← Chapters

အခန်း ၂၈၉၇

Vol. 230 Ch. 2897

အခန်း ၂၈၉၇

Vol. 230 Ch. 2897

အခန်း(၂၈၉၇)

အရှင်ပိကျန်းသည် သူ့ကိုယ်သူ အရှင်နှင်းမှုန်၏ ပြိုင်ဘက်မဟုတ်မှန်း သိရှိသွားပြီးနောက်တွင် အရှင်နှင်းမှုန်နှင့် ဆက်လက် တိုက်ခိုက်ရန် အစီအစဉ် လုံးဝ မရှိတော့ပေ။

သူက ချာခနဲ လှည့်၍ ကောင်းကင်ယံ ဆီသို့ လျင်မြန်စွာ ပျံသန်း ထွက်ပြေးသွားခဲ့သည်။

သို့ရာတွင် အရှင်ပိကျန်း မီတာတစ်ထောင်ပင် မရောက်ခင်မှာပင် ဟင်းလင်းပြင်ထဲတွင် သူ့ကို ရင်တုန်ပန်းတုန် ဖြစ်သွားစေသည့် ထိတ်လန့်ဖွယ် အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

အရှင်ပိကျန်းက ထိတ်လန့်သွားပြီး သူ၏ ဦးခေါင်းကို မော့ကြည့်လိုက်ရာ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားများကို သယ်ဆောင်ထားသည့် အနက်ရောင် စည်းတံဆိပ် တစ်ခုကို မြင်တွေ့လိုက်ရသည်။

ထိုစည်းတံဆိပ်က သူ၏ အင်မော်တယ် ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေပြီး သူ့ထံသို့ တိုက်ရိုက်ပင် ကျဆင်းလာခဲ့သည်။

အရှင်ပိကျန်း၏ မျက်နှာအမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ရှိ အင်မော်တယ် အဆီအနှစ် စွမ်းအားများကို အလျင်အမြန် လှုံ့ဆော်လိုက်၏။

ထို့နောက် သူ့ထံသို့ ကျဆင်းလာသော အနက်ရောင်စည်းတံဆိပ်ကို ထောက်ကန်ရန် အတွက် ကောင်းကင်ထောက်တိုင် တစ်ခုကဲ့သို့ မြစိမ်းရောင် ဓားတစ်လက်ကို ဖန်တီးလိုက်သည်။

သို့သော်လည်း မြစိမ်းရောင်ဓားသည် တစ်ခဏမျှသာ တောင့်ခံနိုင်ခဲ့ပြီး အနက်ရောင်စည်းတံဆိပ်၏ ပြင်းထန်သော ဖိနှိပ်မှုအောက်တွင် တိုက်ရိုက် ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။

အရှင်ပိကျန်းက နာကျင်စွာ ညည်းညူလိုက်ရပြီး ခန္ဓာကိုယ် တစ်ခုလုံးက အနက်ရောင် စည်းတံဆိပ်၏ ဖိနှိပ်ခြင်းကို ခံလိုက်ရကာ ဟင်းလင်းပြင်ထဲတွင် ပေပေါင်း များစွာ လွင့်စင်ကျဆင်းသွားခဲ့သည်။

သူက သူ၏ ခန္ဓာကိုယ်ကို မနည်း ထိန်းချုပ်ကာ တည်ငြိမ်အောင် လုပ်လိုက်ရပြီး ပါးစပ်ကနေလည်း သွေးများ အဆက်မပြတ် အန်ထုတ်လိုက်ရ၏။

အစောပိုင်းက အရှင်နှင်းမှုန်နှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲတွင် အရှင်ပိကျန်းသည် ပြင်းထန်သော ဒဏ်ရာများကို ရရှိထားပြီးပြီး ဖြစ်သည်။

ထို့ကြောင့် ဤတိုက်ခိုက်မှုသည် သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဒဏ်ရာများကို ပိုမို ဆိုးရွားစေခဲ့သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

အရှင်ပိကျန်းက သူ၏ ခန္ဓာကိုယ် အတွင်းရှိ ဒဏ်ရာကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။

သူ၏ အကြည့်က ဟင်းလင်းပြင် တစ်နေရာဆီသို့ ရောက်ရှိသွားခဲ့၏။

ထိုနေရာတွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ဟန်ပါပါ ရပ်နေသော အနက်ရောင် ဝတ်စုံဝတ် လူငယ်တစ်ဦးကို သူ မြင်တွေ့လိုက်ရသည်။

"မင်း.. မင်း ဘယ်သူလဲ"

အရှင်ပိကျန်းက အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

သူက အတော်လေး ထိတ်လန့် တုန်လှုပ်နေခဲ့၏။

ဤလူငယ်သည် ရွှေအင်မော်တယ် နဝမအဆင့်သာ ရှိသော်လည်း ခုနက တိုက်ခိုက်မှုသည် အလွန် နက်နဲသည့် အင်မော်တယ် နည်းစနစ် ဖြစ်ရုံသာမက ကမ္ဘာလောကကြီးကို လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်မော်တယ် စွမ်းအားများလည်း သိသာထင်ရှားစွာ ပါဝင်နေခဲ့သည်။

ဆိုရလျှင် သူ့ရှေ့ရှိ အနက်ရောင် ဝတ်စုံဝတ် လူငယ်သည် တလော့ အင်မော်တယ် တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

အရှင်ပိကျန်းက အလွန်အမင်း စိတ်ဓာတ်ကျသွားခဲ့ပြီး သွေးအန်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။

ယဲ့မိသားစုတွင် အလွန်အမင်း သန်မာသော တလော့ အင်မော်တယ် တစ်ဦး ရှိနေရုံသာမက တလော့အင်မော်တယ် တစ်ပိုင်း အဆင့် အနှိုင်းမဲ့ ပါရမီရှင် တစ်ဦးပါ ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ချေ။

တလော့ အင်မော်တယ် တစ်ပိုင်း အဆင့်ရှိ ပါရမီရှင်သည် ထိုက်ယီအဆင့် အင်အားစုများကြားတွင်ပင် အလွန်ရှားပါးသော တည်ရှိမှုမျိုး ဖြစ်သည်မှာ သေချာ၏။

ယဲ့မိသားစုသည် ပိယွင်အင်မော်တယ် နန်းတော်၏ စီရင်ပိုင်ခွင့်အောက်တွင်ရှိသော ရွှေအင်မော်တယ် အဆင့် အင်အားစုမျှသာ ဖြစ်ရာ ထိုကဲ့သို့ ထိပ်တန်း ပုဂ္ဂိုလ်မျိုးနှင့် မည်ကဲ့သို့ ပတ်သက်ဆက်နွှယ်မှု ရှိနေနိုင်ပါမည်နည်း။

ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး အရှင်ပိကျန်းကို အထက်စီးဆန်ဆန် ကြည့်လိုက်သည်။

"ငါ ဘယ်သူလဲ ဆိုတာ မင်းသိဖို့ မလိုဘူး.. ဒီကို ရောက်လာမှတော့ မင်းရဲ့ အသက်ကို ဒီမှာပဲ ထာဝရ ထားခဲ့ရလိမ့်မယ်"

ထိုစကားကို ကြားလျှင် အရှင်ပိကျန်း၏ မျက်နှာအမူအရာက တစ်ခဏအတွင်း အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

"ကောင်လေး.. မင်း သိပ်မလွန်လာနဲ့.. ငါတို့ ပိယွင်အင်မော်တယ် နန်းတော်က လူတကာ စိတ်ကြိုက် အနိုင်ကျင့်လို့ရတဲ့ ပေါ့သေးသေး အင်အားစု မဟုတ်ဘူး.. မင်း ငါတို့ ပိယွင်အင်မော်တယ် နန်းတော်နဲ့ တကယ်ပဲ ရန်သူ ဖြစ်ချင်နေတာလား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ရန်သူ ဖြစ်တော့ရော ဘာဖြစ်လဲ"

အရှင်ပိကျန်းက ဒေါသ အမျက်ချောင်းချောင်း ထွက်သွားခဲ့သည်။

ကျန်းချန်က သူ့ကို လုံးဝ အလွှတ်ပေးရန် ရည်ရွယ်ချက် မရှိသည်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရလျှင် သူက စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ လျင်မြန်စွာ ထွက်ပြေးသွားခဲ့သည်။

ယခင်က အရှင်နှင်းမှုန်သည် သူ့ကို ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိတော့သည် အထိ ရိုက်နှက်ထားခဲ့ပြီးပြီ ဖြစ်သည်။

အကယ်၍ အရှင်နှင်းမှုန်သာ တိုက်ပွဲဝင်စွမ်းရည်တွင် တလော့ အင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် အနှိုင်းမဲ့ ပါရမီရှင်နှင့် ပူးပေါင်းလိုက်လျှင် သူ့အနေဖြင့် ဤနေရာမှ အမြန်ဆုံး မထွက်ပြေးနိုင်သ၍ ယနေ့ ဤနေရာတွင် အမှန်တကယ် သေဆုံးရလိမ့်မည်ကို စိုးရိမ်လာမိသည်။

"စီနီယာနှင်းမှုန်... ဒီကောင့်ကို မလွတ်စေနဲ့"

ကျန်းချန်က ထိတ်လန့် တုန်လှုပ်စွာ ထွက်ပြေးသွားသော အရှင်ပိကျန်းကို ကြည့်ရင်း အရှင်နှင်းမှုန်ကို အလျင်အမြန် လှမ်းပြောလိုက်သည်။

သူ မိုးကြိုးအင်မော်တယ် နယ်မြေသို့ ရောက်ရှိလာရခြင်းမှာ ပိယွင်အင်မော်တယ် နန်းတော်ကို ချေမှုန်းရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။

ပိယွင်အင်မော်တယ် နန်းတော်တွင် ဟန်ယွင်အဆင့် အခြေခံအုတ်မြစ် ရှိနေသောကြောင့် ကျန်းချန်သည် ပိယွင်အင်မော်တယ် နန်းတော်မှ အင်အားကြီး ပုဂ္ဂိုလ်များကို တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ကာ ၎င်းတို့ကို တစ်ယောက်ချင်းစီ သတ်ပစ်ခြင်းဖြင့် ပိယွင်အင်မော်တယ် နန်းတော်၏ အင်အားကို အားနည်းအောင် လုပ်ရန် ရည်ရွယ်ထားခဲ့သည်။

ယင်းမှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန် ကောင်းမွန်သော အစီအစဥ် တစ်ခု ဖြစ်၏။

ယခု ပိယွင်အင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ်က ဤနေရာသို့ ရောက်ရှိနေပြီ ဖြစ်ရာ ကျန်းချန်အနေဖြင့် မည်ကဲ့သို့ အလွယ်တကူ ထွက်သွားခွင့် ပေးနိုင်ပါမည်နည်း။

"စိတ်မပူပါနဲ့.. သူ လွတ်အောင် မပြေးနိုင်ပါဘူး"

အရှင်နှင်းမှုန်က ဟင်းလင်းပြင်ထဲတွင် ခြေတစ်လှမ်း လှမ်းလိုက်ရာ သူ၏ ပုံရိပ်သည် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အရှင်နှင်းမှုန်သည် အရှင်ပိကျန်း၏ ရှေ့တွင် ပေါ်လာခဲ့ပြီး အရှင်ပိကျန်းကို လက်သီးဖြင့် အရှိန်ပြင်းစွာ ထိုးချလိုက်သည်။

"ဝုန်း..."

ဤလက်သီးချက် တစ်ချက်နှင့်အတူ အရှင်ပိကျန်းနှင့် သူ့ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ဧရာမ အနက်ရောင် တွင်းပေါက်ကြီး တစ်ခု အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့သည်။

ခဏအကြာတွင် အရှင်ပိကျန်း၏ ပုံရိပ်သည် အလွန်အမင်း အရှက်ရဖွယ် အခြေအနေဖြင့် ယခုလေးတင် ဖြစ်ပေါ်သွားသော ဟင်းလင်းပြင်ထဲရှိ အနက်ရောင် တွင်းပေါက်ကြီးထဲကနေ ထွက်ပေါ်လာခဲ့သည်။

သူက အသက်ရှူရန် အချိန်မရသေးမီမှာပင် အရှင်နှင်းမှုန်က နောက်တစ်ကြိမ် လက်သီးဖြင့် ပြင်းထန်စွာ ထိုးနှက်လိုက်ပြန်သည်။

ဟန်ယွင် အ​ဆင့် အင်မော်တယ် တစ်ဦး အနေဖြင့် အရှင်နှင်းမှုန်သည် ယခုအခါတွင် အထွတ်အထိပ် အခြေအနေ၌ မရှိတော့သော်လည်း သူ၏ စွမ်းအား အသုံးချမှုနှင့် အင်မော်တယ် ဥပဒေသများ အပေါ် နားလည် သဘောပေါက်မှုသည် သာမန် တလော့ အင်မော်တယ်များထက် များစွာ သာလွန်နေဆဲ ဖြစ်သည်။

ယင်းအပြင် ယခု သူထိန်းချုပ်ထားသော ခန္ဓာကိုယ်မှာ အင်မော်တယ်ဘုရင်၏ ရုပ်အလောင်း ဖြစ်၏။

အကယ်၍ သူ၏ စွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်လျှင် ထိုက်ယီ အဆင့် အင်မော်တယ် ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရလျှင်ပင် အရှင်နှင်းမှုန်သည် အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။

သို့ဖြစ်ရာ တလော့ အင်မော်တယ်သာ ဖြစ်သည့် အရှင်ပိကျန်းကို ရင်ဆိုင်ရန် အတွက် လုံလောက်သည်ထက်ပင် ပိုနေသေးသည် မဟုတ်ပါလား။

"ဝုန်း.. ဝုန်း.. ဝုန်း..."

အရှင်နှင်းမှုန်က သဲအိတ် တစ်ခုကို ထိုးနေသကဲ့သို့ အရှင်ပိကျန်းကို လက်သီးဖြင့် တစ်ချက်ပြီး တစ်ချက် ဆက်တိုက် ထိုးနှက်နေခဲ့သည်။

အရှင်ပိကျန်းတွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း လုံးဝ မရှိတော့မှန်း မြင်တွေ့ရလျှင် ယဲ့ချင်းမင်နှင့် အခြားသူများသည် အချိန်အတော်ကြာသည်အထိ မှင်တက်ရာကနေ ပြန်လည် ရုန်းမထွက်နိုင် ဖြစ်နေခဲ့ကြ၏။

အရှင်ပိကျန်း ဆိုသည်မှာ ပိယွင်အင်မော်တယ် နန်းတော်မှ နာမည် ကျော်ကြားသော ဝါရင့် တလော့ အင်မော်တယ် တစ်ပါး ဖြစ်သည်။

ထိုကဲ့သို့ မြင့်မြတ်သော တလော့ အင်မော်တယ်သည် အရှင်နှင်းမှုန်၏ လက်ထဲတွင် သဲအိတ်တစ်ခု ကဲ့သို့ စိတ်ကြိုက် ထိုးနှက်ခြင်း ခံနေရသည်။

ယင်းမှာ အလွန်အမင်း ထိတ်လန့်စရာ ကောင်းနေခဲ့၏။

ယဲ့ချင်းမင်နှင့် အခြားသူများ ထိတ်လန့်နေကြစဉ် ဟင်းလင်းပြင်ထဲရှိ အရှင်ပိကျန်းသည် အဆုံးသတ်တွင် အရှင်နှင်းမှုန်၏ ပြင်းထန်သော လက်သီးချက်များကို ခံနိုင်ရည်မရှိတော့ဘဲ ဟင်းလင်းပြင်ထဲတွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

"ဒီနေ့ ငါ သေရမယ် ဆိုရင်တောင်မှ မင်းကို ငါနဲ့အတူ သေရွာဆီ ဆွဲခေါ်သွားမယ်"

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ပေါက်ကွဲသွားခဲ့ပြီးနောက်တွင် အရှင်ပိကျန်း၏ အင်မော်တယ် ခရစ်စတယ်သည် ဟင်းလင်းပြင်ထဲတွင် ပုံရိပ်တစ်ခု အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး အလွန်အမင်း ဖောင်းပွလာခဲ့ကာ အင်မော်တယ် စွမ်းအားများနှင့်အတူ အရှင်နှင်းမှုန် ထံသို့ လျင်မြန်စွာ ပြေးဝင်လာခဲ့သည်။

"အေးခဲစမ်း"

အင်မော်တယ် ခရစ်စတယ်ကို အသက်စွန့်ပြီး ဖောက်ခွဲရန် ကြိုးစားနေသော အရှင်ပိကျန်းကို ကြည့်ကာ အရှင်နှင်းမှုန်၏ မျက်နှာအမူအရာက အလွန်တရာ တည်ငြိမ်နေခဲ့၏။

ထိုခဏဝယ် သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ထိတ်လန့်ဖွယ်ကောင်းသော အအေးဓာတ်သည် တစ်ခဏအတွင်း ပျံ့နှံ့သွားခဲ့သည်။

ဟင်းလင်းပြင်ထဲရှိ အင်မော်တယ် အဆီအနှစ် စွမ်းအားများသည် တစ်ခဏ အတွင်းမှာပင် အရှင်ပိကျန်း၏ ပတ်ဝန်းကျင်၌ စုစည်း သိပ်သည်းသွားခဲ့ပြီး နောက်ဆုံးတွင် ရေခဲပြင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ အရှင်ပိကျန်းနှင့် ၎င်းရှိနေသည့် ပတ်ဝန်းကျင် ပေတစ်ရာခန့် ဟင်းလင်းပြင်ကို လွှမ်းခြုံသွားခဲ့သည်။

ရေခဲပြင် ဖြစ်ပေါ်လာပြီး တစ်ခဏအတွင်း အရှင်ပိကျန်း၏ အင်မော်တယ် ခရစ်စတယ်သည် ရုတ်တရက် ထိတ်လန့်ဖွယ်ကောင်းသော အဆင့် တစ်ခု အထိ ပိုမို ဖောင်းပွလာခဲ့သည်။

ချက်ချင်းပင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။

"ဝုန်း"

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် လှိုင်းလုံးကြီးများသည် ပင်လယ်ပြင်ထဲရှိ လှိုင်းတံပိုးကြီးများ ကဲ့သို့ အရပ် လေးမျက်နှာဆီ ရူးသွပ်စွာ ပျံ့နှံ့ရိုက်ခတ်သွားခဲ့သည်။

အရှင်နှင်းမှုန် စုစည်းထားသော ရေခဲပြင်သည်ပင် အဆုံးသတ်တွင် ကောင်းကင်နှင့် မြေပြင်ကို ဖျက်ဆီးပစ်နိုင်လောက်သည့် ထိုစွမ်းအင်လှိုင်းဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။

သို့ရာတွင် အရှင်ပိကျန်းသည် သူ၏ အင်မော်တယ် ခရစ်စတယ်ကို ကိုယ်တိုင် ဖောက်ခွဲလိုက်ခြင်း ဖြစ်သော်လည်း ရေခဲပြင် ဟင်းလင်းပြင် ပျက်စီးသွားခဲ့ပြီးနောက်တွင် ကျန်ရှိနေသော စွမ်းအားများမှာ သိပ်မရှိတော့ချေ။

အရှင်နှင်းမှုန်က သူ၏ လက်တစ်ဖက်ကို မြှောက်၍ အသာအယာ ဝှေ့ယမ်းလိုက်ရုံမျှဖြင့် သူ့ ထံသို့ ရိုက်ခတ်လာသော စွမ်းအင် လှိုင်းလုံးကြီးများက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၂၈၉၇) ပြီး၏

All Chapters