အခန်း ၅၂
Vol. 6 Ch. 52
အခန်း (၅၂)
သန်းခေါင်ယံအချိန်သို့ ရောက်လုနီးပြီဖြစ်ကာ သန်းခေါင်ယံအချိန် ကျော်လွန်သွားပါက သုံးရက်သတ်ဖြတ်မိန့်၏ ဒုတိယမြောက်နေ့သို့ ကူးပြောင်းသွားမည်ဖြစ်သည်။
ကျင့်ကြံသူများသည် အနားမယူမီ ယခုကဲ့သို့ ကြီးမားလှသော အတွင်းသတင်းထူးကြီးကို ကြားရလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ကြချေ။
အဆိုပါအတွင်းသတင်းမှာ ဤသို့ဖြစ်သည်—
[ဟွာကျိုင်းဂိုဏ်းချုပ်က သူမရာထူးကို မမှန်ကန်တဲ့နည်းလမ်းနဲ့ မတရားလုယူထားတာပဲ။
နဂိုက ဂိုဏ်းချုပ်ဟောင်းက သူ့ရဲ့ရာထူးကို အခုလက်ရှိဂိုဏ်းချုပ်ရဲ့ ဆရာတူညီမလေးဆီကို ပေးဖို့ စီစဉ်ထားတာ။
အဲ့ဒီဆရာတူညီမလေးက လက်ရှိဂိုဏ်းချုပ်ထက် ပါရမီ ပိုရှိသလို တစ်ခြားသူတွေနဲ့လည်း ဆက်ဆံရေးကောင်းတယ်၊ ပြီးတော့ ဂိုဏ်းချုပ်ဟောင်းရဲ့ ယုံကြည်မှုနဲ့ ချစ်ခင်မှုကိုလည်း ပိုပြီးရထားသလို ဂိုဏ်းချုပ်ဟောင်းနဲ့ ဝေးကွာတဲ့ သွေးသားတော်စပ်မှု ရှိတယ်လို့တောင် ဆိုရမယ်။
ကံဆိုးချင်တော့ သူမက ရာထူးဆက်ခံရတော့မယ့် တစ်ပတ်အလိုမှာ သတင်းအစအနမရှိဘဲ ရုတ်တရက်ကြီး ပျောက်သွားတယ်။
အခမ်းအနားကို ချောချောမွေ့မွေ့နဲ့ အောင်မြင်အောင် လုပ်ရမှာမို့လို့ ဂိုဏ်းချုပ်ဟောင်းက တစ်ခြားနည်းလမ်း မရှိတော့တဲ့အဆုံး အခုလက်ရှိဂိုဏ်းချုပ်ကိုပဲ ရာထူးပေးလိုက်ရတော့တာပေါ့။
အခုဂိုဏ်းချုပ် ရာထူးယူထားတာ နှစ်ပေါင်းငါးဆယ်တောင် ရှိသွားပြီ။ ပြီးတော့ ဂိုဏ်းချုပ်ဟောင်းကလည်း ကွယ်လွန်သွားတာလည်း ကြာပြီ။ ဒါပေမဲ့ ဂိုဏ်းချုပ်ဟောင်းခမျာ မသေခင်အထိ အဲ့ဒီဆရာတူညီမလေးကို စိတ်ပူနေခဲ့တာ။
နှစ်တွေသာ ကြာသွားတယ် ဆရာတူညီမလေးက ပျောက်ဆုံးနေတုန်းပဲ။
သူမရဲ့ သက်စောင့်မီးအိမ်က ငြိမ်းမသွားတော့ ဂိုဏ်းချုပ်ဟောင်းနဲ့ ဂိုဏ်းသားအများစုက သူမ ဂိုဏ်းချုပ်ရာထူးကို မယူချင်လို့ ခရီးထွက်သွားတာ လို့ပဲ ထင်နေခဲ့ကြတာ။
ဒါပေမဲ့ တကယ်ပဲ အဲ့ဒီလို ဖြစ်နိုင်ပါ့မလား
သူမက တကယ်ပဲ ရာထူးကို မယူချင်ခဲ့တာလား
လုံးဝမဟုတ်ဘူး
သူမက လက်ရှိဂိုဏ်းချုပ်အပေါ် သံသယမရှိဘဲ ယုံကြည်ခဲ့မိလို့ ဂိုဏ်းချုပ်ဖြစ်မလာခင် လက်ရှိဂိုဏ်းချုပ်ရဲ့ အဆိပ်ခတ်ခြင်းကို ခံလိုက်ရတာ။
ဟွာကျိုင်းဂိုဏ်းက ကျင့်ကြံသူတွေအနေနဲ့ ဂိုဏ်းချုပ်ရဲ့ အိမ်တော်ကို သွားစစ်ကြည့်လို့ရတယ်။ သူမလုပ်ထားတဲ့ လျှို့ဝှက်ခန်းကိုသာ ဖွင့်နိုင်မယ်ဆိုရင် အဲ့ဒီအခန်းထဲမှာ ရုပ်သေးရုပ်အဖြစ် အသွင်ပြောင်းခံထားရတဲ့ ဆရာတူညီမလေးကို တွေ့ရလိမ့်မယ်။
ခင်ဗျားတို့ ဂိုဏ်းချုပ်က အဲ့ဒီဆရာတူညီမလေးကို တော်တော်မုန်းပုံရတယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် မျက်နှာကို ဖျက်ဆီးရုံတင်မကဘူး၊ ငရဲကျသလို ခံစားနေရအောင် ခြေလက်တွေကိုပါ ဖြတ်တောက်ပစ်တယ်။]
အဆိုပါသတင်း ထွက်ပေါ်လာသည်နှင့် ကျင့်ကြံသူများသည် ကျင့်ကြံခြင်းကိုပင် အာရုံမစိုက်နိုင်တော့ပေ။
ဘာ
ဟွာကျိုင်းဂိုဏ်းချုပ်သည် တကယ်ပဲ ဒီလိုလူမျိုးဖြစ်နေတာလား
သူမက သတ္တဝါအားလုံးအပေါ် ဂရုဏာထားတဲ့ မျက်နှာထားမျိုး ရှိပုံပေါ်ပေမဲ့ တကယ်က နှလုံးသားမည်းနက်နေတဲ့ စုန်းမအိုကြီး ဖြစ်နေတာတဲ့လား
သုံးရက်သတ်ဖြတ်မိန့်မှာ ဟွာကျိုင်းဂိုဏ်းချုပ်ထံမှ ထွက်လာခြင်းဖြစ်သည်။ ဖရဲသီးရွှေ့ပြောင်းသူအား ပစ်မှတ်ထားနေသည့် လှုပ်ရှားမှုအားလုံးသည် ဂိုဏ်းချုပ်၏ လွှမ်းမိုးချုပ်ကိုင်မှု ပါဝင်ကြောင်း သိသာထင်ရှားနေသည်။
ဖရဲသီးရွှေ့ပြောင်းသူမှ ဟွာကျိုင်းဂိုဏ်းချုပ်အား ပြန်လည်ပစ်မှတ်ထားမည်မှာ လုံးဝ ခန့်မှန်းရလွယ်သည့်အရာဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခင်က ဖရဲသီးရွှေ့ပြောင်းသူကို ရန်စခဲ့သူတိုင်းမှာ အရှုပ်တော်ပုံများ ဖွင့်ချခံခဲ့ရသောကြောင့် ဖြစ်သည်။
သို့သော် တစ်နေ့တာကုန်ဆုံးခါနီးအချိန်တွင် ဤမျှ ပေါက်ကွဲအားပြင်းသည့် သတင်းကြီး ထွက်ပေါ်လာလိမ့်မည်ဟု မည်သူက ထင်ထားခဲ့ပါမည်နည်း။
ယနေ့ညကား ဟွာကျိုင်းဂိုဏ်းကလူတွေအားလုံး သေချာပေါက် အိပ်မပျော်နိုင်သည့် ညတစ်ည ဖြစ်သွားတော့မည် ဖြစ်သည်။
[ရုတ်တရက်ကြီး ဟွာကျိုင်းဂိုဏ်းချုပ်ကတော့ အစားထိုးခံရတော့မယ်ဆိုပြီး ငါ ခံစားချက် ရလာတယ်။]
[ဒါက ခံစားချက်တစ်ခုပဲလား။ တကယ်လို့ ဒီအဖြစ်အပျက်တွေကသာ အမှန်ဆိုရင် ဂိုဏ်းချုပ်ပြောင်းဖို့က သေချာပေါက် အတည်ဖြစ်သွားပြီပေါ့။]
[ဟွာကျိုင်းဂိုဏ်းချုပ်က ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ ငါတကယ်ကို မမျှော်လင့်ထားဘူး။]
[ဒီလိုလူစားမျိုးက ဂိုဏ်းချုပ်ဖြစ်နေတာဆိုတော့လည်း ဟွာကျိုင်းဂိုဏ်းကလူတွေအားလုံးရဲ့ အမြင်တွေက ဒီလောက်အထိ ကောက်ကျစ်နေတာ မဆန်းပါဘူးလေ။]
[ဒီသတင်းကြောင့် ဟွာကျိုင်းဂိုဏ်းရဲ့ ဂုဏ်သတင်း ညှိုးနွမ်းကုန်တော့မှာပဲ။ အဲဒီက ကျင့်ကြံသူတွေကတော့ ဖရဲသီးရွှေ့ပြောင်းသူကို တော်တော်လေး မုန်းကုန်ကြတော့မှာပဲ။]
[ဒီကိစ္စမရှိရင်တောင် သူတို့က ဖရဲသီးရွှေ့ပြောင်းသူကို မုန်းနေကြတာပဲဥစ္စာ။]
[သုံးရက်သတ်ဖြတ်မိန့်က နောက်ထပ် နှစ်ရက်ကျန်သေးတယ်... ဘာလို့လဲတော့မသိဘူး၊ နောက်လာမယ့် နှစ်ရက်ကတော့ ထူးထူးခြားခြား ပြင်းထန်လာလိမ့်မယ်လို့ ခံစားနေရတယ်။]
[ပြင်းထန်မယ်ဟုတ်လား။ မဟုတ်လောက်ဘူး၊ သာမန်ကျင့်ကြံသူတွေအတွက် ပြင်းထန်တာ ဖြစ်နိုင်ပေမဲ့၊ ဖရဲသီးရွှေ့ပြောင်းသူအတွက်ကတော့ အန္တရာယ်များတယ်။]
[ဖရဲသီးရွှေ့ပြောင်းသူရေ ဂရုစိုက်မှဖြစ်မယ်နော်]
ထိုအချိန်တွင် နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာတွင် ကျင့်ကြံသူများ၏ စောင့်ကြည့်ခြင်းကို ခံနေရသော နဉ်ရွှီသည် လက်ရှိတွင် ဟွာကျိုင်းဂိုဏ်းချုပ်အကြောင်းကို ဖရဲသီးစားခြင်းစနစ်နှင့် ဆွေးနွေးနေသည်။
ဖရဲသီးစားခြင်းစနစ်က သူ၏ပါဝင်ပတ်သတ်မှု မရှိသလို လေသံမျိုးဖြင့် ပြောလာ၏ [သူမရဲ့ ကောင်းမွန်တဲ့နေ့တွေ ကုန်ဆုံးတော့မှာပါ]
နဉ်ရွှီက တည်ငြိမ်စွာ ပြန်ပြောသည်။ [ဒါပေမဲ့ သုံးရက်သတ်ဖြတ်မိန့်က ကုန်ဆုံးသွားမှာမဟုတ်ဘူးနော်]
[အမှန်ပဲ]
ဖရဲသီးစားခြင်းစနစ်က ကိုယ့်ကိုယ်ကို ကျေနပ်ဂုဏ်ယူနေသည့် အမူအရာနှင့် ဖြည့်စွက်ပြောလိုက်သည်။ [ဟွာကျိုင်းဂိုဏ်းက ငါတို့ကို ရှာဖို့ ဂိုဏ်းတစ်ခုလုံးရဲ့ အင်အားကို သုံးတော့မှာလေ]
[ပြောရမယ်ဆိုရင် ဒီလိုမျိုး ဂုဏ်ပုဒ်ကို ရတာ ငါတို့နှစ်ယောက်က ပထမဆုံးပဲ]
ချီအာ: ......
ဒါက တကယ်ပဲ ကြွားရမယ့်အရာလား
ဒါက လုံးဝကို ကြွားစရာ ဟုတ်မနေဘူးလို့
သူတို့ ဒီလိုကိစ္စမျိုးကို တကယ်ပဲ ကြွားဖို့ လိုလို့လား
လုံးဝကို မလိုတာပါနော်
ထိုအခိုက်အတန့်တွင် ချီအာက ဝေခွဲမရဖြစ်နေသည်။
သူ နဉ်ရွှီနောက်ကို ဆက်လိုက်သင့်လား
သူမနောက်လိုက်ခြင်းက သိသာထင်ရှားသည့် အကျိုးကျေးဇူးများရှိသည်။ __ အတင်းအဖျင်းသတင်းများကို နားထောင်နိုင်သည့်အပြင် သူမအနားမှာရှိနေခြင်းကြောင့် ကံကောင်းလျှင် အခွင့်အရေးတစ်ချို့ ရနိုင်သည်။
အဆုံး၌ နဉ်ရွှီသည် သူမ၏လူများအပေါ် ကောင်းလေသည်။
ဝူလုချန်သည် သူမထံမှ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကို ရရှိခဲ့ပြီး ချင်းရီလော့မှာမူ လက်နက်သန့်စင်ခြင်း ဗဟုသုတများကို ရရှိခဲ့သည်။ ထို့ပြင် အခြားသူများကလည်း "ကြယ်တာရာပြောင်းပြန်စီးဆင်းခြင်း" မန္တန်ကို ကြားခဲ့ရသည်။
သူတို့ သင်ယူနိုင်ခြင်း ရှိ၊မရှိက တစ်ကဏ္ဍဖြစ်ပြီး သူမက မျှဝေပေးခဲ့သည်မှာ တစ်ကဏ္ဍဖြစ်သည်။
၎င်းးမှာ နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့တွင် ကောင်းမွန်သောအရာများ ရှိနေကြောင်းကို ရှင်းလင်းစွာ ပြသနေသည်။ သူမနောက်လိုက်ပါက အမြဲတမ်း အကျိုးအမြတ် ရနိုင်မည်ဖြစ်သည်။
သို့သော် သူမနောက်လိုက်ခြင်းက အန္တရာယ်များသည်မှာ ထင်ရှားသည်။
နဉ်ရွှီသည် ဟွာကျိုင်းဂိုဏ်း၏ နံပါတ်တစ် ရန်သူတော် ဖြစ်နေခဲ့ပြီဖြစ်သည်။
သူတို့၏ ပတ်သတ်မှုမှာ အပြန်အလှန် ဖျက်ဆီးနေကြသည့် ပတ်သတ်မှုမျိုးပင် ဖြစ်သည်။
သူသာ သူမနောက်လိုက်ပါက သူက အပြစ်မရှိသည့် လမ်းသွားလမ်းလာတစ်ဦးသာ ဖြစ်သော်လည်း ဤပဋိပက္ခကြားတွင် ညပ်ပါသွားနိုင်သည်။ သူ့ကို နဉ်ရွှီ၏ အဖွဲ့တစ်စိတ်တစ်ပိုင်းအနေနှင့်ပင် မသတ်မှတ်နိုင်သေးပေ။
ထို့ကြောင့် ဤကစားပွဲတွင် သူသည် နဉ်ရွှီ သို့မဟုတ် ဟွာကျိုင်းဂိုဏ်း မည်သည့်ဘက်မှ လောင်းကြေးထပ်သင့်သနည်း။ နဉ်ရွှီ၏ အဖွဲ့လေးက အနိုင်ရဖို့ အလားအလာ ပိုများမလား၊ သို့မှမဟုတ် တတိယအကြီးဆုံးဂိုဏ်းဖြစ်သည့် ဟွာကျိုင်းဂိုဏ်းကပဲ အသာစီးရပြီး အောင်နိုင်သွားမလား
ချီရှင်းအတွက် ရွေးချယ်ရခက်နေသည်။
သူ၏ တုံ့ဆိုင်းနေမှုကို မျက်စိလျင်သည့်သူများ၏ သတိထားသည့် မျက်စိထဲမှ လွတ်မသွားခဲ့ချေ။
နတ်ဘုရား ချင်ကျို့က သူ့အနားသို့ ပေါ့ပေါ့ပါးပါး လျှောက်လာပြီး ပုခုံးကို ပုတ်လိုက်သည်။
ချီအာက နားမလည်သည့် မျက်နှာထားဖြင့် ကြည့်လိုက်သောအခါ ဖြူစင်သောကျင့်ကြံသူက ဓားချီကို အသုံးပြုပြီး ချီရှင်း၏ ပါးပြင်ကို ခြစ်လိုက်ရာ သွေးစအနည်းငယ် ထွက်သွားသည်။
ဖြူစင်သောကျင့်ကြံသူက "တောင်းပန်ပါတယ်၊ ငါ လက်ချော်သွားတာ" ဟု ပြောလိုက်သည်။
"ကြယ်တာရာ ပြောင်းပြန်စီးဆင်းခြင်း" နည်းစနစ်ကို အလွယ်တကူ သုံးနိုင်သည့်သူတစ်ယောက်က ဤကဲ့သို့ အခြေခံအမှားမျိုး လုပ်ပါမည်လား။ လုံးဝမဖြစ်နိုင်ဘူး
ချီအာ: !!!
သူ၏ ထက်မြက်လှသော ဦးနှောက်သည် ယခု အရှိန်အပြည့်ဖြင့် အလုပ်လုပ်လေတော့သည်။
နဉ်ရွှီနှင့် ဖရဲသီးစားခြင်းစနစ်တို့၏ အတွေးများကို ကြားနေရသည်မှာ သူတစ်ဦးတည်းမဖြစ်နိုင်သည်ကို ရုတ်တရက် သဘောပေါက်သွားသည်။
သူတို့လည်း ကြားနေရတာပဲ
ချီအာကတော့ ထိတ်လန့်တုန်လှုပ်နေပြီး ချွေးများပြန်နေကာ၊ အခြေအနေကို ဘယ်လိုပြန်ထိန်းရမလဲဟု အသည်းအသန် စဉ်းစားနေချိန် ဖရဲသီးစားခြင်းစနစ်က အေးအေးလူလူ ပြောလာသည်။ [တွေ့လား... အဖွဲ့ဝင်တွေတောင်မှ ချီအာကို တိတ်တိတ်လေး အနိုင်ကျင့်နေကြတယ်]
[ဒါက ဘာကို ဆိုလိုတာလဲ]
[ဆိုလိုတာက သူက လူတိုင်းရဲ့ အမုန်းကို တစ်ခဲနက် ရထားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဇနီးသည်ကို ကံဆိုးစေပြီး စီးပွားပျက်စေမယ့် သူ့ရဲ့ရုပ်ရည်က ဘယ်လောက်တောင် ဆိုးလဲဆိုရင်... သူ့အဖွဲ့သားတွေတောင်မှ သည်းမခံနိုင်တော့ဘူး]
နဉ်ရွှီ: ......
ချီအာ: !!!
နဉ်ရွှီက [အခွင့်အရေးရရင် သူ့ကို အလှဆေးလုံးသောက်ဖို့ ငါ ကြိုးစားပြီး ဖျောင်းဖျကြည့်ပါ့မယ်] ဟု အမှုမဲ့အမှတ်မဲ့ ပြန်ပြောလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ချီအာ၏ ကံဆိုးသည့် မျက်နှာအကြောင်းကို ဆက်လက် မလှောင်ပြောင်ခင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
နဉ်ရွှီက ဖြူစင်သောကျင့်ကြံသူ ပြင်ဆင်ပေးထားသည့် ဟင်းချိုပူပူလေးကို သောက်ရင်း [ဘာဖြစ်လို့လဲ] ဟု မေးလိုက်သည်။
["နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာက အဆင့်မြှင့်ပြီးသွားပြီ။ အခုဆိုရင် ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအဆင့်တွေပါ ပြတော့မှာ]
နဉ်ရွှီ: ......
[အခုဆိုရင် နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ချီသန့်စင်ခြင်းအဆင့်ပဲ ရှိသေးတယ်ဆိုတာကို သူတို့အားလုံး သိသွားကြပြီ]
နဉ်ရွှီ: ......
၎င်းအဆင့်မြှင့်တင်ခြင်းမှာ ဖရဲသီးရွှေ့ပြောင်းသူကို သိသိသာသာပင် ရည်ရွယ်ထားခြင်းဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်ကမူ အကောင်းမြင်သည့်လေသံဖြင့် ဆိုလာသည်။ [ဒါက ပြဿနာကြီး မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေ ငါတို့ရဲ့ စစ်မှန်တဲ့ အထောက်အထားကို ခဏတဖြုတ်တော့ ရှာတွေ့ဦးမှာ မဟုတ်ဘူး]
[ဒါကို ဘာလို့ခေါ်တာလဲ]
[ဒါကို 'အဆုံးစွန်သော ထွက်ပြေးခြင်း' လို့ ခေါ်တယ်]
[ဒီလောက်နိမ့်တဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ကျင့်ကြံခြင်းလောကက အင်အားကြီးတဲ့ ကျင့်ကြံသူတွေကို ရန်စတာက မောက်မာရာမကျဘူးလား။ စိတ်လှုပ်ရှားစရာ မကောင်းဘူးလား]
[ဘယ်သူကများ ဒီလိုမျိုးလုပ်ရဲမှာလဲ]
[ဘယ်သူမှ မရှိဘူးနော်]
ချီအာ: တကယ်ကို မောက်မာရာကျပြီးတော့ စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒါက သေလမ်းရှာနေတာလို့ပဲ ပြောပါရစေ
နဉ်ရွှီက [နင်ပဲပြောတော့ ရေတိုမှာ ငါတို့ဘေးကင်းတယ်ဆို၊ ရေရှည်အတွက်ကျတော့ ဘယ်လိုလဲ] ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က တိုက်ရိုက်မဖြေဘဲ ရယ်မောရင်း [နင့်စိတ်ထဲမှာ အဖြေရှိပြီးသား မဟုတ်လား Host] ဟု ပြန်မေးလာ၏။
နဉ်ရွှီက ပြန်မဖြေခဲ့ပေ။
သူမ၏ စိတ်ထဲတွင် အဖြေရှိပြီးသား ဖြစ်၏။
ယခုအခြေအနေကို ဖြေရှင်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဘေးကင်းသည့် အချိန်အတောအတွင်း သူမ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်နှင့် အခြားသူများ ကြောက်ရွံ့ရလောက်သည့် တည်ရှိမှုမျိုး ဖြစ်လာစေရန်ပင် ဖြစ်လေသည်။