်းတော်မှ ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို စက္ကန့်ပိုင်းအတွင်း အလွယ်တကူ သတ်ပစ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
"ကောင်လေး.. မင်း.. မင်းက ငါတို့ ပိယွင်အင်မော်တယ်နန်းတော်က လူကို သတ်ဝံ့တယ်လား"
ဤအခိုက်အတန့်တွင် ပိယွင်အင်မော်တယ် နန်းတော်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်သည် သတိပြန်ဝင်လာခဲ့သည်။
သူက အတော်လေး ဒေါသထွက်နေခဲ့၏။
ထိုကောင်လေးက ငယ်ရွယ်သော်လည်း ရွှေအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူကို တစ်ကွက်တည်းဖြင့် သတ်နိုင်စွမ်းရှိနေခဲ့ရာ တိုက်ခိုက်ရေးစွမ်းရည်တွင် ခြေလှမ်းတစ်ဝက် တလော့ အင်မော်တယ် အဆင့်ထက် နိမ့်ကျလိမ့်မည် မဟုတ်ပေ။
ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။
"ပိယွင်အင်မော်တယ်နန်းတော်က ဖြစ်တော့ရော ဘာဖြစ်လဲ... ကျုပ်ကျန်းချန် သတ်ချင်တဲ့လူ ဆိုရင် တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ် သတ်မှာပဲ"
"ကောင်လေး... ငါတို့ ပိယွင်အင်မော်တယ် နန်းတော်ကို ဆန့်ကျင်ဝံ့တယ် ဆိုတော့ အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်"
ပိယွင်အင်မော်တယ် နန်းတော်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်၏ မျက်နှာက အေးစက်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကနေ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် စွမ်းအားက အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့၏။
ထို့နောက်တွင် သူက လက်ဝါးရိုက်ချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
"ငါ့အမြင်တော့ အသက်ရှင်ဖို့ ငြီးငွေ့နေတာက မင်းပဲ ဖြစ်လိမ့်မယ်"
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး ချက်ချင်းပင် လက်တစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ မိုင်တစ်ရာအတွင်းရှိ အင်မော်တယ် အဆီအနှစ်စွမ်းအားများသည် ကျန်းချန်၏ လက်ဖဝါး ဆီသို့ တစ်ခဏအတွင်း စုစည်းလာခဲ့သည်။
ယင်းနောက်တွင် ထိတ်လန့်ဖွယ် ဓားအလင်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့ပြီး ပိယွင်အင်မော်တယ်နန်းတော်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ် ထံသို့ သက်ရောက်သွားခဲ့၏။
"ဝုန်း"
ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သော အင်မော်တယ် စွမ်းအားဖြင့် ပေါင်းစပ်လိုက်သော ကျန်းချန်၏ တိုက်ခိုက်မှုသည် အတားအဆီးမရှိ သကဲ့သို့ ဖြစ်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်ကို ထိမှန်သွားခဲ့သည်။
"ဝေါ့"
ပိယွင်အင်မော်တယ်နန်းတော်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်က လည်ချောင်းထဲတွင် ချိုမြမြ အရသာကို ခံစားလိုက်ရပြီး သွေးများကို အန်ထုတ်လိုက်ရသည်။
လူတစ်ကိုယ်လုံးသည်လည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာထောင်ချီ အဝေးထိ နောက်ပြန် လွင့်စင်သွားခဲ့၏။
သူက ဖြူဖျော့နေသော မျက်နှာဖြင့် ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထိတ်လန့် တုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
"ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်တဲ့ အင်မော်တယ် စွမ်းအားပါလား... မင်း.. မင်း ဘယ်သူလဲ"
ပိယွင်အင်မော်တယ်နန်းတော်မှ ခြေလှမ်းတစ်ဝက် တလော့အင်မော်တယ်၏ စကားကိုကြားလျှင် ယဲ့ချင်းမင်နှင့် အခြားသူများသည် မှင်တက်သွားခဲ့ကြပြီး အချိန်အတော်ကြာသည်အထိ ထိုမှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် ခက်ခဲနေခဲ့သည်။
ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သော အင်မော်တယ် စွမ်းအား ဆိုသည်မှာ တလော့အင်မော်တယ် များသာ တတ်ကျွမ်း နားလည်သည့် အင်မော်တယ်ဥပဒေသစွမ်းအား ဖြစ်သည်။
ထိုကောင်လေး၏ ကျင့်ကြံခြင်းအဆင့်က ရွှေအင်မော်တယ်အဆင့်ထက် မပိုသော်လည်း ကမ္ဘာလောကကြီးကို ထိန်းချုပ်နိုင်သော အင်မော်တယ် စွမ်းအားကို နားလည်နေပြီ ဖြစ်၍ တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်နေခဲ့ချေပြီ။
တလော့အင်မော်တယ် တစ်ပိုင်းအဆင့် ပါရမီရှင်မျိုး ဆိုသည်မှာ တလော့အင်အားစုကို အသာထား၊ ထိုက်ယီအဆင့်အင်အားစုများ ကြားတွင်ပင် အလွန်တရာ ရှားပါးသည်။
ယေဘုယျအားဖြင့် ဟန်ယွင်အဆင့် အင်အားစုများနှင့် အင်မော်တယ်ဘုရင် အဆင့် အင်အားစုများသာ ထိုကဲ့သို့သော သူကို မွေးထုတ်ပေးနိုင်၏။
သို့ဆိုလျှင် သူတို့ရှေ့ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဟန်ယွင်အဆင့် အင်အားစုမှ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်နေပါသလော။
ထိုသို့ တွေးမိသည်နှင့် ယဲ့ချင်းမင်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အကယ်၍ အနက်ရောင် ဝတ်စုံဝတ် လူငယ်သာ ဟန်ယွင်အဆင့် အင်အားစုမှ ပါရမီရှင် တစ်ဦး အမှန်တကယ် ဖြစ်နေခဲ့လျှင် ဤလူငယ်၏ အကူအညီဖြင့် သူတို့ ယဲ့မိသားစုသည် ယနေ့ ကြုံတွေ့နေရသော ဘေးအန္တရာယ်ကို အမှန်တကယ် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါလား။
အခန်း(၂၈၉၂) ပြီး၏