အခန်း ၅၃
Vol. 6 Ch. 53
အခန်း (၅၃)
လက်ရှိအချိန်တွင် "နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ" ဖိုရမ်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
တစ်ခြားတစ်ဖက်တွင် ဖိုရမ်ကို စတင်တည်ထောင်ကတည်းက နှစ်ပေါင်းများစွာကြာအောင် အဆင့်မြှင့်တင်ခြင်း မလုပ်ခဲ့ဘဲ ယနေ့မှ ရုတ်တရက် အဆင့်မြှင့်လိုက်သောကြောင့် ဖြစ်သည်။ ကျန်တစ်ဖက်မှာမူ ဖရဲသီးရွှေ့ပြောင်းသူ၏ ကျင့်ကြံခြင်းအဆင့်ကို သူတို့ သိလိုက်ရသောကြောင့် ဖြစ်သည်။
၎င်းမှာ သူတို့စိတ်ကူးထားသလို ဝိဉာဉ်ဖြစ်ပေါ်ခြင်းအဆင့် မဟုတ်၊ ထိုထက်မြင့်သော အဆင့်လည်း မဟုတ်ပေ။ ယင်းအစား မည်သူမျှ အလေးအနက်မထားကြသည့် ကျင့်ခြံခြင်းအဆင့်၏ အောက်ခြေဖြစ်သော ချီသန့်စင်ခြင်းအဆင့်သာ ဖြစ်လေသည်။
ဖရဲသီးရွှေ့ပြောင်းသူသည် ကျင့်ကြံခြင်းလောကထဲသို့ ခြေချခါစ လူသစ်လေးတစ်ယောက်သာ ဖြစ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သို့သော် ဤကဲ့သို့ အတွေ့အကြုံမရှိသေးသော လူသစ်လေးကပင် ဟွာကျိုင်းဂိုဏ်းတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်နိုင်ခဲ့သည်။
ထို့အပြင် ဟွာကျိုင်းဂိုဏ်းကလည်း သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိချေ။
ဤဖိုရမ်အဆင့်မြှင့်တင်ခြင်းသည် ပို့စ်တင်သူ၏ ကျင့်ကြံခြင်းအဆင့်ကိုသာ ဖော်ပြနိုင်သည်။ ၎င်းမှာ ဖရဲသီးရွှေ့ပြောင်းသူ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ပေါက်စေရန် ရည်ရွယ်ထားသည်မှာ သိသာလှသည်။
သတင်းအချက်အလက် ပိုသိရလေလေ၊ သူ့ကို ဖော်ထုတ်ရန် ပိုပြီးလွယ်ကူလေလေဖြစ်သည်။ သို့သော် ဖရဲသီးရွှေ့ပြောင်းသူသည် ချီသန့်စင်ခြင်းအဆင့်သာ ရှိနေသေးသည်ဟု မည်သူကများ တွေးမိမည်နည်း။ ထိုအဆင့်နှင့် ကျင့်ကြံသူများမှာ အလွန်များပြားလှသဖြင့် ထိုသူများထဲမှ ဖရဲသီးရွှေ့ပြောင်းသူကို ရှာဖွေဖော်ထုတ်ရန်မှာ မလွယ်ကူသောအလုပ်တစ်ခု ဖြစ်သည်။
ထိုနေ့တွင် "နယ်မြေသုံးထောင် ကျင့်ကြံသူများ သတင်းဖလှယ်ရာနေရာ"၏ စာမျက်နှာတစ်ခုလုံးကို "ဖရဲသီးရွှေ့ပြောင်းသူ" ဟူသည့် စကားလုံးများဖြင့် လွှမ်းမိုးသွားလေသည်။
[ဖရဲသီးရွှေ့ပြောင်းသူက တကယ်ပဲ ချီသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာလား။ သူက ဟွာကျိုင်းဂိုဏ်းကို စိန်ခေါ်ဖို့ ဘယ်ကနေသတ္တိတွေ ရတာလဲ]
[ဟာသပဲ၊ ငါကတော့ သူက ဘယ်သူမှ မထိပါးရဲတဲ့ ပုဂ္ဂိုလ်တွေထဲကတစ်ယောက်များလားလို့ ထင်လိုက်တာ၊ တကယ်တမ်း သူက ခုန်ပေါက်နေတဲ့ လူရွှင်တော်လေးပဲကိုး]
[ဟွာကျိုင်းဂိုဏ်းကတော့ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူရဲ့ ကစားတာကို ခံရလို့ အခုချိန်မှာ သွေးအန်မတတ် ခံစားနေမှာပဲ]
ရက်စက်လှသော ကျင့်ကြံခြင်းကမ္ဘာတွင် ကျင့်ကြံခြင်းအဆင့်သည် အရာရာကို တိုင်းတာသည်။ ဖရဲသီးရွှေ့ပြောင်းသူ၏ ကျင့်ကြံခြင်းသည် ဖိုရမ်ထဲမှ ကျင့်ကြံသူအများစုထက် နိမ့်ကျနေသဖြင့် တစ်ချိန်က သူ့ကို အားပေးထောက်ခံခဲ့သူများမှာ စိတ်ဝင်စားမှု လျင်မြန်စွာ လျော့နည်းသွားသည်။
လှောင်ပြောင်နေသော မှတ်ချက်များစွာ ရှိသကဲ့သို့၊ သူ့ကို ခုခံကာကွယ်ပေးသော သစ္စာရှိနောက်လိုက်အချို့လည်း ရှိနေသည်။
[သူ့အဆင့်က နိမ့်နေတော့ရော ဘာဖြစ်လဲ။ ဒါက ယာယီပဲ ဖြစ်မှာပါ]
[ဖရဲသီးရွှေ့ပြောင်းသူက လျှို့ဝှက်ချက်တွေ အများကြီး သိထားတာပဲ၊ သူ့ဆီမှာ လူတွေမသိထားတဲ့ ဖုန်းကွယ်ထားတဲ့ အရည်အချင်းတစ်ချို့ ရှိနေလိမ့်မယ်]
[ကျင့်ကြံခြင်းအဆင့်မြင့်တဲ့ ကျင့်ကြံသူတွေက ငါတို့ကို ဒီလိုလျှို့ဝှက်ချက်တွေ မျှဝေမှာမဟုတ်ဘူး။ သူတို့က ငါတို့ကို လူရာသွင်းဖို့တောင် စိတ်ကူးတာမဟုတ်ဘူး။ ငါတော့ ဂရုမစိုက်ဘူး၊ ဖရဲသီးရွှေ့ပြောင်းသူကိုပဲ အမြဲတမ်း ထောက်ခံနေမှာ]
[သူ့ရဲ့ကျင့်ကြံခြင်းက နိမ့်နေတာတောင် ဟွာကျိုင်းဂိုဏ်းက သူ့ကို ဘာမှမလုပ်နိုင်သေးဘူးလေ။ အဲ့ဒါကပဲ သူ့ရဲ့စွမ်းအား ဘယ်လောက်ကြီးမားတယ်ဆိုတာကို ပိုပြီးသက်သေပြနေတာ မဟုတ်ဘူးလား]
ဖရဲသီးစားခြင်းစနစ်က ဖိုရမ်ပေါ်တွင် ဖြစ်ပျက်သမျှ အရာအားလုံးကို နဉ်ရွှီထံသို့ ချက်ချင်း ပြန်လည်သတင်းပို့ခဲ့သည်။
ဖရဲသီးစားခြင်းစနစ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ [Host... နင် ဘယ်လိုထင်လဲ]
နဉ်ရွှီ [......] သူမ ဘာထင်ရမည်နည်း။ သူမတွင် ထင်မြင်ချက် ထွေထွေထူးထူး မရှိပေ။
လက်ရှိအချိန်တွင် သူမသည် ဖရဲသီးစားခြင်းစနစ်က အစောပိုင်းတွင် ပို့ပေးထားသော ကောင်းကင်အဆင့်ကျင့်စဉ်ကို နားလည်သဘောပေါက်ရန် ကြိုးစားနေရသဖြင့် ထိုကဲ့သို့ အရေးမပါသောကိစ္စများအတွက် အချိန်မရှိပေ။
ဖရဲသီးစားခြင်းစနစ်က သူမ အလုပ်ရှုပ်နေသည်ကို သတိထားမိသဖြင့် [Host... ငါ အားနေတာပဲ၊ နင့်ကိုယ်စား ငါ ပြန်ဖြေပေးရမလား] ဟု တက်တက်ကြွကြွနှင့် စကားဆိုလာသည်။
[နင် သဘောရှိသလို လုပ်]
မကြာမီ ဖရဲသီးရွှေ့ပြောင်းသူကို အဆိုးဆုံး လှောင်ပြောင်ထားသည့် ပို့စ်အောက်တွင် သူ၏တုံ့ပြန်မှု ပေါ်လာသည်။
ဖရဲသီးရွှေ့ပြောင်းသူ: [ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။ နောက်ငါးနှစ်နေရင် ငါက ဝိဉာဉ်ဖြစ်ပေါ်ခြင်းအဆင့် ရောက်မှာလေ]
အဆိုပါစကားက တက်ကြွလှုပ်ရှားနေသည့် ကျင့်ကြံခြင်းဖိုရမ်အား ပို၍ပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
[ချီသန့်စင်ခြင်းအဆင့်ကနေ ဝိဉာဉ်ဖြစ်ပေါ်ခြင်းအဆင့်ကို ငါးနှစ်အတွင်းဟုတ်လား။ အိပ်မက်မက်နေလိုက်လေ]
[ဟားဟားဟား၊ ငါလည်း ငါးနှစ်အတွင်း ရွှေအမြုတေအဆင့်ကနေ ကြီးမြတ်သောနတ်ဘုံသို့တက်လှမ်းခြင်းအဆင့် ရောက်မယ်လို့ ပြောလို့ရတာပဲ။ အဲ့ဒီလို လေကြီးလေကျယ်ကတော့ ဘယ်သူကများ မပြောတတ်လို့လဲ]
[ဖရဲသီးရွှေ့ပြောင်းသူက အရင်အတိုင်း မောက်မာနေတုန်းပဲဆိုပေမဲ့ ငါတော့ သူ့ကို လေးစားအားကျတယ်လို့ နောက်ထပ်မခံစားရတော့ဘူး။ စိတ်ကူးယဉ်အိပ်မက်တွေ ပျက်စီးသွားတဲ့ နာကျင်မှုကို ဘယ်သူကများနားလည်နိုင်မှာလဲ]
[ကြည့်လိုက်တော့ သူ့ကျင့်ကြံခြင်းအဆင့်က ငါ့ထက်တောင် နိမ့်သေးတာပဲ။ အခု ငါ့စိတ်ထဲမှာ မတင်မကျဖြစ်နေတော့ ဖရဲသီးကလည်း အရင်လို မချိုမြိန်တော့သလိုပဲ]
[အရမ်းကြီး လက်တွေ့ကျစရာမလိုပါဘူး။ သူ့ရဲ့ ဖရဲသီးတွေက သူ့ကျင့်ကြံခြင်းအဆင့်နဲ့ ဘာဆိုင်လို့လဲ။ ဖရဲသီးရွှေ့ပြောင်းသူက ဆက်ပြီး သတင်းတွေမျှဝေနေသရွေ့ ငါကတော့ အားပေးနေဦးမှာပဲ]
[သူက အရာအားလုံးကို ဖွင့်ချလိုက်ရုံတင်မကဘူး၊ နောက်ထပ် သတင်းတွေလည်း ထပ်ဖွင့်ချရဲသေးတာလား]
ကြည့်ရသည်မှာ ဖရဲသီးရွှေ့ပြောင်းသူသည် အမှန်ပင် လုပ်ရဲသည်။
သန်းခေါင်ကျော်သည်နှင့် ဖရဲသီးရွှေ့ပြောင်းသူသည် ပို့စ်အသစ်တစ်ခုကို တင်လိုက်သည်။
ဟွာကျိုင်းဂိုဏ်းချုပ်မှာ ဆက်ပြီးမရုန်းကန်နိုင်တော့ဘဲ အရေးနိမ့်သွားပြီဖြစ်ရာ၊ ယခုအကြိမ်တွင် အားလုံး၏ အာရုံစိုက်မှုသည် ဟွာကျိုင်းဂိုဏ်း၏ ဘိုးဘေးထံသို့ လုံးဝဥဿုံ ပြောင်းလဲသွားသည်။
ဤပို့စ်အသစ်သည် အလွန်ပင် ပေါက်ကွဲအားပြင်းလှပြီး [နှစ်ပေါင်း ၃,၀၀၀ ကျော်တဲ့အထိ လူပျိုဖြစ်နေသေးတဲ့ ကုန်းချိန်] ဟူ၍ ခေါင်းစဉ်တပ်ထားသည်။
ဤပို့စ်ကို ဖတ်ပြီးနောက် ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြသည်။
ဘာ၊ ဖရဲသီးရွှေ့ပြောင်းသူက တကယ်ပဲ ဟွာကျိုင်းဂိုဏ်းရဲ့ ဘိုးဘေးကြီးကိုတောင် ပစ်မှတ်ထားတိုက်ခိုက်လိုက်တာလား။ ဘယ်လောက်တောင် သတ္တိကောင်းလိုက်လဲ
သူကတော့ ပို့စ်တစ်ခုတင်တိုင်း ကိုယ့်သေတွင်းကိုယ် တူးနေသလိုပဲ။
နေပါဦး၊ ကုန်းချိန်က နှစ်ပေါင်း ၃,၀၀၀ ကျော်နေပြီးတာတောင် သူ့ရဲ့ ယန်စွမ်းအင်က အခုထိ ရှိနေသေးတာလား
သူတို့က ကုန်းချိန် အမျိုးသမီးကျင့်ကြံသူများအား ရှောင်ကြဉ်ခြင်းကိုပဲ လေးစားအားကျရမလား သို့မဟုတ် သူ၏ စိတ်ကို ထိန်းချုပ်နိုင်စွမ်းအား အံ့ဩရမလားဆိုသည်ကို မသိတော့ပေ။
နှစ်ပေါင်း၃,၀၀၀ ကြာအောင် ယန်စွမ်းအင်ကို ထိန်းသိမ်းထားရခြင်းမှာ မလွယ်ကူသော်လည်း ကုန်းချိန်ကတော့ လုပ်နိုင်ခဲ့သည်။
ကျင့်ကြံသူများသည် ပို့စ်ခေါင်းစဉ်ကို မြင်သည်နှင့် ချက်ချင်းဝင်ဖတ်ကြသည်။ အခုချိန်မှာမှ မဖတ်လျှင် မည်သည့်အချိန် သွားဖတ်ရမည်နည်း။ ဤသည်မှာ ယခင်ဖရဲသီးအားလုံးထက် ပို၍ပင် ဆွဲဆောင်မှုရှိနေသည်။
ဖရဲသီးရွှေ့ပြောင်းသူ၏ ပို့စ်တွင် ဤသို့ ဖော်ပြထားသည်:
[သူ့ရဲ့ ယန်စွမ်းအင်က ဘာလို့ ရှိနေသေးတာလဲ။ အကြောင်းကတော့ သူက မစွမ်းဆောင်နိုင်လို့ပေါ့]
အဆိုပါပို့စ်သည် ဖိုရမ်တစ်ခုလုံးကို ပွက်လောရိုက်သွားစေပြီး၊ ဂယက်ရိုက်ခတ်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်သွားစေသည်။
ဘာ၊ ဂုဏ်သိက္ခာကြီးမားတဲ့ အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့် နတ်ဘုရားကြီးက တကယ်တော့...
ကျင့်ကြံသူများမှာ စိတ်လှုပ်ရှား၊ အံ့ဩကြပြီး စိတ်ကျေနပ်နေကြသည်။ ဖိုရမ်တစ်ခုလုံး ဤပို့စ်ကြောင့် အိပ်မပျော်နိုင်အောင် ဖြစ်နေကြသည်။
ဟုတ်တာပေါ့၊ အိပ်မပျော်တဲ့ ကျင့်ကြံသူတွေထဲတွင် ဖရဲသီးရွှေ့ပြောင်းသူကိုယ်တိုင်လည်း ပါတယ်
ဤအချိန်တွင် ထျန်းယာ လျှို့ဝှက်နယ်မြေ၌
ဖရဲသီးစားခြင်းစနစ်သည် နဉ်ရွှီကို မှင်သက်စွာ ကြည့်နေပြီး [Host နင်ကတော့ ပိုပြီး ပါးနပ်လာပြီပဲ။ ဖရဲသီးအတုတွေကို ဘယ်လိုလွှင့်ရမလဲဆိုတာတောင် သိနေပြီ] ဟု ပြောလေသည်။
ဖရဲသီးအတုအား ပို့စ်တင်ပြီးနောက် နဉ်ရွှီသည် ကောင်းကင်အဆင့်ကျင့်စဉ်ကို နားလည်သဘောပေါက် နိုင်ရန် တစ်ကြိမ်ထပ်မံပြီး အာရုံစိုက် နှစ်မြှုပ်လိုက်သည်။
သူမ၏ မျက်လုံးများမှာ မှိတ်ထားပြီး သူမ၏ အမူအရာမှာ တည်ငြိမ်နေသည်။
ဖရဲသီးစားခြင်းစနစ် ပြောသည်မှာ မမှား__ ၎င်းမှာ အမှန်ပင် သတင်းအတုသာ ဖြစ်သည်။
ကုန်းချိန်သည် မစွမ်းဆောင်နိုင်သူ မဟုတ်ပေ။
အဲ့ဒီတော့ ဘာအရေးလဲ။ ဖရဲသီးရွှေ့ပြောင်းသူကို စောင့်ကြည့်နေကြသော ကျင့်ကြံသူအားလုံးသည် ဖရဲသီးရွှေ့ပြောင်းသူ၏ ယခင်က ဖွင့်ချခဲ့သမျှ သတင်းများမှာ မှန်ကန်ကြောင်း သိထားကြသည်။ သို့ဖြစ်၍ ဤပို့စ်ကို မြင်သည်နှင့် စိတ်ထဲမှ အလိုအလျောက် အမှန်ဟု ယုံကြည်သွားကြသည်။
၎င်းနှင့် လုံလောက်နေပြီဖြစ်သည်။
ကုန်းချိန်ကိုယ်တိုင် ထွက်လာပြီး ငြင်းဆိုမှာလား
သူ လုပ်မှာ မဟုတ်ဘူး
တစ်ဖက်တွင် သူ၏မာနက သူ့ကို ထိုကဲ့သို့ ကောလာဟလများကို ရှင်းပြရန် ခွင့်မပြုသလို၊ အခြားတစ်ဖက်တွင်လည်း ၎င်းအား သက်သေပြရန် မဖြစ်နိုင်ပေ။
သူက ဘယ်လိုနည်းဖြင့် ရှင်းပြရမည်နည်း။ သူ၏ ယန်စွမ်းအင် ရှိနေသေးသည်ဆိုသည့်အချက်မှာ ငြင်းဆန်လို့မရသည့် အမှန်တရားဖြစ်သည်။
ထိုအချက်တစ်ခုတည်းနှင့်ပင် ရေတွက်၍မရနိုင်သော ယူဆချက်များ ဖြစ်ပေါ်လာရန် လုံလောက်နေပြီ ဖြစ်သည်။ အချို့သောအရာများက ရှင်းပြဖို့ ကြိုးစားလေလေ၊ ပိုပြီး ဆိုးရွားလာလေလေဖြစ်သည်။ နှစ်ပေါင်း၃,၀၀၀ ကျော် နေထိုင်ခဲ့သော ကုန်းချိန်သည် ၎င်းကို မသိဘဲ မနေပေ။
ဖရဲသီးစားခြင်းစနစ်သည် စိတ်လှုပ်ရှားစွာဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ [ကောင်းတယ် Host၊ ကုန်းချိန်တော့ ဒေါသပေါက်ကွဲတော့မှာပဲ]
သတင်းဖြန့်သူမှာ မည်သူဆိုသည်ကို သိနေသော်လည်း သူ ဘာမှမတတ်နိုင်ပေ။
ဖရဲသီးစားခြင်းစနစ်က ခက်ထန်သည့်လေသံဖြင့် ထပ်မံဖြည့်စွက်ပြောသည်။ [အဲ့ဒီခွေးကောင်ကို ဒေါသထွက်ပါစေဦး]
ကုန်းချိန်သာ မသမာသည့်နည်းနှင့် လျှို့ဝှက်ပူးပေါင်းခြင်းမရှိခဲ့လျှင်…... ဖိုရမ်ကလည်း ယခုကဲ့သို့ အဆင့်မြှင့်လာမည်မဟုတ်ပေ။ သူက သူတို့ကို ပစ်မှတ်ထားရဲမှတော့ ကုန်းချိန်အနေနှင့် လက်တုံ့ပြန်ခြင်းကို ခံယူရန် ပြင်ဆင်ထားရပေမည်။
အနားမှ တိတ်တဆိတ် နားထောင်နေသော ချီအာ: ….
သူကတော့ ထုံထိုင်းနေပြီ၊ တကယ်ကို အံ့ဩလွန်းလို့ ဘာမှကို မခံစားရတော့ဘူး
သူတို့က စစ်မှန်သောဘုရင်၏ သတင်းအတုကိုတောင် လုပ်ကြံရဲကြသည်။ ၎င်းမှာ သာမန်သတင်းအတုမျိုးမဟုတ်ဘဲ စစ်မှန်သောဘုရင်ကိုယ်တိုင်တောင် ဂရုစိုက်ရလောက်သည့် အရာမျိုး ဖြစ်နေသည်။
ဒီကျင့်ကြံခြင်းကမ္ဘာထဲမှာ ဒီလူတွေ မလုပ်ရဲတာ ဘာရှိသေးလို့လဲ ပြောပါဦး