← Chapters

အခန်း ၂၈၉၉

Vol. 230 Ch. 2899

အခန်း ၂၈၉၉

Vol. 230 Ch. 2899

အခန်း(၂၈၉၉)

"နန်းတော်အရှင်... စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ နောက်ကွယ်မှာ ကူညီပေးနေတဲ့သူ တစ်ယောက်ယောက် ရှိနေတာ သေချာတယ်.. ဒါက ကျိရှအင်မော်တယ် နန်းတော်ရဲ့ လက်ချက်များ ဖြစ်နေမလား"

လေးလံသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အရွယ် တလော့ အင်မော်တယ် တစ်ပါးက လေးနက်စွာ မေးလိုက်သည်။

ကျိရှအင်မော်တယ် နန်းတော် ဆိုသည်မှာ ပိယွင်အင်မော်တယ်နန်းတော်နှင့် နီးကပ်စွာ တည်ရှိသော ထိုက်ယီအဆင့် အင်အားစုများထဲက တစ်စု ဖြစ်သည်။

ထိုစဉ်က ပိယွင်အင်မော်တယ် နန်းတော်သည် ဟန်ယွင် အဆင့် အင်အားစု တစ်စုအဖြစ် အထွတ်အထိပ် ရောက်နေဆဲ အချိန်တွင် ကျိရှ အင်မော်တယ် နန်းတော်ကို အလွန်အမင်း ဖိနှိပ်ထားခဲ့သဖြင့် ကျိရှ အင်မော်တယ် နန်းတော်သည် ပိယွင်အင်မော်တယ် နန်းတော်ကို အစဉ်သဖြင့် အညံ့ခံ ဦးညွတ်ခဲ့ရသည်။

နောက်ပိုင်းတွင်မူ ပိယွင်အင်မော်တယ် နန်းတော်သည် ကြီးမားသော ကပ်ဘေးတစ်ခုကို ကြုံတွေ့ခဲ့ရပြီး တဖြည်းဖြည်း အင်အား ဆုတ်ယုတ်လာခဲ့သည်။

ထိုအချိန်မှစ၍ ဖိနှိပ်ခြင်းခံထားရသော ကျိရှအင်မော်တယ် နန်းတော်သည် ပိယွင် အင်မော်တယ် နန်းတော်ကို အမြဲတစေ ဆန့်ကျင်ဘက် ပြုလုပ်လာခဲ့၏။

ဆိုရလျှင် ကျိရှ အင်မော်တယ် နန်းတော်သည် ပိယွင် အင်မော်တယ် နန်းတော် တည်ရှိရာ ပိရှား အင်မော်တယ်တောင်ကိုပင် လာရောက် တိုက်ခိုက်ခဲ့ဖူးသည်။

သို့သော်လည်း ပိယွင် အင်မော်တယ် နန်းတော်တွင် ဟန်ယွင်အဆင့် အကြွင်းအကျန် ဝှက်ဖဲများ ရှိနေသေးသဖြင့် အဆုံးသတ်တွင် ကျိရှ အင်မော်တယ် နန်းတော်၏ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်။

နှစ်ပေါင်းများစွာ အတွင်း ကျိရှအင်မော်တယ် နန်းတော်သည် အခွင့်အရေး ရတိုင်း ပိယွင်အင်မော်တယ် နန်းတော်ကို တိုက်ခိုက်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလေ့ရှိသည်။

၎င်းတို့က ပိယွင်အင်မော်တယ် နန်းတော်၏ အင်အားကို ကုန်ခန်းသွားစေရန်နှင့် ပြန်လည် နာလန်ထူခွင့် မရစေရန် အစဉ်သဖြင့် မျှော်လင့်နေကြခြင်း ဆိုလည်းမမှားပေ။

ထို့ကြောင့် ပိယွင်အင်မော်တယ် နန်းတော်သည် ကျိရှအင်မော်တယ်နန်းတော်ကို မည်သည့် အခွင့်အရေးမျှ မပေးမိစေရန် အလွန် ဂရုစိုက်ခဲ့ရသည်။

ဤတစ်ခေါက် ကိစ္စတွင် ကျိရှအင်မော်တယ် နန်းတော်က သူတို့ ပိယွင် အင်မော်တယ် နန်းတော်ကို ကိုင်တွယ်ရန် နောက်ကွယ်ကနေ လျှို့ဝှက် ကြံစည်နေခြင်း ဖြစ်နိုင်ပါသလော။

အရှင်ပိယောင်၏ မျက်ဝန်းများက ဖျတ်ကနဲ လက်သွားခဲ့သည်။

"ဒီဖြစ်နိုင်ခြေကိုလည်း ပယ်ဖျက်လို့ မရပေမယ့် ဖြစ်နိုင်ခြေတော့ သိပ်မများဘူး.. ကျိရှ အင်မော်တယ် နန်းတော်မှာက ထိုက်ယီ အဆင့် အင်မော်တယ် တစ်ယောက်ပဲ ရှိတယ်.. သူတို့အနေနဲ့ ပိယွင်အင်မော်တယ် နန်းတော်နဲ့ ပတ်သက်ပြီး တစ်ခုခု ကြံစည်နေတယ် ဆိုရင်တောင် ထိုက်ယီအဆင့် အင်မော်တယ် ကိုယ်တိုင် ပိယွင် အင်မော်တယ်နန်းတော်ရဲ့ နယ်မြေထဲကို ရောက်လာဖို့တော့ မဖြစ်နိုင်ဘူး ထင်တယ်"

တလော့အင်မော်တယ် အဆင့် နှင့် ထိုက်ယီ အင်မော်တယ် အဆင့် ကျင့်ကြံသူများသည် သာမန် လူများထက်ပင် သူတို့၏ အသက်ကို ပိုမို တန်ဖိုးထား မြတ်နိုးကြသည်။

ကျိရှ အင်မော်တယ်နန်းတော်မှ ထိုက်ယီ အဆင့် အင်မော်တယ်သည် သူတို့၏ ပိယွင်အင်မော်တယ်နန်းတော်တွင် အရှုံးနှင့် ရင်ဆိုင်ခဲ့ရဖူးသည်။

ထိုထိုက်ယီအဆင့် အင်မော်တယ်က သူတို့ ပိယွင်အင်မော်တယ် နန်းတော်တွင် ထိုက်ယီအဆင့် အင်မော်တယ်ကို ဒဏ်ရာ အပြင်းအထန် ရရှိစေသည့် ဟန်ယွင် အဆင့် ဝှက်ဖဲ ရှိနေကြောင်း ကောင်းစွာ သိရှိထား၏။

ဤအကြောင်းကြောင့် ပိယွင်အင်မော်တယ် နန်းတော်ကို ထိုက်ယီအဆင့် အင်အားစုများက ကြောက်ရွံ့နေခဲ့ပြီး မည်သူကမျှ အလွယ်တကူ မထိပါးရဲကြခြင်းပင်။

အရှင်ပိယောင်၏ အမြင်အရ ကျိရှ အင်မော်တယ် နန်းတော် အနေဖြင့် ပိယွင် အင်မော်တယ် နန်းတော်ကို ကိုင်တွယ်ရန် အကြွင်းမဲ့ ယုံကြည်ချက် မရှိသ၍ ထိုက်ယီအဆင့် အင်မော်တယ်သည် ပိယွင်အင်မော်တယ် နန်းတော်၏ နယ်မြေထဲတွင် သေချာပေါက် အလွယ်တကူ ပေါ်လာလိမ့်မည် မဟုတ်ပေ။

လူတိုင်းက အရှင်ပိယောင်၏ စကားကို ကြားလျှင် ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်ခြင်း ထဲသို့ ကျရောက်သွားကြသည်။

အကယ်၍ စန်းယဲ့မြို့ရှိ ယဲ့မိသားစု နောက်ကွယ်မှ ထောက်ပံ့နေသူများသည် ကျိရှအင်မော်တယ် နန်းတော်မှ မဟုတ်လျှင် မည်သူ ဖြစ်နိုင်ပါသနည်း။

"စန်းယဲ့မြို့က ယဲ့မိသားစုရဲ့ ကိစ္စကို ဒီအတိုင်း ပစ်ထားလို့တော့ မရဘူး.. ငါတို့ အမှန်တရားကို စုံစမ်းရမယ်.. အဲဒီ အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ် ပိုင်ရှင်က ငါတို့ ပိယွင် အင်မော်တယ်နန်းတော် အတွက် အရမ်း အရေးကြီးတာမို့ မဖြစ်မနေ ခေါ်လာရလိမ့်မယ်.. မင်းတို့ထဲက စန်းယဲ့မြို့ကို ဘယ်သူသွားမလဲ"

လူတိုင်း တိတ်ဆိတ်နေစဉ်မှာပင် အရှင်ပိယောင်၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။

ထိုစကားကို ကြားသော်လည်း ပိယွင်အင်မော်တယ် နန်းတော်မှ တလော့ အင်မော်တယ် အချို့တွင် မည်သူကမျှ တာဝန်ကို လက်မခံရဲကြပေ။

အရှင်ပိကျန်းသည် ပိယွင် အင်မော်တယ် နန်းတော်တွင် သက်တမ်းအရင့်ဆုံး တလော့ အင်မော်တယ် ဖြစ်သည်။

တလော့အဆင့်၏ အထွတ်အထိပ်တွင် ရှိသည့် အရှင်ပိယောင်မှ လွဲ၍ ကျန်ရှိသော ပိယွင် အင်မော်တယ် နန်းတော်ရှိ တလော့ အင်မော်တယ်များထဲတွင် မည်သူကမျှ အရှင်ပိကျန်းကို အနိုင်ယူနိုင်စွမ်း ရှိသည်ဟု မပြောရဲကြပေ။

ထိုကဲ့သို့သော အရှင်ပိကျန်း ပင်လျှင် စန်းယဲ့မြို့က ယဲ့မိသားစုထံတွင် ကျဆုံးသွားခဲ့ရသည်။

ဆိုရလျှင် သူတို့ထဲက မည်သူမဆို ထိုနေရာသို့ သွားလျှင် သေမင်းထံ ကိုယ်တိုင် တံခါးသွားခေါက်သလို ဖြစ်နေမည်ကို စိုးရိမ်နေကြခြင်းပင်။

"နန်းတော်သခင်.. ယဲ့မိသားစု နောက်ကွယ်က လူက သိပ်ကို လျှို့ဝှက်လွန်းတယ်.. တစ်ဖက်လူရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးဘဲ အလောတကြီး မလှုပ်ရှားတာက ပိုကောင်းလိမ့်မယ်.. ကျွန်တော့် အမြင်အရတော့ ဒီကိစ္စကို သေချာစွာ တိုင်ပင် အဖြေရှာဖို့ လိုအပ်တယ်"

အရှင်ပိယောင်၏ လက်ဝဲဘက်တွင် ထိုင်နေသော ဆံဖြူ အဘိုးအိုက လေးနက်စွာ ပြောလိုက်သည်။

"ဒီကိစ္စရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရသေးလို့ပဲ ဒါတွေအားလုံးကို တတ်နိုင်သမျှ မြန်မြန် စုံစမ်းဖို့က ပိုပြီးတော့တောင် အရေးကြီးနေတာပေါ့"

အရှင်ပိယောင်က ဆံဖြူ အဘိုးအိုကို ပြတ်သားစွာ ကြည့်၍ ပြောလိုက်သည်။

"အကြီးအကဲချုပ်.. ခင်ဗျားနဲ့ ပိကျန့်တို့က ဟန်ယွင်အဆင့် တိမ်တိုက်ဝါးမျိုဓားကို ယူဆောင်ပြီး စန်းယဲ့မြို့ကို အတူတူ သွားလိုက်ကြပါ"

ပိယွင် အင်မော်တယ် နန်းတော်၏ နယ်မြေထဲတွင် တလော့အင်မော်တယ်ကို သတ်ဖြတ်နိုင်စွမ်းရှိသော အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ရှိနေခဲ့သည်။

ယင်းမှာ ချိန်ကိုက်ဗုံး တစ်လုံးနှင့် မခြားပေ။

ထို့အပြင် အရှင်ပိကျန်း ကျဆုံးသွားသည့် သတင်းကိုလည်း လုံးဝ ဖုံးကွယ်ထား၍ မရနိုင်ချေ။

ဤသတင်းသာ ပြန့်နှံ့သွားလျှငိ ကျိရှ အင်မော်တယ် နန်းတော်သည်လည်း လှုပ်ရှားရန် အသင့် ဖြစ်နေလိမ့်မည်ကို စိုးရိမ်ရပြီး ပိယွင် အင်မော်တယ် နန်းတော် အတွက် အခြေအနေ ပိုမို ဆိုးရွားလာပေလိမ့်မည်။

အရေးကြီးဆုံး အချက်မှာ အသင်္ချေဝိညာဉ် အင်မော်တယ်ခန္ဓာကိုယ်ကို သူတို့ ပိယွင် အင်မော်တယ် နန်းတော် အနေဖြင့် မဖြစ်မနေ ရယူရမည် ဖြစ်သည်။

ဤနှစ်ပေါင်းများစွာ အတွင်း သူတို့ ပိယွင် အင်မော်တယ်နန်းတော်သည် နေရာအနှံ့အပြားမှ ငယ်ရွယ်သော ပါရမီရှင်များကို အတင်းအကျပ် ဖမ်းဆီး လုယူခဲ့သည်။

ယင်းမှာ လျှို့ဝှက် အစီအစဉ် တစ်ခုကို အကောင်အထည်ဖော်ရန် အတွက် ဖြစ်သည်။

ထိုအစီအစဉ်ကိုသာ အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့လျှင် ပိယွင်အင်မော်တယ် နန်းတော်သည် ၎င်း၏ အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိနိုင်ပြီး မိုးကြိုးအင်မော်တယ် နယ်မြေကို တစ်ဖန် တုန်လှုပ်စေမည့် ဟန်ယွင်အဆင့် အင်အားစုကြီး ဖြစ်လာနိုင်ပေသည်။

သို့သော်လည်း ပိယွင် အင်မော်တယ် နန်းတော်သည် ၎င်း၏ စီရင်ပိုင်ခွင့် နယ်မြေ အတွင်းရှိ ငယ်ရွယ်သော ပါရမီရှင်များကို ဖမ်းဆီးခဲ့သော်လည်း ထိုပါရမီရှင်များတွင် ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံမျိုး မရှိသဖြင့် သူတို့ ပိယွင်အင်မော်တယ် နန်းတော်၏ အစီအစဉ်က မျှော်မှန်းထားသလောက် အရှိန်အဟုန် မရခဲ့ချေ။

ယခုအခါ သူတို့ အရေးတကြီး လိုအပ်နေသည်မှာ အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ် ကဲ့သို့ အထူးခန္ဓာကိုယ် တည်ဆောက်ပုံ ရှိသည့် ပါရမီရှင် တစ်ဦးပင် ဖြစ်သည်။

အကယ်၍ သူတို့သာ ယဲ့မိသားစုထံမှ အသင်္ချေဝိညာဉ် အင်မော်တယ် ခန္ဓာကိုယ်ကို ရရှိနိုင်ခဲ့လျှင် ယင်းသည် သူတို့၏ အစီအစဉ် အောင်မြင်ရန် အခွင့်အလမ်းကို မလွဲမသွေ တိုးလာစေလိမ့်မည် ဖြစ်၏။

အကြီးအကဲချုပ် ပိမူသည် အရှင်ပိကျန်း ကဲ့သို့ပင် ပိယွင်အင်မော်တယ် နန်းတော်၏ ဝါရင့် တလော့ အင်မော်တယ် တစ်ပါး ဖြစ်ပြီး သူ၏ စွမ်းအားက အရှင်ပိကျန်းထက် မနိမ့်ကျပေ။

ထို့အပြင် သူနှင့် အတူ လိုက်ပါသွားမည့် ပိကျန့်သည် တလော့အင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့သည်မှာ မကြာသေးသော်လည်း တိုက်ခိုက်ရေး စွမ်းရည်ဖြင့် ကျော်ကြားပြီး သူ၏ စွမ်းအားက အရှင်ပိမူထက် များစွာ အားနည်းခြင်း မရှိပေ။

သူတို့ နှစ်ဦး ပူးပေါင်းလိုက်လျှင် ထိုက်ယီ အဆင့် အင်မော်တယ် နှင့် ရင်ဆိုင်ရလျှင်ပင် အနည်းဆုံး အကွက် အနည်းငယ်မျှ ယှဉ်ပြိုင်နိုင်စွမ်း ရှိပေလိမ့်မည်။

ယင်းအပြင် သူတို့နှင့် အတူ ပိယွင် အင်မော်တယ် နန်းတော်၏ အထွတ်အမြတ် အင်မော်တယ် လက်နက် ဖြစ်သော ဟန်ယွင်အဆင့် တိမ်တိုက်ဝါးမျိုဓားကိုပါ ထည့်ပေးလိုက်မည် ဖြစ်ရာ စန်းယဲ့မြို့တွင် ထိုက်ယီ အဆင့် အင်မော်တယ် အမှန်တကယ် ရှိနေလျှင်ပင် လုံခြုံစွာ ဆုတ်ခွာနိုင်လိမ့်မည် ဖြစ်သည်။

အရှင်ပိမူက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

"နန်းတော်သခင် အမိန့်ပေးမှတော့ ဒီအဘိုးကြီးနဲ့ ပိကျန့်က စန်းယဲ့မြို့ကို သွားပြီး အခြေအနေကို စုံစမ်းပါ့မယ်"

အရှင်ပိကျန်း ကျဆုံးသွားခြင်းက သူ့ကို စန်းယဲ့မြို့ အပေါ် မသိစိတ်ကနေ ကြောက်ရွံ့မှု ဖြစ်စေခဲ့သော်လည်း ပိကျန့်က အဖော်အဖြစ် လိုက်ပါလာမည့် အပြင် ဟန်ယွင်အဆင့်လက်နက် ဖြစ်သော တိမ်တိုက်ဝါးမျိုဓားကိုပါ ကိုင်ဆောင်ထား၍ ထိုက်ယီ အဆင့် အင်မော်တယ်နှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိနေခဲ့ချေပြီ။

-----------------------

ပိယွင်အင်မော်တယ် နန်းတော်မှ တလော့အင်မော်တယ် အချို့က တုံ့ပြန်မည့် နည်းလမ်းများကို ဆွေးနွေးနေကြသည့် အချိန်နှင့် တစ်ပြိုင်တည်းမှာပင် ပိယွင်အင်မော်တယ်နန်းတော်၏ အဓိက တပည့်များ နေထိုင်သော နေရာရှိ သပ်ရပ်လှပသော ခြံဝင်းထဲတွင် အဖြူရောင် ဝတ်စုံဝတ် မိန်းကလေးတစ်ဦး ရှိနေခဲ့သည်။

အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိခဲ့လျှင် ထိုအမျိုးသမီးမှာ သူ အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာတွင် တွေ့ဆုံခဲ့ဖူးသည့် လင်းရှီယောင် ဖြစ်မှန်း တစ်ချက်ကြည့်ရုံဖြင့်ပင် မှတ်မိနိုင်လိမ့်မည် ဖြစ်၏။

"ပိယွင် အင်မော်တယ် နန်းတော်မှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့ တလော့ အင်မော်တယ် တစ်ပါး ကျဆုံးသွားရတာလဲ"

လင်းရှီယောင်သည် ပိယွင်အင်မော်တယ် နန်းတော်၏ အစည်းအဝေး ခန်းမ ရှိရာ အရပ် ဆီသို့ လှမ်းကြည့်လိုက်သည်။

သူမ၏ လှပသော မျက်ဝန်းအစုံတွင် ထူးဆန်းသော အလင်းတန်း တစ်ခု ဖြတ်သန်းသွားခဲ့သည်။

သူမက ပိယွင် အင်မော်တယ် နန်းတော်တွင် နှစ်ပေါင်းများစွာ ရှိနေခဲ့သော်လည်း ပိယွင်အင်မော်တယ် နန်းတော်တွင် တလော့ အင်မော်တယ် တစ်ပါး ကျဆုံးခြင်းမျိုး တစ်ခါမျှ မဖြစ်ပွားခဲ့ဖူးချေ။

"စီနီယာအစ်မလင်း..."

လင်းရှီယောင် အတွေးထဲ နစ်မြောနေစဉ်မှာပင် သူမ၏ အနောက်ကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

လင်းရှီယောင် လှည့်ကြည့်လိုက်သောအခါ အစိမ်းရောင် ဝတ်စုံ ကို ဝတ်ဆင်ထားသည့် လှပသော မိန်းကလေး တစ်ဦးက သူမ ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။

လင်းရှီယောင်သည် အစိမ်းရောင်ဝတ် မိန်းကလေးကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

"ချင်အာ.. နင် သတင်း တစ်ခုခု ကြားခဲ့လို့လား"

အစိမ်းရောင်ဝတ် မိန်းကလေးက ခေါင်းညိတ်ပြလိုက်ပြီး တိုးညင်းစွာ ပြောလိုက်သည်။

"အရှင်ပိကျန်းက စန်းယဲ့မြို့မှာ ကျဆုံးသွားခဲ့ပြီလို့ ပြောနေကြတယ် အစ်မလင်း"

အခန်း(၂၈၉၉) ပြီး၏

All Chapters