အခန်း ၂၈၉၈
Vol. 230 Ch. 2898
အခန်း(၂၈၉၈)
ပိယွင် အင်မော်တယ်နန်းတော်မှ ဝါရင့် တလော့ အင်မော်တယ်တစ်ပါး ဖြစ်သူ အရှင်ပိကျန်းသည် ဤမျှအထိ အလွယ်တကူ ကျဆုံး ပျက်စီးသွားခဲ့ပါသလော။
သူတို့ မျက်စိရှေ့မှောက်ရှိ ထိတ်လန့် တုန်လှုပ်ဖွယ် မြင်ကွင်းကို ကြည့်ပြီး ယဲ့ချင်းမင်နှင့် အခြားသူများသည် သူတို့၏ မျက်လုံးများကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
တလော့အင်မော်တယ် ဆိုသည်မှာ မိုးကြိုးအင်မော်တယ်နယ်မြေတွင် အလွန်ရှားပါးသော အင်အားကြီးပုဂ္ဂိုလ် တစ်ဦး အဖြစ် သတ်မှတ်ခြင်း ခံရ၏။
တလော့ အင်မော်တယ်တိုင်းသည် အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။
တလော့ အင်အားစုများ အကြား တိုက်ပွဲများ ဖြစ်ပွားလျှင်ပင် တလော့ အင်မော်တယ် တစ်ပါး ကျဆုံးပျက်စီးရသည့် အခြေအနေမျိုးမှာ အလွန် ခဲယဉ်းသည်။
ဆိုရလျှင် တလော့အင်မော်တယ် အဆင့်သည် သာမန် အဆင့် မဟုတ်၍ မည်သည့် တလော့ အင်အားစု အတွက် မဆို တလော့ အင်မော်တယ် တစ်ပါးကို သတ်ဖြတ်ရန်မှာ လွယ်ကူသော အလုပ် မဟုတ်ချေ။
ယခုအခါ ပိယွင် အင်မော်တယ် နန်းတော်မှ အရှင်ပိကျန်းသည် အရှင်နှင်းမှုန်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရချေပြီ။
အရှင်နှင်းမှုန်သည် တစ်ချိန်က ဟန်ယွင် အင်မော်တယ် အဆင့်ကို ရောက်ရှိခဲ့ဖူးသည့် အင်မော်တယ် တစ်ပါး ဖြစ်သည်မှာ အမှန်တကယ်ပင် သံသယဖြစ်ဖွယ်ရာ မရှိချေ။
"စီနီယာနှင်းမှုန်.. အရှင်ပိကျန်းက ပိယွင်အင်မော်တယ်နန်းတော်မှာ အဆင့်အတန်း အတော်လေး မြင့်မားတယ်.. အခု သူ ကျဆုံးသွားပြီ ဆိုတော့ ပိယွင်အင်မော်တယ်နန်းတော်က ဒေါသတကြီး တုံ့ပြန်လာမှာ အသေအချာပဲ.. ကျွန်တော်တို့ ကြိုတင် ပြင်ဆင်ဖို့ လိုအပ်လိမ့်မယ် ထင်တယ်"
ယဲ့ချင်းမင်သည် သတိပြန်ဝင်လာပြီး မသိစိတ်ဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကာ အရှင်နှင်းမှုန်ကို လေးနက်သောလေသံဖြင့် ပြောကြားလိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ ပိယွင်အင်မော်တယ် နန်းတော်သည် မိုးကြိုး အင်မော်တယ် နယ်မြေတွင် အလွန်ရှည်လျားသော အမွေအနှစ် သမိုင်းကြောင်း ရှိသည့် ရှေးဟောင်း အင်အားစု တစ်စု ဖြစ်သည်။
ယခုအခါ ၎င်း၏ အထွတ်အထိပ် ကာလကလို အင်အား မရှိတော့လျှင်ပင် တလော့ အင်အားစုများထဲတွင် အမြင့်မားဆုံး တည်ရှိမှု တစ်ခု ဖြစ်နေဆဲပင်။
ထို့အပြင် ပိယွင်အင်မော်တယ် နန်းတော်တွင် ထိုက်ယီအဆင့် အင်မော်တယ် တစ်ပါးပင် ရှိနေနိုင်၏။
အရှင်နှင်းမှုန်က အားကောင်းသော်လည်း သူ၏ အထွတ်အထိပ် အချိန်ကလို ဟန်ယွင် အဆင့် အင်မော်တယ် မဟုတ်တော့သဖြင့် သူ တစ်ဦးတည်းဖြင့် ပိယွင်အင်မော်တယ် နန်းတော်ကို ယှဉ်ပြိုင်ရန် ခက်ခဲလိမ့်မည်ကို သူ စိုးရိမ်မိသည်။
လက်ရှိ အခြေအနေအရ သူတို့ အတွက် အကောင်းဆုံးနည်းလမ်းမှာ ပိယွင်အင်မော်တယ် နန်းတော် ဘက်မှ တုံ့ပြန်မှု မပြုလုပ်နိုင်မီ စန်းယဲ့မြို့မှ ဆုတ်ခွာသွားရန်ပင် ဖြစ်၏။
သို့မဟုတ်လျှင် ပိယွင်အင်မော်တယ် နန်းတော်က တစ်ကျော့ပြန် ရောက်ရှိလာသည်နှင့် တပြိုင်နက် သူတို့က အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားနိုင်သည် မဟုတ်ပါလော။
"မစိုးရိမ်ပါနဲ့.. ပိယွင်အင်မော်တယ် နန်းတော်လောက်က ဘာမှမဟုတ်ပါဘူး"
အရှင်နှင်းမှုန်က ခပ်အေးအေးပင် ပြောလိုက်သည်။
"စိတ်မပူပါနဲ့.. ယဲ့လင်းက အခု ငါ့ရဲ့ တပည့် ဖြစ်နေပါပြီ.. ငါ ဒီမှာ ရှိနေသရွေ့ မင်းတို့ ယဲ့မိသားစုကို ဘေးကင်းအောင် စောင့်ရှောက်ပေးမှာပါ.. ပိယွင်အင်မော်တယ် နန်းတော်က လူတွေ လာရဲရင် လာသမျှလူ အားလုံးကို ငါချေမှုန်းပစ်မယ်"
သူ၏ ယခုလက်ရှိ စွမ်းအားသည် သူ၏ အထွတ်အထိပ်ကာလ၏ ဆယ်ပုံတစ်ပုံပင် မရှိသော်လည်း သာမန် ထိုက်ယီအင်မော်တယ် အဆင့်နှင့် ယှဉ်ပြိုင်ရန်အတွက် လုံလောက်နေဆဲ ဖြစ်သည်။
ပိယွင်အင်မော်တယ် နန်းတော်တွင် ဟန်ယွင် အဆင့် အင်မော်တယ် မရှိသရွေ့ အရှင်နှင်းမှုန် အနေဖြင့် အဘယ်ကြောင့် ကြောက်ရွံ့နေရပါမည်နည်း။
အရှင်နှင်းမှုန်က ထွက်ခွာရန် ရည်ရွယ်ချက် လုံးဝ မရှိသည်ကို မြင်တွေ့ရသဖြင့် ယဲ့ချင်းမင်က စိတ်နှလုံးထဲတွင် ခါးသီးစွာ ပြုံးလိုက်မိသည်။
ယခုအခါ သူ၏ သမီးဖြစ်သူသည် အရှင်နှင်းမှုန် ထံတွင် တပည့်ခံပြီးပြီ ဖြစ်၍ သူတို့ ယဲ့မိသားစုနှင့် အရှင်နှင်းမှုန်တို့သည် တစ်လှေတည်းစီးများ ဖြစ်နေကြပေပြီ။
အရှင်နှင်းမှုန်က ထွက်ခွာရန် ရည်ရွယ်ချက် မရှိသဖြင့် သူသည်လည်း ယဲ့မိသားစုနှင့်အတူ ဆုတ်ခွာသွားမည် မဟုတ်ချေ။
ဆိုရလျှင် အရှင်နှင်းမှုန်၏ ကူညီမှုသာ မရှိခဲ့လျှင် သူတို့ ယဲ့မိသားစုသည် ပိယွင်အင်မော်တယ် နန်းတော်မှ လူများ၏ နင်းခြေဖျက်ဆီးခြင်းကို ခံခဲ့ရလောက်ပြီ ဖြစ်သည်။
ယဲ့ချင်းမင်က ကံကြမ္မာကို လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်သည်။
သူက ကျန်းချန်တို့ နှစ်ဦး နောက်သို့ လိုက်ပါပြီး ပိယွင်အင်မော်တယ် နန်းတော်ကို ဆန့်ကျင် တိုက်ခိုက်ရလျှင်ပင် အဆိုးရွားဆုံး အခြေအနေမှာ ပိယွင်အင်မော်တယ် နန်းတော်၏ ဖျက်ဆီးခြင်းကို ခံရရုံသာ ရှိပေလိမ့်မည်။
သို့သော် အကယ်၍ ဤဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့လျှင် သူတို့ ယဲ့မိသားစုသည် ခြေတစ်လှမ်းထဲဖြင့် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။
---------------------
အရှင်နှင်းမှုန်၏ လက်ချက်ဖြင့် အရှင်ပိကျန်း အသတ်ခံလိုက်ရသည့် အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် မိုင်ပေါင်းသောင်းချီ ဝေးကွာသော ပိရှား အင်မော်တယ်တောင်ရှိ ပိယွင်အင်မော်တယ် နန်းတော်တွင် အနည်းငယ် လေးလံထိုင်းမှိုင်းသော ခေါင်းလောင်းသံ တစ်သံသည် ပိယွင်အင်မော်တယ် နန်းတော်၏ ကောင်းကင်ယံထက်တွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့သည်။
ဤရုတ်တရက် ထွက်ပေါ်လာသော ခေါင်းလောင်းသံသည် ပိယွင် အင်မော်တယ် နန်းတော်ရှိ မရေမတွက်နိုင်သော လူပေါင်းများစွာကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့၏။
ပိယွင်အင်မော်တယ် နန်းတော်မှ တပည့်များသည် ပိယွင်အင်မော်တယ် နန်းတော်မှ ခေါင်းလောင်းသံ အကြောင်းကို သဘာဝကျစွာပင် အလွန်ကောင်းမွန်စွာ သိရှိထားကြသည်။
ပိယွင်အင်မော်တယ် နန်းတော်တွင် မြည်ဟည်းသော ခေါင်းလောင်းသံ၌ အချက်ပြချက် သုံးမျိုး ရှိသည်။
ပျော်ရွှင်ဖွယ်ကောင်းသော ခေါင်းလောင်းသံ မြည်ဟည်းခြင်းမှာ ပိယွင်အင်မော်တယ် နန်းတော်တွင် တလော့အင်မော်တယ် အသစ် တစ်ဦး မွေးဖွားလာခြင်းကို အချက်ပြခြင်း ဖြစ်သည်။
အခြားတစ်ခုမှာ ပိုမို၍ အရေးကြီးပြီး ပိယွင်အင်မော်တယ်နန်းတော်တွင် ကြီးမားသော အဖြစ်အပျက် တစ်ခု ရှိနေကြောင်းနှင့် တပည့်များကို အရေးပေါ် ဆင့်ခေါ်ရန် လိုအပ်ကြောင်း အချက်ပြခြင်း ဖြစ်၏။
ဤနှစ်ခုအပြင် နောက်ဆုံးတစ်ခုမှာ ယခု မြည်ဟည်းနေသော လေးလံထိုင်းမှိုင်းသည့် ခေါင်းလောင်းသံ ဖြစ်ပြီး ယင်းသည် ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ် တစ်ပါး ကျဆုံးသွားခြင်းကို အချက်ပြခြင်း ဖြစ်သည်။
"တလော့အင်မော်တယ် တစ်ပါး ကျဆုံးသွားတာလား.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ခေါင်းလောင်းသံ မြည်ပုံ ထောက်ရင် ဒါက အမှန်တရားပဲ.. ဘယ်တလော့အင်မော်တယ် ကျဆုံးသွားလဲ မသိဘူး"
"............"
ဤအခိုက်အတန့်တွင် ပိယွင် အင်မော်တယ်နန်းတော်မှ တပည့်များသည် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြသည်။
တလော့အင်မော်တယ် အဆင့်သည် အင်မော်တယ်လောကတွင် ကောင်းစွာ ရပ်တည်နိုင်သော အဆင့် ဖြစ်ပြီး အင်အားစုတိုင်းက အလေးထားရသော တည်ရှိမှုများ ဖြစ်ကြသည်။
သူတို့ ပိယွင်အင်မော်တယ် နန်းတော်တွင် တလော့ အင်မော်တယ် တစ်ပါး ကျဆုံး ပျက်စီးသွားသည်ကို မမြင်တွေ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ယခုအခါ ပိယွင်အင်မော်တယ် နန်းတော်တွင် တလော့ အင်မော်တယ် တစ်ပါး ကျဆုံးသွားပြီ ဖြစ်ရာ ယင်းသည် ပိယွင်အင်မော်တယ် နန်းတော်တွင် ကြီးမားသော အဖြစ်အပျက် တစ်ခု ဖြစ်ပျက်တော့မည်ဟု ဆိုလိုခြင်းပင် မဟုတ်ပါလော။
-------------------
ပိယွင်အင်မော်တယ် နန်းတော်၏ ဗဟိုချက်တွင် အင်မော်တယ် အလင်းများ ဖုံးလွှမ်းနေသည့် ခမ်းနားထည်ဝါသော ခန်းမကြီး တစ်ခု ရှိသည်။
ထိုခန်းမကြီးထဲတွင် တလော့ အင်မော်တယ် အရှိန်အဝါများ ထုတ်လွှတ်နေသည့် ပုံရိပ် အချို့ စုဝေးနေကြ၏။
ခန်းမကြီး၏ လေထုမှာ တုန်လှုပ် ချောက်ချားဖွယ် ကောင်းနေခဲ့သည်။
ခန်းမ၏ အဓိကထိုင်ခုံတွင် ထိုင်နေသောသူမှာ ပိယွင်အင်မော်တယ် နန်းတော်၏ နန်းတော်သခင် ဖြစ်သူ အရှင်ပိယောင် ဖြစ်သည်။
"အားလုံးပဲ.. အခုလေးတင် အကြီးအကဲပိကျန်း ကျဆုံးသွားခဲ့ပြီ"
အရှင်ပိယောင်၏ အကြည့်က ခန်းမအတွင်းရှိ လူတိုင်း ဆီသို့ ကျရောက်သွားခဲ့သည်။
သူ၏ အနည်းငယ် လေးလံသော စကားသံက ခန်းမအတွင်း ပဲ့တင်ထပ်သွားခဲ့၏။
"အကြီးအကဲပိကျန်း ကျဆုံးသွားပြီလား
ပိယွင်အင်မော်တယ် နန်းတော်၏ တလော့ အင်မော်တယ် အချို့သည် အရှင်ပိယောင်၏ စကားကို ကြားလျှင် မျက်နှာအမူအရာများ ချက်ချင်းဆိုသလို ပျက်ယွင်းသွားကြသည်။
အရှင်ပိကျန်းသည် သူတို့၏ ပိယွင်အင်မော်တယ် နန်းတော်တွင် သက်တမ်းအရှည်ဆုံး တလော့အင်မော်တယ် တစ်ပါး ဖြစ်ပြီး သူ တလော့ အင်မော်တယ် ဖြစ်လာသည့် အချိန်သည် နန်းတော်သခင် ဖြစ်သည့် အရှင်ပိယောင် ထက်ပင် ပိုမို ရှည်လျား၏။
အရှင်ပိကျန်းသည် ပိယွင်အင်မော်တယ်နန်းတော်၏ တလော့ အင်မော်တယ်များထဲတွင်ပင် အသန်မာဆုံးများထဲမှ တစ်ဦးလည်း ဖြစ်သည်။
အရှင်ပိကျန်း၏ စွမ်းအားဖြင့် ဆိုလျှင် တလော့ အင်မော်တယ်များ ထဲတွင် သူ့ကို အနိုင်ယူနိုင်သောသူ မရှိသလောက် ရှားပါး၍ အရှင်ပိကျန်းကို သတ်ပစ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ထိုက်ယီ အဆင့် အင်မော်တယ်မှ လွဲ၍ တလော့ အင်မော်တယ်များ ထဲတွင် မည်သူကမျှ အရှင်ပိကျန်းကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။
ထိုက်ယီအဆင့် အင်အားစုက သူတို့ ပိယွင်အင်မော်တယ်နန်းတော်ကို တိုက်ခိုက်နေခြင်း ဖြစ်နိုင်ပါသလော။
"နန်းတော်သခင်.. အကြီးအကဲပိကျန်းရဲ့ စွမ်းအားနဲ့ ဆိုရင် သူ့ကို သတ်လိုက်တာ ထိုက်ယီအဆင့် အင်မော်တယ်ပဲ ဖြစ်ရမယ်.. အကြီးအကဲပိကျန်းက ဘယ်လိုလုပ်ပြီး ထိုက်ယီအင်မော်တယ်ကို သွားရောက် ရန်စမိရတာလဲ"
ဆံဖြူ အဘိုးအိုတစ်ဦးက တည်ငြိမ်သော အမူအရာဖြင့် မေးမြန်းလိုက်သည်။
"စန်းယဲ့မြို့က ယဲ့မိသားစု ခေါင်းဆောင် ယဲ့ချင်းမင်ရဲ့ သမီးက ဒဏ္ဍာရီလာ အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်တယ် ဆိုတဲ့ သတင်းကို ငါ ရခဲ့တယ်.. ဒါကြောင့် အကြီးအကဲပိကျန်းရဲ့ တပည့် နဲ့ ခြေလှမ်းတစ်ဝက် တလော့အဆင့် ကျင့်ကြံသူ တစ်ဦးကို ယဲ့မိသားစုဆီ စေလွှတ်ခဲ့တယ်.. ဒါပေမဲ့ သူတို့ နှစ်ယောက်လုံး ကျဆုံးသွားခဲ့ကြတယ်"
အရှင်ပိယောင်က မျက်နှာမသာမယာဖြင့် ပြောလိုက်သည်။
"အကြီးအကဲပိကျန်းက ဒီသတင်းကို ရရှိပြီးနောက်မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပေမဲ့ သူကိုယ်တိုင်လည်း စန်းယဲ့မြို့က ယဲ့မိသားစု လက်ထဲမှာ ကျဆုံးသွားခဲ့ရတယ်"
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ပိယွင်အင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ်များသည် မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သွားကြသည်။
စန်းယဲ့မြို့ရှိ ယဲ့မိသားစုမှာ ရွှေအင်မော်တယ်အဆင့်အင်အားစုမျှသာ ဖြစ်ရာ အကြီးအကဲပိကျန်း ကဲ့သို့ တလော့အင်မော်တယ်ကို ကျဆုံးအောင် ပြုလုပ်နိုင်စွမ်း မည်သို့ ရှိနိုင်ပါမည်နည်း။
ထို့ကြောင့် စန်းယဲ့မြို့ရှိ ယဲ့မိသားစု၏ နောက်ကွယ်တွင် အစွမ်းထက် ကျင့်ကြံသူ ရှိနေမည်မှာ သေချာသလောက်ပင်။
ယင်းအပြင် စန်းယဲ့မြို့ရှိ ယဲ့မိသားစု နောက်ကွယ်မှ ကျင့်ကြံသူသည် ထိုက်ယီအဆင့် အင်မော်တယ် ဖြစ်ရန် ဆယ်ပုံ ကိုးပုံခန့် သေချာနေခဲ့၏။
ဤအချက်ကို တွေးတောမိသဖြင့် ပိယွင်အင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ်များ၏ အမူအရာက လေးနက်သွားခဲ့ကြသည်။
အကယ်၍ ထိုက်ယီအဆင့် အင်အားစုကသာ ဤကိစ္စကို အမှန်တကယ်ပင် နောက်ကွယ်မှ ကြိုးကိုင်နေခြင်း ဖြစ်ခဲ့လျှင် သူတို့ ပိယွင်အင်မော်တယ် နန်းတော်သည် ကပ်ဘေးနှင့် ကြုံရဖွယ်ရှိနေသည် မဟုတ်ပါလား။
အခန်း(၂၈၉၈) ပြီး၏