အခန်း ၅၁
Vol. 6 Ch. 51
အခန်း (၅၁)
ဖရဲသီးစားခြင်းစနစ်ဆီမှ "ကြယ်တာရာပြောင်းပြန်စီးဆင်းခြင်း" ဟူသည့် စကားလုံး ၁၆ လုံးပါ မန္တန်အား နဉ်ရွှီ ကြားပြီးသည့်နောက် မြေငလျင်လှုပ်ခတ်ခြင်းနှင့် တောင်ပြိုမတတ် တုန်ခါနေခြင်းတို့ ပျောက်ကွယ်သွားပုံရသည်။
ထိုသို့သော လှုပ်ရှားမှုတစ်ခု ဖြစ်ပြီးသည့်နောက် ထျန်းယာလျှို့ဝှက်နယ်မြေက ယခင်အေးချမ်းမှုများ လုံးဝပျောက်ကွယ်သွားပြီဖြစ်ကာ မူလက ပြာလွင်နေသည့် ကောင်းကင်ယံမှာ သွေးနီရောင်လွှမ်းလာပြီး လျှို့ဝှက်နယ်မြေအတွင်းရှိ အပူချိန်မှာ အကြောင်းရင်းမရှိဘဲ ဒီဂရီအနည်းငယ်မျှ ကျဆင်းသွားကာ မူလက လင်းထိန်နေသော ပတ်ဝန်းကျင်မှာ မှောင်မိုက်သွားလေသည်။
ချီအာက "ဘာတွေဖြစ်ကုန်တာလဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
လေထုကိုယ်တိုင်ပင် မငြိမ်မသက် ဖြစ်လာပုံရသည်။
ဘယ်သူမှ သူ့ကို ပြန်မဖြေကြပေ။ ဖြေလိုသူများကလည်း အကြောင်းရင်းကို မသိကြပေ။
နဉ်ရွှီက "ကျွန်မဆီမှာ လျှို့ဝှက်နယ်မြေထဲမှာ သုံးလို့ရနိုင်မယ့် ထူးခြားတဲ့ နည်းစနစ်တစ်ခုတော့ရှိတယ်" ဟု ဆိုလာသည်။
သူမပြောသည့် ထူးခြားတဲ့နည်းစနစ်ဆိုသည်ကား မည်သည့်အရာမှန်း လူတိုင်း သိထားကြသဖြင့် အားလုံးက “ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”ဟု ဝိုင်းဝန်းထောက်ခံကြလေသည်။
ချီအာကလည်း "ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ" ဟူ၍ မြှောက်ပင့်ပြောဆိုလိုက်သည်။
လူတိုင်းအား မန္တန်သင်ကြားပေးပြီးသည့်နောက် နဉ်ရွှီက "အရင်ဆုံး ဒီနေရာမှာ နားကြမယ်၊ မနက်ဖြန်ကျမှ လျှို့ဝှက်နယ်မြေထဲက အခြေအနေကို ကြည့်ကြတာပေါ့" ဟူ၍ အမိန့်ပေးလိုက်သည်။
မည်သူမှ မကန့်ကွက်ကြချေ။
လျှို့ဝှက်နယ်မြေက နောက်ထပ်မလုံခြုံတော့ပေ၊ လူတိုင်း၌ သူတို့လုပ်ရမည့် အလုပ်ကိုယ်စီရှိသည်။
ချင်းရီလော့က လက်နက်သန့်စင်ခြင်းပညာကို လေ့လာရင်း လက်တွေ့အသုံးချရန် အလုပ်ရှုပ်နေသည်။
နတ်ဘုရား ချင်ကျို့ မှာ လိုအပ်ချိန်တွင် ဆေးလုံးများကုန်သွားခြင်းအား ရှောင်ကြဉ်နိုင်ရန် ဆေးများ သန့်စင်နေခြင်းဖြင့် အလုပ်ရှုပ်နေသည်။
ချီအာက ခုခံရေးအစီအရင်တစ်ခုကို ထုတ်ပြီး သူတို့ထဲမှ တော်တော်များများကို ကာကွယ်လိုက်သည်။
ဝူလုချန်က "ကြေးနီတံတိုင်း သံခံတပ်" နည်းစနစ်ကို လေ့လာနေသည်။
နောက်ဆုံးတွင် နဉ်ရွှီ နှင့် ဖြူစင်သောကျင့်ကြံသူတို့သာ " ကြယ်တာရာပြောင်းပြန်စီးဆင်းခြင်း" ကို သင်ရန် ကျန်လေသည်။
နဉ်ရွှီက မျက်လုံးမှိတ်ပြီး တရားထိုင်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူမ၏စိတ်အာရုံထဲ၌ ဝတ်စုံနက်ဝတ်ဆင်ထားသော ဝေဝါးသည့် ပုံရိပ်တစ်ခုက ဓားကိုဝှေ့ယမ်းပြီး “ကြယ်တာရာပြောင်းပြန်စီးဆင်းခြင်း”အကွက်အား ပြသနေလေသည်။
သူ၏လှုပ်ရှားမှုများက အဆပေါင်းများစွာ နှေးကွေးသွားပြီး ပထမဆုံး ဓားကွက်မှ ဓားကွက်အသွားအလာ အပြောင်းအလဲတစ်ခုစီအထိ အရာအားလုံး သူမ၏ ရှေ့မှောက်တွင် ရှင်းလင်းစွာ ထင်ဟပ်နေသည်။
ဓားကွက်၏ လှုပ်ရှားမှုက ဆွဲငင်လာသော ကြယ်တာရာစွမ်းအင်များကို သူမ မြင်တွေ့နေရပြီး ထိုငွေရောင်စွမ်းအားစုများက ထိုသူ၏ပတ်ပတ်လည်တွင် တိကျသော လမ်းကြောင်းတစ်ခုအတိုင်း စီးဆင်းနေသည်။
ဓားကွက်၏ စွမ်းပကားအောက်တွင် ထိုလျှို့ဝှက်ဆန်းကြယ်လှသော ငွေရောင်ကြယ်တာရာများသည် ချက်ချင်းပင် ပြောင်းပြန်စီးဆင်းသွားသည်ကို သူမ မြင်လိုက်ရပြီး ထိုအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာသော ဓားချီများသည် ရှေ့သို့ တိုးဝင်သွားကာ ရှေ့မှာရှိသမျှ ရန်သူမှန်သမျှကို အပိုင်းပိုင်းဖြတ်တောက်ပစ်မည့်အလားပင်။
“ကြယ်တာရာပြောင်းပြန်စီးဆင်းခြင်း”မှာ တကယ့်ကို ခမ်းနားထည်ဝါပြီး စွမ်းအားကြီးမားတဲ့ နည်းစနစ်တစ်ခုဖြစ်ပုံရသည်။
လှုပ်ရှားမှုများအား သူမ၏စိတ်ထဲတွင် အကြိမ်ကြိမ် ပြန်ကြည့်ပြီးနောက် နဉ်ရွှီက မျက်စိဖွင့်ကာ ၎င်းကိုကိုယ်တိုင်ကြိုးစားလုပ်ဆောင်ကြည့်ရန် ပြင်လိုက်သည်။
ထို့နောက် “ကြယ်တာရာပြောင်းပြန်စီးဆင်းခြင်း”အား လက်တွေ့၌ ပထမဆုံးအကြိမ် မြင်လိုက်ရသည်။
သူမ၏အရှေ့တွင် လျှို့ဝှက်ဆန်းကြယ်မှုနှင့် စွမ်းအားတို့ကို ကိုယ်စားပြုသည့် ရှေးဟောင်းသင်္ကေတများ ရောယှက်နေသော ဆွဲမက်ဖွယ်ကောင်းသည်။ ငွေရောင်အမျှင်တန်းများ ဖြေးညှင်းစွာ စီးဆင်းနေကာ ဝမ့်ရှင်းဂိုဏ်း ဝမ့်အန်းတောင်ထိပ် တပည့်ဝတ်စုံ ဝတ်ဆင်ထားသည့် လူများအား ဝန်းရံထားသည်။ သူက ဓားကို ရှေ့သို့ ချောမွေ့စွာ မွေ့ယမ်းလိုက်ရာ ထိုအခိုက်အတန့်တွင် ကြယ်တာရာများ ချက်ချင်းပင် ပြောင်းပြန်စီးဆင်းလာကာ ဓားအရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး သူ၏ရှေ့မှောက်ရှိ မရေမတွက်နိုင်သော ဝိဉာဉ်သားရဲများမှာ မြေလှန်သုတ်သင်ခြင်း ခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း သူတို့၏အရှေ့ မီတာ၅၀အတွင်းရှိ အရာအားလုံးသည် ဓားအရှိန်အဝါဖြင့် ရှင်းလင်းသွားသည်။
သူတို့ရှေ့က မြင်ကွင်းမှာ ဖယ်ရှားရှင်းလင်းထားသလိုမျိုး ပြောင်စင်နေလေသည်။
နဉ်ရွှီသည် ခဏမျှ မှင်သက်သွားပြီးနောက် များစွာအံ့ဩသွားခြင်းမရှိဘဲ လက်ခုပ်တီးကာ 'အံ့ဩစရာပဲ' ဟု ချီးကျူးလိုက်သည်။
ထိုအသံကို ကြားရသောအခါ ဖြူစင်သောကျင့်ကြံသူက လှည့်ကြည့်လာပြီး ချောမောသည့် မျက်နှာထက်တွင် ရိုးသားဖြူစင်သော အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။ “ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
လှုပ်ရှားမှုကို ကြားလိုက်ရသည့် ကျန်တဲ့လူတွေကလည်း သူတို့ရှုပ်နေသော အလုပ်များကို ချထားလိုက်ပြီး သက်ပြင်းချကြသည်။ “စစ်ယန် မင်းက သင်ယူတာမြန်တာပဲ”
"ဟုတ်တယ်၊ ဒီနည်းစနစ်က တော်တော်ခက်ခဲတဲ့ပုံပဲ၊ မင်း တစ်ခါတည်းနဲ့ တတ်မြောက်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
သူက ဘာမှပြန်မပြောဘဲ နှုတ်ခမ်းထောင့်များကို အသာအယာစေ့လိုက်သည်။
သူ၏ သင်ယူမှုမှာ မြန်သည်ဟု ပြောရမည့်အစား သူ၏ပင်ကိုယ်အသိစိတ်တချို့ တဖြည်းဖြည်း နိုးထလာခြင်းဖြစ်သည်ဟု ပြောခြင်းက ပိုမှန်ပေလိမ့်မည်။
သူသည် မျက်လွှာကို အနည်းငယ်ချလိုက်ပြီး ဓားကိုင်ထားသည့် သူ့လက်ကို ငေးကြည့်နေမိသည်။
သူ... သူက တကယ်ပဲ ဘယ်သူလဲ
“ကြယ်တာရာ ပြောင်းပြန်စီးဆင်းခြင်း" ဟူသော တိုက်ကွက်ကို သုံးလိုက်တဲ့အခါ ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။ ပြီးတော့ ဓားကို ဝှေ့ယမ်းလိုက်တဲ့အခါမှာလည်း လှုပ်ရှားမှုတွေက ဘာလို့ ဒီလောက်အထိ ကျွမ်းကျင်ပြီး သဘာဝကျနေရတာလဲ
၎င်းကို တွေးတောနေစဉ် ရင်းနှီးနေသော စိတ်တွင်းမှစကားသံနှစ်ခုက နားထဲသို့ ထပ်မံရောက်ရှိလာသည်။
နဉ်ရွှီ: [ဒီနည်းစနစ်က ဖြူစင်တဲ့ကျင့်ကြံသူနဲ့ အရမ်းသင့်တော်တာပဲ]
ဖရဲသီးစားခြင်းစနစ်က ထောက်ခံလိုက်သည်။ [ဟုတ်တယ်မလား။ ငါလည်း အဲဒီလိုပဲ ခံစားရတယ်]
ထိုအသံနှစ်သံကို ကြားလိုက်ရပြီးနောက် စစ်ယန်က ပေါ့ပါးစွာ ပြုံးလိုက်မိသည်။
သူသည် မည်သူပင်ဖြစ်ပါစေ... နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ ပါးစပ်ဖျားမှ ဖြူစင်သောကျင့်ကြံသူ ဖြစ်နေသရွေ့ ၎င်းမှာ လုံလောက်ပြီဖြစ်သည်။
ထျန်းယာလျှို့ဝှက်နယ်မြေ၏ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်သည့် ပထမဆုံးနေ့တွင် နဉ်ရွှီသည် အချိန်အများစုကို "ကြယ်တာရာ ပြောင်းပြန်စီးဆင်းခြင်း" နည်းစနစ်ကို ကျင့်ကြံရင်း ကုန်ဆုံးစေခဲ့သည်။
ဖရဲသီးစားခြင်းစနစ်သည် သူမ၏ ကိုယ်ဟန်အနေအထား လှုပ်ရှားပုံများအပေါ် အချိန်နှင့်တပြေးညီ ပြင်ဆင်ပေးသည်။
သူမက စိတ်ထဲတွင်လည်း ဖတ်စာအုပ်ကဲ့သို့ ပြီးပြည့်စုံလွန်းသော အနက်ရောင်ပုံရိပ်၏ လှုပ်ရှားမှုများကို အကြိမ်မရေမတွက်နိုင်အောင် ပြန်လည်ကြည့်ရှုနိုင်သည်။ ထိုအနက်ရောင်ပုံရိပ်၏ ဓားဝှေ့ယမ်းပုံမှာ ဖြူစင်သောကျင့်ကြံသူနှင့် သိပ်မကွာခြားသော်လည်း ပြန်လည်ကြည့်ရှုရန်အတွက်မူ ပို၍ အဆင်ပြေသည်။
မရေတွက်နိုင်သော ပြင်ဆင်မှုများနှင့် လေ့ကျင့်မှုများအပြီးတွင် နဉ်ရွှီသည် နောက်ဆုံး၌ "ကြယ်တာရာ ပြောင်းပြန်စီးဆင်းခြင်း" ကို ပထမဆုံးအကြိမ် အသုံးပြုနိုင်လေသည်။
ကြယ်တာရာစွမ်းအင်များသည် မင်ယွဲ့ဓားထဲတွင် စီးဆင်းနေပြီး သူမသည် ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များအပြင် တစ်ခြားသော ချီတစ်မျိုးကိုလည်း အာရုံခံမိသည်။
၎င်းမှာ လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုတစ်ခုပင်
မရေတွက်နိုင်သော ကြယ်တာရာများသည် သူမ၏ဘေးပတ်ပတ်လည်တွင် လည်ပတ်နေပြီးနောက် သူမ ဓားကို ဝှေ့ယမ်းလိုက်သည့် ခဏမှာပင် ကြယ်တာရာစွမ်းအားများ ထုတ်လွှတ်လိုက်လေသည်။
ဝုန်းခနဲ အသံကြီး မြည်ဟည်းလာသည်။
မြင့်မားသော သစ်ပင်များသည် သူမ၏ ဓားအရှိန်အဝါအောက်တွင် ဝုန်းခနဲ လဲပြိုသွားကြသည်။
"ကြယ်တာရာ ပြောင်းပြန်စီးဆင်းခြင်း" ကို အသုံးပြုလိုက်သည့် အခိုက်အတန့်တွင် နဉ်ရွှီ၏ ကျင့်ကြံမှုအဆင့်သည် ချီသန့်စင်ခြင်း အဆင့် ၄ မှ အဆင့် ၆ သို့ ခုန်တက်သွားလေသည်။
ဖရဲသီးစားခြင်းစနစ်: [ဂုဏ်ယူပါတယ်၊ ဂုဏ်ယူပါတယ်]
ထို့သို့ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က စိတ်ပြောင်းသွားကာ ဆိုလေသည်။ [သုံးရက်အတွင်း သတ်ဖြတ်မိန့်ရဲ့ ပထမဆုံးနေ့က ကုန်တော့မယ်နော်၊ ငါတို့ ဘေးကင်းနေတုန်းပဲ၊ နင် အောင်ပွဲခံချင်လား]
နဉ်ရွှီက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သွေးရောင်ဖျော့ဖျော့သန်းနေသော ညသည် ဤလျှို့ဝှက်နယ်မြေကို တိတ်ဆိတ်စွာ လွှမ်းခြုံထားသည်။
ညသန်းခေါင်အချိန်သို့ ရောက်ရှိတော့မည်။
သူမက ဖရဲသီးစားခြင်းစနစ်၏ စကားထဲမှ အဓိပ္ပာယ်ကို မြန်ဆန်စွာ နားလည်လိုက်သည်။ ၎င်းမှာ အောင်ပွဲခံခြင်းထက် လှောင်ပြောင်ရန် ပြောနေခြင်းဖြစ်သည်။
သူမက ခေါင်းငြိမ့်လိုက်ပြီး "တကယ်ပဲ အောင်ပွဲခံဖို့ လိုတာပေါ့" ဟု ဆိုလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမက ခေတ္တမျှ စကားရပ်လိုက်ကာ "ဒီကိစ္စကို အောင်ပွဲခံတာအပြင် ငါ့ကို ဟွာကျိုင်းဂိုဏ်းချုပ်အကြောင်း နည်းနည်းလောက်ပိုပြီး ပြောပြဦး"
ဖရဲသီးစားခြင်းစနစ်ကလည်း ပြုံးလျက် ပူးပေါင်းလိုက်သည်။ [အိုကေလေ]
သုံးရက်အတွင်းသတ်ဖြတ်မိန့်၏ ပထမဆုံးနေ့တွင် မရေတွက်နိုင်သော ဖရဲသီးစားလိုသည့်ကျင့်ကြံသူများသည် ကျင့်ကြံရန်ပင် စိတ်မပါတော့ဘဲ ဖရဲသီးရွှေ့ပြောင်းသူမှ အသစ်တစ်ခုခုများ တင်ထားမလားဟူ၍ “နယ်မြေသုံးထောင် ကျင့်ကြသူများ သတင်းဖလှယ်ရာနေရာ” ကိုသာ တစ်ချိန်လုံး စောင့်ကြည့်နေကြသည်။
ကံမကောင်းစွာဖြင့် သူတို့သည် ဉာဉ့်နက်သည်အထိ စောင့်ဆိုင်းသော်လည်း ဖရဲသီးရွှေ့ပြောင်းသူထံမှ သတင်းသစ် မတွေ့ရသေးချေ။
သို့သော်လည်း ကျင့်ကြံသူများက ဖရဲသီးရွှေ့ပြောင်းသူ ဟူသည်မှာ မည်သူဖြစ်နိုင်ကြောင်းနှင့် မည်သည့်အဆင့်အထိ ကျင့်ကြံထားသူဖြစ်ကြောင်း ခွဲခြမ်းစိတ်ဖြာသည့် ပို့စ်များကို တင်ခဲ့ကြသည်။
လူကြိုက်အများဆုံးပို့စ်တစ်ခုမှာ "ဖရဲသီးရွှေ့ပြောင်းသူက လန်းတယ်" ဟူသည့် အမည်နှင့် ကျင့်ကြံသူ တင်ထားသည့် “ဖရဲသီးရွှေ့ပြောင်းသူအကြောင်း ပြောကြရအောင်”ဟူသည့် ပို့စ်ဖြစ်သည်။
အဆိုပါပို့စ်မှာ အတော်လေရှည်ပြီး အနှစ်ချုပ်ရလျှင် ဖရဲသီးရွှေ့ပြောင်းသူသည် အနည်းဆုံး ဝိညာဉ်ဖြစ်ပေါ်ခြင်းအဆင့်ဖြစ်ပြီး တစ်ကိုယ်တော် ကျင့်ကြံသူ ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။
ယေဘူယျအားဖြင့် ဂိုဏ်းဝင်ထားသော ကျင့်ကြံသူများသည် ဖရဲသီးရွှေ့ပြောင်းသူကဲ့သို့ မဆင်မခြင်ပြုမူဝံ့ကြမည် မဟုတ်ပေ။
နောက်ဆုံးတွင် ဂိုဏ်း၏ နာမည်နှင့် ဂုဏ်သိက္ခာမှာ အရာအားလုံး၏ အထက်တွင် ရှိပြီး ထိုသို့ပြုမူခြင်းက အခြားသူများ၏ အမျက်ဒေါသကို အလွယ်တကူ ဆွဲဆောင်နိုင်လေသည်။
ဖရဲသီးရွှေ့ပြောင်းသူ၏ ပို့စ်များကို အမြဲစောင့်ကြည့်နေသည့် ဝမ့်ရှင်းဂိုဏ်းမှ တပည့်များ: ………..
တစ်ကိုယ်တော် ကျင့်ကြံသူဟုတ်လား၊ လုံးဝကို ဟုတ်မနေဘူးနော်
“ဖရဲသီးရွှေ့ပြောင်းသူက လန်းတယ်”ဟူသည် နာမည်ပေးပုံကို ကြည့်ရုံဖြင့် ပိုင်ရှင်မှာ အတင်းအဖျင်းကြိုက်သူတစ်မှမှ ဖြစ်ရမည်ဟု သိနိုင်ပေသည်။
အဆုံးတွင် ဖရဲသီးရွှေ့ပြောင်းသူ၌ ပရိသတ်များစွာ ရှိပြီး “ဖရဲသီးရွှေ့ပြောင်းသူက လန်းတယ်” ဆိုသူမှာ သူတို့ထဲမှ တစ်ဦးသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ဖရဲသီးရွှေ့ပြောင်းသူသည် အဆင့်သုံးရှိသော ဂိုဏ်းကြီးတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ဝံ့သည့် ပထမဆုံးသော ပုဂ္ဂိုလ်ဖြစ်ပြီး အချိန်တိုအတွင်း နတ်ဘုရားအဆင့် ကျင့်ကြံသူများကို ရန်စခဲ့ရုံမကဘဲ သူက ဘာကိုမှ ဂရုမစိုက်ဘဲ စိတ်အလိုရှိသလို လုပ်တတ်သူလည်း ဖြစ်သည်။
ကျင့်ကြံသူများက ဒီနေ့အဖို့ ကြည့်စရာ ဘာမှမရှိတော့ဘူးဟု ထင်နေချိန်တွင် ဖရဲသီးရွှေ့ပြောင်းသူက " အားလုံးမျှော်လင့်ထားသည့်အတိုင်း ပို့စ်အသစ်တစ်ခု တင်လိုက်လေသည်။
အဆိုပါပို့စ်အသစ်၏ ခေါင်းစဉ်မှာ ရိုးရှင်းသော်လည်း မောက်မာထောင်လွှားသည့် အငွေ့အသက်က သိသိသာသာကြီး ထင်ဟပ်နေသည်။
[သုံးရက်အတွင်းသတ်ဖြတ်မိန့်ရဲ့ ပထမနေ့ - အကောင်းကြီးပဲနော်]
ဤပို့စ်သည် ဖရဲသီးရွှေ့ပြောင်းသူကို စိတ်ပူနေသော ကျင့်ကြံသူသူများအတွက် ဘေးကင်းကြောင်း တင်ပြသည့် အဓိပ္ပာယ်ဟု ဆိုနိုင်သော်လည်း နောက်အဓိပ္ပာယ်တစ်ခု ကိန်းအောင်းနေသည်ကို လူတိုင်းမြင်နိုင်သည်။
၎င်းမှာ - ပထမဆုံးနေ့တော့ ကုန်သွားပြီ၊ ငါကတော့ အေးအေးဆေးဆေးပဲ၊ မင်းတို့ ငါ့ကို ဘာလုပ်နိုင်သေးလဲ
အဆိုပါပို့စ်ကို မြင်လိုက်ရသူတိုင်း: ……….
ဟုတ်ပါပြီ၊ မင်းက တကယ့်ကို အသည်းကောင်းတာပဲ
ဟွာကျိုင်းဂိုဏ်းသည် ဖရဲသီးရွှေ့ပြောင်းသူမှာ မောက်မာလှပြီဟု ထင်ထားသော်လည်း ယခုထက် ပို၍ပင် မောက်မာနိုင်သေးသည်ကိုတော့ မမျှော်လင့်ထားခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ထိုဘေးကင်းကြောင်း သတင်းပို့သည့် ပို့စ်ထဲတွင် သူက ပို့စ်ခေါင်းစဉ်နှင့ သက်ဆိုင်သည်များ မပြောထားပေ။
အဲ့ဒီအစား ထိုပို့စ်တစ်ခုလုံးတွင် ဟွာကျိုင်းဂိုဏ်းချုပ်အကြောင်း လျှို့ဝှက်ချက်များကို အကုန်ဖွင့်ချလိုက်သောကြောင့် ဖြစ်သည်။