အခန်း ၅၅
Vol. 6 Ch. 55
အခန်း (၅၅)
နဉ်ရွှီ တွေးနေသည့်အရာကို ရိပ်မိသွားပြီး ဖရဲသီးစားခြင်းစနစ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ [Host သူမက အဆင့်ရှစ် ပြန်လည်ရှင်သန်ခြင်းဆေးပြားထက်တောင် ပိုပြီး ထူးခြားတဲ့ တည်ရှိမှုမျိုးနော်။ အဆင့်ရှစ်ဆေးပြားကတောင်မှ အဆိပ်အတောက် နည်းနည်းလေး ပါသေးတယ်၊ သူမရဲ့ ဘက်စုံကုသနိုင်တဲ့သွေးကတော့ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူး]
[ဒီလိုအခွင့်အရေး လက်လွတ်သွားရင် နောက်တစ်ခါဆိုတာ မရှိတော့ဘူး။ သိုးမွေးရှိရင် ရိတ်ယူရမှာပဲလေ]
ဒီလက်ဆောင်က လက်ခံရန် စိတ်လေးလံလွန်းလှသည်။ ခဏမျှစဉ်းစားပြီးနောက် နဉ်ရွှီက [အခွင့်အရေးရရင် ငါ သူမကို ကူညီချင်တယ်] ဟု ပြောလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါးပင် ဆိုလေသည်။ [နောက်တစ်ခါ သူမကိုတွေ့ရင် ယွင်ရှန်ကျင်းဂိုဏ်းရဲ့ မြေပုံကို ပေးလိုက်ပေါ့။ အဲ့ဒီမှာ လျှို့ဝှက်အခန်းတွေနဲ့ ဖြတ်လမ်းတွေ ရှိတယ်၊ တစ်နေ့ကျရင် သူမအတွက် အသုံးဝင်မှာပါ]
[အိုကေလေ]
ဖရဲသီးစားခြင်းစနစ်က စိတ်မကောင်းစွာဖြင့် ညည်းတွားနေလေသည်။ [အဲ့ဒီ ဝိဉာဉ်ဆေးပင်က….. တကယ့်ကို ကောင်းတာကို၊ သူမကတော့ စားပစ်လိုက်တယ်လေ။ သူမအတွက် အဲ့ဒီ ဝိဉာဉ်ဆေးပင်က အကျိုးရှိတာထက် အန္တရာယ်က ပိုများနေတယ်။ နှမြောစရာကြီး၊ တကယ့်ကို နှမြောစရာကြီးကွာ]
ဖရဲသီးစားခြင်းစနစ်က အကောင်းတွေးနေမည် မဟုတ်သည်ကို နဉ်ရွှီက အလိုလို သိနေသည်။ သူမက [အဲ့ဒီဝိဉာဉ်ဆေးပင်ကသာ အခုထိ ရှိနေသေးရင် နင်က ဘယ်သူ့ကို ပေးချင်လို့လဲ] ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က စဉ်းစားခြင်းမရှိဘဲ ချက်ချင်း ပြောလိုက်သည်။ [ဖြူစင်တဲ့ကျင့်ကြံသူကို ပေးမှာ အသေအချာပဲလေ။ နင် လိုလာရင် သူ့ကို ကိုက်လိုက်ရုံပဲ…... သွားချွန်ချွန်နဲ့ သူ့လည်ပင်းလေးကို ဖောက်လိုက်ရင် သွေးတွေက စီးကျလာလိမ့်မယ်…...ကျစ် ကျစ် ကျစ်]
နဉ်ရွှီက ဤကဲ့သို့ “ဖရဲသီး”မျိုးကို မမျှော်လင့်ထားခဲ့ချေ။
နဉ်ရွှီက [နင် ထူးထူးဆန်းဆန်း အရာတွေကို လျှော့ကြည့်သင့်တယ်] ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူမ ရှေ့ဆက်သွားတော့မည့်အချိန်တွင် ဖရဲသီးစားခြင်းစနစ်က သူမအား ဘက်စုံကုသနိုင်တဲ့သွေးကို သောက်ရန် အကြံပြုလာသည်။
[ဒီနေရာက သတ်ဖြတ်လိုတဲ့ အရှိန်အဝါ အရမ်းပြင်းတယ်။ နင့်ရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းနိမ့်တော့ အဲ့ဒါက နင့်ရဲ့ ဝိဉာဉ်ခံစစ်ကို ထိုးဖောက်သွားလိမ့်မယ်။ ဒါပေမဲ့ နင်သာ ဘက်စုံကုသနိုင်တဲ့သွေးကို သောက်ထားမယ်ဆိုရင်တော့ အဆင်ပြေမှာပါ။ နင် ဘယ်လိုဒဏ်ရာမျိုးပဲ ရရ၊ ချက်ချင်း ပြန်သက်သာလာလိမ့်မယ်]
နဉ်ရွှီက အံ့အားသင့်သွားသည်။ ၎င်းမှာ အံဩစရာကောင်းလှသည်။
ယွင်ရှန်ကျင်းဂိုဏ်းက ရှင်းခွေ့ကို အကျဉ်းချဖမ်းဆီးထားချင်တာ မဆန်းတော့ပါဘူး။ ရှင်းခွေ့မှာ တကယ့် ရတနာကြီး ရှိနေတာကိုး။ ဒါပေမဲ့ အဲ့ဒါက သူမအတွက်တော့ ကောင်းတဲ့အရာမဟုတ်ဘူး။
ဖရဲသီးစားခြင်းစနစ်က ပေါက်ကရတွေ ပြောမှာ မဟုတ်သည်ကို နဉ်ရွှီ သိနေသော်လည်း သူမက အနည်းငယ် တွန့်ဆုတ်နေဆဲပင်။
ဖရဲသီးစားခြင်းစနစ်က သူမ ပူပန်နေသည့်အရာကို သိသဖြင့် တိုက်ရိုက်ပြောလိုက်သည်။ [အဲ့ဒါက ချိုချိုလေးနဲ့ မွှေးမွှေးလေးနော်၊ အဆင့်ရှစ် ဆေးပြားထက်တောင် ပိုစိတ်ချရသေးတယ်။ မြန်မြန်လေး သောက်လိုက်]
[အေးပါ]
ဘက်စုံကုသနိုင်တဲ့သွေးကို သောက်ပြီးနောက် နဉ်ရွှီက ရှေ့သို့ ဆက်သွားလိုက်သည်။ ဤနေရာလွတ်တွင် သူမမှလွဲ၍ ကျန်နေရာများက မင်္ဂလာမရှိသော အရိုးဖြူများဖြင့် ပြည့်နှက်နေသည်။ အဆိုပါအရိုးများသည် အလွန်ကြီးမားပြီး ကျင့်ကြံသူများ သို့မဟုတ် ဝိဉာဉ်သားရဲများ၏ အရိုးများ မဖြစ်နိုင်ပေ။
[အဲ့ဒါတွေက ဘာတွေလဲ]
ဤအကြိမ်တွင် ဖရဲသီးစားခြင်းစနစ်က “အချိန်မတန်သေးဘူး” ဟူသည့် မရေမရာ စကားများနှင့် နဉ်ရွှီကို အရူးမလုပ်ခဲ့ချေ။ ၎င်းအစား [အဲ့ဒါတွေက နတ်ဆိုးနတ်ဘုရားရဲ့ လက်အောက်ခံတွေပဲ]
နတ်ဆိုးမျိုးနွယ်စုထဲတွင် နတ်ဆိုးဘုရင်များ ရှိသည်ကို နဉ်ရွှီ သိထားသော်လည်း ယခုကား သူမအနေနှင့် နတ်ဆိုးနတ်ဘုရားအကြောင်း ပထမဆုံးကြားဖူးခြင်း ဖြစ်သည်။ ဒီနေရာက ထူးခြားလွန်းသည်ကို သူမ အလိုလို ခံစားလိုက်ရသည်။ အမှန်တကယ်လည်း ထူးခြားနေသည်။
[ဒါက သီးခြားခွဲထုတ်ထားတဲ့ နေရာလွတ်တစ်ခုလေ၊ ဆိုတော့ ငါ အတိုချုပ်ပဲ ပြောတော့မယ်]
ဖရဲသီးစားခြင်းစနစ်က ရှင်းပြလာသည်။ [နတ်ဆိုးနတ်ဘုရားရဲ့ နာမည်က ‘ကပ်ဘေး’ တဲ့။ သူ မွေးဖွားလာတိုင်း အနန္တဘေးဒုက္ခတွေကို သယ်ဆောင်လာတတ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူဟာ လူသားဧကရာဇ်နဲ့အတူ သေဆုံးပျက်စီးသွားတာ။
လူသားဧကရာဇ်က နင်မြင်တဲ့အတိုင်းပဲ နတ်ဆိုးနတ်ဘုရားနဲ့ စွမ်းအားချင်း ညီမျှခဲ့တာပေါ့။ အဲ့ဒီတိုက်ပွဲအပြီးမှာ လူသားဧကရာဇ်က ဒီကမ္ဘာကနေ လုံးဝပျောက်ကွယ်သွားပေမဲ့ နတ်ဆိုးနတ်ဘုရားကတော့ နတ်ဆိုးမျိုးနွယ်ရဲ့ သဘာဝအရ သူ့ရဲ့ သားရဲအမြုတေကို လေးပိုင်းခွဲပြီး အဝေးမှာ ဝှက်ထားခဲ့တယ်။ အဲ့ဒီထဲက တစ်ပိုင်းက ဒီမှာ ရှိနေတာပဲ။
နတ်ဆိုးမျိုးနွယ်တွေက နတ်ဆိုးနတ်ဘုရားရဲ့ သားရဲအမြုတေ စွမ်းအားကို သုံးချင်နေကြတာ။ ဒါပေမဲ့ သားရဲအမြုတေ အလုပ်လုပ်ဖို့ဆိုရင် ကျင့်ကြံသူတွေရဲ့ သွေးကို လုံလုံလောက်လောက် စုပ်ယူထားမှရမယ်။
ဒါကြောင့် နင် ဒီနေရာလွတ်ကို ဝင်လာတုန်းက သေစေနိုင်တဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပေါ့။ ဒါပေမဲ့ ဒါက ကိစ္စမရှိပါဘူး။ ဒီအရာတွေက မြင်နေရသလောက် မရိုးရှင်းသလို တခြား အကြောင်းအရင်းတွေလည်း အများကြီး ရှိသေးတယ်။
အခု ငါတို့လုပ်ရမှာက နတ်ဆိုးအမြုတေကို ရှာဖို့ပဲ]
နဉ်ရွှီက တစ်ခဏမျှ တိတ်ဆိတ်သွားပြီး [ပြီးတော့ရော] ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က [ပြီးတော့ အဲ့ဒါကို ဝက်အစ်ကိုကြီးကို ကျွေးရမှာပေါ့။ ဝက်အစ်ကိုကြီးက ဘာမဆို စားနိုင်တယ်၊ ဒီနတ်ဆိုးနတ်ဘုရားရဲ့ သားရဲအမြုတေ လေးပုံတစ်ပုံကို စားပြီးရင် ဝက်အစ်ကိုကြီးရဲ့ စွမ်းအားက သိသိသာသာကို တိုးတက်လာမှာ သေချာတယ်။
၎င်းကိုပြောရင်း ဖရဲသီးစားခြင်းစနစ်က ပို၍ စိတ်လှုပ်ရှားလာသည်။ [ဝက်အစ်ကိုကြီး နတ်ဆိုးနတ်ဘုရားရဲ့ သားရဲအမြုတေကို စားတာကို ငါ တကယ် မြင်ချင်နေပြီ]
[ဝက်အစ်ကိုကြီးရဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်လာတာနဲ့ သူ့သခင်ဖြစ်တဲ့ နင်လည်း အကျိုးရှိမှာပဲ]
ဤကျယ်ပြောလှသော သီးခြားနေရာလွတ်ထဲတွင် လမ်းလျှောက်ရင်း နဉ်ရွှီက [နတ်ဆိုးအမြုတေက ဘယ်မှာလဲ] ဟု မေးလိုက်သည်။
[ရှေ့ကိုပဲ ဆက်သွားလိုက်။ အဲ့ဒီနှာဘူးအဖိုးကြီး နတ်ဆိုးနတ်ဘုရား မရှိတော့တာ နှစ်ပေါင်း တစ်သောင်းနီးပါး ရှိနေပြီဆိုပေမဲ့ သူ့သားရဲအမြုတေနားမှာ ကြမ်းတမ်းတဲ့ စွမ်းအင်တွေ အများကြီး ရှိနေတုန်းပဲ။ နင် အဲ့ဒီနားရောက်ရင် ဝက်အစ်ကိုကြီးကို ဝိဉာဉ်သားရဲအိတ်ထဲကနေ လွှတ်ပေးလိုက်ရုံပဲ။ ကျန်တာကို ဝက်အစ်ကိုကြီးက သူ့ဘာသာသူ ကိုင်တွယ်လိမ့်မယ်]
အစားအသောက် ရှာဖွေဖို့ဆိုလျှင် ဝက်အစ်ကိုကြီးကို အားကိုးခြင်းက အကောင်းဆုံးဖြစ်သည်။
ပြောကာမှ နဉ်ရွှီ အခုသုံးနေသည့် ဝိဉာဉ်သားရဲအိတ်မှာ မကြာသေးခင်ကမှ ဂိုဏ်းဆီက အကျိုးပြုအမှတ်များနှင့် လဲလှယ်ထားခြင်းဖြစ်သည်။ မဟုတ်လျှင် ဝက်အစ်ကိုကြီးမှာ မြောက်ဘက် သို့မဟုတ် တောင်ဘက်ရှိ တောင်ထိပ်က တဲလေးထဲမှာ ဟောက်နေတုန်း ဖြစ်ပေလိမ့်မည်။
အခုတော့ သူက နေရာအသစ်ဖြစ်သည့် ဝိဉာဉ်သားရဲအိတ်ထဲသို့ ပြောင်းကာအိပ်နေလေသည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် ဖရဲသီးစားခြင်းစနစ်က ပြောလာလေသည်။ [နင် ဝက်အစ်ကိုကြီးကို အခု လွှတ်ပေးလိုက်လို့ရပြီ]
နဉ်ရွှီက အိတ်ကို ဖွင့်လိုက်ရုံရှိသေးသည်၊ ဝက်အစ်ကိုကြီးက ချက်ချင်းပဲ နေရာတစ်နေရာသို့ ဝူးခနဲ ပြေးထွက်သွားသည်။ သူမ သတိမထားမိခင်မှာပင် ဝက်အစ်ကိုကြီးက ခွာလေးဖက်နှင့် မြေကြီးကို အသည်းအသန် တူးနေလေသည်။
ခဏလေးအတွင်းမှာပင် နေရာအနှံ့တွင် ဖုန်ထသွားသည်။ ၎င်း၏လှုပ်ရှားမှုများမှတဆင့် သူ ဘယ်လောက် အလျင်စလို ဖြစ်နေလဲကို နဉ်ရွှီ ခံစားမိလိုက်သည်။
ခွာလေးဖက်လုံးနှင့် တူးပြီးမကြာမီ နတ်ဆိုးအမြုတေကို မြေကြီးထဲမှ တူးထုတ်နိုင်ခဲ့သည်။ နောက်တစ်စက္ကန့်တွင် ဝက်အစ်ကိုကြီးက ဟိန်းသံတစ်ချက်ပေးလိုက်ပြီး နတ်ဆိုးအမြုတေကို တစ်လုပ်တည်းနှင့် မြိုချလိုက်လေသည်။
နဉ်ရွှီ: ဝက်အစ်ကိုကြီး ဒီလောက် တက်ကြွနေတာကို သူမ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ သူက ရုတ်တရက်ကြီး အပျင်းတစ်မနေတော့သဖြင့် သခင်ဖြစ်သည့် သူမတောင် အသားမကျသလို ခံစားလိုက်ရသည်။
ဝက်အစ်ကိုကြီး နတ်ဆိုးအမြုတေကို စားပြီးသည်နှင့် နဉ်ရွှီက သူမ၏ ကျင့်ကြံခြင်းအဆင့်များ တဟုန်ထိုး တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
ချီသန့်စင်ခြင်းအဆင့် ၅
ချီသန့်စင်ခြင်းအဆင့် ၆
ချီသန့်စင်ခြင်းအဆင့် ၇
…….
သူမ၏ချီသန့်စင်ခြင်းအဆင့် ပြီးဆုံးသွားသည် အထိပင်ဖြစ်သည်။
ဖရဲသီးစားခြင်းစနစ်က လက်ခုပ်တီးလိုက်သည်။ [ဂုဏ်ယူပါတယ် Host နင် ယွမ်ယင်အဆင့် ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်]
ပထမဆုံးအကြိမ်အဖြစ် နဉ်ရွှီသည် အဆင့်မြင့် ဝိဉာဉ်သားရဲတစ်ကောင်ကြောင့် ရရှိလာသော အဆင်ပြေမှုကို အမှန်ပင် ခံစားလိုက်ရသည်။ သူမ၏ ကျင့်ကြံခြင်းက မြန်မြန်ဆန်ဆန် တိုးတက်သွားသော်လည်း သူမ၏အခြေခံမှာ ခိုင်မာနေဆဲဖြစ်ပြီး သူမ၏ကျင့်ကြံခြင်းမှာ ဟန်ပြသက်သက် မဟုတ်တော့ချေ။
ဖရဲသီးစားခြင်းစနစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ [ဒါပေါ့။ နင်နဲ့ ဝက်အစ်ကိုကြီးက တစ်ယောက်ကိုတစ်ယောက် အထောက်အကူပြုနေတာလေ။ သူ အားကောင်းလာရင် နင်လည်း အကျိုးရှိတာပဲ။ ဒါက ကျင့်ကြံခြင်းလောကမှာ ဘာဖုံးကွယ်ထားတဲ့ အန္တရာယ်တွေ မရှိဘဲနဲ့ လွယ်လွယ်အဆင့်တက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ ဒါပေမဲ့ အဆင့်မြင့် ဝိဉာဉ်သားရဲတွေက ရှားပါးလွန်းလို့ ကျင့်ကြံသူအများစုက ဒီနည်းလမ်းကို သုံးချင်ပေမဲ့ မသုံးနိုင်ကြဘူး]
ထိုသို့ပြောပြီးနောက် ဖရဲသီးစားခြင်းစနစ်က ရုတ်တရက် အော်လာလေသည်။
[မဖြစ်ဘူး]
နဉ်ရွှီက [ဘာဖြစ်လို့လဲ] ဟု မေးလိုက်သည်။
ဖရဲသီးစားခြင်းစနစ်က တိုးတိုးလေး ပြောလေသည်။ [အဲ့ဒီနတ်ဆိုးနတ်ဘုရားက နတ်ဆိုးမျိုးနွယ်တစ်ခုလုံးမှာ မိန်းမတွေ အများကြီးရှိတဲ့ နှာဘူးအဖိုးကြီးလေ။ သူ အသက်ရှိစဉ်တုန်းက ကာမဂုဏ်ခံစားဖို့ကိုပဲ အချိန်ကုန်ခံပြီး ပျက်စီးယိုယွင်းနေတဲ့ လူနေမှုဘဝထဲမှာ နစ်မွမ်းနေခဲ့တာ။ အခု ဝက်အစ်ကိုကြီးက သူ့အမြုတေကို စားလိုက်ပြီဆိုတော့ ဝက်အစ်ကိုကြီးလည်း အဲ့ဒီနှာဘူးအဖိုးကြီးလို ဖြစ်သွားမှာလား]
[ဒါပေမဲ့ ဝက်အစ်ကိုကြီးက တကယ်ကို စင်ကြယ်ပြီး ရိုးရှင်းတယ်၊ သူ အဲ့ဒီနတ်ဆိုးအမြုတေကို စားလိုက်တော့ နတ်ဆိုးနှာဘူးအဖိုးကြီးနဲ့ မျှခြေညီသွားပြီး အနေတော်ဖြစ်သွားလိမ့်မယ်]
နဉ်ရွှီ: [...]